ဒလိုင်းလားမား ဆရာတော်ကြီးထံမှ ကဆုန်လပြည့်နေ့ သတင်းစကား

Study buddhism life of buddha

ကဆုန်လပြည့်နေ့ (ဗုဒ္ဓနေ့) ကို ယနေ့ကျင်းပနေကြသည့် ကမ္ဘာတစ်ဝန်းရှိ ဗုဒ္ဓဘာသာ ညီအစ်ကို မောင်နှမများထံ နှုတ်ခွန်းဆက်ခွင့် ရသည့်အတွက် အလွန်ဝမ်းမြောက်မိပါသည်။

လွန်ခဲ့သော နှစ်ပေါင်း ၂၆၀၀ က စကြမုနိဗုဒ္ဓမြတ်စွာသည် လုမ္ဗိနီတွင် ဖွားမြင်ပြီး၊ ဗုဒ္ဓဂယာတွင် သဗ္ဗညုတဉာဏ်တော် ရရှိကာ ကုသိနာဃရတွင် ပရိနိဗ္ဗာန် စံဝင်ပါသည်။ သို့သော် ဗုဒ္ဓတရားတော်သည် အားလုံးနှင့်သက်ဆိုင်ပြီး ယနေ့အထိ ဆီလျော်မှုရှိနေသည်ဟု ယုံကြည်မိပါသည်။ အခြားသူများအား ကူညီရန် နက်ရှိုင်းသော အလေးထားမှု ရှိသည့်အတွက် ဘုရားရှင်သည် ဘုရားအဖြစ်သို့ ရောက်တော်မူပြီးနောက် လက်ကျန်ဘဝကို သင်္ကန်းဝတ်ဖြင့် ကုန်ဆုံးကာ တရားနာလိုသူတိုင်းအား တရားဟောပြောခဲ့ပါသည်။ အရာရာသည် မှီခိုမှုဖြင့် ပေါ်ပေါက်သည်ဟု အမြင်ရှိပြီး မည်သူ့ကိုမျှ အန္တရာယ် မပေးရန်၊ တတ်နိုင်သလောက် မည်သူ့ကိုမဆို ကူညီရန် အကြံဉာဏ် ပေးထားသည့်အတွက် အကြမ်းမဖက်ရေး ကျင့်စဉ်ကို အလေးထားပါသည်။ ယင်းမှာ ယနေ့ကမ္ဘာတွင် ကောင်းကျိုးဖြစ်ထွန်းရန်အတွက် ခွန်အားရှိသော တွန်းအားတစ်ရပ် ဖြစ်နေပါသည်။ အကြောင်းမှာ ကရုဏာတရားထားရှိသည့် အကြမ်းမဖက်ရေးသည် လူသားအားလုံးကို အကျိုးဖြစ်ထွန်းစေသည့်အတွက် ဖြစ်ပါသည်။

အလွန်ပင် အပြန်အလှန်မှီခိုနေရသော ကမ္ဘာကြီးတွင် ကျွန်ုပ်တို့၏ သာယာဝပြောမှုနှင့် ပျော်ရွှင်မှုတို့သည် အခြားသော လူများစွာအပေါ် တည်မှီနေပါသည်။ ယခုအခါ ရင်ဆိုင်နေရသော စိန်ခေါ်မှုများကြောင့် တစ်စုတစ်စည်းတည်းသော လူသားထု ဆိုသည်ကို လက်ခံဖို့ လိုလာပါသည်။ ကျွန်ုပ်တို့အကြား အပေါ်ယံ ခြားနားချက်များ ရှိသော်လည်း ငြိမ်းချမ်းမှုနှင့် ပျော်ရွှင်မှုအတွက် လူတို့၏ အခြေခံ ဆန္ဒမှာ တူညီပါသည်။ ဗုဒ္ဓဘာသာ ကျင့်ကြံမှု တစ်စိတ်တစ်ပိုင်းမှာ တရားရှုမှတ်မှုဖြင့် စိတ်ကိုလေ့ကျင့်ခြင်း ဖြစ်ပါသည်။ စိတ်တည်ငြိမ်အောင် လေ့ကျင့်ခြင်းအတွက်လည်းကောင်း၊ မေတ္တာ၊ ကရုဏာ၊ ရက်ရောမှု၊ သည်းခံမှုတို့ကဲ့သို့ အရည်အသွေးများ ထားရှိရာတွင် ထိရောက်စေရန်အတွက်လည်းကောင်း နေ့စဉ်ဘဝ၌ ယင်းတို့ကို အသုံးချရပါမည်။

မကြာသေးမီကာလအထိ ကမ္ဘာပေါ်ရှိ စုံလင်ကွဲပြားသော ဗုဒ္ဓဘာသာ အသိုင်းအဝိုင်းများအကြားတွင် အချင်းချင်း တည်ရှိနေသည်ကို အလှမ်းဝေးသော နားလည်မှုမျှသာ ရှိပြီး တူညီသောအချက်များ မည်မျှရှိသည်ကို တန်ဖိုးထားခွင့် မရခဲ့ကြပါ။ ယခုအခါ နိုင်ငံအသီးသီးတွင် ပေါ်ထွန်းလာသော ဗုဒ္ဓဘာသာ အစဉ်အလာများ အားလုံးနီးပါးကို စိတ်ဝင်စားသူ မည်သူမဆို သိရှိလေ့လာနိုင်ပါသည်။ ထို့ပြင် ဤဗုဒ္ဓဘာသာ အစဉ်အလာ အမျိုးမျိုးကို လေ့ကျင့်ဟောကြားသူများက ယခုအခါ အချင်းချင်းတွေ့ဆုံကာ သင်ယူလာနိုင်ပြီ ဖြစ်ပါသည်။

