ကျွန်ုပ်၏ဘဝ

ဗုဒ္ဓဘာသာကို ပညာရပ်အဆင့် လေ့လာမှုနှင့် ဗုဒ္ဓဘာသာ တရားတော်များကို နေ့စဉ်ဘဝ၌ လက်တွေ့အကောင်အထည် ဖော်မှုသည် ခြားနားသောလောကနှစ်ခု ဖြစ်ပါသည်။ ဉာဏ်ပညာဖြင့် ဗုဒ္ဓဘာသာကို လေ့လာရုံဖြင့် သင့်ဘဝကို အမှန်တကယ် အကျိုးရှိစေမည် မဟုတ်ကြောင်း တစ်ခါတစ်ရံ ဆိုလေ့ရှိပါသည်။ ပညာရှင်တစ်ယောက်သာမက လက်တွေ့ကျင့်ကြံသူလည်း ဖြစ်သည့် ဒေါက်တာအလက်ဇင်းဒါးဘာဇင်းက ပညာရပ်နယ်ပယ်နှင့် ဘာသာရေးလောကတို့တွင် အခြေချခဲ့သည့် သူ၏အတွေ့အကြုံအကြောင်းကို ယခုလိုပြောပြထားပါသည်။

စပွတ်နစ် မျိုးဆက်

ကျွန်ုပ်ကို ၁၉၄၄ ခုနှစ်တွင် အမေရိကန်နိုင်ငံ၌ မွေးဖွားပါသည်။ မိသားစုက အတော်လေး သာမန်အဆင့် ဖြစ်ပါသည်။ ကျွန်ုပ်၏မိသားစုမှာ ငွေကြေးသိပ်မရှိသလို အလုပ်သမား လူတန်းစားသာ ဖြစ်ပါသည်။ ပညာရေးဘက်တွင်လည်း သိပ်မပေါက်မြောက်ကြပါ။ သို့သော် ကျွန်ုပ်သည် ငယ်စဉ်ကတည်းကပင် အာရှနှင့်ဆိုင်သော အကြောင်းအရာများတွင် ပင်ကိုအရ သိသိသာသာ စိတ်ဝင်စားပါသည်။ မိသားစုကလည်း ယင်းကို မတိုက်တွန်းသလို မကန့်ကွက်ပါ။ ထိုကာလများတွင် အာရှနှင့်ပတ်သက်ပြီး သတင်းအချက်အလက် သိပ်မရရှိသည်မှာ မှန်ပါသည်။ ကျွန်ုပ်အသက် ၁၃ နှစ်သို့ရောက်သောအခါ သူငယ်ချင်းတစ်ယောက်နှင့်အတူ ယောဂ စတင်လေ့ကျင့်ပါသည်။ ဗုဒ္ဓဘာသာ၊ အိန္ဒိယ အတွေးအခေါ်၊ တရုတ် အတွေးအခေါ် စသည်တို့ကို ရတတ်သမျှ အားလုံးဖတ်ရှုခဲ့ပါသည်။

ကျွန်ုပ်သည် အမေရိက၌ “စပွတ်နစ် မျိုးဆက်” ဆိုသည့်မျိုးဆက်တွင် ပါဝင်ပါသည်။ စပွတ်နစ် အာကာသယာဉ် အာကာသထဲ ရောက်သွားချိန်၌ အမေရိကသည် ရုရှားနိုင်ငံ၏နောက်တွင် များစွာနောက်ကျကျန်ခဲ့သည့်အတွက် အလွန့်အလွန် ဝမ်းနည်းနေချိန်ဖြစ်ပါသည်။ ကျွန်ုပ်အပါအဝင် ကျောင်းရှိ ကလေးအားလုံးသည် ရုရှားကို အမီလိုက်နိုင်အောင် သိပ္ပံပညာကို လေ့လာရန် တိုက်တွန်းခံရပါသည်။ ထို့ကြောင့် အသက် ၁၆ နှစ်အရွယ်တွင် ရတ်ဂျာတက္ကသိုလ်ကို သွားပြီး ဓာတုဗေဒဘာသာရပ်ကို လေ့လာပါသည်။ ရတ်ဂျာတက္ကသိုလ်သည် ကျွန်ုပ်ကြီးပြင်းရာ နယူးဂျာဆီ ပြည်နယ်တွင် ရှိပါသည်။ ကယ်လ်မက် မွန်ဂို ဗုဒ္ဓဘာသာဆရာတော် ဂဲရှိဝမ်ယယ်သည် ကီလိုမီတာ ၅၀ ကွာဝေးသောနေရာတွင် နေထိုင်ပါသည်။ သို့သော် သူရှိနေသည်ကို ကျွန်ုပ်မသိခဲ့ပါ။

ကျွန်ုပ်၏ ပညာသင်ကြားမှု တစ်စိတ်တစ်ပိုင်းအဖြစ် အာရှဆိုင်ရာ ဘာသာရပ်ကို အပိုထပ်ယူပါသည်။ ဗုဒ္ဓဘာသာသည် လူ့ယဉ်ကျေးမှု တစ်ခုမှတစ်ခုသို့ ကူးပြောင်းပုံ၊ ယဉ်ကျေးမှုတစ်ခုချင်းစီက မတူညီစွာ နားလည်သဘောပေါက်ပုံတို့ အကြောင်း လေ့လာရပါသည်။ အသက် ၁၇ နှစ်သာ ရှိသေးသော်လည်း ထိုဘာသာရပ်ကို အလွန်သဘောကျပြီး “ဒီလိုမျိုး ဗုဒ္ဓဘာသာက လူ့ယဉ်ကျေးမှု တစ်ခုကနေတစ်ခုကို ကူးပြောင်းတဲ့ ဖြစ်စဉ်မျိုးကိုသင်ချင်နေတာ” ဟု ပြောခဲ့ပါသည်။ ထို့ပြင် ဤသည်မှာ ကျွန်ုပ်၏ လက်ကျန်ဘဝတွင် လမ်းလွဲခြင်း၊ ပြောင်းလဲခြင်း မရှိဘဲ လိုက်နာခဲ့သောပညာရပ်လည်း ဖြစ်ပါတော့သည်။

ပရင်စင်တန်တွင် ဓာတုဗေဒမှ တရုတ်ဘာသာ၊ အတွေးအခေါ်နှင့် ဒဿနိကဗေဒသို့ ကူးပြောင်းခြင်း

ပရင်စင်တန် တက္ကသိုလ်တွင် ဘာသာရပ်အသစ်တစ်ခုက အာရှဆိုင်ရာဘာသာရပ်ဌာနသို့ ကျောင်းသားများကို ယခင်ထက်ပိုပြီး စတင်ဆွဲဆောင်နေပါသည်။ ထိုစဉ်အခါက ကျောင်းသားအလွန် နည်းပါသည်။ ဗီယက်နမ်စစ်ပွဲ အစောပိုင်းကာလ ဖြစ်သလို အာရှဘာသာစကား တစ်ခုခုကိုသိနားလည်သော အမေရိကန်လူမျိုး မရှိသလောက် ဖြစ်ပါသည်။ တရုတ်ဘာသာကို လေ့လာခွင့်ရသည့်အတွက် ကျွန်ုပ်အလွန် ဝမ်းမြောက်ပါသည်။ လျှောက်ထားရာ ဝင်ခွင့်ရပါသည်။ ၁၈ နှစ်ရောက်သောအခါ ပရင်စင်တန်တွင် တရုတ်ဘာသာ စတင်လေ့လာပါသည်။ ဘွဲ့ကြိုကာလ နောက်ဆုံးနှစ်နှစ်ကို ထိုမှာပင် အပြီးသတ်အောင်မြင်ခဲ့ပါသည်။

ဗုဒ္ဓဘာသာ တရုတ်နိုင်ငံသို့ ရောက်ရှိလာသောအခါ ဗုဒ္ဓဘာသာအပေါ် နားလည်မှုကို တရုတ်ဒဿနများက မည်သို့လွှမ်းမိုးခဲ့ကြောင်း၊ နောက်ပိုင်းတွင် ဗုဒ္ဓဘာသာက တရုတ်ဒဿနများအပေါ် သက်ရောက်ပုံအကြောင်းတို့ကို ကျွန်ုပ်သည် အမြဲစိတ်ဝင်တစား ရှိခဲ့ပါသည်။ ထို့ကြောင့် တရုတ်အတွေးအခေါ်၊ ဒဿန၊ သမိုင်း၊ ဗုဒ္ဓဘာသာ စသည်တို့ကို လေ့လာပါသည်။ နွေရာသီတွင် အနီးကပ် ဘာသာစကား သင်တန်းကျောင်းများသို့ စေလွှတ်ခံရပါသည်။ တစ်နှစ်တွင် ဟားဗတ်၊ တစ်နှစ်တွင် စတန်းဖို့ဒ်ကို သွားရောက်ကာ ဂန္ထဝင်တရုတ်ဘာသာစကားကို စတင်လေ့လာသည်။ ထို့နောက် တိုင်ဝမ်တွင် နွေရာသီ၌ ဘွဲ့ရပါသည်။ ဘွဲ့လွန်ဘာသာရပ်များအတွက် ဟားဗတ်တက္ကသိုလ်တွင် လေ့လာပါသည်။ တရုတ်ဘာသာ သင်ကြားမှု တစ်စိတ်တစ်ပိုင်းအနေနှင့် ဂျပန်ဘာသာကို စတင်လေ့လာနေပြီ ဖြစ်ပါသည်။ အရှေ့ဖျားဒေသ ဘာသာစကား မဟာဘွဲ့ရရှိချိန်၌ တရုတ်ဘာသာ လေ့လာမှုများ အတော်ပင်ခရီးရောက်နေပြီ ဖြစ်ပါသည်။

