ပျော်ရွှင်မှု၏ အရင်းအမြစ်ဖြစ်သော ကရုဏာ

Compassion as a source of happiness

ဘဝ၏ ရည်မှန်းချက်မှာ ပျော်ရွှင်မှုရရှိအောင် ကြိုးစားရန် ဖြစ်ပါသည်

ကျွန်ုပ်တို့ ဤနေရာတွင် ယခုလိုရှိနေပြီး ရှိနေရန်အခွင့်အရေးလည်း ရှိပါသည်။ ခံစားချက်မဲ့သည့် ပန်းပွင့်များကဲ့သို့ အရာများသည်ပင် တည်ရှိရန် အခွင့်အရေး ရှိပါသည်။ အပျက်သဘော အင်အားကို သူတို့အပေါ် သက်ရောက်လိုက်ပါက ဓာတုဗေဒအဆင့်၌ ပန်းပွင့်များသည် ရှင်သန်ရန် သူတို့ဘာသာ ပြုပြင်ကြပါသည်။ သို့သော် [ထိုထက်ပို၍] ကျွန်ုပ်တို့ လူသားများသာမက အင်းဆက်ပိုးမွှားများနှင့် စိတ်ခံစားချက်ရှိသည်ဟု ယူဆထားသည့် အသေးငယ်ဆုံး သတ္တဝါ ဖြစ်သည့် အမီးဘားများပင် ပါဝင်ပါသည်။ [ထို့ပြင် စိတ်ခံစားချက်ရှိသူများ အနေနှင့် ကျွန်ုပ်တို့ထံတွင် ရှင်သန်ရန် နည်းစနစ်များစွာ ရှိနေပါသည်။]

ကိုယ်ပိုင်စိတ် သို့မဟုတ် ဆန္ဒဖြင့် ရွေ့လျားနိုင်သော အရာများကို ကျွန်ုပ်နှင့် သိပ္ပံပညာရှင်များ ဆွေးနွေးချက်များအရ “စိတ်ခံစားချက်ရှိသော သတ္တဝါ” ဟုခေါ်ပါသည်။ သိစိတ်ရှိရန် သို့မဟုတ် သိမှုအဆင့်တွင် လူသားဖြစ်ရန် “သိပ္ပံပညာရှင်” တို့က ဆိုလိုခြင်းမဟုတ်ပါ။ တကယ်တော့ “သိမှု” သို့မဟုတ် “သိစိတ်” ဆိုသည်မှာ အဓိပ္ပာယ် သတ်မှတ်ရန် ခက်ခဲပါသည်။ ဤသည်မှာ စိတ်၏အရှင်းလင်းဆုံး အစိတ်အပိုင်းဟု ဆိုလေ့ရှိသော်လည်း ထိုအခါတွင် ကျွန်ုပ်တို့က သတိလစ်ခြင်း သို့မဟုတ် မေ့မျောခြင်း ဖြစ်သောအခါ သိမှုရှိတော့မည် မဟုတ်ပါ။ အင်းဆက်များတွင်လည်း ထိုသို့ရှိပါသလား။ သိမှုဟု ပြောခြင်းထက် “သိမှုအာရုံ” ဟု ပြောလျှင် ပိုကောင်းပါသည်။

