လုပ်ငန်းတစ်ခုဆောင်ရွက်ရန် ဗုဒ္ဓဘာသာဝင်တို့၏ စည်းမျဉ်း ၅ ချက်

How to 5 tips business

ဗုဒ္ဓဘာသာသည် တရားရှုမှတ်ခြင်းနှင့် တစ်ခါတစ်ရံ ဆက်စပ်နေပါသည်။ သို့သော် မည်သည့်နယ်ပယ်တွင်မဆို အသုံးချနိုင်သော တွေးခေါ်မှုနည်းလမ်းများအတွက်လည်း အသိအမြင်များစွာ ပေးစွမ်းနိုင်ပါသည်။ မည်သည့် လုပ်ငန်း စီမံကိန်းတွင်မဆို ကျွန်ုပ်တို့ကို ကူညီနိုင်သော ဗုဒ္ဓဘာသာမှ စည်းမျဉ်းအချို့ကို လေ့လာကြည့်ကြပါစို့။

ရည်မှန်းချက် သတ်မှတ်ပါ

ဗုဒ္ဓဘာသာသည် ဗုဒ္ဓဘာသာဝင်အဖြစ် မကျင့်ကြံမီကပင် ရည်မှန်းချက်နှင့် ဉီးတည်ရာကို ရှင်းရှင်းလင်းလင်း နားလည်ရန် အထူးအလေးထား ပြောကြားထားပါသည်။ ရည်မှန်းချက်မှာ ကျွန်ုပ်တို့ကို အနှောင့်အယှက်ပေးသော စိတ်ခံစားချက်များကို လုံးဝဖယ်ရှားရန်နှင့် ကျွန်ုပ်တို့ စိတ်နှလုံးများ၏ အစွမ်းအစကို အပြည့်အဝ ပေါ်ထွက်စေရန် ဖြစ်ပါသည်။ ဤသို့သော နောက်ဆုံး အခြေအနေကို ‘‘ဉာဏ်အလင်းရရှိခြင်း’’ ဟု ခေါ်ပါသည်။

ထို့အတူ စီမံကိန်း သို့မဟုတ် လုပ်ငန်းတစ်ခုခု စတင်သောအခါ ရည်မှန်းချက် သတ်မှတ်ရန် အထူးအရေးကြီးပါသည်။ အမြတ်အတွက်လား။ ဖောက်သည်များအတွက် တန်ဖိုးတစ်ခု ဖန်တီးပေးခြင်းလား။ သူတို့မှာ ရှိနေသော ပြဿနာ အခက်အခဲအချို့ကို ဖြေရှင်းပေးမှာလား။ ရည်မှန်းချက်ကို ပိုပြီး တိကျစွာ သတ်မှတ်လေ၊ သွားရမည့်လမ်းကြောင်းကို တွက်ချက်ရန် ပိုမိုလွယ်ကူလေ ဖြစ်ပါသည်။ ထိုရည်မှန်းချက်သို့ ရောက်ရှိနိုင်ခြေလည်း ပိုများသွားပါသည်။

အကျိုး၊ အကြောင်း သဘောတရားကို လိုက်နာပါ

ရည်မှန်းချက် သတ်မှတ်လိုက်သည်နှင့် ထိုရည်မှန်းချက်သို့ ရောက်စေမည့် အကြောင်းရင်းများကို တွက်ချက်လေ့လာရန် လိုပါသည်။ ဉာဏ်အလင်း ရရှိခြင်းအတွက် အကြောင်းရင်းများမှာ ကျွန်ုပ်တို့၏ အပျက်သဘော အပြုအမူကို ရပ်တန့်ခြင်းနှင့် ကျွန်ုပ်တို့စိတ်၏ အရည်အသွေးကောင်းများကို လေ့ကျင့်ပေးရန်၊ လောကကို ရှုမြင်မှု၊ ရင်ဆိုင်ဖြေရှင်းမှု တို့အတွက် အပြုသဘော လက်တွေ့ကျသော နည်းလမ်းများနှင့် ကိုယ်တိုင်ရင်းနှီးအောင် ပြုလုပ်ရန် ဖြစ်ပါသည်။

