မိမိကိုယ်ကို ကရုဏာထားရန် အရေးကြီးပုံ

Image%201%20%283%29

မိမိကိုယ်ကို ကရုဏာထားခြင်းသည် ဗုဒ္ဓဘာသာကျင့်ကြံမှုတွင် အဓိကကျသောအချက်တစ်ခု ဖြစ်သော်လည်း မိမိတို့နေ့စဉ်ဘဝတွင် တစ်ခါတစ်ရံ နားလည်မှုလွဲမှားခြင်း သို့မဟုတ် သတိမပြုမိခြင်းများ ရှိတတ်ပါသည်။ ကျွန်ုပ်တို့အများစုသည် အခြားသူများအား သနားကြင်နာရမည်ဟု မှတ်ယူထားကြပါသည်။ သို့သော် မိမိကိုယ်ကို ထိုကြင်နာမှုမျိုး ထားရှိရန် ခက်ခဲနေတတ်ပါသည်။ ဗုဒ္ဓဘာသာ၌ မိမိကိုယ်ကို ကရုဏာထားခြင်းသည် ကြင်နာသောအပြုအမူ တစ်ခုမျှသာ မဟုတ်ဘဲ ဘာသာရေးဖွံ့ဖြိုးတိုးတက်မှုနှင့် နေထိုင်ကောင်းမွန်မှုအတွက်လည်း လိုအပ်သောအခြေခံတစ်ခု ဖြစ်ပါသည်။

တစ်စုံတစ်ယောက်သည် ရေစီးသန်သော မြစ်၏အလယ်သို့ ဆင်းသွားကာ ရေစီးကြောင်းဖြင့်ပါသွားလျှင် ကမ်းတစ်ဖက်ရှိ အခြားသူများကို မည်သို့လျှင် ကယ်တင်နိုင်ပါမည်နည်း။ – ဗုဒ္ဓမြတ်စွာ

မိမိကိုယ်ကို ကရုဏာထားခြင်းဆိုတာ ဘာလဲ။

မိမိကိုယ်ကို ကရုဏာထားခြင်းသည် အဓိကအားဖြင့် မိမိခင်မင်သော မိတ်ဆွေတစ်ဦးအပေါ် ထားရှိသည့် ဂရုစိုက်မှု၊ အလေးထားမှုနှင့် နားလည်မှုတို့အတိုင်း မိမိကိုယ်ကို ဆက်ဆံရန် ဖြစ်ပါသည်။ မိတ်ဆွေများနှင့် သူတို့ပြဿနာများအတွက် အကဲဖြတ်မှုမပါဘဲ နားထောင်ပေးရသည်မှာ အတော်လေး လွယ်ကူသည်ကို တွေ့ရတတ်သော်လည်း မိမိကိုယ်တိုင်အတွက်မူ ထိုသို့ဆက်ဆံပုံကဲ့သို့ ပြုလုပ်စရာမလိုကြောင်း ခံစားရတတ်ပါသည်။ မိမိကိုယ်ကို ကရုဏာထားခြင်း ဆိုသည်မှာ ကျွန်ုပ်တို့၏ မပြည့်စုံမှုများ၊ ကျရှုံးမှုများနှင့် ရုန်းကန်မှုများကို အပြင်းအထန် အကဲဖြတ်မှုမပါဝင်ဘဲ အသိအမှတ်ပြုခြင်းကို ဆိုလိုပါသည်။ ကျွန်ုပ်တို့၏ အားနည်းချက်များကို ဝေဖန်နေမည့်အစား မိမိကိုယ်ကို နားလည်လက်ခံပေးရပါမည်။ ဤသို့ ကရုဏာဖြင့် ဆောင်ရွက်ခြင်းမှာ မိမိဘာသာ အလိုလိုက်ခြင်း သို့မဟုတ် ဆင်ခြေပေးခြင်း မဟုတ်ပါ။ ကျွန်ုပ်တို့အပါအဝင် အားလုံးရင်ဆိုင်ကြရသည့် မလွှဲမရှောင်သာသော စိန်ခေါ်မှုများကို အသိအမှတ်ပြုခြင်းသာ ဖြစ်ပါသည်။

