ဒါဝင်၏ ဆင့်ကဲဖြစ်စဉ်သီအိုရီသည် သဘာဝအလျောက်ရွေးချယ်မှုဖြစ်စဉ်နှင့် သတ္တဝါမျိုးစိတ်များ၏ ဇီဝခန္ဓာကိုယ်များက အချိန်ကြာလာသည်နှင့်အမျှ ပြောင်းလဲလာပုံကို လေ့လာထားပါသည်။ သတ္တဝါမျိုးစိတ်များ၏ မူလအစ ဆိုသည့် သူ့စာအုပ်တွင် ဖော်ပြထားသည်မှာ အစဉ်အလာယုံကြည်ချက်နှင့် ကွဲပြားသည်ဟု ထိုစဉ်ကသဘောထားခြင်း ခံရပါသည်။ အကြောင်းမှာ ထိုသီအိုရီသည် အစွမ်းအစအပြည့်ရှိသည့် ဘုရားသခင်က သတ်မှတ်ထားသည့်ကမ္ဘာကြီးနှင့် ကွဲပြားမှု မရှိသော သတ္တဝါများကို ဖန်တီးသည်ဆိုသည့် အယူအဆနှင့် ဆန့်ကျင်သောကြောင့် ဖြစ်ပါသည်။ ယနေ့ခေတ်တွင်လည်း ဆင့်ကဲဖြစ်စဉ် သီအိုရီသည် အချို့ဘာသာများနှင့် အဆင်မပြေစွာရှိနေသော်လည်း ၎င်းယေဘုယျယူဆချက်သည် ဗုဒ္ဓဘာသာ တရားတော်များနှင့် လုံးဝကွဲလွဲမှုမရှိပါ။ တကယ်တော့ ဗုဒ္ဓဘာသာဝင်တို့အတွက် ဤသီအိုရီသည် ဖန်ဆင်းမှုဝါဒဖြင့်မဟုတ်ဘဲ အမှီအခိုဖြင့် ပေါ်ထွက်မှုဆိုင်ရာ ဗုဒ္ဓဘာသာတရားတော်များနှင့် လည်းကောင်း၊ ဓမ္မ၏ ဖော်ပြချက်လေးရပ်အနက်မှ ပထမအချက်ဖြစ်သည့် မမြဲခြင်းနှင့်လည်းကောင်း လုံးဝဆီလျော်ကိုက်ညီပါသည်။ ဖြစ်စဉ်တို့သည် အကြောင်းတရားနှင့် အခြေအနေများစွာအပေါ် အခြေခံကာ အမြဲပေါ်ထွက်ပြီး တိုးတက်ပြောင်းလဲ နေပါသည်။ ဤသို့မတည်မြဲမှုဖြစ်စဉ်ကြီးတွင် လူနှင့်တိရစ္ဆာန်တို့ အတူတကွမပါဝင်ဘူးဆိုလျှင် ထူးဆန်းနေပါလိမ့်မည်။
သို့သော် အချိန်နှင့် ဆင့်ကဲဖြစ်စဉ်အတွက် ဗုဒ္ဓဘာသာအယူအဆသည် ဒါဝင်နှင့် အတိအကျကိုက်ညီသည်ဟု ဆိုလိုခြင်းမဟုတ်ပါ။ ဒါဝင်၏သီအိုရီသည် ခံစားသိရှိမှုပေါ်ထွက်သည့် ဇီဝဗေဒနှင့် ရူပဗေဒအခြေခံကို အာရုံစိုက်ပါသည်။ ဘဝပုံသဏ္ဌာန်များ ပိုမိုရှုပ်ထွေးလာသည်နှင့်အမျှ ပိုမိုသတိရှိလာသည်ဟု အယူအဆ ရှိသော်လည်း ဗုဒ္ဓမြတ်စွာ ဟောကြားတော်မူခဲ့သလို အသေးငယ်ဆုံး သက်ရှိပုံစံများမှသည် ဘုရားအဖြစ်သို့ အပြည့်အဝ ဉာဏ်အလင်းရရှိမှုအထိ သတိရှိမှု ဆင့်ကဲဖြစ်စဉ်ကို နက်ရှိုင်းစွာ ဖော်ပြထားခြင်းမရှိပါ။ ထို့ပြင် ဒါဝင်သည် သတ္တဝါတို့၏သတိရှိမှု ဆင့်ကဲဖြစ်စဉ်ကို ခြုံငုံ၍ ပြောခဲ့ပြီး ဗုဒ္ဓဘာသာတွင်ကား တစ်ဦးချင်းအနေနှင့် သတိရှိမှုဆင့်ကဲဖြစ်စဉ်ကိုပါ ဖော်ပြထားပါသည်။
ထို့ပြင် ဆင့်ကဲဖြစ်စဉ်အတွက် ဒါဝင်၏အယူအဆသည် တဖြည်းဖြည်း အဆက်မပြတ် “တိုးတက်မှု” ဖြစ်ပြီး ယင်းမှာ သက်ရှိများသည် ၎င်းတို့ရှင်သန်မှုနှင့် သားသမီးမွေးဖွားနိုင်စွမ်းအတွက် ပိုမိုကောင်းမွန်သည့် ပုံစံများအဖြစ်သို့ အဆင့်မြှင့်တင်ကာ အကောင်းဘက်သို့ တိုးတက်လာပါသည်။ ဗုဒ္ဓဘာသာတွင် ခံစားချက်ရှိသော သက်ရှိတိုင်းသည် ပုံသဏ္ဌာန်များစွာဖြင့် ပြန်လည်မွေးဖွားနိုင်ပြီး ဤဖြစ်စဉ်သည် တစ်သမတ်တည်း တိုးတက်မှုမဟုတ်ပါ။ သက်ရှိတစ်ဦးချင်းနှင့် မျိုးစိတ်တစ်ခုလုံးသည် ကံ၊ အကြောင်းတရား၊ အခြေအနေများပေါ်မူတည်ပြီး ဆုတ်ယုတ်နိုင်ပါသည်။ ထို့ကြောင့် ဤစနစ်နှစ်ခုစလုံးတွင် အသေးစိတ်အချက်များ ကွဲပြားသော်လည်း ဆင့်ကဲဖြစ်ပေါ်မှုစည်းမျဉ်းကို နှစ်ခုစလုံးတွင် တွေ့ရပါသည်။
စကြဝဠာ၏ ဆင့်ကဲဖြစ်စဉ်နှင့် ပြိုကွဲမှု
သိပ္ပံပညာရှင်များအဆိုအရ စကြဝဠာ၏ မဟာပေါက်ကွဲဖြန့်ကြက်မှုကြီး (Big Bang) သည် လွန်ခဲ့သောနှစ်ပေါင်း ၁၄ ဘီလီယံက ဖြစ်ပေါ်ခဲ့ပြီး ယင်းမှာ အချိန်၏အစဖြစ်ကာ ကျွန်ုပ်တို့ကမ္ဘာဂြိုဟ်ကို လွန်ခဲ့သော နှစ်ပေါင်း ၄ ဘီလီယံက ဖွဲ့စည်းရန် အခြေခံ ဖန်တီးပေးခဲ့ပါသည်။ အချိန်ကြာလာသောအခါ ဟိုက်ဒရိုဂျင်ဓာတ်ငွေ့သည် ကြယ်နှင့်ဂြိုဟ် အမျိုးမျိုးအဖြစ်သို့ ရောက်ရှိသွားသည်။ ဤကမ္ဘာဂြိုဟ်ပေါ်တွင်လည်း ဆဲလ်တစ်ခုတည်းပါဝင်သော သတ္တဝါများ ပေါ်ထွက်လာခဲ့ပါသည်။ ထို့နောက် ယင်းတို့သည် ယနေ့မြင်တွေ့နေရသည့် အဆင့်မြင့်သက်ရှိပုံစံအမျိုးမျိုးအဖြစ်သို့ ရှုပ်ထွေးစွာ တိုးတက်လာပါသည်။ စကြဝဠာကြီး ပြန့်ကားတိုးတက်လာသည့် နှစ်သန်းပေါင်း ထောင်နှင့်ချီသည့် ကာလအဆုံးတွင် စကြဝဠာသည် နိဂုံးချုပ်လိမ့်မည်ဟုလည်း သိပ္ပံပညာရှင်များက ဆိုထားပြီး ထိုသို့ဖြစ်ပျက်ပုံကို သီအိုရီများစွာ ယူဆဖော်ထုတ်ထားကြပါသည်။
