မေတ္တာတရား ထားရှိနည်း

How to develop love derek thomson unsplash

လူတိုင်းကို ပျော်ရွှင်စေလိုပြီး ပျော်ရွှင်ခြင်း အကြောင်းတရားများလည်း ရရှိစေလိုသည်မှာ လူသားအားလုံးနှင့်ဆိုင်သော မေတ္တာဓာတ် ဖြစ်ပါသည်။ ထိုမေတ္တာသည် ကျွန်ုပ်တို့၏ ဘဝက အခြားသူများနှင့် အပြည့်အဝ ဆက်သွယ်နေပုံကို နားလည်ရာမှ ပေါ်ထွက်လာပါသည်။ ကျွန်ုပ်တို့အားလုံးသည် လူသားထု၏ အစိတ်အပိုင်း ဖြစ်ပြီး ကျွန်ုပ်တို့၏ အဆင်ပြေမှုသည် ကမ္ဘာ့အသိုင်းအဝိုင်း တစ်ခုလုံးနှင့် ယှက်နွှယ်နေပါသည်။ စီးပွားရေး ကျဆင်းမှု သို့မဟုတ် ရာသီဥတု ပြောင်းလဲမှု အကျိုးဆက်များကို မည်သူမျှ မလွတ်ကင်းနိုင်ပါ။ လူသားထုအဖြစ် အပြန်အလှန် ချိတ်ဆက်နေသောကြောင့် ကျွန်ုပ်တို့၏ မေတ္တာကို လူတိုင်းထံသို့ ပို့လွှတ်ရန် လုံးဝသင့်တော်ပါသည်။

အခြားသူများအတွက် မေတ္တာထားရှိခြင်းသည် ကျွန်ုပ်တို့ကို အလိုအလျောက် စိတ်ငြိမ်းချမ်းမှု ဖြစ်စေပါသည်။ ဤသည်မှာ ဘဝအောင်မြင်မှု၏ တကယ့်အရင်းအမြစ် ဖြစ်ပါသည်။ - ၁၄ ပါးမြောက် ဘုန်းတော်ကြီး ဒလိုင်းလားမား

မေတ္တာထားရှိရန်အတွက် ကျွန်ုပ်တို့၏ အပြန်အလှန် ချိတ်ဆက်မှုကို တန်ဖိုးထားရန် လိုပါသည်။ ကျွန်ုပ်တို့ စားသမျှ၊ အသုံးပြုသမျှ၊ ခံစားသမျှသည် အခြားသူများ၏ လုပ်အားကြောင့် ရရှိလာပါသည်။ ယခု သင်ဖတ်နေသော အီလက်ထရွန်းနစ် ကိရိယာကို ဖန်တီးရာတွင် ပါဝင်ပတ်သက်သည့် ကမ္ဘာအရပ်ရပ်မှ လူထောင်ပေါင်းများစွာကို စဉ်းစားကြည့်လိုက်ပါ။ ဤသို့ နက်ရှိုင်းစွာ ပြန်သုံးသပ်ပါက ကျွန်ုပ်တို့သည် ချိတ်ဆက်မှုကို ခံစားရပြီး လူတိုင်းကို ကျေးဇူးတင်မိပါသည်။ ကျွန်ုပ်တို့ထံတွင်လည်း နက်ရှိုင်းသော ပျော်ရွှင်မှုကို ခံစားမိလာပါသည်။ ထို့နောက် အခြားသူများ၏ ပျော်ရွှင်မှုအတွက် အလိုလို အလေးထားမိလာပါသည်။ ထိုခံစားချက်များမှာ လူသားအားလုံးနှင့်ဆိုင်သော မေတ္တာအတွက် အခြေခံ ဖြစ်ပါသည်။

ခဏတာ တရားရှုမှတ်ကာ မေတ္တာပို့လွှတ်ခြင်း

ရှေးဦးစွာ မိမိကိုယ်ကို မေတ္တာထားရှိရန် လိုပါသည်။ ကိုယ်တိုင် ပျော်ရွှင်ရန် ဆန္ဒမရှိပါက အခြားသူများကိုလည်း မည်သို့လျှင် ပျော်ရွှင်စေလိုပါမည်နည်း။