တရုတ်ဘာသာ၊ သက္ကတဘာသာနှင့် တိဘက်ဘာသာတို့ကို နှိုင်းယှဉ်လေ့လာမှု ဘာသာရပ်

ဗုဒ္ဓဘာသာ ဖွံ့ဖြိုးတိုးတက်လာမှုအပေါ် လွှမ်းမိုးမှုများကို သိရှိအောင် တရုတ်နိုင်ငံဘက်အကြောင်း သိရှိထားသလို အိန္ဒိယနိုင်ငံဘက်ကိုပါ သိချင်လာပါသည်။ ထို့ကြောင့် သက္ကတဘာသာကို စတင်လေ့လာပါသည်။ သက္ကတဘာသာနှင့် အိန္ဒိယဘာသာရပ်များဌာနနှင့် အရှေ့ဖျားဒေသ ဘာသာစကားများဌာန စသည့် ဌာနနှစ်ခုမှ ပူးတွဲပါရဂူဘွဲ့ ရရှိခဲ့ပါသည်။ သက္ကတဘာသာနှင့် အိန္ဒိယဘာသာရပ်မှသည် တိဘက်ဘာသာကို သင်ရပြီး ဗုဒ္ဓဘာသာ၏ ဒဿနနှင့် သမိုင်းကြောင်းကို အလေးထားသင်ယူရပါသည်။

ပညာသင်ကြားရန် အလွန်ဆန္ဒရှိသည့်အတွက် ဒဿနိကဗေဒနှင့် စိတ်ပညာစသည့် အပိုဘာသာရပ်များကို သင်ယူပြီး ဤပညာရပ်အားလုံးမှတစ်ဆင့် သိပ္ပံပညာအပေါ် စိတ်ဝင်စားမှုမြှင့်တင်ခဲ့ပါသည်။ ဤနည်းဖြင့် ပညာသင်မှုပြီးဆုံးကာ ဘာသာပြန်ဆိုချက်များကို နှိုင်းယှဉ်ပြီး အထွေထွေ ဗုဒ္ဓဘာသာဆိုင်ရာ နည်းစနစ်များကို လေ့လာခဲ့ပါသည်။ သက္ကတဘာသာဖြင့် ဗုဒ္ဓဘာသာကျမ်းစာများကို လေ့လာပြီးနောက် တရုတ်နှင့် တိဘက်ဘာသာသို့ မည်ကဲ့သို့ ပြန်ဆိုထားသည်ကို လေ့လာပါသည်။ ထို့အတူ စိတ်ကူးစိတ်သန်းများ ဖွံ့ဖြိုးတိုးတက်လာမှု သမိုင်းကြောင်းနှင့် ယင်းသည် ယေဘုယျ သမိုင်းကြောင်းနှင့် မည်သို့ဆက်စပ်မှုရှိသည်ကိုလည်း လေ့လာပါသည်။

ဟားဗတ်မှသည် သက်ရှိထင်ရှား အစဉ်အလာသို့

ဤကာလများတွင် ကျွန်ုပ်သည် ဗုဒ္ဓဘာသာနှင့် ဟိန္ဒူဘာသာ၊ တာအိုဘာသာနှင့် ကွန်ဖျူးရှပ်ဝါဒ စသည့် မတူညီသော ပုံစံအမျိုးမျိုးဆိုသည့် မိမိလေ့လာနေသော အာရှဒဿနများနှင့် ဘာသာတရားများ အားလုံး၏ ပုံစံအတိုင်း တွေးခေါ်ပါက မည်သို့ရှိမည်ကို အမြဲစိတ်ဝင်စားပါသည်။ သို့သော် သက်ရှိထင်ရှား အစဉ်အလာနှင့် ထိတွေ့ခွင့် အမှန်တကယ် မရရှိခဲ့ပါ။ ရှေးခေတ်အီဂျစ်ဘာသာတရားများကို လေ့လာနေသလို ဖြစ်နေပါသည်။ သို့သော် ကျွန်ုပ်၏ဝါသနာက အလွန်ပြင်းပြပါသည်။

၁၉၆၇ ခုနှစ်တွင် တိဘက်ဘာသာကို စတင်လေ့လာသောအခါ ရောဘတ်သာမန်းက ဟားဗတ်သို့ ရောက်လာပြီး ကျွန်ုပ်တို့သည် အတန်းဖော်များ ဖြစ်သွားပါသည်။ သာမန်းသည် ဂဲရှိဝမ်ယယ်၏ အနီးကပ်တပည့်တစ်ဦး ဖြစ်သလို သူနှင့်အတူ နှစ်ပေါင်းများစွာ နေထိုင်လျှက် ရှိပါသည်။ သူသည် တစ်နှစ်ခန့် ဘုန်းကြီးဝတ်ခဲ့ပြီး အိန္ဒိယသို့သွားကာ ဓမ္မသာလာတွင် ပညာသင်ယူပါသည်။ သူသည် ဂဲရှိဝမ်ယယ်အကြောင်း၊ တိဘက်လူမျိုးများနှင့် ဒလိုင်းလားမား ဆရာတော်ကြီးတို့ ရှိသော ဓမ္မသာလာ၌ ပညာသင်ကြားနိုင်ပုံတို့အကြောင်းကို ပြောပြခဲ့သူတစ်ဦး ဖြစ်ပါသည်။ ကျွန်ုပ်သည် အားလပ်ရက်တွင် အိမ်ပြန်သောအခါတိုင်း ဂဲရှိဝမ်ယယ်ရှိရာ နယူးဂျာဆီပြည်နယ်မှ သူ၏ကျောင်းတိုက်သို့ စတင်သွားရောက်ကာ ဗုဒ္ဓဘာသာသည် သက်ရှိထင်ရှား အစဉ်အလာတစ်ခုအနေနှင့် မည်သို့ရှိမည်ကို စတင်နားလည်လာပါသည်။ ဂဲရှိဝမ်ယယ်ထံသို့ ခဏခဏ သွားခဲ့သော်လည်း သူနှင့်အတူ နေထိုင်ပြီးလေ့လာသင်ယူခွင့် တစ်ခါမှမရခဲ့ပါ။ မည်သို့ဆိုစေ အိန္ဒိယကိုသွားပြီး ပညာဆက်လက်သင်ယူရန် သူကအမှန်ပင် တွန်းအားပေးခဲ့ပါသည်။ ထို့ကြောင့် တိဘက်လူမျိုးများနှင့်အတူ အိန္ဒိယနိုင်ငံ၌ သုတေသနစာတမ်းရေးသားနိုင်အောင် ဖူးလ်ဘရိုက် ပညာသင်ဆုလျှောက်ထားခဲ့ပါသည်။

ကျွန်ုပ်အသက် ၂၄ နှစ်၊ ၁၉၆၉ ခုနှစ်တွင် အိန္ဒိယနိုင်ငံသို့ ရောက်ရှိပြီး ဒလိုင်းလားမား ဆရာတော်ကြီးနှင့် ဆုံတွေ့ကာ တိဘက်လူမှုအသိုင်းအဝိုင်းထဲတွင် လုံးဝနစ်မြုပ်သွားပါသည်။ ထိုအချိန်အထိ မိမိဘဝတစ်ခုလုံးသည် ကုန်ပစ္စည်း ထုတ်လုပ်သော ပတ်လမ်းကဲ့သို့ ရှိနေသည်ဟု ခံစားရပါသည်။ နယူးဂျာဆီမှ သာမန်မိသားစု၊ ထိုမှသည် ပရင်စင်တန်နှင့် ဟားဗတ်တွင် အပြည့်အဝ ပညာသင်ဆုဖြင့် လေ့လာသင်ကြားပြီး ယခုအခါ ဒလိုင်းလားမားနှင့် သူ့အနီးမှ တိဘက် ဆရာတော်ကြီးများထံသို့ ရောက်ရှိလာပါည်။ တိဘက်ဗုဒ္ဓဘာသာအကြောင်း ကျွန်ုပ်လေ့လာထားသမျှသည် အလွန် အသက်ဝင်ပြီး အရာအားလုံးက ဗုဒ္ဓဘာသာ တရားတော်များတွင် မည်သို့အဓိပ္ပာယ် ရှိသည်ကို အမှန်တကယ် သိရှိသူများအကြားသို့ ရောက်လာပါသည်။ ယင်းတို့ကို လေ့လာသင်ယူရန် ဤနေရာသည် အဖိုးတန်အခွင့်အရေး ဖြစ်လာပါသည်။