စကြဝဠာ၏ ဆင့်ကဲဖြစ်ပေါ်မှုနှင့် အဆုံးသတ်ပြိုကွဲမှုအကြောင်းကို ဗုဒ္ဓမြတ်စွာက စတင်ဖြစ်ပေါ်မှုများအကြောင်း သုတ္တန် (ပါဠိဘာသာဖြင့် အဂ္ဂညသုတ္တန်) တွင် ဟောကြားတော်မူခဲ့ပါသည်။ ထိုသုတ္တန်တွင် ကျွန်ုပ်တို့ကမ္ဘာပေါ်မှ ပတ်ဝန်းကျင်၏ ဖွဲ့စည်းမှုနှင့် အဆုံးသတ်ပြိုကွဲမှုတို့ကိုလည်း ဖော်ပြထားသည်။ ထို့ပြင် သက်ရှိပုံသဏ္ဌာန်အမျိုးမျိုး၏ ပေါ်ပေါက်မှုနှင့် ၎င်းတို့နောက်ဆုံးတွင် ပျောက်ကွယ်မှု၊ အစုအဖွဲ့အမျိုးမျိုး ဖြစ်ပေါ်မှုနှင့် ၎င်းတို့သည်လည်း အဆုံးတွင် ပျက်သုဉ်းမှုတို့ အကြောင်းကိုပါ ဖော်ပြထားပါသည်။ ခေတ်သစ်သိပ္ပံပညာနှင့် ဗုဒ္ဓဘာသာအကြား ကွဲပြားမှုတစ်ခုမှာ ဗုဒ္ဓမြတ်စွာက စကြဝဠာ၏ ပေါ်ထွက်မှု၊ တည်ရှိမှုနှင့် ပျက်စီးမှုတို့သည် သံသရာစက်ဝန်းတစ်ခု၏ အစိတ်အပိုင်းသာဖြစ်ပြီး အချိန်တွင် အစ သို့မဟုတ် အဆုံးမရှိကြောင်း မိန့်ကြားပါသည်။ သုတ္တန်ထဲတွင် ဤသို့ဖော်ပြထားပါသည်-
ဝါသေဋ္ဌ၊ ရှည်သောကာလ လွန်လတ်သော် တစ်ခါတစ်ရံ၌ ဤလောကသည် ပျက်၏။... သို့သော် ရှည်သောကာလ လွန်လတ်သော် တစ်ခါတစ်ရံ၌ ဤလောကသည် တည်၏။... ဝါသေဋ္ဌ၊ ထိုအခါ တစ်ခုတည်းသော ရေပြင်ကြီးသာ ဖြစ်၏။ မှောင်အတိဖြစ်၏။ တစ်ခဲနက် မှောင်အတိဖြစ်၏။ လနေတို့သည် ထင်ရှားမရှိကုန်။ နက္ခတ်တာရာ သဏ္ဌာန်တို့သည် ထင်ရှားမရှိကုန်။ ညဉ့်နေ့တို့သည် ထင်ရှားမရှိကုန်။ လ၊ လခွဲတို့သည် ထင်ရှားမရှိကုန်။ ဥတု၊ နှစ်တို့သည် ထင်ရှားမရှိကုန်။ မိန်းမ၊ ယောက်ျားတို့သည် ထင်ရှားမရှိကုန်။ သတ္တဝါတို့သည် သတ္တဝါဟူ၍သာ ခေါ်ဝေါ်ခြင်းသို့ ရောက်ကုန်၏။...