လုပ်ငန်းစီမံကိန်းဆိုပါက ကျွန်ုပ်တို့၏ နောက်ဆုံး ရည်မှန်းချက်ကို ရောက်စေမည့် အကြောင်းရင်းများကို တွက်ချက်ရန် ယုတ္တိဗေဒကို အသုံးပြုရန် လိုပါသည်။ ထိုလုပ်ငန်းစဉ်သည် နောက်ကြောင်းပြန် ဖော်ထုတ်ရသည့် စနစ်နှင့် တူပါသည်။ သတ်မှတ်ထားသော ရည်မှန်းချက်သို့ ရောက်ရှိမည့် ယုတ္တိကျသော ဆောင်ရွက်ချက်များကို စတင်ခြေရာခံကြည့်ရပါမည်။ ဤလုပ်ငန်းစဉ်က ရည်မှန်းချက် အောင်မြင်ရန် လိုအပ်သော အဆင့်ဆင့်ကို သတ်မှတ်ပေးပါသည်။ စီမံကိန်းအတွက် လမ်းပြမြေပုံ ရေးဆွဲရန် အခြေခံကောင်း တစ်ခုလည်း ဖြစ်ပါသည်။

ကရုဏာ။ ဖောက်သည်၏ပြဿနာကို ဖြေရှင်းပါ

ကရုဏာသည် ဗုဒ္ဓဘာသာ စည်းကမ်းချက်များတွင် အရေးအကြီးဆုံးအချက်တစ်ချက် ဖြစ်ပါသည်။ ဗုဒ္ဓဘုရားရှင်၏ တရားတော်များအရ-

ကရုဏာဆိုသည်မှာ အခြားသူများ၏ ဒုက္ခဆင်းရဲများ ဖယ်ရှားပေးလိုသော ဆန္ဒဖြစ်ပါသည်။

၎င်းသည် လုပ်ငန်းတစ်ခုနှင့် မည်ကဲ့သို့ ပတ်သက်ပါသလဲ။ စီးပွားရေး လုပ်ငန်းဆိုသည်မှာ ဖောက်သည်၏ ပြဿနာ အတွက် အဖြေတစ်ခု ရှာဖွေပေးပါသည်။ လုပ်ငန်းက ပေးအပ်သော အဖြေက အခြားရှိပြီးသား အဖြေများထက် ပိုကောင်းသောအခါ ပြိုင်ဆိုင်မှုတိုက်ပွဲတွင် အနိုင်ရပါသည်။ ထို့ကြောင့် ကျွန်ုပ်တို့၏ အလားအလာရှိသော ဖောက်သည်များ ရင်ဆိုင်ရနိုင်သော ပြဿနာတစ်ခုကို နားလည်ပြီး ထိုအတွက် စာနာစိတ်ထားရှိရန် အထူးအရေးကြီး ပါသည်။ ရည်မှန်းထားသော ပရိသတ်များ၏ ဘဝတွင် ကြုံရသည့် လက်တွေ့ပြဿနာအချို့ကို အမြဲတမ်း ရှာဖွေကာ မှတ်သားထားရန် လိုပါသည်။ ထိုသို့ နားလည်မှုမှတစ်ဆင့် ဤပြဿနာကို အတတ်နိုင်ဆုံး ဖြေရှင်းကြည့်ပါ။ လုပ်ငန်းတစ်ခုအတွက် ကရုဏာဆိုသည်မှာ ဖောက်သည်ကို ထိပ်တန်းဉီးစားပေးခြင်း သို့မဟုတ် ဖောက်သည်ဗဟိုပြု ချဉ်းကပ်ဆောင်ရွက်ခြင်းအတွက် အခြေခံအုတ်မြစ် ဖြစ်ပါသည်။

မမြဲခြင်း။ ပြောင်းလဲနေသော လောကနှင့် လိုက်လျောညီထွေရှိပါ

ဗုဒ္ဓဘာသာနည်းဖြင့် လေ့လာဆန်းစစ်မှုသည် ကျွန်ုပ်တို့ကို အမှန်တရားအတွက် နောက်ထပ် တန်ဖိုးရှိသော အတွေးအမြင်တစ်ခု ပေးပါသည်။ ယင်းမှာ ကျွန်ုပ်တို့သည်လည်းကောင်း၊ ပတ်ဝန်းကျင်နှင့် အနီးအနားရှိ လူအားလုံးသည်လည်းကောင်း၊ အရာအားလုံး အမြဲတမ်း ပြောင်းလဲနေပါသည်။ ရှင်းလင်းတိကျသည်ဟု ထင်ရသော စိတ်ကူးတစ်ခုကို ယုံမှတ်မိရန် အလွန်လွယ်ကူပါသည်။ သို့သော် အလျင်အမြန် ပြောင်းလဲနေသော လက်တွေ့တွင် အမြင်ကျဉ်းသည့် အတွေးအခေါ်၊ ခေါင်းမာမှုနှင့် ပျော့ပြောင်းခြင်းမရှိမှုတို့အတွက် အကြောင်းရင်း ဖြစ်လာတတ်ပါသည်။

