အဓိပ္ပာယ်ရှိသောဘဝဖြင့် ဉီးဆောင်နေထိုင်ခြင်း

ခံစားချက်ရှိသူတိုင်း အထူးသဖြင့် လူသားများတွင် ပျော်ရွှင်မှုနှင့် ဒုက္ခ၊ အကောင်းနှင့်အဆိုး၊ အန္တရာယ်ရှိသောအရာနှင့် အကျိုးရှိသောအရာတို့ကို ခွဲခြားနိုင်စွမ်း ရှိပါသည်။ ထိုသို့သော ခံစားချက်များအကြား သိရှိခွဲခြားနိုင်စွမ်းကြောင့် ကျွန်ုပ်တို့အားလုံးသည် ပျော်ရွှင်မှုကိုလိုလားပြီး ဒုက္ခကိုမလိုလားခြင်းတွင် တူညီကြပါသည်။

ထိုခံစားချက်အမျိုးမျိုး ပေါ်ထွက်လာပုံ၏ ရှုပ်ထွေးသော မူလဇစ်မြစ်ကို ဤနေရာတွင် မလေ့လာနိုင်သော်လည်း ကျွန်ုပ်တို့ အားလုံးအတွက် သိသာရှင်းလင်းနေသည်မှာ ဤသို့သော ပျော်ရွှင်မှုကို တန်ဖိုးထားခြင်းနှင့် နာကျင်ခံစားရမှုကို မနှစ်သက်ခြင်းတို့ ရှိကြပါသည်။ ထို့ကြောင့် မျှတငြိမ်းချမ်းပြီး အခက်အခဲ ဘေးဒုက္ခများ ယူဆောင်မလာမည့် ဘဝမျိုးကို ဦးဆောင်ရန် အလွန်ပင် အရေးကြီးပါသည်။

ငြိမ်းချမ်းမှုနှင့် ပျော်ရွှင်မှုအကြောင်း မေးခွန်းများနှင့် ပတ်သက်လျှင် ကျွန်ုပ်တို့၏ ငြိမ်းချမ်းမှုနှင့် ပျော်ရွှင်မှုတို့ အားလုံးသည် ပြင်ပ ရုပ်ဝတ္ထု ကြွယ်ဝမှုမှ လာသည်ဟု ထင်ခြင်းမှာ မမှန်ပါ။ ရုပ်ဝတ္ထုပစ္စည်းများအပေါ် မှီခိုရာမှတစ်ဆင့် ကျွန်ုပ်တို့၏ ရုပ်ပိုင်းဆိုင်ရာ ပျော်ရွှင်မှုနှင့် ကျေနပ်မှုများ ပိုရနိုင်ပြီး ရုပ်ပိုင်းဆိုင်ရာ အခက်အခဲအချို့ ဖယ်ရှားနိုင်ပါသည်။ သို့သော် ရုပ်ပိုင်းဆိုင်ရာပစ္စည်းများမှ ကျွန်ုပ်တို့ရရှိသည်မှာ ခန္ဓာကိုယ်၏ တွေ့ကြုံမှုတွင် ကန့်သတ်ထားပါသည်။

အခြားသတ္တဝါများနှင့် မတူသည်မှာ လူသားတို့တွင် စဉ်းစား၊ တွက်ချက်၊ ဆုံးဖြတ်ကာ ရေရှည်အစီအစဉ်များ ချမှတ်နိုင်စွမ်း ကြီးမားစွာ ရှိခြင်း ဖြစ်ပါသည်။ ထို့ကြောင့် လူသားတို့အနေနှင့် ကျွန်ုပ်တို့ကြုံတွေ့ရသည့် နာကျင်မှုနှင့် ကျေနပ်မှုတို့က ပိုခိုင်မာပြီး ပိုအင်အားကြီးပါသည်။ ထို့ကြောင့် လူသားကဲ့သို့ တွေးခေါ်နိုင်စွမ်းနှင့် အလွန်ဆက်စပ်သော နောက်ထပ် ခံစားချက်များကို လူသားတို့အနေနှင့် ကြုံတွေ့ရနိုင်ခြေရှိပါသည်။