မည်သို့ဖြစ်စေကာမူ ယခုပြောနေသည့် အဓိကအချက် [သိမှုအာရုံ] မှာ နာကျင်မှု၊ ပျော်ရွှင်မှု သို့မဟုတ် ဘက်မလိုက်သော ခံစားမှု စသည့် ခံစားချက်များ ရှိနိုင်စွမ်း ဖြစ်ပါသည်။ တကယ်တော့ သာယာမှုနှင့် နာကျင်မှု [ပျော်ရွှင်မှုနှင့် ဝမ်းနည်းမှု] တို့သည် ကျွန်ုပ်တို့ အသေးစိတ်ကျစွာ လေ့လာရန် လိုအပ်သောအရာများ ဖြစ်ပါသည်။ ဉပမာ၊ ခံစားချက်ရှိသူတိုင်းတွင် ရှင်သန်ခွင့်ရှိပြီး ရှင်သန်ခွင့်ဆိုသည်မှာ ပျော်ရွှင်မှု သို့မဟုတ် သက်သောင့်သက်သာ ရှိလိုသော ဆန္ဒပင်ဖြစ်ပါသည်။ ထို့ကြောင့် ခံစားချက်ရှိသူများက ရှင်သန်ရန် ကြိုးပမ်းရပါသည်။ ထို့ကြောင့် ကျွန်ုပ်တို့၏ ရှင်သန်မှုသည် မျှော်လင့်ချက် အပေါ်တွင် အခြေခံပါသည်။ ပျော်ရွှင်မှုဆိုသည့် ကောင်းတာတစ်ခုခုကို မျှော်လင့်ချက် ဖြစ်ပါသည်။ ထိုအချက်ကြောင့် ဘဝရည်ရွယ်ချက်သည် ပျော်ရွှင်ခြင်းဖြစ်သည်ဟု ကျွန်ုပ်အမြဲ ကောက်ချက်ချမိပါသည်။ မျှော်လင့်ချက်နှင့် ပျော်ရွှင်မှုတို့ ရှိပါက ကျွန်ုပ်တို့ခန္ဓာကိုယ်သည် ခံစားချက်ကောင်းမွန်ပါသည်။ ထို့ကြောင့် မျှော်လင့်ချက်နှင့် ပျော်ရွှင်မှုတို့သည် ကျွန်ုပ်တို့ ကျန်းမာရေးအတွက် အပြုသဘောအချက်များ ဖြစ်ပါသည်။ ကျန်းမာရေးသည် စိတ်ပျော်ရွှင်ခြင်းပေါ်တွင် အခြေခံပါသည်။

သို့သော် ဒေါသသည် မလုံခြုံသောစိတ်တွင် အခြေခံပြီး ကျွန်ုပ်တို့ကို ကြောက်ရွံ့စေပါသည်။ ကျွန်ုပ်တို့ တစ်ခုခု ကောင်းတာကြုံသောအခါ လုံခြုံမှုကို ခံစားရပါသည်။ ကျွန်ုပ်တို့ကို တစ်ခုခု ခြိမ်းခြောက်သောအခါ မလုံခြုံမှုကို ခံစားရပြီး ဒေါသဖြစ်လာပါသည်။ ဒေါသသည် ကျွန်ုပ်တို့ ရှင်သန်မှုအတွက် စိတ်က မိမိဘာသာ ကာကွယ်သော အစိတ်အပိုင်းတစ်ခု ဖြစ်ပါသည်။ သို့သော် ဒေါသသည် [ကျွန်ုပ်တို့ကို မကောင်းသော ခံစားချက် ဖြစ်စေရာမှတစ်ဆင့် နောက်ဆုံးတွင်] ကျွန်ုပ်တို့ ကျန်းမာရေးအတွက် ဆိုးကျိုးဖြစ်စေပါသည်။

တဏှာသည် ရှင်သန်မှုအတွက် အကျိုးပြုသော အစိတ်အပိုင်းတစ်ခု ဖြစ်သည်။ ထို့ကြောင့် အပင်တစ်ပင်သည်လည်း သိစိတ်တစ်ခုခု မရှိသည့်တိုင် ဓာတုဗေဒအပိုင်းအချို့ ရှိသည့်အတွက် မိမိဘာသာ ကာကွယ်နိုင်စေပြီး ကြီးထွားရန် ကူညီပါသည်။ ကျွန်ုပ်တို့ ခန္ဓာကိုယ်သည်လည်း ရုပ်ပိုင်းဆိုင်ရာ အဆင့်တွင် ထိုအတိုင်းဖြစ်သည်။ သို့သော် လူသားများတွင်မူ ကျွန်ုပ်တို့ ခန္ဓာကိုယ်တွင် စိတ်ပိုင်းဆိုင်ရာ အဆင့်၌ အပြုသဘော အစိတ်အပိုင်းလည်း ရှိပြီး တစ်စုံတစ်ယောက်ကို တွယ်ငြိမှုတဏှာ သို့မဟုတ် ကျွန်ုပ်တို့ကိုယ်ပိုင် ပျော်ရွှင်မှုကို တွယ်ငြိမှုတို့ ဖြစ်လာစေပါသည်။ [တစ်ဖက်တွင်မူ ဒေါသသည် ၎င်း၏] အစိတ်အပိုင်းဖြင့် အန္တရာယ် ဖြစ်စေပြီး [ပျော်ရွှင်မှုအပါအဝင်] အရာရာမှ ကျွန်ုပ်တို့ကို ဝေးကွာသွားစေပါသည်။ ရုပ်ပိုင်းဆိုင်ရာအဆင့်တွင် [ပျော်ရွှင်မှုဖြစ်စေသော] သာယာမှုသည် ခန္ဓာကိုယ်အတွက် ကောင်းပါသည်။ သို့သော် ဒေါသ [နှင့် ၎င်းကြောင့်ဖြစ်သော ဝမ်းနည်းမှု] သည် အန္တရာယ် ရှိပါသည်။ ထို့ကြောင့် [ရှင်သန်မှုအတွက် ရှုထောင့်မှကြည့်ပါက] ဘဝ၏ရည်မှန်းချက်သည် ဘဝပျော်ရွှင်ရေး ဖြစ်ပါသည်။

