သံဃာ၏ မူလဇစ်မြစ်
ဓမ္မစက္ကပဝတ္တနသုတ္တန်အရ ဘုရားရှင်သည် သဗ္ဗညုတဉာဏ်တော်ရရှိပြီးနောက် နှစ်ပေါင်းများစွာ ခြိုးခြံစွာအတူတကွ ကျင့်ခဲ့သည့် မိမိ၏မိတ်ဆွေရဟန်းငါးပါးကို သစ္စာလေးပါးတရားအကြောင်း တရားဦးဟောကြားခဲ့ပါသည်။ ဤတရား ဟောကြားစဉ် ရဟန်းငါးပါးစလုံး ဘုရားရှင်၏နောက်လိုက်များ ဖြစ်လာပြီး သူတို့ထဲမှ ရှင်ကောဏ္ဍညသည် ရဟန္တာအဆင့် ရောက်ရှိခဲ့သည်။ ရက်အနည်းငယ်ကြာပြီးနောက် အနတ္တအကြောင်း တရားတော် သို့မဟုတ် အတ္တသည် မဖြစ်နိုင်သော နည်းများဖြင့် မတည်ရှိနိုင်ကြောင်း တရားတော်ကို ဟောကြားစဉ် ကျန်ရဟန်းအားလုံး ရဟန္တာဖြစ်သွားပါသည်။ ထို့ကြောင့် ဤသာဝကငါးပါးသည် ပထမဦးဆုံးသံဃာတော်များ သို့မဟုတ် ဗုဒ္ဓဘာသာရဟန်းတော်များ ဖြစ်လာပါသည်။
ထို့နောက် ဗုဒ္ဓမြတ်စွာသည် ၄၅ ဝါပတ်လုံး မိမိတွေ့ရှိခဲ့သော တရားဓမ္မကိုဟောကြားကာ နောက်ပါသာဝကတို့သည်လည်း ဘုရားရှင်၏တရားကို ကိုယ်တိုင်ဖြန့်ဝေရန် အိန္ဒိယနိုင်ငံမြောက်ပိုင်းလွင်ပြင်ဒေသများရှိ မြို့ရွာများသို့ ကြွချီခဲ့ကြပါသည်။ ဗုဒ္ဓမြတ်စွာသည် လျင်မြန်စွာပင် လူမှုအဖွဲ့အစည်းများမှ နောက်လိုက်များတိုးပွားလာပြီး အခြားသောဘာသာရေးဆရာများ၊ ဘုရင်နှင့် မိဖုရားများ၊ လယ်သမားများနှင့် သားသတ်သမားများ စသည်ဖြင့် ပါဝင်ပါသည်။ သာဝကအများစုသည် လောကီလူ့ဘောင်ကို မစွန့်လွှတ်ချင်ကြသော်လည်း ထိုသို့ လောကီလူ့ဘောင်ကိုစွန့်လွှတ်ကာ သံဃာ့အဖွဲ့နှင့် ပူးပေါင်းလိုသူများကို ကြိုဆိုခဲ့ပါသည်။ အိမ်ရာတည်ထောင်ကာ လုပ်ကိုင်စားသောက်သည့် လူ့ဝတ်ကြောင် သာဝကများက သံဃာတော်တို့အား ဆွမ်း၊ သင်္ကန်းစသည် ထောက်ပံ့ကြပါသည်။
အချိန်ကြာလာသောအခါ ဗုဒ္ဓမြတ်စွာထံသို့ အတည်တကျပူးပေါင်းသူများ ပိုများလာပြီး ညီညွတ်သော ဘာသာရေး အသိုင်းအဝိုင်းတစ်ခု ဖန်တီးနိုင်အောင် သာဝကများ လိုက်နာရမည့် စည်းကမ်းချက်များချမှတ်ဖို့ လိုလာပါသည်။ သံဃာ့အဖွဲ့အတွင်း မလိုလားအပ်သည့် ရလဒ်များဖြစ်စေသည့် ကိစ္စရပ်များ ရှိလာပါက စည်းကမ်းချက်များကို လိုအပ်သလိုဖြစ်စေ၊ စမ်းသပ်ကျင့်သုံး၍ဖြစ်စေ ချမှတ်ခဲ့ပါသည်။ ဘုရားရှင်ပရိနိဗ္ဗာန်စံဝင်ချိန်၌ သံဃာနှင့်သီလရှင်များ အတွက် ရာနှင့်ချီသောစည်းကမ်းချက်များ ရှိလာပါသည်။
