အတွင်းစိတ်မှတစ်ဆင့် ငြိမ်းချမ်းရေးရရှိခြင်း

Study buddhism universal values 06

ရုပ်ပိုင်းဆိုင်ရာနှင့် စိတ်ပိုင်းဆိုင်ရာ အဆင်မပြေမှု

ငြိမ်းချမ်းရေးသည် အရှေ့၊ အနောက်၊ တောင်၊ မြောက် ဘယ်မှာနေနေ လူတိုင်း၏ အလေးထားစရာဖြစ်ပါသည်။ ဆင်းရဲ ချမ်းသာမရွေး လူတိုင်းသည် ငြိမ်းချမ်းမှုကို အမှန်ပင် အလေးထားရန် လိုပါသည်။ ကျွန်ုပ်တို့အားလုံးသည် လူသားများ ဖြစ်သည့်အတွက် ယေဘုယျအားဖြင့် အားလုံးတွင် ပျော်ရွှင်ရန်၊ ပျော်ရွှင်သောဘဝရရှိရန် တူညီသောစိုးရိမ်မှု ရှိကြပါသည်။ ထို့ပြင် ကျွန်ုပ်တို့အားလုံးသည် ပျော်ရွှင်သော ဘဝကို ရရှိထိုက်ပါသည်။ ယခုစကားပြောနေသည်မှာ ထိုအဆင့်တွင်ပြောနေခြင်း ဖြစ်ပါသည်။ လူတိုင်းတွင် “ငါ” သို့မဟုတ် “အတ္တ” ခံစားချက် ရှိကြသော်လည်း “ငါ” သို့မဟုတ် “အတ္တ” ကဘာမှန်း ကျွန်ုပ်တို့အတိအကျ နားမလည်ကြပါ။ မည်သို့ ဖြစ်စေကာမူ “ငါ” ဆိုသော ပြင်းထန်သည့် ခံစားချက် ရှိပါသည်။ ထိုခံစားချက်မှနေ၍ ပျော်ရွှင်မှု ရရှိလိုပြီး ဒုက္ခမကြုံလိုမှု ဖြစ်လာပါသည်။ ဤသည်မှာ အလိုအလျောက် ပေါ်ထွက်လာပါသည်။ ထိုနည်းဖြင့် ကျွန်ုပ်တို့အားလုံး ပျော်ရွှင်ပိုင်ခွင့် ရှိကြပါသည်။

ထိုအတောအတွင်း ကျွန်ုပ်တို့ဘဝတွင် မနှစ်မြို့ဖွယ် အရာများနှင့် အတားအဆီးများ ဖြစ်လာရပါတော့သည်။ ထိုအထဲတွင် နှစ်မျိုးနှစ်စား ရှိပါသည်။ နာကျင်မှု အမျိုးအစားမှာ ရုပ်ပိုင်းဆိုင်ရာ အကြောင်းရင်းများကြောင့် ဖြစ်ပါသည်။ ဥပမာ၊ ရုတ်တရက် ဖျားနာခြင်းနှင့် အသက်ကြီးလာခြင်းတို့ ဖြစ်သည်။ ကျွန်ုပ်သည်လည်း ထိုသို့သော အတွေ့အကြုံအချို့ ရှိပါသည်။ မြင်ရန်၊ ကြားရန်၊ လမ်းလျှောက်ရန် ကျွန်ုပ်အတွက် ခက်ခဲပါသည်။ ထိုအရာများမှာ ဖြစ်ကိုဖြစ်လာပါသည်။ အခြားတစ်မျိုးမှာ အဓိကအားဖြင့် စိတ်ပိုင်းဆိုင်ရာအဆင့် ဖြစ်သည်။ ရုပ်ပိုင်းဆိုင်ရာ အဆင့်တွင် အရာရာ သက်သောင့်သက်သာနှင့် ဇိမ်ရှိပြီး လိုတရနေသော်လည်း စိတ်ဖိစီးမှုနှင့် ကိုယ့်ကိုယ်ကို သံသယဝင်မှုများ ရှိနေပါက အထီးကျန်လာပါသည်။ ကျွန်ုပ်တို့ထံတွင် မနာလိုမှု၊ ကြောက်ရွံ့မှုနှင့် မုန်းတီးမှုတို့ ရှိသည့်အတွက် မပျော်ရွှင်ကြတော့ပါ။ ထို့ကြောင့် ရုပ်ပိုင်းဆိုင်ရာ အဆင့် ဆိုသော်လည်း စိတ်ပိုင်းဆိုင်ရာ အဆင့်တွင် ဒုက္ခများစွာ ရှိနိုင်ပါသည်။

ရုပ်ပိုင်းဆိုင်ရာသက်သာမှုအတွက် ငွေနှင့်ဆိုလျှင်လည်း ဒုက္ခအချို့လျှော့ချနိုင်ပြီး ရုပ်ပိုင်းဆိုင်ရာကျေနပ်မှု ရှိလာနိုင် ပါသည်။ သို့သော် အာဏာ၊ အမည်နှင့် ကျော်ကြားမှုတို့ အပါအဝင် ထိုရုပ်ပိုင်းဆိုင်ရာ အဆင့်သည် ကျွန်ုပ်တို့ကို စိတ်ငြိမ်းချမ်းမှု မပေးနိုင်ပါ။ တစ်ခါတစ်ရံတွင် ငွေကြေးနှင့် ကြွယ်ဝမှုများစွာ ရှိခြင်းက ကျွန်ုပ်တို့ကို ပိုပြီးစိုးရိမ်စေပါသည်။ ကျွန်ုပ်တို့သည် ကျွန်ုပ်တို့၏အမည်နှင့် ကျော်ကြားမှုတို့ကို အလွန်စိတ်ဝင်စားကြပြီး ထိုအချက်က မရိုးသားမှု၊ မသက်သာမှု၊ စိတ်ဖိစီးမှုအချို့ ဖြစ်လာစေပါသည်။ ထို့ကြောင့် စိတ်ပျော်ရွှင်မှုသည် ပြင်ပနည်းလမ်းများပေါ်တွင် မူတည်ခြင်း မရှိဘဲ ကျွန်ုပ်တို့၏ အတွင်းစိတ်ပေါ်တွင် မူတည်ပါသည်။

