စိတ်ဖိစီးမှုကို ဖယ်ရှားရန် ဗုဒ္ဓဘာသာနည်းဖြင့် ဆန်းစစ်ချက်

ကျွန်ုပ်တို့၏ ပြဿနာများမှ လွတ်မြောက်လိုသော ဆုံးဖြတ်ချက်ဖြစ်သည့် စွန့်ပယ်ခြင်းအကြောင်းကို ယခုညနေခင်းတွင် ဟောပြောရန် တောင်းဆိုထားပါသည်။ အထူးသဖြင့် ယခုလို မော်စကိုမြို့ကဲ့သို့ မြို့ကြီးများတွင် နေထိုင်ရသည့် စိတ်ဖိစီးမှု အဆက်အစပ်ဖြင့် နားလည်နိုင်ရန် ဖြစ်ပါသည်။ သို့သော် ဤအကြောင်းကို စတင်ပြီး လေ့လာဆန်းစစ်သောအခါ ယနေ့ခေတ် ကျွန်ုပ်တို့ရင်ဆိုင်ရသော ပြဿနာ အများစုသည် မြို့ကြီးတစ်မြို့တွင် နေထိုင်မှုနှင့်သာ ကန့်သတ်ထားခြင်း မဟုတ်သည်ကို တွေ့ရပါမည်။

နှိုးဆွမှုအလွန်များခြင်းသည် စိတ်ဖိစီးမှု၏ အကြောင်းရင်းဖြစ်သည်

မြို့ကြီးများတွင် လေထုညစ်ညမ်းမှု၊ ကားလမ်းပိတ်ဆို့မှု စသည့် ကျေးလက်ဒေသမှာ မတွေ့နိုင်သော ကိစ္စများ ရှိသည်မှာ မှန်ပါသည်။ သို့သော် ဤအချက်များကြောင့်သာ ကျွန်ုပ်တို့ စိတ်ဖိစီးလာရခြင်း မဟုတ်ပါ။ ပိုပြီး နက်ရှိုင်းစွာ ကြည့်ပါက ယနေ့ခေတ် လူအများစု မည်သည့်နေရာမှာနေသည်ဖြစ်စေ ရင်ဆိုင်နေရသည့် ပြဿနာများကို တွေ့ရပါမည်။ ကျွန်ုပ်တို့ထံတွင် အရာဝတ္ထုများ ပိုမိုရရှိလာခြင်း၊ ပိုမိုရွေးချယ်စရာ ရှိလာခြင်း၊ သတင်းအချက်အလက်များ၊ ရွေးချယ်စရာ တီဗီလိုင်းများ၊ ရုပ်ရှင်ဇာတ်ကားများ၊ ထုတ်ကုန်ပစ္စည်းများ ပိုမိုရရှိလာခြင်း စသည်တို့ကြောင့် ဖြစ်မည်ထင်ပါသည်။ လူအများစုတွင် မိုဘိုင်းဖုန်းများ ရှိသောကြောင့် အီးမေးလ်များ၊ အဆက်မပြတ် မက်ဆေ့ချ်များ၊ စာရိုက်ပြီး စကားပြောခြင်းများ စသည်တို့ ရှိနေပါသည်။ ထို့ကြောင့် အခြားသူများက ကျွန်ုပ်တို့ ချက်ချင်း အကြောင်းပြန်မည်ဟု မျှော်လင့်နေသောကြောင့် အရာရာကို ကြည့်နေရမည်၊ ချက်ချင်း အကြောင်းပြန်ရမည် စသည့် ဖိစီးသောခံစားချက် ရှိနေပါသည်။ ယင်းတို့သည် ချိတ်ဆက်ရန် အရေးကြီးနေသောအချိန်တွင် ကျွန်ုပ်တို့ကို အခြားသူများနှင့် ချိတ်ဆက်မိရေးအတွက် အကျိုးကျေးဇူးအချို့ ရှိသော်လည်း တစ်ခါတစ်ရံ လွန်ကဲနေတတ်ပါသည်။ “ဘာကိုမှ လွတ်မသွားချင်ဘူး။ အရေးကြီးနိုင်တယ်။ ကျန်ရစ်နေလို့ မဖြစ်ဘူး” ဆိုသည့် စိတ်ဖြင့် အမြဲတမ်း တွေးနေသောကြောင့် အလွန်ပင် မလုံခြုံမှု ခံစားလာရပါသည်။

ထို့ကြောင့် ဘာတွေဖြစ်ပျက်နေသည်ကို အမြဲစစ်ဆေးနေလိုစိတ် ခံစားရပါသည်။ သို့သော် လုံခြုံမှုလည်း လုံးဝမခံစားရပါ။ အသစ်တစ်ခုခု အမြဲဖြစ်နေသလို မက်ဆေ့ချ်အသစ်၊ စာအသစ် ဝင်လာနေသောကြောင့် ဖြစ်ပါသည်။ YouTube မှာဖြစ်စေ၊ တီဗီမှာဖြစ်စေ တစ်ခုခု ကြည့်ရှုလိုပါက မော်စကိုတွင် လိုင်းမည်မျှရှိသည်ကို မသိပါ။ ဥရောပနှင့် အမေရိကတွင် ရာနှင့်ချီ ရှိပါသည်။ ထို့ကြောင့် “အင်း၊ ပိုကောင်းတာ တစ်ခုခု ရှိနိုင်တယ်” ဟုတွေးနေသည့်အတွက် တစ်ခုခု ကြည့်နေရသည်မှာ သက်သောင့်သက်သာ မရှိပါ။ “အင်း၊ ပိုကောင်းတာ တစ်ခုခု မကြည့်မိဘဲ လွတ်သွားနိုင်တယ်” ဆိုပြီး ကြည့်လိုစိတ်က အမြဲ ရှိနေပါသည်။

တကယ်မဟုတ်သော လောကများတွင် အတည်ပြုမှုနှင့် လက်ခံမှု ရရှိအောင် ရှာဖွေခြင်း

မြို့ကြီးပြကြီးတွင်ဖြစ်စေ၊ ကျေးလက်တောရွာတွင် ဖြစ်စေ အထူးသဖြင့် ယနေ့ခေတ် မည်သည့်နေရာတွင် နေထိုင်သည်ဖြစ်စေ ဤကိစ္စများကြောင့် ကျွန်ုပ်တို့ကို ပို၍ စိတ်ဖိစီးစေသည်ဟု ထင်ပါသည်။ ကျွန်ုပ်တို့သည် အသိုင်းအဝိုင်း တစ်ခုခု၊ သူငယ်ချင်းအုပ်စု တစ်ခုခုတွင် ပါဝင်ချင်ကြပါသည်။ ထို့ကြောင့် Facebook တွင် ကျွန်ုပ်တို့ တင်သမျှကို “နှစ်သက်မှုများ” ရချင်ပါသည်။ သို့မှသာ မိမိကို လက်ခံပြီး အသိအမှတ်ပြုသည်ဟု တစ်နည်းနည်းဖြင့် ခံစားမိပါသည်။ သို့သော် ကျွန်ုပ်တို့သည် ထိုအတွက် တည်ငြိမ်မှု မရှိပါ။ ရသမျှ နှစ်သက်မှု အရေအတွက်နှင့် ဘယ်တော့မှ မကျေနပ်ပါ။ “သူတို့ တကယ်နှစ်သက်ရဲ့လား" ဟု ထပ်၍လိုချင်နေပါသည်။ သူတို့သည် ခလုတ်တစ်ခု နှိပ်လိုက်ခြင်း သို့မဟုတ် ကွန်ပျူတာက ခလုတ်နှိပ်ပေးခြင်း (နှစ်သက်မှုများစွာ ရရှိအောင် ငွေပေးချေနိုင်ပါသည်) ဖြစ်နိုင်ပါသည်။ ထို့ပြင် ဖုန်းထဲသို့ မက်ဆေ့ချ် ဝင်လာသည့်အချိန်ကို မျှော်လင့်ချက်ကြောင့်  တစ်ခုခု ထူးခြားလေမလားဆိုပြီး စိတ်လှုပ်ရှားပါသည်။

ထို့ပြင် ကျွန်ုပ်တို့၏ Facebook စာမျက်နှာကို ဝင်သောအခါ “နောက်ထပ် နှစ်သက်မှုများ ရထားသလား” ဟူ၍ ကြည့်ရှုကာ ဤသို့သော မျှော်လင့်စိတ်လှုပ်ရှားမှုမျိုး ဖြစ်ပါသည်။ သို့တည်းမဟုတ် ကျွန်ုပ်ကဲ့သို့ သတင်းစိတ်ဝင်စားသူ ဆိုပါက အမြဲတမ်း သတင်းကြည့်နေပါသည်။ တစ်ခုမှ လွတ်မသွားချင်သည့်အတွက် တစ်ခုခု အသစ်ရှိသလား၊ တစ်ခုခု စိတ်ဝင်စားစရာ ဖြစ်နေသလားဟု သိလိုပါသည်။

ထိုကိစ္စကို ပိုမိုလေးနက်စွာ လေ့လာဆန်းစစ်ပါက ယင်းနောက်ကွယ်တွင် “ငါသည် အလွန်အရေးပါသည်။ ထို့ကြောင့် ဖြစ်ပျက်နေသမျှ အားလုံးကို သိနေရမည်။ အားလုံး ငါ့ကိုနှစ်သက်ရမည်” ဆိုသည့် ခံစားချက်ကို တွေ့ရပါမည်။ ငါသည် အလွန်အရေးပါသည်၊ အားလုံးကို သိရမည်၊ ငါ့ကို အသိအမှတ် ပြုရမည်ဟု ဘာကြောင့် ခံစားရသည်ကို ဗုဒ္ဓဘာသာ အမြင်ရှုထောင့်မှ အသေးစိတ် လေ့လာဆန်းစစ်နိုင်ပါသည်။ ကျွန်ုပ်တို့သည် ဘာကြောင့် မိမိကိုယ်ကို အလွန်အစွဲကြီးနေပါသလဲ။ သို့သော် ယခုညနေခင်းတွင် ဤလမ်းကြောင်းကို အသေးစိတ် မသွားတော့ပါ။

ကျွန်ုပ်တို့အခြေအနေ၏ အမှန်တရားကို ရှောင်ဖယ်ခြင်း

တစ်ဖက်တွင်မူ မိမိပတ်ဝန်းကျင်ရှိ အခြေအနေကြောင့် တစ်ခါတစ်ရံ စိတ်ပျက်မိပါသည်။ မိုဘိုင်းဖုန်းကို ကြည့်ခြင်း သို့မဟုတ် မြေအောက်ရထားပေါ်တွင် သို့မဟုတ် လမ်းလျှောက်နေစဉ်တွင် သီချင်းနားထောင်ခြင်းတို့ဖြင့် ရှောင်ဖယ်ပါသည်။ iPod ဖြင့် နားကြပ် အမြဲတပ်ထားသည်။ တွေးကြည့်ပါက အလွန်စိတ်ဝင်စားဖွယ် ဆန့်ကျင်ဘက် ဖြစ်နေသည်ကို မြင်ရပါမည်။ တစ်ဖက်တွင် လူမှုအဖွဲ့အစည်းထဲ၌ အသိအမှတ်ပြု ခံလိုသော်လည်း အခြားတစ်ဖက်တွင် တကယ့် အသိုင်းအဝိုင်းထဲ၌ ရှိနေသောအခါ ဖုန်းထဲတွင် ဂိမ်းဆော့ခြင်း၊ သီချင်း အကျယ်ကြီး ဖွင့်ခြင်းတို့ဖြင့် အားလုံးကို တံခါးပိတ်ထားလိုက်ပါသည်။

ထိုအခါ ဘာဖြစ်လာပါသနည်း။ အထီးကျန်မှု ဖြစ်လာသည် မဟုတ်ပါလား။ ကျွန်ုပ်တို့သည် လူမှုရေး အသိအမှတ်ပြုမှု ရရှိလိုသည်။ ထိုသို့ အမှန်တကယ် လက်ခံသည်ဟု မခံစားရသည့်အတွက် အထီးကျန်လာပါသည်။ တစ်ဖက်တွင်မူ တကယ်မဟုတ်သော လောကထဲသို့ ရှောင်ဖယ်ပြီး မိမိကိုယ်ကို တံခါးပိတ်လိုက်ရာ ယင်းသည်လည်း အလွန်အထီးကျန်သည် မဟုတ်ပါလား။

