
ကရုဏာဆိုသည်မှာ အခြားသူများအား ဆင်းရဲဒုက္ခနှင့် ယင်း၏အကြောင်းတရားများမှ လွတ်ကင်းစေလိုသောဆန္ဒဖြစ်ပြီး လူသားထု၏ အလှပဆုံးသော အရည်အသွေးတစ်ရပ်လည်း ဖြစ်ပါသည်။ သို့ရာတွင် ကရုဏာဖြင့်တွေးခြင်းသည် စိတ်ထားပြည့်ဝသလိုပင် လက်တွေ့ကျင့်သုံးလျှင်လည်း အမှန်ပင် အစွမ်းသတ္တိရှိပါသည်။ သို့ဖြစ်ရာ ကရုဏာကို လက်တွေ့ကျင့်သုံးခြင်းသည် ဗုဒ္ဓဘာသာ ကျင့်ကြံသူများဖြစ်သည့် ကျွန်ုပ်တို့၏ အနက်ရှိုင်းဆုံး တန်ဖိုးတစ်ရပ် ဖြစ်နေပါသည်။ သက်ရှိအားလုံး ကျန်းမာချမ်းသာရေးအတွက် ကျွန်ုပ်တို့၏ သန္နိဋ္ဌာန်ကို သိသာစွာ ဖော်ပြခြင်းလည်း ဖြစ်သည်။ ကျွန်ုပ်တို့၏ ကရုဏာတရားကို အဓိပ္ပာယ်ရှိစွာ လက်ကိုင်ထားကျင့်သုံးသောအခါ ကျွန်ုပ်တို့ပတ်ဝန်းကျင်ရှိ လောကအတွက် သက်သာရာရရှိစေနိုင်ပါသည်။ ထိုထက်ပို၍ အဓိပ္ပာယ်ရှိသည့်အရာ ရှိပါဦးမည်လား။
ဘာကြောင့် ကရုဏာတရား လက်ကိုင်ထားရသနည်း
ဆင်းရဲဒုက္ခကို စိတ်သက်သာရာရမှုအဖြစ် ပြောင်းလဲခြင်း
သစ္စာလေးပါးတွင် ပထမသစ္စာအရ ဘဝသည်မွေးစမှ သေသည်အထိ ဆင်းရဲဒုက္ခနှင့် စိတ်မကျေနပ်စရာများဖြင့် ပြည့်နှက်နေသည်ဟု ဟောကြားထားပါသည်။ ကရုဏာကို ဉာဏ်ပညာနှင့် တွဲစပ်လျှင် ဤဆင်းရဲဒုက္ခအတွက် ဖြေဆေးဖြစ်ပါသည်။ သို့သော် ကရုဏာကို အပြည့်အဝသဘောပေါက်ပါက နားလည်မှု၊ စာနာမှုတို့နှင့်သာ ရပ်တန့်မနေပါ။ လက်တွေ့ဆောင်ရွက်မှု လိုအပ်ပါသည်။ ကရုဏာတရား လက်တွေ့ကျင့်သုံးခြင်းဖြင့် ကျွန်ုပ်တို့သည် အခြားသူများ၏ ဆင်းရဲဒုက္ခကို တိုက်ရိုက်ဖယ်ရှားပေးနိုင်ပါသည်။ လိုအပ်ချက်ရှိနေသော မိတ်ဆွေတစ်ဦးကို ကူညီခြင်း၊ ပရဟိတအကျိုး ပံ့ပိုးခြင်း သို့မဟုတ် ရုန်းကန်နေရသူတစ်ဦးအတွက် အသင့်ရှိပေးခြင်းတို့ဖြင့် ကျွန်ုပ်တို့၏ ကရုဏာထား ဆောင်ရွက်ချက်များသည် အခြားသူများ၏ဘဝတွင် ကြီးစွာသော အပြောင်းအလဲ ဖြစ်စေနိုင်ပါသည်။ ကရုဏာတရား လက်ကိုင်ထားခြင်းသည် ကျွန်ုပ်တို့ကိုလည်း ပြောင်းလဲစေပါသည်။ ကြင်နာသော အပြုအမူများ ဆောင်ရွက်သောအခါ ရက်ရောပြီး လောကအတွက် လမ်းဖွင့်ထားသော နှလုံးသားကို တဖြည်းဖြည်း ရရှိလာပါသည်။