ဤနေရာတွင် ဗုဒ္ဓမြတ်စွာသည် ကမ္ဘာဖြစ်ပေါ်မှုသံသရာနှင့် သက်ရှိတို့အကြောင်း အတော်လေး ရှင်းလင်းစွာ ဟောကြားသည်ကို မြင်တွေ့နိုင်ပါသည်။ သုတ္တန်ထဲတွင် ကျား၊ မ ကွဲပြားဖြစ်ပေါ်ပုံနှင့် လူအတန်းအစား အမျိုးမျိုးဖြင့် အစုအဝေးများ ပေါ်ပေါက်ပုံတို့ကို ဆက်လက်ဖော်ပြပါသည်။ ထို့နောက်တွင် ကမ္ဘာပေါ်မှ ပတ်ဝန်းကျင်နှင့် သက်ရှိများ ဆုတ်ယုတ်ပျောက်ကွယ်ပုံကို ဆက်လက်ဖော်ပြထားပါသည်။
ဤသုတ္တန်အရလည်းကောင်း၊ အမှီအခိုဖြင့်ပေါ်ထွက်ခြင်းနှင့် မမြဲခြင်းအကြောင်း ဗုဒ္ဓဘာသာ တရားတော်များအရ လည်းကောင်း သိပ္ပံပညာဆိုင်ရာ မဟာစကြဝဠာပေါ်ထွန်းမှု သီအိုရီများ သို့မဟုတ် ဤစကြဝဠာ၏ နိဂုံးဆိုင်ရာ သီအိုရီများကို လက်ခံရန် ကွဲလွဲမှုမရှိသည်ကို ကျွန်ုပ်တို့မြင်တွေ့နိုင်ပါသည်။
ခန္ဓာများ၏ ဆင့်ကဲဖြစ်စဉ်
ယခုအခါ ဇီဝဗေဒ ခန္ဓာများ၏ ဆင့်ကဲဖြစ်စဉ်ကို ပိုပြီးအသေးစိတ် လေ့လာကြည့်ပါမည်။ ထိုအတွက် ဆင့်ကဲဖြစ်စဉ် သီအိုရီက ရှင်းလင်းစွာ ဆိုထားသည်မှာ ကျွန်ုပ်တို့အားလုံးသည် ဆဲလ်တစ်ခုတည်းပါဝင်သော သက်ရှိများမှ ဆင့်ကဲဖြစ်ပေါ်လာပါသည်။ ဒါဝင်၏သီအိုရီက အဆင့်ဆင့် တိုးတက်ပြောင်းလဲသည်ဟု ဆိုပြီး သက်ရှိတို့သည် အထက်သို့ တိုးတက်မှုပုံစံဖြင့် တိုးတက်လာပါသည်။ တစ်နည်းဆိုသော် တိုးတက်သည့်နည်းဖြင့်သာ ဆင့်ကဲဖြစ်ပေါ်သည့် ပင်ကိုသဘာဝရှိပါသည်။ ဤနေရာတွင် ကျွန်ုပ်တို့သည် ရုပ်ပိုင်းဆိုင်ရာအခြေခံကိုသာ ပြောနေခြင်း ဖြစ်ပါသည်။ အကြောင်းမှာ ဗုဒ္ဓဘာသာ၌ ကမ္ဘာပေါ်ရှိ ရုပ်ပိုင်းဆိုင်ရာ သက်ရှိပုံသဏ္ဌာန်များနှင့် ယင်းတို့ထဲတွင် ပြန်ဝင်စားသည့် သက်ရှိတို့၏ စိတ်အစဉ်အဆက်များအကြေား ကြီးစွာသော ခြားနားချက် ရှိသည်ဟု ဆိုထားသောကြောင့်ဖြစ်ပါသည်။
