ဗုဒ္ဓဘာသာတွင် ဆုတောင်းခြင်းဆိုတာဘာလဲ။

Study buddhism prayer 02

ဆူမာရီယန်ဘုရားကျောင်းရှိ ဓမ္မသီချင်းများမှသည် ရှေးခေတ်အီဂျစ်လူမျိုးတို့၏ နတ်ဘုရားများထံ ရွတ်ဆိုမှုများအထိ ရှေးအကျဆုံး လူ့ယဉ်ကျေးမှုအချို့၏ မပျောက်ပျက်သော စာပေများတွင် ဆုတောင်းစာများကို တွေ့ရပါသည်။ ယနေ့ခေတ်တွင်လည်း ကမ္ဘာ့ဘာသာကြီးများအားလုံးတွင် ဆုတောင်းမှုအချို့ ရှိကြပါသည်။ ခရစ်ယာန်များ၊ မွတ်စလင်များ၊ ဂျူးများသည် ဘုရားသခင်အား ဆုတောင်းကြပြီး ဟိန္ဒူဘာသာဝင်များတွင်မူ ဆုတောင်းရန် နတ်ဘုရားများစွာ ရွေးချယ်နိုင်ပါသည်။ ပြင်ပမှကြည့်လျှင် ဗုဒ္ဓဘာသာသည်လည်း ထိုနည်း၎င်းဟု ထင်ရပါသည်။ မည်သည့်ဗုဒ္ဓဘာသာနိုင်ငံတွင်မဆို ဘုရားစေတီ၊ ဘုန်းကြီးကျောင်းတစ်ခုသို့ သွားကြည့်လျှင် လက်အုပ်ချီနေသော ဘုရားဖူးများစွာက ဘုရားဆင်းတုတော်များရှေ့မှောက်တွင် ရွတ်ဖတ်ပူဇော်နေသည်ကို တွေ့ရပါမည်။ တိဘက် ဗုဒ္ဓဘာသာနှင့် ရင်းနှီးသူများဆိုလျှင် ကျွန်ုပ်တို့မှာ ဆုတောင်းသောပုတီး၊ ဆုတောင်းသောဘီး၊ ဆုတောင်းသောအလံများ ရှိသည်ကို တွေ့ရပါမည်။ 

ဆုတောင်းသည်ဆိုရာတွင် အချက်သုံးချက် ပါဝင်သည်။ ဆုတောင်းသူ၊ ဆုတောင်းသည့်အရာနှင့် ဆုတောင်းသည့် ရည်ရွယ်ချက်တို့ ဖြစ်သည်။ ထို့ကြောင့် ဗုဒ္ဓဘာသာတွင် ဆုတောင်းခြင်းမှာ အနည်းငယ်ရှုပ်ထွေးပါသည်။ ဖန်ဆင်းရှင် မရှိသည့် ဘာသာတစ်ခုတွင် ဗုဒ္ဓဘာသာဝင်တို့သည် ဘယ်သူ့ကို ဘာအတွက် ဆုတောင်းပါသနည်း။ ကျွန်ုပ်တို့ကို ကောင်းချီးပေးမည်သူ မရှိပါက ဆုတောင်းသည်မှာ အဓိပ္ပာယ်ရှိပါသလား။ ဗုဒ္ဓဘာသာဝင်တို့အတွက် အရေးပါသည့် မေးခွန်းမှာ “တစ်စုံတစ်ဦးက ကျွန်ုပ်တို့၏ ဆင်းရဲဒုက္ခနှင့် ပြဿနာများကို ဖယ်ရှားပေးရန် ဖြစ်နိုင်ပါသလား။”

အပြောင်းအလဲဖြစ်အောင် ဆုတောင်းရုံနှင့် မလုံလောက်ပါ။ လက်တွေ့ဆောင်ရွက်ရပါသည်။ - ၁၄ ပါးမြောက် ဘုန်းတော်ကြီး ဒလိုင်းလားမား

