ဘဝအဓိပ္ပာယ် သတ်မှတ်ခြင်း

မိမိဘဝသည် ငြီးငွေ့စရာ အဓိပ္ပာယ်မရှိကြောင်း သိလာသောအခါ မိမိအားနည်းချက်များ ကျော်လွှားရန်နှင့် မိမိအစွမ်းအစများ ပေါ်ထွက်ရန် ကိုယ်တိုင်ကြိုးစားအားထုတ်ခြင်းဖြင့် အဓိပ္ပာယ်ရှိသော လမ်းကြောင်းကို ရရှိလာပါသည်။
Meditation a meaning in life

ရှင်းလင်းချက်

လူအတော်များများက မိမိဘဝသည် ရပ်တန့်နေသလိုခံစားရပါသည်။ မိမိအလုပ်သည် အဓိပ္ပာယ်မဲ့နေသည်ဟု ခံစားရတတ်သလို အလုပ်မရှိလျှင်လည်း တိုးတက်ရန် အလားအလာကောင်းတစ်ခုမျှ မမြင်ရသလို ခံစားရပါသည်။ ကျောင်းတက်နေဆဲ ဆိုလျှင်လည်း ပညာရေး၏ တန်ဖိုးနှင့် အဓိပ္ပာယ်ကို ဇဝေဇဝါဖြစ်နေနိုင်ပါသည်။ အရာရာ ပိုဆိုးသွားမည်ကို ကြောက်ရွံ့ကာ စိတ်ဓာတ်ကျဆင်းမှုပင် ဖြစ်လာနိုင်ပါသည်။ တစ်ချိန်တည်းမှာပင် အဓိပ္ပာယ်ရှိတာ တစ်ခုခု ဆောင်ရွက်လိုပြီး ကမ္ဘာကြီးအတွက် အပြုသဘော အပြောင်းအလဲတစ်ခုခု ပြုလုပ်လိုကြသည်။ ယင်းကို အခြားသူများနှင့် မျှဝေလိုကြပါသည်။ ကျွန်ုပ်တို့အများစုသည် ငွေကြေးမြောက်မြားစွာ ပိုင်ဆိုင်ခြင်းနှင့် အလုပ်တာဝန် များပြားစွာ ရှိနေခြင်းတို့သည် အဓိပ္ပာယ်ရှိသောဘဝအတွက် မဖြည့်ဆည်းပေးနိုင်ကြောင်းကိုပင် သဘောပေါက်ထားကြပါသည်။

ဗုဒ္ဓဘာသာတွင် ဤကိစ္စကို စိတ်ချရသောလမ်းကြောင်း၊ တစ်နည်းအားဖြင့် ကိုးကွယ်အားထားရာဆိုသည့်အချက်ဖြင့် ရှင်းပြထားပါသည်။ ကျွန်ုပ်တို့ရရှိထားသည့် တန်ဖိုးရှိသောလူ့ဘဝသည် ကျိန်းသေအဆုံးသတ်ကာ လက်ရှိဘဝတွင် အပြုသဘော တစ်ခုခုမဆောင်ရွက်ပါက ပိုဆိုးသည့် ဘဝများတွင် ပြန်ဝင်စားနိုင်ကြောင်း သဘောပေါက်လိုက်သောအခါ ပြန်ဝင်စားမှုကို လက်မခံလျှင်တောင်မှ လက်ရှိရထားသည့် တန်ဖိုးရှိသော လူ့ဘဝကို တန်ဖိုးထားနိုင်ပါသည်။ မိမိဘဝသည် အလွန်အဓိပ္ပာယ်မဲ့သည်ဟု နောင်တရပြီး သေဆုံးရပါက အလွန်ဆိုးရွားမည်ကို သိလာပါသည်။ ယခုဘဝတွင် အခြေအနေ ပိုဆိုးလာမည်ကို ထိတ်လန့်လာပါသည်။