ကမ္ဘာပေါ်တွင် တစ်ချိန်က ဒိုင်နိုဆောများ ရှိခဲ့သော်လည်း ယခုအခါမျိုးတုန်းပျောက်ကွယ်သွားပါပြီ။ ကျွန်ုပ်တို့သည် ယခုအခါ ဒိုင်နိုဆောတစ်ကောင်အဖြစ် ဘာကြောင့် ပြန်မဝင်စားနိုင်တော့သနည်း။ သိပ္ပံဆိုင်ရာသီအိုရီများအရ လွန်ခဲ့သော နှစ်ပေါင်း ၆၆ သန်းခန့်က အဖြစ်ဆိုးကြီးတစ်ခုကြောင့် ဒိုင်နိုဆောများ ပျောက်ကွယ်သွားသည်ဟု ဆိုသော်လည်း (လူသားကဲ့သို့) နို့တိုက်သတ္တဝါများမပါဝင်သည့်အတွက် နောက်ပိုင်းတွင် တိုးတက်ထွန်းကားလာပါသည်။ ဒါဝင်၏သီအိုရီအရ ဒိုင်နိုဆောများသည် “အကြံ့ခိုင်ဆုံးသူက ရှင်သန်နိုင်မှု” ပြိုင်ပွဲတွင် မရှင်သန်ခဲ့ဘဲ ဖယ်ရှားခံလိုက်ရခြင်း ဖြစ်ပါသည်။
ဗုဒ္ဓဘာသာရှုထောင့်အရ ကံစွမ်းအားများနှင့် အစွမ်းအစများ ရင့်ကျက်ရန် သင့်တော်သော အခြေအနေများရှိဖို့ လိုပါသည်။ ဒိုင်နိုဆောအဖြစ် ပြန်လည်မွေးဖွားရန် အခြေအနေသည် လက်ရှိကမ္ဘာပေါ်တွင် ယခုမတည်ရှိတော့ပါ။ ထိုသို့မရှိသော်လည်း ပြန်လည်မွေးဖွားနိုင်သည့် အခြားရုပ်အခြေခံများစွာ ရှိနေပါသည်။ ယင်းတို့သည်လည်း အချိန်ကြာလာလျှင် ပြောင်းလဲနိုင်ပါသည်။ ကျွန်ုပ်တို့စကြဝဠာ၏ အခြားနေရာများမှ ဂြိုဟ်တစ်ခုတွင် ဒိုင်နိုဆောများ ရှိပါက ဗုဒ္ဓဘာသာအရ ထိုနေရာတွင် ဒိုင်နိုဆောအဖြစ် ပြန်လည်မွေးဖွားနိုင်သည်ကို လက်ခံပါသည်။
ဒလိုင်းလားမား ဆရာတော်ကြီးနှင့် သိပ္ပံပညာရှင်များ ဆွေးနွေးပွဲတစ်ခုအတွင်း ဆရာတော်ကြီးအား ကွန်ပျူတာများသည် ခံစားချက်ရှိသူများ ဖြစ်လာနိုင်သလားဟု မေးခွန်းထုတ်ပါသည်။ ကွန်ပျူတာများသည် တစ်နေ့တွင် စိတ် ရှိလာနိုင်ပါသလား။ သူက စိတ်ဝင်စားဖွယ် ပြန်ဖြေခဲ့သည်မှာ ကွန်ပျူတာ သို့မဟုတ် စက်ရုပ်သည် စိတ်အစဉ်အတွက် အခြေခံအဖြစ် ဆောင်ရွက်ရန် လုံလောက်အောင် အဆင့်မြင့်လာသည့်အချိန်၌ စိတ်အစဉ်သည် ၎င်း၏ရှင်သန်မှု တစ်ခုအတွက် ရုပ်အခြေခံအဖြစ် ဇီဝသက်ရှိမဟုတ်သော စက်တစ်ခုနှင့် ဆက်သွယ်နိုင်မည်သာ ဖြစ်ပါ၏။
ဤကား ကွန်ပျူတာသည် စိတ်ဖြစ်သည်ဟု ဆိုခြင်း မဟုတ်ပါ။ စိတ်ကို ကွန်ပျူတာထဲတွင် အတုဖန်တီးနိုင်သည်ဟု ဆိုခြင်းလည်း မဟုတ်ပါ။ သို့သော် ကွန်ပျူတာသည် လုံလောက်အောင် အဆင့်မြင့်လာပါက စိတ်အစဉ်သည် ၎င်းနှင့် ဆက်သွယ်နိုင်ပြီး ရုပ်အခြေခံအဖြစ် ၎င်းကိုအသုံးပြုနိုင်ပါသည်။ ဤသည်မှာ ဒါဝင်ထက် များစွာသာလွန်ပါသည်။