မည်သူမျှ ကျွန်ုပ်တို့၏ပြဿနာအားလုံးကို ကျွန်ုပ်တို့ကိုယ်စား မဖြေရှင်းနိုင်ကြောင်း ဗုဒ္ဓမြတ်စွာက မိန့်ကြားပါသည်။ မြတ်ဗုဒ္ဓကိုယ်တော်တိုင် သူ၏ဉာဏ်ပညာ၊ အစွမ်းအစတို့ဖြင့်ပင်လျှင် ထိုသို့မဆောင်ရွက်ပေးနိုင်ပါ။ ကျွန်ုပ်တို့ မိမိဘာသာ တာဝန်ယူရပါမည်။ ပြဿနာများနှင့် ဆင်းရဲဒုက္ခများ မကြုံတွေ့လိုပါက ကျွန်ုပ်တို့သည် ယင်းတို့၏ အကြောင်းတရားများကို ရှောင်ရှားရန်လိုပါသည်။ ပျော်ရွှင်မှု ရရှိလိုပါက ပျော်ရွှင်ခြင်းအကြောင်းရင်းများကို မိမိကိုယ်တိုင် ဖန်တီးယူဖို့လိုပါသည်။ ဗုဒ္ဓဘာသာရှုထောင့်အရ စင်ကြယ်သောသီလနှင့် ကျင့်ဝတ်ကိုလိုက်နာခြင်းဖြင့် ထိုသို့ဖန်တီးနိုင်ပါသည်။ မိမိအလိုရှိသောဘဝမျိုး ဖန်တီးရန် မိမိအပြုအမူနှင့် သဘောထားကို ပြောင်းလဲရန်မှာ မိမိအပေါ်တွင် လုံးဝတည်မှီပါသည်။

ဗုဒ္ဓဘာသာဝင်တို့ ဘယ်သူ့ထံတွင် ဆုတောင်းသနည်း။

ဆင်းတုတော်များရှေ့တွင် လူအများ ရှိခိုးနေခြင်း၊ ဘုရားစေတီများတွင် အမွေးတိုင်ထွန်းခြင်း၊ ဓမ္မာရုံများတွင် ဘုရားစာရွတ်ဆိုခြင်းတို့ကို မြင်သောအခါ သူတို့ဘာကို တောင်းဆိုပြီး ဘယ်သူ့ကို ဆုတောင်းနေပါသနည်း။ “စကြမုနိဗုဒ္ဓမြတ်စွာဘုရား၊ မာစီးဒီးကား မစတော်မူပါ” သို့မဟုတ် “ဆေးဝါးနှင့်ဆိုင်သော ဗုဒ္ဓမြတ်စွာဘုရား၊ ကျွန်ုပ်၏အနာရောဂါကို ကုသပေးတော်မူပါ” ဟုဆုတောင်းနိုင်ကြောင်း အချို့က တွေးနိုင်သော်လည်း ဗုဒ္ဓဘာသာဆရာတော်အများစုက ထိုသို့သော ဆုတောင်းမှုမျိုးတွင် အကျိုးရလဒ်သိပ်မရှိကြောင်း မိန့်ကြားပါလိမ့်မည်။

ထိုသို့မဟုတ်ဘဲ မိမိကိုယ်တိုင် ပျော်ရွှင်မှုအကြောင်းရင်းများ ဖန်တီးနိုင်ရန်၊ အခြားသူများကို တတ်နိုင်သလောက် အကျိုးပြုရန်အတွက် မိမိကိုယ်ကို ကြိုးစားအားထုတ်နိုင်အောင် တွန်းအားနှင့်ခွန်အား ရရှိအောင် ဘုရားရှင်များနှင့် ဗောဓိသတ္တများထံသို့ ဆုတောင်းရပါသည်။ ယင်းမှာ သူတို့တွင် မှော်ကြိမ်လုံးရှိသည့်အတွက် ထိုသို့ဖြစ်အောင် ဆန်းကြယ်သောစွမ်းအား ရှိနေ၍မဟုတ်ပါ။ သူတို့ကို စံပြုနမူနာယူကာ “ကျွန်ုပ်လည်း ထိုသို့ ဆောင်ရွက်နိုင်သည်” ဆိုသော မိမိကိုယ်ကိုယုံကြည်မှု ရရှိစေရန်ဖြစ်ပါသည်။

