မေတ္တာတရားကို ဖြန့်ကြက်ခြင်း

ကျွန်ုပ်တို့သည် အားလုံးနှင့် အပြန်အလှန်ဆက်စပ်ပြီး အပြန်အလှန် မှီခိုမှုရှိကြောင်း သဘောပေါက်သောအခါ မိမိကိုယ်ကို လူသားထု၏ အစိတ်အပိုင်းဟု သိလာပြီး အားလုံးနှင့်ဆိုင်သော မေတ္တာတရားဖြင့် အားလုံးကို ပျော်ရွှင်စေလိုစိတ် ဖြစ်လာပါသည်။
Meditations broadening love 1

ရှင်းလင်းချက်

ဗုဒ္ဓဘာသာတွင် မေတ္တာဆိုသည်မှာ အခြားသူကို ပျော်ရွှင်စေလိုပြီး ပျော်ရွှင်မှု၏ အကြောင်းတရားများ ရရှိစေလိုသောဆန္ဒ ဖြစ်သည်။ ဖြစ်နိုင်လျှင် ထိုသို့သော ပျော်ရွှင်မှု ပေါ်ပေါက်အောင် ကူညီလိုစိတ် ထားရှိခြင်းဖြစ်ကာ အခြားတစ်ယောက်က ကူညီမည်ဆိုပြီး ထိုင်စောင့်နေခြင်းမျိုး မဟုတ်ပါ။ ဤသည်မှာ အားလုံးနှင့် သက်ဆိုင်ပြီး မိမိနှစ်သက်သူ သို့မဟုတ် နီးစပ်သူများသာမက မရင်းနှီးသောသူများနှင့် မနှစ်သက်သူများကိုပင်လျှင် ဖြန့်ကြက်ထားပါသည်။ ဤသို့ အားလုံးနှင့်ဆိုင်သော မေတ္တာသည် ဘက်မလိုက်ပါ။ တွယ်တာမှု၊ မုန်းတီးမှုနှင့် အလေးမထားမှုတို့ မရှိပါ။ အကြောင်းမှာ အားလုံးသည် ပျော်ရွှင်လိုပြီး မပျော်ရွှင်မှုကို မရရှိလိုသည့်အချက်တွင် တူညီကြောင်း သဘောပေါက်မှုပေါ်တွင် အခြေခံသည့်အတွက် ဖြစ်ပါသည်။ သူတို့သည် သူတို့အတွက် စိတ်ဆင်းရဲစေမည့် အပျက်သဘောနည်းလမ်းများဖြင့် ပြုမူတွေးတောနိုင်ပါသည်။ သို့သော် ယင်းမှာ သူတို့၏ ရှုပ်ထွေးနေမှုကြောင့်ဖြစ်ပြီး ဘယ်အရာက ပျော်ရွှင်မှုရရှိစေမည်ကို မသိရှိသောကြောင့် ဖြစ်ပါသည်။

ထို့ကြောင့် အခြားသူများသည် မိမိလိုပင် ပျော်ရွှင်လိုသူများဖြစ်ကြောင်း တွေးတောလိုက်သည့်အပေါ်တွင် ကျွန်ုပ်တို့၏ မေတ္တာကို အခြေခံပါသည်။ ယေဘုယျအားဖြင့် သူတို့ဆောင်ရွက်သောအရာပေါ်တွင်လည်းကောင်း၊ သူတို့သည် မိမိအပေါ် သဘောကောင်းခြင်း၊ ပြန်လည်မေတ္တာထားခြင်း ရှိ၊ မရှိအပေါ်တွင်လည်းကောင်း ကျွန်ုပ်တို့၏မေတ္တာကို အခြေမခံပါ။ ကျွန်ုပ်တို့ထံ၌ မျှော်လင့်ချက်များ၊ ဘက်လိုက်မှုများ မရှိသည့်အတွက် ကျွန်ုပ်တို့၏ အကြွင်းမဲ့မေတ္တာသည် တည်ငြိမ်သော စိတ်အခြေအနေတစ်ရပ် ဖြစ်ပါသည်။ ၎င်းသည် တွယ်တာမှုတွင် အခြေခံသည့် ကျိုးကြောင်း မဆီလျော်သော အတွေး သို့မဟုတ် အပြုအမူတစ်ခုခုကြောင့် စိတ်ကို ထွေပြားစေခြင်းလည်း မရှိပါ။

