အာရှတိုက်တွင် ဗုဒ္ဓဘာသာ ထွန်းကားလာခြင်း

02:55
သာသနာပြု လုပ်ငန်း တစ်ခါမှ မဖွံဖြိုးခဲ့သော်လည်း ဗုဒ္ဓဘာသာ တရားတော်များသည် ရာစုနှစ်များစွာအတွင်း ပျံ့နှံ့ခဲ့ပါသည်။ ပထမတွင် အာရှတိုက်တောင်ပိုင်း၊ ထို့နောက် ဗဟိုအာရှမှသည် တရုတ်နိုင်ငံနှင့် ကျန်အရှေ့အာရှဒေသများ၊ နောက်ဆုံးတွင် တိဘက်နှင့် ဗဟိုအာရှကျန်ဒေသများသို့ ရောက်ရှိခဲ့ပါသည်။ ပြည်ပကုန်သည်များ၏ ဗုဒ္ဓဘာသာ ယုံကြည်ချက်ကို ပြည်တွင်းမှလူများက စိတ်ဝင်စားရာမှ ထိုဒေသများသို့ ဗုဒ္ဓဘာသာသည် တဖြည်းဖြည်း ထွန်းကားလာပါသည်။ တစ်ခါတစ်ရံတွင်လည်း အုပ်ချုပ်သူများက ဗုဒ္ဓဘာသာကို လက်ခံကျင့်သုံးကာ ပြည်သူများအား ကျင့်ဝတ်နှင့်အညီ နေထိုင်စေပါသည်။ သို့သော် မည်သူ့ကိုမျှ အတင်းအကျပ် ဘာသာမပြောင်းခိုင်းပါ။ ဗုဒ္ဓမြတ်စွာ၏ သတင်းစကားကို လူထုထံသို့ ဆောင်ကြဉ်းပေးခြင်းဖြင့် လူထုက အကျိုးပြုသောအရာကို လွတ်လပ်စွာ ရွေးချယ်နိုင်ပါသည်။

ဗုဒ္ဓမြတ်စွာ၏ တရားတော်များသည် အိန္ဒိယတိုက်ငယ်တစ်ခုလုံးမှသည် အာရှတိုက်တစ်ခွင်လုံးသို့ ငြိမ်းချမ်းစွာ ဖြန့်ကျက်ရောက်ရှိလာပါသည်။ ယဉ်ကျေးမှုအသစ်တစ်ခုတွင် ဗုဒ္ဓဘာသာ ဝင်ရောက်လာတိုင်း ဗုဒ္ဓဘာသာ နည်းစနစ်များ၊ ပုံစံများကို ဒေသဆိုင်ရာ စိတ်အခြေအနေနှင့် ကိုက်ညီအောင် လွတ်လပ်စွာ ပြုပြင်ခဲ့ပါသည်။ သို့သော် ဉာဏ်ပညာနှင့် ကရုဏာဆိုသည့် မရှိမဖြစ်အချက်များကို ပယ်ဖျက်ခြင်းမရှိပါ။ ဗုဒ္ဓဘာသာသည် အကြွင်းမဲ့ခေါင်းဆောင်တစ်ဦး၏ အထွေထွေ ဘာသာရေး အုပ်စိုးမှု မျိုးရိုးစဉ်ဆက်ဖြင့် ဖွံ့ဖြိုးလာခြင်း လုံးဝမဟုတ်ပါ။ ဗုဒ္ဓဘာသာ ရောက်ရှိလာသည့် တစ်နိုင်ငံချင်းက ကိုယ်ပိုင်ပုံစံ၊ ကိုယ်ပိုင် ဘာသာရေး ဖွဲ့စည်းမှု၊ ကိုယ်ပိုင် ဘာသာရေးအကြီးအကဲတို့ဖြင့် ထွန်းကားလာခြင်း ဖြစ်ပါသည်။ လက်ရှိတွင် ဤသို့သော အကြီးအကဲများအနက် လူသိအများဆုံးနှင့် နိုင်ငံတကာမှ လေးစားမှုရှိသူမှာ တိဘက်ဒေသမှ ဒလိုင်းလားမား ဆရာတော်ကြီး ဖြစ်ပါသည်။

