ဂရုစိုက်အလေးထားခြင်

အခြားသူများကို မိမိကဲ့သို့ပင် ခံစားချက်ရှိသော လူသားများအဖြစ် ထည့်စဉ်းစားကာ မိမိ၏ပြုမူ၊ ပြောဆိုပုံများက သူတို့ခံစားချက်အပေါ် သက်ရောက်နိုင်ပုံကို ဂရုစိုက် အလေးထားနိုင်လာပါသည်။
Meditation generating care matheus ferrero

ရှင်းလင်းချက်

တရားရှုမှတ်ခြင်း နည်းစနစ်တိုင်း၏ ကြိုတင်ပြင်ဆင်မှုဖြစ်သော ဝင်လေထွက်လေရှုမှတ်မှုတွင် အာရုံစိုက်ကာ စိတ်ကိုတည်ငြိမ်အောင် ထားလိုက်သည်နှင့် အပြုသဘော စိတ်အခြေအနေကောင်းတစ်ခု ထားရှိရန် ယခုအသင့်ဖြစ်လာပါပြီ။ အခြားသူများနှင့် ဆက်ဆံရာတွင် အရေးအကြီးဆုံးအချက်မှာ သူတို့အပေါ် ရိုးသားစွာ ဂရုစိုက်အလေးထားရန် ဖြစ်ပါသည်။ ဆိုလိုသည်မှာ သူတို့ကို ကျွန်ုပ်တို့လိုပင် ခံစားချက်များရှိသည့် လူသားများအဖြစ် အလေးအနက် သဘောထားခြင်း ဖြစ်သည်။ သို့သော် ဤအချက်ကို မျက်ခြေပြတ်ကာ အလုပ်များချိန်၊ စိတ်ဖိစီးချိန်၊ မိမိဘာသာ အတွေးလွန်နေချိန်တို့တွင် အလွယ်တကူ ဒေါသထွက်နိုင်ပါ၏။ သို့သော် မိမိနှင့် မိမိ၏ပြဿနာ၊ ခံစားချက်များကို အမြင်ကျဉ်းစွာ အာရုံပိုစိုက်လေ၊ ပိုပြီး မပျော်ရွှင်လေ ဖြစ်လာပါသည်။ မိမိပတ်ဝန်းကျင်မှ ပိုမိုကျယ်ပြန့်သော အမှန်တရားနှင့် ကင်းကွာသွားပါသည်။ 

ကျွန်ုပ်တို့လူသားများသည် လူမှုရေး သတ္တဝါများဖြစ်ပြီး မိမိ၏သာယာဝပြောရေးနှင့် စားဝတ်နေရေးအတွက် အချင်းချင်း မှီခိုအားထားရပါသည်။ အခြားသူများနှင့် ဆက်ဆံရပါသည်။ ထို့ကြောင့် အခြားသူများနှင့် လက်တွေ့ကျပြီး ကောင်းမွန်သောပုံစံဖြင့် ဆက်ဆံရန်အတွက် သူတို့၏ သာယာဝပြောရေးနှင့် စားဝတ်နေရေးကို ရိုးသားစွာ အလေးထားရန် လိုပါသည်။ အထူးသဖြင့် သူတို့နှင့်ဆက်ဆံသည့်ပုံစံများအား တုံ့ပြန်ရာတွင် သူတို့အခြေအနေနှင့် ခံစားချက်များ၏ အမှန်တရားကို သိရှိဖို့လိုပါသည်။

တစ်စုံတစ်ယောက်နှင့် ဆုံတွေ့သောအခါ ထိုနေ့စောစောပိုင်းက ကျွန်ုပ်တို့ကြုံတွေ့ခဲ့သောကိစ္စများက ကျွန်ုပ်တို့ တွေ့ဆုံမှုအပေါ် သက်ရောက်မှုရှိသလိုပင် သူတို့လည်း ထိုအတိုင်းဖြစ်ပါသည်။ သူတို့နှင့် တွေ့ချိန်တွင် သူတို့က အလိုလို ပေါ်ထွက်လာခြင်း မဟုတ်ပါ။ ကျွန်ုပ်တို့လိုပင် သူတို့ရှိနေသည့် စိတ်အခြေအနေသည် ကျွန်ုပ်တို့ဆက်ဆံရေးအပေါ် သက်ရောက်ပါလိမ့်မည်။ မိမိနှင့် သူတို့အတွက်ပါ ဤအချက်၏ အမှန်တရားနှင့် လက်တွေ့ကျမှုကို ကျွန်ုပ်တို့ သည်းမခံနိုင်ပါက ကျွန်ုပ်တို့ဆက်ဆံရေးသည် ကိုယ်ဖြစ်စေချင်သလို မဖြစ်တော့သည်ကို တွေ့ရပါမည်။ ထို့ပြင် သူတို့၏ ပြောဆိုဆက်ဆံပုံက ကျွန်ုပ်တို့အပေါ် သက်ရောက်သလိုပင် ကျွန်ုပ်တို့က သူတို့အား ပြောဆိုဆက်ဆံပုံသည် သူတို့၏ ခံစားချက်အပေါ် သက်ရောက်ပါလိမ့်မည်။ 