အမျိုးသမီးသာသနာ့နွယ်ဝင်များ
အစပိုင်းတွင် ဗုဒ္ဓမြတ်စွာသည် ဗုဒ္ဓဘာသာအဖွဲ့အစည်းထဲသို့ အမျိုးသားများကိုသာ ဝင်ရောက်ခွင့်ပြုခဲ့သည်။ သံဃာ့အဖွဲ့အစည်း တည်ထောင်ပြီး ငါးနှစ်အကြာတွင် ဘုရားရှင်၏မိထွေးတော် မဟာပဇာပတိဂေါတမီက မိမိအား သီလရှင်အဖြစ် သာသနာ့ဘောင် ဝင်ခွင့်ပြုရန် ဘုရားရှင်အား တောင်းပန်လျှောက်ထားခဲ့ရာ ဘုရားရှင်က ငြင်းဆိုခဲ့သည်။ သို့သော် မဟာပဇာပတိသည် အခြားအမျိုးသမီးငါးရာနှင့်အတူ ဆံကေသာပယ်စွန့်လျက် အဝါရောင်ဝတ်ရုံကိုဝတ်ပြီး ဘုရားရှင်နောက်လိုက် ဖြစ်လာစေရန် ဆုံးဖြတ်ချက် ခိုင်မာစွာ လက်မလျှော့ခဲ့ပါ။
မဟာပဇာပတိသည် ဗုဒ္ဓမြတ်စွာအား ထိုသို့ နောက်ထပ်နှစ်ကြိမ် တောင်းဆိုခဲ့ရာတွင် ဗုဒ္ဓမြတ်စွာက သူတို့ကို သာသနာ့ဘောင်ဝင်ခွင့်ပေးရန် နှစ်ကြိမ်စလုံးငြင်းပယ်ခဲ့သည်။ စတုတ္ထအကြိမ်တွင် ဘုရားရှင်၏ညီတော်ရှင်အာနန္ဒာက မိထွေးတော်ကိုယ်စား အမျိုးသမီးများသည် အမျိုးသားများကဲ့သို့ ဘာသာရေးလမ်းကြောင်း လျှောက်လှမ်းကာ ဉာဏ်အလင်းရနိုင်စွမ်း ရှိ၊ မရှိ မေးလျှောက်ခဲ့ရာ ဘုရားရှင်က ရနိုင်သည်ဟု အခိုင်အမာဖြေကြားတော်မူသည်။ ထိုအခါ ရှင်အာနန္ဒာက အမျိုးသမီးသမီးများလည်း သီလရှင်ဖြစ်ခွင့်ပေးသင့်ကြောင်း အကြံပြုရာ ဘုရားရှင်က အမျိုးသမီးသာဝကများကို သာသနာ့ဘောင်ဝင်ရန် ခွင့်ပြုခဲ့ပါသည်။
အစဉ်အလာသံဃာနှင့် အရိယာသံဃာ
သံဃာဆိုသည်မှာ ဘုရားရှင်၏တရားတော်များကို လိုက်နာသည့် အဆိုပါ သီလရှင်နှင့်သံဃာဆိုသော ဘိက္ခုနှင့် ဘိက္ခုနီ နှစ်ဖွဲ့ကို များသောအားဖြင့် ရည်ညွှန်းပါသည်။ ဘိက္ခုဆိုသည့် ဝေါဟာရသည် “ဆွမ်းခံသူ” ဟုအမှန်တကယ်ဆိုလိုပြီး သာသနာ့ဘောင်ဝင်ထားသူများသည် ရုပ်ဝတ္ထုပစ္စည်းအများစုကို