သမိုင်းအကျဉ်း

ဗုဒ္ဓဘာသာတွင် အဓိက ဂိုဏ်းကြီးနှစ်ဂိုဏ်း ရှိပါသည်။ တစ်ဦးချင်း လွတ်မြောက်မှုကို အသားပေးသည့် သာဝကယာန (သေးငယ်သော လမ်းစဉ်) နှင့် အခြားသူများကို အကျိုးပြုနိုင်အောင် အလုံးစုံ ဉာဏ်အလင်း ရရှိရေးအတွက် ကြိုးစားသော မဟာယာန (ကျယ်ပြန့်သောလမ်းစဉ်) တို့ ဖြစ်ပါသည်။ လမ်းစဉ် နှစ်ခုစလုံးတွင် ဂိုဏ်းခွဲများစွာ ရှိပါသည်။ လက်ရှိတွင် ပုံစံ သုံးမျိုးသာ ကျန်ရစ်ပါသည်။ ယင်းတို့မှာ အရှေ့တောင်အာရှတွင် ထေရဝါဒဟု ခေါ်သည့် သာဝကယာနဂိုဏ်းနှင့် မဟာယာန ဂိုဏ်းခွဲနှစ်ခုဖြစ်သော တရုတ်နှင့် တိဘက် ထုံးတမ်းစဉ်လာဂိုဏ်းနှစ်ရပ်တို့ ဖြစ်ပါသည်။

  • ထေရဝါဒ အစဉ်အလာသည် အိန္ဒိယနိုင်ငံမှ သီရိလင်္ကာနှင့် မြန်မာနိုင်ငံသို့ ဘီစီ သုံးရာစုနှစ်တွင် ရောက်ရှိပါသည်။ ထိုမှနေ၍ ကျန်အရှေ့တောင်အာရှ ဒေသများ (ထိုင်း၊ ကမ္ဘောဒီးယားနှင့် လာအို) သို့ ရောက်ရှိပါသည်။
  • အခြား သာဝကယာန ဂိုဏ်းများမှာ ခေတ်သစ် ပါကစ္စတန်၊ အာဖဂန်နစ္စတန်၊ အီရန် အရှေ့ပိုင်းနှင့် ကမ်းရိုးတန်း၊ ဗဟိုအာရှဒေသတို့သို့ ရောက်ရှိပါသည်။ ဗဟိုအာရှမှနေ၍ တရုတ်နိုင်ငံသို့ ဘီစီ ၂ ရာစုတွင် ရောက်ရှိသည်။ ထိုသာဝကယာန ဂိုဏ်းများသည် နောက်ပိုင်းတွင် အိန္ဒိယနိုင်ငံမှပင် ရောက်ရှိလာသော မဟာယာန အစိတ်အပိုင်းများနှင့် ရောစပ်ပါသည်။ နောက်ဆုံးတွင် မဟာယာန ဗုဒ္ဓဘာသာသည် တရုတ်နိုင်ငံနှင့် ဗဟိုအာရှဒေသ အများစုတွင် အဓိကလွှမ်းမိုးသော ဗုဒ္ဓဘာသာ ဖြစ်လာပါသည်။ တရုတ်နိုင်ငံမှ မဟာယာနပုံစံသည် နောက်ပိုင်းတွင် ကိုရီးယား၊ ဂျပန်နှင့် ဗီယက်နမ်နိုင်ငံတို့သို့ ရောက်ရှိပါသည်။
  • တိဘက် မဟာယာန အစဉ်အလာသည် အိန္ဒိယဗုဒ္ဓဘာသာ၏ သမိုင်းစဉ်ဆက်ကို အပြည့်အဝ ဆက်ခံကာ ခရစ်နှစ် ၇ ရာစုတွင် စတင်ထွန်းကားလာပါသည်။ တိဘက်ဒေသမှနေ၍ ဟိမဝန္တာဒေသများတစ်လျှောက် ပျံ့နှံ့ပြီး မွန်ဂိုလီးယား၊ ဗဟိုအာရှနှင့် ရုရှားနိုင်ငံ ဒေသအများအပြား (ဘူရိယရှား၊ ကယ်လ်မီကီယာနှင့် တူဝ) သို့ ရောက်ရှိပါသည်။