မိမိကိုယ်ကို ကရုဏာထားရန် ဗုဒ္ဓဘာသာတွင် ဘာကြောင့်အရေးကြီးသလဲ။

ကရုဏာသည် မိမိက စတင်ပါသည်

ယေဘုယျအားဖြင့် အခြားသူများအတွက် စစ်မှန်သော ကရုဏာသည် မိမိကိုယ်တိုင် ကရုဏာထားခြင်းဖြင့် စတင်သည်ဟု ဆိုနိုင်ပါသည်။ မိမိကိုယ်ကို မငဲ့ညှာဘဲ ဝေဖန်မှုပြုပါက အခြားသူများအတွက် စစ်မှန်သော ကရုဏာဖြန့်ကျက်ရန် မည်မျှခက်ခဲမည်ကို တွေးကြည့်နိုင်ပါသည်။ မိမိကိုယ်ကို ကရုဏာ ထားခြင်းအားဖြင့် ပြင်ပသို့ အလိုလို သက်ရောက်လာသည့် နူးညံ့ကြင်နာသော သဘောထားကို မွေးမြူနိုင်ပါသည်။ ထိုအခါ အခြားသူများနှင့် ပို၍စာနာစိတ်ရှိစွာ ချိတ်ဆက်နိုင်အောင်လည်း ကူညီပါသည်။

ကရုဏာသည် စိတ်ဒဏ်ရာကို သက်သာစေပါသည်

ဘဝဟူသည် အတက်အကျများ အမြဲရှိနေရာ မိမိ၏ဆင်းရဲဒုက္ခကို မိမိတုံ့ပြန်ပုံက မိမိ၏နေထိုင်ကောင်းမွန်ရေးတွင် သိသာသော ထူးခြားမှုဖြစ်စေပါသည်။ မိမိကိုယ်ကို ကရုဏာထားခြင်းသည် ခက်ခဲသောကာလများအတွင်း သက်သာရာ ရစေသော အနာကျက်ဆေးဖြစ်သည်။ နာကျင်မှုကြောင့် စိတ်ညစ်ညူးမှုမဖြစ်အောင် ကျွန်ုပ်တို့အား ပွင့်လင်းစေပြီး ကျရှုံးမှုများမှ ပို၍အလွယ်တကူ ပြန်လည်နိုးထအောင်လည်း ကူညီပါသည်။

မိမိကိုယ်ကို အပျက်သဘော ပြောဆိုခြင်းမပြုအောင် လျှော့ချပေးသည်

ကျွန်ုပ်တို့ အများစုတွင် ကျွန်ုပ်တို့အား အကဲဖြတ်ပြီး သေးသိမ်‌အောင်လုပ်သည့် ကိုယ်တွင်းဝေဖန်သူတစ်ဦးရှိပါသည်။ အချို့အတွက် ဤကိုယ်တွင်းဝေဖန်သူသည် မရပ်မနား ပြောဆိုနေပါသည်။ ယင်းမှာ သိပ်အလေးထားစရာ မလိုဘူးဟု ထင်ရသော်လည်း အပျက်သဘော ပြောဆိုခြင်းသည် မယုံနိုင်လောက်အောင် ထိခိုက်မှုရှိပါသည်။ ထိုမှသည် မလုံလောက်မှုနှင့် မိမိကိုယ်ကို ယုံကြည်ချက် မရှိမှုတို့ ခံစားလာရပါသည်။ ဥပမာ ကျွန်ုပ်တို့အားလုံး ဘုရားဖြစ်နိုင်စွမ်းရှိသည်ဆိုသော ကျွန်ုပ်တို့၏ “ဗုဒ္ဓသဘောသဘာဝ” ကို အသိအမှတ်ပြုခြင်းကဲ့သို့ မိမိကိုယ်ကို ကရုဏာထားခြင်းဖြင့် ဤကိုယ်တွင်းဝေဖန်သူကို အသံတိတ်စေကာ ကြမ်းတမ်းသော အကဲဖြတ်မှုများကို အားပေးကူညီသော အတွေးများဖြင့် အစားထိုးနိုင်ပါသည်။ ဤအကူးအပြောင်းသည် ကျွန်ုပ်တို့၏ စိတ်ကျန်းမာရေးကို တိုးတက်စေရုံသာမက စိတ်ထဲတွင် ပို၍အပြုသဘောဆောင်သော ကိုယ်တွင်းပုံရိပ်တစ်ခုကိုလည်း ပုံဖော်ပေးပါသည်။