ဆင်းရဲသူအချို့သည် အတွင်းစိတ်ပိုင်းတွင် အလွန်ကြံ့ခိုင်ပြီး ပျော်ရွှင်ကြသည်ကို တွေ့နိုင်ပါသည်။ တကယ်တော့ ကျွန်ုပ်တို့မှာ အတွင်းစိတ်ကျေနပ်မှု ရှိပါက ရုပ်ပိုင်းဆိုင်ရာ မည်သည့်ဒုက္ခကိုမဆို ခံနိုင်ရည်ရှိပြီး ၎င်းကို အသွင်ပြောင်းနိုင် ပါသည်။ ထို့ကြောင့် ရုပ်ပိုင်းဆိုင်ရာနှင့် စိတ်ပိုင်းဆိုင်ရာ နာကျင်မှုတို့အကြား စိတ်နာကျင်မှုက ပိုဆိုးသည်ဟု ထင်ပါသည်။ ဤသည်မှာ ရုပ်မသက်သာမှုကို စိတ်သက်သောင့်သက်သာ ဖြစ်မှုဖြင့် ပယ်ဖျက်နိုင်သောကြောင့် ဖြစ်သည်။ သို့သော် စိတ်မသက်သာမှုကို ရုပ်သက်သောင့်သက်သာ ဖြစ်မှုဖြင့် မရှင်းလင်းနိုင်ပါ။

လူတို့၏ စိတ်ဒုက္ခများနှင့် ပြဿနာများက တိရစ္ဆာန်များထက် ပိုစွဲမြဲပြီး ပိုဆိုးရွားပါသည်။ ရုပ်ပိုင်းဆိုင်ရာ အဆင့်တွင် နှစ်ခုစလုံး ခံစားရမှုက တူနိုင်သော်လည်း လူသားတို့တွင် ကျွန်ုပ်တို့၏ အသိဉာဏ်ကြောင့် သံသယ၊ မလုံခြုံမှုနှင့် စိတ်ဖိစီးမှုတို့ ရှိပါသည်။ ယင်းတို့က စိတ်ဓာတ်ကျဆင်းမှု ဖြစ်လာပါသည်။ ထိုအရာအားလုံးသည် ကျွန်ုပ်တို့၏ အဆင့်မြင့် အသိဉာဏ်ကြောင့် ပေါ်ထွက်လာပါသည်။ ဒါကိုတန်ပြန်ရန် ကျွန်ုပ်တို့၏ လူသားအသိဉာဏ်ကို အသုံးပြုရပါမည်။ စိတ်ခံစားချက် အဆင့်တွင် အချို့ စိတ်ခံစားချက်များ ပေါ်ထွက်လာသည်နှင့် ကျွန်ုပ်တို့ကို စိတ်ငြိမ်းချမ်းမှု ဆုံးရှုံးစေနိုင်ပါသည်။ အချို့ စိတ်ခံစားချက်များမှာမူ ကျွန်ုပ်တို့ကို ပို၍ကြံ့ခိုင်စေပါသည်။ ယင်းတို့သည် ခွန်အားနှင့် ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုတို့၏ အခြေခံ ဖြစ်ကာ ပို၍ တည်ကြည်ပြီး တည်ငြိမ်သော စိတ်အခြေအနေကို ရရှိလာစေပါသည်။

စိတ်ခံစားချက် အမျိုးအစားနှစ်ခု

ထို့ကြောင့် စိတ်ခံစားချက် အမျိုးအစားနှစ်ခုရှိပါသည်။ တစ်ခုမှာ စိတ်ငြိမ်းချမ်းမှုကို အလွန်အန္တရာယ်ဖြစ်စေပြီး ယင်းတို့မှာ ဒေါသနှင့် အမုန်းစသည့် အပျက်ခံစားချက်များ ဖြစ်ပါသည်။ ယင်းတို့က ကျွန်ုပ်တို့၏ လက်ရှိအချိန် စိတ်ငြိမ်းချမ်းမှုကို ဖျက်ဆီးသည်သာမက ကျွန်ုပ်တို့၏ စကားနှင့် ကျွန်ုပ်တို့၏ ခန္ဓာကိုယ်တို့ကိုလည်း အလွန်ပျက်စီးစေပါသည်။ တစ်နည်း ဆိုသော် ၎င်းတို့သည် ကျွန်ုပ်တို့၏ ဆောင်ရွက်မှုကို သက်ရောက်ပါသည်။ ၎င်းတို့သည် ကျွန်ုပ်တို့ကို အန္တရာယ်ရှိသော နည်းလမ်းဖြင့် ဆောင်ရွက်စေသည့်အတွက် အပျက်သဘော ဖြစ်ပါသည်။ အခြား စိတ်ခံစားချက်များမှာမူ ကျွန်ုပ်တို့ကို အတွင်းခွန်အားနှင့် ကရုဏာကဲ့သို့ ငြိမ်းချမ်းမှုတို့ကို ပေးပါသည်။ ၎င်းတို့သည် ဥပမာအားဖြင့် ကျွန်ုပ်တို့ကို ခွင့်လွှတ်ခြင်း ခွန်အားပေးပါသည်။ အချို့လူနှင့် အချို့အချိန်တွင် ပြဿနာအချို့ ရှိနေလျှင်လည်း ခွင့်လွှတ်ခြင်းက နောက်ဆုံးတွင် တည်ငြိမ်မှု ရစေကာ စိတ်ငြိမ်းချမ်းမှု ရလာပါသည်။ ကျွန်ုပ်တို့က အလွန်စိတ်ဆိုးနေသူသည် ကျွန်ုပ်တို့၏ အခင်ဆုံးမိတ်ဆွေပင် ဖြစ်လာနိုင်ပါသည်။

