ဗုဒ္ဓဘာသာတွင် အဓိက အာရုံစိုက်မှုမှာ ကျွန်ုပ်တို့၏ အားနည်းချက်များကို ကျော်လွှားကာ အပြုသဘော အစွမ်းအစများ သိရှိလာရေးအတွက် ကြိုးပမ်းခြင်း ဖြစ်ပါသည်။ အားနည်းချက်များတွင် ရှင်းလင်းစွာ မသိခြင်း၊ စိတ်ခံစားချက် မညီမျှခြင်းတို့ ပါဝင်ပြီး ဘဝနှင့်ပတ်သက်သော ရှုပ်ထွေးမှု ပေါ်ပေါက်စေပါသည်။ ထိုအခါ ကျွန်ုပ်တို့သည် လောဘ၊ ဒေါသ၊ မောဟစသည့် အပျက်စိတ်ခံစားချက်များက တွန်းအားသည့်အတိုင်း စိတ်လိုက်မာန်ပါ ပြုမူကြပါသည်။ ကျွန်ုပ်တို့၏ အပြုသဘော အစွမ်းအစများတွင် ရှင်းလင်းစွာ ဆက်သွယ်ပြောဆိုနိုင်စွမ်း၊ အမှန်တရားကို နားလည်နိုင်စွမ်း၊ အခြားသူများကို ကိုယ်ချင်းစာနိုင်စွမ်းနှင့် မိမိကိုယ်ကိုကောင်းအောင် နေထိုင်နိုင်စွမ်းတို့ ပါဝင်ပါသည်။
ဗုဒ္ဓဘာသာဝင်တို့ ကျင့်ကြံမှု၏ ပထမအချက်မှာ စိတ်ကို တည်ငြိမ်အောင်ထားပြီး သတိရှိရန်ဖြစ်သည်။ ကျွန်ုပ်တို့သည် အခြားသူများနှင့် ရှိနေစဉ် ပြုမူ၊ ပြောဆိုပုံ၊ တစ်ဉီးတည်း ရှိနေစဉ် စဉ်းစားတွေးတောပုံတို့ကို သတိရှိရန် မပြတ် အမှတ်ရနေရမည်ဟု ဆိုလိုပါသည်။ ယင်းတို့ကို စောင့်ကြည့်ပြီး ထိုအတွင်း လွှတ်ပေးထားရုံသာမဟုတ်ပါ။ သတိရှိ နေသောအခါ အပြုသဘောနှင့် အဖျက်သဘောတို့အကြား ခွဲခြားလာနိုင်ပါသည်။ ဤသည်မှာ အတ္တစိတ်ဝင်လာခြင်း မဟုတ်ပါ။ အခြားသူများကို အမှန်တကယ် ပိုအလေးထားကာ ပိုပြီးလမ်းဖွင့်ပေးမိလာပါသည်။
မိမိကိုယ်ကို ဆန်းစစ်လေ့လာခြင်းနှင့် မိမိကိုယ်ကို သတိရှိခြင်း၏ ရည်ရွယ်ချက်မှာ ကျွန်ုပ်တို့ ပြဿနာများ၏ အကြောင်းရင်းများကို ရှာဖွေရန် ဖြစ်ပါသည်။ ပြင်ပ အချက်များနှင့် အခြားသူများက ကျွန်ုပ်တို့၏ အခက်အခဲများ ပေါ်ထွက်စေသည့် အခြေအနေများ ကျိန်းသေဖန်တီးလာကြပါသည်။ သို့သော် ဗုဒ္ဓဘာသာဝင်တို့၏ နည်းလမ်းမှာ ပိုပြီးနက်ရှိုင်းသော အကြောင်းရင်းများကို သိရှိအောင် ကြိုးစားရန်ဖြစ်ပါသည်။ ထိုအတွက် ကိုယ့်စိတ်အခြေအနေကို ကိုယ်ပြန်ကြည့်ရန် လိုပါသည်။ ကျွန်ုပ်တို့၏ စိတ်အလေ့အထများနှင့် အပြုသဘော၊ အပျက်သဘော စိတ်ခံစားချက်များက ကျွန်ုပ်တို့၏ ဘဝအတွေ့အကြုံအပေါ် သက်ရောက်မှုရှိပါသည်။