နက်ရှိုင်းသော ခံစားချက်ဖြင့် အောက်ပါအတိုင်း စတင်ပါသည်-

  • အကျွန်ုပ်သည် ပျော်ရွှင်နေပြီး ပျော်ရွှင်ခြင်း အကြောင်းတရားများလည်း ရှိပါက မည်မျှဝမ်းမြောက်ဖွယ် ကောင်းမည်နည်း။
  • ကျွန်ုပ်သည် ပျော်ရွှင်ပါစေ။
  • ကျွန်ုပ်ထံသို့ ပျော်ရွှင်ခြင်းကို မိမိကိုယ်တိုင် ယူဆောင်လာနိုင်ပါစေ။

မိမိကိုယ်ကို ပျော်ရွှင်စေလိုသည့် ဆန္ဒပြင်းပြလာသည်နှင့် ကျွန်ုပ်တို့၏ မေတ္တာစက်ဝန်းကို ချဲ့ထွင်ကာ အခြားသူများပါဝင်သည့် ပိုမိုကျယ်ပြန့်သောလောကထဲသို့ ထိုအတွေးများ ဖြန့်ကျက်နိုင်ပါသည်။

  1. ပထမဦးစွာ ကျွန်ုပ်တို့ ချစ်ခင်သူများနှင့် မိတ်ဆွေများထံသို့ ကျွန်ုပ်တို့၏ မေတ္တာကို ပို့လွှတ်သည်။
  2. ထို့နောက် နေ့စဉ်ကြုံတွေ့ရသော ချစ်လည်းမချစ်၊ မုန်းလည်းမမုန်းသူများ အားလုံးထံသို့ မေတ္တာပို့လွှတ်သည်။
  3. ထို့နောက် ကျွန်ုပ်တို့လုံးဝ မနှစ်သက်သူများထံသို့ မေတ္တာပို့လွှတ်ပါသည်။
  4. နောက်ဆုံးတွင် တစ်လောကလုံး၊ သတ္တဝါအားလုံးထံသို့ ကျွန်ုပ်တို့၏ မေတ္တာကို ပို့လွှတ်လိုက်ပါသည်။

ဤနည်းဖြင့် ကျွန်ုပ်တို့ကိုယ်တိုင်သာမက ပတ်ဝန်းကျင်ရှိလူများ၊ ပုဂ္ဂိုလ်သတ္တဝါအားလုံးထံသို့ ကျွန်ုပ်တို့၏ မေတ္တာကို ထားရှိနိုင်ပါသည်။

အခြားသူများ ပျော်ရွှင်အောင် တစ်ခုခု အမှန်တကယ် ဆောင်ရွက်လိုပါက ဆောင်ရွက်သင့်ပါသည်။ မဆောင်ရွက်နိုင်ပါက သူတို့၏ ရေတို ပျော်ရွှင်မှု အတွက်သာမက ရေရှည် အဆင်ပြေမှု အတွက်ပါ ဖြစ်စေသော အရာအားလုံး ပေးနိုင်သည်ဟု စဉ်းစားကြည့်ပါ။ ဤသည်မှာ အိမ်ရာမဲ့များအတွက် အစားအသောက်နှင့် အမိုးအကာ ပေးခြင်းမျှသာ မဟုတ်ပါ။ ချမ်းသာပြီး အောင်မြင်သူ များစွာမှာလည်း သနားစဖွယ်ကောင်းပြီး ကျွန်ုပ်တို့၏ မေတ္တာပို့လွှတ်မှုတွင် ပါဝင်ပါသည်။ ကျွန်ုပ်တို့ မိသားစု၊ မိတ်ဆွေများနှင့် ဆုံတွေ့လာသော သက်ရှိသတ္တဝါတိုင်းအတွက် စစ်မှန်သော မေတ္တာသည် သဘာဝအတိုင်း တဖြည်းဖြည်း ပေါ်ထွက်လာကာ မိမိကိုယ်တိုင်ရော အခြားသူများကိုပါ ပျော်ရွှင်မှုရရှိစေပါလိမ့်မည်။

Top