ဘဝကို တန်ဖိုးထားခြင်း

မိမိဘဝအရည်အသွေး တိုးတက်ကောင်းမွန်အောင် မိမိကိုယ်တိုင် ကြိုးစားရန်အတွက် လွတ်လပ်မှုနှင့် အခွင့်အလမ်းများရှိသည်ကို တန်ဖိုးထားတတ်စေရန် သင်ယူပါ။
Meditations appreciating life

ရှင်းလင်းချက်

သေးငယ်သော ပြဿနာအချို့ကြောင့် ကျွန်ုပ်တို့သည် မိမိကိုယ်ကို မကြာခဏ ဝမ်းနည်းမိတတ်ကြသည်။ ဥပမာ၊ စားသောက်ဆိုင်တွင် မိမိမှာစားချင်သောအရာ မရှိတော့ခြင်း၊ ရထား သို့မဟုတ် လေယာဉ်လက်မှတ်ကို နှစ်သက်ရာအချိန်အတွက် ကြိုမှာ၍မရတော့ခြင်း၊ အအေးမိဖျားနာခြင်း သို့မဟုတ် နှစ်သက်ရာအချိန်တွင် ရေသွားမကူးနိုင်ခြင်း စသည်တို့ဖြစ်သည်။ သို့သော် မိမိဘဝကို ဓမ္မဓိဋ္ဌာန်ကျစွာ ကြည့်လိုက်လျှင် ကျွန်ုပ်တို့ မယုံနိုင်လောက်အောင် ကံကောင်းသည်ကို သဘောပေါက်လာပါမည်။ အပြုသဘော သို့မဟုတ် တန်ဖိုးရှိသောအရာ တစ်ခုခု ကျွန်ုပ်တို့ဆောင်ရွက်နိုင်စွမ်းကို အမှန်ပင်တားဆီးမည့် ပိုဆိုးသော အခြေအနေများ မကြုံရပါ။ ထို့ပြင် ဘဝတွင် မိမိအခြေအနေ တိုးတက်ကောင်းမွန်စေမည့် ဗုဒ္ဓဘာသာကဲ့သို့ ဘာသာရေး တရားတော်များအကြောင်း လေ့လာနိုင်သည့် အခွင့်အလမ်း များစွာလည်း ရရှိထားပါသည်။

၂၀၁၅ ခုနှစ်တွင် ငလျင်ဒဏ်ခံခဲ့ရသော နီပေါနိုင်ငံကဲ့သို့ သဘာဝဘေးအန္တရာယ် ကျရောက်နေသည့် ဒေသ သို့မဟုတ် ငတ်မွတ်ခေါင်းပါးသော ဒေသ၊ စစ်မက်ဇုန် သို့မဟုတ် ဘာသာရေး ကျင့်ကြံမှုကို တရားမဝင် သတ်မှတ်ပိတ်ပင်ထားသော ဒေသ၊ အကြမ်းဖက် ရာဇဝတ်သားများနှင့်အတူ အကျဉ်းကျခံရခြင်း သို့မဟုတ် စစ်မက်ဇုန်တွင် တိုက်ခိုက်နေရခြင်း စသည်တို့ကို ကျွန်ုပ်တို့ ကြုံနေရပါက ဗုဒ္ဓဘာသာ တရားတော်များနှင့် နည်းစနစ်များကို မည်သို့လျှင် လေ့လာ ကျင့်သုံးနိုင်ပါတော့မည်နည်း။ သို့တည်းမဟုတ် ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ သို့မဟုတ် စိတ်ခံစားချက်ဆိုင်ရာ ပြင်းထန်သော ချို့တဲ့မှုများ ရှိနေပါက မည်သို့ပြုမည်နည်း။ ထိုသို့လေ့လာကျင့်သုံးရန် ဖြစ်ချင်ဖြစ်နိုင်သော်လည်း အလွန်ခက်ခဲပေလိမ့်မည်။ သို့မဟုတ် အလွန်ကြွယ်ဝချမ်းသာနေပါကလည်း အလုပ်လုပ်စရာမလိုသည့်အပြင် ဘဝတွင် အပျော်အပါး၊ ပွဲလမ်းသဘင်များဖြင့် အချိန်ကုန်ဆုံးနေပါက ဘာသာရေးကိစ္စများကို စိတ်ဝင်စားတော့မည် မဟုတ်ပါ။ သို့မဟုတ် ဘာသာရေး ကျင့်ကြံမှုအပေါ် စိတ်တံခါး ပိတ်ထားပြီး လုံးဝဆန့်ကျင်နေမိပါကလည်း မည်သို့ရှိမည်နည်း။

