ပေါင်းသင်းဆက်ဆံရေးတွင် မနာလိုမှုကို ကိုင်တွယ်ဖြေရှင်းနည်း

How to jealousy ben blennerhassett unsplash

မနာလိုမှုကြောင့် ကျွန်ုပ်တို့၏ သူငယ်ချင်းများ၊ အိမ်ထောင်ဖက်များက စွန့်ခွာသွားမည်ကို ကျွန်ုပ်တို့က ထိတ်လန့်မိပါသည်။ ကျွန်ုပ်တို့၏ ဆက်ဆံရေးများကို နှောင့်ယှက်ကာ စိတ်ငြိမ်းချမ်းမှု လုံးဝပျောက်ဆုံးသွားစေပါသည်။ ပိုပြီး မနာလိုဖြစ်ကာ ပိုင်ဆိုင်လိုစိတ် ကြီးစိုးလေ အခြားသူများကို မောင်းထုတ်မိလေ ဖြစ်ပါသည်။ ကျွန်ုပ်တို့သည် လူအရေအတွက် များစွာကို မေတ္တာထားနိုင်ပြီး မနာလိုမှုကို ကျော်လွှားနိုင်သော အချက်များ ရှိသည်ကို သတိပြုပါ။ ကျွန်ုပ်တို့၏ သူငယ်ချင်းများ၊ ပိုင်ဆိုင်မှုများ၊ အားကစားလှုပ်ရှားမှုများ စသည်တို့ကို ချစ်ခင်နှစ်သက်ခြင်းသည် ကျွန်ုပ်တို့ အိမ်ထောင်ဖက်က ကျွန်ုပ်တို့အပေါ် တွင်ဖြစ်စေ၊ ကျွန်ုပ်တို့က သူတို့အပေါ်တွင်ဖြစ်စေ ထားရှိသော ချစ်မေတ္တာသည် ပျောက်ကွယ်မသွားပါ။ ပို၍ပင် အားဖြည့်ပေးပါသည်။

မနာလိုခြင်းနှင့် အားကျခြင်း

မနာလိုခြင်းသည် ပုံစံအမျိုးမျိုး ဖြစ်နိုင်ပါသည်။ ကျွန်ုပ်တို့သည် အပျို၊ လူပျိုဖြစ်ပြီး စုံတွဲတစ်တွဲကို မနာလိုဖြစ်ပါက သို့မဟုတ် ချစ်သူရှိထားသော တစ်ယောက်ယောက်ကို စိတ်ဝင်စားမိပါက အားကျခြင်း မည်ပါသည်။ ထိုပုဂ္ဂိုလ်၏ နှစ်သက်မှုနှင့် အာရုံစိုက်မှုကို ရရှိလိုခြင်းသာ ဖြစ်သည်။ သို့တည်းမဟုတ် ထိုသို့သော အချစ်ရေးမျိုး လိုချင်တာ ဖြစ်နိုင်ပါသည်။ ထိုကိစ္စနှစ်မျိုးစလုံးတွင် ကျွန်ုပ်တို့သည် ကိုယ့်မှာမရှိတာကို အားကျပါသည်။ ထိုအခါ မလုံလောက်မှု၊ မိမိကိုယ်ကို အားထားယုံကြည်မှုဆိုင်ရာ ပြဿနာများ ပေါ်ထွက်လာနိုင်ပါသည်။

ပေါင်းသင်းဆက်ဆံရေးတွင် မနာလိုမှု

ဆက်ဆံရေးတစ်ခုတွင် မနာလိုမှုသည် ပို၍ပင် အနှောင့်အယှက် ပေးပါသည်။ အခြားသူထံတွင် ရှိသောအရာကို အာရုံစိုက်ရမည့်အစား ကျွန်ုပ်တို့၏ အိမ်ထောင်ဖက် သို့မဟုတ် သူငယ်ချင်းနှင့် တတိယပုဂ္ဂိုလ်အပေါ်တွင် အာရုံစိုက်ပါသည်။ ထိုတတိယလူထံသို့ ကျွန်ုပ်တို့၏ သီးသန့်ဆက်ဆံရေး ဆုံးရှုံးခံလိုက်ရမည်ကို ကြောက်ရွံ့လေ့ ရှိပါသည်။ ကျွန်ုပ်တို့သည် ပြိုင်ဆိုင်မှု သို့မဟုတ် သစ္စာမရှိမှု တစ်ခုခုအတွက် သည်းခံနိုင်ခြင်း မရှိတော့ပါ။ ဥပမာ၊ ကျွန်ုပ်တို့ အိမ်ထောင်ဖက်က သူတို့သူငယ်ချင်းများနှင့် အချိန်များစွာပေးခြင်း၊ ကျွန်ုပ်တို့ မပါဘဲ အခမ်းအနားများတက်ခြင်းတို့ ပြုသောအခါ မနာလိုစိတ်ခံစားရပါသည်။ အိမ်တစ်အိမ်တွင် ရင်သွေးတစ်ဉီး မွေးဖွားလာသောအခါ အိမ်မွေးခွေးကလေးပင်လျှင် ဤမနာလိုမှုမျိုး ခံစားရသည်။ ဤသို့သော မနာလိုမှုတွင် မကျေနပ်မှုနှင့် ရန်လိုမှုတို့သာမက မလုံခြုံမှုနှင့် အယုံအကြည်ကင်းမဲ့မှုတို့လည်း ပါဝင်ပါသည်။