ပြင်ပမှငြိမ်းချမ်းရေး

ငြိမ်းချမ်းမှုအကြောင်း ပြောသောအခါ ထိုစိတ်ခံစားချက်များနှင့် အတွင်းစိတ် ငြိမ်းချမ်းမှုတို့အကြောင်း ပြောရပါမည်။ ထို့ကြောင့် မည်သည့် စိတ်ခံစားချက်က စိတ်ငြိမ်းချမ်းမှု ရစေသည်ကို ရှာဖွေရန် လိုပါသည်။ သို့သော် ပြင်ပမှ ငြိမ်းချမ်းရေး အကြောင်းကို တစ်ခုခုအရင် ပြောချင်ပါသည်။

ပြင်ပမှငြိမ်းချမ်းရေးသည် အကြမ်းဖက်မှု မရှိရုံမျှသာမဟုတ်ပါ။ စစ်အေးခေတ်တွင် ကျွန်ုပ်တို့သည် ငြိမ်းချမ်းရေးရှိသည်မှာ သိသာသော်လည်း ထိုငြိမ်းချမ်းရေးသည် ကြောက်ရွံ့မှု၊ နျူးကလီးယားဖြင့် အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုအပေါ်တွင် အခြေခံပါသည်။ နှစ်ဖက်စလုံးသည် တစ်ဖက်က တစ်ဖက်အား ဗုံးလာကြဲမည်ကို ကြောက်နေသောကြောင့် ဒါက စစ်မှန်သော ငြိမ်းချမ်းရေး မဟုတ်ပါ။ စစ်မှန်သော ငြိမ်းချမ်းရေးသည် အတွင်းစိတ်မှ လာပါသည်။ အငြင်းပွားမှု ရှိသည့် အခါတိုင်း ငြိမ်းချမ်းစွာ ဖြေရှင်းမှုကို ရှာဖွေရမည်ဟု ကျွန်ုပ်တို့ ခံစားမိပြီး ဒါက တွေ့ဆုံဆွေးနွေးမှုကို ဆိုလိုပါသည်။ ထို့ကြောင့် ငြိမ်းချမ်းရေးသည် အခြားသူများ၏ ဘဝအတွက် စေတနာ၊ လေးစားမှုတို့နှင့် အများကြီးဆိုင်ပါသည်။ အခြားသူများ ဒုက္ခ မရောက်အောင် တားဆီးခြင်းနှင့် အခြားသူများ၏ဘဝသည် မိမိဘဝလိုပင် တန်ဖိုးရှိသည်ဆိုသော စိတ်နေသဘောထား ရှိခြင်း ဖြစ်ပါသည်။ ဒါကို ကျွန်ုပ်တို့ လေးစားရန်လိုပြီး ထိုအခြေခံပေါ်တွင် အခြားသူများကို ကျွန်ုပ်တို့ ကူညီနိုင်ပါက ထိုအတိုင်း ကြိုးစားကြည့်ရပါမည်။

ကျွန်ုပ်တို့ အခက်အခဲများ ရင်ဆိုင်ရပြီး တစ်ယောက်ယောက် ကျွန်ုပ်တို့ကို လာကူညီသောအခါ ဒါကို ကျွန်ုပ်တို့ တန်ဖိုးထာပါသည်။ အခြား တစ်ယောက်ယောက် ခံစားနေရပါက လူသားဆန်သော နားလည်မှု ပေးလိုက်ရုံနှင့် ထိုသူက တန်ဖိုးထားပြီး အလွန်ပျော်ရွှင်သွားပါသည်။ ထို့ကြောင့် စိတ်၏ ကရုဏာနှင့် စိတ်ငြိမ်းချမ်းမှုမှနေ၍ ဆောင်ရွက်ချက် အားလုံး ငြိမ်းချမ်းလာပါသည်။ စိတ်ငြိမ်းချမ်းမှုကို ဖန်တီးနိုင်သောအခါ ပြင်ပမှ ငြိမ်းချမ်းမှုကိုလည်း ကျွန်ုပ်တို့ ဖော်ထုတ်လာနိုင်ပါသည်။

လူသားများအနေနှင့် ကျွန်ုပ်တို့သည် အချင်းချင်း အပြန်အလှန် ဆက်သွယ်မှုများတွင် အမြင်အမျိုးမျိုး ရှိကြပါသည်။ သို့သော် “ငါ” နှင့် “သူတို့” ဆိုသော ခိုင်မာသည့် အယူအဆတွင် အခြေခံပါက “ငါ့အကျိုး” နှင့် “သင့်အကျိုး” ဆိုသော အယူအဆများ ရရှိလာပါသည်။ ထိုသို့ အခြေခံပါက စစ်ပွဲပင်ဖြစ်လာနိုင်သည်။ ငါ့ရန်သူကို ချေမှုန်းနိုင်ရင် ငါ့အောင်မြင်မှုပဲဟု တွေးလာပါသည်။ သို့သော် ယခုအခါ အမှန်တရား အသစ်တစ်ခု ရှိပါသည်။ စီးပွားရေးနှင့် ဂေဟစနစ် ရှုထောင့်မှဆိုလျှင် အချင်းချင်း အလွန်အမင်း အပြန်အလှန် မှီခိုလာပါသည်။ ထို့ကြောင့် “ငါ” နှင့် “သူတို့” ဆိုသော အယူအဆသည် ဆီလျော်မှု မရှိတော့ပါ။ “သူတို့” ဟု ကျွန်ုပ်တို့ ယူဆသူများက ယခုအခါ “ကျွန်ုပ်တို့” ၏ တစ်စိတ်တစ်ပိုင်း ဖြစ်လာပါသည်။ ထို့ကြောင့် စိတ်ငြိမ်းချမ်းမှု ရရှိစေမည့် အဓိက အချက်မှာ ကရုဏာ ဖြစ်ပါသည်။ ကျွန်ုပ်တို့သည် ဤကမ္ဘာပေါ်ရှိ လူပေါင်းသန်းခြောက်ထောင် ဖြစ်သည်ကို အသိအမှတ် ပြုမှုတွင် အခြေခံကာ ကျွန်ုပ်တို့ အားလုံးတွင် ပျော်ရွှင်ပိုင်ခွင့် ရှိကြပါသည်။ ထိုသို့ အခြေခံပြီး အားလုံးကို အလေးအနက် ထားသောအခါ ပြင်ပမှ ငြိမ်းချမ်းမှုကို ကျွန်ုပ်တို့ ဖော်ထုတ်သင့်ပါသည်။

