ဒေါသကို ကိုင်တွယ်ဖြေရှင်းရန် ဗုဒ္ဓဘာသာ၏ လမ်းညွှန်ချက် ၈ ချက်

Study buddhism 8 buddhist tips dealing with anger

ကျွန်ုပ်တို့သည် ဒေါသကို ဖော်ထုတ်ပြသရမည်ဟု ယနေ့ခေတ်တွင် လမ်းညွှန်ထားကြပါသည်။ သို့သော် ဗုဒ္ဓမြတ်စွာက ထိုသို့မဟောကြားပါ။ ဒေါသအလျှောက် ပြုမူခြင်းဖြင့် နောင်တွင် အလွယ်တကူ ဒေါသထွက်မိလာပြီး ထိုသံသရာသည် မဆုံးနိုင်တော့ပါ။ ဗုဒ္ဓမြတ်စွာက ကျွန်ုပ်တို့ကို တိတ်တိတ်နေရန် သို့မဟုတ် ကျွန်ုပ်တို့စိတ်ခံစားချက်များ အလွန်အကျွံ ဖော်ထုတ်ရန်လည်း မဟောကြားပါ။ သို့သော် ယင်းတို့ကို ဆန်းစစ်လေ့လာပြီး မှားယွင်းသော အတွေးအခေါ်ကို နားလည်သဘောပေါက်လာစေရန် အကြံပြုထားပါသည်။

မေတ္တာ၊ ကရုဏာ၊ သည်းခံခြင်းတို့အကြောင်း ဗုဒ္ဓဘာသာဝင်တို့က အလွန်ပြောကြသော်လည်း ဘုန်းတော်ကြီး ဒလိုင်းလားမားကဲ့သို့ ဆရာတော်ကြီးများက မကြာခဏ ဒေါသထွက်သည်ကို ဝန်ခံသောအခါ ကျွန်ုပ်တို့အတွက် မျှော်လင့်ချက်များ ရှိပါဦးမည်လား။ ဒေါသထွက်ခြင်းမှာ လုံးဝပုံမှန် ဖြစ်သည်ဟု သိပ္ပံပညာက ဆိုပါသည်။ စိတ်ပညာရှင်များက ကျွန်ုပ်တို့ဒေါသကို ထုတ်ဖော်လိုက်ရန် အကြံပြုထားပြန်သည်။ ဘာသာတရား အချို့ကတွင် သင့်တော်သော ဒေါသထွက်မှုပင် ရှိသည်ဟု ဆိုပါသည်။ ဗုဒ္ဓဘာသာမှာမူ ဒေါသသည် ဘယ်တော့မှ အကျိုးမပြုကြောင်း ရှင်းပြထားပါသည်။

၈ ရာစုနှစ်က ဗုဒ္ဓဘာသာ ပညာရှင် ရှန်တီဒေဝက ဒေါသဟူသည် ကျွန်ုပ်တို့ ကြိုးစားဖန်တီးထားသော ကောင်းခြင်းများကို ဖျက်ဆီးပစ်နိုင်စွမ်း ရှိသည့် အစွန်းအရောက်ဆုံး အပျက်သဘော အားတစ်ခု ဖြစ်သည်ဟု ဖော်ပြပါသည်။ ထိုအချက်ကို စဉ်းစားကြည့်ပါ။ ခဏတာ ဒေါသ ထွက်ခြင်းနှင့် သေနတ်တစ်လက် ရှိခြင်းတို့ ပေါင်းစပ်သောအခါ လွတ်လပ်မှုရှိနေသူ တစ်ယောက်၏ ဘဝကို တစ်သက်တစ်ကျွန်း ထောင်နန်းစံသွားရသည်အထိ လုံးဝ ပြောင်းလဲပစ်နိုင် ပါသည်။ ပိုပြီး အတွေ့များသည့် နမူနာတစ်ခုမှာ ဆယ်စုနှစ်ပေါင်းများစွာ တည်ဆောက်ခဲ့သော ပေါင်းသင်းဆက်ဆံရေးနှင့် ယုံကြည်မှုကို ဒေါသက ဖျက်စီးပုံ ဖြစ်ပါသည်။ အဆုံးစွန်အားဖြင့် ဒေါသဟူသည် ကမ္ဘာကြီး၏ ဗုံးများ၊ လက်နက်များ၊ ဓားများ အားလုံးထက်ပို၍ပင် အန္တရာယ် များပါသည်။