ဤအချက်များကို ကျွန်ုပ်တို့အမှတ်ရကာ မိတ်ဆွေ၊ မရင်းနှီးသူ၊ မနှစ်သက်သူ စသည်ဖြင့် အခြားသူများနှင့် ရှိသည့်အချိန်တိုင်း ယင်းတို့ကို သတိရှိနေပါက ကျွန်ုပ်တို့၏ဆက်ဆံရေးများသည် မိမိအတွက်ရော၊ သူတို့အတွက်ပါ ပိုမိုအကျိုးပြုပြီး စိတ်ကျေနပ်ဖွယ် ကောင်းလာပါမည်။

တရားရှုမှတ်ခြင်း

  • ဝင်လေထွက်လေကို အာရုံစိုက်ကာ တည်ငြိမ်အောင်ထားပါ။
  • တည်ငြိမ်သောစိတ်ဖြင့် အကဲဖြတ်မှုမပါဝင်ဘဲ သင်နှင့်ရင်းနှီးပြီး လက်တွဲလိုသူတစ်ယောက်ကို တွေးကြည့်ပါ
  • ထိုသူအား သင်သည်လူသားတစ်ဦးဖြစ်ပြီး ခံစားချက်ရှိသည်ဟူ၍ နားလည်မှုဖြင့် လေးစားပါ
  • ကျွန်ုပ်သည်လည်း ထိုအတိုင်း ဖြစ်ပါသည်။
  • သင်၏စိတ်အခြေအနေက ကျွန်ုပ်တို့ဆက်ဆံရေးကို သက်ရောက်ပါမည်။
  • ကျွန်ုပ်၏စိတ်အခြေအနေကလည်း ထိုသို့ပင် သက်ရောက်ပါသည်။
  • ကျွန်ုပ်ပြောဆိုဆက်ဆံပုံသည် သင့်ခံစားချက်များအပေါ် ဆက်လက်သက်ရောက်ပါမည်။
  • ထို့ကြောင့် ကျွန်ုပ်တို့ဆက်ဆံရေးတွင် ကျွန်ုပ်နှင့် ကျွန်ုပ်၏ခံစားချက်များကို သင်အလေးထားသည်ဟု မျှော်လင့်သလို ကျွန်ုပ်လည်းသင့်အား လေးစားပါသည်။ သင့်ခံစားချက်များကိုလည်း ကျွန်ုပ်လေးစားပါသည်။
  • သိပ်မရင်းနှီးသူ သို့မဟုတ် သူစိမ်းတစ်ယောက်၊ ဥပမာအားဖြင့် ရုပ်ရှင်ရုံတွင် သင့်ထံမှလက်မှတ် တောင်းယူသူကဲ့သို့ သင့်မှာ အထူးခံစားချက် မရှိသူတစ်ယောက်အပေါ်တွင် အာရုံစိုက်ကာ ဤဖြစ်စဉ်တစ်ခုလုံးကို ထပ်မံဆောင်ရွက်ပါ။
  • သင်မနှစ်သက်သူ၊ ပေါင်းသင်းရ အဆင်မပြေသူတစ်ယောက်ကို အာရုံစိုက်ကာ ဤဖြစ်စဉ်တစ်ခုလုံးကို ထပ်မံဆောင်ရွက်ပါ။

အကျဉ်းချုပ်

ဤတရားရှုမှတ်မှုကို အမျိုးမျိုး အသုံးချနိုင်ပြီး ကျယ်ပြန့်စွာ ချဲ့ထွင်နိုင်ပါသည်။ အသက်အရွယ် မတူသူ၊ လိင်မတူသူ၊ လူမျိုးမတူသူ စသည့်လူပုဂ္ဂိုလ်များအပေါ်တွင်လည်း အထက်ပါ အမျိုးအစားသုံးမျိုးဖြင့် အာရုံစိုက်နိုင်ပါသည်။  မိမိကိုယ်တိုင်အပေါ်တွင်လည်း အာရုံစိုက် တရားရှုမှတ်နိုင်ပါသည်။ ကျွန်ုပ်တို့သည်လည်း လူသားများဖြစ်ကာ ခံစားချက်များ ရှိပါသည်။ မိမိကိုယ်ကို ပြောဆိုဆက်ဆံပုံသည် မိမိ၏ ခံစားချက်များအပေါ် များစွာသက်ရောက်မှု ရှိပါသည်။ ဤနည်းဖြင့် မိမိအပေါ်တွင်လည်း အလေးထားသော သဘောထားကို ထားရှိနိုင်ပါသည်။

Top