ဒါလဟိုစီတွင် တိဘက်ဘာသာဖြင့် ပြောဆိုနိုင်အောင် သင်ယူခြင်း

အိန္ဒိယသို့သွားသောအခါ တိဘက်ဘာသာစကား မပြောတတ်ပါ။ ဟားဗတ်ရှိ ကျွန်ုပ်၏ ပါမောက္ခဖြစ်သူ ပါမောက္ခ နာဂါတိုမီက ထိုဘာသာစကားကို မည်သို့အသံထွက်ရမည်ကိုပင် အမှန်တကယ် မသိရှိသူဖြစ်ပါသည်။ သူသည်ဂျပန်လူမျိုးဖြစ်ပြီး ကျွန်ုပ်တို့သည် တိဘက်ဘာသာကို ဂျပန်သဒ္ဒါဖြင့် လေ့လာပါသည်။ အကြောင်းမှာ ထိုအချိန်က တိဘက်ဘာသာသဒ္ဒါကို လက်တင်ဘာသာနှင့် မဟုတ်ဘဲ ရှင်းပြထားသည့် ဖတ်စာအုပ်မှာ ထိုတစ်မျိုးတည်းသာ ရှိသောကြောင့် ဖြစ်ပါသည်။ လက်တင်ဘာသာနှင့် တိဘက်ဘာသာတို့မှာ လုံးဝမတူညီသော်လည်း ဂျပန်သဒ္ဒါသည် တိဘက်ဘာသာနှင့် အတော်လေး နီးစပ်မှုရှိပါသည်။

စကားပြောကို လေ့လာရသော်လည်း ဖတ်စာအုပ် သို့မဟုတ် အထောက်အကူပြုစာအုပ်များ လုံးဝမရှိပါ။ ဂဲရှိဝမ်ယယ်နှင့် ဆက်စပ်၍ ကျွန်ုပ်သည် ပြန်လည်ဝင်စားသူ (လူဝင်စားဖြစ်သော လားမား) နှစ်ဦးဖြစ်သည့် ရှာပနှင့် ခမ်လုန် ယင်းပိုချီတို့နှင့် ချိတ်ဆက်မိပါသည်။ သူတို့က ကျောင်းတိုက်တွင် နှစ်အနည်းငယ် နေထိုင်သွားပြီး အင်္ဂလိပ်လို ကောင်းကောင်းတတ်ပါသည်။ သူတို့သည် တိဘက်ဒုက္ခသည်များစွာ အခြေချသော ဒါလဟိုစီတွင် နေထိုင်ပါသည်။ သူတို့က တိဘက်ဘုန်းတော်ကြီး ဆိုနမ်နော်ဘူနှင့်အတူ တောင်စောင်းပေါ်က အိမ်ကလေးတစ်လုံးတွင် နေထိုင်ရန် ကျွန်ုပ်အား ကြင်နာစွာ စီစဉ်ပေးပါသည်။ သူကအင်္ဂလိပ်လို မသိပါ။ ကျွန်ုပ်က တိဘက်လို မပြောတတ်ပါ။ သို့သော် အတူနေရင်း တစ်နည်းနည်းဖြင့် ဆက်သွယ်ရပါသည်။ ဤနေရာတွင် ကျွန်ုပ်၏ ဗုဒ္ဓဘာသာဆိုင်ရာနှင့် အခြားသော သင်ကြားမှုများ ဝင်လာပါသည်။ ကျွန်ုပ်သည် ဘော်နီယို သို့မဟုတ် အာဖရိကမှ နောက်ထပ် ဘာသာစကားတစ်ခုကို ကြိုးစားလေ့လာနေသော ရှေးဟောင်းသုတေသန ပညာရှင်လို ခံစားရပါသည်။

ကျွန်ုပ်လေ့လာခဲ့သည့် အာရှဘာသာစကား အားလုံးက တိဘက်ဘာသာစကားမှ အသံများကို သိနားလည်ပြီး တိုးတက်လာအောင် အလွန်အထောက်အကူ ပြုခဲ့ပါသည်။ ဆိုနမ်နှင့် ဆက်သွယ်ချင်သောအခါ (ကျွန်ုပ်သည် တိဘက်စာ ရေးတတ်သဖြင့်) တစ်ခုခုကို ချရေးပြီး ထိုအတွက်အသံထွက်ကို သူက ပြောပြပါသည်။ ဤနည်းဖြင့် အတူအလုပ်လုပ်ကြ ပါသည်။ အခြားတစ်ဦးနှင့်လည်း ဘာသာစကား သင်ခန်းစာများ သင်ယူပါသေးသည်။ နောက်ဆုံးတွင် ငယ်ရွယ်သော ယင်းပိုချီ နှစ်ပါးက သူတို့၏ဆရာတော်ဖြစ်သော ဂဲရှိ ငါဝမ် ဒါဂယေထံတွင် သင်ယူလေ့လာဖို့ အကြံပြုပါသည်။

လမ်-ရင်းတရားကို နွားတင်းကုပ်တစ်ခုတွင် လေ့လာခြင်း

ကျွန်ုပ်သည် သုတေသနစာတမ်းရေးရန် အိန္ဒိယသို့ လာခဲ့ပါသည်။ အလွန်ကျယ်ပြန့်သည့် တန္တရအကြောင်းရပ်ဖြစ်သော ဂူယသမဇကို သုတေသနပြုလုပ်ရန် စီစဉ်ထားသော်လည်း ဒလိုင်းလားမား ဆရာတော်ကြီး၏ ဆရာတော်တစ်ပါးဖြစ်သော ဆခုန်ယင်းပိုချီထံတွင် အကြံဉာဏ် သွားတောင်းသောအခါသူက ယင်းအကြောင်းမှာ လုံးဝမသင့်တော်ကြောင်း၊ ကျွန်ုပ်သည် ထိုအတွက် လုံးဝအသင့် မဖြစ်သေးကြောင်း အခိုင်အမာ မိန့်ကြားပါသည်။ ဆရာတော်ကြီး၏ အငယ်တန်း ကျူတာဖြစ်သော ထရီကျန် ယင်းပိုချီက ကျွန်ုပ်သည် အဆင့်လိုက် လမ်းကြောင်းဖြစ်သော လမ်-ရင်းတရားတော်ကို ဦးစွာလေ့လာသင့်သည်ဟု အကြံပေးသည်။ ထိုအချိန်က ယင်းအကြောင်းအရာကို ဘာသာပြန်ထားခြင်း တစ်ခုမှမရှိပါ။ ကျွန်ုပ်အတွက် လုံးဝအသစ်ဖြစ်ပါသည်။ ထိုခေတ်က တိဘက် ဗုဒ္ဓဘာသာအကြောင်း ရရှိသည့်စာအုပ်များမှာ အလက်ဇင်းဒြား ဒေးဗစ်နီးလ်၊ အီဗန်ဝန့်ဇ်၊ လားမား ဂိုဗင်ဒါနှင့် အခြားတစ်ယောက်နှစ်ယောက်တို့လောက်သာ ရေးသားထားပါသည်။ ဂဲရှိ ငါဝမ် ဒါဂယေထံမှ လမ်-ရင်းကို နှုတ်ဖြင့်သင်ကြားလေ့လာပြီး ထိုအကြောင်းအရာဖြင့် ကျွန်ုပ်၏ စာတမ်းကို အခြေခံခဲ့ပါသည်။

ကျွန်ုပ်သည် ဒါလဟိုစီတွင် အလွန်ရှေးဆန်စွာ နေထိုင်ခဲ့ပါသည်။ အိမ်မှာ ရေမရှိ၊ အိမ်သာမရှိပါ။ ဂဲရှိ ဒါဂယေသည် ပို၍ပင် ရှေးဆန်စွာ နေထိုင်ပါသည်။ သူ့အိမ်ရှေ့တွင် သူမရောက်ခင်က နွားတစ်ကောင်ထားလေ့ရှိသော တဲတစ်ခုရှိပါသည်။ သူ့အိပ်ရာတစ်ခုစာသာ နေရာရှိပြီး အိပ်ရာရှေ့တွင် သူ၏တပည့် ယင်းပိုချီသာဝကသုံးပါးနှင့် ကျွန်ုပ်က သူစာသင်နေစဉ် မြေပြင်ပေါ်မှာ ထိုင်ပါသည်။ ကျာဒို ယင်းပိုချီသည် ရှာပနှင့် ခမ်လုန် ယင်းပိုချီနှင့် ကျွန်ုပ်တို့ထံ ရောက်လာပါသည်။ နောက်ပိုင်းတွင် သူသည် ဒလိုင်းလားမား ဆရာတော်ကြီး၏ နမ်ယယ် ကျောင်းတိုက်တွင် တိုက်အုပ်ဘုန်းကြီး ဖြစ်သွားပါသည်။ ကျွန်ုပ်တို့ ပညာသင်ခဲ့ရာ ဤနွားတင်းကုပ်တွင် ယင်ကောင်နှင့် အခြားအင်းဆက်ပိုးမွှားများ ပြည့်နေပါသည်။

ကိစ္စရပ်အသစ်များ စတင်ဖြစ်ပေါ်နေသည့်အတွက် ဤကာလသည် အလွန်စိတ်လှုပ်ရှားဖွယ် ကောင်းပါသည်။ ဒလိုင်းလားမား ဆရာတော်ကြီးက ကျွန်ုပ်တို့ကြိုးစားသင်ယူနေမှုတွင် စိတ်ပါဝင်စားပြီး သူ့အတွက် ဘာသာပြန်ပေးရန် ခပ်ပါးပါး ကျမ်းစာများ ပေးပါသည်။ ဆရာတော်ကြီးက တိဘက်ဘာသာ စာပေနှင့် မော်ကွန်းတိုက်များ စာကြည့်တိုက်ကို ဓမ္မသာလာတွင် တည်ဆောက်သောအခါ ဂဲရှိဒါဂယေအား ထိုနေရာတွင် အနောက်တိုင်းသားများ၊ ရှာပနှင့် ခမ်လုန် ယင်းပိုချီတို့အတွက် ဆရာလုပ်ခိုင်းပါသည်။ သူတို့မှာ ကျွန်ုပ်အား ဘာသာပြန်ပေးသူများအဖြစ် ကူညီခဲ့ပါသည်။ ဆရာတော်ကြီးအား ကျွန်ုပ်က အထောက်အကူ ပြုနိုင်မည်လားဟု လျှောက်ထားသောအခါ “ရတာပေါ့။ ဒါပေမယ့် အမေရိကန်ကိုပြန်ပြီး သုတေသနစာတမ်း အပ်ပြီး၊ ဘွဲ့ယူပြီးမှ ပြန်လာခဲ့ပါ” ဟု မိန့်ပါသည်။