ကျွန်ုပ်တို့မေတ္တာ၏ စိတ်ခံစားချက်ပုံစံသည် အားလုံးနှင့် ဆက်စပ်နေသည့် ခံစားချက်၊ ကျေးဇူးသိတတ်သည့် ခံစားချက် ဖြစ်ပါသည်။ ကျွန်ုပ်တို့ စားသုံးသမျှ သို့မဟုတ် အသုံးပြုသမျှ အရာရာတိုင်းသည် အခြားသူများ၏အားထုတ်မှုမှ ပေါ်ထွက်လာသည်ကို သဘောပေါက်ခြင်းဖြင့် ထိုသို့ ဆက်စပ်မှုနှင့် ကျေးဇူးတင်မှုတို့ ရှိလာပါသည်။ အခြားသူများ၏ ကြိုးပမ်းအားထုတ်မှုသာမရှိပါက ကျွန်ုပ်တို့ အသုံးပြုသော ကုန်ပစ္စည်းများ၊ ယင်းတို့ကိုထုတ်လုပ်ရန် ကုန်ကြမ်းများ၊ ကျွန်ုပ်တို့ စားသုံးသော အစားအသောက်များ၊ ဝတ်ဆင်သော အဝတ်အထည်များ၊ နေအိမ်သုံးရေနှင့်မီး၊ အင်တာနက်ပေါ်မှ အချက်အလက်များ စသည်တို့ကို မည်သို့လျှင် ရရှိပါမည်နည်း။ ကျွန်ုပ်တို့ဝယ်ယူသည့် ကုန်ပစ္စည်းများကို အခြားသူများက ထုတ်လုပ်အောင် နှိုးဆွပေးသည့် ဈေးကွက်ကို ဖန်တီးပေးခြင်းဖြင့်လည်း လူတို့သည် ကျွန်ုပ်တို့အား များစွာအကူအညီပေးပါသည်။ 

ဤကဲ့သို့ ဆက်စပ်မှုနှင့် ကျေးဇူးတင်မှုကို ပိုမိုခံစားရလေ၊ ပိုမိုလုံခြုံပြီး ပျော်ရွှင်လေ ဖြစ်ပါသည်။ ယင်းမှာ မိခင်နှင့် ရင်သွေးအကြား သံယောဇဉ်တွယ်မှုတွင် ပါဝင်ဆောင်ရွက်သည့် အောက်ဆီတိုစင်ဟော်မုန်းနှင့် ဆက်စပ်ပါသည်။ ဤသို့ နွေးထွေးပျော်ရွှင်သော ခံစားချက် ပေါ်ထွက်လာသည်နှင့် ယင်းကို တရားရှုမှတ်မှုထဲသို့ ဖြန့်ကြက်ပါသည်။ ပထမဦးစွာ မိမိကိုယ်ကို မေတ္တာထားပါသည်။ မိမိကိုယ်တိုင် ပျော်ရွှင်လိုစိတ် မရှိပါက အခြားသူတိုင်းကိုလည်း မည်သို့လျှင် ပျော်ရွှင်စေလိုစိတ် ထားရှိနိုင်ပါမည်နည်း။ ထို့နောက် အားလုံးကို လွှမ်းခြုံမိသည်အထိ ပို၍ကျယ်ပြန့်စွာ ဖြန့်ကြက်လိုက်ပါသည်။

အဆင့်တိုင်းတွင် ကျွန်ုပ်တို့၏မေတ္တာသည် အောက်ပါ တွေးတောမှုသုံးရပ် ပါဝင်ပါသည်-

  • အခြားသူများ ပျော်ရွှင်ပြီး ပျော်ရွှင်မှုအကြောင်းရင်းများ ရရှိပါက ဝမ်းသာစရာကောင်းလှပေသည်။
  • သူတို့သည် ပျော်ရွှင်ကြပါစေ။ ဆိုလိုသည်မှာ “သူတို့ပျော်ရွှင်စေရန် အကျွန်ုပ်အမှန်တကယ် ဆန္ဒပြုပါသည်။”
  • “သူတို့ကို ပျော်ရွှင်မှုရရှိအောင် ကျွန်ုပ်ဆောင်ကြဉ်းပေးနိုင်ရပါလို၏။”

