သေခြင်းတရားကို လက်တွေ့ကျကျရှုမြင်ခြင်း

ဘဝသည်တိုတောင်းပြီး အချိန်မရွေး အဆုံးသတ်နိုင်သည်ကို လက်ခံလိုက်သောအခါ အခွင့်အရေးရှိချိန်တွင် အဓိပ္ပာယ်ရှိတာတစ်ခုခု ဆောင်ရွက်နိုင်သည့် တန်ဖိုးရှိသော အခွင့်အလမ်းများ မဖြုန်းတီးမိတော့ပါ။
Meditation being realistic about death 1

ရှင်းလင်းချက်

သေခြင်းတရားဆိုသည်မှာ လူအတော်များများက မစဉ်းစားလိုသော အကြောင်းရပ်ဖြစ်သည်။ သို့သော် သေခြင်းဆိုသည်မှာ ဘဝ၏အမှန်တရားဖြစ်သလို လူတိုင်းရင်ဆိုင်ရမည့်ကိစ္စလည်း ဖြစ်သည်။ ရှောင်လွှဲမရသော အရာအတွက် မိမိကိုယ်တိုင် မပြင်ဆင်ထားပါက ကြီးစွာသော ကြောက်ရွံ့နောင်တရမှုများဖြင့် သေဆုံးရနိုင်ဖွယ် ရှိပါသည်။ ထို့ကြောင့် သေခြင်းတရားကို ရှုမှတ်ခြင်းသည် အလွန်ပင် အကျိုးပြုပြီး အရေးလည်းကြီးပါသည်။ 

သေခြင်းတရားနှင့် ပတ်သက်၍ တရားရှုမှတ်နည်းများစွာ ရှိပါသည်။ သေနိုင်လောက်သည့် ကုသမရသော ရောဂါရှိနေပြီဟု ကြားလိုက်ရလျှင် မည်သို့ဖြေရှင်းမလဲဟု တွေးကြည့်ခြင်းမျိုး ဖြစ်သည်။ အောက်ပါ တရားရှုမှတ်ခြင်းမှာ ထိုသို့ လုပ်ဆောင်ခွင့်များ ရှိနေချိန်လက်ရှိကာလတွင် ကျွန်ုပ်တို့၏ သဘောထားနှင့် အပြုအမူများကို ပြုပြင်အားထုတ်ရန် နှိုးဆွနိုင်သည့် စံပြနည်းလမ်းတစ်ရပ် ဖြစ်ပါသည်။ ဤရှုမှတ်နည်းတွင် ဝင်လေထွက်လေကို အာရုံပြုကာ တည်ငြိမ်စေပြီးသည့်နောက် အောက်ပါအချက်များကို တွေးတောရပါသည်-

တရားရှုမှတ်ခြင်း

အောက်ပါအကြောင်းရင်းများကြောင့် သေခြင်းကိုရှောင်လွှဲမရပါ-

  • သေခြင်းတရားနှင့် ရင်ဆိုင်ရမည်မှာ ကျိန်းသေဖြစ်သည်။ ထိုသို့မဖြစ်အောင် မည်သည့်အခြေအနေကမျှ တားဆီးပေးနိုင်မည် မဟုတ်ပါ။ မွေးလာပြီးနောက် မသေဆုံးသူ တစ်ဦးတစ်ယောက်မျှ ရာဇဝင်ထဲတွင် မရှိပါ။ ထို့ကြောင့် ကျွန်ုပ်တို့သည်လည်း မုချသေကြရမည်သာတည်း။
  • သေရမည့်အချိန်ကျပြီဆိုလျှင် ကျွန်ုပ်တို့သက်တမ်းကို တိုး၍မရနိုင်သလို လက်ကျန်ဘဝသက်တမ်းသည်လည်း မရပ်မနား လျော့နည်းလျှက် ရှိပါသည်။ ဘဝ၏ အခိုက်အတန့်တိုင်းတွင် ကျွန်ုပ်တို့သည် အိုမင်းနေပြီး သေခြင်းနှင့် ပိုမိုနီးကပ်လာပါသည်။ ပိုမိုနုပျိုကာ သေခြင်းနှင့် ပိုဝေးလာခြင်း မဟုတ်ပါ။ ဥပမာပြရလျှင် မရပ်မနား ရွေ့လျားနေသည့် ရွေ့လျားခါးပတ်ကြိုးပေါ်တွင် သေခြင်းဆီသို့ ဦးတည်နေသလို ဖြစ်ပါသည်။
  • ငြိမ်းချမ်းသောစိတ်၊ နောင်တကင်းသောစိတ်ဖြင့် သေခွင့်ရစေမည့် နည်းလမ်းများ ဆောင်ရွက်ရန် ရှင်သန်နေစဉ်တွင် မဆောင်ရွက်ခဲ့လျှင်လည်း သေဆုံးရမည်သာဖြစ်သည်။ ရုတ်တရက် နှလုံးအမောဖောက်ခြင်း သို့မဟုတ် ယာဉ်တိုက်မှုဖြစ်ခြင်း စသည်တို့ကြောင့် လုံးဝမမျှောင်လင့်ချိန်မှာလည်း သေဆုံးမှုနှင့် ရင်ဆိုင်ရနိုင်ပါသည်။