တိဘက် ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးတစ်ပါး အနေနှင့် ကျွန်ုပ်သည် နာလန်ဒါ အစဉ်အလာကို ဆက်ခံသူဟု ယူဆပါသည်။ နာလန်ဒါ တက္ကသိုလ်၌ ဗုဒ္ဓဘာသာကို သင်ကြားလေ့လာပုံသည် ကျိုးကြောင်းဆီလျော်မှုနှင့် ယုတ္တိဗေဒကို အခြေတည်ပြီး အိန္ဒိယနိုင်ငံတွင် ဗုဒ္ဓဘာသာ အထွတ်အထိပ် ဖွံ့ဖြိုးလာသည်ကို ကိုယ်စားပြုပါသည်။ ၂၁ ရာစု ဗုဒ္ဓဘာသာဝင်များ ဖြစ်လိုပါက ကျွန်ုပ်တို့သည် ယုံကြည်မှုကို အားထားနေရုံမျှသာ မဟုတ်ဘဲ ထိုဒေသမှလူအများ ကြိုးပမ်းကြသလို ဗုဒ္ဓတရားတော်များကို လေ့လာဆန်းစစ်ရန် အရေးကြီးပါသည်။

ဘုရားရှင် လက်ထက်တော်ကနှင့်ယှဉ်လျှင် ကမ္ဘာကြီးသည် သိသိသာသာ ပြောင်းလဲခဲ့ပါပြီ။ ခေတ်သစ်သိပ္ပံပညာသည် ရူပဗေဒနယ်ပယ်တွင် အဆင့်မြင့် နားလည်သဘောပေါက်မှုများ ရှိလာပါသည်။ တစ်ဖက်တွင်မူ ဗုဒ္ဓဘာသာ သိပ္ပံပညာက စိတ်နှင့် စိတ်ခံစားချက်များ အလုပ်လုပ်ပုံအကြောင်း အသေးစိတ်ကျကျ ကိုယ်တိုင်နားလည်မှု ရရှိထားပါသည်။ ဤသည်မှာ ခေတ်သစ် သိပ္ပံပညာ၌ အတော်လေး ဆန်းသစ်နေသေးသော နယ်ပယ်များ ဖြစ်ပါသည်။ ထို့ကြောင့် တစ်ဦးကို တစ်ဦး ဖြည့်ဆည်းပေးမည့် အရေးပါသော အသိပညာများ ရှိကြပါသည်။ ထိုနည်းလမ်းနှစ်ခုကို ပေါင်းစပ်သောအခါ ကျွန်ုပ်တို့၏ ကိုယ်၊ စိတ်၊ လူမှုဘဝဆိုင်ရာ ကျန်းမာရေးတို့ကို အားဖြည့်ပေးမည့် လေ့လာတွေ့ရှိမှုများ ကြီးစွာသော ဖြစ်နိုင်ခြေ ရှိသည်ဟု ယုံကြည်ပါသည်။

ဗုဒ္ဓဘာသာဝင်များအဖြစ် ကျွန်ုပ်တို့သည် ဗုဒ္ဓတရားတော်များကို ထိန်းသိမ်းနေသူများ ဖြစ်ပါသည်။ သို့သော် ဘုရားရှင်၏ သတင်းစကားမှာ အခြားလူသားထုနှင့် ကျယ်ကျယ်ပြန့်ပြန့် ဆက်ဆံရာတွင်လည်း ဆီလျော်မှု ရှိပါသည်။ ဘာသာတရား အားလုံးက လူသားအားလုံး၏ ပျော်ရွှင်မှုကို တိုးမြှင့်ကြိုးပမ်းရေးဆိုသည့် နောက်ခံအချက်အလက်အရ ဘာသာ အချင်းချင်း ပိုမိုနားလည်မှု ရှိအောင် ပြုလုပ်ရန် လိုပါသည်။ ထို့ပြင် ကမ္ဘာကြီးက ရင်ဆိုင်နေရသည့် ယခုလို အရေးကြီးသည့် အကျပ်အတည်းကာလတွင် ကျွန်ုပ်တို့၏ ကျန်းမာရေးကို ခြိမ်းခြောက်ခံနေရပါသည်။ ဆုံးရှုံးသွားသည့် မိသားစု၊ မိတ်ဆွေများအတွက် ဝမ်းနည်းနေရပါသည်။ ဤလိုအချိန်တွင် တစ်စုတည်းသော လူသားထု မိသားစု၏ မိသားစုဝင်များအဖြစ် စုစည်းညီညွတ်ရေးကို ကျွန်ုပ်တို့ အာရုံစိုက်ကြရပါမည်။ သို့ဖြစ်ရာ အချင်းချင်း ကရုဏာဖြင့် ဆက်သွယ်ရန် လိုပါသည်။ တစ်ကမ္ဘာလုံး စုစည်းထားသော ကြိုးပမ်းချက်ဖြင့်သာ ကျွန်ုပ်တို့ ရင်ဆိုင်နေရသည့် အစဉ်အလာမရှိဖူးသော စိန်ခေါ်မှုများကို ရင်ဆိုင်ကျော်လွှားနိုင်မည် ဖြစ်ပါသတည်း။

ဘုန်းတော်ကြီး ဒလိုင်းလားမား၊ ၇ မေ ၂၀၂၀

Top