ထို့ပြင် ခရစ်နှစ် ၂ ရာစုမှစ၍ အိန္ဒိယ မဟာယာန ဗုဒ္ဓဘာသာသည် အိန္ဒိယမှ တရုတ်နိုင်ငံတောင်ပိုင်းသို့ ပင်လယ်ရေကြောင်း ကုန်သွယ်မှုတစ်လျှောက် ဗီယက်နမ်၊ ကမ္ဘောဒီးယား၊ မလေးရှား၊ ဆူမတြားနှင့် ဂျာဗားသို့ ရောက်ရှိပါသည်။ ၎င်းတို့သည် ယနေ့ခေတ်တွင် မရှိတော့ပါ။

ဗုဒ္ဓဘာသာ ရောက်ရှိလာပုံ

အာရှဒေသအများစုတွင် ဗုဒ္ဓဘာသာ ဖြန့်ကျက်ရောက်ရှိပုံမှာ ငြိမ်းချမ်းပြီး နည်းလမ်းစုံလင်ပါသည်။ စကြမုနိ ဗုဒ္ဓဘုရားရှင်သည် မိမိ၏ အတွေးအမြင်များကို အနီးအနားရှိ ဘုရင့်နိုင်ငံများမှ သိမြင်နားလည်နိုင်ပြီး စိတ်ဝင်စားသူများအား ခရီးသွားလာကာ စံပြအဖြစ် ဟောကြားခဲ့ပါသည်။ တပည့် ရဟန်းတော်များကို ကမ္ဘာတစ်ဝန်းသို့ သွားပြီး မိမိ၏တရားတော်များကို ဖြန့်ဝေရန် မိန့်ကြားခဲ့ပါသည်။ အခြားသူများကို ရှုတ်ချခြင်း၊ သူတို့ကိုယ်ပိုင်ဘာသာကို စွန့်လွှတ်ပြီး ဘာသာပြောင်းစေခြင်း မပြုလုပ်ခဲ့ပါ။ အဘယ်ကြောင့်ဆိုသော် ကိုယ်ပိုင်ဘာသာတရားတစ်ခု ထူထောင်ရန် ကြိုးစားခြင်း မဟုတ်ပါ။ ဘုရားရှင်၏ ရည်မှန်းချက်မှာ အမှန်တရားကို မသိနားမလည်သူတို့အား သူတို့ကိုယ်တိုင် ဖန်တီးမိသော ဝမ်းနည်းမှုနှင့် ဆင်းရဲဒုက္ခတို့မှ ကျော်လွှားစေလိုခြင်း ဖြစ်ပါသည်။ နောက်ပိုင်းမျိုးဆက် ဘာသာဝင်တို့သည် ဘုရားရှင်၏ စံနမူနာကြောင့် စိတ်အားထက်သန်ကာ သူတို့ဘဝတွင် အသုံးတည့်သော ဘုရားရှင်၏ နည်းစနစ်များကို အခြားသူများအား မျှဝေခဲ့ပါသည်။ ဤနည်းဖြင့် ‘‘ဗုဒ္ဓဘာသာ’’ ဟူ၍ ယခုကဲ့သို့ ကျယ်ကျယ်ပြန့်ပြန့် သိရှိလာကြပါသည်။

တစ်ခါတစ်ရံ ထိုသို့သော ဖြစ်စဉ်က တဖြည်းဖြည်း တိုးတက်လာပါသည်။ ဥပမာ ဗုဒ္ဓဘာသာကုန်သည်များက အခြားဒေသများသို့ သွားရောက် အခြေချသောအခါ အချို့သော ဒေသခံများက ထိုတိုင်းတပါးသားတို့၏ ယုံကြည်မှုတွင် တဖြည်းဖြည်း စိတ်ဝင်စားလာပါသည်။ နောက်ပိုင်းတွင် အင်ဒိုနီးရှားနှင့် မလေးရှားသို့ အစ္စလာမ်ဘာသာ ရောက်ရှိလာသကဲ့သို့ပင် ဖြစ်ပါသည်။ ထိုဖြစ်စဉ်သည် ဗုဒ္ဓဘာသာတွင်လည်း ခရစ်နှစ် နှစ်ရာစုနှစ်မတိုင်မီနှင့် နှောင်းပိုင်းတွင် ဗဟိုအာရှဒေသ ပိုးလမ်းမတစ်လျှောက် အိုအေစစ် တိုင်းပြည်များ၌ ဖြစ်ပေါ်ခဲ့ပါသည်။ ဒေသအာဏာပိုင်များနှင့် ပြည်သူများက အိန္ဒိယနိုင်ငံမှ ဤဘာသာတရားကို ပို၍လေ့လာကာ ကုန်သည်များ၏ ဇာတိဒေသမှ ရဟန်းတော်များကို အကြံပေးများ၊ ဆရာများအဖြစ် ဖိတ်ခေါ်ပါသည်။ နောက်ဆုံးတွင် ဗုဒ္ဓဘာသာကို သက်ဝင်ယုံကြည်လာပါသည်။ နောက်ထပ် ဖြစ်ပေါ်သော နည်းလမ်းမှာ လူထုကို စစ်အောင်နိုင်ပြီး ယဉ်ကျေးမှု တဖြည်းဖြည်း စိမ့်ဝင်ခြင်း ဖြစ်သည်။ ဘီစီ ၂ ရာစုနောက်ပိုင်း ရာစုနှစ်များတွင် ယနေ့ခေတ် ဗဟို ပါကစ္စတန်ဒေသရှိ ဂန္ဓာရဒေသမှ ဗုဒ္ဓဘာသာ အသိုင်းအဝိုင်းထဲသို့ ဂရိလူမျိုးများ ဝင်ရောက်သကဲ့သို့ ဖြစ်ပါသည်။