ကျွန်ုပ်တို့သည် ဖျော်ဖြေခံရန် လိုအပ်သည်ဟု စိတ်လိုက်မာန်ပါ တွေးပါသည်။ တစ်ခုခု ဘာမှမဖြစ်သည့် အခိုက်အတန့်မျိုးကို မဖြစ်စေလိုပါ။ ထိုအခါတွင်လည်း ဆန့်ကျင်ဘက် ဖြစ်နေပါသည်။ တစ်ဖက်တွင် တိတ်ဆိတ် ငြိမ်းချမ်းမှုကို တောင့်တသော်လည်း အခြားတစ်ဖက်တွင် အချက်အလက် မရှိခြင်း သို့မဟုတ် သီချင်း မဖွင့်ထားခြင်း ကဲ့သို့ လစ်ဟာနေမှုကို ကြောက်မိပြန်ပါသည်။

ကျွန်ုပ်တို့သည် မြေအောက်ရထားပေါ်တွင်ဖြစ်စေ၊ မည်သည့်နေရာတွင်ဖြစ်စေ ပြင်ပလောက၏ ဖိစီးမှုမှ တစ်နည်းနည်းဖြင့် ရှောင်ထွက်လိုပါသည်။ ထို့ကြောင့် ဖုန်း၊ အင်တာနက် စသည့် တကယ်မဟုတ်သော ကမ္ဘာငယ်လေးထဲ ရှောင်ဖယ်သော်လည်း သူငယ်ချင်းများ၏ အတည်ပြုချက်ကို ရှာဖွေနေသောကြောင့် လုံခြုံသည်ဟု လုံးဝမခံစားရပါ။ ကျွန်ုပ်တို့၏ မိုဘိုင်းဖုန်းထဲသို့ ခိုလှုံလိုက်ခြင်းသည် ကျွန်ုပ်တို့၏ စိတ်ဖိစီးသော ပြဿနာအတွက် တကယ့်အဖြေတစ်ခုလား ဆိုပြီး အမှန်ပင် စဉ်းစားရမည့် အချက်ဖြစ်ပါသည်။ မြို့ကြီးပြကြီးဖြစ်စေ၊ မည်သည့်နေရာဖြစ်စေ ယင်းသို့ပြုသည်မှာ အဖြေဟုတ်ပါသလား။

အပျက်သဘော အကျင့်ပါမှုများကို အသိအမှတ်ပြုခြင်းနှင့် လွတ်လပ်လိုသော ဆုံးဖြတ်ချက် ချမှတ်ခြင်း

ကျွန်ုပ်တို့ ပြုလုပ်ရမည်မှာ ဤသို့ အကျင့်ပါမှုများတွင် ပိတ်မိနေသောအခါ ကြုံရသည့် မပျော်ရွှင်မှုကို အသိအမှတ်ပြုရန်နှင့် အကြောင်းရင်းများကို ဖော်ထုတ်ရန် ဖြစ်ပါသည်။ ဤအလေ့အထများထဲတွင် ကျွန်ုပ်တို့ဘာကြောင့် ပိတ်မိနေပါသနည်း။

ထို့နောက် ဤမပျော်ရွှင်မှုမှ လွတ်မြောက်လိုသော ဆုံးဖြတ်ချက် ထားရှိရန် ဖြစ်ပါသည်။ ထိုအတွက် ၎င်း၏ရင်းမြစ်များကို ဖယ်ရှားရန် နည်းလမ်းများအား သိရှိကာ ယင်းတို့သည် အလုပ်ဖြစ်ကြောင်း ယုံကြည်မှုတွင် အခြေခံရပါမည်။ သို့သော် ဤမပျော်ရွှင်မှုကို ဖယ်ရှားလိုပြီး ခံစားချက်မဲ့သည့် မကောင်းဆိုးရွား တစ်ကောင်ကဲ့သို့ ဖြစ်လာကာ အသေကောင်ကဲ့သို့ မြို့ထဲပတ်ပြီး လမ်းလျှောက်ရမည် မဟုတ်ပါ။ ပျော်ရွှင်မှုဆိုသည်မှာ မပျော်ရွှင်မှု ကင်းမဲ့ခြင်းမျှသာ မဟုတ်ပါ။ ယင်းသည် တည်ငြိမ်ပြီး ဘာမှမခံစားရခြင်းထက် ပိုပါသည်။ ခံစားချက် မရှိခြင်းကို ကျွန်ုပ်တို့ အဓိကထားပြီး ရည်မှန်းဆောင်ရွက်ခြင်း မဟုတ်ပါ။

ထို့နောက် ပြင်ပ အရာဝတ္ထုများနှင့် အခြေအနေများသည် ကျွန်ုပ်တို့ကြုံရသည့် မပျော်ရွှင်မှု၊ ဆင်းရဲဒုက္ခနှင့် စိတ်ဖိစီးမှုတို့၏ တကယ့်အကြောင်းရင်း မဟုတ်ကြောင်း အသိအမှတ်ပြုရန် လိုပါသည်။ ထိုသို့ဖြစ်ပါက ထိုသို့ ကြုံတွေ့ရသူတိုင်း တစ်ပုံစံတည်း ဖြစ်နေပါမည်။

ထို့ပြင် ပြဿနာသည် အင်တာနက်မဟုတ်သလို မိုဘိုင်းဖုန်းများလည်း မဟုတ်ပါ။ သင့်တော်စွာ အသုံးပြုပါက ၎င်းတို့သည် ဘဝတွင် အလွန်ပင် အထောက်အကူပြုပါသည်။ ပြဿနာမှာ ယင်းတို့အပေါ် ကျွန်ုပ်တို့၏ သဘောထား၊ ယင်းတို့ကြောင့် ဖြစ်လာသော စိတ်ခံစားချက်များ၊ အလွန်ကောင်းမွန်သော အငတာနက်လောကကို ကျွန်ုပ်တို့ အမှန်တကယ် ကိုင်တွယ်ပုံနှင့် ဘဝအခြေအနေများကို ကိုင်တွယ်ပုံတို့ ဖြစ်ပါသည်။

ကျွန်ုပ်တို့ထံတွင် မိမိကိုယ်ကို ပျက်စီးစေသော အလေ့အထများစွာ ရှိပါသည်။ ယင်းတို့အားလုံးသည် မလုံခြုံမှု၊ လက်မခံမည်ကို ကြောက်ရွံ့မှု၊ ဖယ်ရှားခံရမည်ကို ကြောက်ရွံ့မှု၊ စိတ်လိုက်မာန်ပါ ပြုမူမှု စသည့် အနှောင့်အယှက် ပေးသော စိတ်အခြေအနေ တစ်ခုခုကြောင့် ပေါ်ပေါက်လာပါသည်။ သို့သော် ယင်းတို့ကို ကျော်လွှားရန် အသုံးချရမည့် မဟာဗျူဟာများအဖြစ် လူမှုကွန်ရက်မီဒီယာ စသည်တို့ထဲသို့ ရှောင်ဖယ်ခြင်းသည် ပို၍ပင် စိတ်ဖိစီးစေပါသည်။ ထပ်ကျော့သံသရာ ဖြစ်သွားပါသည်။ “လူတွေငါ့ကို နှစ်သက်ကြပါ့မလား” ဆိုသည့် စိုးရိမ်စိတ် ဖြစ်စေရုံသာ ရှိပါသည်။

ထို့ပြင် ဆယ်ကျော်သက်များနှင့် အင်တာနက်ပေါ်တွင် အနိုင်ကျင့်ခြင်းများအကြောင်း တွေးသောအခါ ပို၍ပင် ဆိုးပါသည်။ သင်က နှစ်သက်မှုများ ရရှိပြီး အားလုံးက သင်မည်မျှ ရရှိသည်ကို တွေ့မြင်ခြင်းမျှသာ မဟုတ်ပါ။ "မနှစ်သက်မှုများ" ဆိုသည့် အနိုင်ကျင့်မှု အမျိုးအစား တစ်ခုခု ရရှိပါကလည်း အားလုံးက မြင်တွေ့နိုင်ပါသည်။ ဤသည်မှာ ဆိုးရွားသည် မဟုတ်ပါလား။

လူမှုကွန်ရက်မီဒီယာပေါ်တွင် ပျော်ရွှင်နေသော ပုံများတင်လေ့ရှိပါသည်။ မပျော်ရွှင်သော ပုံများကို မတင်ကြပါ။ ထို့ကြောင့် သင့်သူငယ်ချင်းအားလုံး ပျော်ရွှင်နေသည်ကို မြင်သောအခါ မိမိတစ်ကိုယ်တည်း အခန်းထဲတွင် ဖုန်းကိုကြည့်ကာ ထိုင်နေသည်ဟု မိမိကိုယ်ကို သနားလာပါသည်။ ယင်းမှာ အလွန်မပျော်ရွှင်သော စိတ်အခြေအနေ မဟုတ်ပါလား။

ကျွန်ုပ်တို့သည် ဤလူမှုကွန်ရက် မီဒီယာတွင် ဖြစ်ပျက်နေသော အရာများကို လက်တွေ့ကျသော သဘောထားမျိုးရှိရန် လိုပါသည်။ သင့် Facebook စာမျက်နှာတွင် နှစ်သက်မှုများစွာ ရရှိရုံဖြင့် သင့်ကိုလုံခြုံမှု ခံစားရစေမည်မဟုတ်ကြောင်း၊ ထိုသို့မစွမ်းဆောင်နိုင်ကြောင်း သဘောပေါက်ရပါမည်။ ဆန့်ကျင်ဘက်သာ ဖြစ်စေပါသည်။ ကျွန်ုပ်တို့သည် မသိနားမလည်ကြပါ။ ယင်းသည် ကြီးစွာသော ခြားနားချက် ဖြစ်စေမည်ဟု ထင်နေပါသည်။ ပိုမိုနှစ်သက်မှုများ လိုချင်စေပါသည်။ ဘယ်တော့မှ မကျေနပ်နိုင်သည့် လောဘဖြစ်ပါသည်။ နောက်ထပ် ရှိသေးသလားဟု အမြဲတမ်း စစ်ဆေးနေရသည့် မလုံခြုံမှုလည်း ဖြစ်ပါသည်။

ကျွန်ုပ်၏ ဝက်ဘ်ဆိုက်နှင့် ပတ်သက်၍ ထိုသို့ဖြစ်သည်ကို ဝန်ခံရပါမည်။ တစ်နေ့တစ်နေ့ လူမည်မျှ ဝင်ကြည့်သည်ကို စာရင်းဇယားအမြဲ ကြည့်နေမိပါသည်။ ဤသည်မှာလည်း ထိုသဘောအတိုင်း ဖြစ်ပါသည်။ သို့မဟုတ် ငွေလဲနှုန်းကို နေ့စဉ်ကြည့်ကာ ယနေ့မည်မျှ ရှုံးသွားပြီကို စစ်ဆေးခြင်း ဖြစ်ပါသည်။ ကျွန်ုပ်တို့သည် စိတ်ငြိမ်းချမ်းမှု လုံးဝမရကြပါ (ရယ်လျှက်)။ သို့မဟုတ် ကွန်ပျူတာဂိမ်း ကဲ့သို့ တကယ်မဟုတ်သော လောကထဲသို့ ထွက်ပေါက်ရှာလျှင် ပြဿနာများ ပပျောက်သွားနိုင်သည်ဟု မသိနားမလည်စွာ ထင်မြင်ပါသည်။ ဤသည်မှာ ဗော့ကာအရက် အများကြီး သောက်ပြီး အမူးပြေသွားမည်ဟု ထင်ခြင်းနှင့် သိပ်မကွာပါ။

ဤရောဂါကို အကဲဖြတ်ကြည့်ပါက မိမိကိုယ်ကို အလွန် ပျက်စီးစေသည်ကို တွေ့ရပါမည်။ ဖိအားနှင့် စိတ်ဖိစီးမှုကို ကျွန်ုပ်တို့၏ ဖြေရှင်းမှုသည် နောက်ထပ်ပြဿနာများသာ ဖြစ်ပေါ်စေပါသည်။

ကျွန်ုပ်တို့၏ အခြေအနေကို ထိရောက်စွာ ဖြေရှင်းရန် ခွဲခြားသိရှိသောပညာ လိုအပ်ခြင်း

ဤရောဂါများကို ဖြေရှင်းရန်အတွက် မိမိကြုံနေရသည့် အခြေအနေများကို ခွဲခြားသိရှိသောပညာ ရှိရန်လိုပါသည်။ ဥပမာအားဖြင့် အားစိုက်ရသော အလုပ်တစ်ခုတွင် ယင်းကို ကျွန်ုပ်တို့ ဖြေရှင်းရမည်မှာ အမှန်တရား ဖြစ်ပါသည်။ ထိုအမှန်တရားကို လက်ခံရပါမည်။ မိမိတတ်နိုင်သလောက်သာ ဆောင်ရွက်နိုင်သည်မှာ အမှန်တရား ဖြစ်ပါသည်။ ထိုအမှန်တရားကို လက်ခံပါက မိမိအလုပ်သည် ဆိုးရွားသော နှိပ်စက်မှုဟူ၍လည်းကောင်း၊ မိမိကိုယ်ကို “လုံလုံလောက်လောက် မတော်ဘူး” ဟူ၍လည်းကောင်း မမှန်းဆမိတော့အောင် ကူညီပါသည်။

