အပြစ်ရှိသကဲ့သို့ခံစားရမှုကို ဖယ်ရှားခြင်း

မိမိပြုခဲ့သော အမှားအယွင်း တစ်ခုခုကို မိမိတစ်ဘဝလုံးရှုထောင့်အရ ကြည့်သောအခါ မတန်တဆ မချဲ့ကားမိတော့ပါ။ ခွင့်လွှတ်ခြင်း၊ အပြစ်ရှိသူဟု မခံစားရခြင်းတို့ဖြင့် ထိုသို့ထပ်မဖြစ်အောင် ဆုံးဖြတ်နိုင်ပါသည်။
Meditation dispelling guilt

ရှင်းလင်းချက်

ခွင့်လွှတ်ခြင်းဆိုသည်မှာ အပြစ်ကျူးလွန်မှု၊ ချို့ယွင်းမှု သို့မဟုတ် အမှားအယွင်းတစ်ခုကို ဒေါသမထွက်ခြင်းနှင့် အာဃာတမထားခြင်း ဖြစ်ပါသည်။ ဤသည်မှာ အခြားသူများပြုလုပ်သည့် အန္တရာယ်ပေးမှုများ၊ သူတို့ကျူးလွန်သည့် အမှားများကိုသာမက မိမိကိုယ်ပိုင် အပျက်သဘော အပြုအမူများနှင့် အမှားအယွင်းများကိုပါ တုံ့ပြန်ထားရှိရန် လိုအပ်သည့် အပြုသဘော စိတ်အခြေအနေ ဖြစ်ပါသည်။ ထိုသို့ဆောင်ရွက်ရန်အတွက် မိမိကိုယ်ကို မိမိပြုလုပ်သည့် ဆောင်ရွက်ချက် သို့မဟုတ် အမှားတစ်ခုခုနှင့် ခွဲခြားထားရန် လိုပါသည်။ မိမိကိုယ်ကို စဉ်းစားသောအခါ မိမိတစ်ဘဝလုံးအနေနှင့် စဉ်းစားဖို့လိုသည်။ ပြန်လည်ဝင်စားသည့် ဗုဒ္ဓဘာသာ တရားတော်များကို လက်ခံပါက ကျွန်ုပ်တို့၏ အတိတ်ဘဝ၊ အနာဂတ်ဘဝများအနေနှင့်လည်း စဉ်းစားရန်လိုပါသည်။ မိမိကိုယ်ကို ဤသို့ကျယ်ပြန့်သော အဆက်အစပ်ဖြင့် စဉ်းစားရန် စိတ်ကိုဖွင့်ထားသောအခါ ကျွန်ုပ်တို့ပြုသမျှ အပျက်သဘော ဆောင်ရွက်ချက် သို့မဟုတ် အမှားအယွင်းသည် အဖြစ်အပျက်တစ်ခုသာ ဖြစ်သည်ကို မြင်လာပါသည်။ မိမိတို့ဘဝတွင် အခြားအရာများစွာကို ဆောင်ရွက်ခဲ့ပါသည်။ ဘုရားမဖြစ်သေးပါက အမှားများကို မလွှဲမရှောင်သာ ပြုလုပ်မိပါသည်။ မိမိကိုယ်ကို မိမိပြုခဲ့သည့် အမှားများအနေနှင့် သတ်မှတ်ကာ မိမိ၏ စစ်မှန်သောပုံစံဖြစ်သည်ဟု စွဲထင်နေပါက ကျွန်ုပ်တို့သည် အပြစ်ရှိသူလို ခံစားလာရပါသည်။ ပိုမိုကြာမြင့်စွာ စွဲထင်လေ၊ ပိုမိုကြာမြင့်စွာ အပြစ်ရှိသူလိုခံစားမိပြီး ပို၍စိတ်ဆင်းရဲလေ ဖြစ်ပါသည်။

မိမိကိုယ်ကို ခွင့်လွှတ်ခြင်းဆိုသည်မှာ မိမိဆောင်ရွက်သမျှ ဘာမှအရေးမပါသည့်အလား မေ့ပျောက်ခြင်း မဟုတ်ပါ။ မိမိပြုခဲ့သော ဘေးရန် သို့မဟုတ် မိမိကျူးလွန်ခဲ့သော အမှားများအတွက် တာဝန်ယူမှု ရှိရပါသည်။ သို့သော် ယင်းတို့ကို အပြစ်ရှိသည့်ခံစားချက်ဖြင့် မဆုပ်ကိုင်ထားပါ။ မိမိကိုယ်ကို ဒေါသထွက်မနေပါ။ မိမိ၏ အမှားများကို အသိအမှတ်ပြုကာ ယင်းတို့ဖြင့်သာ မိမိကိုယ်ကို “ဆိုးသွမ်းသူ” သို့မဟုတ် “မိုက်မဲသူ” ဟုတွေးထင် သတ်မှတ်မှုကို စွန့်လွှတ်လိုက်ပြီး အောက်ပါ ဆန့်ကျင်ဘက်စွမ်းအား လေးရပ်ကို အသုံးချရပါမည်- 