ဤသည်မှာ အခြေခံလူသားအဆင့်ကို ပြောနေခြင်းဖြစ်ပါသည်။ ဒုတိယအဆင့် ဘာသာရေးအကြောင်းကို ပြောနေခြင်း မဟုတ်ပါ။ ဘာသာရေးအဆင့်တွင် ဘဝရည်မှန်းချက်အတွက် ရှင်းပြချက်များစွာ ရှိပါသည်။ ဒုတိယရှုထောင့်မှာ တကယ်တော့ အတော်လေး ရှုပ်ထွေးပါသည်။ ထို့ကြောင့် အခြေခံလူသားအဆင့်ကို ပြောလျှင် ပိုကောင်းပါသည်။

ပျော်ရွှင်မှုဆိုသည်မှာ အဘယ်နည်း။

ဘဝအတွက် ကျွန်ုပ်တို့၏ ရည်ရွယ်ချက်နှင့် ရည်မှန်းချက်သည် ပျော်ရွှင်မှု ဖြစ်သည့်အတွက် ပျော်ရွင်မှုဆိုသည်မှာ အဘယ်နည်း။ တစ်ခါတစ်ရံတွင် ရုပ်ဒုက္ခသည် [အားကစားသမားတစ်ယောက် အပြင်းအထန်လေ့ကျင့်ပြီးချိန်ကဲ့သို့] နက်ရှိုင်းသော စိတ်ကျေနပ်မှု ခံစားချက်ကို ပေးပါသည်။ ထို့ကြောင့် ‘‘ပျော်ရွှင်မှု’’ ဆိုသည်မှာ အဓိကအားဖြင့် နက်ရှိုင်းသော စိတ်ကျေနပ်မှု ဖြစ်သည်။ သို့ဆိုလျှင် ဘဝရည်မှန်းချက် သို့မဟုတ် ကျွန်ုပ်တို့၏ ရည်ရွယ်ချက်သည် စိတ်ကျေနပ်မှု ဖြစ်ပါသည်။

ပျော်ရွှင်မှု၊ ဝမ်းနည်းမှု သို့မဟုတ် ဒုက္ခ စသည်တို့အတွက် အာရုံသိရှိခံစားမှုအဆင့်နှင့် စိတ်ပိုင်းဆိုင်ရာ အဆင့်ဆိုပြီး အဆင့်နှစ်ဆင့်ရှိပါသည်။ အာရုံသိရှိခံစားမှုအဆင့်သည် သေးငယ်သော နို့တိုက်သတ္တဝါများတွင် အတွေ့များပြီး ယင်ကောင်ကဲ့သို့ အင်းဆက်များမှာပင် တွေ့ရပါသည်။ အအေးပိုင်းရာသီဉတုတွင် နေထွက်လာသောအခါ ယင်ကောင်သည် လှပစွာလှည့်လည်ပျံသန်းခြင်းဖြင့် ပျော်ရွှင်သောအပိုင်းကို ဖော်ပြပါသည်။ အေးမြသော အခန်းတစ်ခန်းတွင် ၎င်းသည် နှေးကွေးသွားပြီး ဝမ်းနည်းမှုကို ပြပါသည်။ သို့သော် အဆင့်မြင့် ဉီးနှောက် ရှိပါက အာရုံခံစားသာယာမှု ပို၍ပင် သိနိုင်ပါသည်။ [သို့သော် ထိုအချက်အပြင်] ကျွန်ုပ်တို့၏ အဆင့်မြင့် ဉီးနှောက်သည် အရွယ်အစား အကြီးဆုံးဖြစ်ပြီး အသိဉာဏ်လည်း ရှိပါသည်။

