နိဒါန်း
SEE သင်ကြားမှုဘာသာရပ်သည် ပုဂ္ဂိုလ်ရေး၊ လူမှုရေးနှင့် ကမ္ဘာ့အဆင့်ဆိုသည့် ကျွန်ုပ်တို့ဘဝ၏ နယ်ပယ်သုံးရပ်တွင် အထောက်အကူပြုရန် ရေးဆွဲထားပါသည်။ ဤနယ်ပယ်သုံးရပ်ကို နှစ်သက်ရာ အစီအစဉ်အတိုင်း သီးခြားစီ လေ့လာနိုင်ပါသည်။ သို့သော် အခြားသူများနှင့် ပိုမိုကျယ်ပြန့်သော တစ်ကမ္ဘာလုံး အသိုင်းအဝိုင်းများ၏ လိုအပ်ချက်ကို အလေးထားရန် လေ့လာလိုပါက မိမိ၏ကိုယ်ပိုင် လိုအပ်ချက်များနှင့် အတွင်းစိတ်ဘဝကို ဦးစွာ အလေးထားရန် လိုအပ်ပါသည်။
ထိုအတွက် “စိတ်ခံစားချက် အသိအမြင်” ရရှိအောင် ဆောင်ရွက်ရပါသည်။ ဤအထဲတွင် စိတ်ခံစားချက်များနှင့် ၎င်းတို့က ကျွန်ုပ်တို့နှင့် အခြားသူများအပေါ် သက်ရောက်မှုကို သိရှိဖော်ထုတ်နိုင်စွမ်း လိုအပ်ပါသည်။ ဤသို့သိရှိမှုဖြင့် ကျွန်ုပ်တို့၏ စိတ်ခံစားချက်များကို အောင်မြင်စွာ စောင့်ကြည့်နိုင်စေပါသည်။ နောက်ဆုံးတွင် စိတ်ခံစားချက် အသိအမြင်သည် ကျွန်ုပ်တို့ကို မိမိနှင့် အခြားသူများအား ဒုက္ခပေးနိုင်သော စိတ်လိုက်မာန်ပါ အပြုအမူများမှ ရှောင်ရှားစေပါသည်။ တစ်ချိန်တည်းမှာပင် မိမိ၏ ရေရှည် အကောင်းဆုံး အကျိုးစီးပွားအတွက် သင့်တော်သော ဆုံးဖြတ်ချက်များ ချမှတ်ရန်လိုအပ်သည့် စိတ်တည်ငြိမ်မှုလည်း ရှိလာပါသည်။ ထို့ကြောင့် စိတ်ခံစားချက် အသိအမြင်သည် ကျွန်ုပ်တို့ ဖွံ့ဖြိုးတိုးတက်ရန် မရှိမဖြစ် စွမ်းရည်တစ်ခု ဖြစ်နေပါသည်။
ပုဂ္ဂိုလ်ရေး အပိုင်းတွင် သတိရှိခြင်း၊ ကရုဏာထားခြင်းနှင့် ထိတွေ့ဆက်ဆံခြင်း
SEE သင်ကြားမှု ဘာသာရပ်သည် သတိရှိခြင်း၊ ကရုဏာထားခြင်းနှင့် ထိတွေ့ဆက်ဆံခြင်း ဆိုသည့် ကျွမ်းကျင်မှုသုံးရပ်ကို ဖြည့်ဆည်းပေးပါသည်။ ယင်းတို့ကို “နယ်ပယ်များ” ဟုခေါ်ပါသည်။ ဤနယ်ပယ်များတွင် ကျွန်ုပ်တို့၏ ပုဂ္ဂိုလ်ရေး ပြဿနာများကို ဖြေရှင်းရန်၊ ပိုမိုရှုပ်ထွေးလာသော ကမ္ဘာကြီးကို ရင်ဆိုင်ရန်နှင့် တာဝန်သိသော ကမ္ဘာ့နိုင်ငံသား တစ်ယောက် ဖြစ်လာရန် အသိပညာ၊ ကျွမ်းကျင်မှုနှင့် စိတ်ဓာတ်စေ့ဆော်မှုတို့ အတူတကွ ပေးအပ်ပါသည်။ ပုဂ္ဂိုလ်ရေး နယ်ပယ်တွင် အပိုင်းသုံးပိုင်းကို မတူညီသော ရှုထောင့်သုံးခုမှ လေ့လာပါသည်-
- သတိရှိခြင်းနှင့် မိမိကိုယ်ကို သတိပြုမိခြင်း
- မိမိကိုယ်ကို ကရုဏာထားခြင်း
- မိမိကိုယ်ကို စည်းကမ်းထိန်းသိမ်းခြင်း
သတိရှိခြင်းနှင့် မိမိကိုယ်ကို သတိပြုမိခြင်း ဆိုသည်မှာ မိမိ၏ စိတ်ပိုင်း၊ ရုပ်ပိုင်း အခြေအနေများကို ပိုမိုသတိရှိလာစေရန် အာရုံစူးစိုက်မှုကို ဦးတည်ခြင်း ဖြစ်ပါသည်။ ထိုအထဲတွင် “စိတ်၏မြေပုံ” လမ်းညွှန်ချက်ဖြင့် မိမိ၏ စိတ်ခံစားချက်များ အကြောင်း လေ့လာမှုလည်း ပါဝင်ပါသည်။ ထို့နောက် မိမိကိုယ်ကို ကရုဏာထားခြင်း ဖြင့် ကျွန်ုပ်တို့သည် မိမိ၏ ခံစားချက်များနှင့် စိတ်ခံစားချက်များကို လေ့လာသင်ယူကာ ပိုမိုကျယ်ပြန့်သော ရှုထောင့်ဖြင့် ယင်းတို့ကို အဓိပ္ပာယ်ဖော်ကြည့်ပါသည်။ ထိုအထဲတွင် မိမိ၏ စိတ်ခံစားချက်များသည် အကြောင်းတရားနှင့် အခြေအနေမျိုးစုံကြောင့် ပေါ်ထွက်လာပုံကို လေ့လာမှု ပါဝင်ပြီး ထို့နောက်တွင် မိမိကိုယ်ကို လက်ခံမှု ဖြစ်လာစေနိုင်ပါသည်။ နောက်ဆုံးတွင် ပထမအမြင်နှစ်ခုမှ ရရှိသော အသိအမြင်များဖြင့် ကျွန်ုပ်တို့သည် စိတ်လိုက်မာန်ပါ မဖြစ်အောင် ထိန်းချုပ်တတ်ရန်၊ နေ့စဉ်ဘဝ စိန်ခေါ်မှုများကို ပိုပြီးအပြုသဘော တုံပြန်နိုင်ရန် မိမိကိုယ်ကို စည်းကမ်းထိန်းသိမ်းခြင်း ဆောင်ရွက်ပါသည်။