အပြုသဘော ကောင်းသောကံများ ဖန်တီးခြင်း
ဗုဒ္ဓဘာသာ၌ ကျွန်ုပ်တို့အပြုအမူများ၏ ရည်ရွယ်ချက်များက အထူးအရေးကြီးပါသည်။ စစ်မှန်သော ကရုဏာစိတ်ဖြင့် ဆောင်ရွက်ချက်များသည် အပြုသဘောကံများ ထွက်ပေါ်စေကာ နောင်အနာဂတ်ပျော်ရွှင်မှုကို ရရှိစေကြောင်း ဗုဒ္ဓမြတ်စွာဟောတော်မူပါသည်။ ကျွန်ုပ်တို့သည် ကရုဏာတရားဖြင့် ဆောင်ရွက်သောအခါ မိမိဘဝနှင့် အခြားသူတို့၏ ဘဝများ၌ အကျိုးဖြစ်ထွန်းစေမည့် ကြင်နာမှု မျိုးစေ့များကို စိုက်ပျိုးလိုက်သည်နှင့် ဆင်တူပါသည်။ ကရုဏာဖြင့် ပြုမူခြင်းသည် အပျက်သဘောကံများကို သံသရာ ဖြတ်လိုက်ပါသည်။ အခြေအနေများကို ဒေါသ၊ အတ္တတို့ဖြင့်မဟုတ်ဘဲ ကြင်နာမှု၊ နားလည်မှုတို့ဖြင့် အဖန်ဖန်တုံ့ပြန်ခြင်းအားဖြင့် ကျွန်ုပ်တို့၏ စိတ်နှလုံးတွင် အပြုသဘော ဆောင်ရွက်ချက်များ စတင်ပေါက်ဖွားလာကာ အလိုလိုပြုမူသည့် သဘာဝ ဖြစ်လာပါသည်။ ထိုအခါ ပိုမိုအားကောင်းသော ကိုယ်တွင်းငြိမ်းချမ်းမှုကို ရရှိသလို ဉာဏ်အလင်းရရှိမှုအထိ လမ်းကြောင်းသည်လည်း ပိုမိုရှင်းလင်းလာပါသည်။
အပြန်အလှန် ဆက်စပ်မှုကို နားလည်သဘောပေါက်ခြင်း
ကရုဏာတရား လက်ကိုင်ထားခြင်းဖြင့် သက်ရှိအားလုံး၏ အပြန်အလှန်ဆက်စပ်မှုကို ကျွန်ုပ်တို့သိရှိလာပါသည်။ ဤလောကစကြဝဠာတွင် မနက်မိုးလင်းသည်နှင့် မကောင်းတာဖြစ်ပါစေဆိုပြီး နိုးထလာသူဟူ၍ တစ်ဦးတစ်ယောက်မျှ မရှိပါ။ ကျွန်ုပ်တို့အားလုံးသည် ပျော်ရွှင်ခြင်းကို တန်းတူတောင့်တကြပါသည်။ ကရုဏာဖြင့် ပြုမူသောအခါ ကျွန်ုပ်တို့သည် ဤလောကကြီး၏ အစိတ်အပိုင်းဖြစ်သည်ကိုလည်းကောင်း၊ အခြားသူများ၏ ပျော်ရွှင်ခြင်း၊ ဆင်းရဲခြင်းများသည် ကျွန်ုပ်တို့၏ ပျော်ရွှင်ခြင်း၊ ဆင်းရဲခြင်းများနှင့် နီးကပ်စွာဆက်စပ်နေကြောင်း သိရှိလာသည်။ ဤသိမြင်မှုကြောင့် စုစည်းညီညွတ်မှု ခံစားချက် ပေါ်ထွက်လာပါ၏။ ထိုအခါ ဆင်းရဲဒုက္ခ မကြာခဏဖြစ်စေသည့် ကွဲပြားမှုနှင့် အထီးကျန်မှု အရံအတားများကို ဖြိုခွင်းလိုက်ပါသည်။ ကွဲပြားမှုကိုခံစားနေရသော ကမ္ဘာ၌ ကရုဏာတရား လက်ကိုင်ထားခြင်းသည် အားကောင်းသောစွမ်းအင်တစ်ခုဖြစ်ကာ ကျွန်ုပ်တို့အားလုံး အတူတကွ ရှိနေကြောင်း၊ တစ်ဦးကိုတစ်ဦး ပံ့ပိုးခြင်းဖြင့် ပို၍ညီညွတ်သောကမ္ဘာကို ဖန်တီးပေးနိုင်ကြောင်း ကျွန်ုပ်တို့အား သတိပေးနေပါသည်။