ပြဿနာမှာ ကျွန်ုပ်တို့သည် ပြီးပြည့်စုံရမည်ဟု ထင်နေခြင်း ဖြစ်ပါသည်။ ဘုရားမဖြစ်လျှင် မည်သူမျှ ပြီးပြည့်စုံခြင်း မရှိပါ။ ထို့ပြင် ကျွန်ုပ်တို့၏သူဌေးက ကျွန်ုပ်တို့ ပြီးပြည့်စုံသင့်သည်ဟု ထင်ကာ ထိုသို့ဖြစ်ရန် ဖိအားပေးပါက ထိုသို့ မဖြစ်နိုင်သည်မှာ အမှန်တရား ဖြစ်ပါသည်။ ထိုသို့ မဖြစ်နိုင်သောကြောင့် နံရံကို ခေါင်းနှင့်တိုက်ပြီး မဖြစ်နိုင်သောအရာကို မလုပ်နိုင်သည့်အတွက် အပြစ်ရှိသူကဲ့သို့ ဘာကြောင့် ခံစားနေမည်နည်း။

ထို့ကြောင့် အတတ်နိုင်ဆုံး ဦးစားပေး ဆောင်ရွက်ကာ အခြေအနေ၏ အမှန်တရားကို လက်ခံရပါမည်။ ထို့နောက် စူးစိုက်ရန် ကြိုးစားကာ ရင်ဆိုင်နေရသော အခြေအနေ၏ အမှန်တရားကို သတိရှိရပါမည်။ “မဖြစ်နိုင်ဘူး” ဟု ပုံကြီးမချဲ့သလို “ရှောင်ထွက်ဖို့အတွက် ဖုန်းထဲဝင်ကြည့်ပြီး ကစားလို့ရသေးတယ်” ဟု လျှော့မတွက်ရပါ။

ထိုအချက်ကို ဖြေရှင်းရပါမည်။ အလုပ်ကို ဖြေရှင်းရပါမည်။ ယင်းကို လျှော့တွက်ပါက အမှန်တကယ် ဖြေရှင်းစရာ မလိုသည့်ကိစ္စဟု ထင်လာနိုင်ပါသည်။ ဥပမာအားဖြင့် အလုပ်တွင် ကိစ္စိတ်၏ အစိတ်အပိုင်းချို့ ဆောင်ရွက်စရာ ရှိချိန်တွင် လုပ်ချင်စိတ် မရှိပါက သင်ဘာလုပ်ပါသနည်း။ လုပ်သာလုပ်ပါ ဆိုသည့် စည်းကမ်းမျိုး ရှိပါသလား။ အင်တာနက်ကို စကြည့်ပါသလား။ “အင်း၊ မက်ဆေ့ချ် အသစ်ရောက်နေနိုင်တယ်။ ပိုပြီး စိတ်ဝင်စားစရာကို တစ်ယောက်ယောက် တင်ထားနိုင်တယ်” ဆိုပြီး ဖုန်းကို စတင်ကြည့်ရှုလိုစိတ် ဖြစ်လာပါသလား။ ယင်းမှာ ဤကိစ္စကိုသင်လုပ်ရမည့် အမှန်တရားကို လျှော့တွက်ခြင်း ဖြစ်ပါသည်။ ဤအရာအားလုံးသည် လွတ်လပ်လိုသော ဤဆုံးဖြတ်ချက်နှင့် ပတ်သက်နေပါသည်။ ကျွန်ုပ်တို့ကို အမှန်တကယ် ပြဿနာ ဖြစ်စေသော အချက်ကို ကြိုးစားအသိအမှတ်ပြုကြည့်ပါ။

ဤအရာကို မည်သို့ဖြေရှင်းမည်နည်း။

ဆောင်ရွက်ချက်များက ကျွန်ုပ်တို့၏ ဟော်မုန်း တုံ့ပြန်ချက်အပေါ် လွှမ်းမိုးပုံကို နားလည်ခြင်း

ကိုယ်ပိုင်စည်းကမ်းဖြင့် စတင်ပြီး အသေးအဖွဲဖြင့် စတင်ရပါသည်။ ထို့ပြင် မိမိစိတ်ဖိစီးမှုကို ဖြေရှင်းနေသည့် နည်းလမ်းသည် သိပ္ပံနည်းကျ အမြင်ဖြင့် ဟော်မုန်းများ အနေနှင့် ကြည့်ပါက မည်ကဲ့သို့ အလုပ်ဖြစ်သည်ကို နားလည်နိုင်ပါသည်။ လုံးဝခြားနားသော အသိအမြင်တစ်ခု ပေးပါသည်။ ဗုဒ္ဓဘာသာက ပြောနေသည့် အချက်ကို သိပ္ပံနည်းကျ အခြေခံတစ်ခု ပေးစွမ်းနိုင်ပါသည်။

ကော်တီဆောနှင့် ဒိုပါမင်း ဟော်မုန်းများ

စိတ်ဖိစီးမှု ခံစားရပါက ဟော်မုန်းအဆင့်တွင် ဖြစ်နေသည်မှာ ကျွန်ုပ်တို့၏ ကော်တီဆော ဟော်မုန်းပမာဏ များလာပါသည်။ ကော်တီဆောသည် ဖိစီးစေသော ဟော်မုန်းဖြစ်သောကြောင့် ကျွန်ုပ်တို့သည် သက်သာရာ အနည်းငယ် ရှာဖွေပါသည်။ ကိုယ်ထဲတွင် ဤကော်တီဆောကို ဖယ်ရှားနိုင်အောင် ပျော်ရွှင်မှုပေးမည်ဟု ထင်သည့် ကျွန်ုပ်တို့၏ မဟာဗျူဟာသည် အဘယ်နည်း။ ဆေးလိပ်သောက်လိုက်ရင် အဆင်ပြေမည်ဟု ထင်လာပါသည်။ သို့မဟုတ် ဤဖိစီးမှု လျော့ကျသွားအောင် တစ်ခုခု စိတ်ဝင်စားစရာအတွက် အင်တာနက်ကြည့်မည်။ လူမှုကွန်ရက် မီဒီယာကြည့်မည်။ ထိုအခါ ကျွန်ုပ်တို့ကို ခံစားချက် ပိုကောင်းစေမည့် မျှော်လင့်ခြင်း စိတ်လှုပ်ရှားမှုနှင့် ပျော်ရွှင်မှုတို့ ရလာသောကြောင့် ဒိုပါမင်း ဟော်မုန်း ပမာဏ များလာပါသည်။ ဒိုပါမင်းသည် ဆုလာဘ် မျှော်လင့်ချက် ဟော်မုန်းဖြစ်သည်။ တိရစ္ဆာန် တစ်ကောင်က နောက်တစ်ကောင်နောက်ကို လိုက်သောအခါ ခံစားရစေသော ဟော်မုန်းဖြစ်သည်။ ဤသို့သော မျှော်လင့်ချက် ဖြစ်ပါသည်။ ချစ်ခင်သူ တစ်ယောက်နှင့် သွားရောက်တွေ့ဆုံသောအခါ ခံစားရခြင်းမျိုး ဖြစ်ပါသည်။ အလွယ်တကူ သိနိုင်ပါသည်။ ဒိုပါမင်းကြောင့် ထိုကိစ္စသည် အလွန်ကောင်းမည်ဟု မျှော်လင့်ချက် အလွန်မြင့်မားလာပါသည်။ ထိုသူနှင့် အမှန်တကယ် အတူရှိသောအခါ ထိုမျှလောက် ကောင်းမွန်ခြင်း မဟုတ်သည်ကို တွေ့လာရပါသည်။ သို့သော် ဤဒိုပါမင်း ဟော်မုန်းတွင် အခြေခံသည့် ပျော်ရွှင်မှု အဆင့်ကို တိုးမြှင့်ပေးသည့် မျှော်လင့်ချက် ဖြစ်ပါသည်။

ကျွန်ုပ်တို့သည် ဇီဝဗေဒဆိုင်ရာ သတ္တဝါများ ဖြစ်ပါသည်။ သို့သော် ဆေးလိပ်သောက်ခြင်း သို့မဟုတ် အင်တာနက်ကြည့်ခြင်းတို့ အပြီးတွင် စိတ်ကျေနပ်မှု မရသည့်အတွက် ဖိစီးမှု ပြန်ဝင်လာပါသည်။ ထို့ကြောင့် အလွန်ကောင်းသည့် မဟာဗျူဟာ မဟုတ်ပါ။

ထို့ကြောင့် ဆေးလိပ်ဖြင့် သို့မဟုတ် သတင်းထဲတွင် သို့မဟုတ် Facebook စာမျက်နှာတွင် စိတ်ဝင်စားစရာ တစ်ခုခု ရှာဖွေခြင်းသည် ကျွန်ုပ်၏ စိတ်ဖိစီးမှု ပြဿနာကို ဖြေရှင်းမည်ဟု မျှော်လင့်နေသည့် မှားယွင်းယုံကြည်ခြင်း၏ ဆိုးကျိုးများကို ခွဲခြားသိရှိရန် လိုပါသည်။

ဤသည်မှာ လိုက်နာရန်အကောင်းဆုံး မဟာဗျူဟာ ဖြစ်သည်ဟု ထင်နေသည့် ဆိုးကျိုးများကို နားလည်သောအခါ ဤသို့အလုပ်မဖြစ်သော အလေ့အထမျိုးမှ လွတ်ကင်းရန် ဆုံးဖြတ်ချက် ချမှတ်နိုင်ပါသည်။

အပျက်သဘော အလိုလိုတုံ့ပြန်မှု မပြုမိအောင် ရှောင်ရှားခြင်း

ထို့ကြောင့် ဆေးလိပ်သောက်ပြီး ခိုလှုံမှုကို ရပ်တန့်ရပါမည်။ ဆေးလိပ်သောက်ခြင်းသည် နောက်ထပ်နယ်ပယ်တစ်ခု ဖြစ်ပါသည်။ ဆေးလိပ်သောက်ခြင်းဖြင့် အကျိုးတစ်ခုခု ရှိပါသလား။ မရှိပါ။ အင်တာနက် အသုံးပြုမှု၊ လူမှုကွန်ရက် မီဒီယာ အသုံးပြုမှု၊ မက်ဆေ့ချ်များ အမြဲစစ်ဆေးမှုတို့ အနေနှင့် ဆိုလျှင် အမြဲတမ်း ဖွင့်မကြည့်အောင် စည်းကမ်း သတ်မှတ်ရန် လိုပါသည်။ တစ်နည်းဆိုသော် ခိုလှုံမှုတစ်ခုကဲ့သို့ အသုံးမပြုရပါ။ ရှောင်ဖယ်ရန်အတွက် အသုံးပြုခြင်းကို ရပ်တန့်ပါ။ အကျိုးပြုသော ရည်ရွယ်ချက်များအတွက် အသုံးပြုပြီး မပြည့်ဝနိုင်သည့် ရည်ရွယ်ချက်အတွက် မဟုတ်ပါ။

ယင်းမှာ အလွန်ပင် ခက်ခဲပါမည်။ အလုပ်တွင်ဖြစ်စေ၊ အိမ်တွင်ဖြစ်စေ ပျင်းရိသောအခါ၊ ပုံမှန်အားဖြင့် မဆောင်ရွက် ချင်သော အရာများကို ရင်ဆိုင်ရသောအခါ ဖုန်းကိုကြည့်လိုစိတ် ပေါ်လာသည် မဟုတ်ပါလား။ သို့သော် အဝလွန်မှုကို ဖယ်ရှားရန် အစားအသောက် ဆင်ခြင်သလိုပင် စိတ်၏ အဝလွန်ရောဂါကို ဖယ်ရှားရန် သတင်းအချက်အလက် ဆင်ခြင်ရန် လိုပါသည်။ အစားအသောက် စားသုံးမှု လျှော့ချသလိုပင် သတင်းအချက်အလက်၊ မက်ဆေ့ချ်၊ သီချင်း စသည်တို့ကို ကန့်သတ်ရယူဖို့ ကြိုးစားရန်လိုပါသည်။