  • နောင်တရပါ
  • အန္တရာယ်ဖြစ်စေသည့် ဆောင်ရွက်ချက် သို့မဟုတ် အမှားကို ထပ်မံမပြုလုပ်ရန် အကောင်းဆုံးကြိုးစားမည်ဟု ဆုံးဖြတ်ပါ
  • ဘဝတွင်ကြိုးစားထားရှိမည့် အပြုသဘော လမ်းကြောင်းကို ပြန်လည်အတည်ပြုပါ
  • ဖြစ်နိုင်လျှင် မိမိအမှားကို ပြုပြင်ပါ။ အန္တရာယ် ဆောင်ရွက်ခဲ့မှုကို ချေဖျက်ကာ ဖြစ်နိုင်လျှင် အပြုသဘော ဆောင်ရွက်ချက်အချို့ဖြင့် တုံ့ပြန်ဆောင်ရွက်ပါ။

တရားရှုမှတ်ခြင်း

  • ဝင်လေထွက်လေကို အာရုံစိုက်ကာ တည်ငြိမ်အောင်ထားပါ။
  • သင်ပြုခဲ့သော အန္တရာယ်ရှိမှုတစ်ခုကို ပြန်စဉ်းစားပါ။ သင့်ဆောင်ရွက်ချက် သို့မဟုတ် စကားလုံးများဖြင့် တစ်စုံတစ်ယောက်ကို နာကျင်စေခြင်းမျိုး ဖြစ်ပါသည်။ ထို့နောက် သင်ပြုခဲ့၊ ပြောခဲ့သမျှကို အမြဲတွေးနေမိပြီး ထိုအတွက် အပြစ်ရှိသလိုခံစားရကာ မိမိကိုယ်ကို ဒေါသထွက်မိပုံကို တွေးကြည့်ပါ။
  • သင့်နယ်ပယ်ကို ချဲ့ထွင်ကာ သင့်ကိုယ်သင် ဘဝတစ်ခုလုံးအနေနှင့် တွေးကြည့်ပြီး ယင်းမှာ အဖြစ်အပျက် တစ်ခုသာ ဖြစ်ကြောင်း၊ နောက်တစ်ကြိမ် ပြန်ဖြစ်ခဲ့လျှင်တောင် ဘဝမှာ အခြားအရာများစွာ ဖြစ်ပျက်နေမည်သာဖြစ်ကြောင်း အသိအမှတ်ပြုပါ။
  • ဤဆောင်ရွက်ချက်ဖြင့်သာ သင့်ကိုယ်သင် သတ်မှတ်ပြီး ယင်းကိုစွဲထင်နေမှုကြောင့် အပြစ်ရှိသလိုခံစားရပြီး စိတ်ဆင်းရဲရကြောင်း အသိအမှတ်ပြုပါ။ သင့်ကိုယ်သင် အလွန်ကျဉ်းသောဘောင်အတွင်းမှ စဉ်းစားနေခြင်း ဖြစ်ပါသည်။
  • ဤသည်မှာ သင်၏အလုံးစုံအနေအထားနှင့် ကိုယ်စားမပြုကြောင်း ရှုမြင်ခြင်းဖြင့် ထိုသတ်မှတ်ချက်ကို စွန့်လွတ်ပါ။
  • ထို့နောက် သင့်ဘဝတစ်ခုလုံးအနေနှင့် သင့်ကိုယ်သင် ထပ်မံရှုမြင်ကာ သင်ပြုခဲ့သမျှ အပြုသဘော ကောင်းသောအချက်အားလုံးကို နှစ်သက်ပီတိဖြစ်ပါ။
  • သင်ဆောင်ရွက်ခဲ့သည့်အရာမှာ အပျက်သဘော အန္တရာယ် ရှိသည်ကို အသိအမှတ်ပြုပါ။ သင်သည် လွတ်မြောက်မှုရရှိပြီးသူ မဟုတ်သောကြောင့် တစ်ခါတစ်ရံ အမှားများ ပြုမိတတ်ပါသည်။
  • ယင်းကို သင်ဆောင်ရွက်ခဲ့သည်မှာ ပြောင်းလဲ၍မရနိုင်သော်လည်း ထိုသို့ ဆောင်ရွက်ခဲ့သည်အတွက် နောင်တရနိုင်ပါသည်။ ဆိုလိုသည်မှာ ထိုသို့မပြုခဲ့လျှင် ကောင်းမည်ဟု ကြံမိခြင်းဖြစ်သည်။
  • အန္တရာယ်ဖြစ်စေသည့် ဆောင်ရွက်ချက်ကို ထပ်မံ မပြုလုပ်ရန် အကောင်းဆုံးကြိုးစားမည်ဟု ဆုံးဖြတ်ပါ။ သင်ပြုမူ၊ ပြောဆိုပုံကို မပြတ်သတိရှိအောင် ကြိုးစားပြီး အပျက်သဘော တစ်ခုခု ပြုမူ၊ ပြောဆိုလိုစိတ် ဖြစ်လာပါက ထိန်းထိန်းသိမ်းသိမ်း ပြုမူပါ။
  • ဘဝတွင် သင်ချမှတ်နေသည့် အပြုသဘောလမ်းကြောင်းကို ပြန်လည်အတည်ပြုပါ။ သင့်အားနည်းချက်များနှင့် ပြဿနာဖြစ်စေသော အပိုင်းများကို ကျော်လွှားကာ အစွမ်းအစအားလုံး ပေါ်ထွက်အောင် သင်ကကြိုးစားနေပါသည်။ 
  • သင်ထိခိုက်နာကျင်စေခဲ့သူများအား အနည်းဆုံးစိတ်ထဲမှ တောင်းပန်ပါ။ သင်ပြုခဲ့သည့်အရာကို တန်ပြန်ဆောင်ရွက်ရန် သူတို့အတွက် ကောင်းတာတစ်ခုခု ဆောင်ရွက်ပေးသည်ဟု စိတ်ကူးကြည့်ပါ။ ထိုသူနှင့်ထပ်တွေ့ပါက သင်စိတ်ကူးသည့်အတိုင်း လက်တွေ့ဆောင်ရွက်မည်ဟု ဆုံးဖြတ်ပါ။