ပုဂ္ဂိုလ်ရေး ဖွံ့ဖြိုးတိုးတက်မှုကို တိုးမြှင့်ပေးသည်

မိမိကိုယ်ကို ကရုဏာထားခြင်းသည် မိမိဘာသာ ဂရုစိုက်ကာ မိမိအမှားအတွက် တာဝန်မယူဘဲ ပြစ်ချက်များကို လျစ်လျူရှုရာ ရောက်သောကြောင့် မိမိကိုယ်ကို အလိုလိုက်ခြင်း ဖြစ်သည်ဟု အချို့ကထင်ကြပါသည်။ ထိုသို့မဟုတ်ပါ။ ယင်းသည် မိမိအမှားနှင့် မပြည့်စုံမှုများကို အသိအမှတ်ပြုသော လုံခြုံရာတစ်ခုဖြစ်ပါသည်။ သို့မှသာ ယင်းအချက်များမှနေ၍ ကျွန်ုပ်တို့ အမှန်တကယ် သင်ယူနိုင်ပြီး ဖွံ့ဖြိုးတိုးတက်လာပါသည်။ အချို့သူများအတွက် ကြမ်းတမ်းသော မိမိကိုယ်ကို ဝေဖန်မှုမှနေ၍ အကျိုးကျေးဇူး ခံစားရသော်လည်း ကျွန်ုပ်တို့အများစုအတွက်တော့ ကြင်နာမှုနှင့် နားလည်မှုတို့သည် မိမိကိုယ်ကို တိုးတက်မှု ပိုမိုရရှိလာစေနိုင်ပါသည်။ 

မိမိကိုယ်ကို ကရုဏာထားရန် လေ့ကျင့်ပုံ

သင်ကြုံတွေ့ရသည့် ဆင်းရဲဒုက္ခကို အသိအမှတ်ပြုပါ

မိမိကိုယ်ကို ကရုဏာထားရှိရန် ပထမဆုံးလိုအပ်သော အချက်မှာ ကျွန်ုပ်တို့သည် ဆင်းရဲဒုက္ခဖြစ်ကြောင်း အသိအမှတ်ပြုလိုက်ရုံသာ ဖြစ်သည်။ ဤသို့ကြားရသည်မှာ ပွင့်လင်းလွန်းသည်ဟု အထင်ရောက်နိုင်ပါသည်။ အထူးသဖြင့် ကျွန်ုပ်တို့သည် ကြံ့ခိုင်မှုရှိသင့်ကြောင်း၊ အမြဲတမ်း ထိန်းချုပ်မှုရှိသင့်ကြောင်း ခံစားရသောအခါတွင် ရုန်းကန်နေရသည်ဟု ဝန်ခံရန်အတွက် အခက်အခဲရှိနိုင်ပါသည်။ ထို့ကြောင့် သင်၏ ကိုယ်၊ စိတ်နာကျင်မှုကို အကဲဖြတ်မှုမပါဝင်ဘဲ အရင်ဆုံး အသိအမှတ်ပြုလိုက်ပါ။

