မေတ္တာဆိုတာဘာလဲ။

မေတ္တာသည် အခြားသူများကို ပျော်ရွှင်စေလိုပြီး ပျော်ရွှင်မှု အကြောင်းတရားများ ရရှိစေလိုသော ဆန္ဒဖြစ်ပါသည်။ လူတိုင်း ထိုသို့ ညီတူညီမျှ ဖြစ်လိုသည်ဟု နားလည်မှုပေါ်တွင် အခြေခံထားပြီး လူတိုင်းနှင့် သက်ဆိုင်သလို ခြွင်းချက် မရှိပါ။ မေတ္တာတွင် အခြားသူများ၏ လိုအပ်ချက်ကို အသိတရား ရှိပြီး သူတို့၏ ပျော်ရွှင်မှုကို ဖြည့်ဆည်းပေးလိုစိတ် စသည့် အရည်အသွေးများပါဝင်ပါသည်။ လူတိုင်းကို အညီအမျှ မေတ္တာ ဖြန့်ဝေနိုင်ပါသည်။ သူတို့က ကျွန်ုပ်တို့နှင့် တော်စပ်ပုံ သို့မဟုတ် သူတို့ ဆောင်ရွက်ခဲ့သောအရာတို့အပေါ်တွင် မူတည်ခြင်း မရှိပါ။ ပြန်၍လည်း ဘာမျှ မမျှော်လင့်ပါ။ ဗုဒ္ဓဘာသာတွင် မေတ္တာသည် ပျော်ရွှင်မှု၏ အကြောင်းခံကြီးတစ်ခု ဖြစ်ပါသည်။

မေတ္တာနှင့် တဏှာ

မေတ္တာသည် တစ်ခါတစ်ရံ အခြားသော စိတ်ခံစားချက်များနှင့် ယှဉ်တွဲနေပါသည်။ မကောင်းမွန်သော တဏှာကြောင့် ကျွန်ုပ်တို့သည် တစ်စုံတစ်ဉီး၏ အရည်အသွေးကောင်းများကို လက်တွေ့ဖြစ်စေ၊ စိတ်ကူးယဉ်၍ဖြစ်စေ ပုံကြီးချဲ့ပါသည်။ သူတို့၏ အားနည်းချက်များကို လျစ်လျူရှုပါသည်။ သူတို့ကို တွယ်တာပြီး သူတို့က ကျွန်ုပ်တို့ကို အလေးမထားသောအခါ ဝမ်းနည်းပါသည်။ ‘‘မေတ္တာရှိပါတယ်။ ခွဲမသွားပါနဲ့။ မင်းမရှိရင် မနေနိုင်လို့ပါ’’ ဟု ထင်ကြပါသည်။

မေတ္တာစစ်သည် သက်ရှိအားလုံးကို ဘက်မလိုက်ဘဲ၊ သူတို့ကို နှစ်သက်မှုရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ ပျော်ရွှင်မှု ရရှိစေလိုသော ဆန္ဒ ဖြစ်ပါသည်။ - ယုံဇင်လင်း ယင်းပိုချီ