သုတ္တန်များရွတ်ဖတ်ခြင်း၊ မန္တရားရွတ်ဆိုခြင်းနှင့် နတ်ဒေဝါများကို မြင်ယောင်ကြည့်ခြင်းတို့ကဲ့သို့ ဗုဒ္ဓဘာသာဝင်တို့၏ ဆုတောင်းမှုများအားလုံးသည် ကျွန်ုပ်တို့ထံ၌ ကရုဏာ၊ စိတ်အားထက်သန်မှု၊ သည်းခံမှုစသည့် အပြုသဘော စိတ်ခံစားချက်များ ပေါ်ထွက်ရန်နှင့် အခြားသူများကိုကူညီနိုင်အောင် အပြုသဘော ဆောင်ရွက်ချက်များ ပြုလုပ်ရန် ကိုယ်ပိုင်အစွမ်းအစများနှင့် သက်ဆိုင်ပါသည်။

အဆင့်ခုနစ်ဆင့် ဆုတောင်း

လူသိများသောကျင့်ကြံမှုတစ်ခုမှာ ဗုဒ္ဓဘာသာလမ်းကြောင်း တစ်ခုလုံး၏ အနှစ်သာရပါဝင်သည့် အဆင့်ခုနစ်ဆင့်ဆုတောင်းဖြစ်သည်။ ထိုအစိတ်အပိုင်း ခုနစ်ခုစလုံးတွင် အောက်ပါအတိုင်း သီးခြားအာနိသင်တစ်ခုစီ ရှိပါသည်-