အလုပ်ခွင်စိတ်ဖိစီးမှု၊ စိတ်ဓာတ်ကျမှု၊ စိုးရိမ်သောက၊ အထီးကျန်မှုနှင့် မလုံခြုံမှုတို့ ကြုံတွေ့ရသောအခါ ယင်းတို့ကို ဖြေရှင်းရသည့် ကျွန်ုပ်တို့၏ အခက်အခဲများမှာ ကျွန်ုပ်တို့၏ စိတ်နှင့် စိတ်ခံစားချက် အခြေအနေများမှ ပေါ်ထွက်လာပါသည်။ ပြဿနာများကြောင့် မဟုတ်ပါ။ ဘဝ၏ အဆက်မပြတ်သော စိန်ခေါ်မှုများကို ဖြေရှင်းရန် အကောင်းဆုံးနည်းလမ်းမှာ စိတ်ကိုတည်ငြိမ်အောင်ထားပြီး စိတ်ခံစားချက် ညီမျှမှုနှင့် စိတ်ကြည်လင်မှုတို့ ရရှိရေး ဖြစ်ပါသည်။
ကျွန်ုပ်တို့ကို စိတ်ညစ်မှုနှင့် အခက်အခဲများ ဖြစ်စေသော စိတ်ခံစားချက်များ၊ သဘောထားများနှင့် အပြုအမူများကို သတိရှိလာသည်နှင့် ယင်းတို့အတွက်ဖြေဆေးကို အသုံးချနိုင်လာပါသည်။
အမှန်တရားကို ရှင်းလင်းစွာ နားလည်သဘောပေါက်မှုနှင့် စိတ်၏ဆောင်ရွက်ချက်များပေါ်တွင် အခြေခံကာ စိတ်ခံစားချက် ကျန်းမာရေးကောင်းအောင် ကျင့်သုံးရန် လိုပါသည်။ - ၁၄ ပါးမြောက် ဘုန်းတော်ကြီး ဒလိုင်းလားမား
ကျွန်ုပ်တို့အားလုံးက ကိုယ်ခန္ဓာကျန်းမာရေးကို ဂရုစိုက်ကြသော်လည်း စိတ်အခြေအနေကိုလည်း ဂရုစိုက်ရန် အရေးကြီးပါသည်။ စိတ်ခံစားချက် ကျန်းမာရေး ရရှိစေရန် အချက်သုံးချက်ကို သတိရှိနေရန် လိုပါသည်။ ယင်းတို့မှာ စိတ်၏ အနှောင့်အယှက်ပေးသော အခြေအနေများအတွက် ဖြေဆေးကို သတိရရန်၊ လိုအပ်ပါက ယင်းတို့ကို အသုံးချရမည်ဟု သတိရရန်နှင့် ယင်းတို့ကို ထိန်းသိမ်းထားရန် လိုအပ်ပါသည်။
ထိုဖြေဆေးအားလုံးကို သတိရနေရန်အတွက် ကျွန်ုပ်တို့သည်-
- ယင်းတို့အကြောင်းကို လေ့လာသင့်ပါသည်
- ယင်းတို့ကို မှန်ကန်စွာ နားလည်ကာ၊ အသုံးချပုံကို သိရှိပြီး မှန်ကန်စွာဆောင်ရွက်နိုင်မည်ဟု ယုံကြည်လာသည်အထိ စဉ်းစားဆင်ခြင်သင့်ပါသည်
- ယင်းတို့နှင့် ရင်းနှီးမှုရှိလာအောင် တရားရှုမှတ်ကာ အသုံးချ ကျင့်ကြံသင့်ပါသည်။
ကျွန်ုပ်တို့သည် မိမိကိုယ်တိုင်အတွက် ဆရာဝန်ကဲ့သို့ဖြစ်ရန် လိုပါသည်။ ကျွန်ုပ်တို့၏ ရောဂါများကို ဖော်ထုတ်ရန်၊ ၎င်းတို့၏ အကြောင်းရင်းများကို နားလည်ရန်၊ ကုသသောဆေးများနှင့် မည်ကဲ့သို့ အသုံးချရန်ကို လေ့လာကာ အမှန်တကယ် အသုံးချ ကျင့်သုံးရန် ဖြစ်ပါသည်။