ဒေါသဟူသည် စိတ်၏ ပျော်ရွှင်မှု အခြေအနေ မဟုတ်ကြောင်း ကျွန်ုပ်တို့ သိထားသော်လည်း ထိုအတွက် ဘာဆောင်ရွက်နိုင်မည်နည်း။ ဗုဒ္ဓဘာသာတွင် ကျွန်ုပ်တို့၏ စိတ်ကို ပြုပြင်ပြောင်းလဲပေးမည့် ရိုးရှင်းသော နည်းလမ်းများစွာ ပေးထားပါသည်။ သတိပြုရန်မှာ တန်ခိုးမှော်အစွမ်းတော့ မဟုတ်ပါ။ ဒေါသနှင့်ပတ်သက်၍ ဗုဒ္ဓဘာသာဆိုင်ရာ လမ်းညွှန်ချက် ၈ ချက်မှာ-

၁။ ဘဝသံသရာ

လွန်ခဲ့သောနှစ်ပေါင်း ၂၅၀၀ က ဗုဒ္ဓ၏ တရားဉီးတွင် ဘဝ၏ နှစ်လိုဖွယ်မကောင်းခြင်းကို အတိအလင်း ဟောကြားပါသည်။ မှန်ပါသည်။ ကျွန်ုပ်တို့ဘဝသည် ဘယ်တော့မှ စိတ်ကျေနပ်ဖွယ် ကောင်းမည်မဟုတ်ပါ။

ကျွန်ုပ်တို့ မွေးဖွားလာပြီး သေဆုံးကြရသည်။ ကြားကာလတွင် ဝမ်းသာသောအချိန်နှင့် ဝမ်းနည်းသောအချိန်များ ရှိသည်။ မည်သို့မျှ မခံစားရသော အချိန်များလည်း ရှိချင်ရှိပါမည်။ ဤသည်မှာ ဗုဒ္ဓဘာသာက ‘‘သံသရာ’’ ဟုခေါ်သည့် အဆုံးမသတ်နိုင်သော စက်ဝန်းဖြစ်ပါသည်။ ဤလောကသို့ ရောက်လာသူတိုင်း ဘဝသည် ပျော်စရာကောင်းပြီး အဆက်မပြတ် ပျော်ရွှင်နေကြောင်း၊ လိုချင်သည့်အရာအားလုံး အမြဲရနေကြောင်း မပြောကြပါ။ သံသရာတွင် ကျွန်ုပ်တို့၏ အခြေအနေကို နားလည်လာသောအခါ အခြားသူများကိုလည်း နားလည်လာစေပါသည်။

ဤနေရာတွင် ကျွန်ုပ်တို့အားလုံး တူညီပါသည်။ အခြေအနေများ၊ အခြားသူများ သို့မဟုတ် မိမိကိုယ်ကို ဒေါသ ထွက်ခြင်းသည် ဘာကိုမျှ အကျိုးမရှိပါ။ အခြားသူများက ကျွန်ုပ်တို့ မနှစ်သက်တာကို ပြောဆို လုပ်ကိုင်နိုင်ပါသည်။ သူတို့ဘဝသည်လည်း အဆင်ပြေသည်မဟုတ်ပါ။

ဤသို့ တွေးလိုက်ခြင်းဖြင့် ကျွန်ုပ်တို့၏ ရှုမြင်မှုကို အခြေခံကျကျ ပြောင်းလဲလိုက်ပါသည်။ ကျွန်ုပ်တို့ အားလုံးသည် ကျွန်ုပ်တို့စကြဝဠာ၏ ဗဟိုချက် ဖြစ်နေလျှင်ပင် အရာအားလုံး ကျွန်ုပ်တို့ ဖြစ်ချင်သလို အတိအကျ ဖြစ်ရမည်ဟု တပ်အပ် မပြောနိုင်ပါ။