ဘာသာပြန်သူဖြစ်လာပြီး တိဘက်လူမှု အသိုင်းအဝိုင်းနှင့် အံဝင်ခွင်ကျဖြစ်လာခြင်း

ထိုကဲ့သို့ အိန္ဒိယနိုင်ငံရှိ အစောပိုင်းကာလအတွင်း တိဘက်လူမှုအသိုင်းအဝိုင်းနှင့် လိုက်ဖက်ညီအောင် ကြိုးစားခဲ့ပါသည်။ သူတို့က ဆက်စပ်နိုင်မည့် အစဉ်အလာ အခန်းကဏ္ဍကို ရယူကာ ဘာသာပြန်သူ ဖြစ်လာပါသည်။ ကိုယ်တိုင် ဗုဒ္ဓဘာသာကျင့်ကြံမှု စတင်ရန် အလွန်စိတ်ဝင်စားသောကြောင့် ၁၉၇၀ ပြည့်နှစ်အစောပိုင်းတွင် တရားဝင် ဗုဒ္ဓဘာသာခံယူပြီး တရားရှုမှတ် ကျင့်ကြံမှု စတင်ပါသည်။ ထိုစဉ်ကစပြီး နေ့စဉ်ရက်ဆက်တရားရှုမှတ်ခဲ့ပါသည်။

ဘာသာပြန်သူဆိုသည်မှာ ဘာသာစကားစွမ်းရည်သာမက ဗုဒ္ဓဘာသာကို အလွန်နက်နက်နဲနဲ နားလည်ဖို့လည်း လိုပါသည်။ ဆိုလိုသည်မှာ တရားရှုမှတ်မှုနှင့် တရားတော်များကို လက်တွေ့ဘဝတွင် ကျင့်ကြံမှုဖြစ်ပါသည်။ တရားရှုမှတ်ရာ၌ စိတ်အခြေအနေ အမျိုးမျိုး သို့မဟုတ် အတွေ့အကြုံ အမျိုးမျိုးကို ဆွေးနွေးထားသည့် ပညာရပ်ဆိုင်ရာ ဝေါဟာရများကို သင်ကိုယ်တိုင် အမှန်တကယ် မကြုံတွေ့ဖူးဘဲ ဘာသာပြန်၍ မရပါ။ ဘာသာပြန်သော ဝေါဟာရများကို သာသနာပြု အဖွဲ့များက အဓိကအားဖြင့် ရွေးချယ်ထားပါသည်။ သူတို့သည် သမ္မာကျမ်းစာကို တိဘက်ဘာသာသို့ ပြန်ဆိုရန် မူလကစိတ်ဝင်စားခဲ့ပြီး ဗုဒ္ဓဘာသာမှ စကားလုံးများ၏ တကယ့်အဓိပ္ပာယ်နှင့် ပတ်သက်၍ အနည်းငယ်မျှသာ ဆောင်ရွက်ခဲ့ပါသည်။ ထို့ကြောင့် ထိုအစောပိုင်းကာလကတည်းကပင် ကျွန်ုပ်သည် ဗုဒ္ဓဘာသာ ကျင့်ကြံမှုကို ကျွန်ုပ်၏ ဗုဒ္ဓဘာသာဆိုင်ရာ သင်ကြားမှုနှင့် ပေါင်းစပ်ခဲ့ပါသည်။

ကျွန်ုပ်သည် ဟားဗတ်သို့ ၁၉၇၁ ခုနှစ်တွင် ပြန်သွားပြီး လအနည်းငယ် အကြာ၌ သုတေသနစာတမ်းကို တင်ပါသည်။ ၁၉၇၂ ခုနှစ်၊ နွေဦးရာသီတွင် ပါရဂူဘွဲ့ရပါသည်။ ကျွန်ုပ်သည် တက္ကသိုလ် ပါမောက္ခဖြစ်ရန် အမြဲရည်သန်လေ့ ရှိသည့်အတွက် ကျွန်ုပ်၏ပါမောက္ခက အခြားနာမည်ကျော် တက္ကသိုလ် တစ်ခုတွင် အလွန်ကောင်းသော သင်ကြားရေးရာထူး စီစဉ်ပေးပါသည်။ သို့သော် ကျွန်ုပ်က လက်မခံခဲ့ပါ။ လက်ကျန်ဘဝကို ဗုဒ္ဓဘာသာက ဘာဆိုလိုသည်ကို မှန်းဆနေသူများနှင့် မကုန်ဆုံးလိုပါ။ ဘာဆိုလိုသည်ကို အတိအကျ သိသူများနှင့်သာ အတူရှိချင်ပါသည်။ စစ်မှန်သော အစဉ်အလာမှနေ၍ လေ့လာသင်ယူလိုပါသည်။ တစ်ချိန်တည်းမှာပင် ကျွန်ုပ်၏ ဗုဒ္ဓဘာသာ သင်ကြားမှုမှ ဘက်မလိုက်သော ရှုထောင့်ကို ထိန်းသိမ်းလိုပါသည်။ ကျွန်ုပ်၏ပါမောက္ခက ကျွန်ုပ်ရူးနေသည်ဟုထင်သော်လည်း ဘာပဲဖြစ်ဖြစ် အိန္ဒိယကို ပြန်သွားခဲ့ပါသည်။ ထိုအရပ်တွင် နေရသည်မှာ အလွန်အကုန်အကျ သက်သာသောကြောင့် နေထိုင်ရန်ဖြစ်နိုင်ပါသည်။

အိန္ဒိယနိုင်ငံတွင် ကျွန်ုပ်၏ဘဝသစ်

ဓမ္မသာလာသို့ ပြောင်းရွှေ့ကာ ဂဲရှိငါဝမ်ဒါဂယေ၊ ရှာပနှင့် ခမ်လုန် ယင်းပိုချီတို့နှင့်အတူ စတင် လုပ်ကိုင်ဆောင်ရွက် ပါသည်။ သူတို့သည် စာကြည့်တိုက်တွင် အလုပ်လုပ်နှင့်နေပြီ ဖြစ်ပါသည်။ ဒါလဟိုစီမှ တဲအိမ်ထက် ပို၍ပင် သေးငယ်သောတဲထဲတွင် ကျွန်ုပ်နေထိုင်ပါသည်။ ရေမရှိသလို ရေအိမ်လည်း မရှိပါ။ တစ်ခုတည်းသော ပြတင်းပေါက်တွင် မှန်ပင်မတပ်ထားပါ။ ယခင်ကအတူရှိဖူးသော တိဘက်ဘုန်းကြီး ဆိုနမ်နော်ဘူလည်း ကျွန်ုပ်နှင့်အတူ လာရောက် နေထိုင်ပါသည်။ အိန္ဒိယနိုင်ငံတွင် ထိုသို့အလွန်ရိုးရှင်းသော တဲအိမ်ကို မိမိအိမ်ကဲ့သို့ ၂၉ နှစ်တာ နေထိုင်ခဲ့ပါသည်။

ထိုကာလတွင် ဆရာတော်ကြီးအတွက် စာကြည့်တိုက်တွင် ဘာသာပြန်ဗျူရိုကို ကူညီတည်ထောင်ပြီး ဆက်လက် ဆည်းပူးလေ့လာခဲ့ပါသည်။ ကျွန်ုပ်၏ ဗုဒ္ဓဘာသာဆိုင်ရာ နောက်ခံကြောင့် ဗုဒ္ဓဘာသာ တရားတော်များကို အမှန်တကယ် ဆက်လက်လေ့လာရန် နည်းစနစ်များ ရရှိလာသည်ကို တွေ့ရပါသည်။ ကျမ်းစာအမျိုးမျိုး၏ သမိုင်းကြောင်းနှင့် အမည်များကို သိရှိပြီး စစ်မှန်သော အကြောင်းရပ်ကို သင်ကြားပေးသူများလည်း ရရှိခဲ့ပါသည်။ ထို့ကြောင့် အရာရာ အတော်လေး လွယ်ကူအောင် ဆောင်ရွက်နိုင်ပါသည်။ ကျွန်ုပ်သည် မူလက ဂယ်လုပ အစဉ်အလာကိုသာ လေ့လာသော်လည်း ဒလိုင်းလားမားဆရာတော်ကြီးက တိဘက်အစဉ်အလာ လေးခုစလုံးကိုလေ့လာရန် တိုက်တွန်းသည်။ သို့မှသာ တိဘက်ဗုဒ္ဓဘာသာကို ပြည့်စုံစွာသိမြင်လာနိုင်ပါမည်။ ထိုကာလက တိဘက် ဗုဒ္ဓဘာသာ တရားတော်များတွင် ဘာတွေပါဝင်သည်ကိုပင် အပြည့်အဝ မသိသူများ ရှိသည့်အတွက် အလွန်စိတ်လှုပ်ရှားဖွယ်ကာလ ဖြစ်ခဲ့ပါသည်။