ထို့အတူ လက်ရှိတွင် ကျွန်ုပ်တို့မှာ အခွင့်အလမ်းများစွာ ရှိနေပါသည်။ တရားဓမ္မများကို ဘာသာပြန်ဆိုထားမှုများ ရှိသည်။ ကျမ်းစာအုပ်များထဲတွင်လည်းကောင်း၊ အင်တာနက်တွင်လည်းကောင်း ရှိနေပါသည်။ ကျမ်းပြုသူများက သူတို့ထုတ်ဝေထားသည်များကို ထိုသို့ခွင့်ပြုထားပါသည်။ ဆရာသမားများလည်း ရှိသည်။ သင်ယူလေ့လာနိုင်သော စင်တာများလည်း ရှိသည်။ ယင်းတို့ကို ထောက်ပံ့သူများလည်း ရှိသည်။ ကျွန်ုပ်တို့ထံတွင်လည်း သင်ယူလေ့လာရန် အသိဉာဏ်နှင့် စိတ်ပါဝင်စားမှုတို့ ရှိနေပါသည်။

ထိုသို့ အခြေအနေဆိုးများနှင့် ကျွန်ုပ်တို့မကြုံတွေ့ရခြင်းနှင့် ထိုသို့သော အခွင့်အလမ်းများ ဘဝမှာပြည့်နေခြင်းကြောင့် ကျွန်ုပ်တို့ရှင်သန်မှုမှာ ထူးခြားလှပါသည်။ တန်ဖိုးရှိသော မိမိတို့ဘဝကို စိတ်ကျေနပ်ပျော်ရွှင်ရန်နှင့် အပြည့်အဝ အသုံးချရန် လိုအပ်ပါသည်။

တရားရှုမှတ်ခြင်း

  • ဝင်လေထွက်လေကို အာရုံစိုက်ကာ တည်ငြိမ်အောင်ထားပါ။
  • သင်သည် နီပေါနိုင်ငံတွင် ငလျင်လှုပ်ချိန်က တောင်ပေါ်တက်နေသည်ဟု စိတ်ကူးကြည့်ပါ။ လွတ်လမ်းမရှိ၊ ပိတ်မိနေပြီး အစာရေစာလည်း ပြတ်လပ်နေသည်ဟု တွေးကြည့်ပါ။
  • ထို့နောက် သင့်ကိုလေကြောင်းမှ လာကယ်ဆယ်ပြီး အိမ်ပြန်ရောက်ပြီဟု တွေးကြည့်ပါ။ 
  • ထိုသို့မနှစ်မြို့ဖွယ် အခြေအနေမှ လွတ်မြောက်ရသည့် ခံစားချက် မည်မျှကောင်းမွန်သည်ကို ခံစားကြည့်ပါ။
  • ထိုသို့သော လွတ်လပ်မှုကို ကျေနပ်နှစ်သက်ပါ။
  • ဆီးရီးယားနိုင်ငံတွင် ရောက်နေသည်ဟု တွေးကြည့်ကာ အိုင်အက်စ်တို့က သင်ရောက်နေသည့်မြို့ကို သိမ်းပိုက်ထားသည့်အတွက် သင့်မှာ လွတ်လမ်းမရှိတော့သည်ကိုတွေးကြည့်ပါ။
  • ထို့နောက် ထိုအခြေအနေမှ လွတ်မြောက်သည်ဟု တွေးပါ။
  • ကျေနပ်နှစ်သက်ပါ။
  • အကျဉ်းထောင်ထဲတွင် ကြမ်းတမ်းသော ထောင်ဂိုဏ်းသားများနှင့်အတူ ပိတ်မိခံရပြီး ထိုသူတို့က သင့်အားနေ့နေ့ညည အကြမ်းဖက်ခြိမ်းခြောက်သည်ဟု တွေးကြည့်ပါ။
  • ထို့နောက် ထောင်မှလွတ်မြောက်သည်ကို တွေးလိုက်ပါ။
  • ကျေနပ်နှစ်သက်ပါ။
  • ဆူဒန်နိုင်ငံ၌ အစားအစာရှားပါးပြီး မိုးခေါင်ရေရှားမှုကြောင့် ငတ်မွတ်နေသည်ဟု တွေးကြည့်ပါ။
  • ထို့နောက် အစားအသောက်များ ရောက်လာပြီး စားသောက်စရာ အစာနှင့်ရေ အလုံအလောက် ရရှိသည်ဟု တွေးပါ။  
  • ကျေနပ်နှစ်သက်ပါ။
  • အယ်လ်ဇိုင်းမားရောဂါ ဖြစ်နေသည်ဟု တွေးကာ လူနှင့် အရာဝတ္ထုများကို မမှတ်မိတော့ဘဲ အဆက်အစပ်ရှိသော စကားလုံး သုံးလုံးမျှပင် မပြောနိုင်တော့သည်ကို တွေးကြည့်ပါ။
  • ထို့နောက် ရောဂါပျောက်ပြီဟု တွေးပါ။
  • ကျေနပ်နှစ်သက်ပါ။
  • ထို့နောက် အဆိုပါ နီပေါနိုင်ငံ ငလျင်တွင် ပိတ်မိခြင်း၊ ဆီးရီးယား၌ အိုင်အက်စ်လက်အောက်သို့ ရောက်ရှိခြင်း၊ ကြမ်းတမ်းသော ဂိုဏ်းအဖွဲ့ဝင်များနှင့်အတူ အကျဉ်းကျခြင်း၊ ဆူဒန်၌ ငတ်မွတ်ခေါင်းပါးမှု ကြုံရခြင်း၊ အယ်လ်ဇိုင်းမားရောဂါ ခံစားရခြင်း စသည့် ဝန်ထုပ်ဝန်ပိုးများမှ ကင်းလွတ်သည်ကို တစ်ဆင့်ပြီးတစ်ဆင့် ခံစားလိုက်ပါ။  
  • သင်ရရှိလာသည့် အံ့ဖွယ်လွတ်လပ်မှုကို ခံစားကြည့်ပါ။
  • ထို့နောက် တရားတော်များ၏ ဘာသာပြန်ဆိုမှုများ ရှိနေခြင်း၊ ကျမ်းစာအုပ်များနှင့် အင်တာနက်ပေါ်တွင် ရနိုင်ခြင်း၊ ကျမ်းပြုသူများကို သူတို့ကျမ်းများကို ဖတ်ခွင့် ပေးထားခြင်း၊ ဆရာသမားများ ရှိခြင်း၊ သင်ယူလေ့လာရန် စင်တာများနှင့် ယင်းတို့ကို ပံ့ပိုးသူများ ရှိနေခြင်း၊ ထိုသို့လေ့လာသင်ယူရန် ကျွန်ုပ်တို့ထံ၌ အသိဉာဏ်နှင့် စိတ်ဝင်စားမှုတို့ရှိခြင်း စသည့် အံ့ဖွယ် အခွင့်အရေးများအားလုံး သင့်မှာရှိထားသည်ကို ဆက်တွေးကြည့်ပါ။ 
  • နောက်ဆုံးတွင် သင့်မှာရှိနေသည့် လွတ်လပ်မှုနှင့် အကျိုးပြုအချက်အားလုံး ရှိနေပုံ၊ ယင်းတို့သည် ရာဇဝင်ထဲမှ လူအများစု၊ အချိန်အများစုနှင့် နှိုင်းယှဉ်ပါက ထူးခြားပုံတို့ကို သင့်ကိုယ်သင် ပြန်လည်ဆင်ခြင်ပါ။ 
  • သင့်မှာရှိသည့် ယခုလိုထူးခြားသောဘဝကို မဖြုန်းတီးဘဲ ရယူအသုံးချရန်အတွက် ကျေနပ်နှစ်သက်ပြီး စိတ်ပိုင်းဖြတ်လိုက်ပါ။ 

