အလက်ဇင်းဒါးဘာဇင်းအကြောင်း

အလက်ဇင်းဒါးဘာဇင်း (၁၉၄၄ ခုနှစ်ဖွား) သည် အမေရိကန်ပြည်ထောင်စု၊ နယူးဂျာစီ ပြည်နယ်တွင် ကြီးပြင်းခဲ့ပါသည်။ ဗုဒ္ဓဘာသာကို ၁၉၆၂ ခုနှစ်တွင် ရတ်ဂျာတက္ကသိုလ်၌ စတင်လေ့လာဆည်းပူးသည်။ ထို့နောက် ပရင်စင်တန် တက္ကသိုလ်၌ လေ့လာဆည်းပူးသည်။ ၁၉၇၂ ခုနှစ်တွင် ဟားဗတ်တက္ကသိုလ်မှ ပါရဂူဘွဲ့ကို သက္ကတဘာသာနှင့် အိန္ဒိယဘာသာဌာနနှင့် အရှေ့ဖျားဒေသ ဘာသာစကား (တရုတ်ဘာသာ) ဌာနတို့တွင် ပူးတွဲပြီး ရရှိခဲ့သည်။ ဗုဒ္ဓဘာသာသည် အာရှလူ့ယဉ်ကျေးမှု တစ်ခုမှတစ်ခုသို့ ကူးပြောင်းပုံ၊ ၎င်းကို ဘာသာပြန်ဆိုပြီး လက်ခံကျင့်သုံးပုံကို စိတ်ဝင်စားသည့်အတွက် ထိုစဉ်ကတည်းကပင် သူ၏အာရုံစိုက်မှုမှာ အစဉ်အလာ ဗုဒ္ဓဘာသာနှင့် ခေတ်သစ် အနောက်တိုင်း ယဉ်ကျေးမှုအကြား ပေါင်းကူးပေးရန် ဖြစ်ပါသည်။

ဒေါက်တာဘာဇင်းသည် အိန္ဒိယနိုင်ငံတွင် ၂၉ နှစ်ကြာ နေထိုင်ခဲ့သည်။ ပထမတွင် ဖူးလ်ဘရိုက် ပညာသင်ဆုဖြင့် လည်းကောင်း၊ နောက်ပိုင်းတွင် ဓမ္မသာလာရှိ တိဘက်ဘာသာ စာပေနှင့် မော်ကွန်းတိုက်များ စာကြည့်တိုက်တွင် သူကူညီတည်ထောင်ခဲ့သော ဘာသာပြန်ဗျူရိုတွင်လည်းကောင်း ဖြစ်ပါသည်။ အိန္ဒိယနိုင်ငံတွင် ရှိနေစဉ် တိဘက်ဗုဒ္ဓဘာသာ အစဉ်အလာ လေးခုစလုံးဖြင့် မဟာဘွဲ့အတွက် ဆက်လက်လေ့လာဆည်းပူးခဲ့သည်။ သို့သော် သူ၏အဓိကဆရာများမှာ ဒလိုင်းလားမား ဆရာတော်ကြီး၊ ဇန်ဟဗ်ဆခုန်ယင်းပိုချီနှင့် ဂဲရှိငါဝမ်ဒါဂယေတို့ ဖြစ်ပါသည်။ သူတို့၏ကြီးကြပ်မှုဖြင့် လေ့ကျင့်ရင်း ဂယ်လဂ် အစဉ်အလာ အဓိက တရားစခန်းများကို အောင်မြင်စွာ ဝင်ရောက်ကျင့်ကြံခဲ့ပါသည်။

သူသည် ဇန်ဟဗ်ဆခုန်ယင်းပိုချီ၏ အဓိကစကားပြန်အဖြစ် ကိုးနှစ်ကြာ ဆောင်ရွက်ကာ ဆရာတော်၏ပြည်ပခရီးများတွင် လိုက်ပါပြီး ကိုယ်တိုင်ဗုဒ္ဓဘာသာ ဆရာတစ်ယောက် ဖြစ်လာအောင် ဆရာတော်ကြီးကြပ်မှုအောက်တွင် လေ့ကျင့်ခဲ့ပါသည်။ သူသည် ဒလိုင်းလားမား ဆရာတော်ကြီးအတွက် စကားပြန်အဖြစ် မကြာခဏ ဆောင်ရွက်ကာ သူ့အတွက် နိုင်ငံတကာစီမံကိန်းများစွာကို စီစဉ်ပေးခဲ့သည်။ ထိုအထဲတွင် ချာနိုဘိုင်းဓာတ်ရောင်ခြည်သင့်မှု ဘေးအန္တရာယ်ဒဏ် ခံရသူများအား တိဘက်ရိုးရာဆေးပညာ အကူအညီ ပေးအပ်ခြင်း၊ မွန်ဂိုလီးယားတွင် ဗုဒ္ဓဘာသာပြန်လည်ထွန်းကားအောင် ကူညီရန် စကားပြောမွန်ဂိုလီးယားဘာသာဖြင့် အခြေခံ ဗုဒ္ဓဘာသာကျမ်းစာများ ပြင်ဆင်ခြင်းနှင့် အစ္စလာမ်နိုင်ငံများမှ တက္ကသိုလ်များတွင် ဗုဒ္ဓဘာသာ-အစ္စလာမ်ဘာသာ တွေ့ဆုံဆွေးနွေးမှုကို ဦးဆောင်ကျင်းပခြင်းတို့ ပါဝင်ပါသည်။