ဗုဒ္ဓဘာသာတွင် ဖော်ပြထားသည့် စိတ်ချရသောလမ်းကြောင်းမှာ ရတနာသုံးပါး ဖြစ်ပါသည်။ အဓိကရတနာမှာ ဓမ္မရတနာဖြစ်သည်။ စစ်မှန်သော ရပ်တန့်မှုနှင့် စစ်မှန်သော စိတ်၏လမ်းကြောင်းဖြစ်သည်။ ထို့ကြောင့် မိမိအားနည်းချက်များ ကျော်လွှားကာ အရည်အသွေးကောင်းများအားလုံး ဖော်ထုတ်ခြင်းဖြင့် မိမိအစွမ်းအစများ ပေါ်ထွက်အောင် ကြိုးစားခြင်း ဖြစ်ပါသည်။ အားနည်းချက်များဆိုသည်မှာ အနှောင့်အယှက်ပေးသော စိတ်ခံစားချက်များ၊ အာရုံပျံ့လွင့်ခြင်း၊ မိမိကိုယ်ကိုတန်ဖိုးထားခြင်း၊ ထိရောက်စွာ ဆက်သွယ်ပြောဆိုနိုင်မှု မရှိခြင်း စသည်တို့ဖြစ်သည်။ အရည်အသွေးကောင်းများ ဆိုသည်မှာ မေတ္တာ၊ ကရုဏာ၊ သည်းခံခြင်း၊ နားလည်ခြင်း၊ ခွင့်လွှတ်ခြင်း၊ ရိုးသားခြင်း စသည်တို့သာမက ကျင့်ဝတ်သီလစောင့်ထိန်းခြင်း၊ စူးစိုက်မှုသမာဓိနှင့် ဉာဏ်ပညာတို့လည်း ပါဝင်ပါသည်။ ဘုရားရှင်တို့နှင့် အပြည့်အဝ သိမြင်ပြီးသည့် ဆရာတော်ကြီးများလိုပင် ယင်းအရည်အသွေးများ ရရှိအောင် ကြိုးစားအားထုတ်ခြင်းဖြင့် ဘဝတွင် ရှင်းရှင်းလင်းလင်း အဓိပ္ပာယ်ရှိလာပါမည်။

အခြားသူများနှင့် မျှဝေသည်ဆိုရာတွင် မိမိအောင်မြင်မှုကို လူမှုကွန်ရက်ပေါ်တွင် ပို့စ်တင်ခြင်းမျှသာ မဟုတ်ဘဲ ကိုယ့်ကိုယ်ကို ယုံကြည်မှုရှိလာသည်နှင့်အမျှ မိမိ၏ဖွံ့ဖြိုးတိုးတက်မှုကို အခြားသူများအား အနည်း၊ အများ တတ်နိုင်သောနည်းမှန်သမျှဖြင့် ကူညီကာ မျှဝေခြင်းဖြစ်သည်။ ထို့ကြောင့် ဘဝတွင် စိတ်ချရသောလမ်းကြောင်း သတ်မှတ်ခြင်းသည် အခြေအနေများ ပိုဆိုးမည်ကိုထိတ်လန့်ခြင်း၊ မိမိကိုယ်တိုင် ကြိုးစားခြင်းသည် ဘဝအခြေအနေ ပိုမဆိုးအောင် ကာကွယ်မည့် စိတ်ချရသောလမ်းကြောင်းဖြစ်သည်ဟု ယုံကြည်မှုရှိခြင်း၊ မိမိကူညီလိုသူများအား မိမိအောင်မြင်မှုများကို မျှဝေခြင်းဖြင့် အလေးထားမှုနှင့် ကရုဏာထားရှိခြင်းတို့ ဖြစ်ပါသည်။