ခြုံကြည့်ပါက ပုဂ္ဂိုလ်ရေး နယ်ပယ်ရှိ ဤခေါင်းစဉ်များအားလုံးသည် စိတ်ခံစားချက် အသိအမြင် မွေးမြူခြင်း အနေနှင့် ရှုမြင်နိုင်ပါသည်။ ကျွန်ုပ်တို့၏စိတ်နှင့် စိတ်ခံစားချက်များ၏ အတွင်းလုပ်ငန်းများကို ညှိနှိုင်းနိုင်စွမ်း မရှိပါက အမြစ်တွယ်နေသော၊ မိမိကိုယ်ကို ပျက်စီးစေသော အလေ့အထပုံစံများကို ကျော်လွှားရန် မဖြစ်နိုင်ပါ။ ထိုအခါ မိမိကိုယ်ကို ထိန်းချုပ်နိုင်စွမ်းနှင့် လွတ်လပ်မှုတို့ကိုပင် ကန့်သတ်ပစ်ပါသည်။ တစ်ကိုယ်ကောင်း ဆန်မည့်အစား စိတ်ခံစားချက် ပျောက်ဆုံးခြင်း မဖြစ်စေဘဲ တိုးတက်အောင်မြင်အောင် ကူညီမည့်နည်းများဖြင့် ပြုမူစေရန်အတွက် မိမိကိုယ်ကို ပြုစုပျိုးထောင်စဉ်အတွင်း ဖော်ထုတ်သည် နည်းလမ်းနှင့် အစွမ်းအစများကို အသုံးပြုနိုင်ပါသည်။ ရှုထောင့်သုံးရပ်ကို ပို၍လေးနက်စွာ လေ့လာကြပါစို့-
သတိရှိခြင်းနှင့် မိမိကိုယ်ကို သတိပြုမိခြင်း
ပုဂ္ဂိုလ်ရေး နယ်ပယ်၏ ရည်မှန်းချက်သည် ကျွန်ုပ်တို့၏ ခန္ဓာနှင့် စိတ်ထဲတွင် ဖြစ်နေသောအရာကို ခန္ဓာနှင့် စိတ်အကြောင်း ပေးထားသော အချက်အလက်များဖြင့် ပထမလူအနေနှင့် သတိရှိမှုကို ပေါင်းစပ်နိုင်စွမ်း ရှိလာရန် ဖြစ်ပါသည်။ ဥပမာအားဖြင့် ခံစားချက်များနှင့် စိတ်ခံစားချက်များကို အလေးထားခြင်းဖြင့် မိမိ၏ တွေ့ကြုံခံစားရမှုတွင် ဒေါသကို သိရှိနိုင်ပါသည်။ တစ်ချိန်တည်းမှာပင် ဒေါသအကြောင်း၊ ဒေါသဖြစ်ပေါ်ပုံ၊ ယင်းကိုတည်ငြိမ်စေနိုင်ပုံတို့ကို အသိဉာဏ်ဖြင့် နားလည်လာပါသည်။ ဤသို့ တိုက်ရိုက် အတွေ့အကြုံနှင့် သင်ယူသော အသိပညာကို ပေါင်းစပ်ခြင်းသည် စိတ်ခံစားချက် အသိအမြင် ရရှိရန် ပထမအဆင့် ဖြစ်ပါသည်။ အာရုံစိုက်မှုနှင့် မိမိကိုယ်ကို သတိရှိမှုတွင် စွမ်းရည်သုံးရပ် ပါဝင်ပါသည်-
- မိမိခန္ဓာကိုယ်နှင့် အထိအတွေ့များကို အလေးထားခြင်း
- မိမိစိတ်ခံစားချက်များနှင့် ခံစားချက်များကို အလေးထားခြင်း
- စိတ်၏မြေပုံကို လိုက်နာခြင်း
မိမိခန္ဓာကိုယ်နှင့် အထိအတွေ့များကို အလေးထားခြင်း
အာရုံသိရှိမှုအဆင့်တွင် ကျွန်ုပ်တို့ခန္ဓာကိုယ်ထဲ၌ ဖြစ်နေသောအရာများကို အာရုံစိုက်ခြင်းဖြင့် စတင်ပါသည်။ ခန္ဓာကိုယ်သည် ကျွန်ုပ်တို့၏ အာရုံကြောစနစ် အခြေအနေကို အမြဲမပြတ် သတင်းပို့နေသောရင်းမြစ် ဖြစ်ပါသည်။ နှလုံးခုန်နှုန်း၊ ကြွက်သားများ တင်းခြင်း သို့မဟုတ် လျော့ခြင်း၊ အပူအအေး ခံစားချက်များ စသည့် ခန္ဓာကိုယ်တစ်ခုလုံးမှ အပြောင်းအလဲများသည် စိတ်ခံစားချက် အခြေအနေများနှင့် တွဲဖက်နေလေ့ ရှိသောကြောင့် ဖြစ်ပါသည်။ ခန္ဓာကိုယ် ထဲတွင် ဖြစ်နေသည်ကို သတိထားခြင်းဖြင့် တွေ့ကြုံမှု၏ စိတ်ပိုင်းဆိုင်ရာ အခြေအနေကိုသာ ချိန်ညှိခြင်းထက် စိတ်ခံစားချက်အခြေအနေကို တစ်ခါတစ်ရံ ပိုမိုမြန်ဆန်စွာ အသိပေး နိုင်ပါသည်။
ခန္ဓာကိုယ်၏ အာရုံသိမှုများကို သတိထား၍ ကျွန်ုပ်တို့၏ အာရုံကြောစနစ်ကို အလေးထားခြင်းဖြင့် စိတ်ဖိစီးမှုနှင့် ကျန်းမာမှု လက္ခဏာများကို တဖြေးဖြေး သိရှိလာပါသည်။ ကျွန်ုပ်တို့သည် အလွန်နှိုးဆွသည့် အခြေအနေလား (စိုးရိမ်သောက၊ အလွန်အမင်း ဒေါသဖြစ်မှု၊ စိတ်တုန်လှုပ်ခြင်း)၊ နှိုးဆွမှု လျော့နည်းသည့် အခြေအနေလား (လေးလံထိုင်းမှိုင်းခြင်း၊ စိတ်ဓာတ်ကျခြင်း) ဆိုသည်ကို ပိုမိုလျင်မြန်စွာ စတင်သတိပြုမိလာပါမည်။ ဤသို့ သတိရှိမှုသည် ခန္ဓာကိုယ် ညီမျှမှုရှိကာ စိတ်ပိုင်းဆိုင်ရာ ပြန်ကျန်းမာသည့် အခြေအနေ ရောက်လာအောင် လေ့လာရာတွင် ပထမအဆင့်ဖြစ်ပါသည်။ ယင်းတို့သည် မိမိနှင့် အခြားသူများ၏ အကောင်းဆုံး အကျိုးစီးပွားဖြင့် ပြုမူရန်အတွက် လိုအပ်ချက်များပင် ဖြစ်ပါသည်။