နာတာရှည် မကျန်းမာသောအခါ အပြောင်းအလဲ တစ်စုံတစ်ရာ အမှန်တကယ် မပြုလုပ်မီ ဘဝနေထိုင်မှုပုံစံ တစ်ခုလုံး အသစ်ပြင်ဆင်သည့် အကျိုးကျေးဇူးကို ယုံကြည်မှုရှိလာရပါမည်။ လူအများစုက အာဟာရနှင့် ကာယလေ့ကျင့်ခန်းကို အသေးစိတ် လေ့လာခြင်းဖြင့် စတင်မည် မဟုတ်ပါ။ သို့သော် အာဟာရ ဆင်ခြင်မှု၊ အားကစား ပုံမှန်လှုပ်ရှားမှုတို့ကို အရင်ဆုံး စမ်းကြည့်ပါလိမ့်မည်။ ထို့အတူ ယင်းတို့ကို မစတင်မီ ညွှန်ကြားချက် လိုသော်လည်း အကျိုးပြုရလဒ်အချို့ ကြုံတွေ့လာသည်နှင့် ဆက်လက်ဆောင်ရွက်ရန် အားတက်လာနိုင်ပါသည်။
ထို့အတူ စိတ်ခံစားချက် ကျန်းမာရေး ရရှိအောင် ကျွန်ုပ်တို့၏ အားထုတ်မှုများသည်လည်း ထိုအတိုင်းဖြစ်ပါသည်။ ကျွန်ုပ်တို့၏ သတိရှိမှု လေ့ကျင့်ရာမှ ကျန်းမာစေသောအရသာ ခံစားမိသည်နှင့် ပိုမိုလွယ်ကူစွာ စိတ်အားတက်လာပြီး ဗုဒ္ဓဘာသာ ကျင့်ကြံမှုက ကျွန်ုပ်တို့၏ ဘဝအရည်အသွေး ပိုကောင်းစေခြင်း၊ အခြားသူများကို ပို၍ကူညီနိုင်ခြင်း တို့အကြောင်း ပိုမိုလေ့လာရန် စိတ်ဝင်စားလာပါသည်။
ဗုဒ္ဓကိုယ်တော်တိုင် တစ်ချိန်က ကျွန်ုပ်တို့လိုပင် ဘဝအခက်အခဲများ ဖြတ်သန်းရသည့် လူသာမန်ဖြစ်ပါသည်။ ကျွန်ုပ်တို့ အားလုံးကဲ့သို့ပင် မိမိဘဝကိုရော ပတ်ဝန်းကျင်ရှိလူများကိုပါ တိုးတက်ကောင်းမွန်စေလိုပါသည်။ ကိုယ်တော်တိုင် ဆင်ခြင်သုံးသပ်မှုမှတစ်ဆင့် မိမိဘေးတွင် ဘာဖြစ်နေသည်ဖြစ်စေ တည်ငြိမ်ရန်၊ သတိရှိရန်၊ ကျွန်ုပ်တို့၏ စိတ်ခံစားချက် များကို ထိန်းချုပ်ရန် ခွန်အားနှင့် အစွမ်းအစ ရှိကြောင်း သဘောပေါက်လာပါသည်။
ဘုန်းတော်ကြီး ဒလိုင်းလားမားက ‘‘စိတ်ခံစားချက် ကျန်းမာရေး’’ ဟု ခေါ်သည့် ဤအချက်သည် ပျော်ရွှင် ငြိမ်းချမ်းသော ဘဝ၊ ပြဿနာများ ကင်းစင်သောဘဝ ဆိုသည့် ကျွန်ုပ်တို့အားလုံး အလိုရှိသည့် ပင်မအချက် ဖြစ်သောကြောင့် ယဉ်ကျေးမှုနှင့် ဘာသာတရားတများ၏ဘောင်ကို ကျော်လွန်သည့်ကိစ္စရပ်တစ်ခု ဖြစ်နေပါသည်။