သေးငယ်သော အဆင့်တစ်ခုဖြင့် စတင်ခြင်း

ထို့ကြောင့် ငြိမ်းချမ်းရေးအတွက် ကျွန်ုပ်တို့သည် မိမိကိုယ်တိုင်၊ ထို့နောက် မိမိ၏ မိသားစုနှင့် အသိုင်းအဝိုင်းများထဲတွင် ငြိမ်းချမ်းရေး စတင်ဖန်တီးရန် လိုပါသည်။ ဥပမာ မက္ကဆီကိုနိုင်ငံ၌ မိတ်ဆွေတစ်ယောက်သည် သူ့ရပ်ရွာထဲတွင် ‘‘ငြိမ်းချမ်းရေးဇုန်’’ ကို ဖန်တီးထားပါသည်။ သူက ဒါကို သူ့ရပ်ရွာရှိ လူတိုင်းနှင့် သဘောတူညီချက် ပြုလုပ်ရာမှတစ်ဆင့် တည်ထောင်ပါသည်။ သူ့ရပ်ရွာရှိ လူတိုင်းသည် ဤငြိမ်းချမ်းရေးဇုန်ထဲတွင် အကြမ်းဖက်မှု ရှောင်ရှားရန် တမင် ကြိုးစားမည်ဟု သဘောတူထားပါသည်။ သူတို့ ရန်ဖြစ်မည် သို့မဟုတ် အငြင်းပွားမည် ဆိုပါက ထိုဇုန်ထဲမှ အပြင်ဘက်သို့ ရောက်သွားမည်ဟု အားလုံးသဘောတူထားကြပါသည်။

ကမ္ဘာ့ငြိမ်းချမ်းရေးကို တောင်းဆိုရန် ခက်ခဲသော်လည်း ကမ္ဘာ့အဆင့်တွင် ဒါကအကောင်းဆုံး ဖြစ်ပါသည်။ သို့သော် ပိုပြီး လက်တွေ့ဆန်သည်မှာ ကိုယ်တိုင်၊ မိသားစု၊ အသိုင်းအဝိုင်း၊ ခရိုင်စသည်စသည်ဖြင့် အသေးစားအဆင့်မှနေ၍ ငြိမ်းချမ်းရေးဇုန်ကဲ့သို့ အရာများဖန်တီးပြီး ယခုပဲ စတင်ရန် ဖြစ်ပါသည်။ ထို့ကြောင့် စိတ်ငြိမ်းချမ်းမှုသည် ကရုဏာနှင့် အလွန်ဆက်နွှယ်နေပါသည်။

ကမ္ဘာတွင် လက်ရှိ ကိစ္စများမှာ အမှန်ပင် ပြောင်းလဲနေပါသည်။ လွန်ခဲ့သောနှစ် အနည်းငယ်က ဂျာမန်မိတ်ဆွေ ကွယ်လွန်သူ ဖရက်ဒရစ် ဝီဆက်ကာ ပြောခဲ့သည့်ကို သတိရမိပါသည်။ သူ့ကို ကျွန်ုပ်၏ဆရာဟု ယူဆထားပါသည်။ သူက သူငယ်စဉ်အခါက ဂျာမန်လူမျိုးတိုင်း၏ အမြင်အရ ပြင်သစ်တို့ကို ရန်သူဟု ယူဆပြီး ပြင်သစ်တို့ အမြင်တွင်လည်း ဂျာမန်တို့ကို ရန်သူဟုမြင်ပါသည်။ သို့သော် ယခုအခါ အရာရာပြောင်းလဲခဲ့ပါပြီ။ ယခုဆိုလျှင် ကျွန်ုပ်တို့တွင် ညီညွတ်သော အင်အားဖြစ်သည့် ဥရောပသမဂ္ဂ ရှိနေပါပြီ။ ဤသည်မှာ အလွန်ကောင်းသည်။ ယခင်ကဆိုလျှင် နိုင်ငံတိုင်း၏ အမြင်တွင် သူတို့ကိုယ်ပိုင် အချုပ်အခြာအာဏာကို တန်ဖိုးရှိသည်ဟု ယူဆကြသည်။ သို့သော် ယခုအခါ ဥရောပတွင် အမှန်တရား အသစ်တစ်ခု ရှိလာပြီး ဘုံအကျိုးစီးပွားက တစ်ဉီးချင်း အကျိုးစီးပွားထက် ပိုအရေးကြီးနေပါသည်။ စီးပွားရေး တိုးတက်ပါက အဖွဲ့ဝင်နိုင်ငံတိုင်း အကျိုးရှိပါသည်။ ထို့ကြောင့် ယခုအခါ  ဤအတွေးအခေါ်ကို ကမ္ဘာကြီးပေါ်မှ လူသား သန်းခြောက်ထောင်လုံးထံသို့ ရောက်ရှိသွားရေးမှာ အရေးကြီးလာပါသည်။ လူတိုင်းကို လူသားမိသားစုကြီး တစ်ခု၏ မိသားစုဝင်များအဖြစ် စဉ်းစားပေးရန် လိုနေပါသည်။