အောက်ပါအကြောင်းရင်းများကြောင့် သေရမည့်အချိန်ကို မသိရှိနိုင်ပါ- 

  • ယေဘုယျအားဖြင့် ကျွန်ုပ်တို့၏ဘဝသက်တမ်းကို သေချာမသိနိုင်ပါ။ အိုမင်းမစွမ်းဖြစ်မှ သေရသည်လည်း မဟုတ်ပါ။
  • သေဆုံးရန်အခွင့်အလမ်းက ပိုများပြီး ရှင်သန်ရန်အခွင့်အလမ်းက ပိုနည်းပါသည်။ ကမ္ဘာကြီး ပူနွေးလာသည့်အတွက် သဘာဝ ဘေးအန္တရာယ်နှင့် ကပ်ရောဂါများ ပိုမိုဖြစ်ပွားလာသည်။ အမြဲတမ်း ကုန်ခမ်းနေသည့် သဘာဝရင်းမြစ်များနှင် စီးပွားရေး မညီမျှမှုများကြောင့် အကြမ်းဖက်မှုများ ပိုမို ကြုံတွေ့လာရသည်။ မျှော်လင့်ချက်ကင်းမဲ့မှုများ ပိုမိုခံစားရသည့်အတွက် မူးယစ်ဆေး အလွဲသုံးမှုစသည့် ပြဿနာများ ပိုဖြစ်လာပါသည်။
  • ကျွန်ုပ်တို့၏ ခန္ဓာကိုယ်သည် အလွန်ပင်နုနယ်ပြီး အနည်းငယ်မျှ ဖျားနာခြင်း သို့မဟုတ် မတော်တဆမှု ဖြစ်ခြင်းကြောင့်လည်း သေဆုံးရနိုင်ပါသည်။

ကျွန်ုပ်တို့၏ သဘောထားနှင့် အပြုအမူများ တိုးတက်စေရန် ကြိုးစားပြုပြင်သည့် ကာကွယ်ရေးနည်းလမ်းများမှအပ အခြား မည်သည့်အရာမျှ ကျွန်ုပ်တို့ကို ငြိမ်းငြိမ်းချမ်းချမ်းနှင့် နောင်တကင်းဝေးစွာ သေဆုံးနိုင်အောင် မကူညီနိုင်ပါ။ ယခုပင် သေရမည်ဆိုပါက-

  • ကျွန်ုပ်တို့၏ ဥစ္စာဓနသည် ဘာမှအထောက်အကူ မဖြစ်တော့ပါ။ ငွေကြေးအားလုံး ကွန်ပျူတာဖန်သားပြင်ပေါ်မှ ကိန်းဂဏန်းသာ ဖြစ်ပါတော့သည်။ 
  • ဆွေမျိုးမိတ်သင်္ဂဟများသည် ဘာမှအထောက်အကူ မဖြစ်တော့ပါ။ သူတို့ကို ခွဲခွာရမည်ဖြစ်ပြီး မိမိအနီးတွင် ထိုသူတို့ငိုကြွေးနေလျှင်လည်း မိမိမှာ ပို၍သာဝမ်းနည်းမိလာပါလိမ့်မည်။
  • ကျွန်ုပ်တို့ခန္ဓာကိုယ်သည်လည်း ဘာမှအထောက်အကူ မဖြစ်တော့ပါ။ ကိုယ်အလေးချိန်ကျအောင် ကြိုးစားပြီး အဆင်ပြေမှုမည်မျှ ရရှိသည်ဖြစ်စေ အထောက်အကူ မဖြစ်တော့ပါ။

ထို့ကြောင့် ဘဝတွင် တစ်ခုတည်းသော အဓိပ္ပာယ်ရှိသည့်အချက်မှာ ကြောက်ရွံ့နောင်တများဖြင့် မသေဆုံးရအောင် ကြိုးစားဆောင်ရွက်ရန် ဆုံးဖြတ်ချက်ချရပါမည်။ 

အကျဉ်းချုပ်

မရှောင်လွှဲနိုင်သည့် သေခြင်းတရားကို သတိပြုမိခြင်းသည် စိတ်ဓာတ်ကျရန် သို့မဟုတ် အကြောက်လွန်ရန် မဟုတ်ပါ။ ယခုဘဝတွင် ကျန်ရှိသည့်အချိန်သည် အကန့်အသတ်ရှိပြီး သက်တမ်းကုန်ဆုံးချိန်ကို မည်သူမျှ အာမခံနိုင်ခြင်း မရှိကြောင်း သဘောပေါက်လာသည့်အခါ လက်ရှိ ရှိနေသည့် အခွင့်အလမ်းနှင့် အချိန်တို့ကို အကောင်းဆုံး ရယူအသုံးချရန် စိတ်အားထက်သန်လာပါသည်။ သေခြင်းတရားကို သတိရှိနေခြင်းဖြင့် အနာဂတ်တွင် ပိုဆိုးစေမည့် အရာများကို ရှောင်ရှားရန် အပြုသဘောဆောင်ရွက်ချက်များ မပြုလုပ်နိုင်အောင် တားဆီးသည့် ပျင်းရိမှုနှင့် ရွှေ့ဆိုင်းမှုတို့ကိုလည်း ကျော်လွှားနိုင်မည် ဖြစ်ပါသည်။ 

Top