ဆင့်ကဲဖြစ်စဉ်အကြောင်းကို ဗုဒ္ဓမြတ်စွာသည် အဘယ်ကြောင့် ထပ်မံမရှင်းပြသနည်း။
ဗုဒ္ဓမြတ်စွာသည် အလုံးစုံ သဗ္ဗညုတဉာဏ်ရရှိပြီးနောက် အရာအားလုံးကို သိမြင်ပါသည်။ ထိုသို့ ဗုဒ္ဓမြတ်စွာကို အရာရာသိမြင်သူဟု ရှုမြင်သော ဗုဒ္ဓဘာသာအမြင်အရ ဘုရားရှင်သည် စကြဝဠာ၏လုပ်ငန်းများနှင့် သက်ရှိတို့ဆင့်ကဲဖြစ်စဉ်အကြောင်းကို ဘာကြောင့်များ အသေးစိတ်မရှင်းပြသနည်းဟု တွေးမိနိုင်ပါသည်။
ယေဘုယျအားဖြင့် ဘုရားရှင်ဟောကြားသမျှသည် လွတ်မြောက်မှုနှင့် ဉာဏ်အလင်းရရှိမှုဆီသို့ ရောက်ရှိစေရန် ရည်ရွယ်ပါသည်။ ထို့ကြောင့် စကြဝဠာနှင့် ယင်းအထဲမှ သက်ရှိများဖြစ်ပေါ်ပုံအကြောင်း ကျယ်ပြန့်သောသံသရာများကို ဖော်ပြရာတွင် ဘုရားရှင်၏ ရည်ရွယ်ရင်းသည် တန်ဖိုးရှိသော လူ့ဘဝအဖြစ် လက်ရှိပြန်လည်မွေးဖွားရသည့် အဖိုးတန်မှုကို လူတို့သဘောပေါက်စေရန် ဖြစ်ပါသည်။ ရခဲသောလူ့ဘဝနှင့် ထပ်မံရရှိရန် ခက်ခဲမှုကို တန်ဖိုးထားခြင်းဖြင့် လူတို့သည် ပစ္စုပ္ပန်အခြေအနေကို အကောင်းဆုံးအသုံးချကာ အဆိုပါ ဘာသာရေးရည်မှန်းချက်ဆီသို့ အားထုတ်လိုစိတ် ပြင်းပြလာပါမည်။ ဗုဒ္ဓမြတ်စွာသည် ကျွန်ုပ်တို့အား အာကသသိပ္ပံပညာ သို့မဟုတ် အာကာသရူပဗေဒအကြောင်း ဟောကြားရန် ကြွလာခြင်းမဟုတ်ပါ။
ထိုရည်မှန်းချက်နှင့် မဆီလျော်သည့် ကိစ္စများကို တွေးတောခြင်းသည် အချိန်နှင့်စွမ်းအားကို ဖြုန်းတီးရာရောက်သည်ဟု ရှုမြင်ပါသည်။ အထူးသဖြင့် ကျွန်ုပ်တို့စိတ်တွင် ရှုပ်ထွေးမှုများ ပြည့်နေပြီး အနှောင့်အယှက်ပေးသော စိတ်ခံစားချက်များ ကြီးစိုးနေချိန်တွင် စကြဝဠာနှင့် ယင်းထဲတွင်နေထိုင်သော ခံစားချက်ရှိသည့် သတ္တဝါများအကြောင်း၊ အထူးသဖြင့် ယင်းတို့အကြောင်း မှားယွင်းသိရှိထားသည့် ယုံကြည်ချက်တွင် အခြေခံကာ တွေးတောသည်မှာ လွတ်မြောက်မှုနှင့် အခြားသူများကို ကူညီမှုအတွက် ကျွန်ုပ်တို့ရည်မှန်းချက်ကို ဘေးချော်ထွက်စေရုံသာ ရှိပါမည်။ ကျွန်ုပ်တို့တွင် ရှုပ်ထွေးမှုများ ပို၍သာ ဖြစ်လာနိုင်ဖွယ်ရှိသည်။