၂။ သည်းခံခြင်းဖြင့် သူရဲကောင်း ဆန်ပါ။

အနှောင့်အယှက်ပေးသော စိတ်ခံစားချက်များသည် ယင်းတို့၏ ဆန့်ကျင်ဘက်ဖြင့် ကျော်လွှားလျှင် အကောင်းဆုံး ဖြစ်ပါသည်။ မီးကိုမီးနှင့်တိုက်လျှင် မရပါ။ အဘယ်ကြောင့်နည်း။ ကျွန်ုပ်တို့၏ စိတ်သည် ဆန့်ကျင်ဘက် စိတ်ခံစားချက် နှစ်မျိုးကို တစ်ပြိုင်နက် ဆုပ်ကိုင်၍ မရသည့်အတွက် ဖြစ်ပါသည်။ တစ်စုံတစ်ယောက်ကို အော်ဟစ်လိုက်ပြီး တစ်ချိန်တည်းမှာပင် ထိုသူကို သည်းခံနိုင်မည် မဟုတ်ပါ။ ထိုသို့ပြုလုပ်လျှင် အဆင်မပြေပါ။ သည်းခံခြင်းသည် အခြားသူများကို မိမိအား နင်းခြေခွင့်ပေးပြီး သူတို့လိုချင်တာ ပေးလိုက်ခြင်းကဲ့သို့ အားနည်းသည့် လက္ခဏာဟု အတော်များများက ထင်ကြပါသည်။ သို့သော် အမှန်တရားက များစွာခြားနားပါသည်။ ကျွန်ုပ်တို့ စိတ်အနှောင့်အယှက် ဖြစ်သောအခါ အော်ငေါက်ပစ်ရန် အလွန်လွယ်ကူပါသည်။ ထို့ပြင် စိတ်တည်ငြိမ်ပြီး ကျွန်ုပ်တို့ စိတ်ခံစားချက်များကို ထိန်းချုပ်ရန် မည်မျှ ခက်ခဲပါသနည်း။ ကိုယ့်စိတ်ခံစားချက်အတိုင်း လိုက်ခြင်းသည် ကျွန်ုပ်တို့ကို သူရဲကောင်းများ မဖြစ်စေပါ။ အားနည်းစေပါသည်။ ထို့ကြောင့် နောက်တစ်ခါ သင်ဒေါသတကြီး အော်ဟစ်မိတော့မည်ဆိုလျှင် သည်းခံခြင်း လက်နက်ကို ဆွဲထုတ်ပြီး သင့်ကိုယ်ပိုင် ဒေါသကိုသာ တိုက်ထုတ်ပစ်လိုက်ပါ။

မည်သို့ တိုက်ထုတ်ကြမလဲ။ ကျွန်ုပ်တို့ တင်းကျပ်နေသောအခါ နက်ရှိုင်းသော ဝင်လေထွက်လေ ရှူရှိုက်မှုကို ကြိုးစားကြည့်နိုင်ပါသည်။ ဤသည်မှာ ဒေါသထွက်ချိန်တွင် အသက် ပြင်းပြင်း၊ မြန်မြန် ရှူမိခြင်းအတွက် တိုက်ရိုက် ဖြေဆေး ဖြစ်သည်။ နောက်ပိုင်းတွင် နောင်တရစေမည့် အရာကို မပြောမိအောင် တစ်မှ ၁၀၀ အထိ ဖြေးဖြေးချင်း ရေတွက်နိုင်ပါသည်။ သို့မဟုတ် တဲ့တိုးရင်ဆိုင်နေရပါက အခြေအနေ ဆိုးရွားမသွားမီ ထိုအခြေအနေမှ မိမိကိုယ်ကို ရှောင်ထွက်ချင်ရှောင်ထွက်ပါမည်။ အခြေအနေ တစ်ခုနှင့်တစ်ခု မတူညီသည့်အတွက် သင့်အတွက် အလုပ်အဖြစ်ဆုံး အရာကိုသိအောင် ဉာဏ်ရှိသလို အသုံးချရန် လိုပါသည်။