တရားရှုမှတ်ခြင်း

  • ဝင်လေထွက်လေကို အာရုံစိုက်ကာ တည်ငြိမ်အောင်ထားပါ။
  • သင့်ဘဝကို တွေးကြည့်ကာ အဓိပ္ပာယ်ရှိသည်ဟု သင်ထင်သောအရာမှန်သမျှကို အကဲဖြတ်ပါ။
  • သင့်ဘဝနှင့် ပတ်သက်ပြီး အခြားသူများနှင့် သင်ကမျှဝေလိုသည်ကို တွေးတောပါ။
  • သင့်အားနည်းချက်များ ကျော်လွှားနိုင်အောင် ကြိုးစားကာ သင့်အစွမ်းအစများ ပေါ်ထွက်စေခြင်းသည် ဘဝတွင် အဓိပ္ပာယ်ရှိစေပြီး အဓိပ္ပာယ်ရှိသောအရာများကို အခြားသူများနှင့် မျှဝေနိုင်စေကြောင်း တွေးကြည့်ပါ။ အသေးအဖွဲများကို မျှဝေလျှင်လည်း အလွန်ကောင်းပါသည်။ အွန်လိုင်းမှာသာမက လူလူချင်း အပြန်အလှန်ဆက်ဆံရေးတွင်လည်း မျှဝေပါက သူတို့ကို တစ်နည်းနည်းနှင့် ကူညီနိုင်သည်ဟု တွေးပါ။
  • ဘဝတွင် အဓိပ္ပာယ်ရှိသောလမ်းကြောင်း မရှိပါက တောင်စောင်းမှ ပြုတ်ကျပြီး နက်ရှိုင်းသော စိတ်ဓာတ်ကျဆင်းမှုချောက်ထဲသို့ ကျရောက်သွားသည်ဟု စိတ်ကူးပါ။
  • သင့်ကိုယ်သင် ကြိုးစားအားထုတ်ပါက ဤသို့စိတ်ဓာတ်ကျဆင်းမှုမှ ကယ်တင်နိုင်ပုံနှင့် ၎င်းသည် အခြားသူများနှင့် မျှဝေရန် အလွန်မွန်မြတ်သော လက်ဆောင်ဖြစ်ကြောင်း တွေးပါ။
  • သင့်ဘဝတွင် လမ်းကြောင်း သတ်မှတ်ရန် ဆုံးဖြတ်ပါ။
  • ထိုအတိုင်းတွေးပါ။ သို့သော် ယခုတစ်ကြိမ်တွင် သင်သည် တောင်စောင်းမှ ပြုတ်ကျလုနီးနီးဖြစ်နေသည်ဟု စိတ်ကူးပါ။
  • ထိုအတိုင်းတွေးပါ။ သို့သော် တောင်စောင်းမှ အနည်းငယ် ဝေးကွာသော်လည်း တောင်စောင်းအနီးသို့ တဖြည်းဖြည်း နီးကပ်လာပြီဟု စိတ်ကူးပါ။

အကျဉ်းချုပ်

ကျွန်ုပ်တို့ဘဝသည် ရိုးအီပြီး ငြီးငွေ့စရာကောင်းကာ အဓိပ္ပာယ်မရှိသလို ခံစားရသောအခါ ကိုယ်တိုင်တက်ကြွစွာ ဆောင်ရွက်ဖို့လိုပါသည်။ ဘဝတွင် မိမိနှင့် အခြားသူများအတွက်ပါ အဓိပ္ပာယ်ရှိသည့် အပြုသဘောလမ်းကြောင်း သတ်မှတ်ရန် လိုပါသည်။ ဤလမ်းကြောင်းသည် မိမိအားနည်းချက်များကို ကျော်လွှားကာ အပြုသဘော အစွမ်းအစများ ပေါ်ထွက်အောင် ကြိုးစားရန်ဖြစ်ပါသည်။ ဘုရားရှင်တို့သည် ယင်းကိုအလုံးစုံ ဆောင်ရွက်ခဲ့ကာ အဆင့်မြင့် သိမြင်ပြီးသူတို့သည် တစ်စိတ်တစ်ပိုင်း ဆောင်ရွက်ခဲ့ပါသည်။ ကျွန်ုပ်တို့၏ အဆုံးစွန်ရည်မှန်းချက်မှာ ထိုသို့ဆောင်ရွက်သည်ဖြစ်စေ၊ မဆောင်ရွက်သည်ဖြစ်စေ ဤခရီးလမ်းကို လျှောက်လှမ်းပါက မိမိဘဝ အရည်အသွေးကို များစွာတိုးတက်စေမည် ဖြစ်ပါသည်။

Top