သင်ပြုခဲ့သောအမှားအတွက် ထိုအဆင့်များကို ဤသို့ထပ်မံပြုလုပ်ပါ-

  • သင်ပြုခဲ့သော အမှားအချို့ကို ပြန်စဉ်းစားပါ။ ကွန်ပျူတာမှ အရေးကြီးဖိုင်အချို့ မှားဖျက်မိခြင်းမျိုး ဖြစ်သည်။ သင့်ကိုယ်သင် အလွန်ဒေါသထွက်ဝမ်းနည်းကာ ငတုံးဟု ဆဲဆိုအော်ဟစ်မိနိုင်ပါသည်။
  • သင့်နယ်ပယ်ကို ချဲ့ထွင်ကာ သင့်ကိုယ်သင် ဘဝတစ်ခုလုံးအနေနှင့် တွေးကြည့်ပြီး ယင်းမှာ အဖြစ်အပျက်တစ်ခုသာ ဖြစ်ကြောင်း၊ နောက်တစ်ကြိမ် ပြန်ဖြစ်ခဲ့လျှင်တောင် ဘဝမှာ အခြားအရာများစွာ ဖြစ်ပျက်နေမည်သာဖြစ်ကြောင်း အသိအမှတ်ပြုပါ။ အများစုကို သင်မှန်ကန်စွာ ဆောင်ရွက်ခဲ့ပါသည်။
  • ဤဆောင်ရွက်ချက်ဖြင့်သာ သင့်ကိုယ်သင် သတ်မှတ်ပြီး ယင်းကိုစွဲထင်နေမှုကြောင့် အပြစ်ရှိသလိုခံစားရကာ စိတ်ဆင်းရဲရကြောင်း အသိအမှတ်ပြုပါ။ သင့်ကိုယ်သင် အလွန်ကျဉ်းသောဘောင်အတွင်းမှ စဉ်းစားနေခြင်း ဖြစ်ပါသည်။
  • ဤသည်မှာ သင်၏အလုံးစုံအနေအထားနှင့် ကိုယ်စားမပြုကြောင်း ရှုမြင်ခြင်းဖြင့် ထိုသတ်မှတ်ချက်ကို စွန့်လွတ်ပါ။
  • ထို့နောက် သင့်ဘဝတစ်ခုလုံးအနေနှင့် သင့်ကိုယ်သင် ထပ်မံရှုမြင်ကာ သင်ကောင်းမွန်မှန်ကန်စွာ ပြုခဲ့သမျှအားလုံးကို နှစ်သက်ပီတိဖြစ်ပါ။
  • သင်ဆောင်ရွက်ခဲ့သည့်အရာမှာ အမှားတစ်ခုဖြစ်ပြီး သင်သည် တစ်ခါတစ်ရံ အမှားများ ပြုမိတတ်သည့်အတွက် ဘာမှမထူးခြားကြောင်း အသိအမှတ်ပြုပါ။
  • ယင်းကို သင်ဆောင်ရွက်ခဲ့သည်မှာ ပြောင်းလဲ၍မရနိုင်သော်လည်း ထိုသို့ ဆောင်ရွက်ခဲ့သည်အတွက် နောင်တရနိုင်ပါသည်။ ဆိုလိုသည်မှာ ထိုသို့မပြုခဲ့လျှင် ကောင်းမည်ဟု ကြံမိခြင်းဖြစ်သည်။