၃။  လက်တွေ့ကျပါ။ အခြေအနေကို လေ့လာဆန်းစစ်ပါ

ကျွန်ုပ်တို့ ဒေါသထွက်သောအခါ ဒေါသမီးသည် အကာအကွယ်ပေးမည့်အရာ တစ်ခုကဲ့သို့ ရောက်လာပါသည်။ ဥပမာ ကျွန်ုပ်တို့ အကျိုးစီးပွားကို စောင့်ရှောက်သော မိတ်ဆွေကောင်းအဖြစ် တိုက်ပွဲတွင် ကူညီသူကဲ့သို့ ဖြစ်ပါသည်။ ဤသို့ အမြင်မှားမှုကြောင့် ကျွန်ုပ်တို့သည် ဒေါသထွက်ခြင်းမှာ မှန်ကန်သည်ဟု ထင်လာပါသည်။ သို့သော် သေချာလေ့လာပါက ဒေါသသည် မိတ်ဆွေမဟုတ်ဘဲ ရန်သူသာ ဖြစ်ပါသည်။

ဒေါသကြောင့် စိတ်ဖိစီးမှု၊ စိတ်ပျက်မှု၊ အိပ်ရေးပျက်မှုနှင့် အစားအသောက်ပျက်မှုတို့ ဖြစ်စေပါသည်။ တစ်စုံတစ်ယောက်ကို ဆက်လက်ဒေါသဖြစ်နေလျှင် အခြားသူများက ဖျောက်ဖျက်မရသည့် အထင်အမြင်တစ်ခု ဖြစ်သွားပါသည်။ ဒေါသကြီးသူအနီးတွင် မည်သူမျှ ဆက်၍လက်တွဲလိုမည် မဟုတ်သည့် အချက်ကိုတော့ သိထားကြရပါမည်။

တစ်ခုခု စွပ်စွဲခံရပြီး စိတ်ထဲတွင် ခုခံပြောဆိုချင်စိတ် ဖြစ်လာသောအခါ ခဏရပ်ပြီး အကျိုးသင့် အကြောင်းသင့် စဉ်းစားသင့်ပါသည်။ ထိုစွပ်စွဲချက် မှန်သလား၊ မှားသလား ဟူ၍ ရွေးစရာနှစ်ချက် ရှိပါသည်။ မှန်လျှင် ဘာကြောင့် ဒေါသထွက်နေမည်နည်း။ ရင့်ကျက်သော အရွယ်ရောက်ပြီးသူများအဖြစ် ကျွန်ုပ်တို့ ဝန်ခံပြီး ထိုမှနေ၍ သင်ယူကာ ဘဝကို ရှေ့ဆက်လျှောက်လှမ်း ရပါမည်။ မမှန်လျှင်ရော ဘာကြောင့် ဒေါသထွက်ဉီးမည်နည်း။ ထိုသူက အမှားကျူးလွန်ပါသည်။ ကျွန်ုပ်တို့ ဘဝတွင် အမှား မပြုလုပ်မိသူ မရှိဘူးဟု ထင်နေပါသလား။

၄။ တရားရှုမှတ်ခြင်းဖြင့် စိတ်ကို မြင်အောင်ကြည့်ပါ

ဒေါသကို တိုက်ဖျက်ရာတွင် တရားရှုမှတ်ခြင်းနှင့် သတိဖြင့်ရှုမှတ်ခြင်းတို့သည် အလွန်ပင် အကျိုးပြုပါသည်။ လူအများစုက တရားရှုမှတ်ခြင်းမှာ အချိန်ကုန်သည်ဟု မြင်ချင်မြင်ပါသည်။ တစ်နေ့တာ ပျော်ရွှင်ရမည့်အချိန်တွင် ဘာကြောင့် ဆိုဖာပေါ်တွင် မိနစ် ၂၀ အချိန်ဖြုန်းရမည်နည်းဟု မေးနိုင်သည်။ အချို့ကလည်း တရားရှုမှတ်ခြင်းသည် လက်တွေ့ဘဝမှ အနားယူခြင်းဟုထင်ပြီး သားသမီးများ/အလုပ်အီးမေးလ်များ/ဇနီး/ခင်ပွန်းတို့နှင့် ဝေးရာတွင် အချိန်ကုန်လွန်ခြင်း ဖြစ်ပါသည်။