ကျွန်ုပ်တို့သည် မလုံခြုံပါက ကျွန်ုပ်တို့၏ အိမ်ထောင်ဖက် သို့မဟုတ် သူငယ်ချင်းက အခြားသူများနှင့်ရှိနေတိုင်း မနာလိုစိတ် ဖြစ်လာပါသည်။ ကိုယ်တိုင် တန်ဖိုးရှိမှုကို မသေချာသည့်အတွက်လည်းကောင်း၊ တစ်ဖက်လူ၏ ကျွန်ုပ်တို့အပေါ်ထားရှိသော မေတ္တာကို မလုံခြုံသည့်အတွက်လည်းကောင်း ထိုသို့ဖြစ်ပါသည်။ ထိုအခါ ကျွန်ုပ်တို့၏ အိမ်ထောင်ဖက်ကို အယုံအကြည် မရှိတော့ပါ။ စွန့်ပစ်ခံရမည်ကို ကြောက်လာပါသည်။ ကျွန်ုပ်တို့၏ အိမ်ထောင်ဖက် သို့မဟုတ် သူငယ်ချင်းက အခြားတစ်ယောက်ယောက်နှင့် မရှိနေလည်း ဤကြောက်စိတ် ဖြစ်နိုင်ပါသည်။ အစွန်းရောက် ပိုင်ဆိုင်လိုမှုကြောင့် သူတို့က အချိန်မရွေး ထွက်ခွါသွားမည်ကို ကျွန်ုပ်တို့ ထိတ်လန့်နေပါသည်။

မနာလိုမှုကို ကျော်လွှားခြင်း

မနာလိုမှုကို ဖြေရှင်းရန်အတွက် နှလုံးသားက လူတိုင်းအပေါ် မေတ္တာထားနိုင်စွမ်းကို ပြန်စဉ်းစားရန် လိုပါသည်။ ဤသည်မှာ ဗုဒ္ဓမြတ်စွာ၏ သဘောသဘာဝတစ်ခု ဖြစ်ပါသည်။ ဤအချက်ကို အတည်ပြုလိုက်သောအခါ လူတစ်ယောက်ကို မေတ္တာထားခြင်းသည် အခြားသူများကို မေတ္တာမထားခြင်း မဟုတ်ကြောင်း မြင်လာပြီး မနာလိုမှုကို ကျော်လွှားနိုင်ပါသည်။ ကိုယ့်ကိုယ်ကိုယ် ပြန်စဉ်းစားပါက လူနှင့် အရာဝတ္ထုများစွာကို ကျွန်ုပ်တို့နှလုံးသား ဖွင့်ထားပေးနိုင်သည်ကို တွေ့ရပါမည်။ ဖွင့်ထားသော နှလုံးသားဖြင့် ကျွန်ုပ်တို့၏ အိမ်ထောင်ဖက်၊ သူငယ်ချင်း၊ သားသမီး၊ အိမ်မွေးတိရစ္ဆာန်၊ မိဘ၊ နိုင်ငံ၊ တောတောင်ရေမြေ၊ ဘုရားသခင်၊ ဝါသနာများ စသည်တို့အတွက် မေတ္တာထားနိုင်ပါသည်။ ထိုသို့ အားလုံးအတွက် နှလုံးသားနေရာ ပေးထားနိုင်သည်မှာ မေတ္တာသည် တစ်ဉီးတည်းပိုင်သီးသန့် မဟုတ်သောကြောင့် ဖြစ်ပါသည်။ ကျွန်ုပ်တို့ နှစ်သက်သော ထိုအရာအားလုံးကို ကိုင်တွယ်နိုင်စွမ်းနှင့် ပတ်သက်နိုင်စွမ်း အပြည့်အဝ ရှိကြပါသည်။ အရာဝတ္ထုတစ်ခုချင်းပေါ် သင့်တော်သော ပုံစံဖြင့် ကျွန်ုပ်တို့၏ ခံစားချက်များ ဖော်ပြကြပါသည်။ ဇနီး၊ ခင်ပွန်း သို့မဟုတ် မိဘများအပေါ် ပြသသော ချစ်မေတ္တာအတိုင်း အိမ်မွေးခွေးကလေးကို မပြသကြပါ။