မိမိစိတ်ခံစားချက်များနှင့် ခံစားချက်များကို အလေးထားခြင်း
ခန္ဓာကိုယ်ကို အလေးထားကာ စည်းကမ်းသတ်မှတ်တတ်ပါက စိတ်ခံစားချက်များနှင့် ခံစားချက်များကို အလေးထားရန် အခြေခံ ဖြစ်လာပါသည်။ ခန္ဓာသည် ပို၍တည်ငြိမ်နေပါက စိတ်ကိုအာရုံစိုက်ရန် ပို၍လွယ်ကူပါသည်။
စိတ်ခံစားချက်များသည် အလွန်လျင်မြန်စွာ ဖြစ်ပေါ်နိုင်သလို မီးစကလေး တစ်စမှသည် တောမီးလောင်သလို ကြီးထွားနိုင်ပါသည်။ မီးစကလေးအဆင့် ဖြစ်သည့် အစောပိုင်းတွင် အပျက်သဘော စိတ်ခံစားချက်များကို သိရှိနိုင်ပါက ယင်းတို့ကို အတော်လေး လွယ်ကူစွာ ဖြေရှင်းနိုင်ပါသည်။ သို့သော် ဤသို့ဆောင်ရွက်ရန်အတွက် လက်ရှိ အခိုက်အတန့်တွင် ပေါ်ထွက်လာသော စိတ်ခံစားချက်များနှင့် ခံစားချက်များကို သိနိုင်စွမ်း ရှိဖို့လိုပါသည်။ ဤအစွမ်းအစကို သတိဖြင့်ရှုမှတ်မှုကဲ့သို့ ကျင့်ကြံမှုမှတစ်ဆင့် အချိန်ကြာလာသောအခါ သင်ယူတိုးတက်စေနိုင်ပါသည်။
စိတ်၏မြေပုံကို လိုက်နာခြင်း
စိတ်ခံစားချက် အနေအထားများကို လေ့လာနိုင်စေသည့် ရင်းမြစ်တစ်ခုဖြစ်သော စိတ်၏မြေပုံရှိခြင်းဖြင့် ကျွန်ုပ်တို့၏ စိတ်ခံစားချက်များနှင့် ခံစားချက်များကို သတိပြုမိခြင်းကို များစွာ အထောက်အကူ ပြုနိုင်ပါသည်။ စိတ်၏မြေပုံသည် စိတ်ခံစားချက်အုပ်စုအမျိုးမျိုး၊ ယင်းတို့၏ ဘုံလက္ခဏာရပ်များ၊ ယင်းတို့ကို ပေါ်ထွက်စေပြီး တိုးမြှင့်ပေးသောအရာများကို သိရှိစေနိုင်သည့် အချက်အလက်များ ပေးအပ်ပါသည်။ စိတ်ခံစားချက်အားလုံးသည် ပင်ကိုအရ အပျက်သဘော မဟုတ်ဘဲ အဆက်အစပ်နှင့် အခြေအနေအရ မသင့်တော်သောအခါ အပျက်သဘော ဖြစ်လာသည်ကို သိရှိရပါသည်။ ဥပမာအားဖြင့် ကြောက်ရွံ့မှုသည် အဆိပ်ရှိသောမြွေတစ်ကောင်နားသို့ မကပ်ရန် သတိပေးသောအခါ အပြုသဘော ဖြစ်နိုင်ပါသည်။ သို့သော် အမြဲတမ်း စိုးရိမ်သောက ဖြစ်နေသည့်အဆင့်သို့ ရောက်လာပါက အပျက်သဘော ဆောင်နိုင်ပါသည်။
စိတ်၏မြေပုံ အကူအညီဖြင့် စိတ်ခံစားချက် သတိရှိမှုကို မွေးမြူရာမှတစ်ဆင့် ကျွန်ုပ်တို့သည် စိတ်ဆွပေးမှုက ဒေါသ ဖြစ်စေနိုင်သည့် ပိုမိုနူးညံ့သော စိတ်ခံစားချက်အခြေအနေ ဖြစ်ကြောင်း၊ မထိန်းချုပ်သော ဒေါသသည် ဒေါသအိုး အကြီးအကျယ် ပေါက်ကွဲစေနိုင်ကြောင်း တွေ့လာရပါသည်။ နူးညံ့သော စိတ်ခံစားချက် အမျိုးမျိုးကို ထိန်းချုပ်မရသော စိတ်ခံစားချက် အခြေအနေများအဖြစ်သို့ မပြောင်းလဲမီ သိရှိနိုင်ခြင်းသည် ဟန်ချက်ညီသော စိတ်ကျန်းမာရေးအတွက် မရှိမဖြစ် အရည်အချင်းတစ်ရပ် ဖြစ်ပါသည်။
မိမိကိုယ်ကို ကရုဏာထားခြင်း
မိမိကိုယ်ကို ကရုဏာထားရှိခြင်းသည် မိမိကိုယ်ကို သနားခြင်း၊ အလိုလိုက်သော မိမိကိုယ်ကို ကျေးဇူးတင်ခြင်း သို့မဟုတ် မိမိကိုယ်ကို ယုံကြည်မှု မြင့်မားခြင်းတို့ မဟုတ်ပါ။ မိမိကိုယ်ကို ကရုဏာထားရှိခြင်းသည် အထူးသဖြင့် ကျွန်ုပ်တို့၏ အတွင်းစိတ်ဘဝနှင့် ပတ်သက်၍ စစ်မှန်သော မိမိကိုယ်ကို စောင့်ရှောက်မှု ဖြစ်ပါသည်။ ကျွန်ုပ်တို့၏ စိတ်ခံစားချက် များသည် ကျွန်ုပ်တို့၏ လိုအပ်ချက်များနှင့် ဆက်စပ်ပုံကို နားလည်လာရန် အရေးကြီးပါသည်။ ဤသို့သော စိတ်ခံစားချက် အသိအမြင်ဖြင့် မိမိကိုယ်ကို လက်ခံမှု ပိုရှိလာပါသည်။ အကြောင်းမှာ စိတ်ခံစားချက်များ ဘာကြောင့် ဘယ်လို ပေါ်ထွက်သည်ကို နားလည်လာကာ ယင်းတို့ကို မိမိ၏အကဲဖြတ်ချက် သိပ်မပါဘဲ ဆက်စပ်နိုင်သောကြောင့် ဖြစ်ပါသည်။ ထို့နောက် စိတ်ခံစားချက်များသည် ယာယီသာဖြစ်ကြောင်း၊ အဆက်အစပ်ဖြင့် ပေါ်ထွက်ကြောင်း၊ ကျွန်ုပ်တို့စိတ်၏ ပြောင်းလဲမရသော အစိတ်အပိုင်းတစ်ခု မဟုတ်ကြောင်း မြင်လာပါသည်။ ထိုသို့မြင်လာသောအခါ မိမိကိုယ်တိုင် ဆက်လက် ကြိုးစားအားထုတ်ရန် မိမိကိုယ်ကို ယုံကြည်မှုနှင့် စိတ်ဓာတ်စေ့ဆော်မှုတို့လည်း ရှိလာပါသည်။