ကရုဏာတရား လက်ကိုင်ထားရန် နည်းလမ်းများ
ရက်ရောခြင်း
ရက်ရောခြင်းသည် မြတ်သောစိတ်ထားခြောက်ပါးတွင် ပထမအချက် ဖြစ်ပြီး ကရုဏာတရား လက်ကိုင်ထားရန် အကောင်းဆုံးနည်းလမ်းတစ်ရပ်လည်း ဖြစ်သည်။ ယင်းသည် လိုအပ်ချက်ရှိသူများအား မိမိတတ်နိုင်ပါက ရုပ်ဝတ္ထုပစ္စည်းလှူဒါန်းခြင်းကဲ့သို့ ပုံစံမျိုးစုံဖြစ်နိုင်ပါသည်။ မိမိအချိန်နှင့် ခွန်အားကိုလည်း နည်းလမ်းမျိုးစုံဖြင့် မျှဝေနိုင်ပါသည်။ ဗုဒ္ဓဘာသာတွင် လှူဒါန်းပေးကမ်းခြင်းသည် လက်ခံသူရော၊ ပေးကမ်းသူပါ အရေးပါပါသည်။ သန့်ရှင်းကြည်လင်သောစိတ်ဖြင့် အလှူပြုသောအခါတွင် အထူးသဖြင့် တစ်ခုခုပြန်လည်ရရှိမည်ဟု မမျှော်လင့်ဘဲ လှူဒါန်းသောအခါ မိမိ၏ဆန္ဒများကို စွန့်လွှတ်ပြီး ပီတိနှင့် ကိုယ်ကျိုးမငဲ့မှုအတွက် လမ်းပွင့်သွားပါသည်။
စိတ်ခံစားချက် ပံ့ပိုးမှုနှင့် နှစ်သိမ့်မှုပေးခြင်း
တစ်စုံတစ်ယောက်၏ဘဝ ခက်ခဲနေသည်ကို သတိပြုမိသောအခါ သူတို့အတွက် အကြံဉာဏ်မလိုအပ်ဘဲ သူတို့ဘေးမှာရှိမည့်သူတစ်ဦးကိုသာ လိုအပ်သည်ကို သင်သတိပြုမိပါသလား။ တစ်ခါတစ်ရံ ကျွန်ုပ်တို့ဆောင်ရွက်ပေးနိုင်သည့် ကရုဏာအရှိဆုံးအရာမှာ ဘေးနားတွင် ရှိနေပေးလိုက်ရုံသာ ဖြစ်သည်။ ကြင်နာသောစကားလုံးများ၊ ပွေ့ဖက်ခြင်း သို့မဟုတ် အကဲဖြတ်ခြင်းမပြုဘဲ နားထောင်ပေးခြင်း စသည့် စိတ်ခံစားချက် ပံ့ပိုးပေးခြင်းသည် ကြီးစွာသော စိတ်သက်သာရာရမှုကို ပေးစွမ်းနိုင်ပါသည်။ ဤသို့သော ကရုဏာထားခြင်းမျိုးသည် ခမ်းနားသော အပြုအမူများ မလိုအပ်ပါ။ ဤကြင်နာသည့် အပြုအမူ အသေးအဖွဲကလေးများက တစ်ခါတစ်ရံ အကြီးမားဆုံး အပြောင်းအလဲကို ဖြစ်စေပါသည်။ အခြားသူများ လိုအပ်နေချိန်တွင် အသင့်ရှိပေးခြင်းအားဖြင့် ကျွန်ုပ်တို့က ဂရုစိုက်ကြောင်းနှင့် သူတို့သည် အထီးကျန်မဆန်ကြောင်း ပြသလိုက်ပါသည်။
ရပ်ရွာစေတနာ့ဝန်ထမ်းအဖြစ် ပါဝင်ခြင်း