(၁) ဘုန်းတော်ကြီးသော ဘုရားရှင်အားလုံးနှင့်တကွ တရားဓမ္မနှင့် သံဃာတော်တို့အား သုံးကြိမ်ဦးချပါသည်။ ကမ္ဘာပေါ်ရှိ အက်တမ်အားလုံးတမျှ များပြားလှသော ခန္ဓာများဖြင့် ဦးချပါသည်။
(၂) မန်ဇူသီရိနှင့် အခြားသူတို့သည် အတုမရှိဘုရားရှင်တို့အား ကပ်လှူမှုများပြုလုပ်သည့်နည်းတူ အကျွန်ုပ်သည်လည်း ကြီးမြတ်သောဘုရားရှင်တို့နှင့် ဘုရားရှင်တို့၏ ဘာသာရေးမျိုးဆက်တော်များအား ကပ်လှူပါသည်။
(၃) အစမထင် သံသရာတစ်လျှောက်လုံးတွင် ကျွန်ုပ်သည် ဤဘဝနှင့် အခြားဘဝများ၌ မကောင်းမှုများ မသိနားမလည်စွာ ကျူးလွန်ခဲ့ခြင်း သို့မဟုတ် အခြားသူများကို ကျူးလွန်ခိုင်းခြင်းတို့ ရှိခဲ့ပါသည်။ ထို့ပြင် မသိနားမလည်စွာ ရှုပ်ထွေးမှုကြောင့် ယင်းတို့အပေါ် ပီတိဖြစ်ခဲ့မိပါသည်။ ကျွန်ုပ်ပြုခဲ့သမျှအတွက် အမှားကိုမြင်ပြီး စောင့်ရှောက်တော်မူသော ဘုရားရှင်တို့ထံ၌ ကျွန်ုပ်၏အသည်းနှလုံးထဲမှနေ၍ ပွင့်ပွင့်လင်းလင်း ကြေညာပါသည်။
(၄) သင်တို့၏ ဗောဓိစိတ္တရည်မှန်းချက်များဖြင့် အကန့်အသတ်ရှိသော သက်ရှိတိုင်းအား ပျော်ရွှင်မှုယူဆောင်ပေးသည့် အပြုသဘောစွမ်းအားပင်လယ်ကြီးတွင် လည်းကောင်း၊ အကန့်အသတ်ရှိသော သက်ရှိများအား ကူညီသည့် သင်တို့၏ ဆောင်ရွက်ချက်များကိုလည်းကောင်း ကျွန်ုပ်နှစ်သက်ပီတိဖြစ်ပါသည်။
(၅) အကန့်အသတ်ရှိသော သက်ရှိများ၏ ဆင်းရဲဒုက္ခနှင့် အမှောင်ထဲလမ်းပျောက်နေမှုအတွက် ဓမ္မအလင်းတန်း ထွန်းလင်းပေးပါရန် အရပ်မျက်နှာအားလုံးမှ ဘုရားရှင်တို့ထံ အကျွန်ုပ်လက်အုပ်ချီမိုး ဆုတောင်းပါသည်။
(၆) သူတို့၏ အလင်းမရမှုကြောင့် ထိုသွားလာနေသူများအား ကပ်ကာလများစွာတိုင် ပစ်မထားပါရန် သောကဟူ၍ မရှိတော့သော အတုမရှိ ဘုရားရှင်တို့ထံ အကျွန်ုပ်လက်အုပ်ချီမိုး ဆုတောင်းပါသည်။
(၇) ထိုသို့ကျွန်ုပ်ဆောင်ရွက်ခဲ့သမျှ စုစည်းခဲ့သော အပြုသဘောစွမ်းအားမှန်သမျှကြောင့် အကျွန်ုပ်သည် အကန့်အသတ်ရှိသော သက်ရှိအားလုံး၏ ဆင်းရဲဒုက္ခမှန်သမျှကို ဖယ်ရှားပေးနိုင်ပါစေသတည်း။
  • ဆုတောင်းမှု၏ ပထမဆုံးအပိုင်းမှာ ရှိခိုးခြင်း ဖြစ်သည်။ ကျွန်ုပ်တို့သည် ဘုရားရှင်တို့အား သူတို့ကိုယ်စားပြုသည့် မေတ္တာ၊ ကရုဏာ၊ ဉာဏ်ပညာ စသည်တို့အားလုံးအတွက် လေးစားမှုပြသည့်အနေနှင့် ရှိခိုးသည်။ ခန္ဓာကိုယ်၏အမြင့်ဆုံးအပိုင်းဖြစ်သည့် ဦးခေါင်းကို မြေပြင်မှာထားပြီး ရှိခိုးခြင်းသည် ကျွန်ုပ်တို့ထံ၌ မာနကိုဖယ်ခွာပြီး နှိမ့်ချမှုကိုရရှိအောင်လည်း ကူညီပါသည်။
  • ထို့နောက် ကပ်လှူခြင်းများ ပြုလုပ်ပါသည်။ ဗုဒ္ဓဘာသာဝင်အများစုက သောက်တော်ရေခွက် လှူဒါန်းသော်လည်း အရာဝတ္ထုကိုယ်၌က သိပ်အရေးမကြီးပါ။ အရေးကြီးသည်မှာ မိမိအချိန်၊ အားထုတ်မှု၊ စွမ်းအားနှင့် ပိုင်ဆိုင်မှုများကို ပေးအပ်လိုစိတ် ဖြစ်ပြီး ယင်းသည်ပင် ကျွန်ုပ်တို့ထံ၌ တွယ်တာမှုကို ဖယ်ခွာပေးပါသည်။
  • တတိယအချက်မှာ မိမိ၏အားနည်းချက်များနှင့် အမှားများကို ဝန်ခံခြင်း ဖြစ်ပါသည်။ တစ်ခါတစ်ရံ ကျွန်ုပ်တို့ပျင်းရိပြီး တစ်ကိုယ်ကောင်းဆန်သလို တစ်ခါတစ်ရံ အလွန်အပျက်သဘောဆန်စွာ ပြုမူပါသည်။ ယင်းတို့ကို ဝန်ခံ၊ နောင်တရပြီး အလားတူထပ်မမှားအောင် ခိုင်မာသော ဆုံးဖြတ်ချက်ဖြင့် ဆက်သွားပါသည်။ ဤသည်မှာ မကောင်းသောကံ နှိုးဆွမှုများ မလွှမ်းမိုးအောင် ကျော်လွှားခြင်းလည်း ဖြစ်ပါသည်။
  • ထို့နောက် ကျွန်ုပ်တို့ နှစ်သက်ပီတိ ဖြစ်ပါသည်။ မိမိဆောင်ရွက်ခဲ့သော ကောင်းမှုအားလုံးနှင့် အခြားသူများဆောင်ရွက်သော အံ့ဖွယ်အကျိုးပြုလုပ်ငန်းများ အားလုံးကို တွေးကြည့်ပါသည်။ ဘုရားရှင်တို့ ဆောင်ရွက်တော်မူခဲ့သည့် ကြီးကျယ်သောကိစ္စရပ်များကိုလည်း တွေးကြည့်ပါသည်။ ထိုအခါ မစ္ဆရိယစိတ်ကို ကျော်လွှားရန်ကူညီပါသည်။
  • ထို့နောက် တရားဓမ္မကို တောင်းဆို ပါသည်။ ယင်းသည် ကျွန်ုပ်တို့ကိုယ်ထဲ၌ လက်ခံသောစိတ်အခြေအနေ ဖြစ်ပေါ်အောင် ဖန်တီးပေးပါသည်။ “အကျွန်ုပ်သင်ယူလိုပါသည်။ မိမိနှင့် အခြားသူများအတွက် ပျော်ရွှင်မှု ဖန်တီးပေးလိုပါသည်” ဟု ရွတ်ဆိုရပါသည်။
  • ဆရာသမားများအား ခွဲခွာမသွားရန် တောင်းပန် ပါသည်။ ပြီးခဲ့သောအပိုင်းတွင် ကျွန်ုပ်တို့သည် တရားဓမ္မအတွက် လမ်းဖွင့်ထားရာ ယခုအပိုင်းတွင် ဆရာသမားများအား ကျွန်ုပ်တို့ကို ခွဲခွာမသွားဘဲ အပြည့်အဝ ဉာဏ်အလင်းရရှိသည်အထိ သင်ကြားပေးစေလိုပါသည်။
  • နောက်ဆုံးမှာ အရေးအကြီးဆုံးအဆင့်ဖြစ်သည့် အားစိုက်ကြိုးပမ်းခြင်း ဖြစ်ပါသည်။ မိမိနှင့် အခြားသက်ရှိအားလုံး အကျိုးရှိစေရန် ကျွန်ုပ်တို့ ဖန်တီးခဲ့သည့် အပြုသဘောစွမ်းအားတိုင်းကို အားစိုက်ကြိုးပမ်းသွားပါသည်။