မိမိကိုယ်ကို လက်ခံမှုနှင့် မိမိကိုယ်ကို ယုံကြည်မှုဆိုသည့် လက္ခဏာရပ် နှစ်ရပ်သည် ဝေဖန်မှုကို လက်ခံကာ ကျရှုံးမှုများကို အပြုသဘော၊ ခံနိုင်ရည်ရှိစွာ ဖြေရှင်းရန် အခြေခံအုတ်မြစ်ကို ဖန်တီးပေးပါသည်။ ထိုအခါ မိမိကိုယ်ကို အလွန်အမင်း ဝေဖန်မှု မိမိကိုယ်ကို တန်ဖိုးမထားမှုတို့ကြောင့် စိတ်ပျက်ရမှုကို ကာကွယ်ပေးပါသည်။ မိမိကိုယ်ကို ကရုဏာထားရှိမှုတွင် နှစ်ပိုင်း ရှိပါသည်-
- စိတ်ခံစားချက်များကို အဆက်အစပ်ဖြင့် နားလည်ခြင်း
- မိမိကိုယ်ကို လက်ခံခြင်း
မိမိကိုယ်ကို ကရုဏာထားရှိမှုသည် မိမိအစွမ်းအစများကို လက်တွေ့ကျသော အကဲဖြတ်မှုတွင် အခြေခံပါသည်။ မိမိကိုယ်ကို မကြင်နာပါက မစွမ်းဆောင်နိုင်သော အချိန်များတွင် ပိုမိုစွမ်းဆောင်နိုင်သင့်ကြောင်း ခံစားရနိုင်ပြီး စိတ်ပျက်မှု၊ အင်အားဆုတ်ယုတ်မှုတို့ ဖြစ်စေနိုင်ပါသည်။ လောကီအောင်မြင်မှုများအတွက် မိမိကိုယ်ကို အကဲဖြတ်မည့်အစား မိမိအားနည်းချက်များကို ရိုးသားမှု၊ နားလည်မှု၊ သည်းခံမှုတို့ဖြင့် အသိအမှတ်ပြုလာနိုင်ပါသည်။
စိတ်ခံစားချက်များကို အဆက်အစပ်ဖြင့် နားလည်ခြင်း
ကျွန်ုပ်တို့၏ စိတ်ခံစားချက်များသည် ကျွန်ုပ်တို့၏ တန်ဖိုးများ၊ လိုအပ်ချက်များ၊ မျှော်မှန်းချက်များနှင့် ဆက်စပ်ပုံဖြစ်သည့် ၎င်းတို့ကို အဆက်အစပ်ဖြင့် နားလည်ရန်အတွက် ဝေဖန်ပိုင်းခြားသော တွေးခေါ်မှုရှိရန် လိုအပ်ပါသည်။ ကျွန်ုပ်တို့၏ အတွင်းစိတ် လောကကို အလေးထားရန် ယခင်က လေ့လာခဲ့သလို ယခုဤနေရာတွင် အခြေအနေ တစ်ခုအပေါ် ကျွန်ုပ်တို့၏ စိတ်ခံစားချက်များ တုံ့ပြန်မှုကို ပြင်ပ နှိုးဆွမှုများကြောင့်သာမက မိမိ၏ ရှုထောင့်သဘောထားများကပါ နှိုးဆွပေးနိုင်ပုံကို လေ့လာပါသည်။ ဤရှုထောင့်သဘောထားများသည် မိမိကိုယ်ပိုင် လိုအပ်ချက်များကို ကိုယ်တိုင်သိမြင်မှု၌ အခြေတည်ပါသည်။ ဥပမာအားဖြင့် သေချာရေရာမှု မရှိနိုင်သော အခြေအနေတွင် ပိုမိုသေချာမှုကို တောင့်တရာမှ စိုးရိမ်မှု ဖြစ်လာနိုင်ပါသည်။ လေးစားခံရရန် လိုအပ်ချက်မှနေ၍ ဒေါသ ဖြစ်လာနိုင်ပါသည်။ အချိန်ပေးပြီး သည်းခံရန် လိုအပ်သော အခြေအနေတွင် ရုတ်တရက် ပြောင်းလဲလိုသော စိတ်ဆန္ဒမှနေ၍ မျှော်လင့်ချက် ကင်းမဲ့မှု ဖြစ်လာနိုင်ပါသည်။ ဤကိစ္စအားလုံးတွင် စိတ်ခံစားချက်များသည် မိမိ၏ သဘောထားနှင့် မျှော်မှန်းချက်များကြောင့် အဓိက ဖြစ်ပေါ်လာရပါသည်။
ဤသို့သိမြင်လာသောအခါ မိမိကိုယ်ပိုင် တန်ဖိုးကို သိရှိတန်ဖိုးထားကာ စွဲမြဲသော မိမိကိုယ်ကို တန်ဖိုးထားမှုနှင့် စိတ်ယုံကြည်မှုကို မွေးမြူနိုင်ပါသည်။ တစ်ချိန်တည်းမှာပင် မကောင်းမွန်သော မိမိကိုယ်ကို အကဲဖြတ်ချက် ဖြစ်စေနိုင်သည့် လက်တွေ့မဆန်သည့် မျှော်မှန်းချက်များကို သိရှိလာနိုင်ပါသည်။ စိတ်လှုပ်ရှား တုံ့ပြန်မှုများသည် တစ်ခါတစ်ရံ လိုအပ်ချက်များကြောင့် ပေါ်ထွက်လာသည်ကို သိသောအခါ ထိုလိုအပ်ချက်များကို အားလုံးအညီအမျှ မဟုတ်သည့်တိုင် စတင်ဝေဖန်ဆန်းစစ်လာနိုင်ပါသည်။ ဤအထဲတွင် မိမိတန်ဖိုးများနှင့် ထိုတန်ဖိုးများ ဖော်ပြနိုင်မည့်ဘဝကို နေထိုင်နိုင်စေမည့်အရာများကို ပိုမိုလေးနက်စွာ တန်ဖိုးထားခြင်းဖြင့် လိုအပ်ချက်များကို လိုချင်မှုများမှ ခွဲခြားမှုလည်း ပါဝင်ပါသည်။ ဤသည်မှာ ရေရှည်အဆင်ပြေမှု မရှိသော ရေတို လိုချင်မှုများနောက်သို့လိုက်ခြင်းနှင့် ကွဲပြားပါသည်။
မိမိကိုယ်ကို လက်ခံခြင်း