စွန့်လွှတ်ကာ ဆွမ်းအတွက်အခြားသူများအပေါ်တွင် မှီခိုရန် တစ်နေရာမှတစ်နေရာသို့ လှည့်လည်သွားလာရမည်ဟု ယူဆပြီး ထိုသို့သုံးနှုန်းခြင်းဖြစ်သည်။ သိမြင်မှုဉာဏ်အဆင့်မည်မျှ ရှိသည်ဖြစ်စေ အပြည့်အဝသာသနာ့ဘောင် ဝင်ရောက်ပြီးသော သို့မဟုတ် ကိုရင်ဖြစ်သော သံဃာ သို့မဟုတ် သီလရှင် အနည်းဆုံးလေးပါးဖြင့် သံဃာ့အဖွဲ့ ဖွဲ့စည်းရန် လိုပါသည်။ ယင်းကို အစဉ်အလာသံဃာဟု ခေါ်ဝေါ်သည်။ သာသနာ့ဘောင် ဝင်သည်ဖြစ်စေ၊ မဝင်သည်ဖြစ်စေ ဓမ္မလမ်းကြောင်းတွင် သိမြင်မှုအချို့ အမှန်တကယ်ရရှိပြီးသူများကို ရည်ညွှန်းသည့် အရိယာသံဃာ့အဖွဲ့လည်း ရှိပါသည်။
အစဉ်အလာသံဃာနှင့် အရိယာသံဃာတို့အကြား ကွဲပြားခြားနားရန် အရေးကြီးပါသည်။ အလွန်ထက်မြက်သည့် အစဉ်အလာသံဃာနှင့် သီလရှင်များရှိသလို ကျွန်ုပ်တို့လိုပင် စိတ်ခံစားချက် အနှောင့်အယှက်ဖြစ်နေသူများလည်း ရှိနိုင်ပါသည်။ ထိုအခါ သူတို့ထံ၌ ကျွန်ုပ်တို့ဘာကြောင့် ကိုးကွယ်အားထားသင့်သနည်းဟု မေးစရာရှိလာပါသည်။ ထို့ကြောင့် ရတနာသုံးပါးတွင် စစ်မှန်သော ရတနာတစ်ပါးအဖြစ် အရိယာသံဃာကို ကိုးကွယ်အားထားခြင်း ဖြစ်ပါသည်။ ထိုသံဃာတော်တို့သည် ကျွန်ုပ်တို့အား မှန်ကန်သောလမ်းကြောင်းအတိုင်း သွားနိုင်ရန် အမှန်ပင်ကူညီလမ်းပြပေးနိုင်ပါသည်။
သံဃာ၏ အရည်အသွေးများ
သို့ဆိုလျှင် ကျွန်ုပ်တို့ထံတွင် ထားရှိရမည့် သံဃာတော်တို့တွင်ရှိသည့် အရည်အသွေးများက အဘယ်နည်း။
- သံဃာတော်တို့သည် တရားဟောကြားသောအခါ စာအုပ်ထဲမှ လေ့လာထားသမျှကို ပြန်ပြောရုံသာမဟုတ်ပါ။ မိမိကိုယ်ပိုင်အတွေ့အကြုံဖြင့် ဟောကြားသည့်အတွက် အမှန်တကယ် အားတက်ဖွယ်ဖြစ်ပါသည်။
- သံဃာတော်တို့၏ တစ်ခုတည်းသောဆန္ဒမှာ အခြားသူများကို ကူညီရန်ဖြစ်ပြီး ဟောသည့်အတိုင်း ကျင့်ကြံကြပါသည်။ ဆေးလိပ်သောက်သူတစ်ယောက်က ဆေးလိပ်အန္တရာယ်အကြောင်း ကျွန်ုပ်တို့ကို အပြစ်ပြောသည်ဟု စိတ်ကူးကြည့်လျှင် သူတို့ပြောသလို သူတို့ဘာကြောင့် လိုက်မလုပ်သလဲဟု ကျွန်ုပ်တို့စဉ်းစားမိမည် မဟုတ်ပါလား။ ထိုအကြောင်းကြောင့်ပင် သံဃာတော်တို့သည် ပြောသလိုအမြဲလုပ်သည့်အတွက် အမှန်ပင် ယုံကြည်အားထားရနိုင်ပါသည်။
