တရားရှုမှတ်ခြင်းဆိုတာဘာလဲ။

Study buddhism what is meditation

တရားရှုမှတ်ခြင်း ဆိုသည်မှာ စိတ်၏ အကျိုးပြုသော အခြေအနေများကို ဖော်ထုတ်နည်းတစ်ခု ဖြစ်ပါသည်။ အချို့သော စိတ်အခြေအနေများကို အလေ့အထ ဖြစ်လာသည်အထိ အထပ်ထပ် ဖော်ထုတ်ခြင်းဖြင့် ရှုမှတ်ပါသည်။ တရား ရှုမှတ်ခြင်းသည် ရုပ်ပိုင်းဆိုင်ရာအရလည်း အာရုံကြော လမ်းကြောင်းသစ်များ အမှန်ပင် တည်ဆောက်ပေးသည်ဟု တွေ့ရှိထားပါသည်။

တရားရှုမှတ်ခြင်း၏ အကျိုးကျေးဇူးများ

တရားရှုမှတ်ခြင်းမှတစ်ဆင့် ကျွန်ုပ်တို့ ဖော်ထုတ်နိုင်သော အောက်ပါ အကျိုးပြု စိတ်အခြေအနေများစွာ ရှိပါသည်-

  • ပိုပြီး ဖြေလျော့ကာ စိတ်ဖိစီးမှု နည်းပါးခြင်း
  • ပိုပြီး အာရုံစူးစိုက်ကာ စိတ်လွတ်သွားမှု နည်းပါးခြင်း
  • ပိုပြီး တည်ငြိမ်ကာ အမြဲမပြတ် စိုးရိမ်နေမှုများမှ ကင်းဝေးခြင်း
  • ကျွန်ုပ်တို့ကိုယ်တိုင်ရော၊ ကျွန်ုပ်တို့ ဘဝနှင့် အခြားသူများကိုပါ ပိုပြီး နားလည်သဘောပေါက်ခြင်း
  • မေတ္တာနှင့် ကရုဏာကဲ့သို့ ပိုပြီး အပြုသဘောဆောင်သော စိတ်ခံစားချက်များ ပိုရှိလာခြင်း။

ကျွန်ုပ်တို့ အများစုသည် ပိုမိုတည်ငြိမ် ရှင်းလင်းပြီး ပျော်ရွှင်သော စိတ်ကို အလိုရှိကြပါသည်။ စိတ်ဖိစီးခြင်း သို့မဟုတ် အပျက်သဘော အခြေအနေကြုံရခြင်း ရှိပါက ဝမ်းနည်းကြပါသည်။ ၎င်းသည် ကျွန်ုပ်တို့၏ ကျန်းမာရေးကို ဆိုးရွားစွာ ထိခိုက်ပြီး ကျွန်ုပ်တို့၏ အလုပ်အကိုင်၊ မိသားစုဘဝနှင့် ပေါင်းသင်းဆက်ဆံရေးများကို ပျက်စီးစေနိုင်ပါသည်။

စိတ်ဖိစီးမှု၊ စိတ်တိုမှုတို့ကို မနှစ်မြို့ပါက အကူအညီရစေရန် တရားရှုမှတ်ခြင်းကဲ့သို့ နည်းလမ်းများ ရှာဖွေနိုင်ပါသည်။ တရားရှုမှတ်ခြင်းဖြင့် ကျွန်ုပ်တို့သည် အပျက်သဘော ဆိုးကျိုးများ မရှိဘဲ စိတ်ခံစားချက် အားနည်းမှုများကို ကျော်လွှားနိုင်ပါသည်။

တရားရှုမှတ်ရန်အတွက် လက်တွေ့ကျသော ချဉ်းကပ်မှု လိုအပ်ပါသည်။ အပြုသဘော ရလဒ်များ ပိုင်ဆိုင်ရန် အသုံးပြုနိုင်သော နည်းလမ်း ဖြစ်သော်လည်း ချက်ချင်း အားလုံးပျောက်စေတော့ မဟုတ်ပါ။ အကြောင်းရင်း တစ်ခုတည်းဖြင့် ရလဒ် မပေါ်ထွက်နိုင်ပါ။ သို့သော် အကြောင်းရင်းနှင့် အခြေအနေ မြောက်မြားစွာ လိုပါသည်။ ဉပမာ၊ ကျွန်ုပ်တို့သည် သွေးတိုးရောဂါရှိပါက တရားရှုမှတ်ခြင်းသည် ကျိန်းသေအထောက်အကူ ပြုပါသည်။ သို့သော် ကျွန်ုပ်တို့က အာဟာရ၊ အားကစားလှုပ်ရှားမှုနှင့် ဆေးဝါးမှီဝဲမှုတို့ကို မဆင်ခြင်ပါက မည်သည့်ရလဒ်မျှ ပေါ်ထွက်မည် မဟုတ်ပါ။

ဗုဒ္ဓဘာသာဝင်တို့၏ တရားရှုမှတ်ခြင်း အမျိုးအစားများ

တရားရှုမှတ်ရန် နည်းလမ်းများစွာ ရှိပါသည်။ ယင်းတို့အားလုံးသည် စိတ်တည်ငြိမ်စေသော်လည်း ဤသည်မှာ အဆုံးစွန် ရည်မှန်းချက် မဟုတ်ပါ။ သို့သော် အပြုသဘော အခြေအနေများ ပို၍ထွက်ပေါ်လာအောင် စစ်မှန်သော တိုးတက်မှု မရရှိမီ စိတ်ဖိစီးမှု ဖြေလျှော့လိုက်ရန် အမှန်ပင် လိုအပ်ပါသည်။ ထို့ကြောင့် ဆင်ခြင်မှုနှင့် စိတ်ကိုငြိမ်အောင်ထားမှု ဆိုသည့် ဗုဒ္ဓဘာသာ တရားရှုမှတ်နည်း နှစ်မျိုးအကြား တစ်လှည့်စီ မပွားများမီ ဝင်လေထွက်လေကို အာရုံစိုက်ခြင်းဖြင့် ကျွန်ုပ်တို့၏ စိတ်ကို လျှော့ချ ငြိမ်သက်စေနိုင်ပါသည်။

ဆင်ခြင်မှုဖြင့် တရားရှုမှတ်ခြင်းကို ‘‘ဆန်းစစ်ခြင်း’’ ဟု တစ်ခါတစ်ရံ ခေါ်ပြီး ကျွန်ုပ်တို့၏ စိတ်ကို မေတ္တာကဲ့သို့ အပြုသဘော အခြေအနေရောက်အောင် အဆင့်ဆင့် မြှင့်တင်ရန် ကျိုးကြောင်းဆင်ခြင်ခြင်းကို အသုံးပြုပါသည်။ သို့မဟုတ် အရာရာ မမြဲခြင်း စသည့် အခြေအနေ တစ်ခုကို ဆန်းစစ်ကာ ယင်းကို မှန်ကန်စွာ နားလည်လာအောင် ကျိုးကြောင်းဆင်ခြင်ခြင်းကို အသုံးပြုပါသည်။ သို့မဟုတ် တစ်စုံတစ်ခုကို ဥပမာ၊ ဗုဒ္ဓမြတ်စွာ၏ ပုံတော်ကို အပြုသဘော အရည်အသွေးများဖြင့် စိတ်ပိုင်းဆိုင်ရာ ပုံဖော်ကာ ရှင်းလင်းစွာ သတိပြုဆင်ခြင်ကြည့်ခြင်းဖြင့် အဆင့်မြှင့်နိုင်ပါသည်။

စိတ်ကိုငြိမ်အောင်ထားပြီး တရားရှုမှတ်ခြင်းတွင် သတိဖြင့်ရှုမှတ်ခြင်း၊ အာရုံစိုက်ခြင်းနှင့် စူးစိုက်ခြင်းတို့ကို အသုံးပြုကာ ရရှိထားသော အပြုသဘော အခြေအနေအတိုင်း တတ်နိုင်သမျှ အချိန်ကြာကြာ ထိန်းထားခြင်း ဖြစ်ပါသည်။ သို့မဟုတ် စိတ်တွင် ပုံဖော်ထားသောအရာ၌ မယိမ်းယိုင်သော အာရုံစူးစိုက်မှု ထိန်းထားသည့် နည်းလမ်းများ အသုံးချပါသည်။