ယခုအခါ ကျွန်ုပ်တို့၏ မိမိကိုယ်ကို ပျက်စီးစေသော အလေ့အထဟောင်းများကို အရင်ဆုံး ရှောင်ရှားခြင်းဖြင့် ကော်တီဆော ဟော်မုန်းပမာဏ များလာပါမည်။ အကြောင်းမှာ အကျင့်ဟောင်းများသည် အလွန်ခိုင်မာသောကြောင့် ဖြစ်ပါသည်။ ထို့ကြောင့် ဆေးလိပ်ဖြတ်သောအခါ သို့မဟုတ် အရက်နှင့် မူးယစ်ဆေး ဖြတ်သောအခါ ဖြတ်လိုက်သည့် ရောဂါလက္ခဏာများ ရှိသလိုပင် အင်တာနက်၊ လူမှုကွန်ရက် မီဒီယာ၊ တေးဂီတ စသည်တို့ကို စွန့်လွှတ်သော အခါတွင်လည်း ကော်တီဆော ဟော်မုန်းကြောင့် ဖြတ်လိုက်သည့် ဖိစီးမှု ရှိပါသည်။ အဆိပ်အတောက်ကို ဖယ်ရှားလိုက် သလိုပင် ဖြစ်ပါသည်။ iPod ဖြင့် နားကြပ် အမြဲတပ်ထားပြီး တေးဂီတ စွဲလမ်းနေသောအခါမျိုးတွင် အဆိပ်အတောက် ဖယ်ရှားခြင်းကို ပြောကြပါသည်။ အချိန်အတော်ကြာသောအခါ ခေါင်းထဲတွင် သီချင်းသံ အမြဲကြားနေပါသည်။ ယင်းကို တည်ငြိမ်စေရန် အချိန်အကြာကြီး ယူပါသည်။ ယင်းမှာ အလွန်ကောင်းသော နမူနာဟု ထင်ပါသည်။ ခေါင်းထဲတွင်... သီချင်းသံ ဖောင်းပွနေခြင်းမျိုးကို သိကြမည် ထင်ပါသည်။

သီချင်းသံကြောင့် ဘာကိုမျှ မစဉ်းစားနိုင်တော့သည့်အတွက် သင့်လုပ်ငန်းများ ရပ်သွားပါသည်။ တေးသံ တစ်ခုတည်း အထပ်ထပ် ကြားနေသောအချိန်မျိုးတွင် ရူးချင်လာပါသည်။ သို့သော် ဇွဲကောင်းကောင်းနှင့် ဖြတ်ပါက ဖြတ်လိုက်သည့် ဖိစီးမှု ပမာဏ တဖြည်းဖြည်း လျော့သွားပြီး စိတ်ငြိမ်းချမ်းတည်ငြိမ်မှုကို ခံစားရပါမည်။ ထို့နောက် အပျက်သဘော အလေ့အထများကို အပြုသဘောအလေ့အထများဖြင့် အစားထိုးရန် အခြေအနေ ပိုကောင်းလာပါသည်။

ဤနေရာတွင် ဗုဒ္ဓဘာသာဝင်တို့နှင့်သာ သက်ဆိုင်ခြင်း မဟုတ်သော ဗုဒ္ဓဘာသာ နည်းလမ်းကောင်းများ ရှိပါသည်။ ကျွန်ုပ်တို့သည် လူသားထု၏ အစိတ်အပိုင်း ဖြစ်ပြီး အပြန်အလှန် ဆက်စပ်နေသောကြောင့် ကျွန်ုပ်တို့၏ သာယာဝပြောရေးသည် အခြားသူအားလုံးအပေါ်တွင် မူတည်သည် ဆိုသောအချက် ဖြစ်ပါသည်။ ထို့ပြင် ဤသည်မှာ ကျွန်ုပ်တို့၏ အခြားသူများနှင့် ချိတ်ဆက် ပတ်သက်မှု ရှိလိုသည့် စိတ်ကျေနပ်မှု ရရှိစေမည့် ပိုမိုတည်ငြိမ်သော နည်းလမ်း ဖြစ်ပါသည်။ အင်တာနက် လူမှုကွန်ရက် မီဒီယာတွင် ထိုသို့မဖြစ်စေပါ။

အောက်ဆီတိုစင် ဟောမုန်း

ထိုအတွက် ဟော်မုန်းမှာ အောက်ဆီတိုစင် ဖြစ်သည်။ အောက်ဆီတိုစင်သည် သင့်မှာရှိသော တွယ်တာစေသည့် ဟော်မုန်းဖြစ်သည်။ ဤဟော်မုန်းကြောင့် မိခင်နှင့် ရင်သွေး စသည်ဖြင့် သံယောဇဉ် ဖြစ်စေပါသည်။ တစ်ဦးနှင့်တစ်ဦး တွယ်တာလိုစိတ် ဖြစ်စေပြီး အချို့အုပ်စုမှ ခွဲထွက်လိုစိတ် ဖြစ်စေသော ဟော်မုန်း ဖြစ်ပါသည်။ ဤသည်မှာ အပြုသဘောနည်းဖြင့် စိတ်ကျေနပ်စေနိုင်ပါသည်။ လူသားထု၏ အစိတ်အပိုင်းအနေနှင့် ခံစားမိသောအခါ အားလုံးတူညီပါသည်။ အားလုံးသည် ပျော်ရွှင်လိုပြီး မည်သူမျှ မပျော်ရွှင်မှုကို အလိုမရှိပါ။ လူမှုကွန်ရက် မီဒီယာကဲ့သို့ နှစ်သက်မှုများအပေါ်တွင် မူတည်ပြီး ကျေနပ်ရန် ကြိုးစားရသည်ထက် များစွာပို၍ တည်ငြိမ်မှု ရှိပါသည်။

ဟော်မုန်းများအကြောင်း ယခုလိုပြောရသည်မှာ သီးခြားအကြောင်းရင်းတစ်ခု ရှိပါသည်။ ဒလိုင်းလားမား ဆရာတော်ကြီးက ကျွန်ုပ်တို့သည် ၂၁ ရာစု ဗုဒ္ဓဘာသာရာစုနှစ် ဖြစ်ရန်လိုသည်ဟု မကြာခဏဆိုပါသည်။ ဆိုလိုသည်မှာ ဗုဒ္ဓဘာသာ တရားတော်များနှင့် သိပ္ပံပညာကို ပေါင်းကူးပေးရန် ဖြစ်ပါသည်။ ဗုဒ္ဓဘာသာ တရားတော်များတွင် သိပ္ပံပညာနှင့် ကိုက်ညီသော အချက်များစွာ ရှိသည်ကို ပြသရန် ဖြစ်ပါသည်။ ဤသို့သော စိတ်နှင့် ဘဝ ဆွေးနွေးပွဲများ မကြာခဏ ကျင်းပကာ သိပ္ပံပညာရှင်များနှင့် တွေ့ဆုံရန်၊ တူညီစွာ နားလည်ထားသော အချက်များကို လေ့လာရန်နှင့် ရှင်သန်မှု၏ ပိုမိုပြည့်စုံသော ရှုထောင့်ကို ရရှိအောင် နှစ်ဖက်စလုံးက အချင်းချင်း ကူညီနိုင်ပုံကို လေ့လာရန် ဖြစ်ပါသည်။

ထိုသို့နားလည်ပါက ရုပ်ပိုင်းဆိုင်ရာ ဇီဝဗေဒအဆင့်တွင် ကျွန်ုပ်တို့သည် ခန္ဓာကိုယ်ထဲမှ ဟော်မုန်းအချို့ကို အခြေခံပြီး ပျော်ရွှင်ခြင်း၊ စိတ်ခံစားချက် ကောင်းမွန်ခြင်းတို့ ခံစားရပါသည်။ ထိုအခါ ယင်းတို့ကို စိတ်ကျေနပ်အောင် ကြိုးစားရန် ယခုအသုံးပြုနေသော မဟာဗျူဟာများကို လေ့လာဆန်းစစ်နိုင်ပါသည်။ ယင်းတို့သည် အလုပ်မဖြစ်ပါက ယင်းတို့ကို အပြုသဘော၊ မိမိကိုယ်ကို မပျက်စီးစေသည့်နည်းဖြင့် အသုံးချနိုင်မည့် အခြားမဟာဗျူဟာများကို ရှာဖွေရန် ဖြစ်ပါသည်။

ဒိုပါမင်းဆိုသော မျှော်လင့်ခြင်း ဟော်မုန်းနှင့် အပြုသဘော ရည်မှန်းချက်များ သတ်မှတ်ခြင်း

ဆုလာဘ် မျှော်လင့်သည့် ဟော်မုန်းအမျိုးအစား ဖြစ်သော ဒိုပါမင်းဟော်မုန်းအကြောင်း ပြောပါမည်။ ၎င်းသည် သမင်တစ်ကောင်ကို စားသောက်ရန် အမဲလိုက်သော ခြင်္သေ့တစ်ကောင်အလား ကျွန်ုပ်တို့အား အလွန် စိတ်လှုပ်ရှားစေပါသည်။ ထို့ကြောင့် Facebook စာမျက်နှာတွင် နှစ်သက်မှုများစွာ မျှော်လင့်ခြင်းကဲ့သို့ ဒိုပါမင်းရောဂါကို အခွင့်ကောင်းယူသည်မှာ အလုပ်မဖြစ်သော အပျက်သဘော နည်းလမ်းအချို့သာ ဖြစ်ပါသည်။

သို့တည်းမဟုတ် ယင်းကို ကျေနပ်မှုရအောင် ဘက်မလိုက်သော နည်းလမ်းများ အသုံးပြုနိုင်ပါသည်။ ကျွန်ုပ်၏ မိတ်ဆွေတစ်ဦးမှာ အလေးမပါသည်။ သူသည် ယခု ကီလို ၁၈၀ မနိုင်သည့်အတွက် ကီလို ၂၀၀ အထိ မနိုင်ရန် မျှော်လင့်ပါသည်။ သူအလွန် စိတ်လှုပ်ရှားပြီး ဆုလာဘ်ကို မျှော်မှန်းကာ အလွန်ပျော်ရွှင်ပါသည်။ သို့သော် ထိုအခါမှာလည်း ကီလို ၂၀၀ မနိုင်သည် ဆိုဦးတော့။ ဗုဒ္ဓဘာသာဝင် တစ်ယောက်အနေနှင့် ထိုအခါ ပိုကောင်းသော ပြန်လည်မွေးဖွားမှု ရရှိမည်လားဟု ဝေဖန်မေးမြန်း ရပါမည်။ ထိုသို့ ကီလို ၂၀၀ မ နိုင်လျှင် ပိုကောင်းသော ပြန်ဝင်စားမှု ရမည်လား။ သူမကျေနပ်နိုင်ပါ။ ယခုအခါ ၂၁၀ အထိ မ ပါဦးမည်။

သို့သော် ထိုဒိုပါမင်း ရောဂါကို အခွင့်ကောင်းယူ အသုံးချပါက၊ ပြီးပြည့်စုံသော စူးစိုက်မှုဖြစ်သည့် သမထ ရရှိအောင် သို့မဟုတ် သည်းခံခြင်း ရရှိအောင် သို့မဟုတ် ဒေါသမထွက်အောင် စသည်ဖြင့် အသုံးချပါက အလွန် စိတ်လှုပ်ရှားဖွယ် ဖြစ်လာပါသည်။ “ငါသည် လုံလောက်အောင် မတော်ပါ။ ဒါကို မဆောင်ရွက်နိုင်ပါ” ဟု စိတ်ရှုပ်ထွေးမှု ဖြစ်မည့်အစား “အခု စိန်ခေါ်မှု ရှိလာပြီ။ ဒါကို ကြိုးစားရင်ဆိုင်ရမှာ အရမ်းပျော်တယ်” ဆိုပြီး စတင်ကြိုးစားနိုင်ပါသည်။

ဤသို့ပြုလုပ်ရာတွင် တရားရှုမှတ်ရန် လမ်းညွှန်ချက်တွင် ပါသည့်အတိုင်း မျှော်လင့်ချက် သို့မဟုတ် စိတ်ပျက်မှုများ မပါဝင်ရပါ။ ချက်ချင်း ရလဒ်ထွက်ပေါ်ရန် မျှော်လင့်သောအခါ စိတ်ပျက်မိပါလိမ့်မည်။ ထို့ကြောင့် မျှော်လင့်ချက် မထားသော်လည်း ရည်မှန်းချက်ဆီ ကြိုးစားနေရပါမည်။ ထိုသို့ ရည်မှန်းချက်အတွက် ကြိုးစားရာတွင် အထူးသဖြင့် အဓိပ္ပာယ်ရှိသော ရည်မှန်းချက်ဖြစ်ပါက ပျော်ရွှင်မှု၏ အကြောင်းရင်း ဖြစ်ပါသည်။ ထိုသို့ခံစားရသော ပျော်ရွှင်မှုတွင် ဇီဝဗေဒ အခြေခံ ရှိသောကြောင့် ၂၁ ရာစု ဗုဒ္ဓဘာသာ ဆိုသည့် သိပ္ပံနည်းကျ နည်းလမ်းနှင့် ကွက်တိကိုက်ညီပါသည်။ တစ်နည်းဆိုသော် ဗုဒ္ဓဘာသာ နည်းလမ်းများ မည်မျှ ထိရောက်သည်ကို သိပ္ပံပညာရှင်များ လက်ခံနိုင်မည့်နည်းဖြင့် ရှင်းပြနိုင်ပါသည်။ ဤသည်မှာ ရည်မှန်းချက် ဖြစ်ပါသည်။