- အပေါင်းအသင်းမကောင်းလျှင် သူတို့၏အကျင့်ဆိုးများ မိမိထံသို့ကူးစက်လာသည်ကိုပင် သတိမမူမိတတ်တော့ပါ။ ထို့အတူ မိတ်ဆွေကောင်းနှင့်တွဲမိလျှင် အရည်အသွေးကောင်းများ အလိုလို လျင်မြန်စွာ ရရှိလာပါသည်။ ထို့ကြောင့် သံဃာသည် ကျွန်ုပ်တို့၏ဓမ္မကျင့်ကြံမှု ပိုမိုတိုးတက်အောင် အလွန်ကောင်းမွန်သည့် လွှမ်းမိုးမှုဖြစ်ပါသည်။
သံဃာ၏အရေးကြီးပုံ
ဗုဒ္ဓမြတ်စွာသည် လွန်ခဲ့သောနှစ်ပေါင်း ၂၅၀၀ က ပရိနိဗ္ဗာန်စံတော်မူခဲ့ပြီး ကျွန်ုပ်တို့ကျင့်ကြံရန် တရားဓမ္မများကို ချန်ထားရစ်ခဲ့ပါသည်။ ထို့ကြောင့်လည်း ဗုဒ္ဓဘာသာဟူ၍ဖြစ်လာပါသည်။ သို့သော် ကောင်းစွာကျင့်ကြံအားထုတ်ရန်အတွက် အားထားရသည့် နမူနာများ၊ ဘုရားရှင်၏တရားတော်များကို အမှန်တကယ်သင်ယူလေ့လာကျင့်ကြံပြီး တရားတော်များ၏ ရည်မှန်းချက်အချို့ကို အောင်မြင်ပြီးသူများက ကျွန်ုပ်တို့ကို ကူညီလမ်းပြရန် လိုအပ်ပါသည်။ ထိုပုဂ္ဂိုလ်များ ပါဝင်သည့် အသိုင်းအဝိုင်းမှာ သံဃာ့အဖွဲ့ပင်ဖြစ်ပါသည်။
ယခုအခါ ကျွန်ုပ်တို့သည် မင်းသား၊ မင်းသမီး၊ မော်ဒယ်၊ အဆိုတော်၊ အားကစားသမားစသည့် နာမည်ကြီးသူများကို စံပြပုဂ္ဂိုလ်အဖြစ် တစ်ခါတစ်ရံသတ်မှတ်ကြပါသည်။ သို့သော် ထိုသူတို့တွင် သူတို့ကိုယ်ပိုင် ပြဿနာများ ရှိကြသည် မဟုတ်ပါလား။ သူတို့၏ပုဂ္ဂိုလ်ရေးဘဝတွင် ပရမ်းပတာဖြစ်နေသည်ကို ကျွန်ုပ်တို့သိထားကြပါသည်။ ထို့ပြင် နာမည်ကြီးများနှင့် သူတို့ဘဝများအကြောင်း ကျွန်ုပ်တို့စွဲလမ်းနေသောအခါ သူငယ်ချင်းများနှင့် အတင်းပြောစရာများသာ ဖြစ်လာပြီး ရုပ်ဝတ္ထုတွယ်တာမှုကို ပုံမှန်ထက်ပင် ပို၍စွဲလမ်းလာပါသည်။ ထိုကိစ္စများဖြင့် မိမိနှင့်အခြားသူများအတွက် မှန်ကန်သော အကျိုးကျေးဇူး သို့မဟုတ် ပျော်ရွှင်မှု မရရှိနိုင်ပါ။ တစ်ဖက်တွင်မူ သံဃာတော်တို့သည် သူတို့ပြဿနာများကို အတိုင်းအတာတစ်ခုအထိ ဖယ်ရှားထားပြီးဖြစ်ရာ မည်မျှကောင်းမွန်ပါသနည်း။ ကျန်ပြဿနာများကို ဖယ်ရှားရန်လည်း ကြိုးပမ်းအားထုတ်နေပါသေးသည်။ ကျွန်ုပ်တို့သည်လည်း မိမိကိုယ်ပိုင်ပြဿနာများ ဖယ်ရှားလိုပါက သူတို့နမူနာအတိုင်း လိုက်နာသည်မှာ အဓိပ္ပာယ်ရှိသည် မဟုတ်ပါလား။
ယနေ့ ခေတ်သစ်ကမ္ဘာတွင် ကျွန်ုပ်တို့ထံတွင် မျိုးဆက်တစ်ခုမှတစ်ခုသို့ လက်ဆင့်ကမ်း ထိန်းသိမ်းလာသော ဗုဒ္ဓတရားတော်များရှိနေသည်မှာ သံဃာတော်များ ကျေးဇူးကြောင့်ဖြစ်ပါသည်။ သံဃာတော်တို့သည် ကျွန်ုပ်တို့အား မိမိ၏လက်ငင်းပြဿနာများထက် ကျော်လွန်ရှုမြင်ကာ ဆင်းရဲဒုက္ခအားလုံးမှ လုံးဝလွတ်မြောက်စေမည့်လမ်းကြောင်းကို ရှုမြင်ရန် စိတ်အားထက်သန်စေပါသည်။ ထိုသို့စိတ်အား ထက်သန်စေရုံသာမက အဆင့်လိုက်လမ်းကြောင်းပေါ်တွင် ကျွန်ုပ်တို့အား လမ်းညွှန်ခြင်း၊ အားပေးခြင်းနှင့် ပံ့ပိုးခြင်းတို့လည်း ဆောင်ရွက်ပါသည်။ ထို့ကြောင့်လည်း သံဃာတော်များမရှိလျှင် ဗုဒ္ဓဘာသာရှိမည်မဟုတ်ကြောင်း တစ်ခါတစ်ရံ ပြောဆိုကြခြင်းဖြစ်ပါသည်။
အကျဉ်းချုပ်
ကျွန်ုပ်တို့ဘဝတွင် စံပြပုဂ္ဂိုလ် မည်ကဲ့သို့ရွေးချယ်မည်နည်း။ စစ်မှန်သောဉာဏ်အလင်းရရှိထားသည့် အရိယာသံဃာ အစစ်အမှန်ကို ကျွန်ုပ်တို့တွေ့ဆုံချင်မှ တွေ့ဆုံမည် ဖြစ်သော်လည်း ဓမ္မနှင့်ပတ်သက်လျှင် ပိုမိုအတွေ့အကြုံရှိသူများကိုတော့ တွေ့ဆုံနိုင်ပါသည်။ သူတို့ကိုနမူနာကြည့်ကာ သူတို့ခြေရာအတိုင်း လိုက်နာလိုစိတ် ရှိလာနိုင်ပါသည်။
အစဉ်အလာသံဃာ့အဖွဲ့ဖြစ်သည့် ဗုဒ္ဓဘာသာဝင် သံဃာနှင့်သီလရှင်တို့၏ အားထုတ်မှုကြောင့် ဓမ္မသည် တစ်ကမ္ဘာလုံးသို့ ပျံ့နှံ့လာရပါသည်။ ဘုရားရှင်ကို ဆရာဝန်၊ ဓမ္မကို ဆေးဝါးဟု ခိုင်းနှိုင်းသလိုပင် သံဃာတော်တို့သည် ကျွန်ုပ်တို့၏ ပြဿနာများအားလုံးမှ ထာဝရလွတ်မြောက်အောင် ကြိုးစားသည့်လမ်းကြောင်းတွင် ကျွန်ုပ်တို့ကို အားပေးလမ်းညွှန်သည့် သူနာပြုများကဲ့သို့ပင် ဖြစ်ပါသည်။