ဇီဝဗေဒအစိတ်အပိုင်းတစ်ခုဖြစ်သည့် ကရုဏာ

ယခုဆိုလျှင် ကရုဏာအကြောင်းပြောမည်ဆိုပါက လူ၊ နို့တိုက်သတ္တဝါ၊ ငှက်စသည့် မိခင်ထံမှမွေးသည့် နို့တိုက်သတ္တဝါများ အားလုံး၏ ကြီးထွားဖွံ့ဖြိုးမှုသည် ချစ်ခင်မှုနှင့် ဂရုစိုက်မှု ရရှိခြင်းပေါ်တွင် မူတည်ပါသည်။ ဤသည်မှာ ပင်လယ်လိပ်၊ လိပ်ပြာ၊ ဆယ်လ်မွန်ငါး စသည့် ဥမှပေါက်ပြီးသေဆုံးသွားသည့် မျိုးရင်းအနည်းငယ်အတွက်သာ ခြွင်းချက် ဖြစ်ပါသည်။ ဥပမာ ပင်လယ်လိပ်ကိုကြည့်ပါ။ မိခင်သည် ကမ်းခြေတွင် ဥဥပြီးနောက် ထွက်သွားသည်။ ထို့ကြောင့် လိပ်ငယ်များ၏ ရှင်သန်မှုမှာ ကိုယ်ပိုင်အားထုတ်မှုပေါ်တွင် မူတည်ပါသည်။ သူတို့သည် မိခင်ထံမှ ချစ်ခင်မှု မလိုအပ်သော်လည်း ရှင်သန်ကြပါသည်။ ထို့ကြောင့် ပရိသတ်အချို့ကို ကျွန်ုပ်ကပြောသည်မှာ ပင်လယ်လိပ်ဉ ပေါက်ပြီး မွေးလာသော လိပ်ကလေးနှင့် မိခင်လိပ်မကြီးကို အတူထားပြီး အချင်းချင်း ချစ်ခင်မှုရှိသလားကြည့်ပါက အလွန် စိတ်ဝင်စားဖွယ် သိပ္ပံသုတေသနတစ်ခု ဖြစ်ပါမည်။ သူတို့ ချစ်ခင်မှုရှိမည်ဟုတော့ မထင်ပါ။ သဘာဝက သူတို့ကို ထိုအတိုင်း ဖန်တီးထားသည့်အတွက် ချစ်ခင်မှု မလိုအပ်ပါ။ သို့သော် နို့တိုက်သတ္တဝါများနှင့် အထူးသဖြင့် လူသားများသည် မိခင်၏ဂရုစိုက်မှုမရှိပါက အားလုံးသေကုန်ပါလိမ့်မည်။

သားငယ်သမီးငယ်များကို စောင့်ရှောက်ရသည်မှာ စိတ်ခံစားချက်အချို့လိုပြီး ယင်းတို့မှာ ကရုဏာ၊ ချစ်ခင်မှု၊ စိုးရိမ်မှုနှင့် ဂရုစိုက်မှုတို့ ဖြစ်ပါမည်။ မွေးပြီး သီတင်းပတ် အနည်းငယ်အတွင်း မိခင်၏ အထိအတွေ့က မွေးကင်းစကလေးငယ်၏ ဉီးနှောက် ဖွံ့ဖြိုးရန် မရှိမဖြစ် အရေးပါကြောင်း သိပ္ပံပညာရှင်များက ပြောသည်။ မေတ္တာတရားဖြင့် နွေးထွေးချစ်ခင်ဖွယ် ကောင်းသော မိသားစုတွင် ကြီးပြင်းသည့် ကလေးငယ်များသည် ပို၍ပျော်ရွှင်တတ်သည်ကို ကျွန်ုပ်တို့သတိထားမိပါသည်။ သူတို့သည် ရုပ်ပိုင်းဆိုင်ရာ အဆင့်တွင်လည်း ပိုပြီး ကျန်းမာကြသည်။ သို့သော် ချစ်ခင်မှု မရရှိသည့် ကလေးများမှာ အထူးသဖြင့် ငယ်ရွယ်စဉ်တွင် အခက်အခဲ များစွာရှိနေတတ်ပါသည်။

အချို့သိပ္ပံပညာရှင်များက မျောက်ငယ်များကို သူတို့မိခင်နှင့် ခွဲထားပြီး စမ်းသပ်မှု ပြုလုပ်ခဲ့ရာ ထိုမျောက်ငယ်လေး များသည် အမြဲတမ်း စိတ်အခြေအနေ မကောင်းဘဲ ရန်ဖြစ်နေသည်ကို တွေ့ရှိခဲ့ပါသည်။  သူတို့အချင်းချင်းလည်း ကောင်းကောင်း ကစားခြင်း မရှိပါ။ သို့သော် မိခင်နှင့် အတူထားသည့် မျောက်ငယ်များမှာ ပျော်ရွှင်ပြီး အချင်းချင်း ချစ်စဖွယ်ကစားကြပါသည်။ ထို့ပြင် မွေးကင်းစအရွယ်တွင် ချစ်ခင်မှုမရရှိသည့် အထူးသဖြင့် လူသား ကလေးငယ် များသည် အေးတိအေးစက် ဖြစ်လာတတ်ပါသည်။ သူတို့မှာ အခြားသူများကို ချစ်ခင်ကြောင်း ပြသဖို့ မလွယ်ကူသလို အချို့ကိစ္စများတွင် အခြားသူများကို ရန်လိုလာကြပါသည်။ ထို့ကြောင့် ချစ်ခင်မှုသည် ဇီဝဗေဒအချက်အလက်တစ်ခု၊ ဇီဝဗေဒအခြေခံသည့် အချက်တစ်ခု ဖြစ်ပါသည်။

ထို့ပြင် ကရုဏာနှင့် စိတ်ခံစားချက်တို့က ဤဇီဝဗေဒရုပ်ပိုင်းဆိုင်ရာအဆင့်တွင် ဆက်စပ်နေသောကြောင့် အချို့သိပ္ပံ ပညာရှင်များ အဆိုအရ ကျွန်ုပ်တို့သည် အမြဲတမ်း ဒေါသထွက်ပြီး အမုန်းပွားကာ ကြောက်ရွံ့နေပါသည်။ ထိုအခါ ကျွန်ုပ်တို့၏ ကိုယ်ခံအားစနစ် လျော့ပါးလာပြီး အားနည်းလာပါသည်။ သို့သော် ချစ်ခင်တတ်သောစိတ်က ကိုယ်ခံအား စနစ်ကို ကူညီပြီး အားဖြည့်ပေးပါသည်။