ရုပ်ပိုင်းဆိုင်ရာ ခြိမ်းခြောက်မှုများ မရှိသည့် လူသားများ [အကြောင်းကို စဉ်းစားကြည့်ပါ]။ သူတို့မှာ ပျော်ရွှင်၊ အဆင်ပြေသောဘဝ၊ မိတ်ဆွေကောင်းများ၊ လစာနှင့် အမည်နာမတို့ ရှိကြပါသည်။ သို့သော် ထိုသို့ရှိလျှက်နှင့်ပင်၊ ဥပမာ အချို့သန်းကြွယ်သူဌေးများသည် သူတို့က လူ့အသိုင်းအဝိုင်း၏ အရေးကြီးသော အစိတ်အပိုင်းဖြစ်ကြောင်း ခံစားရပါသည်။ သို့သော် ထိုသူတို့သည် တစ်ခါတစ်ရံ အလွန်မပျော်မရွှင် ဖြစ်နေသူများ ဖြစ်ပါသည်။ အချို့အခြေအနေများတွင် ကျွန်ုပ်သည် အလွန်ချမ်းသာပြီး လွှမ်းမိုးမှုရှိသူများကို တွေ့ရာ သူတို့တွင် အတွင်းစိတ်က အထီးကျန်မှု၊ စိတ်ဖိစီးမှုနှင့် စိုးရိမ်မှုတို့ဖြင့် အလွန်အခက်ကြုံနေသည်ကို တွေ့ရပါသည်။ ထို့ကြောင့်စိတ်ပိုင်းဆိုင်ရာအဆင့်တွင် သူတို့ ဒုက္ခခံစားနေရပါသည်။

ဆန်းကြယ်လှသောအသိဉာဏ်ကို ကျွန်ုပ်တို့ရရှိထားသည့်အတွက် စိတ်ပိုင်းဆိုင်ရာအဆင့်တွင် ကျွန်ုပ်တို့၏ အတွေ့အကြုံသည် ရုပ်ပိုင်းဆိုင်ရာအဆင့်ထက် ပို၍ အားကောင်းပါသည်။ ၎င်းသည် ရုပ်နာကျင်မှုကို လျှော့ချ ဖယ်ရှားနိုင်ပါသည်။ နမူနာလေးတစ်ခု ပြရလျှင် ကျွန်ုပ်သည် တစ်ခါက ပြင်းထန်စွာဖျားနာခဲ့ပါသည်။ ဝမ်းဗိုက်ထဲတွင် အလွန်နာကျင်ပါသည်။ ထိုအချိန်တွင် ကျွန်ုပ်သည် အိန္ဒိယနိုင်ငံ၏ အဆင်းရဲဆုံး ဘီဟာပြည်နယ်တွင် ရှိနေချိန်ဖြစ်သည်။ ဗုဒ္ဓဂါယာနှင့် နာလန်ဒါတို့ကို ဖြတ်သန်းသွားပါသည်။ ထိုနေရာတွင် အလွန်ဆင်းရဲသူများကို မြင်တွေ့ရသည်။ သူတို့သည် နွားချေးပုံများ ကောက်ယူနေကြသည်။ သူတို့မှာ ပညာသင်စရာနေရာမရှိသည့်အတွက် ကျွန်ုပ်အလွန် ဝမ်းနည်းမိပါသည်။ ထို့နောက် ထိုပြည်နယ်၏ မြို့တော်ဖြစ်သည့် ပတ္တနားတွင် ကျွန်ုပ်သည်အလွန်နာကျင်ပြီး ချွေးထွက်လာပါသည်။ ထိုနေရာတွင် ဖျားနာနေသော သက်ကြီးရွယ်အို နာမကျန်းသူ လူတစ်ယောက်ကို သတိထားမိပါသည်။ အဖြူရောင် အဝတ်ကိုဝတ်ထားပြီး အလွန့်အလွန် ညစ်ပေနေပါသည်။ ထိုသူကို မည်သူမျှ ဂရုမစိုက်ကြပါ။ အလွန်ပင် ဝမ်းနည်းစရာပါ။ ထိုညတွင် ကျွန်ုပ်၏တည်းခိုခန်း၌ ကျွန်ုပ်၏နာကျင်မှုသည် အလွန်ဆိုးရွားလာသော်လည်း စိတ်ကတော့ ထိုကလေးများနှင့် ထိုအဘိုးကြီး အကြောင်းကိုသာ စဉ်းစားနေပါသည်။ ထိုအလေးထားမှုက ကျွန်ုပ်၏ ရုပ်နာကျင်မှုကို များစွာလျှော့ချပေးခဲ့ပါသည်။