သင့်ကိုယ်သင် ကြင်နာစွာဆက်ဆံပါ

ခက်ခဲသည့် အချိန်ကာလတစ်ခုကို ဖြတ်သန်းနေရသော မိတ်ဆွေရင်းချာတစ်ဦးအား သင်မည်သို့တုံ့ပြန်မည်ကို စိတ်ကူးကြည့်ပါ။ ဘယ်လိုစကားလုံးမျိုး သုံးမလဲ။ ဘယ်လို အကူအညီမျိုး ပံ့ပိုးမလဲ။ ယခုတစ်ဖန် အဆိုပါ ကြင်နာမှု၊ နားလည်မှုတို့အတိုင်း သင့်ကိုယ်သင် သဘောထားကြည့်ပါ။ သင့်ကိုယ်သင် ညင်သာပြီး ပံ့ပိုးကူညီသော လေသံဖြင့် ပြောဆိုကာ သင်လိုအပ်သည့် စိတ်သက်သာမှုကို သင့်ဘာသာပေးကမ်းပါ။

သင်ပါဝင်သော လူသားထုကို အသိအမှတ်ပြုပါ

အားလုံးသည် ဆင်းရဲဒုက္ခ ကြုံရသည်ကို အမှတ်ရပါ။ အမှားမပြုလုပ်မိသောသူဟူ၍ မရှိပါ။ ဤသည်မှာ လူသားသဘာဝဖြစ်သည်။ သင့်အခက်အခဲများ ကြုံရသည်မှာ သင်တစ်ဦးတည်း မဟုတ်ကြောင်း အသိအမှတ်ပြုခြင်းဖြင့် အခြားသူများနှင့် ဆက်စပ်ခံစားမိလာကာ ကြုံတွေ့ရသည့်အရာများတွင် အထီးကျန်ဆန်ခြင်း လျော့ပါးသွားနိုင်ပါသည်။

သတိဖြင့်ရှုမှတ် လေ့ကျင့်ခြင်း

သင့်စိတ်ခံစားချက်များကြောင့် ယိမ်းယိုင်မသွားစေဘဲ ပစ္စုပ္ပန်၌ ရှိအောင်နေပါ။ သင့်ခံစားချက်များနှင့် အတွေးများကို စိတ်ဝင်တစား ပွင့်လင်းစွာဖြင့် စောင့်ကြည့်ပြီး ယင်းတို့ကို ပြောင်းလဲရန်၊ ဖိနှိပ်ရန် မကြိုးပမ်းဘဲ အရှိအတိုင်းထားပါ။ ဤသို့သတိဖြင့်ရှုမှတ် ချဉ်းကပ်ခြင်းဖြင့် သင့်ကိုတည်တည်ငြိမ်ငြိမ်နှင့် ကိုယ်တွင်းငြိမ်းချမ်းမှု ရရှိအောင် ကူညီနိုင်ပါသည်။

နိဂုံး

မိမိကိုယ်ကို ကရုဏာထားခြင်းသည် ဗုဒ္ဓဘာသာ ကျင့်ကြံမှု၌ ဇိမ်ခံစရာ သို့မဟုတ် မလိုအပ်သောအရာ မဟုတ်ပါ။ မိမိကိုယ်ကို ကရုဏာထားတတ်အောင် ပြုစုပျိုးထောင်ခြင်းဖြင့် မိမိကိုယ်တိုင် နေထိုင်ကောင်းမွန်ရေးအတွက် ခိုင်မာသော အခြေခံအုတ်မြစ်နှင့် အခြားသူများအတွက် အသင့်ရှိနေနိုင်စွမ်းတို့ကို ဖန်တီးလိုက်ပါသည်။ သင့်ကိုယ်သင် ကြင်နာခြင်းမှာ အတ္တကြီးခြင်း မဟုတ်ဘဲ ပို၍ကရုဏာထားသော၊ သတိရှိသော၊ ပြည့်စုံသော ဘဝတစ်ခုအတွက် မရှိမဖြစ် အဆင့်တစ်ဆင့် ဖြစ်သည်ကို အမှတ်ရပါ။ ထို့ကြောင့် အထက်ပါအချက်များကို ယခုပဲ ပြန်လေ့လာကာ သင့်ကိုယ်သင် သင်နှင့်ထိုက်တန်သော ကရုဏာ ထားရှိလိုက်ပါ။

Top