ကိုယ်ပိုင်စည်းကမ်း၊ စူးစိုက်မှုနှင့် ခွဲခြားသိရှိသောပညာ ဆိုသည့် အဆင့်မြင့် လေ့ကျင့်မှု သုံးရပ်

အနှစ်ချုပ် ဆိုရလျှင် ကျွန်ုပ်တို့သည် လွတ်လပ်ရန် ဆုံးဖြတ်ချက် ချရပါမည်။ ဗုဒ္ဓဘာသာတွင် စွန့်ပယ်ခြင်း ဟု ခေါ်ပါသည်။ ထို့နောက် အပျက်သဘော အကျင့်ဟောင်းများကို ဖယ်ရှားရန်အတွက် ကျင့်ဝတ်သီလ၊ စူးစိုက်မှု သမာဓိနှင့် ခွဲခြားသိရှိသော ပညာတို့ကို လေ့ကျင့်ရန် လိုပါသည်။ ယင်းတို့သည် အကျိုးရှိသောအရာနှင့်၊ အန္တရာယ် ရှိသောအရာ၊ အလုပ်ဖြစ်သောအရာနှင့် အလုပ်မဖြစ်သောအရာကို ခွဲခြားသိရှိရန် လေ့ကျင့်မှု သုံးရပ်ဖြစ်ပါသည်။ ထိုသို့ စူးစိုက်ထားရန်နှင့် ကျွန်ုပ်တို့ အပြုအမူကိုလည်း ပြုပြင်ရန် စည်းကမ်း ဖြစ်ပါသည်။

ကိုယ်ပိုင်စည်းကမ်းအတွက် အဟန့်အတားဖြစ်သော နောင်တ

ဤသုံးချက်သည် ညီညွတ်စွာ အတူတကွ ဆောင်ရွက်ရန် လိုပါသည်။ သို့သော် ယင်းတို့ကို သေချာရရှိရန်အတွက် ယင်းတို့ကို တားဆီးသည့်အချက်များ မရှိအောင် ဖယ်ရှားရန် လိုပါသည်။ နောင်တသည် ကျွန်ုပ်တို့၏ ကိုယ်ပိုင် စည်းကမ်းကို တားဆီးပါသည်။ ဥပမာအားဖြင့် အင်တာနက် မကြည့်မိခြင်း သို့မဟုတ် မက်ဆေ့ချ် သို့မဟုတ် အီးမေးလ်ကို ချက်ချင်းမပြန်မိခြင်း စသည်တို့ကို နောင်တရခြင်း ဖြစ်ပါသည်။ အဆိုပါ နောင်တသည် ကျွန်ုပ်တို့၏ တစ်နေ့လျှင် အချို့အချိန်များတွင်သာ ကြည့်မည်ဆိုသည့် ကိုယ်ပိုင်စည်းကမ်းကို နှောင့်ယှက်ပါသည်။

အထောက်အကူပြုသည့် မဟာဗျူဟာမှာ “စာတစ်စောင် ရောက်လာပါပြီ” ဆိုသည့် အသိပေးချက်စနစ် သို့မဟုတ် ကွန်ပျူတာ၊ ဖုန်းတို့မှ အချက်ပြမှုကို ပိတ်ထားရန်နှင့် တစ်နေ့တာ သတ်မှတ်ချိန်များတွင်သာ ကြည့်ရှုရန် ဖြစ်ပါသည်။ အရေးကြီးသောစာများကိုသာ ဖတ်ပြီးပြီးချင်း အကြောင်းပြန်ခြင်းပါ။ ထို့ကြောင့် အလုပ်မရှုပ်သည့် အချိန်အထိ စောင့်နိုင်သော မေးခွန်းများကို နောက်မှ ကြည့်ရန်၊ နောက်မှ အကြောင်းပြန်ရန် ကိုယ်ပိုင်စည်းကမ်း လိုအပ်ပါသည်။ သို့မဟုတ် စာပြန်ရန် သတ်မှတ်ထားသည့် တစ်နေ့တာ၏ ပုံမှန်အချိန်အချို့တွင်သာ ကြည့်ရန် ဖြစ်ပါသည်။

ဤအချက်ကို ကျွန်ုပ်သည် အပြစ်ရှိသလို ခံစားရသည်ဟု ဝန်ခံရပါမည်။ ထို့ကြောင့် ဝင်လာသော အီးမေးလ်များကို ကြိုးစားဖြေရှင်းရန် မဟာဗျူဟာတစ်ရပ် လက်ခံကျင့်သုံးပါသည်။ ကျွန်ုပ်သည် လူမှုကွန်ရက် မီဒီယာမသုံးပါ။ ထိုမက်ဆေ့ချ်များကို မရရှိပါ။ သို့သော် တစ်ရက်လျှင် အီးမေးလ် အနည်းဆုံး ၃၀ နှင့်အထက် ရရှိပါသည်။ ချက်ချင်း ဖြေကြားပါက ဘာမှလုပ်နိုင်တော့မည် မဟုတ်သည့်အတွက်... အလွန်အရေးကြီးသော အီးမေးလ်များကို အကြောင်း ပြန်ပြီး ကျန်အီးမေးလ်များကို အမှတ်အသား ပြလိုက်ပါသည်။ ညနေပိုင်းတွင် စာရေးရန် သို့မဟုတ် အခြားအရေးကြီး ကိစ္စများ ဆောင်ရွက်ရန် စိတ်မကြည်လင်သော အချိန်၌ ယင်းတို့ကို အကြောင်းပြန်ပါသည်။ ထို့ကြောင့် အချိန်အချို့ သတ်မှတ်ထားရပါသည်။ ထိုသို့မဟုတ်လျှင် အထိန်းအကွပ် မဲ့သွားပါလိမ့်မည်။

စူးစိုက်မှု၏ အနှောင့်အယှက်များဖြစ်သည့် အိပ်ငိုက်ခြင်း၊ စိတ်ညစ်ညူးခြင်းနှင့် ပျံ့လွင့်ခြင်း

အိပ်ငိုက်ခြင်း၊ စိတ်ညစ်ညူးခြင်းနှင့် ပျံ့လွင့်ခြင်းတို့သည် ကျွန်ုပ်တို့၏ စူးစိုက်မှုသမာဓိက အနှောင့်အယှက် ပေးပါသည်။ ယင်းတို့ တစ်ခုခုရှိနေလျှင် မက်ဆေ့ချ်များ အမြဲစစ်ဆေးနေမှုမှ ရှောင်ရှားခြင်းဖြင့် ဘဝသည် ရှုပ်ထွေးမှု နည်းပါးသွားသည့် အချက်ကို သတိရှိမှု ပျောက်ဆုံးလာပါသည်။ ယင်းသို့ အာရုံစိုက်နိုင်ရန် သတိရှိမှု၏ ဆိုလိုရင်းကို အမှတ်ရရန် လိုပါသည်။

ဤမက်ဆေ့ချ်အများစုကို ညနေမှ အကြောင်းပြန်မည်ဟု လက်ခံပါက မိမိဘဝသည် စိတ်ဖိစီးမှုနှင့် ဖိအားများမှုတို့ လျော့နည်းသွားမည်ဟူ၍ ကြိုးစားအမှတ်ရပါ။ သို့မဟုတ် ယင်းတို့ကိုဖြေရှင်းရန် သတ်မှတ်ထားသည့် နှစ်သက်ရာ အချိန်တွင် အကြောင်းပြန်ပါ။ ယင်းကို နှောင့်ယှက်သည်မှာ သင်က အိပ်ငိုက်ခြင်း၊ ပင်ပန်းခြင်းဖြစ်လာလျှင် မေ့လျော့သွားပါတော့သည်။ သင့် Facebook စာမျက်နှာကို အလွယ်တကူ ဝင်လိုက်နိုင်ပါသည်။ သို့မဟုတ် မတ်တပ်ထပြီး ရေတစ်ခွက် သောက်ခြင်းကဲ့သို့ တစ်ခုခု ပြုလုပ်ရန် ပျင်းရိနေသည့်အတွက် အင်တာနက်ဝင်ကြည့်ပါသည်။ သို့မဟုတ် စိတ်ပျံ့လွင့်ကာ စိတ်သည် နေရာအနှံ့သို့ ရောက်ရှိပြီး အဖြစ်အပျက်များကို တွေးတောကာ မက်ဆေ့ချ်ကို မစဉ်းစားမိဘဲ အကြောင်းပြန်ပါသည်။ “တစ်ခုခု လွတ်မသွားချင်ဘူး” ဆိုပြီး ဝင်ဖတ်မိပါသည်။

ခွဲခြားသိရှိသော ပညာ၏ အနှောင့်အယှက်များဖြစ်သည့် သို့လောသို့လော ဖြစ်မှုနှင့် သံသယ

နောက်ဆုံးတွင် သို့သောသို့လောဖြစ်ခြင်းသည် ကျွန်ုပ်တို့၏ ခွဲခြားသိရှိသော ပညာကို ဟန့်တားပါသည်။ သတ်မှတ် အချိန်များတွင်သာ မက်ဆေ့ချ်များကို အပေါ်အောက် ရွှေ့ကြည့်ကာ “ဒါသည် မှန်ကန်သော ဆုံးဖြတ်ချက်လား” ဟုတွေးမိပြီး မိမိကိုယ်ကို မသေချာသော သံသယ ဝင်လာပါသည်။

စစ်ဆေးကြည့်ရန် ရှောင်ရှားရသည်မှာ ခက်ခဲပြီး စိတ်ဖိစီးသောကြောင့် အဆိုပါ သံသယများ ပေါ်ထွက်လာပါသည်။ ဤသံသယများကို ဖြေရှင်းရန်အတွက် မိမိ၏ အလေ့အထများ ပြောင်းလဲသည့် အားသာချက်များကို မိမိဘာသာ သတိပေးရန် လိုပါသည်။ တစ်ခုကိုသာ အာရုံစိုက်နိုင်ပြီး သင့်တော်သော အစီအစဉ်၊ သင့်တော်သော ပုံစံဖြင့် ဆောင်ရွက်ပါက မိမိဘဝသည် ဖယိုဖရဲ မဖြစ်တော့ကြောင်း သတိပေးရပါမည်။ ထိုသို့မဟုတ်ပါက အစီအစဉ်မကျတော့ဘဲ စိတ်ဖိစီးစေပါသည်။

ဥပေက္ခာနှင့် ကရုဏာ

ကျွန်ုပ်တို့ဘဝကို ပိုမိုပျော်ရွှင်အောင် လက်ခံကျင့်သုံးရမည့် အခြားမဟာဗျူဟာများလည်း ရှိပါသည်။ ဥပမာအားဖြင့် လူပြည့်နေသော မြေအောက်တရားပေါ်တွင် မည်ကဲ့သို့ ဖြေရှင်းမည်နည်း။ မိမိကိုယ်ကိုသာလျှင် အာရုံစိုက်နေပြီး မိမိအတွက်သာ ကာကွယ်လိုစိတ်ဖြင့် မိုဘိုင်းဖုန်းထဲသို့ ရှောင်ထွက်ပါက ပိုပြီးတံခါးပိတ်သွားသည်ဟု ခံစားရပါသည်။ မြေအောက်ရထားပေါ်တွင် အချိန်ကို တည်ငြိမ်စွာ အသုံးပြုရန် ပြောနေခြင်း မဟုတ်ပါ။ တစ်နေရာရောက်ရန် အချိန်အလွန် ကြာမြင့်သည့်အတွက် စာတစ်အုပ်ဖတ်ရန်။ မိုဘိုင်းဖုန်း သို့မဟုတ် သီချင်း သို့မဟုတ် ဂိမ်းထဲသို့ ရှောင်ထွက်သောအချိန်ကို ပြောခြင်း ဖြစ်ပါသည်။ မိမိကိုယ်ကိုသာလျှင် အာရုံစိုက်နေပြီး မိမိအတွက်သာ ကာကွယ်လိုစိတ်ဖြင့် မိုဘိုင်းဖုန်းထဲသို့ ရှောင်ထွက်ပါက ပိုပြီးတံခါးပိတ်သွားသည်ဟု ခံစားရသောကြောင့် ကျွန်ုပ်တို့၏ စွမ်းအင်များ ညှစ်ထုတ်ရပါသည်။ ပိုပြီး တင်းကျပ်လာပါသည်။ အန္တရာယ် ခြိမ်းခြောက်မှုကို ခံစားရသောကြောင့် မသက်သာတော့ပါ။ အထူးသဖြင့် ယခုလို မော်စကိုမြု့တွင် မြေအောက်ရထားများက မယုံနိုင်လောက်အောင် လူပြည့်ပါသည်။ ဘာလင်တွင် ဤကဲ့သို့ လူမကြပ်ပါ။