သို့သော် တရားရှုမှတ်ခြင်းမှာ ထိုထက်များစွာ ပိုပါသည်။ လက်တွေ့ဘဝအတွက် ကြိုတင်ပြင်ဆင်ခြင်း ဖြစ်ပါသည်။ မနက်တိုင်း ကရုဏာတရားဖြင့် တရားရှုမှတ်သော်လည်း အလုပ်သို့ ရောက်သည်နှင့် ဝန်ထမ်းများကို အော်ငေါက်ကာ လုပ်ဖော်ကိုင်ဖက်များအကြောင်း ညည်းတွားမည်ဆိုပါက အကျိုးရှိမည် မဟုတ်ပါ။

တရားရှုမှတ်ခြင်းသည် ကျွန်ုပ်တို့၏ စိတ်ကို အပြုသဘော အတွေးများဖြစ်သည့် သည်းခံခြင်း၊ မေတ္တာ၊ ကရုဏာ စသည်တို့နှင့် နီးကပ်စေပါသည်။ အချိန်မရွေး၊ နေရာမရွေး ရှုမှတ်နိုင်ပါသည်။ မနက်ဖက် အလုပ်သွားရာတွင် နှစ်သက်သော တေးသွားများကို နာရီဝက် နားထောင်ပါက ထိုအထဲမှ ဆယ်မိနစ်ကို အခြားသူများအပေါ် မေတ္တာထားသည့် အတွေးများ ပို့လွှတ်ပေးနိုင်ပါသည်။ ယင်းမှာ ဒေါသကို လျှော့ချပြီး အခြားသူများက နှစ်လိုသူတစ်ယောက် ဖြစ်လာစေရန်အတွက် ထိရောက်သော နည်းလမ်းဖြစ်ပါသည်။

၅။ နှိမ့်ချပါ။ သင့်ရန်သူထံမှ သင်ယူပါ

ဗုဒ္ဓဘာသာသည် ကျွန်ုပ်တို့ ပုံမှန် ဆောင်ရွက်သောအရာနှင့် ဖြောင့်ဖြောင့်ကြီး ဆန့်ကျင်သော အရာကို ပြုလုပ်ရန် သင်ကြားထားပါသည်။ တစ်ယောက်ယောက်ကို စိတ်ဆိုးသောအခါ ကျွန်ုပ်တို့ လက်စားချေလိုစိတ် ဖြစ်လာပါသည်။ ရလဒ်ကတော့ ပြောစရာပင်မလိုပါ။ ကျွန်ုပ်တို့ ယခင်ကထက်တော့ အနည်းဆုံး ပိုပြီး စိတ်ပျက်လာပါမည်။ ဤသည်မှာ တန်ပြန်သက်ရောက်မှု ရှိခြင်းလို ဖြစ်ပါသည်။ သို့သော် ဆန့်ကျင်ဘက်ကို ဆောင်ရွက်ပါက ဆန့်ကျင်ဘက်ရလဒ် ဖြစ်သည့် ပျော်ရွှင်ခြင်းလမ်းကြောင်းကို ရရှိပါသည်။

ဤအချက်ကို ရူးနေသည်ဟု ထင်ချင်ထင်နိုင်သော်လည်း သင့်ဒေါသထွက်မှုကို သင့်ဆရာအဖြစ် ယူဆကြည့်ပါ။ ပိုပြီး သည်းခံခြင်း၊ ပိုပြီး မေတ္တာထားခြင်း၊ ပိုကြင်နာပြီး ပိုပျော်ရွှင်ခြင်းတို့ ရရှိကာ ပိုကောင်းသောလူတစ်ယောက် ဖြစ်လိုပါက လေ့ကျင့်ဖို့ လိုပါသည်။ ကမ္ဘာ့အဆင့် ဘောလုံး ကစားသမား သို့မဟုတ် တယောပညာရှင် ဖြစ်လာရန် အချိန်နှင့် ကြိုးစားအားထုတ်မှု လိုသည်ကို အားလုံးသိကြပါသည်။ သို့ဆိုလျှင် ကျွန်ုပ်တို့၏ စိတ်အလေ့အကျင့်သည်လည်း ထိုနည်းလည်းကောင်း ဖြစ်ပါသည်။ ကျွန်ုပ်တို့ ဆန္ဒအတိုင်း အရာရာ သဘောတူ ဆောင်ရွက်ပေးသူများနှင့် အမြဲ ဝန်းရံထားမိပါက ကျွန်ုပ်တို့ မည်သည့်စိန်ခေါ်မှုမျှ ရှိတော့မည် မဟုတ်ပါ။