ကျွန်ုပ်တို့မှာ ဖွင့်ထားသော နှလုံးသားရှိပါက ကျွန်ုပ်တို့၏ အိမ်ထောင်ဖက် သို့မဟုတ် သူငယ်ချင်းတွင်လည်း ထိုသို့ ရှိပါသည်။ လူတိုင်း၏ နှလုံးသားတွင် လူနှင့် အရာဝတ္ထု မြောက်မြားစွာအပေါ် မေတ္တာထားနိုင်စွမ်း တူညီစွာ ရှိကြပါသည်။ လောကတစ်ခုလုံး အပေါ်တွင်လည်း ထိုသို့ထားနိုင်ပါသည်။ ကျွန်ုပ်တို့ကိုသာ မေတ္တာထားရမည်၊ အခြား မေတ္တာဖြင့် ခင်မင်မှုများ သို့မဟုတ် ပြင်ပ စိတ်ဝင်စားမှုများ လုံးဝမရှိစေရဟု မျှော်လင့်တောင်းဆိုခြင်းမှာ မတရားသလို လက်တွေ့လည်းမကျပါ။ သူတို့ နှလုံးသားထဲတွင် ကျွန်ုပ်တို့ နှစ်ဦးစလုံးအတွက်ရော၊ အခြားသူများ အတွက်ပါ နေရာမရှိပါဟု ခံစားရသည်မှာ သူတို့ကို လျှော့တွက်မိခြင်းလား။ ဗုဒ္ဓမြတ်စွာ၏ သဘောသဘာဝဖြစ်သည့် သူတို့၏ မေတ္တာထားနိုင်စွမ်း မပေါ်ထွက်အောင် ကျွန်ုပ်တို့က ဖယ်ရှားပစ်ကာ ဘဝ၏အကြီးကျယ်ဆုံး ပျော်ရွှင်မှုအချို့ကိုပါ ဖယ်ရှားပစ်တော့မည်လား။

ဤနေရာတွင် လိင်မှုကိစ္စ သစ္စာမဲ့ခြင်းအကြောင်း ပြောနေခြင်း မဟုတ်ပါ။ တစ်လင်တစ်မယား စနစ်နှင့် လိင်မှုကိစ္စ သစ္စာမဲ့ခြင်းသည် အထူးရှုပ်ထွေးပြီး နောက်နောင် ပြဿနာ များစွာ ဖြစ်လာစေပါသည်။ မည်သို့ဆိုစေကာမူ ကျွန်ုပ်တို့၏ အိမ်ထောင်ဖက်သည် သစ္စာမဲ့ပြီး အခြားသူများနှင့် အချိန်များစွာ ပေးပါက၊ အထူးသဖြင့် သားသမီးငယ်များလည်း အတူရှိနေပါက မနာလိုမှု၊ မကျေနပ်မှု၊ ပိုင်ဆိုင်လိုမှုတို့မှာ အထောက်အကူပြသည့် စိတ်ခံစားချက်တုံ့ပြန်မှုများ မဟုတ်ပါ။ တည်ငြိမ်သောပုံစံဖြင့် ထိုအခြေအနေကို ကိုင်တွယ်ဖြေရှင်းရန် လိုပါသည်။ အကြောင်းမှာ ကျွန်ုပ်တို့၏ အိမ်ထောင်ဖက်ကို အော်ငေါက်ခြင်း သို့မဟုတ် သူတို့ အပြစ်ရှိသည်ဟု ခံစားမိစေခြင်းမှာ သူတို့ကျွန်ုပ်တို့အပေါ် မေတ္တာထားလာအောင် လုံးဝ မပြုလုပ်နိုင်ပါ။