နောက်ထပ် ဉပမာတစ်ခု ကြည့်ပါ။ ဆေးပညာရပ်ပိုင်းကို လေ့လာပါက သူနာပြုများနှင့် ဆရာဝန်များကြားတွင်တစ်ဖက်၊ လူနာများနှင့်တစ်ဖက် ယုံကြည်မှု ရှိပါသည်။ ဤသည်မှာ လူနာများ၏ တိုးတက်မှုအတွက် အရေးကြီးသည်။ ထို့ကြောင့် ယုံကြည်မှု၏ အခြေခံကဘာလဲ။ ဆရာဝန် ဘက်နှင့် သူနာပြုများဘက်တွင် လူနာနေပြန်ကောင်းအောင် စစ်မှန်သော အလေးထားမှုနှင့် ဂရုစိုက်မှုတို့ ပြသပါက ယုံကြည်မှု ပေါ်ထွက်လာပါသည်။ တစ်ဖက်တွင်မူ ဆရာဝန်က ကျွမ်းကျင်သူ ဖြစ်နေလျှင် လူနာကို စက်တစ်လုံးကဲ့သို့ ကုသပါက ယုံကြည်မှု ကင်းမဲ့သလောက် ဖြစ်နေပါမည်။ ဆရာဝန်သည် အတွေ့အကြုံကောင်းများ ရှိထားပါက ယုံကြည်မှု အနည်းငယ် ရှိပါမည်။ သို့သော် ဆရာဝန်သည် ပိုပြီးကြင်နာတတ်ပါက ယုံကြည်မှု ပိုများလာပါသည်။ လူနာများက ကောင်းကောင်းအိပ်စက်ကာ အနှောင့်အယှက် ကင်းဝေးလာပါသည်။ သူတို့၏ အတွင်းစိတ်တွင် အနှောင့်အယှက်ဖြစ်ပါက အလွန်ဒုက္ခများပြီး နေပြန်ကောင်းရန် အခက်အခဲ ဖြစ်စေပါသည်။

သို့သော် ဘဝတွင် ပြဿနာများစွာကို ရှောင်လွှဲ၍မရပါ။ အိန္ဒိယဗုဒ္ဓဘာသာ ဆရာတော်ကြီး ရှန်တီဒေဝက ကျွန်ုပ်တို့ ပြဿနာနှင့် ရင်ဆိုင်ရသောအခါ ယင်းပြဿနာတို့ကို ဆန်းစစ်ရန်လိုသည်ဟု အကြံပေးခဲ့ပါသည်။ ယင်းတို့ကို နည်းလမ်းတစ်ခုဖြင့် ကျော်လွှားသွားနိုင်ပါက စိတ်မပူပါနှင့်။ ထိုနည်းကို အသုံးချပါ။ သို့သော် ယင်းတို့ကို မဖြေရှင်းနိုင်လျှင်လည်း စိတ်ပူရန် မလိုပါ။ စိတ်ပူနေလည်း ကျွန်ုပ်တို့အတွက် အကျိုးရှိမည် မဟုတ်ပါ။ ဤသို့ တွေးကြည့်ပါက များစွာ အကူအညီရပါသည်။ ကျွန်ုပ်တို့မှာ ပြဿနာကြီးတစ်ခု ရှိနေလျှင်ပင် ဤသို့တွေးလိုက်ပါက ယင်းကို လျှော့ချပစ်နိုင်ပါသည်။

အခြားသူများ၏ ဂရုစိုက်မှုကို ကျွန်ုပ်တို့လိုအပ်သ၍၊ ဉပမာ ကျွန်ုပ်တို့ငယ်ရွယ်စဉ်အခါက ကျွန်ုပ်တို့တွင် ချစ်ခင်မှုနှင့် ကရုဏာ ရှိပါသည်။ သို့သော် အသက်ကြီးလာပြီး ပို၍အမှီအခိုကင်းလာသည်နှင့်အမျှ ကိုယ်ဖြစ်ချင်သလိုဖြစ်ရန် စိတ်လိုက်မာန်ပါခြင်းသည် ကရုဏာထက် ပိုအရေးကြီးသည်ဟု ခံစားလာရတတ်ပါသည်။ သို့သော် လူသားထု သန်းခြောက်ထောင်စလုံး မိခင်ဝမ်းမှ မွေးဖွားလာခြင်းဖြစ်ပါသည်။ လူတိုင်းသည် မိခင်မေတ္တာ၏ ဂရုစိုက်မှုအောက်တွင် သို့မဟုတ် မိခင်မဟုတ်ပါကလည်း ငယ်စဉ်အခါက တစ်စုံတစ်ဉီး၏ ချစ်ခင်မှုအောက်တွင် ပျော်ရွှင်မှုနှင့် စိတ်ကျေနပ်မှုကို တွေ့ကြုံရပါသည်။ ထိုအရည်အသွေးများမှာ ကျွန်ုပ်တို့အသက်ကြီးလာသောအခါ တဖြည်းဖြည်း လျော့ပါးလာပါသည်။ ထို့နောက် ပို၍စိတ်လိုက်မာန်ပါဖြစ်ကာ ပိုပြီးအနိုင်ကျင့်ခြင်းဖြင့် ပြဿနာများ ပိုမိုဖန်တီးမိလာပါသည်။