ထိုနည်းဖြင့် ကျွန်ုပ်တို့ စိတ်ဆိုးဒေါသထွက်မိသူသည် အလွန်ပင် တန်ဖိုးရှိလာပြီး ကျွန်ုပ်တို့ကို သည်းခံခြင်းတရား လေ့ကျင့်ခွင့် ရရှိစေပါလိမ့်မည်။ ထိုအခါ သူတို့က ကျွန်ုပ်တို့အပေါ် ပြုမူခဲ့သောအရာ၊ ပြုမူနေသောအရာကို ကျွန်ုပ်တို့ ရှုမြင်ပုံ ပြောင်းသွားသည့်အတွက် ဒေါသခံစားချက် အရှိန်အဟုန်မှ သည်းခံမှုသည် ချက်ချင်း ပေါ်ထွက်လာပါသည်။

၆။ မမြဲခြင်း။ သေခြင်းတရားကို သတိရပါ

သင်တို့လည်း သေကြရမည်။ ကျွန်ုပ်တို့လည်း သေကြရမည်။ အားလုံး သေကြရပါမည်။ ထို့ကြောင့် ကျွန်ပ်တို့ မခံမရပ်နိုင် ဖြစ်နေသူက ကျွန်ုပ်တို့ အလွန်စိတ်အနှောင့်အယှက် ဖြစ်တာတစ်ခုခု ဆောင်ရွက်သောအခါ ခဏရပ်ပြီး ဤသို့စဉ်းစားပါ- ‘‘ငါသေခါနီး ဖြစ်နေရင် ဒါကိုဂရုစိုက်နေဉီးမလား။’’ အဖြေကတော့ ထိုသူသည် ကမ္ဘာဖျက်ရန် အသည်းအသန် ကြိုးစားနေသူ မဟုတ်ပါက ကျွန်ုပ်တို့သည် ‘‘ဂရုမစိုက်ပါဘူး’’ ဟု ပြန်ဖြေမိပေမည်။ ဤလမ်းညွှန်ချက်ကလေးမှာ အလွန် ရိုးရှင်းသော်လည်း ဘဝ၏ အသေးအဖွဲ အဆင်မပြေမှုများစွာကို သက်သာစေပါသည်။

ကျွန်ုပ်တို့ သေကြရမည်ကို အားလုံး သိထားကြသော်လည်း ထိုအချက်မှာ အမှန်တကယ် သိထားသောအရာ မဟုတ်မှန်း သိသာပါသည်။ သေဆုံးမှုသည် ဒြပ်မဲ့ဖြစ်ပြီး အသက်ကြီးသူ၊ ဖျားနာသူ၊ မတော်တဆမှု ကြုံရသူ စသည့် အခြားသူများကို ဖြစ်နေသည့် အလှမ်းဝေးသော ယူဆချက်တစ်ခု ဖြစ်ပါသည်။ သို့သော် ထိုအချက်မှာ အမှန်တရား မဟုတ်ပါ။ နေ့တိုင်းပင် ငယ်ရွယ်သူများလည်း အသက်ကြီးသူများထက်စောပြီး သေကြရသည်။ ကျန်းမာသူများလည်း ဖျားနာသူများ မသေမီ သေဆုံးကြရပါသည်။

သေချာသော အနာဂတ်တွင် (မနက်ဖြန်လား၊ တစ်နှစ်အတွင်းလား၊ နှစ် ၅၀ ကြာမှလားစသည်) သေဆုံးမှုကို ကျွန်ုပ်တို့ အာရုံစိုက်သောအခါ ပုံမှန်အားဖြင့် ကျွန်ုပ်တို့ကို ဒေါသထွက်စေမည့် အရာများစွာသည် ဘာမျှအရေးမပါတော့ပါ။ ၎င်းတို့ကြောင့် ကျွန်ုပ်တို့ ထပ်ပြီး စိတ်အနှောင့်အယှက်  မဖြစ်တော့ပါ။ သို့သော်လည်း ၎င်းတို့အတွက် ကျွန်ုပ်တို့၏ တန်ဖိုးရှိသော အချိန်၊ ဝင်သက်ထွက်သက် သို့မဟုတ် စွမ်းအင်ကို ဖြုန်းနေစရာအကြောင်း မရှိတော့ပါ။