ဥပမာ၊ တိရစ္ဆာန်များနှင့်မတူသည့်အချက်မှာ လူသားတို့သည် ယာယီ ပျော်ရွှင်မှု ရရှိပြီး ယာယီဒုက္ခအချို့ ဖယ်ရှား နိုင်လောက်ရုံမျှနှင့် မကျေနပ်ကြပါ။ အဘယ်ကြောင့်ဆိုသော် ကျွန်ုပ်တို့ လူသားများတွင် ရေရှည်စီမံကိန်းနှင့် တွက်ချက်မှုများ ပြုလုပ်နိုင်စွမ်း ရှိသောကြောင့် ဖြစ်ပါသည်။ ထို့ကြောင့် ကျွန်ုပ်တို့နှင့် အခြားသူများအကြောင်း ခွဲခြားမှုများလည်း ပြုလုပ်ပါသည်။ ထိုခွဲခြားမှုများတွင် အခြေခံပြီး မတူညီသော နိုင်ငံများ၊ မတူညီသော လူမျိုးနှင့် ဘာသာတရားများအကြောင်း ပြောဆိုကြသည်။ မရေမတွက်နိုင်သော ခွဲခြားမှုများ ပြုလုပ်ကြသည်။ ထိုအရာများတွင် အခြေခံကာ မဆုံးနိုင်သောအတွေးများနှင့် အယူအဆမှားများ ဖြစ်လာပါသည်။ ထိုအချက်ကြောင့်ပင် ကျွန်ုပ်တို့တွင် မျှော်လင့်ချက်များစွာနှင့် တစ်ခါတစ်ရံ သံသယများစွာ ရှိနေရပါသည်။

ထို့ကြောင့် လူ့အသိဉာဏ်နှင့် ယူဆချက်ပေါ်တွင်သာ အခြေခံပြီး ကျွန်ုပ်တို့သည် ဝမ်းနည်းမှုအမျိုးမျိုး ကြုံတွေ့ကြရသည်။ ယင်းကို အာယဒေဝ၏ နာမည်ကျော်ကျမ်းစာဖြစ်သည့် ဂါထာလေးရာကျမ်းစာ တွင် ဖော်ပြထားပါသည်။ (၂.၈) တွင်ဆိုထားသည်မှာ ‘‘အခွင့်ထူးခံရာထူးများမှ ပုဂ္ဂိုလ်များတွင် စိတ်ဒုက္ခများ ရှိနေပြီး သာမန်ပြည်သူများတွင် ရုပ်ပိုင်းဆိုင်ရာဒုက္ခ ရှိနေပါသည်။’’ ဆိုလိုသည်မှာ ပိုအာဏာရှိသူ၊ ပိုချမ်းသာသူတို့တွင် ရုပ်ဝတ္ထုဆိုင်ရာ ဒုက္ခ မရှိနိုင်သော်လည်း သူတို့သည် စိတ်ဒုက္ခများ ပိုမိုကြုံတွေ့ရပါသည်။ ယခုအခါ သာမန်ပြည်သူများတွင် အဝတ်အစား၊ အစားအသောက် စသည်တို့ မလုံလောက်သောကြောင့် ရုပ်ဒုက္ခပိုရှိကြပါသည်။ ထို့ကြောင့် လူသားတို့သည် တွေးခေါ်သည့်ပုံစံကြောင့် နောက်ထပ်ဒုက္ခများစွာ ကြုံတွေ့နေရသည်မှာ ရှင်းနေပါသည်။

စောစောက ပြောသလိုပင် စိတ်တိုးတက်မှု ရရှိလာခြင်းဖြင့် ရုပ်ဒုက္ခကို လျှော့ချနိုင်ပါသည်။ သို့ရာတွင် သင့်စိတ်သဘောထားကြောင့် ကြုံတွေ့ရသည့် ဒုက္ခကို သင့်ရုပ်ဝတ္ထုပစ္စည်း ပိုမိုသာယာမှုဖြင့် မလျှော့ချနိုင်ပါသည်။ ရှင်းလင်းသော နမူနာတစ်ခုမှာ ရုပ်ဝတ္ထုပစ္စည်းအားလုံးပိုင်ဆိုင်ပြီး စိတ်ပိုင်းဆိုင်ရာ ဒုက္ခအမျိုးမျိုး အမှန်ပင် ကြုံတွေ့နေရသော လူချမ်းသာများစွာကို ကျွန်ုပ်တို့ မြင်တွေ့နေရပါသည်။ ဒါကို ကျွန်ုပ်တို့အားလုံး တွေ့ရှိနိုင်ပါသည်။ ထို့ကြောင့် သင့်စိတ်သဘောထားကြောင့်သာ ပေါ်ထွက်လာသည့် အဆင်မပြေမှု၊ ပြဿနာနှင့် ဒုက္ခများကို သင့်စိတ်အမြင်ရှုထောင့် ပြောင်းလဲခြင်းဖြင့်သာ လျှော့ချရှင်းလင်းပေးနိုင်ပါသည်။ ပြင်ပ ရုပ်ဝတ္ထုပစ္စည်းများဖြင့် မဖယ်ရှားနိုင်ပါ။