အမှန်တရားကို မြင်ရန်လိုအပ်ပုံ

စိတ်ဆိုးဒေါသထွက်ပြီး ဉီးနှောက်ကို ဒေါသလွှမ်းမိုးသောအခါ ကျွန်ုပ်တို့ စိတ်ဆိုးနေသူ၏ အသွင်အပြင် ၉၀% သည် စိတ်မှ ထုတ်လုပ်လိုက်ခြင်း ဖြစ်သည်ဟု ဆွီဒင်နိုင်ငံမှ သိပ္ပံပညာရှင်တစ်ယောက်က ကျွန်ုပ်ကိုပြောပါသည်။ တစ်နည်းဆိုသော် အပျက်သဘော၏ ၉၀% ကို စိတ်ကထုတ်လုပ်ပါသည်။ တစ်စုံတစ်ယောက်ကို အတွယ်အတာနှင့် လိုချင်သောဆန္ဒ ရှိသောအခါ ဤအတိုင်းပင် ဖြစ်ပါသည်။ ထိုသူကို ၁၀၀% လှပချောမောသည်ဟု မြင်ကြပါသည်။ သို့သော် ထိုအချက်၏ ရာခိုင်နှုန်း အများအပြားကို စိတ်ကထုတ်လုပ်ပါသည်။ အမှန်ကို မမြင်ကြပါ။ ထို့ကြောင့် အမှန်တရားကိုမြင်ရန် အလွန် အရေးကြီးပါသည်။

နောက်ထပ် အရေးကြီးသော အချက်တစ်ခုမှာ မည်သူမျှ ဒုက္ခ မရောက်ချင်ကြသည့်တိုင် ဘာကြောင့် ဒုက္ခ ပေါ်ထွက်လာပါသလဲ။ ဤသည်မှာ ကျွန်ုပ်တို့၏ မသိနားမလည်မှု၊ လျစ်လျူရှုမှု၊ ချဉ်းကပ်ပုံနည်းလမ်းတို့ကြောင့် ဖြစ်ပါသည်။ ကျွန်ုပ်တို့ အမှန်ကို မမြင်ကြပါ။ ကျွန်ုပ်တို့၏ ကိုယ်ပိုင် ကန့်သတ်ထားသော ရှုထောင့်များအရ ကျွန်ုပ်တို့သည် အမှန်တရား တစ်ခုလုံးကို မမြင်နိုင်ပါ။ ဘက်နှစ်ဘက်သာ မြင်ကြသော်လည်း ဒါက မလုံလောက်ပါ။ သုံးဘက်၊ လေးဘက်၊ ခြောက်ဘက် အရာရာကိုမြင်ရန် လိုပါသည်။ ဘက်မလိုက်ဘဲ စုံစမ်းစစ်ဆေးနိုင်အောင် ကျွန်ုပ်တို့စိတ်ကို အရင်ဆုံး တည်ငြိမ်အောင်ထားရန် လိုပါသည်။

ဤနေရာတွင်လည်း အပြုသဘောနှင့် အပျက်သဘော စိတ်ခံစားချက်များအကြား ကွာခြားချက်မှာ ထိုအချက်အားလုံးကို နားလည်ရန် အရေးကြီးပါသည်။ အသက်ကြီးလာသောအခါ ကရုဏာ၏ ဇီဝဗေဒ အချက်အလက်သည် နောက်ဆုံးတွင် ပျောက်ကွယ်သွားသည့်အတွက် ကရုဏာစိတ် ပြန်အားဖြည့်ပေးရန် လေ့လာသင်ယူမှုတို့ လိုအပ်ပါသည်။ သို့သော် ကရုဏာ၏ ဇီဝဗေဒအမျိုးအစားမှာ ဘက်လိုက်ပါသည်။ အခြားသူများ၏ ချစ်ခင်မှု ရရှိရေးပေါ်တွင် အခြေခံပါသည်။ သို့သော် ဒါကို အခြေခံထားသောအခါ ကျွန်ုပ်တို့၏ စုံစမ်းစစ်ဆေးမှုမှ အကြောင်းရင်းနှင့် သိပ္ပံနည်းကျ အချက်များ ပေါင်းထည့်ခြင်းဖြင့် ဤသို့ ကရုဏာ၏ ဇီဝဗေဒ အဆင့်ကို ထိန်းထားနိုင်ရုံသာမက တိုးပွားအောင်လည်း ကြိုးစားနိုင်ပါသည်။ ထို့ကြောင့် ကန့်သတ်ပြီး ဘက်လိုက်သော ကရုဏာသည် သင်ယူလေ့လာမှုမှတစ်ဆင့် လူသားထု သန်းခြောက်ထောင်နှင့် အနန္တလောကအတွက် အနှိုင်းမဲ့ ဘက်မလိုက်သော ကရုဏာ ဖြစ်လာနိုင်ပါသည်။

ပညာရေး၏ အရေးကြီးပုံ

ဤအရာအားလုံးအတွက် အဓိက အချက်မှာ ပညာရေး ဖြစ်သည်။ ခေတ်သစ် ပညာရေးသည် ဉီးနှောက်နှင့် ဉာဏ်ရည် ဖွံ့ဖြိုးမှုကို ဉီးစားပေးသင်ကြားပါသည်။ ဒါက မလုံလောက်သေးပါ။ ကျွန်ုပ်တို့၏ ပညာရေးစနစ်များတွင် စေတနာကို ဖွံ့ဖြိုးအောင်လည်း ဆောင်ရွက်နိုင်ရပါမည်။ သူငယ်တန်းမှသည် တက္ကသိုလ်အထိ ဒါကိုလိုအပ်ပါသည်။

အမေရိကတွင် သိပ္ပံပညာရှင်အချို့က ကလေးငယ်များကို ကရုဏာနှင့် တရားရှုမှတ်ခြင်း သင်ကြားပေးမည့် ပညာရေး အစီအစဉ်များ ရေးဆွဲထားပါသည်။ ထို့ပြင် ဤသည်မှာ ထိုကလေးများ၏ အနာဂတ်ဘဝနှင့် နိဗ္ဗာန်ရောက်ရေးအတွက် ပြင်ဆင်ပေးသည့် ရည်ရွယ်ချက်သာ မဟုတ်ဘဲ ဤဘဝ အကျိုးအတွက်လည်း ဖြစ်ပါသည်။ အချို့တက္ကသိုလ်များ တွင်လည်း စေတနာနှင့် ကရုဏာကို ဖွံ့ဖြိုးလာအောင် ပညာရေး အစီအစဉ်အချို့ ရှိနေပါသည်။ ထိုသို့ ဘက်မလိုက်သော ကရုဏာသည် အခြားသူများ၏ သဘောထားကို အာရုံစိုက်ခြင်းမဟုတ်ဘဲ လူသားဖြစ်နေသည့်အတွက် အာရုံစိုက်ခြင်း ဖြစ်ပါသည်။ ကျွန်ုပ်တို့အားလုံးသည် ဤကမ္ဘာပေါ်ရှိ လူသားသန်းပေါင်းခြောက်ထောင်၏ တစ်စိတ်တစ်ပိုင်း ဖြစ်သည့်အတွက် လူတိုင်းသည် သာတူညီမျှရေး အချက်ပေါ်တွင် အခြေခံကာ ကျွန်ုပ်တို့၏ကရုဏာနှင့် ထိုက်တန်ပါသည်။