ကျွန်ုပ်တို့ လူမှုအဖွဲ့အစည်းများတွင် ဒေါသကို မြိုသိပ်လာသည့်အတွက် မိမိကိုယ်ကို လက်ခံခြင်းသည် အလွန် အရေးအကြီးပါသည်။ မိမိကိုယ်ကို အလွန်အမင်း ဝေဖန်ခြင်း၊ မိမိကိုယ်ကို မုန်းတီးခြင်း၊ မိမိကိုယ်ကို ရွံရှာခြင်းသည် တစ်ဦးချင်း ကျန်းမာပျော်ရွှင်ရေးကို အလွန်ပင် ထိခိုက်စေပြီး အခြားသူများကို ကြီးလေးသော အန္တရာယ်လည်း ဖြစ်စေနိုင်ပါသည်။ မိမိကိုယ်ကို ယုံကြည်မှုကို အားဖြည့်ပေးခြင်းမှာ အကောင်းဆုံးအဖြေ မဟုတ်ပါ။ မိမိကိုယ်ကို ယုံကြည်မှုသည် အခြားသူများနှင့် နှိုင်းယှဉ်မှုတွင် အခြေခံကာ မိမိကိုယ်ကို ယုံကြည်မှု မြင့်မားသည်ကို ခြိမ်းခြောက်ခံရသောအခါ အမျက်ထွက်မှုဖြင့် တစ်ခါတစ်ရံ ဖော်ပြမိပါသည်။ ပိုကောင်းသည့်နည်းလမ်းမှာ ကျွန်ုပ်တို့၏ စိတ်ခံစားချက်ဘဝနှင့် လိုအပ်ချက်များကို ပိုမိုနားလည်လာခြင်းဖြင့် အတွင်းစိတ် အင်အား၊ ခံနိုင်ရည်ရှိခြင်း၊ နှိမ့်ချခြင်းနှင့် သတ္တိတို့ မွေးမြူရန် ဖြစ်ပါသည်။ ထိုအခါ ပြီးပြည့်စုံမှု စံပြုသတ်မှတ်ချက်ကို ဖြေလျှော့ကာ မိမိနှင့် အခြားသူများကို လက်တွေ့ကျသော မျှော်မှန်းချက်များ ထားရှိလာစေပါသည်။
ခေတ်သစ် ယဉ်ကျေးမှုသည် လူမှုကွန်ရက် မီဒီယာ၊ ရုပ်မြင်သံကြား၊ ရုပ်ရှင် စသည်တို့မှနေ၍ လက်တွေ့မကျသော သိမြင်မှုများစွာ သင်ကြားပေးရာတွင် မယုံနိုင်လောက်အောင် ထိရောက်ပါသည်။ ကျွန်ုပ်တို့သည် မကြာခဏဆိုသလို မိမိကိုယ်ကို စံပြုထားသော နာမည်ကြီးသူများနှင့် နှိုင်းယှဉ်ခြင်း သို့မဟုတ် ကျွန်ုပ်တို့သည် မပြည့်စုံမှုနှင့် ကန့်သတ်မှုများ ကင်းဝေးသည့် “စူပါမင်း” သို့မဟုတ် “သူရဲကောင်း အမျိုးသမီး” ကဲ့သို့ ဆောင်ရွက်သင့်သည်ဟု ယုံကြည်ခြင်း ဖြစ်တတ်ပါသည်။ ဤသို့ ရရှိရန် မဖြစ်နိုင်သော စံသတ်မှတ်ချက်များကြောင့် မလိုအပ်သော စိတ်ဒေါသ ဖြစ်စေပါသည်။ ထိုအခါ စိတ်ပျက်မှုဖြစ်ပြီး စိတ်ဓာတ်ကျမှုနှင့် မိမိကိုယ်ကို အပြစ်တင်မှုတို့ ဖော်ပြလာပါသည်။ ရုပ်ပိုင်းဆိုင်ရာအရ မိမိကိုယ်ကို အန္တရာယ်ပေးမှု သို့မဟုတ် ပြင်ပသို့ မောက်မာမှု၊ အကြမ်းဖက်မှုတို့ ကျူးလွန်သည်အထိ ဖြစ်လာနိုင်ပါသည်။
ကျွန်ုပ်တို့၏ စိတ်ခံစားချက် ဘဝအကြောင်း အနည်းငယ်သာ သိရှိပါက စိန်ခေါ်မှုများ၊ အခက်အခဲများနှင့် ကျရှုံးမှုများကို သည်းခံရန် ပို၍ခက်ခဲပြီး အပြောင်းအလဲနှင့် အပြုသဘော ဆောင်ရွက်ရန် အခွင့်အလမ်းများကို ရှာဖွေလေ့ မရှိတော့ပါ။ မိမိ၏ အကန့်အသတ်များနှင့် ပတ်သက်၍ လက်တွေ့ကျသော ရှုထောင့်သည် ဤအဆိပ်အတောက် သံသရာကို ကျော်လွှားရန်အတွက် အထူးအရေးကြီးပါသည်။ ကျွန်ုပ်တို့၏ အခက်အခဲများ၊ ၎င်းတို့၏ သဘောသဘာဝနှင့် ဇစ်မြစ်များနှင့် ပတ်သက်၍ သည်းခံနားလည်ခြင်းဖြင့် ကျွန်ုပ်တို့သည် ဤစိတ်ဒဏ်ရာ အခြေအနေများနှင့် အပြုအမူများမှ ဝေးရာသို့ မိမိကိုယ်ကို ဦးတည်ရန် စိတ်ပါလာပါမည်။ တစ်ချိန်တည်းမှာပင် မိမိ သိ့မဟုတ် အခြားသူများက သတ်မှတ်သော မတိကျသည့် စံသတ်မှတ်ချက်များနှင့် ကိုက်ညီစေမည့် ကျွန်ုပ်တို့၏ စွမ်းဆောင်ရည် သို့မဟုတ် အစွမ်းအစပေါ်တွင် မူတည်ခြင်း မရှိသော မိမိကိုယ်ပိုင် တန်ဖိုးရှိသည်ကို သိရှိလာပါသည်။ ဤသို့ ပြင်ပအခြေအနေများ ပေါ်တွင် မမှီခိုသည့် မိမိကိုယ်ပိုင်တန်ဖိုး အသိသည် ခံနိုင်ရည်ရှိရန်အတွက် အားကောင်းသော ပံ့ပိုးမှု ဖြစ်ပါသည်။