အခြားသူများကို ပျော်ရွှင်မှုအကြောင်းရင်းများ ဆောင်ကြဉ်းပေးရန် တွေးသောအခါ သူတို့၏မပျော်ရွှင်မှု အကြောင်းရင်းများကို ဦးစွာသိရှိရန်လိုပါသည်။ သူတို့ဆာလောင်နေပါက အစားအသောက် လုံလောက်ပါစေဟု ဆန္ဒပြုခြင်းမျိုး မဟုတ်ပါ။ သူတို့စားသောက်ပြီးနောက် ပျော်ရွှင်နေလျှင်ပင် ကျန်းမာရေးနှင့်မညီညွတ်သည့် အစားအသောက်များ အလွန်အကျွံစားသုံးပြီး အဝလွန်လာနိုင်သည်ကို ကျွန်ုပ်တို့ သဘောပေါက်ရပါမည်။ ထို့ကြောင့် သူတို့၏ စားသောက်မှုပုံစံနှင့် ပတ်သက်၍ သူတို့မှာ စိတ်ခံစားချက်ညီမျှမှု၊ ရောင့်ရဲမှုနှင့် မိမိကိုယ်ကိုထိန်းချုပ်မှုတို့ ရရှိစေလိုပါသည်။ ငွေကြေး၊ ရုပ်ဝတ္ထုပစ္စည်းစသည်တို့နှင့် ပတ်သက်လျှင်လည်း ထိုအတိုင်းဖြစ်သည်။ ရုပ်ဝတ္ထုလိုအပ်ချက် ရေတိုပြည့်စုံခြင်းထက် ရေရှည်ထိန်းသိမ်းနိုင်သည့် ပျော်ရွှင်မှုအနေနှင့် ကျွန်ုပ်တို့တွေးတောရပါသည်။

တရားရှုမှတ်ခြင်း

  • ဝင်လေထွက်လေကို အာရုံစိုက်ကာ တည်ငြိမ်အောင်ထားပါ။
  • သင်စားသုံးသောအရာများနှင့် အသုံးပြုသောအရာအားလုံးသည် အခြားသူများအပေါ် တည်မှီနေကြောင်း တွေးတောပါ။
  • အခြားသူအားလုံးနှင့် ဆက်စပ်မှုခံစားချက်နှင့် နက်နဲသောကျေးဇူးတင်ရှိသည့်စိတ်ကို အာရုံစိုက်ပါ။
  • ထိုအခါ သင့်မှာပိုမိုနွေးထွေးပြီး၊ ပိုမိုလုံခြုံကာ ပိုမိုပျော်ရွှင်မှု ခံစားရပုံကို သတိပြုပါ။
  • သင့်ကိုယ်သင် အာရုံစိုက်ကာ တစ်ခါတစ်ရံ သင်မပျော်ရွှင်ပုံကို သတိပြုပါ။
  • ဤသို့တွေးတောပါ- ကျွန်ုပ်သည်ပျော်ရွှင်ပြီး ပျော်ရွှင်မှု အကြောင်းရင်းများရရှိပါက အလွန်ကောင်းမွန်ပါသည်။ ကျွန်ုပ်သည် ပျော်ရွှင်ရပါလို၏။ ကျွန်ုပ်ပိုမိုပျော်ရွှင်စေမည့် ရေတိုအပေါ်ယံမဟုတ်ဘဲ ရေရှည်ပျော်ရွှင်မှု အကြောင်းရင်းများကို ရရှိရပါလို၏။ သင့်ကိုပိုမိုပျော်ရွှင်စေမည့် သီးသန့်အရာများကိုလည်း တွေးနိုင်ပါသည်။ စိတ်ခံစားချက်ညီမျှခြင်း၊ တည်ငြိမ်ခြင်း၊ စိတ်ငြိမ်းချမ်းကြည်လင်ခြင်း၊ နားလည်မှုပိုရှိခြင်း၊ အခြားသူများနှင့် ပိုမိုကောင်းမွန်စွာ ဆက်စပ်နိုင်ခြင်း စသည်တို့ ဖြစ်ပါသည်။
  • [အပိုလုပ်ဆောင်ရန်- သင့်ထံ၌ နွေးထွေးသော အဝါရောင် အလင်းတန်းများ လွှမ်းခြုံနေသည်ဟု တွေးကြည့်ပါ။ ဤသည်မှာ နွေးထွေးသော ပျော်ရွှင်မှုကို ကိုယ်စားပြုပါသည်။]
  • ထို့နောက် သင်နှစ်သက်သော တစ်ယောက်ယောက်ကို ထိုအတိုင်း ဆောင်ရွက်ကာ သင်နှစ်သက်သူ အနည်းငယ်ဆီသို့ ဖြန့်ကြက်ပါ။
  • [အပိုဆောင်ရွက်ရန်- နွေးထွေးသော အဝါရောင် အလင်းတန်းသည် သင့်ထံမှဖြာထွက်ကာ ထိုသူထံ၌ လွှမ်းခြုံနေသည်ဟု တွေးကြည့်ပါ။]
  • ထို့နောက် ဘဝမှာ သင်နှင့်သိပ်ဆက်စပ်မှု မရှိသူများဖြစ်သည့် စတိုးဆိုင် ငွေရှင်းကောင်တာမှ စာရေး သို့မဟုတ် ဘတ်စ်ကားမောင်းသူ စသူတို့နှင့် တွေးကြည့်ပါ။
  • ထို့နောက် သင်မနှစ်သက်သူများကို တွေးကြည့်ပါ။
  • ထို့နောက် အုပ်စုသုံးခုစလုံးကို အတူတကွ တွေးကြည့်ပါ။
  • ထို့နောက် ထိုမေတ္တာဓာတ်ကို သင်၏မြို့၊ နိုင်ငံ၊ တစ်ကမ္ဘာလုံးမှ အားလုံးထံသို့ ဖြန့်ကြက်လိုက်ပါ။