တစ်ခါတစ်ရံတွင် ပျံ့နှံ့မှုသည် ဗုဒ္ဓဘာသာကို လက်ခံယုံကြည်သည့် အင်အားကြီးမားသော ဘုရင်တစ်ပါး၏ လွှမ်းမိုးမှုကြောင့် အဓိကဖြစ်တတ်သည်။ ဥပမာအားဖြင့် ဘီစီ ၃ ရာစုအလယ်တွင် ဗုဒ္ဓဘာသာသည် အိန္ဒိယနိုင်ငံ မြောက်ပိုင်းတွင် ရောက်ရှိခဲ့သည်မှာ အသောက ဘုရင်၏ ကိုယ်တိုင်အားထုတ်မှုကြောင့် ဖြစ်သည်။ ဤဧကရာဇ်ဘုရင်ကြီးသည် သူ့လူများကို ဗုဒ္ဓဘာသာသို့ အတင်းအကျပ် မသွတ်သွင်းပါ။ သူ၏ အုပ်စိုးစဉ်ကာလအတွင်း သံဖြင့် ထွင်းထုထားသော ကျောက်စာများတွင် တရားတော်များ ရေးထွင်းကာ ပြည်သူများအား ကျင့်ဝတ်သီလ စောင့်ထိန်းစေသည်။ သူကိုယ်တိုင်လည်း လိုက်နာကာ အခြားသူများကို ဗုဒ္ဓတရားတော်များ လက်ခံအောင် စေ့ဆော်ခဲ့ပါသည်။

အသောက ဘုရင်ကြီးသည် ရပ်ဝေးမြေခြားသို့ သာသနာပြု အဖွဲ့များ စေလွှတ်ခြင်းဖြင့်လည်း မိမိနိုင်ငံတော်ပြင်ပသို့ အယူဝါဒပြန့်ပွားအောင် တက်ကြွစွာ ဆောင်ရွက်ခဲ့ပါသည်။ တစ်ခါတစ်ရံ သီရိလင်္ကာမှ ဒေဝနမ္ပိယတိဿဘုရင်ကဲ့သို့သော ပြည်ပဘုရင်များ၏ ဖိတ်ခေါ်မှုဖြင့် ဆောင်ရွက်ပါသည်။ တစ်ခါတစ်ရံ ကိုယ်တိုင်ကြိုးပမ်းမှုအဖြစ် သံတမန်အဖွဲ့များ ရဟန်းတော်များ စေလွှတ်ပါသည်။ ကြွရောက်လာသော ရဟန်းတော်များက အခြားသူများကို ဘာသာ မပြောင်းခိုင်းသော်လည်း ဗုဒ္ဓတရားတော်များကိုသာ ဖြန့်ဝေကာ လူတို့ကို မိမိဘာသာ ရွေးချယ်စေပါသည်။ အိန္ဒိယနိုင်ငံ တောင်ပိုင်းနှင့် မြန်မာနိုင်ငံ တောင်ပိုင်းကဲ့သို့ ဗုဒ္ဓဘာသာ မကြာမီ အမြစ်တွယ်လာသည့် ဒေသများတွင် ဤအချက်ကို အထောက်အထား တွေ့ရပါသည်။ ဗဟိုအာရှရှိ ဂရိကိုလိုနီ ဒေသများကဲ့သို့ အချို့ဒေသများတွင် ချက်ချင်းအကျိုးသက်ရောက်မှု မှတ်တမ်းများ မတွေ့ရပါ။