၁၉၈၀ ပြည့်နှစ်မှစတင်ကာ ဒေါက်တာဘာဇင်းသည် ကမ္ဘာတစ်ဝန်း ခရီးသွားလာပြီး နိုင်ငံပေါင်း ၇၀ ကျော်မှ တက္ကသိုလ်များနှင့် ဗုဒ္ဓဘာသာ စင်တာများတွင် ဗုဒ္ဓဘာသာအကြောင်း သင်ကြားပို့ချခဲ့သည်။ သူသည် ကွန်မြူနစ်နိုင်ငံ အများစု၊ လက်တင်အမေရိကတစ်ခွင်နှင့် အာဖရိကအစိတ်အပိုင်းအများစုတို့တွင် ဗုဒ္ဓဘာသာကို ပထမဆုံး သင်ကြားခဲ့သူတစ်ဦးဖြစ်သည်။ ထိုသို့ ခရီးသွားလာရာတွင် ဗုဒ္ဓဘာသာအကြောင်း တစ်သမတ်တည်း ရှင်းလင်းပြောကြားကာ နေ့စဉ်ဘဝတွင် လက်တွေ့အသုံးချပုံကို ပြသခဲ့ပါသည်။

စာရေးအားကောင်းသော စာရေးဆရာနှင့် ဘာသာပြန်ဆရာ ဖြစ်သော ဒေါက်တာဘာဇင်းသည် စာအုပ်စုစုပေါင်း ၁၇ အုပ်ထုတ်ဝေခဲ့ပြီး ဘာသာရေးဆရာတစ်ယောက်နှင့် ဆက်စပ်ခြင်း၊ ကာလချက္ကရာ နည်းလမ်းဖြင့် စတင်ကြိုးပမ်းခြင်း၊ ညီမျှသောအာရုံသိရှိမှု ထားရှိခြင်း စသည်တို့ ပါဝင်ကာ ဒလိုင်းလားမား ဆရာတော်ကြီးနှင့်အတူ ဂယ်လဂ်-ကာယု မဟာမုဒြာ အစဉ်အလာ ကို ရေးသားခဲ့ပါသည်။

၁၉၉၈ ခုနှစ်အကုန်တွင် ဒေါက်တာဘာဇင်းသည် အနောက်တိုင်းသို့ပြန်လာပြီး မထုတ်ဝေရသေးသော စာအုပ်၊ ဆောင်းပါးနှင့် သူပြင်ဆင်ပေးခဲ့သော ဘာသာပြန်ဆိုချက်များ၊ သူဘာသာပြန်ပေးခဲ့သော ဆရာတော်ကြီးများ၏ တရားများကို ပြန်လည်ရေးသားထားမှုများနှင့် ထိုဆရာတော်ကြီးများထံမှ သူရရှိခဲ့သည့် တရားတော်အားလုံး၏ မှတ်ချက်များ စသည့် စာမူ စာမျက်နှာ ၃၀၀၀၀ ခန့် ပါလာပါသည်။ ဤစာမူများကို အခြားသူများအကျိုးရှိမည်ဟု ယုံကြည်သည့်အတွက် မပျောက်ပျက်အောင် ဆုံးဖြတ်ချက်ချကာ “ဘာဇင်း မော်ကွန်းတိုက်” ဟု အမည်ပေးပြီး ဂျာမနီနိုင်ငံ၊ ဘာလင်မြို့တွင် အခြေချနေထိုင်ပါသည်။ ထိုအခါ ဒလိုင်းလားမား ဆရာတော်ကြီး၏ အားပေး တိုက်တွန်းမှုဖြင့် ဤသို့များပြားလှသော အကြောင်းအရာများကို တစ်ကမ္ဘာလုံးအတွက် ဘာသာစကား များနိုင်သမျှများများဖြင့် အင်တာနက်မှတစ်ဆင့် အခမဲ့ ရရှိအောင် ပြင်ဆင်ပါသည်။

ထို့ကြောင့် ဘာဇင်းမော်ကွန်းတိုက် ဝက်ဘ်ဆိုက်သည် ၂၀၀၁ ခုနှစ်၊ ဒီဇင်ဘာလတွင် အင်တာနက်ပေါ်သို့ ရောက်လာပါသည်။ ဒေါက်တာဘာဇင်း၏ ဆက်လက်သင်ကြားပို့ချမှုများကိုလည်း ဆက်လက်ထည့်သွင်းကာ ယခုအခါ (၂၀၁၅ ခုနှစ်တွင်) ဘာသာစကား ၂၁ မျိုးဖြင့် ရရှိနေပါပြီ။ ယင်းတို့အများစုမှာ အထူးသဖြင့် အစ္စလာမ်နိုင်ငံများမှ ဘာသာစကား ခြောက်မျိုးတွင် ဤနယ်ပယ်၌ ဦးဆောင်ဦးရွက် ဆောင်ရွက်ချက် ဖြစ်ပါသည်။ ဝက်ဘ်ဆိုက်၏ လက်ရှိဗားရှင်းမှာ (၂၀၂၁ ခုနှစ်တွင် ဘာသာစကား ၃၂ မျိုးဖြင့်) ဒေါက်တာဘာဇင်း၏ တစ်ဘဝတာ အားထုတ်ကြိုးပမ်းမှု နောက်တစ်ဆင့်အဖြစ် အစဉ်အလာ ဗုဒ္ဓဘာသာနှင့် ခေတ်သစ်ကမ္ဘာကို ပေါင်းကူးပေးခြင်း ဖြစ်ပါသည်။ ပေါင်းကူးမှုတွင် တရားတော်များကို လမ်းညွှန်ကာ ခေတ်သစ်ဘဝနှင့် ဆီလျော်မှုရှိပုံကို ပြသခြင်းအားဖြင့် သူ၏ရည်မှန်းချက်မှာ ယင်းတို့သည် ကမ္ဘာကြီးအတွက် စိတ်ခံစားချက်ညီမျှမှု ရရှိအောင် ကူညီရန် ဖြစ်ပါသည်။

Top