အတွင်းနှင့် အပြင် လက်နက်ချခြင်း

ထို့ကြောင့် စိတ်ငြိမ်းချမ်းရေးနှင့် ကမ္ဘာ့ငြိမ်းချမ်းရေးအတွက် ကျွန်ုပ်တို့သည် အတွင်းရောအပြင်ပါ လက်နက်ချရန် လိုပါသည်။ ဆိုလိုသည်မှာ အတွင်းဘက်အဆင့်တွင် ကရုဏာကို ဖော်ထုတ်ပြီးနောက် ထိုအချက်ကို အခြေခံကာ အပြင်ဘက်အဆင့်ရှိ နိုင်ငံအားလုံးကိုရော အရာရာကိုပါ လက်နက်ချနိုင်စွမ်း ရှိလာပါသည်။ ဤသည်မှာ ပြင်သစ်-ဂျာမန် ဥရောပ စစ်တပ်အဖွဲ့၏ မဟာမိတ်တပ်ဖွဲ့ ရှိခြင်းနှင့် တူသည့်အတွက် အလွန်ကောင်းပါသည်။ ဉရောပသမဂ္ဂ တစ်ခုလုံးအတွက် မဟာမိတ်တပ်ဖွဲ့ ရှိနိုင်ပါက အဖွဲ့ဝင် နိုင်ငံများအကြား လက်နက်ကိုင်အခက်အခဲများ ရှိတော့မည် မဟုတ်ပါ။

တစ်ခါက ဘရပ်ဆဲလ်မြို့တွင် ပြည်ပဝန်ကြီးများနှင့် အစည်းအဝေးတွင် ကျွန်ုပ်က ဉရောပသမဂ္ဂ ဌာနချုပ်ကို အရှေ့ဘက် ပိုရောက်သောဒေသသို့၊ ဉပမာ ပိုလန်ကဲ့သို့ ဥရောပ အရှေ့ဘက်နိုင်ငံတစ်ခုသို့ ရွှေ့ပြောင်းလျှင် ကောင်းမည်ဟု ပြောသည်။ ထို့နောက် ရုရှားကိုလည်း အဖွဲ့ဝင်တစ်နိုင်ငံအဖြစ် လက်ခံလျှင် ကောင်းမည်။ ထို့ပြင် နေတိုးအဖွဲ့၏ ဌာနချုပ်ကို မော်စကိုသို့ နောက်ဆုံးတွင် ပြောင်းရွှေ့ပါမည်။ ထိုသို့ ဖြစ်လာပါက ငြိမ်းချမ်းရေး တကယ်ရရှိပြီး ဥရောပတွင် စစ်မက် အန္တရာယ် မရှိတော့ပါ။ ယခုအခါ ရုရှားနှင့် ဂျော်ဂျီယာ နှစ်နိုင်ငံအကြား အခက်အခဲအချို့ ရှိနေသော်လည်း ကျွန်ုပ်တို့ မျှော်လင့်ချက် ထားရန်လိုပါသည်။

ဤသို့ ငြိမ်းချမ်းရေး ပိုမိုချဲ့ထွင်မှုကို အခြေခံကာ ဉပမာ ယခုပြင်သစ်နိုင်ငံရှိ လက်နက်ကိုင် လုပ်ငန်းကို အဆုံးတွင် ပိတ်သိမ်းကာ စီးပွားရေးကို ပိုပြီး ထုတ်လုပ်မှုများသော အပိုင်းများဆီ ရွှေ့ပြောင်းနိုင်ပါသည်။ စက်ရုံများကို သံချပ်ကာကားများအစား ဆိုကြပါစို့၊ မြေတူးစက်များ တည်ဆောက်ရန် ပြောင်းလဲပစ်နိုင်ပါသည်။

အာဖရိက နိုင်ငံများသည်လည်း ကျွန်ုပ်တို့ အကူအညီကို များစွာလိုအပ်ပါသည်။ ဆင်းရဲ၊ ချမ်းသာ ကွာဟမှုသည် ကမ္ဘာ့အဆင့်မှာသာမက နိုင်ငံအဆင့်မှာပါ ပြဿနာကြီးတစ်ခု ဖြစ်နေပါသည်။ ဤဆင်းရဲ၊ ချမ်းသာ ကွာဟချက်က အတော်လေး ဆိုးပါသည်။ ဉပမာ၊ ပြင်သစ်နိုင်ငံတွင် ချမ်းသာသူနှင့် ဆင်းရဲသူများအကြား မညီမျှမှု ကြီးမားပါသည်။ အချို့သူများမှာ အငတ်ဘေးကိုပင် ရင်ဆိုင်နေရသည်။ သို့သော် ကျွန်ုပ်တို့ လူသားအားလုံးတွင် တူညီသော မျှော်လင့်ချက်များ၊ လိုအပ်ချက်များနှင့် ပြဿနာများ ရှိကြပါသည်။ စိတ်ငြိမ်းချမ်းမှုမှနေ၍ ငြိမ်းချမ်းရေး ရရှိရန်အတွက် ထိုအချက်အားလုံးကို ထည့်သွင်းစဉ်းစားရန်လိုပါသည်။

Top