အိုလံပစ်အားကစားပွဲအတွက် လေ့ကျင့်နေသူများကို နမူနာကြည့်ပါ။ သူတို့သည် အပြင်းအထန် လေ့ကျင့်ကြပြီး နာကျင်မှုနှင့် အခက်အခဲ မည်မျှကြုံပါစေ စိတ်ပိုင်းဆိုင်ရာတွင် ပျော်ရွှင်ကြပါသည်။ ထို့ကြောင့် စိတ်ပိုင်းဆိုင်ရာ အဆင့်သည် ရုပ်အတွေ့အကြုံထက် များစွာအရေးကြီးပါသည်။ သည်တော့ ဘဝတွင် အမှန်တကယ် အရေးပါသည်မှာ ပျော်ရွှင်မှုနှင့် ကျေနပ်မှုတို့ ဖြစ်ပါသည်။

ပျော်ရွှင်မှုဖြစ်စေသော အကြောင်းရင်းများ

ယခုဆိုလျှင် ပျော်ရွှင်မှု၏ အကြောင်းရင်းများက ဘာတွေလဲ။ ဤခန္ဓာကိုယ် အစိတ်အပိုင်းသည် တည်ငြိမ်သောစိတ်တွင် ကောင်းစွာ ဖြစ်ပေါ်လာပြီး အနှောင့်အယှက် ဖြစ်နေသောစိတ်တွင် မဖြစ်ပေါ်ပါ။ ထို့ကြောင့် တည်ငြိမ်သောစိတ်က အရမ်း အရေးကြီးပါသည်။ ကျွန်ုပ်တို့၏ ရုပ်အခြေအနေသည် အရေးမကြီးဘဲ စိတ်တည်ငြိမ်မှုက အရေးအကြီးဆုံး ဖြစ်ပါသည်။ ထို့ကြောင့် တည်ငြိမ်သောစိတ်ကို ဘယ်လိုရယူကြမလဲ။

ယခုအခါ ပြဿနာအားလုံး ဖြေရှင်းရန်အတွက်တော့ လက်တွေ့ကျမည် မဟုတ်ပါ။ စိတ်ကို ထွေပြားပြီး ကျွန်ုပ်တို့၏ ပြဿနာအားလုံး မေ့ပစ်နိုင်ရန်လည်း အလုပ်မဖြစ်ပါ။ ကျွန်ုပ်တို့၏ ပြဿနာများကို ရှင်းလင်းစွာ ရှုမြင်ပြီး ဖြေရှင်းရပါမည်။ သို့သော် တစ်ချိန်တည်းမှာလည်း စိတ်တည်ငြိမ်အောင်ထားမှသာ လက်တွေ့ကျသော စိတ်နေ သဘောထားရှိပြီး ယင်းတို့ကို ကောင်းမွန်စွာ ကိုင်တွယ်ဖြေရှင်းနိုင်ပါမည်။