ကျွန်ုပ်တို့၏ နှလုံးသားကို မေတ္တာတံခါး ဖွင့်ပေးခြင်း

နီးစပ်သော အချစ်ရေးများသည် လူတစ်ဉီးတည်းနှင့်သာ သီးသန့် ဖြစ်နိုင်သည်ဟု ထင်သောအခါ ကျွန်ုပ်တို့၏ မိဘ သို့မဟုတ် သူငယ်ချင်းအနက် မည်သူ၏မေတ္တာက ပိုအရေးကြီးပါသနည်း။ ကျွန်ုပ်တို့ကို ချစ်ခင်သူများစွာ ရှိနေပါက ထိုအချက်ကို မေ့ပစ်တတ်ပြီး ‘‘ဒါအရေးမကြီးပါဘူး’’ ဟု တွေးမိကြသည်။ တတ်နိုင်သလောက် လူများစွာထံသို့ ကျွန်ုပ်တို့ နှလုံးသားတံခါး စဉ်ဆက်မပြတ် ဖွင့်ပေးထားကာ သူငယ်ချင်း၊ ဆွေမျိုး၊ အိမ်မွေးတိရစ္ဆာန် စသည့် အခြားသူများက ကျွန်ုပ်တို့ အပေါ်ယခုထားရှိသော မေတ္တာသည် အတိတ်ကလည်း ရှိခဲ့ကြောင်း၊ အနာဂတ်တွင်လည်း ရှိမည်ဖြစ်ကာ ကျွန်ုပ်တို့ကို ပိုပြီးစိတ်ပိုင်းဆိုင်ရာ လုံခြုံစေကြောင်း အသိအမှတ် ပြုထားပါသည်။ ထိုအခါ သီးသန့်မေတ္တာထားစရာ တစ်စုံတစ်ဉီး ရှိနိုင်သည်ဆိုသော ပုံသေယူဆချက်ကို ကျော်လွှားပေးနိုင်ပါသည်။

လူတိုင်းကို ကျွန်ုပ်တို့၏ စိတ်နှလုံးတွင် ထားရာ၌ အရာရာ ဖန်တီးနိုင်စွမ်းနှင့် အားလုံးကို မေတ္တာထားနိုင်စွမ်းတို့ လိုပါသည်။ မည်သို့ဆိုစေကာမူ ဗုဒ္ဓမြတ်စွာသည် လူပုဂ္ဂိုလ် တစ်ဉီးကိုသာ အာရုံထားသောအခါ ထိုသူကို ၁၀၀% အာရုံစိုက်နေပါသည်။ ထို့ကြောင့် လူတိုင်းအတွက် မေတ္တာထားခြင်းဆိုသည်မှာ တစ်ဦးချင်းအတွက် မေတ္တာ ပျောက်ကွယ်သွားသည်ဟု မဆိုလိုပါ။ ကျွန်ုပ်တို့ နှလုံးသားကို လူများစွာထံသို့ ဖွင့်ပေးသောအခါ ကျွန်ုပ်တို့၏ ပုဂ္ဂိုလ်ရေး ဆက်ဆံမှုများ အားရဖွယ် မကောင်းတော့မည်ကို ကြောက်ရွံ့စရာ မလိုပါ။ မည်သည့် ဆက်ဆံရေးကိုမဆို အရာအားလုံး စိတ်ကျေနပ်မည်ဟု တွယ်တာခြင်း၊ မှီခိုခြင်း လျော့နည်းလာပါမည်။ တစ်ဦးချင်းအတွက် ပေးသောအချိန် နည်းလာနိုင်သော်လည်း အားလုံးကို အပြည့်အဝ ပါဝင်ပတ်သက်ပါသည်။ အခြားသူများက ကျွန်ုပ်တို့အပေါ် ထားရှိသော မေတ္တာနှင့် ပတ်သက်လျှင်လည်း သူတို့က အခြားသူများနှင့် မေတ္တာရေး ဆက်ဆံမှုများရှိနေသည့်အတွက် ကျွန်ုပ်တို့ အရေးမပါတော့ဟု မနာလိုခြင်းမှာလည်း ထိုအတိုင်း ဖြစ်ပါသည်။

