ကျွန်ုပ်တို့အားလုံးသည် ဘဝအဓိပ္ပာယ်ကို ရှာဖွေကြပါသည်။ အချို့သူများက သူတို့၏အလုပ်အကိုင်၊ အချို့သူများက နောက်ဆုံးပေါ် ဖက်ရှင်၊ အချို့သူများက ဝေးလံဒေသများသို့ ခရီးသွားလာခြင်းတို့ဖြင့် ထိုသို့ရှာဖွေကြပါသည်။ သို့သော် နောက်ဆုံးတွင် အလုပ်အကိုင်သည် အငြိမ်းစားယူသောအခါ ရပ်တန့်ပြီး၊ ဖက်ရှင်များကလည်း အမြဲ အပြောင်းအလဲ ဖြစ်နေသည်။ အားလပ်ရက်များမှာလည်း မျက်စိတစ်မှိတ်အတွင်းမှာပင် ကုန်ဆုံးသွားပါသည်။ ထိုအရာအားလုံးက ကျွန်ုပ်တို့ကို ထာဝရ စိတ်ကျေနပ်မှု သို့မဟုတ် ပျော်ရွှင်မှု မပေးစွမ်းနိုင်ပါ။ ခေတ်သစ်ကမ္ဘာတွင် ရုပ်ပိုင်း၊ စိတ်ပိုင်း ရွေးချယ်စရာ သန်းပေါင်းများစွာ ရှိနေရာ ဘဝတွင် ဘာဆောင်ရွက်ရမည်ကို များစွာရှုပ်ထွေးမှု ရှိနေပါသည်။
ဗုဒ္ဓဘာသာတွင် ကိုးကွယ်အားထားရာ ဆိုသည်မှာ ဘဝတွင် အဓိပ္ပာယ်ရှိသော လမ်းကြောင်း ထားရှိခြင်း ဖြစ်ပါသည်။ ထိုလမ်းကြောင်းမှာ ကျွန်ုပ်တို့၏ အားနည်းချက်အားလုံးကို ကျော်လွှားကာ ကျွန်ုပ်တို့ကိုယ်တိုင်ရော၊ အခြားသူများကိုပါ အကောင်းဆုံး ကူညီနိုင်အောင် ကျွန်ုပ်တို့၏ အစွမ်းအစအားလုံး သိရှိလာရေးအတွက် မိမိကိုယ်တိုင် ကြိုးစားရန် ဖြစ်ပါသည်။ ဗုဒ္ဓဘာသာ၏ ကိုးကွယ်အားထားရာသည် ယာယီ ပျင်းရိမှု၊ ဆာလောင်မှု သို့မဟုတ် စိတ်ဖိစီးမှုတို့ထက် ကျော်လွန်သည့် ခိုလှုံရာတစ်ခု ဖြစ်ပါသည်။ အရာရာကို ပြင်ပမှ ပြောင်းလဲခြင်း မဟုတ်ပါ။ သီးသန့်အဝတ်အစားတစ်ခုခု ဝတ်စရာ မလိုပါ။ ဆံပင်ပုံစံ ပြောင်းရန်မလိုပါ။ ဗုဒ္ဓဘာသာတွင် ကိုးကွယ်အားထားရာဆိုသည်မှာ စိတ်အခြေအနေကို ပြောင်းလဲခြင်း ဖြစ်ပါသည်။ ဆိုလိုသ်ညမှာ ဘဝတွင် အဓိပ္ပာယ်ရှိစေသောအရာနှင့် ပစ္စုပ္ပန်နှင့် အနာဂတ်တွင် ကျွန်ုပ်တို့ရရှိလာမည့်အရာတို့ကို နက်ရှိုင်းစွာ နားလည်ခြင်း ဖြစ်ပါသည်။ အနှစ်ချုပ်ဆိုရသော် ဗုဒ္ဓဘာသာ၏ ကိုးကွယ်အားထားရာသည် ကျွန်ုပ်တို့ကို ဒုက္ခမရောက်အောင် ကာကွယ်ပေးခြင်း ဖြစ်ပါသည်။