ဆခုန်ယင်းပိုချီနှင့်အတူ မှတ်ဉာဏ်စွမ်းရည်နှင့် နှိမ့်ချမှုရှိရေး လေ့ကျင့်ခြင်း

၁၉၇၄ ခုနှစ်တွင် ကျွန်ုပ်သည် ဒလိုင်းလားမား ဆရာတော်ကြီး၏ ဆရာတစ်ဆူဖြစ်သော ဆခုန်ယင်းပိုချီထံတွင် စတင်သင်ယူလေ့လာပါသည်။ သူ့ကို ၁၉၆၉ ခုနှစ်က ပထမဆုံးအကြိမ် ခဏတာ ဆုံတွေ့ဖူးပါသည်။ ဓမ္မသာလာတွင် စတင်ဆုံတွေချိန်မှစကာ ကျွန်ုပ်သည် သူ့အတွက်၊ နောက်ပိုင်းတွင် ဒလိုင်းလားမား ဆရာတော်ကြီးအတွက် ဘာသာပြန်သူဖြစ်ရန် ကံအကြောင်း ဆက်စပ်သည်ဟု သူကမြင်ထားပါသည်။ ထို့ကြောင့် ဤအတွက်သူက သင်ကြားပေးပါသည်။ ကျွန်ုပ်သည် စာအုပ်များ ဘာသာပြန်နေပြီ ဖြစ်သော်လည်း ဤသင်ကြားမှုမှာ နှုတ်ဖြင့် ဘာသာပြန်ခြင်းနှင့် စာသင်ကြားခြင်း ဖြစ်ပါသည်။ သူ့အနီးတွင်ထိုင်စေပြီး လူအမျိုးမျိုးနှင့် သူဆက်ဆံပုံကို လေ့လာခိုင်းသည်။ ကျွန်ုပ်၏ မှတ်ဉာဏ်ကိုလည်း သူကလေ့ကျင့်ပေးသည်။ သူနှင့်ရှိသော အချိန်တစ်ခုခုတွင် သူကရုတ်တရက် ရပ်တန့်ပြီး “ခုနပြောလိုက်တာကို ပြန်ပြောစမ်းပါဦး” သို့မဟုတ် “ခင်ဗျား ပြောခဲ့တာကို တစ်လုံးချင်း ပြန်ပြောပါ” ဟု ဆိုတတ်ပါသည်။

နောက်တစ်နှစ်တွင် အခြားသော အနောက်တိုင်းသားများကို သူစာသင်သောအခါ သူ့အတွက် ကျွန်ုပ်က စတင်ဘာသာပြန်ပေးပါသည်။ ကာလချက္ကရာမှအပ ကျွန်ုပ်အတွက် သီးသန့် မသင်ပေးသော်လည်း အခြားတစ်ယောက်အတွက် ဘာသာပြန်ပေးရင်း အမြဲတမ်း သင်ယူခြင်း ဖြစ်ပါသည်။ ကာလချက္ကရာကို သူကသီးသန့် သင်ပေးပါသည်။ ကျွန်ုပ်မှာ နက်ရှိုင်းသော အဆက်အစပ်ရှိသည်ဟု သူကမြင်ပါသည်။ တရားတော်တစ်ခုခု သင်နေစဉ် မှတ်စုရေးခွင့် လုံးဝမရှိပါ။ သို့သော် အားလုံးကို မှတ်သားပြီး နောက်မှပြန်ရေးချပါသည်။ အတန်ငယ် ကြာသောအခါ သင်ခန်းစာပြီးသည့်အချိန်တွင် မှတ်စုများ ချရေးစေပါသည်။ အခြားဆောင်ရွက်စရာများလည်း သူကပေးပါသည်။ ထိုအခါ ညဉ့်နက်မှသာ အားလုံးကို စာဖြင့် ချရေးနိုင်ပါတော့သည်။

ဂဲရှိဝမ်ယယ်က သူ့အနီးကပ် တပည့်များကို ပြုမူသလိုပင် ဆခုန်ယင်းပိုချီသည် ကျွန်ုပ်အား အမြဲဆူပူပါသည်။ တစ်ခါက သူ့အတွက် ဘာသာပြန်ပေးနေစဉ် စောစောကပြောခဲ့သော စကားလုံး တစ်လုံး နားမလည်သည်ကို သူ့အား မေးမိပါသည်။ သူက မျက်မှောင်ကြုတ်ပြီး ကြည့်ကာ “လွန်ခဲ့တဲ့ ခုနစ်နှစ်က အဲဒီစကားလုံးကို ရှင်းပြဖူးတယ်လေကွယ်။ ဘာလို့ မမှတ်မိတာလဲ။ သတိရပြီလား။” ဟုပြောလေသည်။

ကျွန်ုပ်အတွက် ပေးထားသော သူအနှစ်သက်ဆုံး နာမည်မှာ “ငတုံး” ဖြစ်ပြီး အထူးသဖြင့် အခြားသူများရှေ့တွင် ငတုံးတစ်ယောက်လို ပြုမူသောအခါတိုင်း သူကထိုသို့ မပျက်မကွက် ထောက်ပြပါသည်။ ဤသည်မှာ အလွန်ကောင်းသော သင်ကြားမှု ဖြစ်ပါသည်။ တစ်ခါကဆိုလျှင် ဒလိုင်းလားမား ဆရာတော်ကြီးအတွက် ဘာသာပြန်ပေးသောအခါ ပရိသတ် ၁၀၀၀၀ ခန့် ရှိပါသည်။ ဆရာတော်ကြီးက ကျွန်ုပ်အား ခဏရပ်ခိုင်းပြီး ရယ်မောကာ “သူမှားသွားတယ်” ဟု ပြောပါသည်။ ငတုံးဟု အမြဲတမ်း အခေါ်ခံရသည့် ကျွန်ုပ်၏သင်တန်းမှနေ၍ ကျွန်ုပ်သည် ဆက်လက်ဘာသာပြန်နိုင်ခဲ့သလို  ကော်ဇောအနောက်တွင်လည်း ပုန်းမနေခဲ့ပါ။ ဘာသာပြန်ခြင်းမှာ အထူးအာရုံစိုက်မှုနှင့် ထက်မြက်သော မှတ်ဉာဏ်တို့ ရှိရန် လိုအပ်ပါသည်။ ထို့ကြောင့် ဗုဒ္ဓဘာသာဆိုင်ရာ သင်ကြားမှုသာမက တိဘက်အစဉ်အလာ သင်ကြားမှုကိုလည်း ရရှိခဲ့သည်မှာ ကျွန်ုပ်အဖို့ အလွန်ကံကောင်းပါသည်။

ကျွန်ုပ်သည် ဆခုန်ယင်းပိုချီနှင့်အတူ ၉ နှစ်တာ အပြင်းအထန် လေ့ကျင့်သင်ကြားခဲ့ပါသည်။ သူ့အတွက် ဘာသာပြန်ပေးသည်။ သူ့အတွက် ပေးစာများ၊ ခရီးစဉ်များတွင် ကူညီသည်။ ထိုကာလများတွင် သူက “ကျေးဇူးတင်တယ်” ဟုနှစ်ကြိမ်သာ ပြောဖူးပါသည်။ ဘာကိုမျှော်လင့်ရမလဲဟု သူပြောလေ့ရှိသည့်အတိုင်း ထိုနှစ်ခွန်းမှာလည်း အလွန်အထောက်အကူ ဖြစ်ခဲ့ပါသည်။ ခေါင်းကိုလက်နှင့်ပုတ်ပြီး ခွေးတစ်ကောင်လို အမြီးလေး လှုပ်ရုံသာ ရှိသည်။ ဘာသာပြန်လိုစိတ် ရှိခြင်းမှာ အခြားသူများကို အကျိုးပြုရန် လိုပါသည်။ “ကျေးဇူးတင်တယ်” ဟု ချီးမွမ်းခံလိုခြင်း မဟုတ်ပါ။ ဗုဒ္ဓဘာသာ တရားရှုမှတ် ကျင့်ကြံမှုတိုင်းသည် ဒေါသမထွက်၊ လက်မလျှော့ဘဲ ဤသို့သော အစဉ်အလာ သင်ကြားမှုဖြစ်စဉ်ကို ကျော်ဖြတ်သွားရန် မဖြစ်မနေ အထူးအရေးကြီးသည်မှာ မှန်ပါသည်။