စိတ်ပျက်မှုနှင့် စိတ်ညစ်မှု အချို့အတိုင်းအတာအထိ ရှောင်လွှဲ၍မရသည့်အချက်ကို တွေးတောခြင်းဖြင့် ဤသို့ မိမိကိုယ်ကို လက်ခံမှုမျိုးကို မွေးမြူနိုင်ပါသည်။ အရာရာတွင် အကောင်းဆုံးဖြစ်ရန်၊ အမြဲတမ်း အနိုင်ရရန်၊ အားလုံးကို သိရှိရန် သို့မဟုတ် အမှားလုံးဝ မကျူးလွန်မိရန် မဖြစ်နိုင်ပါ။ ဤသို့ရင်ဆိုင်ရသည်မှာ ကျွန်ုပ်တို့သာလျှင် မဟုတ်ပါ။ ယင်းတို့မှာ အားလုံးအတွက် ဘဝ၏မှန်ကန်သောအချက်များ ဖြစ်နေပါသည်။
မိမိကိုယ်ကို စည်းကမ်းထိန်းသိမ်းခြင်း
ပြီးခဲ့သော အပိုင်းနှစ်ပိုင်းတွင် ဖော်ပြခဲ့သည့် ခေါင်းစဉ်များနှင့် ကျင့်ကြံမှုများသည် မိမိကိုယ်ပိုင် စည်းကမ်းအတွက် အခြေခံဖြစ်ပါသည်။ မိမိကိုယ်ပိုင် စည်းကမ်းဆိုသည်မျာ ကိုယ်၊ စိတ်နှင့် စိတ်ခံစားချက်များနှင့် ပတ်သက်၍ ရရှိသည့် အသိအမြင်နှင့် သတိရှိမှုတို့ကို အားဖြည့်ပေးသော ကျင့်ကြံမှုများနှင့် အပြုအမူများကို ဆိုလိုပါသည်။ ဤနေရာတွင် ရည်မှန်းချက်မှာ ကျွန်ုပ်တို့သည် မိမိစိတ်ခံစားချက်များကို အောင်မြင်စွာ ကျော်လွှားနိုင်ခြင်းဖြင့် မိမိနှင့် အခြားသူများအတွက် ယင်းတို့ကြောင့် မလိုအပ်သော ပြဿနာများ မဖြစ်ပေါ်စေတော့ပါ။ ကျွန်ုပ်တို့၏ စိတ်ခံစားချက်များသည် အတားအဆီးများ မဟုတ်တော့ဘဲ ကျွန်ုပ်တို့၏ မဟာမိတ်များ ဖြစ်လာပါသည်။ မိမိကိုယ်ပိုင် စည်းကမ်းကို အစိတ်အပိုင်းသုံးခုဖြင့် ဖွဲ့စည်းထားပါသည်-
- ခန္ဓာကိုယ် ဟန်ချက်ညီခြင်း
- သိမှုနှင့် စိတ်လိုက်မာန်ပါ မဖြစ်အောင် ထိန်းချုပ်မှု
- စိတ်ခံစားချက်များကို ကျော်လွှားခြင်း
ခန္ဓာကိုယ် ဟန်ချက်ညီခြင်း
ကျွန်ုပ်တို့သည် စိတ်ဖိစီးခြင်း သို့မဟုတ် နှိုးဆွမှု လွန်ကဲခြင်း သို့မဟုတ် လျော့နည်းခြင်းတို့ ရှိနေပါက ကျွန်ုပ်တို့ စိတ်ခံစားချက်များကို အောင်မြင်စွာ ကျော်လွှားရန် လိုအပ်သော သိမှုနှင့် စိတ်လိုက်မာန်ပါ မဖြစ်အောင် ထိန်းချုပ်မှုကို မွေးမြူရန် ခက်ပါသည်။ ခန္ဓာကိုယ် ရုပ်ပိုင်းဆိုင်ရာ စည်းကမ်းထိန်းချုပ်မှုအချို့ မရှိဘဲ စိတ်တည်ငြိမ်ရှင်းလင်းမှု ပေါ်ထွက်ရန် မဖြစ်နိုင်ပါ။ ထို့ကြောင့် ခန္ဓာကိုယ် ဟန်ချက်ညီစေသော ကျင့်ကြံမှုများသည် ကျွန်ုပ်တို့အား များစွာ အကျိုးပြုပါသည်။ ကျွန်ုပ်တို့သည် ငယ်ရွယ်စဉ်ဘဝက ဒဏ်ရာ သို့မဟုတ် မကောင်းသည့် အတွေ့အကြုံများ ခံစားထားရလျှင်ဖြစ်စေ၊ နှစ်သက်ဖွယ် မကောင်းသော အခြေအနေများတွင် နေထိုင်ရလျှင်ဖြစ်စေ ခန္ဓာကိုယ် ဟန်ချက်ညီစေခြင်းသည် အထူးသဖြင့် အရေးကြီးသောအဆင့် ဖြစ်ပါသည်။
ခန္ဓာကိုယ် ဟန်ချက်ညီစေကာ ဖြေလျှော့ခြင်းနှင့် အိပ်ပျော်အောင် ပြုလုပ်ခြင်းတို့ကို ကွဲပြားရန် လိုပါသည်။ ဤနေရာတွင် ရည်ရွယ်သည်မှာ အာရုံစိုက်မှုနှင့် သင်ယူမှုကို အားပေးသည့် ကိုယ်၊ စိတ် စည်းကမ်းသတ်မှတ်သည့် အခြေအနေ ဖြစ်ပေါ်စေရန် ဖြစ်ပါသည်။ ဤသည်မှာ နှေးကွေး၊ အိပ်ငိုက်ပြီး ထိုင်းမှိုင်းသော အခြေအနေ မဟုတ်ဘဲ တက်ကြွ၊ ခံနိုင်ရည်ရှိပြီး ဟန်ချက်ညီသော အခြေအနေ ဖြစ်ပါသည်။
ခန္ဓာကိုယ် ဟန်ချက်ညီစေရန် ပထမအဆင့်သည် စိတ်ချရသောနေရာတစ်ခု ဖန်တီးခြင်း ဖြစ်ပါသည်။ ယုံကြည်မှုနှင့် လုံခြုံမှု အသိမရှိပါက ကျွန်ုပ်တို့သည် အလွန်နိုးကြားသည့် အခြေအနေတွင် ဆက်ရှိနေပါသည်။ သို့သော် စိတ်ချလက်ချ ဖြစ်သောအခါ မိမိအတွေးနှင့် ခံစားချက်များကို စူးစမ်းလိုစိတ်ဖြင့် လွတ်လွတ်လပ်လပ် လေ့လာနိုင်ပါသည်။ မှန်းဆနိုင်မှုဖြင့် လုံခြုံမှုကို ဖန်တီးနိုင်ပါသည်။ တစ်သမတ်တည်း အပြုအမူဖြင့် မှန်းဆနိုင်မှုကို ဖန်တီးနိုင်ပါသည်။ ဤနေရာတွင် တစ်သမတ်တည်း ဖြစ်မှုသည် မိမိကိုယ်ကို တင်းကျပ်မှု မဟုတ်ဘဲ မိမိကိုယ်ကို နားလည်မှုနှင့် ကရုဏာဖြင့် ကိုင်တွယ်ဖြေရှင်းရန် ဖြစ်ပါသည်။
ခန္ဓာကိုယ် ဟန်ချက်ညီစေခြင်းနှင့် စိတ်ချရသောအသိ ဖန်တီးခြင်းကို အောက်ပါတို့က ပံ့ပိုးပေးပါသည်-