မိုဘိုင်းဖုန်းပေါ်တွင် အာရုံစိုက်ကာ ဂိမ်းကစားပါက သို့မဟုတ် iPod ဖြင့် သီချင်းအကျယ်ကြီးဖွင့်ကာ နားထောင်ပါက မိမိအနီးအနားတွင် နံရံကာလိုက်သည့်အတွက် အနှောင့်အယှက် မဖြစ်လိုသောကြောင့် ခုခံမိပါသည်။ ယင်းမှာ ဖျော်ဖြေခံရရန် ကြိုးစားနေသည့်တိုင် အလွန်မနှစ်မြို့ဖွယ် ကြုံတွေ့မှု ဖြစ်ပါသည်။ ကျွန်ုပ်တို့သည် မတည်ငြိမ်တော့ပါ။

အခြားတစ်ဖက်တွင် ကျွန်ုပ်တို့သည် မိမိကိုယ်ကို မြေအောက်ရထားပေါ်မှ လူအုပ်ကြီး၏ အစိတ်အပိုင်း ဖြစ်သည်ဟု ရှုမြင်ပြီး မိမိကဲ့သို့ အခြေအနေမျိုးတွင် ရှိနေသူတိုင်းအပေါ် အလေးထားမှုနှင့် ကရုဏာ ထားရှိပါက ကျွန်ုပ်တို့၏ စိတ်နှလုံးသည် ပွင့်လင်းလာပါသည်။ ကျွန်ုပ်တို့သည် အန္တရာယ်ကို သတိရှိနိုင်သော်လည်း မိမိအတွက်သာ အာရုံစိုက်သည့် အကြောက်လွန်မှု မရှိတော့ပါ။ အားလုံးကို အန္တရာယ်မရှိစေလိုပါ။ သီချင်းနားထောင်ခြင်း သို့မဟုတ် ဂိမ်းကစားခြင်းဖြင့် အားလုံးကို တံခါးပိတ်ထားပြီး ရှောင်ဖယ်ရန် မကြိုးစားတော့ပါ။ ထိုသို့ပြုပါက မိမိသာလျှင် အထီးကျန်စေပါသည်။ ကျွန်ုပ်တို့သည် မိမိကိုယ်ကို အထီးမကျန်လိုပါ။

အားလုံးအတွက် လမ်းဖွင့်ထားသော ခံစားချက်

ပိုပြီး အထောက်အကူ ပြုသည်မှာ အားလုံးကို ပွင့်လင်းသော ခံစားချက် ထားရှိရန် ဖြစ်သည်။ သို့သော် ပွင့်လင်းသည် ဆိုရာတွင်လည်း အလွန်နူးညံ့ပါသည်။ အခိုင်အမာ ရှိသော ငါ ဟု တွယ်တာလျှင် စိတ်ထဲတွင် ယခု ပွင့်လင်းပါက ငါ သည် ထိခိုက်လွယ်ပြီး နာကျင်ရပါတော့မည်။ ထိုအခြေခံမျိုးဖြင့် ဆောင်ရွက်၍ မရပါ။ အားလုံးကို စဉ်းစားပြီး လမ်းဖွင့်ထား ခြင်းသည် တစ်ဖက်တွင် ဤသို့ အုပ်စုထဲတွင် ပါဝင်ရမှုဆိုသည့် သတ္တဝါတို့၏ ပင်ကိုသိစိတ်ကို ကျေနပ်စေပါသည်။ အုပ်စုမှ သင့်ကိုယ်သင် ခွဲထွက်ခြင်း မဟုတ်ဘဲ အုပ်စုထဲတွင် ပါဝင်သောအခါ စိတ်ချရသည်ဟု ခံစားရပါသည်။ ထို့ကြောင့် တိရစ္ဆာန်တို့၏ အဆင့်တွင် ယင်းမှာ အလုပ်ဖြစ်ပါသည်။ သို့သော် ကျွန်ုပ်တို့သည် “အခု အားလုံးက ငါ့ကို တိုက်ခိုက်တော့မယ်”... ဆိုပြီး စိတ်ထဲတွင် နံရံခြားနားသည့် ဤ ခိုင်မြဲသော ငါ ကို ဖြိုဖျက်ရန်လည်း ဂရုစိုက်ရပါမည်။

ယင်းမှာ အလွန်နူးညံ့သော လုပ်ငန်းစဉ် ဖြစ်သော်လည်း လုပ်ဆောင်နိုင်ပါက အလွန်အထောက်အကူ ပြုပါသည်။ ထိုသို့ပြုရန်အတွက် ကျင့်ဝတ်သီလ၊ စူးစိုက်မှုသမာဓိနှင့် ခွဲခြားသိရှိသော ပညာတို့ကို ပေါင်းစပ်ရန် လိုအပ်ပါသည်။

ပြင်းထန်သော အလုပ်မှ ထိရောက်စွာ ခေတ္တအနားယူခြင်း

ဘဝတွင် စိတ်ဖိစီးမှုကို ကြိုးစားဖြေရှင်းရန် ကျွန်ုပ်တို့ လက်ခံနိုင်သည့် ရိုးရိုးရှင်းရှင်း အခြား မဟာဗျူဟာများစွာ ရှိပါသည်။ နမူနာပြရလျှင် အလုပ်ပင်ပန်းပြီး ခဏနားလိုသောအခါ အင်တာနက် ဝင်ကြည့်မည့်အစား မတ်တပ်ရပ်ကာ ရေတစ်ခွက် သောက်ပြီး ပြတင်းပေါက်အပြင်ဘက်ကို ကြည့်ရှုခြင်းမျိုး ဖြစ်ပါသည်။ တစ်နည်းဆိုသော် ပိုပြီး နှိုးဆွမည့်အစား လျှော့ပြီး နှိုးဆွခြင်း ဖြစ်ပါသည်။ စိတ်ဖိစီးမှုသည် အလွန်အကျွံ နှိုးဆွမှုကြောင့် ဖြစ်ပေါ်လာပါသည်။ ပိုပြီး နှိုးဆွမှုဖြင့် ယင်းကို ဖြေရှင်းနိုင်မည် မဟုတ်ပါ။ နှိုးဆွမှု နည်းလေကောင်းလေ ဖြစ်ပါသည်။

ဤလွတ်လပ်လိုသော ဆုံးဖြတ်ချက်ဖြင့် ကျင့်ဝတ်သီလ၊ စူးစိုက်မှုသမာဓိနှင့် ခွဲခြားသိရှိသော ပညာစသည့် လေ့ကျင့်မှု သုံးရပ်ကို အသုံးချပါက ကျွန်ုပ်တို့သည် နေ့စဉ်ဘဝတွင် ကြုံရသည့် စိတ်ဖိစီးမှုနှင့် အပျက်သဘော အလေ့အထများကို လျှော့ချနိုင်ပါမည်။ အလုပ်၊ မိသားစု၊ စီးပွားရေး အခြေအနေ စသည်တို့၏ ဖိအားကို ဖြေရှင်းနိုင်ရန် ပိုပြီးတည်ငြိမ်သော စိတ် ရှိလာပါမည်။ ထို့ပြင် အင်တာနက်၊ လူမှုကွန်ရက် မီဒီယာ၊ သီချင်း စသည့် မြောက်မြားစွာ ရရှိနိုင်သော ခေတ်သစ် အခြေအနေကို ဖြေရှင်းရာတွင် အထူးသဖြင့် ထိရောက်လာပါမည်။ ကျွန်ုပ်တို့သည် အင်တာနက်ကို စွန့်လွှတ်ရမည်၊ မိုဘိုင်းဖုန်းများကို လွှင့်ပစ်ရမည်၊ သီချင်းလုံးဝ နားမထောင်ရ ဟူ၍ ဆိုလိုခြင်း မဟုတ်ပါ။ ထိုသို့ မဟုတ်ပါ။ သို့သော် ယင်းတို့ကို ကောင်းမွန် အကျိုးရှိသောနည်းဖြင့် အသုံးပြုရန် ပိုကောင်းသော မဟာဗျူဟာနှင့် ပိုကောင်းသော အလေ့အထများ ရရှိရေး ဖြစ်ပါသည်။ ကျေးဇူးတင်ပါသည်။

မေးခွန်းများ

ပြဿနာမှာ ခေတ်သစ်ဘဝတွင် အကြောင်းကိစ္စများကို တုံ့ပြန်ကြရပါသည်။ ဥပမာပြောရလျှင် သတင်းကြည့်ပါက မိမိကိုယ်ကို အစွဲကြီးမှုဖြင့် ကြည့်သည်မဟုတ်ဘဲ ဘာလုပ်သင့်သည်၊ ဘာကို တုံ့ပြန်သင့်သည်ကို သိရှိလိုခြင်း ဖြစ်ပါသည်။ ဥပမာအားဖြင့် အမှတ်ပေးခြင်းများတွင် မည်သို့ ပြောင်းလဲနေသည်ကို အွန်လိုင်းတွင် တစ်ခါတစ်ရံ ပြသရာ ယင်းကို တုံ့ပြန်ရန် လိုနိုင်ပါသည်။ သို့မဟုတ် လူတစ်ယောက် ဖျားနာနေပြီး အကူအညီလိုသည်ဟု တစ်ယောက်ယောက်က မက်ဆေ့ချ်ပို့နိုင်ပါသည်။ သို့မဟုတ် ကျွန်ုပ်တို့၏ လုပ်ဖော်ကိုင်ဖက်များက တစ်ခုခု မေးလိုသည့်အတွက် စာရေးလာပါသည်။ ကျွန်ုပ်တို့ မကြည့်မိပါက ယင်းကိုရရှိမည် မဟုတ်ပါ။ သို့မဟုတ် ရာသီဥတုသတင်းကို ကြည့်ပါ။ မနက်ခင်းတွင် ရာသီဥတု သတင်း မကြည့်ပါက အပြင်ထွက်လျှင် အအေးမိနိုင်ပါသည်။ ထိုသို့မသိပါက ဖျားနာနိုင်ပါသည်။ ဤကိစ္စအားလုံးတွင် ကျွန်ုပ်တို့သည် ထိရောက်မှု မရှိတော့ဘဲ အချိန်ဖြစ်စေ၊ ကျန်းမာရေးဖြစ်စေ၊ အခြားတစ်ခုခုဖြစ်စေ ဖြုန်းတီးမိနိုင်ပါသည်။

ထို့ကြောင့်လည်း အင်တာနက် အသုံးပြုပုံတွင် အသိဉာဏ်ရှိသော မဟာဗျူဟာ ဖြစ်သည့် ကောင်းမွန်သော မဟာဗျူဟာ ထားရှိရန်လိုသည်ဟု ပြောခဲ့ခြင်း ဖြစ်ပါသည်။ ကျွန်ုပ်တို့သည် ခန္ဓာကိုယ် အဝလွန်ပြီး အစားအသောက် ဆင်ခြင်ပါက အစားအားလုံး ရပ်ပစ်လိုက်ရမည်ဟု မဆိုလိုပါ။ စားသုံးသော အစားအသောက်ကို ကန့်သတ်ရပါသည်။ ထို့အတူ သတင်းအချက်အလက် အဝလွန်ပါက မိမိကြည့်သောအရာကို ကန့်သတ်ပြီး လိုအပ်သော၊ အကျိုးပြုသော အရာကိုသာ ကြည့်ပါမည်။ အခြားအရာများကို အီးမေးလ် ပရိုဂရမ်မှာကဲ့သို့ အချက်ပြထားပြီး နောက်မှကြည့်ရှုကာ နောက်မှ ဖြေရှင်းရန် မဟာဗျူဟာကို သုံးနိုင်ပါသည်။

သို့သော် ဤမဟာဗျူဟာအရ မည်သည့်ကိစ္စမဆို အချက်အလက်အားလုံး ရရှိပြီး အကြောင်းပြန်ရန်၊ မပြန်ရန်ကို ရွေးချယ်သော်လည်း မက်ဆေ့ချ်အားလုံးကို ဖတ်မိပါသည်။ သတင်း စသည်တို့ အားလုံးကိုလည်း ဖတ်ရှုမိပါသည်။