ဗုဒ္ဓမြတ်စွာ သက်တော်ထင်ရှားရှိစဉ်ကပင် ဤအချက်ကိုဖော်ပြသည့် ဇာတ်လမ်းများစွာ ရှိပါသည်။ ဥပမာ၊ ဘုရားရှင်အား စကြဝဠာသည် ထာဝရတည်မြဲခြင်းရှိ၊ မရှိ၊ သေဆုံးပြီးနောက် အတ္တသည် ဆက်လက်တည်မြဲခြင်း ရှိ၊ မရှိ မေးခဲ့ကြပါသည်။ ထိုအခြေအနေအားလုံးတွင် ဘုရားရှင်က ဆိတ်ဆိတ်သာနေပြီး ပြန်ဖြေတော်မူခြင်း မရှိပါ။ အဆုံးတွင် ဘုရားရှင်က လူတို့သည် ဖန်ဆင်းမှု၊ မပြောင်းလဲအောင် ဖန်ဆင်းထားသောဝိညာဉ် စသည့်ကိစ္စများအကြောင်း ရှုပ်ထွေးပြီး ယုံကြည်နေချိန်တွင် တစ်ခုခုအဖြေပေးလိုက်ပါက သူတို့၏ရှုပ်ထွေးမှုကို ပိုဆိုးစေမည်သာဖြစ်ကြောင်း မိန့်တော်မူပါသည်။ မပြောင်းလဲအောင် ဖန်ဆင်းထားသောဝိညာဉ် ဆိုသည်မှာ မရှိပါက ထိုသို့သောဝိညာဉ်များ ထာဝရတည်ခြင်း၊ မတည်ခြင်းကို မေးနေသည်မှာ အဓိပ္ပာယ်မရှိတော့ပါ။
ဤအချက်သည်ပင် ကောင်းမွန်သောတရားတစ်ပုဒ် ဖြစ်ပါသည်။ မည်သို့ဆိုစေ စကြဝဠာ၏ အရွယ်အစားနှင့် ယင်းအထဲမှ သက်ရှိအရေအတွက်ကို သိရှိခြင်းဖြင့်၊ ၎င်းတို့တည်ရှိပုံအကြောင်း မှန်ကန်စွာ သိရှိထားလျှင်ပင် ကျွန်ုပ်တို့၏ ဆင်းရဲဒုက္ခနှင့် ပြဿနာများကို ကျော်လွှားနိုင်အောင် ကူညီပါမည်လား။ အဆိုပါ မေးခွန်းများကို မဖြေရှင်းနိုင်ခင်မှာပင် ကျွန်ုပ်တို့သေဆုံးနိုင်ပြီး ရရှိထားသည့် တန်ဖိုးရှိသောလူ့ဘဝကို ဖြုန်းတီးမိလိမ့်မည်ဟု ဗုဒ္ဓမြတ်စွာက မိန့်ပါသည်။ ထိုမှန်းဆမှုသည် ပျော်စရာကောင်းနိုင်သော်လည်း ကျွန်ုပ်တို့အား အထောက်အကူမပြုပါ။ အရေးကြီးသည်မှာ မိမိတို့လက်ရှိအခြေအနေ၏ အမှန်တရားကို သဘောပေါက်ကာ ရခဲလှသည့်အခွင့်အလမ်းများကို ရယူအသုံးချရန် ဖြစ်ပါသည်။ ကျွန်ုပ်တို့သည် သံသရာထဲတွင် ရှိနေသော်လည်း ယခုအခါ တန်ဖိုးရှိသောလူ့ခန္ဓာကိုယ်နှင့်စိတ်ကို ရရှိထားကြောင်း နားလည်သဘောပေါက်ပါက ဆင်းရဲဒုက္ခကို ကျော်လွှားရန်နှင့် အခြားသူများကို ကူညီရန် ယင်းတို့ကို အသုံးချနိုင်ပါသည်။ အလုံးစုံ ဉာဏ်အလင်းရရှိမှုအတွက် နည်းစနစ်များကို ကျင့်ကြံနိုင်ပါသည်။ ထို့ပြင် ထိုသို့ရရှိသည်နှင့် ထိုသို့အဖြေရှာမရသည့် မေးခွန်းအားလုံးအတွက် အဖြေကို ရရှိလာနိုင်ပါသတည်း။