- ရင်းမြစ်ရယူခြင်း ဆိုသည်မှာ အပြင်မှဖြစ်စေ၊ အတွင်းမှဖြစ်စေ “ရင်းမြစ်များ” ရယူခြင်းဖြစ်သည်။ အပြင် ရင်းမြစ်များသည် သူငယ်ချင်း၊ နှစ်သက်သောနေရာ၊ နှစ်သက်ဖွယ် အမှတ်တရ၊ ချစ်စရာ အိမ်မွေးတိရစ္ဆာန် စသည်တို့ ဖြစ်နိုင်ပါသည်။ အတွင်း ရင်းမြစ်များသည် ကျွန်ုပ်တို့မှာ ရှိသည့် ကျွမ်းကျင်မှု သို့မဟုတ် ဟာသဉာဏ်ရှိခြင်းကဲ့သို့ မိမိ၏ အပြုသဘော အစိတ်အပိုင်းအချို့ သို့မဟုတ် ကြံ့ခိုင်သန်စွမ်းသည်ဟု ခံစားရသော ခန္ဓာကိုယ် အစိတ်အပိုင်း ဖြစ်နိုင်ပါသည်။ ကျွန်ုပ်တို့၏ ရင်းမြစ်များကို အမှတ်ရခြင်းဖြင့် ခံနိုင်ရည်ရှိမှု၊ လုံခြုံမှုနှင့် အဆင်ပြေမှုတို့ကို ရရှိစေပါသည်။ ထိုသို့ရရှိလာသည်နှင့် ကျွန်ုပ်တို့၏ ရင်းမြစ်များကို တွေးတောသောအခါ ကျွန်ုပ်တို့၏ အထိအတွေ့များကို ထောက်လှမ်းနိုင်ပြီး ယင်းကို ကျွန်ုပ်တို့ စိတ်ဖိစီးမှု သို့မဟုတ် စိုးရိမ်မှု ဖြစ်သောအခါ ကျွန်ုပ်တို့ခန္ဓာကိုယ်၏ ခံစားရပုံများနှင့် နှိုင်းယှဉ်နိုင်ပါသည်။
- အခြေခိုင်စေခြင်း ဆိုသည်မှာ ကျွန်ုပ်တို့ကို အခြေခိုင်စေသော အရာဝတ္ထု သို့မဟုတ် ခန္ဓာကိုယ် အထောက်အပံ့ရသည်ဟု ခံစားရသောနေရာကို ထိတွေ့ဆုပ်ကိုင်ခြင်း ဖြစ်ပါသည်။ ထိုအရာဝတ္ထု သို့မဟုတ် ထောက်ပံ့မှုကို ခံစားရပုံကို အာရုံစိုက်ကာ ခန္ဓာကိုယ် အနေအထား ပြောင်းလဲရင်း ကျွန်ုပ်တို့ ခံစားချက်များ ပြောင်းလဲပုံကို ကြိုးစားသတိထားကြည့်ပါသည်။
- လှုပ်ရှားမှုများ ထဲတွင် ယောဂ၊ ထိုက်ချိ၊ သီချင်းနားထောင်ခြင်း၊ ပုံဆွဲခြင်းနှင့် ဒိုင်ယာရီရေးခြင်း စသည်တို့သည် ကျွန်ုပ်တို့ကို ခန္ဓာကိုယ် ဟန်ချက်ညီစေသည့် ပိုပြီး စနစ်ကျသော နည်းလမ်းများဆီသို့ ကူးပြောင်းနိုင်ရန် နည်းလမ်းကောင်းများ ဖြစ်ပါသည်။ အဟောင်းဆုံးနှင့် အရိုးရှင်းဆုံး နည်းလမ်းဖြစ်သည့် ဝင်လေထွက်လေကို ရေတွက်ကာ အသက်ပြင်းပြင်းရှူခြင်းကိုလည်း အသုံးပြုနိုင်ပါသည်။
သိမှုနှင့် စိတ်လိုက်မာန်ပါ မဖြစ်အောင် ထိန်းချုပ်မှု
ဘဝတွင် အောင်မြင်ရန်အတွက် အလုပ်ကိစ္စများကို အမြဲစိတ်မပျံ့လွင့်ဘဲ အာရုံစိုက်ထားနိုင်ဖို့ လိုအပ်ပါသည်။ အရေးကြီးသော အစည်းအဝေးများတွင် အာရုံစိုက်နိုင်စွမ်းသာမက အကျိုးယုတ်စေမည့် မိမိ၏ အတွေးနှင့် အပြုအမူများကို သတိပြုနိုင်စွမ်းလည်း ပါဝင်ပါသည်။ ကျွန်ုပ်တို့၏ စိတ်ဆန္ဒများကို ထိန်းချုပ်ကာ ယင်းတို့အတိုင်း မပြုမူခြင်းသည် ကျွန်ုပ်တို့၏ အာရုံစိုက်မှုကို စိတ်ပျံ့လွင့်မှုများနောက်သို့ မလိုက်ပါဘဲ ထိန်းထားနိုင်သည့်အဆင့်အထိ မွေးမြူနိုင်ခြင်းအပေါ်၌ မူတည်ပါသည်။ အရေးအကြီးဆုံးအချက်မှာ ဤနေရာတွင် အာရုံစိုက်မှု ဆိုသည်မှာ အတွင်းသို့ အာရုံစိုက်ကာ ကိုယ်၊ စိတ် အပြောင်းအလဲများ ဖြစ်လာပါက ထောက်လှမ်းသိရှိနိုင်စွမ်းကို ဆိုလိုပါသည်။ ကျွန်ုပ်တို့၏ အာရုံစိုက်မှုကို လေ့ကျင့်ပေးသောအခါ နှိုးဆွမှုနှင့် တုံ့ပြန်မှုအကြား ကွက်လပ်တစ်ခု ဖန်တီးတတ်လာပါသည်။ ထိုကွက်လပ်တွင် ပိုပြီး စဉ်းစားချင့်ချိန်သည့် တုံ့ပြန်မှုကို ဆောင်ရွက်နိုင်ပါသည်။
ရေရှည်ရည်မှန်းချက်များ ဆောင်ရွက်ကာ ရင်ဆိုင်ရသော စိန်ခေါ်မှုများကို အောင်မြင်စွာ စီမံထိန်းချုပ်လိုပါက ထိုစွမ်းရည်မျိုး လိုအပ်ပါသည်။ မိမိ၏ အာရုံစိုက်မှုကို ဆရာ သို့မဟုတ် အလုပ်ရှင်အပေါ် အာရုံစိုက်ခြင်းထက်ပိုသည့် အာရုံစိုက်မှုမျိုးဖြင့် ကောင်းစွာ ထိန်းချုပ်နိုင်သောအခါ သိမှုလုပ်ငန်းနှင့် စိတ်ခံစားချက်များကို ထိန်းချုပ်လာနိုင်ပြီး မိမိအပြုအမူများကို ပို၍မှန်ကန်လာပါသည်။ ဤနည်းဖြင့် ဘဝတွင် ထူးချွန်မှုကို ရရှိခံစားနိုင်ပါသည်။