  • အမှားကို ထပ်မံ မပြုလုပ်ရန် အကောင်းဆုံးကြိုးစားမည်ဟု ဆုံးဖြတ်ပါ။ ကွန်ပျူတာနှင့် အလုပ်လုပ်နေစဉ် မပြတ်သတိရှိအောင် ကြိုးစားပြီး အမြဲသတိထားပါ။ 
  • ဘဝတွင် သင်ချမှတ်နေသည့် အပြုသဘောလမ်းကြောင်းကို ပြန်လည်အတည်ပြုပါ။ သင်ပြုလုပ်နေသော အလုပ်ကို အာရုံမစိုက်ခြင်းကဲ့သို့ သင့်အားနည်းချက်များနှင့် ပြဿနာဖြစ်စေသော အပိုင်းများကို ကျော်လွှားကာ အစွမ်းအစအားလုံး ပေါ်ထွက်အောင် သင်ကကြိုးစားနေပါသည်။
  • ဖိုင်ထဲတွင်ရှိသောအရာကို မှတ်မိအောင်ကြိုးစားကာ ထပ်မံ၍စာစီစာရိုက် ပြုလုပ်မည်ဟု ဆုံးဖြတ်ပါ။ ထို့နောက် လက်တွေ့ဆောင်ရွက်ပါ။

အကျဉ်းချုပ်

ကျွန်ုပ်တို့ပြုခဲ့သော အန္တရာယ် သို့မဟုတ် အမှားများအတွက် မိမိကိုယ်ကို ခွင့်လွှတ်ခြင်းဆိုသည်မှာ မိမိဘာသာ ဒေါသထွက်ခြင်း သို့မဟုတ် ဆိုးသွမ်းသူအဖြစ် ခံစားရခြင်းမှသည် မိမိသည် ငတုံးဖြစ်သည်ဟု အပြစ်ရှိသူကဲ့သို့ ကျိန်ဆဲမိခြင်း မပြုလုပ်ရဟု မဆိုလိုပါ။ မိမိကိုယ်ကို ပြုခဲ့သော အမှားဖြင့်သာ ကန့်သတ်ပြီး မသတ်မှတ်ရန်နှင့် ထိုသို့ရှုမြင်ခြင်းမှာ မိမိဘဝအလုံးစုံအတွက် ကိုယ်စားမပြုကြောင်း ရှုမြင်ခြင်းဖြစ်ပါသည်။ မိမိပြုမူမှုများအတွက် တာဝန်ယူပြီး ဖြေရှင်းရပါသည်။ မိမိပြုခဲ့သောအရာသည် မှားယွင်းကြောင်း အသိအမှတ် ပြုခြင်းဖြင့် နောင်တရပြီး ထပ်မံမကျူးလွန်မိအောင် အကောင်းဆုံးကြိုးစားမည်ဟု ကတိပြုပါသည်။ ဘဝတွင် ကြိုးစား လျှောက်လှမ်းနေသည့် အပြုသဘောလမ်းကြောင်းကို ထပ်မံအတည်ပြုကာ ပြုခဲ့သောအန္တရာယ်ကို ချေဖျက်ရန် သို့မဟုတ် မိမိအမှားကို ပြုပြင်ရန် တောင်းပန်ခြင်းနှင့် ကောင်းတာတစ်ခုခု ဆောင်ရွက်ခြင်းတို့ ပြုလုပ်ရန်ဖြစ်ပါသည်။

Top