ဤအချက်ကို အကျဉ်းချုပ်ဖော်ပြရန် ကျွန်ုပ်တို့သည် ပျော်ရွှင်မှုနှင့် ဒုက္ခတို့ ခံစားရပုံအကြောင်း ပြောသည့်အခါ ယင်းတို့ကို တွေ့ကြုံနည်းနှစ်မျိုး ရှိပါသည်။ တစ်ခုမှာ အာရုံအသိနှင့် အများကြီး ဆိုင်ပါသည်။ ဆိုလိုသည်မှာ အာရုံ ငါးပါးမှတစ်ဆင့် ကြုံတွေ့သော သုခ၊ ဒုက္ခများ ဖြစ်ပါသည်။ ထို့ပြင် ကျွန်ုပ်တို့စိတ် သို့မဟုတ် စိတ်သဘောထားတွင် အခြေခံပြီး ပျော်ရွှင်မှုနှင့် ဒုက္ခတို့ ကြုံတွေ့သည့် နောက်ထပ်အဆင့်တစ်ခု ရှိပါသည်။ ထိုနှစ်ခုအနက် စိတ်မှတစ်ဆင့် သင်ကြုံတွေ့သော ပျော်ရွှင်မှုနှင့် ဒုက္ခတို့သည် အာရုံများမှတစ်ဆင့် သင်ကြုံတွေ့သော အရာများထက် ပိုမိုခိုင်မာပြီး အားကောင်းပါသည်။

ရှင်းလင်းသော နမူနာတစ်ခုမှာ သင့်ထံတွင် ရုပ်ဝတ္ထုပစ္စည်းအားလုံး ရှိနေသည့်တိုင်၊ သင့်မှာ ရုပ်ပိုင်းဆိုင်ရာ ပြဿနာနှင့် ဒုက္ခများ တစ်ခုခုမကြုံရသည့်တိုင် စိတ်ပိုင်းဆိုင်ရာ ဒုက္ခခံစားနေရသောအခါ သင့်စိတ်က သက်သာရာ မရနိုင်သေးပါ။ ထိုအခါ အဆိုပါ ရုပ်ဝတ္ထု ပြည့်စုံမှုများက သင့်စိတ်တွင် ကြုံရသည့် ဒုက္ခများကို ကျော်လွှားပေးနိုင်စွမ်း မရှိပါ။ တစ်ဖက်တွင်လည်း ရုပ်ပိုင်းဆိုင်ရာ မသက်သာမှုနှင့် ဒုက္ခအချို့ သင်ကြုံနေရသည့်တိုင် ထိုအခြေအနေကို သင့်စိတ်က လက်ခံပါက ရုပ်ဒုက္ခများကို သင်သည်းခံနိုင်စွမ်း ရှိပါလိမ့်မည်။