ကျွန်ုပ်တို့၏ အာရုံစိုက်မှုကို တိုးမြှင့်ပေးသော မဟာဗျူဟာများစွာ ရှိပါသည်။ သတ်မှတ်အရာဝတ္ထုများကို အာရုံစိုက်ခြင်း၊ ကိုယ်နှင့် စိတ်တွင် ဖြစ်ပျက်နေသည်များကို သတိရှိခြင်း၊ မိမိအတွေးနှင့် စိတ်ခံစားချက်များကို သတိထားခြင်းတို့ဖြင့် “အပြည့်အဝ အာရုံထား” တတ်လာနိုင်ပါသည်။
စိတ်ခံစားချက်များကို ကျော်လွှားခြင်း
ခန္ဓာကိုယ် ဟန်ချက်ညီစေခြင်းနှင့် သိမှုထိန်းချုပ်ခြင်းတို့မှ ရရှိသော ကျွမ်းကျင်မှုများကို အသုံးပြုကာ ကျွန်ုပ်တို့၏ စိတ်ခံစားချက်များကို ကျော်လွှားပါသည်။ ဤနောက်ဆုံး အဆင့်တွင် အသိပညာမှ လက်တွေ့ ကျင့်ကြံမှု ပါဝင်ပြီး စိတ်ခံစားချက် အသိအမြင်၏ နောက်ဆုံးအဆင့် ဖြစ်ပါသည်။
ဤနေရာတွင် စိတ်ခံစားချက်များ ဝေဖန်ဆန်းစစ်မှု ပြုလုပ်ပါသည်။ ဤသည်မှာ စိတ်ခံစားချက်များက မိမိနှင့် အခြားသူများကို အကျိုးရှိပြီး အထောက်အကူသောအခါနှင့် မိမိနှင့် အခြားသူများကို အဆိပ်အတောက်ဖြစ်ပြီး အန္တရာယ် ပေးလာသောအခါ အသိအမှတ်ပြုနိုင်စွမ်း ဖြစ်ပါသည်။ ကျွန်ုပ်တို့၏ ကိုယ်ပိုင် အတွေ့အကြုံကို တွေးတောခြင်းနှင့် ကျွန်ုပ်တို့၏ စိတ်၏မြေပုံကို အသုံးပြုခြင်းဖြင့် ထိုသို့ဆောင်ရွက်နိုင်ပါသည်။ စိတ်ခံစားချက်များများသည် အတိတ်တွင် ပေါ်ထွက်ခဲ့ပုံနှင့် ယင်းတို့ကြောင့် ရရှိသည့် ရလဒ်များကို လေ့လာကြည့်သောအခါ အပြုသဘောနှင့် အပျက်သဘော စိတ်ခံစားချက်များကို အလိုလို နားလည်လာပါသည်။ ထိုအခါ မိမိနှင့် အခြားသူများကို အန္တရာယ် ဖြစ်စေနိုင်သည့် စိတ်အခြေအနေများအပေါ် သတိထားမိလာပါသည်။ မိမိထံတွင် မည်သည့် သဘောထားများ ပိုဖြစ်စေလိုသည်ကို လည်းကောင်း၊ မည်သည့် သဘောထားများကို ပြောင်းလဲလိုသည်ကိုလည်းကောင်း ဆုံးဖြတ်လာနိုင်ပါသည်။ စိတ်ခံစားချက်များကို သိရှိထိန်းချုပ်ရာတွင် ကျွမ်းကျင်လာသောအခါ စိတ်အားထက်သန်မှု၊ သတ္တိနှင့် မိမိကိုယ်ကိုယုံကြည်မှု တိုးမြှင့်ခြင်းတို့ စတင်ရရှိခံစားလာရပါတော့သည်။
အကျဉ်းချုပ်
ကျွန်ုပ်တို့၏ စိတ်၊ စိတ်ခံစားချက်များနှင့် ခံစားချက်များကို နားလည်သဘောပေါက်ခြင်း ဖြစ်သည့် စိတ်ခံစားချက် အသိအမြင် ရရှိခြင်းသည် မိမိကိုယ်ကို ယုံကြည်မှု ကောင်းမွန်သော အသိနှင့် ကျွန်ုပ်တို့၏ စိတ်ခံစားချက်များ အာလုံးကို ဖြေရှင်းနိုင်စွမ်း ရရှိရေးလမ်းတွင် လိုအပ်သော အဆင့်တစ်ဆင့် ဖြစ်ပါသည်။ ကျွန်ုပ်တို့၏ စိတ်ခံစားချက်များသည် ပင်ကိုမဟုတ်ကြောင်း နားလည်လာသောအခါ ယင်းတို့ကို အောင်မြင်စွာ ဖြေရှင်းနိုင်ပြီး မိမိကိုယ်ကို လက်ခံလာပါသည်။ ဒေါသထွက်ခြင်း သို့မဟုတ် စိတ်ဓာတ်ကျပြီး ဝမ်းနည်းခြင်း တို့အတွက် အပြစ်ရှိသလို ခံစားနေစရာ မလိုသည်ကို မြင်လာပါမည်။ စိတ်၏မြေပုံကို ရရှိကာ စိတ်ခံစားချက် အမျိုးမျိုး၏ အကြောင်းအကျိုးကို နားလည်လာသည်နှင့် စိတ်ငြိမ်းချမ်းမှု ရရှိစေသောအရာ၊ ဒေါသဖြစ်စေသောအရာတို့ကို မိမိကိုယ်တိုင် တွေ့ရှိလာပါသည်။ အပျက်သဘော စိတ်ခံစားချက်များ အတွက်လည်း သတိပြုမိပြီး ထိန်းချုပ်မရသည့်အဆင့် မရောက်မီ ကုစားမှုများ ဆောင်ရွက်နိုင်စွမ်း ရှိလာပါသည်။ ဤသို့လေ့ကျင့်ခြင်းဖြင့် မိမိကိုယ်ကို ယုံကြည်မှု ရရှိကာ မိမိအစွမ်းအစကို ရရှိအောင်မြင်လာနိုင်ပါသည်။
ဆက်လက်လေ့လာလိုပါက SEE သင်ယူမှု မူဘောင် အပြည့်အစုံ ကို ဖတ်ရှုကာ စူးစိုက်လေ့လာ သိပ္ပံပညာနှင့် ကရုဏာအခြေခံ ကျင့်ဝတ်ဆိုင်ရာ ဌာန၏ အခြားအစီအစဉ်များ အကြောင်း လေ့လာနိုင်ပါသည်။