ယဉ်ကျေးမှုတစ်ခုနှင့်တစ်ခုအကြား ပေါင်းကူးပေးခြင်း

ဆခုန်ယင်းပိုချီသည် ၁၉၈၃ ခုနှစ်တွင် ကွယ်လွန်ပါသည်။ ထို့နောက်တွင် ကျွန်ုပ်သည် စာပေသင်ကြားပို့ချရန် ကမ္ဘာတစ်ဝန်းသို့ ခရီးသွားဖို့ စတင်ဖိတ်ခေါ်ခံရပါသည်။ အကြောင်းမှာ ထိုနေရာများသို့ ယင်းပိုချီ၏ ဘာသာပြန်အဖြစ် သွားရောက်ခဲ့ဖူးသောကြောင့် ဖြစ်ပါသည်။ ထိုကာလတွင် ကျွန်ုပ်သည် ဒလိုင်းလားမား ဆရာတော်ကြီးအတွက် တစ်ခါတစ်ရံ ဘာသာပြန်ပေးနေပါပြီ။ သို့သော် ဘာသာပြန်ခြင်းမှာ စကားလုံးသက်သက်မျှ မဟုတ်ဘဲ စိတ်ကူးစိတ်သန်းများကို ရှင်းလင်းဘာသာပြန်ပြရခြင်း ဖြစ်ပါသည်။ ဆရာတော်ကြီးက အနောက်တိုင်း စိတ်ပညာရှင်များ၊ သိပ္ပံပညာရှင်များ၊ ဘာသာရေး ခေါင်းဆောင်များနှင့် ထိုသို့အစောပိုင်း တွေ့ဆုံမှုများတွင် ကျွန်ုပ်၏တာဝန်မှာ သူတို့၏ စိတ်ကူးစိတ်သန်းများကို အခြေခံအားဖြင့် ရှင်းပြရပါသည်။ သူတို့ပြောသည့် စကားလုံးများ မဟုတ်ပါ (အကြောင်းမှာ စကားလုံးအများစုမှာ တိဘက်ဘာသာတွင် မရှိပါ)။ ထို့ပြင် ယဉ်ကျေးမှု ပေါင်းကူးပေးရပါသည်။ ဤသို့ ဗုဒ္ဓဘာသာ အနေနှင့် မတူညီသော ယဉ်ကျေးမှုများအကြား ပေါင်းကူးဆက်သွယ်ပေးပုံမှာ ကျွန်ုပ်အဖို့ ငယ်စဉ်ကတည်းက အမြဲ စိတ်ဝင်စားသောအရာ ဖြစ်ပါသည်။ ထိုသို့ပေါင်းကူးပေးရန်အတွက် ယဉ်ကျေးမှုနှစ်ခုစလုံးကို သိဖို့လိုသည်။ လူတို့ တွေးခေါ်ပုံနှင့် သူတို့ဘဝနေထိုင်ပုံကိုလည်း သိဖို့လိုသည်။ ထို့ကြောင့် ကျွန်ုပ်သည် တိဘက်လူမျိုးများနှင့် အချိန်ကြာမြင့်စွာ နေထိုင်ရသည့် ကြီးကျယ်ပြီးရှားပါးသော အခွင့်အရေး ရှိထားပါသည်။ သူတို့တွေးခေါ်ပုံ၊ သူတို့ နေထိုင်ပုံ စသည်တို့နှင့် နက်နဲစွာ ရင်းနှီးသိရှိနေပါသည်။ ဤသည်မှာ ဗုဒ္ဓဘာသာဖြန့်ဝေရာတွင် မဖြစ်မနေ အရေးပါလှပါသည်။

ဒလိုင်းလားမား ဆရာတော်ကြီးအတွက် နိုင်ငံတကာစီမံကိန်းအမျိုးမျိုးကိုလည်း ကျွန်ုပ်အား စတင်ဆောင်ရွက်စေပါသည်။ အဓိက အချက်တစ်ချက်မှာ ဆရာတော်ကြီးနှင့် တိဘက်လူမျိုးများအတွက် ကမ္ဘာကြီးကို ကြိုးစားလမ်းဖွင့်ပေးရန် ဖြစ်ပါသည်။ သူတို့မှာ နိုင်ငံကူးလက်မှတ် မရှိပါ။ ဒုက္ခသည် စာရွက်စာတမ်းများသာ ရှိသည့်အတွက် ဖိတ်ခေါ်မခံရပါက မည်သည့်နိုင်ငံကိုမျှ သွားဖို့ဗီဇာ မရနိုင်ကြပါ။ သို့သော် သူတို့မှာ အဆက်အသွယ် အနည်းငယ်သာ ရှိပါသည်။ ယခုအခါ ကျွန်ုပ်၏ ဟားဗတ် ပါရဂူဘွဲ့က အလွန်အသုံးဝင်ပါသည်။ အကြောင်းမှာ ကျွန်ုပ်ကို တက္ကသိုလ်များတွင် ဧည့်သည်အဖြစ် စာသင်ကြားပေးရန် တစ်ကမ္ဘာလုံးက ဖိတ်ခေါ်နိုင်ပါသည်။ ဤနည်းဖြင့် ကျွန်ုပ်တွင် အဆက်အသွယ် ရလာပြီး နောင်တွင် တိဘက်လူမျိုးများနှင့် နောက်ဆုံးတွင် ဆရာတော်ကြီးအား ပြည်ပသို့ ဖိတ်ခေါ်ခံရသည်အထိ ဖြစ်လာပါသည်။ ဆရာတော်ကြီး၏ ရုံးခန်းများလည်း ကမ္ဘာ့ဒေသအသီးသီးတွင် ဖွင့်လှစ်နိုင်လာပါသည်။ ၁၉၈၅ ခုနှစ်တွင် ကျွန်ုပ်သည် ယခင်ကွန်မြူနစ်နိုင်ငံအားလုံးကို စတင်သွားရောက်ပါသည်။ လက်တင်အမေရိက နိုင်ငံအားလုံးနီးပါးနှင့် အာဖရိက နိုင်ငံအများအပြား ပါဝင်ပါသည်။ ထို့နောက် ကျွန်ုပ်သည် ဗုဒ္ဓဘာသာနှင့် မွတ်စလင်ဘာသာဝင်များအကြား တွေ့ဆုံဆွေးနွေးရန် အရှေ့အလယ်ပိုင်းဒေသကို စတင်သွားရောက်ပါသည်။

ဤကာလများတွင် ကျွန်ုပ်သည် ဆရာတော်ကြီးအား အစီရင်ခံများရေးသားရန် အာရုံစိုက်ပါသည်။ သို့မှသာ သူက သွားရောက်သော နိုင်ငံတိုင်း၏ ယဉ်ကျေးမှုနှင့် သမိုင်းကို အနည်းငယ် နားလည်စေရန် ဖြစ်ပါသည်။ ထို့ပြင် ကျွန်ုပ်၏ဟားဗတ် နောက်ခံသမိုင်းကြောင်းဖြင့် ထိုနိုင်ငံများမှ ဘာသာရေးခေါင်းဆောင်မျိုးစုံနှင့် တွေ့ဆုံခွင့် ရရှိပြီး သူတို့ထံမှ သူတို့ဘာသာတရားအကြောင်း ပို၍လေ့လာနိုင်ပါသည်။ ထိုအခါ ဆရာတော်ကြီးက ထိုနိုင်ငံများကို သွားရောက်သောအခါ သူတို့ယုံကြည်မှုများကို သိရှိထားနိုင်မည် ဖြစ်ပါသည်။ ကျွန်ုပ်၏ ဗုဒ္ဓဘာသာဆိုင်ရာနှင့် သိပ္ပံနည်းကျ လေ့ကျင့်မှုအားလုံးကြောင့် ကျွန်ုပ်သည် အရေးကြီးတာကို မြင်လာပြီး၊ စုစည်းကာ အသုံးဝင်သောနည်းဖြင့် တင်ဆက်နိုင်ပါသည်။

ကျွန်ုပ်သည် စီမံကိန်းမြောက်မြားစွာတွင် ပါဝင်ခဲ့ပါသည်။ စိတ်ဝင်စားဖွယ် အကောင်းဆုံးတစ်ခုမှာ ချာနိုဘိုင်း ပေါက်ကွဲမှုကြောင့် ဒုက္ခရောက်သူများကို တိဘက်ရိုးရာဆေးပညာဖြင့် ကူညီသည့် စီမံကိန်းဖြစ်ပြီး ဆိုဗီယက် ယူနီယံ၏ ကျန်းမာရေးဝန်ကြီးဌာနက စီစဉ်ပေးပါသည်။ တိဘက်ရိုးရာဆေးပညာသည် အလွန်ထိရောက်သည်ဟု သက်သေပြထားသော်လည်း ဆိုဗီယက်ယူနီယံ ပြိုကွဲသောအခါ ရုရှား၊ ဘယ်လာရုစ်နှင့် ယူကရိန်းတို့က ထိုစီမံကိန်းတွင် ပူးပေါင်းပါဝင်ဖို့ ငြင်းဆိုပါသည်။ လုံးဝသီးခြားဖြစ်သည့် စီမံကိန်းသုံးခုအဖြစ် ခွဲထုတ်စေလိုပါသည်။ ယင်းမှာ ရုပ်ပိုင်းဆိုင်ရာနှင့် ငွေကြေးအရ မဖြစ်နိုင်တော့ပါ။ ထိုမှာတင် ထိုစီမံကိန်းသည် ဝမ်းနည်းဖွယ် အဆုံးသတ်သွားပါသည်။

နောက်ထပ် စိတ်လှုပ်ရှားဖွယ် စီမံကိန်းမှာ ဘကုလာ ယင်းပိုချီ၏ စာအုပ်များအား ခေတ်သစ် မွန်ဂိုလီးယားဘာသာသို့ ထိုဒေသတွင် ဗုဒ္ဓဘာသာ ပြန်လည်ထွန်းကားအောင် ကူညီရန် ဘာသာပြန်ဆို ထုတ်ဝေမှုကို စီစဉ်ပေးရခြင်း ဖြစ်ပါသည်။ ဘကုလာ ယင်းပိုချီသည် ထိုစဉ်က မွန်ဂိုလီးယားနိုင်ငံဆိုင်ရာ အိန္ဒိယသံအမတ်ကြီး ဖြစ်ပါသည်။