ဘာသာရေး ကျင့်ကြံမှုအနည်းငယ် ဆောင်ရွက်ရန် အပြည့်အဝ သန္နိဋ္ဌာန်ထားသည့် လူတစ်ဦးကို နမူနာကြည့်ပါ။ လူတစ်ဦးသည် ထိုသို့ဘာသာရေး ကျင့်ကြံမှုကို ဆောင်ရွက်သော်လည်း ရုပ်ပိုင်းဆိုင်ရာ အကျပ်အတည်းများစွာ ကြုံတွေ့ရနိုင်ပါသည်။ မည်သို့ဆိုစေ ရောင့်ရဲနှစ်သိမ့်မှု ခံစားချက်ကြောင့်လည်းကောင်း၊ မိမိ ဦးတည်နေသော ရည်ရွယ်ချက် ရှင်းလင်းနေသောကြောင့်လည်းကောင်း ထိုသူသည် ထိုအကျပ်အတည်းများကို အခက်အခဲဟု မြင်မည့်အစား လက်ခံစရာတစ်ခုဟု မြင်ပါလိမ့်မည်။ ထို့ကြောင့် ပိုမိုကြီးကျယ်သော ရည်ရွယ်ချက်များကို မြင်ခြင်းအားဖြင့် အခြေအနေကို လက်ခံကာ ထိုရုပ်ဒုက္ခများကို စိတ်ပိုင်းဆိုင်ရာ အသင့်ဖြစ်ခြင်းဖြင့် ကျော်လွှားနိုင်စွမ်း ရှိပါသည်။ ပိုအရေးကြီးသည့် ဦးတည်ချက်နှင့် ရည်မှန်းချက်တို့အတွက် အလုပ်လုပ်နေသောအခါ ရုပ်ဒုက္ခများ ကျော်လွှားနိုင်ပုံကို အခြားနမူနာများစွာ ရှိပါသည်။ ထိုကိစ္စများတွင် ရုပ်ပိုင်းဆိုင်ရာ ပြဿနာများစွာ ကျွန်ုပ်တို့ ကြုံတွေ့ရသော်လည်း ထိုရုပ်ပိုင်းဆိုင်ရာ ပြဿနာများကို ကြီးစွာသော ပျော်ရွှင်ကျေနပ်မှု၊ လက်ခံစရာတစ်ခုအဖြစ် သဘောထားလိုက်ပါသည်။

အကျဉ်းချုပ် ပြောရသော် သင့်အာရုံနှင့် သင့်စိတ်တို့မှတစ်ဆင့် ကြုံတွေ့သည့် အတွေ့အကြုံနှစ်မျိုးအနက် သင့်စိတ်ဖြင့် ရင်ဆိုင် ကြုံတွေ့ရသောအရာက အများကြီး ပိုအရေးကြီးပါသည်။ စိတ်ပိုင်းဆိုင်ရာ ပြဿနာများကို ဖြေရှင်းရသောအခါ ကျွန်ုပ်ပြောခဲ့သည့်အတိုင်း သင့်စိတ်သဘောထား၊ စိတ်အမြင်ရှုထောင့်ကြောင့်သာ ပေါ်ထွက်လာသည့် ပြဿနာများကို သင့်စိတ်သဘောထား ပြောင်းလဲခြင်းအားဖြင့် လျှော့ချဖယ်ရှားနိုင်ပါသည်။ ထို့ကြောင့် စိတ်ပြဿနာများ ဖယ်ရှားရန် နည်းလမ်းရှိပါသည်။ နည်းစနစ်ရှိပါသည်။ ထို့ကြောင့်လည်း ထိုစိတ်ပြဿနာများစွာကို လျှော့ချဖယ်ရှားမည့် နည်းစနစ်များနှင့် နည်းလမ်းများကို သိရန်အရေးကြီးပါ၏။ ဆက်လက်၍  ထိုစိတ်ပြဿနာများကို ဖယ်ရှားရန် အဆိုပါ နည်းစနစ်များနှင့် နည်းလမ်းများအကြောင်း ပြောသောအခါ ကျွန်ုပ်တို့၏ မေွးရာပါ လူသားအရည်အသွေးကောင်းများကို သိရှိရန်နှင့် အသိအမှတ်ပြုရန် အရေးကြီးပါသည်။

ဥပမာ၊ ကျွန်ုပ်၏သိမြင်မှုအရ လူ့အသိုင်းအဝိုင်းကို သေချာလေ့လာပါက ကျွန်ုပ်တို့သည် လူမှုရေး သတ္တဝါများ ဖြစ်ကြောင်း တွေ့ရပါမည်။ ဆိုလိုသည်မှာ ကျွန်ုပ်တို့သည် လူ့အသိုင်းအဝိုင်းတွင် နေထိုင်ပြီး အချင်းချင်း လုံးဝတည်မှီနေကြပါသည်။ မွေးစမှသည် အရွယ်ရောက်ချိန် မိမိကိုယ်ကို ကြည့်ရှုစောင့်ရှောက်နိုင်ချိန်အထိ ကျွန်ုပ်တို့သည် ရုပ်ပိုင်းဆိုင်ရာ ကျန်းမာမှု အတွက် အခြားသူများ၏ ကြင်နာမှုအပေါ် တည်မှီရန် လိုပါသည်။ ဤသို့ဖြစ်ရသည်မှာ ကျွန်ုပ်တို့၏ ဇီဝဗေဒ ဖွဲ့စည်းပုံ၊ ကျွန်ုပ်တို့၏ ကိုယ်ခန္ဓာ ဖွဲ့စည်းပုံကြောင့် ဖြစ်သည်။ အချင်းချင်း နီးစပ်မှုကို ကျွန်ုပ်တို့ပိုမိုပြသလေ၊ ကရုဏာတရား ပိုရှိပြီး ပိုအလေးထားလေ ငြိမ်းချမ်းမှုနှင့် ပျော်ရွှင်မှုတို့ကို ပိုမိုရရှိနိုင်လေ ဖြစ်ပါသည်။ ထိုအခြေခံ လူ့တန်ဖိုးများကြောင့် ထိုအခြေခံ လူ့တန်ဖိုးများသည် အရေးကြီးကြောင်း၊ လိုအပ်ကြောင်း၊ ယင်းတို့သည် လိုအပ်သော အရည်အသွေးများ ဖြစ်ကြောင်း ကျွန်ုပ်တို့ပြောနိုင်ပါသည်။