ဤနေရာတွင်လည်း မဟာဗျူဟာ အမျိုးမျိုးကို ကျင့်သုံးရပါမည်။ မနက်ခင်း အိပ်ရာထချိန်တွင် မိုးလေဝသ သတင်းကို ကြည့်ခြင်းနှင့် ယမန်နေ့ညက နှစ်သက်မှု မည်မျှရသည်ကို ကြည့်ခြင်းမှာ အတော်လေး ခြားနားပါသည်။ နှစ်သက်မှု အရေအတွက်မည်မျှ ရသည်ကို စစ်ဆေးရန်မလိုပါ။ ထို့ပြင် ရသမျှ မက်ဆေ့ချ်များတွင် အချို့မှာ ကြော်ငြာ၊ အချို့မှာ သင့်အလုပ် စသည်တို့အရ သိပ်အရေးမကြီးသူများထံမှ ဖြစ်ပါသည်။ နောက်ပိုင်းမှ ဖြေရှင်းနိုင်သော ကိစ္စအချို့ ဖြစ်ပါသည်။ သင့်လိပ်စာ စာအုပ်ထဲတွင် အရေးကြီးသောအရာနှင့် အရေးမကြီးသောအရာ ရှိပါသည်။ ကျွန်ုပ်၏ မိတ်ဆွေတစ်ယောက်မှာ သူပြင်ဆင်သော မနက်စာကို ဓာတ်ပုံရိုက်ကာ အခြားသူများထံ ပေးပို့ပါသည်။ ယင်းကို ကြည့်နေစရာ မလိုပါ။

မကြည့်သည်ကို သူလည်း သိနိုင်ပါသည်။

နောက်ပိုင်းမှ ကြည့်ပါမည်။ သို့သော် ထိုသို့ကြည့်ပြီး အလုပ်တွင် အနှောင့်အယှက် အဖြစ်မခံပါ။

အခြားဘာသာများတွင်လည်း “ခံစားချက်ကောင်း” ဟော်မုန်းဆိုသည့် သဘောကို ထားရှိရန်နည်းများ ပေးပါသည်။ ထိုဘာသာများနှင့် ဗုဒ္ဓဘာသာကြားတွင် မည်သို့ ကွာခြားပါသနည်း။

အခြားဘာသာများက ထိုသို့ လက်ခံမှု ရရှိပြီး ရည်မှန်းချက်အတွက် ကြိုးစားခြင်းကို ပြောထားသည်မှာ မှန်ပါသည်။ “ယေရှုသည် အကျွန်ုပ်အား ချစ်သည်” နှင့် “ဘုရားသခင်သည် အကျွန်ုပ်အား ချစ်သည်” စသည်ဖြင့် ရှိပါသည်။ ယင်းတို့သည် အမှန်ပင် ရှိပါသည်။ ကျွန်ုပ်ပြောခဲ့သည့် နည်းလမ်းများမှာ ဗုဒ္ဓဘာသာနှင့်သာ သီးသန့်သက်ဆိုင်ခြင်း မဟုတ်ပါ။ ဘာသာတရား အဆက်အစပ် တစ်ခုခု မလိုဘဲ တွေ့မြင်နိုင်ပါသည်။ လူတိုင်းအတွက် အထောက်အကူပြုသည့် ယေဘုယျ မဟာဗျူဟာများ ဖြစ်ပါသည်။ ကျွန်ုပ်ပြောသမျှတွင် ဗုဒ္ဓဘာသာသီးသန့် တစ်ခုမှ မပါဝင်ပါ။

ဗုဒ္ဓဘာသာ သီးသန့်ကဘာလဲဟု မေးသောအခါ အမှန်တရားကို အလွန်နူးညံ့သိမ်မွေ့သောအဆင့်မှ ရှုမြင်မှု ဖြစ်ပါသည်။ ထို့ပြင် သိပ္ပံပညာရှင်များနှင့် ဤစကားဝိုင်းများသည် သိပ်မထူးခြားကြောင်း ဖော်ပြပါသည်။ အကြောင်းမှာ အမှန်တရားအပေါ် ဤအမြင်သည် စကြဝဠာကြီး၏ အမြင်နှင့် အတော်လေး ကိုက်ညီသောကြောင့် ဖြစ်ပါသည်။ စကြဝဠာ သီအိုရီကို စကြဝဠာ၏ ဖွဲ့စည်းပုံအနေနှင့် ယုတ္တိကျစွာ ကောက်ချက်ချပါက ဗုဒ္ဓဘာသာ၏ ဘာမှမရှိမှုနှင့် အမှီအခိုဖြင့် ပေါ်ထွက်မှု တရားတော်များကို ရရှိပါသည်။

ကျွန်ုပ်တို့သည် လူတစ်ယောက်ကို လူချင်းတွေ့ရန် အမှန်တကယ် ပြင်ဆင်ထားပြီး သွားရောက် တွေ့ဆုံသောအခါ ထိုသူက သူ့မိုဘိုင်းဖုန်းကိုသာ ကြည့်နေပြီး ကျွန်ုပ်တို့ကို ဂရုမစိုက်ပါက ဘာလုပ်ရမည်နည်း။ ဤအခြေအနေတွင် ကျွန်ုပ်တို့ တကယ့် တွေ့ဆုံမှု ဖြစ်တဲ့အတွက် ဒါက မသင့်တော်ပါဘူး ဟု ပွင့်ပွင့်လင်းလင်း ပြောနိုင်ပါမည်လား။

ကျွန်ုပ်၏အမြင်အရ ပြောနိုင်သည်ဟု ထင်ပါသည်။ “ဟယ်လို၊ ရောက်ပြီနော်” ဟု ပြောလျှင် သင့်တော်မည် ထင်ပါသည်။ အလွန်အရေးကြီးသော မိုဘိုင်းဖုန်း ကျင့်ဝတ်ဆိုသည့်အရာအချို့လည်း ရှိပါသည်။ အထူးသဖြင့် သင်ကမိဘဖြစ်ပြီး ဆယ်ကျော်သက်ရွယ် သားသမီးများ ရှိပါက ညစာစားသောက်နေစဉ် ဖုန်းဖြင့် စာပို့ခြင်း၊ စကားပြောခြင်း မပြုလုပ်ရန် စည်းကမ်းသတ်မှတ်ရပါသည်။ ထိုသို့ ခွင့်မပြုသောကြောင့် ဖုန်းကို ဘေးဖယ်ခိုင်းထား၍ ရပါသည်။ ကျွန်ုပ်၏ မိတ်ဆွေတစ်ယောက်သည် အမေရိကန် တက္ကသိုလ် တစ်ခုတွင် စာသင်ပြီး သူ့ကျောင်းသားများကို စာသင်နေစဉ် ဆဲလ်ဖုန်းများ စားပွဲပေါ် တင်ထားခိုင်းပါသည်။ ယင်းမှာ လုံးဝသင့်တော်သည်ဟု ထင်ပါသည်။ အလွန်စိတ်ဝင်စားဖွယ် ကောင်းသည်မှာ သူက လူအများကို ဖုန်းပြောရန် နားချိန် ပေးရပါသည်။ ယင်းမှာ သုံးနာရီကြာ ဆွေးနွေးပွဲ ဖြစ်သည့်အတွက် ၄၅ မိနစ်လား၊ တစ်နာရီလား မမှတ်မိပါ။ သူတို့သည် သန့်စင်ခန်း သွားလို၍ မဟုတ်ဘဲ ဖုန်းကြည့်ရန် အလွန်ပြင်းပြနေသည့်အတွက် နားချိန်တွင် အမြန်ထွက်ပြီး ဖုန်းကို ကောက်ယူကာ ကြည့်ပါသည်။ လူမှုဗေဒအရ အလွန်စိတ်ဝင်စားဖွယ် ကောင်းပါသည်။

ဤသည်မှာ လူတို့က ဖုန်းကို နာတာရှည် စွဲလမ်းမှု ဖြစ်ပါသည်။ အခြားသူများကို လူမှုရေး စည်းကမ်းအချို့ရှိအောင် မကြာခဏ ကူညီရမည့်အချက် ဖြစ်ပါသည်။ ယဉ်ကျေးသောနည်းဖြင့် ဆောင်ရွက်ပါက သင့်တော်သည်ဟု ထင်ပါသည်။ ထို့ပြင် သူတို့သိထားရမည့် ဘေးအန္တရာယ်မျိုး ရှိသလား၊ အလွန်အရေးမကြီးသော တစ်ခုခုအကြောင်း ပြောဆိုနေသလား ဆိုသည့်နှစ်ချက်မှာ အလွန်ကွာခြားပါသည်။ ဘေးအန္တရာယ်အတွက် ဖုန်းခေါ်ဆိုမှု အကြိမ်မည်မျှ ရဖူးသလဲဟု လက်တွေ့ကျစွာ မေးနိုင်ပါသည်။ ထို့ပြင် တစ်ယောက်ယောက်နှင့် တွေ့ပါက အိမ်ကသားသမီး စိတ်ချလက်ချ အိမ်ပြန်ရောက်သလား သို့မဟုတ် ထိုသို့တစ်ခုခုအတွက် သိရအောင် ဖုန်းခေါ်သည်ကို စောင့်နေပါက ထိုသူကို ရှင်းပြပါ။ “ဖုန်းလာမှာ စောင့်နေပါတယ်။ ကလေးက အိမ်ကိုစိတ်ချလက်ချ ပြန်ရောက်တာ သိချင်လို့ စောင့်နေတာပါ” ဟု ရိုသေစွာ ပြောပါက သူတို့နားလည်သွားပြီး အားလုံးရှင်းသွားပါသည်။

ကျွန်ုပ်သည် မြေအောက်ရထား စီးနေစဉ် သီချင်းအမြဲ နားထောင်ပါသည်။ သို့သော် ပိုပြီးနှိုးဆွမှုရှိအောင် နားထောင်ခြင်း မဟုတ်ပါ။ အပျက်သဘော နှိုးဆွမှု ပမာဏ လျှော့ချနိုင်အောင် ဖြစ်ပါသည်။ အကြောင်းမှာ ကျွန်ုပ်အနီးတွင် တစ်ခုခု ပြောနေသူများ ရှိပြီး တစ်ခါတစ်ရံ နားမထောင်ချင်ပါ။ ထိုစကားများတွင် အပျက်သဘော များစွာ ရှိပါသည်။ ထို့ပြင် မြေအောက်ရထားထဲတွင် ကြော်ငြာလည်း ရှိပါသည်။ အမြဲတမ်း အလွတ်ရနေသော အရာများ ပြောနေပါသည်။ ထို့ကြောင့် ဤအပျက်သဘော နှိုးဆွမှုများ အားလုံးကို တံခါးပိတ်ထားရန်အတွက် သီချင်းနားထောင်လိုက်ပါသည်။ ကျွန်ုပ်သည် ရှောင်ဖယ်နေသူလား။ သို့မဟုတ် အပျက်သဘော အလွန်အားပြင်းသော နှိုးဆွမှုများကို အားပျော့သော နှိုးဆွမှုနှင့် အပျက်သဘော သိပ်မရှိသော နှိုးဆွမှုများအဖြစ်သို့ ပြောင်းလဲနေပါသလား။

အလွန်စိတ်ဝင်စားစရာ မေးခွန်းဖြစ်ပါသည်။ ပထမဆုံး ကျွန်ုပ်စဉ်းစားမိသည်မှာ အိန္ဒိယလူမျိုးတို့၏ အဖြေတစ်ခု ဖြစ်ပါသည်။ အသင့်တော်ဆုံး အဖြေတော့ ဟုတ်ချင်မှ ဟုတ်ပါမည်။ အိန္ဒိယနိုင်ငံတွင် ညလုံးပေါက် ကားစီးရသောအခါ ထိုကားပေါ်တွင် ဗီဒီယို ပါရှိပြီး တစ်ညလုံးဖွင့်ထားပါသည်။ ရုပ်ရှင်တစ်ကားတည်းကို ထပ်ခါထပ်ခါ အသံအကျယ်ဆုံးဖြင့် ဖွင့်ပါသည်။ “အသံတိုးပေးနိုင်မလား” ဟု ယာဉ်မောင်းကို မေးပါက အိန္ဒိယလူမျိုး၏ အဖြေသည် “နားမထောင်ပါနှင့်” ဟူ၏။

မြေအောက်ရထားထဲတွင် လူတိုင်းပြောသမျှကို လိုက်နားထောင်စရာ မလိုပါ။ အာရုံစူးစိုက်မှုနှင့် ဆိုင်ပါသည်။ သင်ဘာကို အာရုံစိုက်နေသနည်း။ လူတွေအားလုံးအပေါ်တွင် အာရုံစိုက်နေပါက၊ သူတို့မျက်နှာ အမူအရာကို လိုက်ကြည့်နေသည် ဆိုပါက၊ သူတို့သည် သိပ်မပျော်ရွှင်ပါ၊ ကရုဏာဖြင့် သူတို့ကို မပျော်ရွှင်မှုမှ လွတ်ကင်းပါစေ၊ ပျော်ရွှင်ကြပါစေဟု ဆန္ဒပြုပါက သင့်အာရုံစိုက်မှုသည် သူတို့ပြောနေသည်ကို အာရုံမထားတော့ပါ။ ကြော်ငြာကိုလည်း ကြည့်မနေတော့ပါ။ သင့်အာရုံက အခြားကို ရောက်သွားပါသည်။