ဤဆုတောင်းတွင် ဗုဒ္ဓဘာသာ၏ ရည်မှန်းချက်သည် ပြင်ပပုဂ္ဂိုလ်တစ်ဦးဦးအား ကျွန်ုပ်တို့၏အခက်အခဲအားလုံးမှ ကယ်တင်ရန် ရှိခိုးဆုတောင်းခြင်း မဟုတ်ကြောင်း မြင်နိုင်ပါသည်။ “မြင်းတစ်ကောင်ကို ရေကန်ဆီသို့ ခေါ်သွားနိုင်သော်လည်း ရေသောက်အောင် မပြုလုပ်နိုင်ပါ” ဟုအဆိုရှိပါသည်။ တစ်နည်းဆိုသော် ဘုရားရှင်တို့က ကျွန်ုပ်တို့အား လမ်းပြခဲ့သော်လည်း တွယ်တာမှု၊ မသိနားမလည်မှုကို ကျော်လွှားရန်နှင့် မိမိတို့ပိုင်ဆိုင်သည့် အကန့်အသတ်မဲ့ အပြုသဘောစွမ်းအားများ ဖော်ထုတ်ရန်အတွက် ကျွန်ုပ်တို့ကိုယ်တိုင် အားထုတ်ရန် လိုအပ်ပါသည်။

နိဂုံး

ပြင်ပမှကြည့်လျှင် ဗုဒ္ဓဘာသာတွင် ဆုတောင်းသည့် နှောင်ဖွဲ့မှုများနှင့် အစဉ်အလာများရှိသော်လည်း တကယ့်အယူအဆမှာ ပြင်ပပုဂ္ဂိုလ်တစ်ဦးအား မိမိနေ့စဉ်ဘဝ၌ကူညီရန် တောင်းပန်ခြင်း မဟုတ်ပါ။ ဘုရားရှင်တို့နှင့် ဗောဓိသတ္တများသည် ပြီးပြည့်စုံသော စံပြပုဂ္ဂိုလ်များဖြစ်ပြီး ကျွန်ုပ်တို့၏ လက်ရှိနေရာမှ အလုံးစုံ ဉာဏ်အလင်းရရှိသည်အထိ လမ်းကြောင်းကို ပြသပါသည်။ ဘုရားရှင်တို့နှင့် ဗောဓိသတ္တများအား ဆုတောင်းခြင်းဖြင့် ကျွန်ုပ်တို့သည် စိတ်ဓာတ်ခွန်အားရရှိကာ ကျွန်ုပ်တို့အားလုံးထံမှ အစွမ်းအစများဖြစ်သည့် အနှိုင်းမဲ့ကရုဏာ၊ မေတ္တာနှင့် ဉာဏ်ပညာဆိုသည့် ကိုယ်ပိုင်စွမ်းရည်များ နှိုးဆွပေးနိုင်ရန်အတွက် ဖြစ်ပါသတည်း။

Top