ဗုဒ္ဓဘာသာဝင်တို့သည် ‘‘ကိုးကွယ်အားထားသည်’’ သို့မဟုတ် ‘‘ခိုလှုံသည်’’ ဆိုသောစကားကို သုံးလေ့ရှိသည်မှာ ခိုလှုံမှုသည် ကိုယ်တိုင်ဆောင်ရွက်ရသည့်အချက် ဖြစ်သောကြောင့် ဖြစ်ပါသည်။ ဗုဒ္ဓဘာသာ လမ်းကြောင်းကို သန္နိဋ္ဌာန်ဖြင့် လျှောက်လှမ်းရန် အခြေခံအဆင့် ဖြစ်ပါသည်။ သို့သော် ဘာကြောင့် ဤသို့ဆောင်ရွက်ရပါသလဲ။ လူတိုင်းသည် ပျော်ရွှင်မှုနှင့် စိတ်ကျေနပ်မှုကို ရှာဖွေနေပြီး မည်သူမျှ ဒုက္ခဆင်းရဲကို အလိုမရှိခြင်း တည်းဟူသော လူ့သဘာဝကို ကျွန်ုပ်တို့ နားလည်သောအခါ ကျွန်ုပ်တို့အား ကူညီမည့်အရာကို ရှာဖွေသင့်ပါသည်။ ဗုဒ္ဓဘာသာတွင်လည်း ရတနာသုံးပါးကို ကိုးကွယ်အားထားရပါသည်။
ရတနာသုံးပါးဆိုသည်မှာ ဘုရား၊ တရား၊ သံဃာဖြစ်ပါသည်။
ဗုဒ္ဓဘုရားရှင်ကို ခိုလှုံရသည်မှာ ဉာဏ်အလင်းရရှိပြီးသော ဆရာတစ်ဆူ ဖြစ်သောကြောင့် ဖြစ်ပါသည်။ ဘုရားရှင်သည် ကျွန်ုပ်တို့အား အဓိပ္ပာယ်မရှိသော ဘဝမှ ထွက်ရပ်လမ်းကို ဖော်ပြပေးရုံသာမက ဒုက္ခအပေါင်းမှ ချုပ်ငြိမ်းရန်လည်း ပြသခဲ့ပါသည်။ စိတ်သည် အခြေခံအားဖြင့် ဖြူစင်ပြီး ကရုဏာနှင့် ဉာဏ်ပညာ ပေါင်းစပ်လိုက်သောအခါ ရှုပ်ထွေးမှု၊ အပျက်သဘော ခံစားချက်များ မည်သို့ရှိစေကာမူ ထာဝရ ပြန်မလာတော့အောင် ဖယ်ရှား၍ ရပါသည်။ ဓမ္မတရားတော်ဆိုသည်မှာ ထိုအချက်ကို အောင်မြင်ရရှိနိုင်ပုံအကြောင်း ဗုဒ္ဓမြတ်စွာ၏ တရားတော်များ ဖြစ်ပါသည်။ ထို့ကြောင့် ကျွန်ုပ်တို့ ခိုလှုံလိုက်သောအခါ ဘဝပြဿနာ အားလုံးကို ဖြေရှင်းရန် ဗုဒ္ဓဘာသာ နည်းလမ်းအမျိုးမျိုး လက်ခံကျင့်သုံးလိုက်ပါသည်။ သံဃာဆိုသည်မှာ သံဃာတော်၊ သီလရှင်နှင့် ကျွန်ုပ်တို့၏ ဗုဒ္ဓဘာသာ မိတ်ဆွေများ ဖြစ်ပါသည်။ ဗုဒ္ဓတရားတော်များကို အမှန်ပင် ကျင့်ကြံသူများဖြစ်သည့် အားလျော်စွာ ဗုဒ္ဓဘာသာ လမ်းကြောင်းအတိုင်း လိုက်နာအောင် ကျွန်ုပ်တို့အား စိတ်ခွန်အား စံနမူနာပြ ပေးအပ်ကြပါသည်။ ကျွန်ုပ်တို့၏ သန္နိဋ္ဌာန်မှာ မိမိကိုယ်ကို မိတ်ဆွေ၊ အသိုင်းအဝိုင်းမှ ဖယ်ခွာရန် မလိုပါ။ တကယ်တော့ ရတနာသုံးပါးကို ကိုးကွယ်ဆည်းကပ်သောအခါ ကိုယ်တိုင်အတွက် အဓိပ္ပာယ်ရှိသောဘဝကို ဖန်တီးလိုက်သည်သာမက အခြားသူများ ကိုလည်း လမ်းဖွင့်ပေးလိုက်ပါသည်။ ထို့ပြင် ပတ်ဝန်းကျင်ရှိလူတို့အတွက်သာမက ကမ္ဘာကြီး တစ်ခုလုံးအတွက်ပါ ကျွန်ုပ်တို့ ဖြည့်ဆည်းပေးနိုင်ပုံကို