စိတ်ငြိမ်ဆေး သောက်သူများအတွက် ပြောရလျှင် ကျွန်ုပ်လည်း မသောက်ဖူးပါ။ စိတ်ငြိမ်ဆေး သောက်ချိန်တွင် ထိုသူတို့၏ အသိဉာဏ် ထက်မြက်သလား။ ထွေပြားနေသလား မသိပါ။ မေးကြည့်ရပါမည်။ ဉပမာ၊ ၁၉၅၉ ခုနှစ်တွင် မူဆိုရီ၌ ရှိနေစဉ် ကျွန်ုပ်၏မိခင် သို့မဟုတ် အခြားတစ်ယောက်ယောက်သည် စိတ်အနှောင့်အယှက် ဖြစ်ပြီး စိုးရိမ်သောက များနေပါသည်။ အိပ်မပျော်ပါ။ ထိုအတွက် သောက်စရာ ဆေးအချို့ ရှိပြီး ထိုဆေးများကြောင့် စိတ်တော့ အနည်းငယ် ထွေပြားလိမ့်မည်ဟု ဆရာဝန်က ရှင်းပြပါသည်။ ဒါတော့ မကောင်းဘူးဟု ထိုစဉ်က ကျွန်ုပ်တွေးမိပါသည်။ တစ်ဖက်တွင် စိတ်အနည်းငယ် တည်ငြိမ်သော်လည်း တစ်ဖက်တွင်မူ ထွေပြားသော အာနိသင် ရှိပါက မကောင်းပါ။ နောက်တစ်နည်းကို ပိုနှစ်သက်ပါသည်။ အသိဉာဏ်က အပြည့်အဝ ဆောင်ရွက်နေခြင်း၊ စူးစိုက်ပြီး သတိရှိခြင်း၊ အနှောင့်အယှက် ကင်းခြင်းတို့ကို ပိုနှစ်သက်ပါသည်။ အနှောင့်အယှက်ကင်းသော စိတ်တည်ငြိမ်မှုက အကောင်းဆုံး ဖြစ်ပါသည်။

ထိုအတွက် ကရုဏာသက်သော လူသား၏ ချစ်ခင်မှုက တကယ်အရေးကြီးပါသည်။ စိတ်တွင် ပိုပြီး ကရုဏာရှိလေ ဉီးနှောက် လုပ်ငန်းဆောင်တာ ပိုကောင်းလေ ဖြစ်ပါသည်။ ကျွန်ုပ်တို့စိတ်တွင် ကြောက်ရွံ့မှုနှင့် ဒေါသတို့ ဖြစ်လာပါက ဘာဖြစ်မည်နည်း။ ကျွန်ုပ်တို့ဉီးနှောက်၏ လုပ်ငန်းဆောင်တာများ ပို၍ညံ့ဖျင်းသွားပါမည်။ တစ်ကြိမ်တွင် ကျွန်ုပ်သည် အသက်ရှစ်ဆယ်ကျော်ရှိသည့် သိပ္ပံပညာရှင် တစ်ယောက်နှင့် တွေ့ပါသည်။ သူက သူ့စာအုပ်တွေထဲက တစ်အုပ်ကို ပေးသည်။ ကျွန်ုပ်တို့သည် ဒေါသ၏အကျဉ်းသားများဖြစ်သည် ဆိုသောစာအုပ်မျိုးဟု ထင်ပါသည်။ သူ့အတွေ့အကြုံကို ဆွေးနွေးရင်း ကျွန်ုပ်တို့သည် အရာဝတ္ထုတစ်ခုအပေါ် ဒေါ်သဖြစ်သောအခါ ထိုအရာဝတ္ထုက အလွန်အပျက်သဘော ထင်ရသည်ဟု သူကပြောသည်။ သို့သော် ထိုအပျက်သဘော၏ ကိုးဆယ်ရာခိုင်နှုန်းသည် ကျွန်ုပ်တို့၏ စိတ်မှ ခန့်မှန်းမှုသာ ဖြစ်ပါသည်။ ဒါကသူ့ကိုယ်ပိုင် အတွေ့အကြုံ ဖြစ်ပါသည်။

ဗုဒ္ဓဘာသာကလည်း ထိုအတိုင်း သွန်သင်ပါသည်။ အပျက်သဘော စိတ်ခံစားချက် ဖြစ်လာသောအခါ အမှန်ကို မမြင်နိုင်တော့ပါ။ ဆုံးဖြတ်ချက်ချရန် လိုချိန်တွင် စိတ်ကို ဒေါသ လွှမ်းမိုးသောအခါ ဆုံးဖြတ်ချက် မှားသွားဖို့က များနေပါသည်။ မည်သူမျှ ဆုံးဖြတ်ချက် မှားချင်မည် မဟုတ်ပါ။ သို့သော် အမှားနှင့် အမှန်ခွဲခြားရန် ဆောင်ရွက်သည့် ကျွန်ုပ်တို့၏ အသိဉာဏ်နှင့် ဉီးနှောက်သည် ထိုအချိန်က အလွန်ညံ့ဖျင်းစွာ အလုပ်လုပ်နေပါသည်။ နာမည်ကျော် ခေါင်းဆောင်များပင် ထိုသို့တွေ့ကြုံရပါသည်။