အနောက်တိုင်းသို့ ပြန်လာခြင်း

ခြုံ၍ဆိုရလျှင် ကျွန်ုပ်သည် ကမ္ဘာပေါ်ရှိ နိုင်ငံပေါင်း ၇၀ ကျော်ခန့်ကို သွားရောက် သင်ကြားပို့ချခဲ့ပါသည်။ ဤသို့သွားရောက်မှုတိုင်းတွင် နေ့စဉ် တရားရှုမှတ် ကျင့်ကြံမှုကို မပျက်ကွက်စေဘဲ ဤသည်မှာ ကျွန်ုပ်ကို ဆက်လက်ဆောင်ရွက်ဖို့ များစွာအထောက်အကူ ပြုခဲ့ပါသည်။ အချိန်ကြာလာသောအခါ ကျွန်ုပ်သည် နောက်ထပ်နေရာများစွာတွင် သင်ကြားပို့ချရန် ဆက်လက်ဖိတ်ခေါ်ခံရပါသည်။ သင်ကြားရေး ခရီးစဉ်များက ပိုပြီးကြာမြင့်လာပါသည်။ အကြာဆုံးခရီးတစ်ခုမှာ ၁၅ လ ဖြစ်ပါသည်။ အပတ်စဉ် မြို့နှစ်မြို့၊ သုံးမြို့ကို သွားကာ အမြဲခရီးဆက်နေပါသည်။ ဤခရီးစဉ်အားလုံးတွင် ဗုဒ္ဓဘာသာ တရားရှုမှတ်ကျင့်ကြုံမှုသည် ကျွန်ုပ်အား အထူးသဖြင့် တစ်ကိုယ်တည်း ခရီးသွားသောအခါ ထိုအရာအားလုံး ဆောင်ရွက်ဖို့ တည်ငြိမ်မှုရရှိစေခဲ့ပါသည်။

နှစ်ကြာလာသောအခါ စာအုပ်များစွာ ရေးသားပြီး ဖြစ်ပါသည်။ တစ်ချိန်တွင် ကျွန်ုပ်သည် ကျွန်ုပ်၏ထုတ်ဝေသူ စနိုးလိုင်းယင်းနှင့် အလုပ်လုပ်ဖို့ အိန္ဒိယနိုင်ငံ၌ အခြေစိုက်ရန် အလွန်မလွယ်ကူကြောင်း တွေ့လာရပါသည်။ ထို့ပြင် အင်တာနက် လမ်းကြောင်းကို ဝင်ချင်ရာ ဤသည်မှာ အိန္ဒိယတွင် လုပ်ဆောင်ဖို့အလွန်ခက်ခဲပါသည်။ ထို့ကြောင့် ၁၉၉၈ ခုနှစ်တွင် ကျွန်ုပ်သည် အိန္ဒိယမှ အနောက်တိုင်းသို့ ရွှေ့ပြောင်းလိုက်ပါသည်။ ဖိတ်ခေါ်ခံရသော နေရာများစွာတွင် တစ်နှစ်ကြာ ကြိုးစားကြည့်ပြီးနောက် ဂျာမနီနိုင်ငံ၊ ဘာလင်မြို့တွင် အခြေစိုက်ရန် ဆုံးဖြတ်ခဲ့ပါသည်။ ဂျာမန်ဘာသာစကားလည်း တတ်ပြီးသားဖြစ်၍ ပြဿနာ မရှိပါ။ ထိုနေရာတွင် လွတ်လပ်မှုအရှိဆုံး ဖြစ်ပါသည်။ ထိုအချက်က ကျွန်ုပ်အတွက် အထူးအရေးကြီးပါသည်။ ကျွန်ုပ်သည် အဖွဲ့အစည်းတစ်ခုခုနှင့် မချည်နှောင်ထားလိုပါ။ ဘာလင်သည် ရုရှားနှင့် ယခင်ဆိုဗီယက် သမ္မတနိုင်ငံများဖြစ်သည့် အရှေ့ဥရောပ နိုင်ငံများသို့ အလွယ်တကူ ဆက်လက်ခရီးသွားရန် အဆင်ပြေသောနေရာလည်း ဖြစ်ပါသည်။ ထိုနိုင်ငံများတွင် ကျွန်ုပ်မကြာခဏ သင်ကြားရပြီး အထူးသဖြင့် နီးစပ်သော ဆက်သွယ်မှု ရှိသည်ဟုလည်း ခံစားရပါသည်။

မထုတ်ဝေရသေးသော စာမူများဖြစ်သည့် စာမျက်နှာ ၃၀၀၀၀ ကျော်ဖြင့် အနောက်တိုင်းသို့ ကျွန်ုပ်ရောက်ရှိလာပါသည်။ မပြီးသေးသော စာအုပ်များစွာ ရေးထားပါသည်။ ယင်းတို့အတွက် မှတ်ချက်ရေးသားထားမှုများ၊ လေ့လာထားသည့် ကျမ်းစာများကို ဘာသာပြန်ထားမှုများ၊ ကိုယ်တိုင် သင်ကြားခဲ့သော ပြန်လည်ရေးသားထားမှုများ၊ ကျွန်ုပ်ဘာသာပြန် ပေးခဲ့သည့် ကျွန်ုပ်ဆရာများ၏ သင်ကြားမှုများ ပါဝင်ပါသည်။ ဆရာတော်ကြီး၊ သူ၏အဓိကဆရာသုံးပါးနှင့် ဂဲရှိဒါဂယေ တို့၏ တရားများထဲမှ ကျွန်ုပ်မှတ်စု ထုတ်ထားသည့် စာအုပ်အထပ်လိုက်လည်း ပါဝင်ပါသည်။ ဤအရာအားလုံးကို ကျွန်ုပ်သေဆုံးပြီးနောက် အမှိုက်ပုံထဲသို့ ရောက်သွားမှာကို အလွန်ပင် စိုးရိမ်မိပါသည်။

ဘာဇင်း မော်ကွန်းတိုက်

ကျွန်ုပ်သည် လားမားဘုန်းတော်ကြီးများ၏ နောက်ဆုံးမျိုးဆက်နှင့် အချိန်ကြာမြင့်စွာ လေ့လာခဲ့သည့် အတော်ထူးခြားပြီး မယုံနိုင်လောက်အောင် အခွင့်ထူးခံ အနေအထားမျိုး ရရှိခဲ့ပါသည်။ သင်ယူမှတ်သားထားသမျှသည် အလွန်အဖိုးတန်ပြီး တစ်ကမ္ဘာလုံးကို မျှဝေရန် အမှန်ပင်လိုအပ်ပါသည်။ စာအုပ်ဆိုသည်မှာ သယ်ဆောင်ရ အလွန်ကောင်းပြီး ကြည့်၍တင့်တယ်သော်လည်း အရောင်းရဆုံးစာအုပ်ဖြစ်အောင် မရေးနိုင်ပါက ပရိသတ် များများစားစားထံသို့ မရောက်နိုင်ပါ။ ကျွန်ုပ်၏ ဘယ်စာအုပ်မှ အရောင်းရဆုံး မဟုတ်ပါ။ ယေဘုယျအားဖြင့် စာအုပ်ထုတ်လုပ်ရသည်မှာ ကုန်ကျစရိတ်များသည်။ ဝယ်လျှင်လည်း ဈေးကြီးသည်။ ထုတ်လုပ်ရန် အချိန်များစွာ ယူရပြီး နောက်တစ်ကြိမ် မထုတ်မချင်း အမှားပြန်ပြင်၍မရပါ။ သမိုင်းဘာသာ လေ့လာရန် ကျွန်ုပ်အလွန် ဝါသနာပါသော်လည်း အနာဂတ်ကို မျှော်ကြည့်ရန်လည်း အလွန်ဝါသနာကြီးပါသည်။ အနာဂတ်သည် အင်တာနက် ဖြစ်ပါသည်။ တကယ်တော့ လက်ရှိပစ္စုပ္ပန်သည်လည်း အင်တာနက် ဖြစ်ပါသည်။ ထိုသို့စိတ်တွင် စွဲမှတ်ကာ ကျွန်ုပ်၏မှတ်တမ်းအားလုံးကို ဝက်ဘ်ဆိုက် တစ်ခုပေါ်တွင် ထားရန်ဆုံးဖြတ်ရင်း ၂၀၀၁ ခုနှစ်၊ နိုဝင်ဘာလတွင် berzinarchives.com ကို စတင်ခဲ့ပါသည်။