အကျဉ်းချုပ်

ဘက်မလိုက်သော၊ အားလုံးနှင့်ဆိုင်သည့် မေတ္တာတရားဆိုသည်မှာ အားလုံးနှင့် ဆက်စပ်သော ခံစားချက်၊ ထိုသူတို့က သင့်ဘဝသာယာရေးအတွက် တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်၍ဖြစ်စေ ဖြည့်ဆည်းပေးသည်ကို ကျေးဇူးတင်ရှိမှုတို့ ပေါင်းစပ်ထားသည့် စိတ်ခံစားချက်ဖြစ်ပါသည်။ ယင်းမှာ တည်ငြိမ်နွေးထွေးသော စိတ်ခံစားချက် အခြေအနေဖြစ်ပြီး တွယ်တာမှု၊ မုန်းတီးမှု၊ အလေးမထားမှုတို့ မပါရှိသလို မျက်နှာသာပေးမှု၊ စိမ်းကားမှုတို့လည်း မပါဝင်ပါ။ ၎င်းသည် ခြွင်းချက်မရှိသလို အားလုံးအပေါ် ထိုသူတို့မည်သို့ပြုမူသည်ဖြစ်စေ ဖြန့်ကြက်ထားပါသည်။ အကြောင်းမှာ အားလုံးသည် ပျော်ရွှင်လိုကြပြီး မပျော်ရွှင်မှု မရရှိလိုသည့်အချက်တွင် တူညီသည်ကို နားလည်မှုအပေါ်တွင် အခြေခံသောကြောင့် ဖြစ်ပါသည်။ ထို့ပြင် တစ်ခုခုပြန်ရမည်ဟုလည်း မျှော်လင့်ထားခြင်း မရှိပါ။ ထို့ပြင် တက်ကြွမှုမရှိသည့် ခံစားချက်မျိုးလည်း မဟုတ်ပါ။ အခြားသူများအား ရေတိုပျော်ရွှင်မှုသာမက အနှောင့်အယှက်ပေးသော စိတ်ခံစားချက်များနှင့် ရှုပ်ထွေးသောအတွေးများ ကင်းဝေးစေမည့် ရေရှည် ထိန်းသိမ်းနိုင်သော ပျော်ရွှင်မှု ရရှိစေရန် သင်တတ်နိုင်သလောက် ဆောင်ရွက်ပေးလိုသည့် ခံစားချက်ဖြစ်ပါသည်။

Top