ထို့ကြောင့် ကရုဏာနှင့် ချစ်ခင်မှုတို့သည် ဉီးနှောက်ကို ပိုပြီးချောမွေ့စွာ လုပ်ဆောင်ရန် ကူညီပါသည်။ တစ်ဆင့်ခံအားဖြင့် ကရုဏာသည် ကျွန်ုပ်တို့ကို စိတ်ခွန်အား ပေးသည်။ ကိုယ့်ကိုယ်ကို ယုံကြည်မှုရှိစေသည်။ ထိုအခါ ကြောက်ရွံ့မှုကို ဖယ်ရှားကာ စိတ်ကို တည်ငြိမ်စေပါသည်။ ထို့ကြောင့် ကရုဏာသည် လုပ်ဆောင်ချက် နှစ်မျိုးရှိပါသည်။ ဉီးနှောက်ကို ကောင်းစွာ ဆောင်ရွက်ရန်နှင့် စိတ်ခွန်အား ပေးရန် ဖြစ်ပါသည်။ ယင်းတို့မှတစ်ဆင့် ပျော်ရွှင်မှုကို ဖြစ်စေပါသည်။ ထိုအတိုင်း ကျွန်ုပ်ခံစားရပါသည်။

ယခုအခါ ပျော်ရွှင်မှုအတွက် ကောင်းသော အခြားအာရုံများလည်း ရှိပါသည်။ ဥပမာ၊ လူတိုင်းငွေကို နှစ်ခြိုက်ကြပါသည်။ ငွေရှိလျှင် ကောင်းသောအာရုံများ ခံစားနိုင်သည်။ ယင်းတို့ကို အရေးအကြီးဆုံးအရာများဟု မှတ်ယူထားလေ့ ရှိကြပါသည်။ သို့သော် ကျွန်ုပ်က ထိုသို့မထင်ပါ။ ရုပ်ဝတ္ထုပစ္စည်း အဆင်ပြေမှုသည် ရုပ်ပိုင်းဆိုင်ရာ အားထုတ်မှုမှ လာနိုင်သော်လည်း စိတ်အဆင်ပြေမှုမှာ စိတ်ဖြင့်အားထုတ်မှ ရရှိပါမည်။ စျေးဆိုင်ထဲဝင်သွားပြီး ဆိုင်ရှင်ကို ငွေပေးချေကာ စိတ်ငြိမ်းချမ်းမှု ဝယ်လိုပါသည်ဟု ပြောလျှင် မောင်းထုတ်ခံရပါလိမ့်မည်။ ဤသည်မှာ ရူးနှမ်းမှုတစ်ခုဟု ဆိုင်ရှင်များက ထင်ပြီး အလှောင်ခံရနိုင်ပါသည်။ ထိုးဆေး သို့မဟုတ် စားဆေးအချို့ဖြင့် ယာယီ ပျော်ရွှင်မှု သို့မဟုတ် စိတ်ငြိမ်းချမ်းမှုကို ဖြစ်စေနိုင်ပါသည်။ သို့သော် အပြည့်အဝတော့ မဟုတ်နိုင်ပါ။ ဆွေးနွေးမှုနှင့် ကျိုးကြောင်းဆက်စပ်မှု တို့မှတစ်ဆင့် စိတ်ခံစားချက်များကို ဖြေရှင်းရန်လိုကြောင်း နှစ်သိမ့်ဆွေးနွေးသည့် နမူနာကို ကြည့်နိုင်ပါသည်။ ထို့ကြောင့် စိတ်ဖြင့် ချဉ်းကပ်ဆောင်ရွက်ရပါမည်။ ကျွန်ုပ်သည်လည်း ဟောပြောပွဲတိုင်းတွင် ခေတ်သစ်လူများက ပြင်ပဖွံ့ဖြိုးမှုကို အလွန်စဉ်းစားကြောင်း ပြောပါသည်။ ထိုအဆင့်လောက်သာ အလေးထားနေပါက မလုံလောက်သေးပါ။ စစ်မှန်သော ပျော်ရွှင်မှုနှင့် စိတ်ကျေနပ်မှုတို့သည် ကိုယ်တွင်းမှပင် ပေါ်ထွက်လာရပါမည်။