၇။ ဖြစ်မြဲ၊ ပျက်မြဲ ကုသိုလ်ကံ

‘‘ဖြစ်ပြီးရင် ပျက်မှာပဲ’’ သို့မဟုတ် ‘‘ကံပါပဲ။ သူနဲ့ထိုက်တာ သူကြုံရတာပဲ’’ ဟု လူတို့က ပြောကြသည်။  ကိုယ်စိုက်ပျိုးသောအရာ ကိုယ်ရိတ်သိမ်းရသည်ဟု ဆိုလိုပါသည်။ ဤသည်မှာ ဗုဒ္ဓဘာသာအယူအဆအရ ကံမဟုတ်ပါ။ အမှန်မှာ ပိုမိုရှုပ်ထွေးပြီး အသေးစိတ်ကျပါသည်။ အခြားသူများ၏ဒုက္ခသည် ကံကြောင့်ဟု လူတို့က အလွယ်တကူ ထောက်ပြကြသော်လည်း ကျွန်ုပ်တို့အများစုသည် ကိုယ်တိုင် ခက်ခဲသည့် အခြေအနေကြုံရသောအခါ မသိကျိုးကျွန် ပြုကြပါသည်။ ထိုသည်မှာလည်း မိမိတို့ကံကြောင့် ဖြစ်လာရပါသည်။

အလွန်အမင်း ပျော်ရွှင်ရသော အခိုက်အတန့်များမှသည် အသည်းအသန် စိတ်ပျက်မှုများအထိ ကျွန်ုပ်တို့ ကြုံတွေ့သော အရာတိုင်းသည် အကြောင်းတရားများကြောင့် ပေါ်ထွက်လာပါသည်။ ထိုအကြောင်းတရားများသည် ကျွန်ုပ်တို့ထံ အလိုလို ရောက်လာခြင်း မဟုတ်ပါ။ ကျွန်ုပ်တို့ ကိုယ်တိုင် ဖန်တီးမိခြင်း ဖြစ်ပါသည်။ ထို့ကြောင့် မနှစ်မြို့ဖွယ် အခြေအနေတစ်ခု ကြုံရသောအခါ ဒေါသကို အလွှမ်းမိုးခံမည့်အစား ခဏရပ်ပြီး ဤသို့စဉ်းစားလိုက်ပါ- ‘‘ဒါဘယ်ကဘယ်လို ဖြစ်လာတာလဲ။ ဒါကို ပိုဆိုးအောင် လုပ်နေရဉီးမှာလား။’’

ကံဆိုသည်မှာ ကျွန်ုပ်တို့ စိတ်လိုက်မာန်ပါ ပြုမူမိခြင်း၊ အမြဲတမ်း ပြုနေကျ ပုံစံအတိုင်း တုံ့ပြန်မိခြင်း ဖြစ်ပါသည်။ ကံ၏ ဆောင်ရွက်ပုံအကြောင်း နားလည်သဘောပေါက်ပါက ကျွန်ုပ်တို့ လက်ရှိဆောင်ရွက်သောအရာဖြင့် ကျွန်ုပ်တို့၏ အနာဂတ်တွင် ကြုံတွေ့ရမှုများကို ပြောင်းလဲနိုင်စွမ်း ရှိသည်ကို မြင်လာပါမည်။ ဒေါသထွက်လာသောအခါ သည်းခံခြင်း ကျင့်သုံးရမည်ဟု ဤနေရာတွင် ဆိုလိုပါသည်။