ဗုဒ္ဓဘာသာတွင် မေတ္တာတရားသည် အခြားသူများနှင့် နီးစပ်သော ခံစားချက်ဖြစ်သော်လည်း သူတို့က ကျွန်ုပ်တို့ကို မေတ္တာထားသလား ဆိုသည့်အချက်ပေါ်တွင် မူတည်ခြင်း မရှိပါ။ ထို့ကြောင့် တစ်စုံတစ်ယောက်ကို မှီခိုမှု မရှိပါ။ တဏှာ၊ မှီခိုမှုတို့နှင့် ရောစပ်သော မေတ္တာသည် မတည်ငြိမ်ပါ။ ကျွန်ုပ်တို့ မေတ္တာထားသူက ကျွန်ုပ်တို့ နာကျင်စေသောအရာ တစ်ခုခု ဆောင်ရွက်ပါက သူတို့ကို မေတ္တာ ထားနိုင်တော့မည် မဟုတ်ပါ။ အိမ်ထောင်ရေး အများအပြားပင် ချစ်မေတ္တာဖြင့် စတင်ပြီး ကွာရှင်းခြင်းဖြင့် အဆုံးသတ်ပါသည်။ ကျွန်ုပ်တို့တွင် မျှော်လင့်ချက်များ မရှိသောအခါ မည်သည့်အရာမျှ ကျွန်ုပ်တို့ကို သွေဖီစေနိုင်ခြင်း မရှိတော့ပါ။ မိဘများက သားဆိုးသမီးဆိုးကို အကောင်းဆုံး မေတ္တာထားပြီး နှစ်သက် ကြသလိုပင် တည်ငြိမ်သော မေတ္တာ ရှိနေပါက ဆက်ဆံရ အခက်ခဲဆုံး လူများနှင့်ပင် ဆက်ဆံနိုင်စွမ်း ရှိလာပါသည်။ ဤသည်မှာ လေ့ကျင့်ထားရန်လိုသော်လည်း အားလုံးတွင် ထိုအစွမ်းအစ ရှိပါသည်။

မိမိကိုယ်ကို မေတ္တာထားခြင်း

လူတိုင်းနှင့်ဆိုင်သော မေတ္တာသည် အများမမြင်မိသော အစိတ်အပိုင်းတစ်ခု ပါဝင်လေ့ရှိသည်။ ကျွန်ုပ်တို့သည် မိမိကိုယ်ကို မေတ္တာထားရန် လိုပါသည်။ အတ္တဗဟိုပြုသည့် တစ်ကိုယ်ကောင်းဆန်သော နည်းဖြင့် မဟုတ်ဘဲ ကျွန်ုပ်တို့ ကိုယ်ပိုင် ရေတိုနှင့်ရေရှည် သာယာဝပြောရေးအတွက် ရိုးသားစွာ အလေားထားမှုဖြင့် မေတ္တာထားရန် ဖြစ်ပါသည်။ ကျွန်ုပ်တို့ ကိုယ်ရည်ကိုယ်သွေးတွင် အချို့သော ကိုယ့်ကိုယ်ကိုယ် ဖျက်ဆီးတတ်သည့် အပိုင်းများကို မနှစ်သက်နိုင်သော်လည်း ဤသည်မှာ ချစ်ခြင်းမေတ္တာ၏ ဆန့်ကျင်ဘက်ဖြစ်သော မိမိကိုယ်ကို မပျော်ရွှင်စေလိုခြင်းဟု မဆိုလိုပါ။ သဘာဝအားဖြင့် ကျွန်ုပ်တို့သည် ကိုယ်တိုင် ပျော်ရွှင်လိုကြပါသည်။

မိမိကိုယ်ကို မေတ္တာဓာတ် ပို့လွှတ်သောအခါ သာယာမှုနှင့် ဖျော်ဖြေမှုအတွက် အငမ်းမရ ဆန္ဒရှိမှုကို ဖြေသိမ့်ရန် တစ်ခုခု တောင့်တနေခြင်း မဟုတ်ပါ။ အဆိုပါ အရာများမှ ရရှိသည့် ပျော်ရွှင်မှု အနည်းငယ်သည် လုံးဝ တာရှည်မခံသလို အမြဲတမ်း ထပ်ထပ်လိုလားတောင့်တနေပါသည်။ မိမိကိုယ်ကို ရိုးသားစွာ ချစ်ခင်သောအခါ ယာယီ သာယာမှုမျှသာ မဟုတ်ဘဲ စစ်မှန်ပြီး တာရှည်ခံသော ပျော်ရွှင်မှုကို ရှာဖွေရန် ကြိုးစားပါသည်။ မိမိကိုယ်ကို အမှန်ပင် မေတ္တာထားလာနိုင်သောအခါ အခြားသူများကိုလည်း အမှန်ပင် မေတ္တာထားနိုင်ပါသည်။


Top