Netflix ကို နမူနာကြည့်ကြပါစို့။ ထိုကုမ္ပဏီသည် အင်တာနက်က မီဒီယာသုံးစွဲမှု ပုံစံများအား ပြောင်းလဲလိုက်သည်ကို သဘောပေါက်ခဲ့ပါသည်။ အတွေးအခေါ်ဟောင်းများအရ ဗီဒီယိုကြည့်ရှုရန် တစ်ခုတည်းသောနည်းလမ်းမှာ ဒီဗီဒီခွေ ငှားကြည့်ခြင်း ဖြစ်သည်။ သို့သော် Netflix က ဗီဒီယို ထုတ်လွှင့်ခြင်းဆိုသည့် ပိုမိုလွယ်ကူသော နည်းလမ်းကို သတိပြုမိသွားပါသည်။ စျေးကွက်နှင့် အသုံးပြုသူ အလေ့အထများ၏ မတည်မြဲမှုကို မီဒီယာထုတ်လွှင့်သော နယ်ပယ်တစ်ခုလုံးက သဘောမပေါက်ခဲ့ပါ။ သို့သော် Netflix က အရင်ဆုံး သဘောပေါက်ခဲ့ပြီး လုပ်ငန်းနယ်ပယ် တစ်ခုလုံးကို အပြီးတိုင် ပြောင်းလဲလိုက်ပါတော့သည်။

ကျင့်ဝတ်။ သင့်ကိုယ်သင်ရော၊ သင့်လုပ်ငန်းအဖွဲ့နှင့် စားသုံးသူကိုပါ လေးစားပါ

ဗုဒ္ဓဘာသာ ကျင့်ဝတ်သည် အကြမ်းမဖက်ရေး စည်းကမ်းချက်တွင် အခြေခံပါသည်။ လူတိုင်း ပျော်ရွှင်မှုကို အလိုရှိကြပြီး ဝမ်းနည်းမှုကို အလိုမရှိကြောင်း ကျွန်ုပ်တို့ သိထားပါသည်။ ကျွန်ုပ်တို့၏ ဆောင်ရွက်ချက်များကို ဤနားလည်မှုပေါ်တွင် အခြေခံကာ အခြားသူများကို အန္တရာယ်မပေးရန် ရှောင်ရှားကြည့်ပါက သူတို့၏ လေးစားမှုနှင့် ယုံကြည်မှုတို့ ရရှိလာပါသည်။

ကျွန်ုပ်တို့၏ လုပ်ဖော်ကိုင်ဖက်များကို လေးစားသောအခါ အဖွဲ့ထဲတွင် ယုံကြည်မှုနှင့် နားလည်မှုတို့ ရှိလာပါသည်။ လူတို့၏ နောက်ကွယ်တွင်ဖြစ်စေ၊ ရှေ့တွင်ဖြစ်စေ မကောင်းပြောခြင်းကို ရှောင်ရှားကြည့်ပါ။ ပွင့်လင်းမြင်သာပါ။ ထို့ပြင် ကျွန်ုပ်တို့၏ ဖောက်သည်ကို ပို၍လေးစားလေ ယုံကြည်မှုနှင့် သစ္စာရှိမှုတို့ ပိုပြီးရရှိလေ ဖြစ်ပါသည်။ Zappos ကဲ့သို့သော ကုမ္ပဏီကြီးများက သူတို့၏လုပ်ငန်းကို ဖောက်သည် လိုအပ်ချက်အား လေးစားမှုနှင့် ဝန်ထမ်းများအကြား သာတူညီမျှမှု၊ ပွင့်လင်းမြင်သာမှုတို့ အပေါ်တွင် အခြေခံထားပါသည်။

အကျဉ်းချုပ်

ကျွန်ုပ်တို့၏ လုပ်ငန်း ပိုမိုခိုင်မာအောင် ဗုဒ္ဓဘာသာ၏ စည်းမျဉ်း ၅ ချက်ကို အသုံးပြုနိုင်ပါသည်။ ထိုစည်းမျဉ်းများမှာ-

  • ရည်မှန်းချက် သတ်မှတ်ပါ
  • အကျိုး၊ အကြောင်းပေါ်တွင် အားထားပါ
  • ဖောက်သည်အတွက် စာနာစိတ်နှင့် ကရုဏာ ထားရှိပါ
  • မမြဲခြင်းအကြောင်း သတိရှိပြီး အတိုးအလျှော့ရှိကာ တီထွင်ဆန်းသစ်ပါ
  • ကျင့်ဝတ်စည်းမျဉ်းများကို လိုက်နာပြီး လုပ်ဖော်ကိုင်ဖက်များ၊ ဖောက်သည်များအား လေးစားပါ။
Top