၁၆ ရာစု မွန်ဂိုဘုရင် အယ်လ်တန်ခန်း ကဲ့သို့ အခြားသော ဘာသာရေး အလေးထားသည့် ဘုရင်များက မိမိတို့နိုင်ငံသို့ ဗုဒ္ဓဘာသာ ဆရာတော်များကို ပင့်ဖိတ်ကာ ပြည်သူများ ညီညွတ်ကာ အုပ်စိုးမှုခိုင်မာအောင် ဗုဒ္ဓဘာသာကို တရားဝင် နိုင်ငံတော်ဘာသာအဖြစ် ပြဋ္ဌာန်းပါသည်။ ထိုဖြစ်စဉ်တွင် ဗုဒ္ဓဘာသာ မဟုတ်သူများ၊ ရိုးရာဘာသာတရားများ၏ ကျင့်သုံးမှု အချို့ကို တားမြစ်သလို ထိုသို့ကျင့်သုံးသူများကို ကွပ်မျက်ခြင်းပင် ရှိပါသည်။ သို့သော် ထိုသို့သော ရှားရှားပါးပါး လက်ရဲဇက်ရဲ လှုပ်ရှားမှုများမှာ များသောအားဖြင့် နိုင်ငံရေးအရဖြစ်ပါသည်။ အဆိုပါ ရည်မှန်းချက်ကြီးသော ဘုရင်များက သူတို့လူများကို ဗုဒ္ဓဘာသာပုံစံ ကိုးကွယ်ယုံကြည်မှုများကို အတင်းအကျပ် လက်ခံခိုင်းခြင်း မရှိပါ။ ဤသည်မှာ ဘာသာရေး ယုံကြည်ချက်၏ တစ်စိတ်တစ်ပိုင်း လုံးဝမဟုတ်ပါ။

အကျဉ်းချုပ်

စကြမုနိဗုဒ္ဓဘုရားရှင်က မိမိ၏ တရားတော်များကို မျက်ကန်းယုံကြည်မှုဖြင့် မလိုက်နာရန် လူတို့ကို ပြောခဲ့ပါသည်။ တရားတော်များကို သေချာလေ့လာဆန်းစစ်ပြီးမှသာ လိုက်နာခိုင်းပါသည်။ ထို့နောက် လူတို့က အင်အားကြီးမားသော သာသနာပြုပုဂ္ဂိုလ်များ၊ ဘုရင့်အမိန့်တော်များကြောင့် ဖိအားပေးသည့်အတွက် ဗုဒ္ဓတရားတော်များကို လက်မခံသင့်သည်မှာ ပြောစရာ မလိုတော့ပါ။ ၁၇ ရာစုအစောပိုင်းတွင် နီဂျီတိုယင်သည် မွန်ဂိုအရှေ့ဘက်မှ ရွှေ့ပြောင်းသွားလာသူများကို ဗုဒ္ဓဘာသာထဲ သွတ်သွင်းရန် တရားတော်တစ်ပိုဒ် အလွတ်ရတိုင်း မွေးမြူရေးတိရစ္ဆာန်များ ချီးမြှင့်ကာ ကြိုးစားခဲ့ပါသည်။ ရွှေ့ပြောင်းသွားလာသူများက အာဏာပိုင်များကို တိုင်ကြားသောအခါ ထိုသို့ဖိအားပေးသည့် ဆရာတော်ကို အပြစ်ပေးပြီး ပြည်နှင်လိုက်ပါသည်။

ဗုဒ္ဓဘာသာသည် အာရှတိုက်ဒေသအများစုသို့ နည်းအမျိုးမျိုးဖြင့် ငြိမ်းချမ်းစွာ ရောက်ရှိခဲ့ပါသည်။ မေတ္တာ၊ ကရုဏာ၊ ဉာဏ်ပညာ သတင်းစကားများ သယ်ဆောင်သွားသလို လူအမျိုးမျိုး၏ လိုအပ်ချက်၊ ခံယူချက်တို့နှင့်လည်း ကိုက်ညီပါသည်။

Top