ထိုသို့မဆောင်ရွက်နိုင်ပါက သီချင်း ဖွင့်ထားလျှင်လည်း အဆင်ပြေပါသည်။ သို့သော် တေးဂီတသည် လူတို့ကိုလျစ်လျူရှုရန် အကြောင်းပြချက် မဖြစ်သင့်ပါ။ ၎င်းသည် ကရုဏာကို ကျင့်ကြံရန်အတွက် အကောင်းဆုံး အခွင့်အလမ်းတစ်ခု ဖြစ်ပါသည်။

အတော်လေး အဆင့်မြင့်သော အပေးနှင့် အယူ ဗုဒ္ဓဘာသာ ကျင့်ကြံမှုဖြစ်သည့် တုန်လန် တရား၏ စည်းမျဉ်းအကြောင်း တွေးကြည့်ပါ။ ဤအခြေအနေတွင် သင်ဆောင်ရွက်လိုသည်မှာ တွန်းထုတ်ရန် မဟုတ်ဘဲ အခြားသူများ ပြောဆို နေသည်ကို နံရံကာလိုက်ပါသည်။ သင်က လက်ခံသည်။ ထို့ကြောင့် လမ်းဖွင့်လိုက်သည်။ သူတို့ အသေးအဖွဲဖြစ်စေ၊ အပျက်သဘောဖြစ်စေ ပြောနေသည်ကို သင်လက်ခံပါသည်။ ထို့နောက် သူတို့ဝမ်းနည်းနေသမျှ အရာတိုင်းအတွက် ကျော်လွှားနိုင်ကြပါစေဟု ချစ်ခင်သော ဆန္ဒ ပြုလိုက်ပါသည်။ သူတို့သည် ပိုပြီးအဓိပ္ပာယ်ရှိသော အပြုသဘော ကိစ္စများတွင် ပို၍ပါဝင်နိုင်ပါသည်။ ထို့ကြောင့် တုန်လန် ကျင့်ကြံမှုအတွက် အခွင့်အလမ်းကောင်း ဖြစ်ပါသည်။

လွတ်လပ်ရန် ဆုံးဖြတ်ချက် ပထမဆုံး ချမိသောအခါ မကြာခဏဆိုသလို တစ်နေရာရာတွင် လျော့ကျသွားပါသည်။ ပျင်းရိမှု သို့မဟုတ် အခြားအချက်များကြောင့် ဖြစ်နိုင်ပါသည်။ ထိုဆုံးဖြတ်ချက်ကို မခံစားရတော့ပါ။ ထိုသို့ဖြစ်ပါက ပြန်လည်ရရှိအောင် ဘာလုပ်ရမည်နည်း။

ထုံးစံအတိုင်း အဓိကအကြံဉာဏ်မှာ ကျွန်ုပ်တို့ လွတ်လပ်ရန် ဆုံးဖြတ်ချက် မှန်သမျှ၏ ဆိုးကျိုးများကို မိမိဘာသာ သိပေးရန် ဖြစ်ပါသည်။ ဆင်းရဲဒုက္ခ အခြေအနေ မည်သို့ရှိစေကာမူ ယင်းကိုလွတ်မြောက်ခြင်း၏ အကျိုးကျေးဇူးများ ဖြစ်ပါသည်။ ယင်းကို လွတ်မြောက်ရန် နည်းလမ်းများကိုလည်း မိမိဘာသာ သတိပေးကာ ထိုနည်းလမ်းသည် အလုပ်ဖြစ်ရုံသာမက ကျွန်ုပ်တို့သည် လုပ်နိုင်စွမ်း ရှိသည်ဟု ယုံကြည်မှုကို အတည်ပြုပေးရပါမည်။ ဤအချက် အားလုံးသည် ဤသို့လွတ်မြောက်ရန် ဆုံးဖြတ်ချက်၏ အလွန်အရေးကြီးသည့် အစိတ်အပိုင်း ဖြစ်ပါသည်။ တစ်နည်းအားဖြင့် “ငါသည် ကောင်းစွာကြိုးစားအားထုတ်ပါက လွတ်လပ်နိုင်သည်” ဟု မိမိဘာသာ အသိပေးခြင်း ဖြစ်ပါသည်။ ထိုသို့မဟုတ်ပါက စိတ်ပျက်သွားပြီး ဘာမှမလုပ်တော့ဘဲ လက်လျှော့သွားပါသည်။

တရားရှုမှတ်သောအခါ ကျွန်ုပ်တို့ ရရှိအောင်မြင်လာသည်မှာ ပိုပြီး တည်ငြိမ်လာခြင်း ဖြစ်ပါသည်။ သို့သော် ပိုပြီး တည်ငြိမ်အောင် ဆေးဝါးမှီဝဲသောအခါ အခြေခံအားဖြင့် အားထုတ်မှုမပါဘဲ ရရှိနိုင်ပါသည်။ ၎င်းသည် ကျွန်ုပ်တို့ကို မပြောင်းလဲပါ။ လူတစ်ယောက် ဖျားနာနေပါက ဆေးသောက်ရန် လိုပါသည်။ သို့သော် စိတ်ဖိစီးမှုနှင့် စိတ်၏ အခြားအပျက်သဘော လွှမ်းမိုးမှုများကို လျှော့ချရန်ဆိုသည့် မိမိအခြေအနေ တိုးတက်အောင် နေ့စဉ်ဘဝတွင် တစ်ခုခုမှီဝဲနေ၍ ရပါမည်လား။

ကျွန်ုပ်တို့သည် ဗုဒ္ဓဘာသာ နည်းလမ်းများအကြောင်း လက်တွေ့ကျရန်လိုသည်ဟု ထင်ပါသည်။ ဗုဒ္ဓဘာသာ နည်းလမ်းများသည် ရင့်ကျက်တည်ငြိမ်မှု အဆင့်တစ်ခုအထိ ရောက်ပြီးသူများအတွက် ထိရောက်ပါသည်။ သင်သည် စိတ်ခံစားချက်အရ၊ စိတ်ပိုင်းဆိုင်ရာအရ ဆိုးရွားစွာ အနှောင့်အယှက် ဖြစ်နေပါက ဗုဒ္ဓဘာသာ နည်းလမ်းများကို အသုံးချနိုင်စွမ်း မရှိပါ။ တည်ငြိမ်မှု အချို့ ရှိရန် လိုပါသည်။ ဆေးဝါးက အလွန် အထောက်အကူ ပြုနိုင်ပါသည်။ စိတ်ငြိမ်ဆေးဖြစ်စေ၊ စိတ်ကျရောဂါ ပျောက်ဆေးဖြစ်စေ တစ်ခုခု ရပါသည်။ သင့်ကို ကူညီရန် တစ်ခုခုလိုပါသည်။ “အင်း၊ တရားရှုမှတ်လိုက်မယ်” ဟုပြောရုံနှင့် မစွမ်းဆောင်နိုင်ကြပါ။ သို့သော် ပိုပြီးတည်ငြိမ်လာသည်နှင့် ဆေးဝါး စွဲလမ်းမှုကို ကျော်လွှားနိုင်ပါသည်။ ပိုပြီး တည်ငြိမ်လာပါက တရားရှုမှတ် ကျင့်ကြံမှုများကို အမှန်တကယ် အသုံးချနိုင်သော စိတ်အခြေအနေသို့ ရောက်ရှိလာပါသည်။ ထိုမတိုင်မီတွင် အလွန်အနှောင့်အယှက် ဖြစ်နေပြီး စူးစိုက်မှု မရှိပါ။

မြန်မာနိုင်ငံတွင် နားကြပ်တပ်ထားသော ဘုရားပုံတော်ဖြင့် ကြော်ငြာသည့် စားသောက်ဆိုင်ကို ထောင်ချသူများ ရှိခဲ့ပါသည်။ ဗုဒ္ဓဘာသာ အမြင်အရ မည်သို့မှတ်ချက်ပေးမလဲ။

ဗုဒ္ဓမြတ်စွာအပေါ် မနာလိုသော ဝမ်းကွဲညီအစ်ကို ဒေဝဒတ္ထသည် ဘုရားရှင်ကို အမြဲဒုက္ခပေးရန် ကြိုးစားသော်လည်း ဘုရားရှင်သည် အန္တရာယ် မဖြစ်ခဲ့ပါ။ ထိုအတွက် ဝမ်းနည်းခြင်းမဖြစ်သည်မှာ ကျိန်းသေပါသည်။ ထို့ကြောင့် နားကြပ်တပ်ထားသည့် ဓာတ်ပုံအတွက် ဗုဒ္ဓမြတ်စွာသည် မကျေမနပ် ဖြစ်မည်မဟုတ်ပါ။ သို့သော် ဗုဒ္ဓဘာသာဝင်များ သို့မဟုတ် ဘာသာတရား တစ်ခုခုကို လိုက်နာသူတို့အတွက် သူတို့၏အဓိကပုံတော်ကို မလေးမစား ပြုပါက အလွန်မကျေမနပ် ဖြစ်ပါသည်။ ထိုသို့ လူအများကို စော်ကားစရာ အကြောင်းမရှိပါ။ အလွန်ရိုင်းပါသည်။ သူတို့ကို ထောင်ချသည်မှာ သို့မဟုတ် ဒဏ်ကြေးများစွာ ရိုက်သည်မှာ သင့်တော်ချင်မှ သင့်တော်ပါမည်။ သို့သော် သူတို့သည် ထိုသို့ မပြုလုပ်ရပါ။ လွတ်လပ်စွာ ပြောဆိုခွင့်သည် အထူးသဖြင့် လူထုကို ဒေါသဖြစ်စေမည်ကို သိသောအခါမျိုးတွင် အခြားသူများကို လွတ်လပ်စွာ စော်ကားရန် မဟုတ်ပါ။ စော်ကားသောအရာနှင့် ထိုသို့မဟုတ်သောအရာ၊ တလွဲသုံးသောအရာကို ဆုံးဖြတ်သူပေါ်တွင် မူတည်ပါသည်။ ဘာသာရေးနယ်ပယ်တွင် ယေရှု သို့မဟုတ် မိုဟာမက် သို့မဟုတ် ဗုဒ္ဓမြတ်စွာကို မလေးမစား တစ်ခုခု ပြုလုပ်ခြင်းသည် မသင့်တော်သည်မှာ လုံးဝရှင်းပါသည်။ iPod အသစ်ကြော်ငြာရန် ယေရှုကို လက်ဝါးကပ်တိုင်တွင် iPod နားကြပ်ဖြင့် နားထောင်နေသည်ဟု ကြော်ငြာပါက ခရစ်ယာန်ဘာသာဝင်များ မည်သို့တုံ့ပြန်မည်နည်း။ ခရစ်ယာန်ဘာသာ အခိုင်အမာ ယုံကြည်သူများက ယင်းကိုနှစ်ခြိုက်မည် မထင်ပါ။

ကျွန်ုပ်တို့သည် လောကီရည်မှန်းချက်များကို ဖြစ်စေ၊ ဘာသာရေး ရည်မှန်းချက်များကို ဖြစ်စေ အောင်မြင်အောင် ကြိုးစားနိုင်ပါသည်။ အစွန်းနှစ်ဘက် ရှိနိုင်သည်ကို တွေ့ရပါသည်။ တစ်ခုမှာ လောကီ ရည်မှန်းချက်များကို ပို၍အာရုံစိုက်ရန် ဖြစ်သော်လည်း ဤကိစ္စတွင် အဆုံးမရှိပါ။ ထို့ပြင် ရည်မှန်းချက်တစ်ခု အောင်မြင်သောအခါ နောက်ထပ် ရည်မှန်းချက် ရှိပါသည်။ ဥပမာအားဖြင့် ဗုဒ္ဓဘာသာ အသိုင်းအဝိုင်းများတွင် တွေ့နိုင်သော အခြားအစွန်းတစ်ဖက်မှာ သူတို့သည် ဘာသာရေး ရည်မှန်းချက် အောင်မြင်ရန် ကြိုးစားသော်လည်း လောကီ ရည်မှန်းချက်များကို မေ့သွားပါသည်။ ဤကိစ္စကို ဖြေရှင်းကာ ဟန်ချက်ညီစေမည့် နည်းနစ်များ သို့မဟုတ် နည်းလမ်းများ ရှိပါသလား။

ဒလိုင်းလားမား ဆရာတော်ကြီးက ၅၀/၅၀ ဟု အမြဲပြောပါသည်။ ဘဝ၏ အမှန်တရားကို လည်းကောင်း၊ ကျွန်ုပ်တို့၏ ငွေကြေးအခြေအနေ၊ မှီခိုသူများ ရှိ၊ မရှိဆိုသည့် ကျွန်ုပ်တို့၏ တာဝန်များကိုလည်းကောင်း ကြည့်ရပါမည်။ ထို့ကြောင့် လက်တွေ့ကျရပါမည်။

Top