စေတနာ့ဝန်ထမ်း ဆောင်ရွက်ခြင်းသည် လက်တွေ့ကရုဏာထားနိုင်သည့် နောက်ထပ်နည်းလမ်းတစ်ခုဖြစ်သည်။ အစားအသောက် ဝေငှသောနေရာတွင် ကူညီခြင်း သို့မဟုတ် ရပ်ရွာသန့်ရှင်းရေးလုပ်ငန်း၌ ပါဝင်ဆောင်ရွက်ခြင်း စသည်ဖြင့် နေရာဒေသအများစုတွင် အခွင့်အလမ်းများ ရှိပါသည်။ စေတနာ့ဝန်ထမ်း ဆောင်ရွက်ခြင်းသည် အခြားသူများကောင်းကျိုးအတွက် တိုက်ရိုက်ကူညီခွင့် ရရှိစေပြီး ဘဝတွင် အဓိပ္ပာယ်ရှိသည်ဟုလည်း ခိုင်မာစွာသိမြင်လာပါသည်။ အခြားသူများအား အချိန်နှင့် ခွန်အားပေးပြီး ကူညီခြင်းအားဖြင့် ကျွန်ုပ်တို့သည် သည်းခံမှုနှင့် ကရုဏာကို မွေးမြူနိုင်ပါသည်။ နှိမ့်ချမှုကိုလည်း ရရှိကာ မိမိသည် လောကတွင် အရေးအကြီးဆုံးသူတစ်ယောက် မဟုတ်ကြောင်းနှင့် လူတိုင်းသည် ရုန်းကန်နေရကြောင်း သဘောပေါက်လာသဖြင့် ကျွန်ုပ်တို့၏ ကရုဏာစိတ်ကို အားကောင်းစေပါသည်။
လူမှုရေးအရ တရားမျှတမှုကို ဆော်ဩခြင်း
ကရုဏာတရား လက်ကိုင်ထားခြင်းသည် လူမှုရေးအရ မှန်ကန်သည်ကို အဆိုပြုရပ်တည်သည့်ပုံစံလည်း ဖြစ်နိုင်ပါသည်။ ဤသည်မှာ သက်ရှိအားလုံး၏ အခွင့်အရေးနှင့် ဂုဏ်သိက္ခာအတွက် ရပ်တည်ခြင်း၊ မတရားမှုကို စိန်ခေါ်ခြင်း၊ ပိုမိုမျှတပြီး ပို၍ကရုဏာထားသော လူမှုအသိုင်းအဝိုင်းတစ်ခု ဖြစ်လာအောင် ကြိုးပမ်းခြင်းတို့ ပါဝင်ပါသည်။ ထိုအတွက် လူသိများအောင် လှုံ့ဆော်ခြင်း၊ မူဝါဒအပြောင်းအလဲများဖြစ်အောင် ပံ့ပိုးခြင်း သို့မဟုတ် ငြိမ်းချမ်းစွာ တက်ကြွလှုပ်ရှားခြင်း သို့မဟုတ် ယင်းတို့ကိုဆောင်ရွက်သော အဖွဲ့အစည်းများအား လှူဒါန်းခြင်းတို့ ဆောင်ရွက်နိုင်ပါသည်။ အဆိုပြုထောက်ခံခြင်းသည် ခက်ခဲသော်လည်း ကရုဏာတရား ကျင့်သုံးရန်အတွက် ထိရောက်သော နည်းလမ်းတစ်ခုဖြစ်ပါသည်။ အကြောင်းမှာ ၎င်းသည် လူ့အသိုင်းအဝိုင်း၌ ခွဲခြားဆက်ဆံခံရမှု အရှိဆုံးလူများကို တစ်ခါတစ်ရံ အာရုံစိုက်သောကြောင့် ဖြစ်သည်။ ဆင်းရဲဒုက္ခကြုံတွေ့နေရသူများအား ကူညီရန် ကျွန်ုပ်တို့၏ခွန်အားကို အသုံးချရာလည်း ရောက်ပါသည်။
ကရုဏာတရား လက်ကိုင်ထားခြင်း၏ အကျိုးကျေးဇူးများ