အခြားဥပမာအချို့အရ လိပ်ပြာပိုးလောင်း တစ်ကောင် သို့မဟုတ် မွေးခါစ လိပ်တစ်ကောင် ကဲ့သို့ပင် မိခင်လိပ်မ သို့မဟုတ် လိပ်ပြာမနှင့် မွေးလာသောလိပ် သို့မဟုတ် လိပ်ပြာတို့အကြား များစွာ မှီခိုမှု မရှိဟု ထင်ရပါသည်။ သာဓကအားဖြင့် လိပ်ပြာကိစ္စတွင် ဥများဥချပြီးနောက် သားလောင်းများက သူတို့မိဘများကို မတွေ့နိုင်သေးပါ။ လိပ်တို့တွင်မူ ဥများဥချပြီးသည်နှင့် ပျောက်ကွယ်သွားပါသည်။ သူတို့မိခင်ကို သားသမီးများအနီး ယူလာလျှင်ပင် ထိုသားသမီးက သူတို့မိဘအပေါ် တုံ့ပြန်မှု သို့မဟုတ် ချစ်ခင်နှစ်သက်မှု တစ်ခုခု ပြသနိုင်စွမ်း ရှိမည်ဟု မထင်ပါ။ အကြောင်း သူတို့မွေးကတည်းကပင် အမှီအခိုကင်းသော ဘဝဖြင့် နေလာကြသောကြောင့် ဖြစ်ပါသည်။ ဤသည်မှာ သူတို့၏ ယခင်ဘဝ အလေ့အထများကြောင့် ဖြစ်နိုင်သလို သူတို့၏ ရုပ်ပိုင်းဆိုင်ရာ ဖွဲ့စည်းမှုကြောင့်လည်း ဖြစ်နိုင်ပါသည်။ လိပ်သားသမီးများ ကိစ္စတွင် သူတို့၏ ယခင်ဘဝ အလေ့အထများ သို့မဟုတ် သူတို့၏ ရုပ်ပိုင်းဆိုင်ရာ ဖွဲ့စည်းမှုကြောင့် သူတို့ကိုသူတို့ ကြည့်ရှုစောင့်ရှောက်နိုင်ကြပါသည်။ ပင်လယ်လှိုင်းသံများကြားသောအခါ ပင်လယ်ဆီသို့ သူတို့တဖြည်းဖြည်း ရွေ့လာပြီး သူတို့ကိုသူတို့ ကြည့်ရှုစောင့်ရှောက်နိုင်ကြပါသည်။ မိခင်က သားသမီးများကို ရေကူးခြင်း အစရှိသည်တို့ ဖိတ်ခေါ်သင်ကြားပေးရန် မလိုသည်မှာ သိသာပါသည်။ ထို့ကြောင့် သူတို့သည် အမှီအခိုကင်းသော ဘဝဖြင့် နေထိုင်ပြီး မိဘနှင့် သားသမီးအကြား ချစ်ခင်မှုများစွာ မတွေ့ရပါ။