၈။ အနိစ္စ။ အမှန်မဟုတ်ပါ

သည်းခံခြင်းသည် တိုက်ရိုက်ဖြေဆေး ဖြစ်နိုင်သလို မမြဲခြင်းသဘောကလည်း ဒေါသအတွက်သာမက ကျွန်ုပ်တို့ ပြဿနာများ၊ အခက်အခဲများ အားလုံးအတွက် အားအကောင်းဆုံး ဖြေဆေး ဖြစ်ပါသည်။ တကယ်တော့ မမြဲခြင်း သို့မဟုတ် ဘာမှမရှိခြင်းကို ကျွန်ုပ်တို့ နားမလည်ပါက ကျွန်ုပ်တို့ထံသို့ ပြဿနာများ အလုံးအရင်းနှင့် ဆက်လက် ရောက်ရှိလာပါဉီးမည်။ ထိုအခါ ကျွန်ုပ်တို့ မည်မျှ သည်းခံသည်ဖြစ်စေ မထိရောက်တော့ပါ။

ဒေါသထွက်နေသောအခါ ကျွန်ုပ်တို့စိတ်ကို အချိန်အနည်းငယ်ယူပြီး ဆန်းစစ်လိုက်လျှင် ‘‘ငါ’’ သို့မဟုတ် ‘‘သူ’’ ဆိုသည့် ခံစားချက်မျိုးကို သတိထားမိပါမည်။ ‘‘ခင်ဗျား က ကျွန်တော့်ကို ပြောလိုက်တာ အရမ်း စိတ်ဆိုးပါတယ်။ ငါ့ သူငယ်ချင်းကို သူ လုပ်လိုက်တာ ယုံတောင်မယုံဘူး။ ဒီကိစ္စမှာ ငါ မှန်တယ်။ သူ လုံးဝ မှားတယ်။’’ ငါ၊ ငါ၊ ငါ ထပ်နေပါသည်။

ဒေါသထွက်သောအခါ အလွန်ခိုင်မာနေပုံရသည့် ဤသို့သော ‘‘ငါ’’ ကို လေ့လာဆန်းစစ်ရန် အကောင်းဆုံး အခွင့်အရေး ဖြစ်ပါသည်။ ထိုငါသည် မရှိပါ။ ကျွန်ုပ်တို့ မရှိခြင်း သို့မဟုတ် ဘာမှ အရေးမကြီးခြင်းဟု ဆိုလိုသည် မဟုတ်ပါ။ သို့သော် ထို ‘‘ငါ’’ ကို ရှာဖွေကြည့်သောအခါ ၎င်းသည် ကျွန်ုပ်တို့ စိတ်ထဲမှာလား။ ခန္ဓာကိုယ်ထဲမှာလား။ နှစ်ခုစလုံးမှာလား။ ‘‘မှန်တယ်။ အဲဒီမှာ ရှိပါတယ်’’ ဟု ပြော၍မရနိုင်ပါ။

ဤအချက်သည် လူအများ နားလည်ရန် ခက်ခဲသော်လည်း အဓိက အချက်မှာ အမှန်တရားကို စတင်ဆန်းစစ်လိုက်သောအခါ ကျွန်ုပ်တို့၏ ရှုမြင်မှုကို အခြေခံကျကျ ပြောင်းလဲလိုက်ပါသည်။ ဒေါသထွက်စရာအဖြစ် အစကတည်းက ထောက်ပြနိုင်သောအရာ မရှိသည်ကို မြင်လာပါလိမ့်မည်။

အကျဉ်းချုပ်

‘‘ဒေါသ မထွက်တော့ဘူး’’ ဟု အကြိမ်များစွာ ပြောခဲ့လည်း တကယ့် အားထုတ်မှု မပါသောအခါ အရာမထင်ပါ။ လိုချင်သည့် စိတ်ငြိမ်းချမ်းမှုကို ဘယ်တော့မှ မရနိုင်ပါ။

အထက်ပါ အချက်များမှာ စာရင်းလေးတစ်ခုသာ ဖြစ်ပါသည်။ ကျွန်ုပ်တို့ စိတ်အနှောင့်အယှက် ဖြစ်သောအရာ၊ ဒေါသနှင့် ဝမ်းနည်းခြင်းတို့မှ ကင်းလွတ်အောင် အသုံးပြုနိုင်သော လက်တွေ့ နည်းစနစ်များ ဖြစ်ပါသည်။ အလေ့အကျင့် ရှိလာပါက လူတိုင်းထိုသို့ ပြုလုပ်နိုင်မည် ဖြစ်ပါသည်။

Top