တစ်စုံတစ်ယောက်သည် ကျွန်ုပ်တို့အတွက် ပြီးပြည့်စုံသော မိတ်ဖက်၊ ကျွန်ုပ်တို့ ဘဝ၏ အစိတ်အပိုင်းအားလုံးကို မျှဝေနိုင်သည့် ဘက်ပေါင်းစုံ ဖြည့်ဆည်းပေးသော ‘‘အခြားဘက်တစ်ခြမ်း’’ ဖြစ်ရမည်ဟု ထင်ခြင်းမှာ လက်တွေ့မကျပါ။ ထိုအတွေးအခေါ်များမှာ ပလေးတိုး ပြောခဲ့သည့် ရှေးဂရိ ဒဏ္ဍာရီပေါ်တွင် အခြေခံပါသည်။ မူလက ကျွန်ုပ်တို့ အားလုံးသည် မူလက တစ်ခုတည်း ရှိပြီး နောက်ပိုင်းတွင် နှစ်ခြမ်း ကွဲသွားသည်။ ‘‘အပြင်ဘက်’’ တစ်နေရာတွင် ကျန်တစ်ခြမ်း ရှိနေပါသည်။ ထိုတစ်ခြမ်းနှင့် ပြန်ပေါင်းထုပ်မိသောအခါ အချစ်စစ် ဖြစ်လာပါသည်။ ဤဒဏ္ဍာရီသည် အနောက်တိုင်း အချစ်ရေးအတွက် အခြေခံအုတ်မြစ် ဖြစ်လာသော်လည်း လက်တွေ့မကျပါ။ ယင်းကို ယုံကြည်ပါက မြင်းဖြူတစ်စီးဖြင့် ကျွန်ုပ်တို့အား ကယ်တင်မည့် မင်းသားချောလေးရှိသည်ဟု ယုံကြည်ခြင်းမျိုး ဖြစ်ပါသည်။ ကျွန်ုပ်တို့၏ စိတ်ဝင်စားမှုနှင့် လိုအပ်ချက်များအားလုံးကို မျှဝေရန် အခြားသူများနှင့် မေတ္တာဖြင့် ဆက်ဆံရေးများ လိုအပ်ပါသည်။ ထိုအချက်သည် ကျွန်ုပ်တို့အတွက် မှန်ကန်ပါက ကျွန်ုပ်တို့၏ အိမ်ထောင်ဖက်နှင့် သူငယ်ချင်းများအတွက်လည်း မှန်ကန်ပါသည်။ သူတို့၏ လိုအပ်ချက်အားလုံး ကျွန်ုပ်တို့ ဖြည့်ဆည်းပေးရန် မဖြစ်နိုင်သလို သူတို့မှာလည်း အခြားသော ပေါင်းသင်းဆက်ဆံရေးများ လိုအပ်ပါသည်။

အကျဉ်းချုပ်

သူစိမ်းတစ်ယောက် ကျွန်ုပ်တို့ ဘဝထဲ ဝင်လာသောအခါ သူတို့ကို အိမ်ပြတင်းဝသို့ လာနားသည့် လှပသော တောငှက်ကလေးတစ်ကောင်လို ရှုမြင်သင့်ပါသည်။ ထိုငှက်သည် အခြားသူများ၏ ပြတင်းပေါက်သို့လည်း သွားနားသည်ကို မနာလိုဖြစ်မိပြီး လှောင်အိမ်ထဲ ထည့်ပိတ်ထားပါက ထိုငှက်သည် စိတ်ဓာတ်ကျကာ မပျော်ရွှင်တော့ဘဲ သေဆုံးသွားနိုင်ပါသည်။ ပိုင်ဆိုင်လိုစိတ်မရှိဘဲ ငှက်ကလေးကို လွတ်လပ်စွာ ပျံသန်းခွင့်ပေးလိုက်ပါက ငှက်ကလေးနှင့် အတူရှိချိန်ကို ပျော်ရွှင်ဖွယ်ခံစားနိုင်ပါသည်။ ငှက်ကလေး ပျံထွက်သွားသောအခါ သူ့အခွင့်အရေးပင် ဖြစ်ပါသည်။ အကယ်၍ ကျွန်ုပ်တို့နှင့် လုံခြုံသည်ဟု သူ့မှာခံစားရပါက ပြန်လာချင်စိတ်  ပေါ်လာပါလိမ့်မည်။ လူတိုင်းတွင် ကျွန်ုပ်တို့နှင့် အပါအဝင် နီးစပ်သော ပေါင်းသင်းဆက်ဆံရေးများ ရပိုင်ခွင့်ရှိသည်ကို ကျွန်ုပ်တို့ လက်ခံပြီး လေးစားသောအခါ ကျွန်ုပ်တို့၏ ဆက်ဆံရေးများသည် ပိုမိုခိုင်မာပြီး ရေရှည်တည်တံ့ပါလိမ့်မည်။

Top