ယခု လူသားတို့အကြောင်း ပြောမည်ဆိုလျှင် ကျွန်ုပ်တို့၏ ရုပ်ပိုင်းဆိုင်ရာ ဖွဲ့စည်းပုံအရ မွေးကတည်းကပင် မိဘများအပေါ် အထူးသဖြင့် မိခင်အပေါ် ပြင်းပြသောမေတ္တာနှင့် ချစ်ခင်မှုတို့ ဖော်ပြနိုင်စွမ်း ရှိပါသည်။ ယခုအချက်များ ထောက်ပြနေရ သည်မှာ အတိတ်ဘဝ၊ အနာဂတ်ဘဝ သို့မဟုတ် ဘာသာရေးခေါင်းစဉ်တစ်ခုကို လက်ခံရန် ရှုထောင့်မှ ပြောနေခြင်း မဟုတ်ပါ။ သို့သော် လူသားတို့ ရှင်သန်ကြီးထွားလာပုံကို သေချာလေ့လာပါက ဤသည်မှာ ကျွန်ုပ်တို့သည် လူသား တန်ဖိုးများ၊ လူသား၏ မေတ္တာနှင့် ကရုဏာတို့အပေါ် လုံးဝတည်မှီနေသည့် ကျွန်ုပ်တို့၏ ရှင်သန်မှုအတွက် ဖြစ်ကြောင်း တွေ့ရပါမည်။ ထို့ပြင် လူသားကလေးငယ်များကို ကြည့်လျှင်လည်း မွေးကတည်းကပင် မိခင်နို့ရည်အပေါ် တည်မှီနေကြရ ပါသည်။ ထို့နောက် မိမိကိုယ်ကို တဖြည်းဖြည်း စောင့်ရှောက်တတ်လာသည်။ သူတို့မိဘများ၏ ကြင်နာမှုအပေါ်တွင် လုံးဝမှီခိုနေရပြန်ပါသည်။ ထို့ပြင် သူတို့အရွယ်ရောက်လာပြီးလျှင်လည်း သူတို့မျိုးဆက်များ၏ ကြင်နာမှုအပေါ်တွင် မှီခိုနေကြပြန်ပါသည်။

လူသားအဖော်တစ်ယောက် ရှိနေသရွေ့၊ သင့်ကိုကြည့်ရှုစောင့်ရှောက်သူတစ်ယောက် ရှိနေသရွေ့၊ သင့်မှာ ပိုပြီး စိတ်သက်သာရာရသည်။ ပိုပြီး စိတ်ချနိုင်သည်။ ပိုပြီး သက်သောင့်သက်သာ ရှိပါသည်။ ထို့ကြောင့် မည်သူ့ကိုမျှ သင်ဒုက္ခမပေးသော၊ လူသားအားလုံးကို တတ်နိုင်သမျှ ကူညီပေးလိုသော ဘဝဖြင့် နေထိုင်ရန် အရေးကြီးပါသည်။ အခြားခံစားတတ်သော သတ္တဝါများအပေါ် ဤသို့သော မေတ္တာဓာတ်၊ ဤသို့သော ချစ်ခင်မှု ရှိလာပါက အပြန်အလှန်အားဖြင့် သင့်ကို လူတိုင်းက သဘောကျပြီး ချစ်ခင်လာပါမည်။ သေဆုံးချိန်တွင်လည်း စိုးရိမ်သောက၊ ကြောက်ရွံ့မှု၊ စိတ်အနှောင့်အယှက် ဖြစ်မှုတို့ ရှိတော့မည် မဟုတ်ပါ။

သို့သော် ကျွန်ုပ်တို့ ကြီးပြင်းလာသောအခါ တစ်ခါတစ်ရံ လူ့အသိဉာဏ်က ပိုအရေးပါလာပြီး တစ်ခါတစ်ရံ ထိုလူ့အသိဉာဏ်ကပင် မျှော်လင့်ချက် ကင်းမဲ့စေပါသည်။ ကျွန်ုပ်တို့သည် လူ့အသိဉာဏ်ဖြင့် အကြောင်းအရာသစ်များ လေ့လာသည်။ အသိပညာသစ်များ သင်ယူသည်။ ဤအသိပညာဖြင့် အထူးသဖြင့် သင်ကအရမ်းအောင်မြင်ပါက တစ်ခါတစ်ရံ ဤသို့ တွေးထင်မိကြသည်- ‘‘တခြားသူတွေကို အနိုင်ကျင့်လို့ရတယ်။ သူတို့ကို အမြတ်ထုတ်လို့ရတယ်။ ဘာကြောင့်လဲဆိုတော့ ဒီလိုအသိဉာဏ်ပညာ ကောင်းတွေ ငါ့မှာရှိနေလို့ပဲ။ ဒါကြောင့် ငါ့အတွက် အခြေခံ လူသား တန်ဖိုးတွေ အရေးမကြီးတော့ပါဘူး။’’ ဤသို့သော မျှော်လင့်ချက် ကင်းမဲ့သည့် ခံစားချက်မျိုး ရလာသည်။ ထိုနည်းဖြင့် ခြားနားသော စိတ်သဘောထားနှင့် အမြင်တို့ ရှိလာသည်။ သင်က အကျိုးအမြတ်တစ်ခုခု ရယူနိုင်စွမ်း ရှိသည့်အလား အခြားသူများကို အနိုင်ကျင့်အမြတ်ထုတ်ရန် မတွန့်ဆုတ်တော့ပေ။