အကျဉ်းချုပ်

ကျွန်ုပ်တို့၏ လက်ရှိအခြေအနေများ၊ အနည်းဆုံးတော့ လက်ရှိတွင် ကံကောင်းနေမှုများ၊ စိတ်ခံစားချက်နှင့် ဘာသာရေးဆိုင်ရာ တိုးတက်မှုအတွက် အချိန်မပေးနိုင်လောက်သည့် အဆိုးရွားဆုံးဘဝအခြေအနေများမှ လွတ်ကင်းနေသည်ကို တွေးကြည့်သောအခါ မိမိမှာရှိသည့်အရာကို လေးနက်စွာ တန်ဖိုးထားမိလာပါသည်။ ဘဝတွင် မည်သူမျှ ပြီးပြည့်စုံခြင်းမရှိသလို မည်သည့်အခြေအနေမျှလည်း ပြီးပြည့်စုံခြင်း မရှိပါ။ သို့သော် မည်သို့ဖြစ်စေကာမူ ဆိုးရွားနိုင်သည့် အခြေအနေများနှင့် နှိုင်းယှဉ်ပါက ကျွန်ုပ်တို့အလွန်ပင် ကံကောင်းပါသည်။ ဤသို့ တန်ဖိုးထားလိုက်ခြင်းဖြင့် မိမိဘဝ ပိုမိုကောင်းမွန်ရေးအတွက် ရှိနေသည့် အခွင့်အလမ်းများကို အသုံးချရန် အဆင့်ဆင့်ကြိုးပမ်းဆောင်ရွက်ဖို့ လိုအပ်သော မိမိကိုယ်ကို ယုံကြည်မှု ရရှိလာပါတော့သည်။

Top