ကရုဏာဖြင့် ပြုမူဆောင်ရွက်သောအခါ အခြားသူတစ်ဦးကို ကူညီခြင်းမျှသာ မဟုတ်ဘဲ မိမိအတွက် ပျော်ရွှင်မှု၊ အဓိပ္ပာယ်ရှိမှုတို့လည်း ပေါ်ထွက်လာပါသည်။ တစ်စုံတစ်ယောက်၏ ဝန်ထုပ်ဝန်ပိုးကို အနည်းငယ်မျှပင်ဖြစ်စေ စိတ်ရင်းအမှန်ဖြင့် လျှော့ချပေးနိုင်ပြီဟု သိရှိရာမှ ပေါ်ထွက်လာသည့် ပီတိကို စဉ်းစားကြည့်လိုက်ပါ။ ဤပီတိသည် လောကီအကျိုးအမြတ်များ၌ ကျေနပ်မှုကဲ့သို့ ခဏတာမျှသာမဟုတ်ဘဲ နက်ရှိုင်းပြီး ရေရှည်တည်တံ့သော ပျော်ရွှင်မှု ဖြစ်ပါသည်။ ထို့ပြင် ငွေကြေးတစ်စုံတစ်ရာလည်း မလိုအပ်ပါ။ ကျွန်ုပ်တို့အားလုံး ပါဝင်ဆောင်ရွက်နိုင်ပါသည်။ ထို့ပြင် ကရုဏာတရား လက်ကိုင်ထား၍ ပြုမူလိုက်တိုင်း မိမိစိတ်တွင်းရှိ ကရုဏာ အလေ့အထကို ခိုင်မာစေပါသည်။ အချိန်ကြာလာလျှင် မိမိနှင့်ကြုံဆုံလာသည့် မည်သူ့ကိုမဆို၊ မည်သည့်အခြေအနေကိုမဆို ကရုဏာဖြင့် အလိုလိုပြုမူမိလာပါလိမ့်မည်။
ဗုဒ္ဓဘာသာကျင့်ကြံမှု အားထုတ်လိုသူများအတွက် ကရုဏာတရားသည် တန်ဖိုးအရှိဆုံး အဖော်မွန်ဖြစ်သည်ဟု ဆိုနိုင်ပါသည်။ ကရုဏာရှိလျှင် ကျွန်ုပ်တို့ကို အခြားသူများနှင့် မချိတ်ဆက်နိုင်အောင် တားဆီးထားသည့် အရံအတားများကို ဖြိုခွင်းနိုင်ပါသည်။ ဒလိုင်းလားမား ဆရာတော်ကြီး မိန့်ကြားသလိုပင် ကျွန်ုပ်တို့သည် လူမှုရေးသတ္တဝါများဖြစ်ပြီး အခြားသူများနှင့် ချိတ်ဆက်မှုဖြင့် အမှန်ပင် ပျော်ရွှင်ပြီး အဓိပ္ပာယ်ရှိသောဘဝကို ဖန်တီးနိုင်ပါသည်။
နိဂုံး
ကရုဏာတရား လက်ကိုင်ထားခြင်းသည် ဗုဒ္ဓဘာသာကျင့်ကြံအားထုတ်မှု၏ အသည်းနှလုံးဖြစ်ပြီး ကမ္ဘာကြီး၌ လက်ရှိတွင် အပူတပြင်းလိုအပ်နေသောအရာ ဖြစ်သည်။ ၎င်းသည် ကျွန်ုပ်တို့စိတ်၌ ကိန်းအောင်းနေသော လှပသည့် ကရုဏာစိတ်ထားများကို လက်တွေ့ အကောင်အထည်မြင်ရသော အားထုတ်မှုများအဖြစ်သို့ ပြောင်းလဲပေးကာ ဆင်းရဲဒုက္ခကို ဖယ်ရှားပြီး ပိုကောင်းသော ကမ္ဘာကြီးတစ်ခုကို ဖန်တီးပါသည်။ အထက်ဖော်ပြပါ နည်းလမ်းတစ်ခုခုဖြင့်သော်လည်းကောင်း၊ အခြားနည်းလမ်းများစွာဖြင့်သော်လည်းကောင်း ကရုဏာတရား လက်ကိုင်ထားခြင်းဖြင့် ကျွန်ုပ်တို့သည် လိုအပ်ချက်ရှိနေသူများအား ကူညီရုံသာမက မိမိကိုယ်တိုင် ဉာဏ်အလင်းရရှိမှုလမ်းကြောင်းဆီသို့လည်း တွန်းပို့ရာ ရောက်ပါသည်။