သို့သော် လက်တွေ့တွင် ထိုသို့သောဘဝမျိုး သင်နေထိုင်ပြီး အခြားသူများ၏ ပျော်ရွှင်မှုကို ဂရုမစိုက်တော့ပါက လူတိုင်း သင့်ရန်သူဖြစ်ကုန်သည်ကို တဖြည်းဖြည်း တွေ့လာရပါမည်။ ဝဲ၊ ယာ၊ ရှေ့၊ နောက် သင်ဘယ်အရပ်ကို ကြည့်သည်ဖြစ်စေ သင့်ကိုနှစ်သက်သူ တစ်ယောက်မျှ မရှိတော့ကြောင်း တွေ့ရပါလိမ့်မည်။ ထို့ပြင် ထိုသို့သော အပျက်သဘော ဘဝဖြင့် နေထိုင်သည့်အတွက် သင်သေဆုံးချိန်တွင် လူတိုင်းက သင်ယခုကွယ်လွန်မည်ကို ပျော်ရွှင်နေနိုင်ပါသည်။ သင်ကိုယ်တိုင်လည်း နောက်ကြောင်းပြန်ကြည့်ပြီး သင်နေခဲ့သော ဘဝမျိုးကို ပြန်စဉ်းစားကာ စတင်နောင်တရနိုင် ပါသည်။  သင့်ဘဝနေထိုင်မှုကြောင့် မည်သူမျှ သင့်ကို အလေးမထားတော့သည့်အတွက် သင်အလွန် စိတ်ပျက်နိုင်ပါသည်။ ထို့ကြောင့် ထိုအခြေခံ လူ့တန်ဖိုးများကို သင်လျစ်လျူရှုပါက စစ်မှန်သော ပျော်ရွှင်မှု သို့မဟုတ် ရေရှည်ငြိမ်းချမ်းမှုကို မမျှော်လင့်ပါနှင့်တော့။ ထို့ပြင် သင်နောက်ဆုံး သေသွားသည့်တိုင် သင့်ကို မည်သူမျှ အလေးမထားပါ။ မည်သူမျှ မချစ်ခင်ပါ။ ဤလောကမှ လက်ဗလာဖြင့်၊ အနှစ်မဲ့သော ခံစားချက်ဖြင့်၊ စိတ်ပျက်ဖွယ်ရာ ခံစားချက်ဖြင့် ထွက်ခွာ သွားရပါမည်။ ထို့ကြောင့် အခြား ခံစားချက်ရှိသူတို့ကို အလေးမထားသည့် ထိုသို့သောဘဝသည် မိုက်မဲသည့် ဘဝနေထိုင်မှုပင် ဖြစ်ပါတော့သည်။

တစ်ဖက်တွင်လည်း ထိုအခြေခံ လူ့တန်ဖိုးများကို သင်မွေးမြူတန်ဖိုးထားနိုင်ပါက ကျွန်ုပ်တို့၏ လူသားအသိဉာဏ်ပညာ အထောက်အပံ့လည်း ရှိပါက ဤလူသားဆန်သော ကရုဏာကို အကန့်အသတ်မဲ့ သင်ရရှိလာပါလိမ့်မည်။ ထိုနည်းဖြင့် သင့်ဘဝကိုနေထိုင်ခြင်းသည် ဉာဏ်ရှိသူတို့၏ နေထိုင်နည်း ဖြစ်ပါသည်။ သင့်ဘဝကို အဓိပ္ပာယ် ရှိစေမည့် နေထိုင်နည်း ဖြစ်ပါသည်။

Top