တရားရှုမှတ်နည်း နှစ်မျိုးကို ကျွန်ုပ်တို့ တစ်လှည့်စီ အသုံးပြုပါသည်။ အလိုရှိသော အပြုသဘောစိတ်ကို ပုံဖော်ကာ ဆင်ခြင်နိုင်သောအခါ ယင်းကို တည်ငြိမ်အောင် ထားနိုင်ပါသည်။ ဤအခြေအနေကို စူးစိုက်မှု အားနည်း ဆုံးရှုံးသောအခါ ယင်းကို နောက်တစ်ကြိမ် ပုံဖော်ပြီး ဆန်းစစ်ရန် ထပ်မံ၍ ကြိုးပမ်းအားထုတ်နိုင်ပါသည်။

နေ့စဉ်ဘဝတွင် တရားရှုမှတ်ခြင်း

တရားရှုမှတ်သည့် အဓိက အချက်မှာ အိမ်တွင် ဆိုဖာဖြင့်ထိုင်ကာ တည်ငြိမ်ရန်၊ စူးစိုက်ရန်နှင့် မေတ္တာထားရန်သာ မဟုတ်ပါ။ နေ့စဉ် ဘဝတွင် အမှန်တကယ် သက်ရောက်မှုရှိစေရေးသာ ဖြစ်ပါသည်။ ပုံမှန်တရားထိုင်ပါက အပြုသဘော စိတ်ခံစားချက်များ အလေ့အထ ဖြစ်လာပြီး နေ့၊ ညမရွေး၊ ဘယ်သွားသွား ယင်းကိုအသုံးချနိုင်ပါသည်။ အဆုံးစွန်အားဖြင့် ယင်းသည် ကျွန်ုပ်တို့၏ အစိတ်အပိုင်းတစ်ခု ဖြစ်လာပါသည်။ သက်သာစွာဖြင့် အမြဲတမ်း ပို၍ မေတ္တာထားခြင်း၊ စူးစိုက်ခြင်းနှင့် တည်ငြိမ်ခြင်း ရရှိအောင် သဘာဝအလျောက် ရှုမှတ်လာနိုင်ပါသည်။

ကျွန်ုပ်တို့ အမှန်ပင် ဒေါသထွက်ပြီး စိတ်ရှုပ်ထွေးသော အခိုက်အတန့်များ ရှိပါမည်။ သို့သော် ကျွန်ုပ်တို့ လုပ်ရမည့်အရာမှာ ‘‘ပိုပြီး မေတ္တာထားရန်’’ ကိုယ့်ကိုယ်ကိုယ် သတိပေးဖို့ ဖြစ်ပါသည်။ မပြတ် တရားမှုမှတ် ကျင့်ကြံမှုမှတစ်ဆင့် ဤစိတ်အခြေအနေနှင့် အလွန်ရင်းနှီးလာသည့်အတွက် ကျွန်ုပ်တို့သည် ယင်းကိုချက်ချင်း ရရှိနိုင်ပါသည်။

မည်သူမျှ ပြီးပြည့်စုံခြင်း မရှိပါ။ ကျွန်ုပ်တို့ အားလုံးသည် ဖျောက်ဖျက်လိုသော အကျင့်ဆိုး အချို့ကို တွေ့နိုင်ပါသည်။ ကံကောင်းသည်မှာ ထိုအကျင့်များမှာ ကျောက်ထက်အက္ခရာ ထွင်းထုထားခြင်း မဟုတ်ပါ။ ပြောင်းလဲ၍ ရပါသည်။

ဤအပြောင်းအလဲဖြစ်ရန် ကျွန်ုပ်တို့ ကိုယ်ပိုင် အားထုတ်မှုမှတစ်ပါး အခြားမရှိပါ။ ကျွန်ုပ်တို့ အများစုသည် အားကစားရုံတွင် နာရီပေါင်းများစွာ အချိန်ကုန်သော်လည်း ကျွန်ုပ်တို့၏ စိတ် ဆိုသည့် အကြီးမားဆုံး ပိုင်ဆိုင်မှုကို လေ့ကျင့်လှုပ်ရှားပေးရန် မေ့နေကြပါသည်။ အစတွင် ခက်ခဲသော်လည်း တရားရှုမှတ်ခြင်းက ကျွန်ုပ်တို့ ဘဝအပေါ် အကျိုးကြီးပုံကို သိမြင်လာသည်နှင့် ကျွန်ုပ်တို့၏ စိတ်ကို အလုပ်ပေးရန် အချိန်ရင်းနှီးမြှုပ်နှံရသည်ကို ကြည်နူးလာပါလိမ့်မည်။

Top