ကျွန်ုပ် အမြဲလိုက်နာသော အဓိကစည်းမျဉ်းမှာ ဝက်ဘ်ဆိုက်ပေါ်မှ အရာအားလုံးကို အခမဲ့ပေးနိုင်ရမည်ဖြစ်ပြီး ကြော်ငြာနှင့် တစ်ခုခုရောင်းချခြင်းတို့ မပါဝင်ရပါ။ ဝက်ဘ်ဆိုက်ပေါ်မှ အကြောင်းအရာများတွင် တိဘက်ဗုဒ္ဓဘာသာ၏ အစိတ်အပိုင်း အသီးသီး အားလုံးပါဝင်ပါသည်။ အဓိကအားဖြင့် ဂယ်လဂ် အစဉ်အလာဖြစ်သော်လည်း တိဘက်အစဉ်အလာ လေးခုစလုံးကို လွှမ်းခြုံမိပါသည်။ နှိုင်းယှဉ်ထားသော အကြောင်းအရာများ၊ တိဘက်ရိုးရာ ဆေးပညာ၊ ဗေဒင်ပညာ၊ ဗုဒ္ဓဘာသာ သမိုင်းကြောင်း၊ အာရှ သမိုင်းကြောင်း၊ တိဘက် သမိုင်းကြောင်း၊ ဗုဒ္ဓဘာသာနှင့် အစ္စလာမ်ဘာသာအကြား ဆက်စပ်မှုအကြောင်းရပ်များစွာလည်း ပါဝင်ပါသည်။ ကျွန်ုပ်သည် အရာရာကို အခြားဘာသာစကားများစွာသို့ ဘာသာပြန်ဆိုမှုကိုလည်း အခိုင်အမာ ယုံကြည်သူဖြစ်ပါသည်။

အစ္စလာမ်ဘာသာ ကဏ္ဍရှိ အကြောင်းအရာများမှာ အလွန့်အလွန် အရေးကြီးသည်ဟု ယူဆပြီး ဒလိုင်းလားမား ဆရာတော်ကြီးကလည်း ဤအချက်ကို အလွန်ခိုင်မာစွာ ထောက်ခံပါသည်။ အစ္စလာမ်နိုင်ငံများဆီ ကျွန်ုပ်ခရီးသွားကာ ထိုတက္ကသိုလ်များတွင် သင်ကြားပို့ချခဲ့မှုမှတစ်ဆင့် ထိုဒေသမှလူများက ကမ္ဘာကြီးအကြောင်း အသိပညာရရှိရန် ဆာလောင်နေသည်ကို ကျွန်ုပ်ရှင်းလင်းစွာ သိထားပါသည်။ ကမ္ဘာ့ညီညွတ်မှုအတွက် သူတို့ကို ဘေးဖယ်မထားရန်နှင့် တိဘက်မှတရားတော်များကို သူတို့လည်း ရရှိအောင် ပြုလုပ်ပေးရန်၊ သို့သော် သူတို့ကို ဗုဒ္ဓဘာသာသို့ ကူးပြောင်းအောင် အနည်းငယ်မျှပင် ကြိုးစားခြင်းမပြုရန် အထူးအရေးကြီးပါသည်။

နိဂုံး

၂၀၁၅ ခုနှစ်တွင် ဘာဇင်း မော်ကွန်းတိုက် ဝက်ဘ်ဆိုက်ကို ဘာသာစကား ၂၁ မျိုးဖြင့် ရရှိနိုင်ပြီကာ တစ်နှစ်လျှင် ဝင်ကြည့်သူ နှစ်သန်းခန့် ရှိပါသည်။ ဤသည်မှာ လခစားဝန်ထမ်းနှင့် စေတနာ့ဝန်ထမ်း ၁၀၀ ကျော်၏ ကြိုးစားအားထုတ်မှု ရလဒ် ဖြစ်ပါသည်။ မကြာသေးမီ နှစ်များအတွင်း ဒလိုင်းလားမား ဆရာတော်ကြီးက ၂၁ ရာစု ဗုဒ္ဓဘာသာ လိုအပ်ချက်အကြောင်း အထပ်ထပ် အလေးထားပြောကြားပါသည်။ ဤအချက်၏ တွန်းအားဖြင့် ကျွန်ုပ်သည် အနာဂတ်အတွက် ပရိသတ် ပိုမိုများပြားစွာ ရောက်ရှိအောင် ဝက်ဘ်ဆိုက်ကို ပြန်လည်ဖန်တီးဖို့ ကူညီမည့် ထောင်စုနှစ်မျိုးဆက်အချို့ကို စုဆောင်းရန် ဆုံးဖြတ်လိုက်ပါသည်။ ဤနည်းဖြင့် studybuddhism.com ကို မွေးဖွားခဲ့ပါသည်။

ဝက်ဘ်ဆိုက်အသစ်မှာ လုံးဝ အပြန်အလှန် တုံ့ပြန်နိုင်သော ဒီဇိုင်းဖြစ်သောကြောင့် ဒက်စ်တော့ကွန်ပျူတာနှင့် လက်ကိုင်ဖုန်းများတွင်ပါ ဖတ်ရှုနိုင်ပါသည်။ အသုံးပြုသူများဖြင့် စမ်းသပ်မှုနှင့် ဆန်းစစ်ချက်ညွှန်းကိန်းများပေါ် မူတည်ပြီး အသုံးပြုသူများ၏ လိုအပ်ချက်နှင့် ကိုက်ညီအောင် ဝက်ဘ်ဆိုက်ကို ဒီဇီုင်းရေးဆွဲ ဖန်တီးထားပါသည်။ လူမှုကွန်ရက် မီဒီယာတွင်လည်း အကြီးအကျယ် ချဲ့ထွင်ပြီး အသံနှင့် အရုပ်ပါသော အကြောင်းရပ်များစွာ ပေါင်းထည့်ခဲ့ပါသည်။ ရည်ရွယ်ချက်မှာ တိဘက်ဗုဒ္ဓဘာသာကို စိတ်ဝင်စားသူများအတွက် ဘာမှမသိသေးသူမှ အဆင့်မြင့်သိရှိသူများအထိ အသိပညာများ အလွယ်တကူ ရရှိစေမည့် ဗဟိုဌာနတစ်ခု ဖန်တီးပေးရန် ဖြစ်ပါသည်။ အကောင်းဆုံး တရားတော်များ အတွက် ပွင့်လင်းသော အခြေခံစနစ်တစ်ခုကို ပေးအပ်နိုင်အောင် အတူတကွ လေ့လာအသုံးပြုသူများ အသိုင်းအဝိုင်းကို ကျွန်ုပ်တို့ ဖန်တီးပေးလိုပါသည်။

ယခုအချိန်တွင် ကျွန်ုပ်တို့သည် ဘာသာစကား အနည်းငယ်ဖြင့်သာ စတင်ထားပြီး ယခင် အကြောင်းအရာများကို အကန့်အသတ်ဖြင့်သာ တင်ဆက်ထားပါသည်။ ဆောင်းပါးအသစ်များကို အထူးသဖြင့် စတင်လေ့လာသူများအတွက် ရည်ရွယ်ကာ ပေါင်းထည့်နေပါသည်။ ဝက်ဘ်ဆိုက် အဟောင်းကို ဝက်ဘ်ဆိုက်အသစ်မှ တစ်ဆင့် ဝင်နိုင်အောင် ဆက်လက်ဆောင်ရွက်ပါမည်။ နောက်ဆုံးတွင် ယင်းအကြောင်းရပ်အားလုံးကို ဗားရှင်းအသစ်ဆီသို့ အားလုံးကူးပြောင်းလိုက်ပါမည်။

နိဂုံး အနှစ်ချုပ်

ဤသည်မှာ ကျွန်ုပ်ဘဝအကြောင်း အနည်းငယ်မျှသာ ဖြစ်ပါသည်။ ဤကာလတစ်လျှောက်လုံးတွင် ကျွန်ုပ်သည် ဗုဒ္ဓဘာသာ ကျင့်ကြံမှု အလွန်ခိုင်မာအောင် ထိန်းသိမ်းခဲ့ပါသည်။ ဥပမာ၊ ထိုနှစ်များအတွင်း နေ့စဉ် နှစ်နာရီခန့် ကျွန်ုပ် တရားရှုမှတ်ပါသည်။ ရက်ရှည် တရားစခန်းများစွာလည်း ဝင်ပါသည်။ ယခုအခါ တရားရှုမှတ်ချိန်ကို လျှော့ချထားသော်လည်း နေ့စဉ် အနည်းဆုံး မိနစ် ၃၀ မပျက်မကွက် ဆောင်ရွက်ပါသေးသည်။ ထို့ပြင် ကရုဏာ၊ သင့်တော်သော စိတ်ဓာတ်စေ့ဆော်မှု၊ အတ္တကို ကျော်လွှားမှု စသည့် တရားတော်များကို အထူးအလေးထားကာ ယင်းတို့မှာ ကျွန်ုပ်အမြဲ အလေးထားသော အဓိကအစိတ်အပိုင်းများ ဖြစ်ပါသည်။ ဂဲရှိဝမ်ယယ်မှသည် ဒလိုင်းလားမား ဆရာတော်ကြီးအထိ၊ ထိုမှသည် ဆရာတော်ကြီး၏ ဆရာများအထိ ကျွန်ုပ်၏ ဆရာများထံမှ တွန်းအားကြောင့် ကျွန်ုပ်သည် အခြားသူများအတွက် အသုံးဝင်ပြီး အကျိုးပြုသော အဓိပ္ပာယ်ရှိသည့်ဘဝကို နေထိုင်နိုင်ခဲ့ပါသည်။ ဗုဒ္ဓဘာသာကို တွေ့ကြုံမှုနှင့် ဘက်မလိုက်မှုတို့ဖြင့် ဗုဒ္ဓဘာသာ ကျင့်ကြံမှုနှင့် ဗုဒ္ဓဘာသာဆိုင်ရာပညာကို ပေါင်းစပ်ခဲ့ပါသည်။ ကျွန်ုပ်၏ဘဝသည် သင်တို့အတွက်လည်း အလားတူဆောင်ရွက်ဖို့ တွန်းအားပေးနိုင်မည် ထင်ပါသည်။

Top