ထိုအတွက် အခြေခံ အစိတ်အပိုင်းများမှာ ကရုဏာနှင့် လူသားဆန်သော ချစ်ခင်မှု ဖြစ်ပြီး ယင်းတို့သည် ဇီဝဗေဒအရ ဖြစ်ပေါ်လာပါသည်။ မွေးကင်းစအရွယ်တွင် ကျွန်ုပ်တို့၏ ရှင်သန်မှုသည် ချစ်ခင်မှုအပေါ်တွင်သာ မူတည်ပါသည်။ ချစ်ခင်မှုခံရပါက လုံခြုံနေပါသည်။ ချစ်ခင်မှုမရရှိပါက စိုးရိမ်သောကနှင့် မလုံခြုံမှုတို့ ခံစားရသည်။ ကျွန်ုပ်တို့ကို မိခင်နှင့် ခွဲထားလိုက်ပါက ငိုကြွေးခဲ့ကြပါသည်။ မိခင်ရင်ခွင်ထဲ ထွေးပွေ့ခံထားရပါက ပျော်ရွှင်ငြိမ်းချမ်းနေပါတော့သည်။ ကလေးတစ်ယောက်အနေနှင့် ဤသည်မှာ ဇီဝဗေဒ အစိတ်အပိုင်းတစ်ခု ဖြစ်သည်။ ဉပမာ ကျွန်ုပ်၏ဆရာဖြစ်သော သိပ္ပံပညာရှင်လည်းဖြစ် ဇီဝဗေဒပညာရှင်လည်းဖြစ်သူ တစ်ယောက်က နျူးကလီးယား အကြမ်းဖက်မှု တိုက်ဖျက်ရေးမှာ ပါဝင်ခဲ့ပါသည်။ မွေးဖွားပြီးနောက် သီတင်းပတ် များစွာအထိ မိခင်၏ အထိအတွေ့သည် ကလေး၏ ဦးနှောက်နှင့် ဖွံ့ဖြိုးကြီးထွားရေးအတွက် အလွန်အရေးပါကြောင်း သူကပြောပါသည်။ ထိုနည်းဖြင့် လုံခြုံမှုနှင့် သက်သာရာရမှုတို့ ခံစားရကာ ဉီးနှောက်အပါအဝင် ရုပ်ပိုင်းဆိုင်ရာ သင့်တော်သော ဖွံ့ဖြိုးမှု ဖြစ်လာပါသည်။

ထို့ကြောင့် ကရုဏာနှင့် ချစ်ခင်မှုတို့၏ မျိုးစေ့သည် ဘာသာတရားမှ လာသည်မဟုတ်ဘဲ ဇီဝဗေဒမှ လာပါသည်။ ကျွန်ုပ်တို့တစ်ဉီးချင်းစီသည် မိခင်ဝမ်းမှကျွတ်ပြီး မိခင်၏ ဂရုစိုက်မှု၊ ချစ်ခင်မှုတို့ကြောင့် ရှင်သန်ရပါသည်။ အိန္ဒိယ ရိုးရာအစဉ်အလာတွင် မွေးဖွားမှုကို သန့်ရှင်းသောမြေ၌ပွင့်သော ကြာပန်းဟု ယူဆပါသည်။ ထိုသို့ ကြားရသည်မှာ နားဝင်ချိုသော်လည်း ထိုဒေသရှိလူအများတွင် လူတို့ထက် ကြာပန်းများကို ပိုပြီးချစ်ခင်ကြပါသည်။ ထို့ကြောင့် မိခင်ဝမ်းမှ မွေးဖွားခြင်းက ပိုကောင်းပါသည်။ ထို့ကြောင့် ကျွန်ုပ်တို့သည် ကရုဏာမျိုးစေ့ ပါလာပြီးသား ဖြစ်ပါသည်။ အထက်ပါ အကြောင်းတို့မှာ ပျော်ရွှင်မှု၏ အကြောင်းရင်းများ ဖြစ်ပါတော့သည်။

Top