စတင် မြင်တွေ့လာရပါသည်။ ဘုရား၊ တရား၊ သံဃာကို ကိုးကွယ်အားထားသောအခါ ကျွန်ုပ်တို့သည် ရှုပ်ထွေးမှု ဖြစ်စရာမလိုတော့ပါ။ စိတ်ဝိဉာဉ် ဆိုင်ရာ လိုက်လံ အဖြေရှာစရာ မလိုတော့ပါ။ ရုပ်ဝတ္ထု ချမ်းသာမှုနှင့် ပိုင်ဆိုင်မှုအတန်အသင့် လိုအပ်သေးသည်မှာ မှန်သော်လည်း ထာဝရ ပျော်ရွှင်မည်ဟုယူဆပြီး ထိုအတွက် အားမကိုးတော့ပါ။ ဗုဒ္ဓဘာသာစည်းကမ်းများအတိုင်း လိုက်နာမည့် သန္နိဋ္ဌာန်က ကျွန်ုပ်တို့ကို စိတ်ဖိစီးမှုမှ အမှန်ပင် ကင်းဝေးစေပြီး၊ စိတ်ပျော်ရွှင်မှု ပိုမိုရရှိကာ ပိုပြီးကျန်းမာအောင် နေထိုင်ရန်ဆိုသည့် အရေးကြီးသောအချက်ကို အားထုတ်ရန် အချိန်ပိုရလာပါသည်။
ထို့ကြောင့်လည်း ကိုးကွယ်အားထားမှုသည် စဉ်ဆက်မပြတ် ကိုယ်တိုင်ဆောင်ရွက်ရသော လုပ်ငန်းစဉ်ဖြစ်ပါသည်။ အမြဲတမ်း ကြိုးစားနေရမည့်အရာတစ်ခု ဖြစ်ပါသည်။ ယုံကြည်ရုံမျှဖြင့် ဘုရားရှင်ထံ နတ်ဘုရားတစ်ပါးအလား သဘောထားပြီး ဆုတောင်းနေခြင်း မဟုတ်ပါ။ ဗုဒ္ဓဘာသာ မိတ်ဆွေများက ကျွန်ုပ်တို့အတွက် ဆောင်ရွက်ပေးနိုင်သော အရာတစ်ခုလည်း မဟုတ်ပါ။ ထို့ကြောင့် အကြီးကျယ်ဆုံးသောကိုးကွယ်အားထားရာသည် ဗုဒ္ဓမြတ်စွာ၏ တရားတော်များဖြစ်သည့် ဓမ္မတရားတော်တွင် ခိုလှုံခြင်း ဖြစ်ပါသည်။ ဗုဒ္ဓမြတ်စွာထံတွင် ခိုင်မာသော ယုံကြည်ချက် ရှိနေပြီး အမြော်အမြင်နှင့် ကရုဏာတရားရှိသည့် ဗုဒ္ဓဘာသာ မိတ်ဆွေများစွာ ရှိနေလျှင်လည်း ဓမ္မတရားတော်များကို မိမိကိုယ်တိုင် လိုက်နာကျင့်ကြံမှုမပြုပါက ကိုးကွယ်အားထားမှု အကျိုးအမြတ်များ မခံစားနိုင်ပါ။ အခြားသူများကို အန္တရာယ် မပေးရေး၊ အကျိုးပြု လုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်ရေး၊ စိတ်ကို တည်ငြိမ်အောင်ထားရေးဆိုသည့် အဓိက အကြံပြုချက်ကို လိုက်နာသောအခါ ကျွန်ုပ်တို့၏ဘဝသည် ပို၍အဓိပ္ပာယ်ရှိလာမှာ အသေအချာပင် ဖြစ်ပါသည်။ ဗုဒ္ဓဘာသာ လမ်းကြောင်းအတိုင်း စနစ်တကျ စတင်နိုင်ရန် အထူးအခမ်းအနားများ ရှိသော်လည်း တကယ့်သန္နိဋ္ဌာန်မှာ ရင်ထဲမှလာရန် လိုပါသည်။ ကိုယ်တိုင် ကြိုးစားအားထုတ်သောအခါတွင်ကား အမှန်တကယ် ခိုလှုံအားထားခြင်း မည်ပါသည်။