ကရုဏာတရား ထားရှိခြင်း၏ အကျိုးကျေးဇူးများ

111111111111

ဗုဒ္ဓဘာသာတွင် ကရုဏာသည် မြင့်မြတ်သောစံနှုန်း တစ်ခုမျှသာ မဟုတ်ပါ။ ကျွန်ုပ်တို့၏ ဘာသာရေးကျင့်ကြံမှု အသည်းနှလုံးတွင် တည်ရှိနေသည့် အားကောင်းပြီး ပြောင်းလဲနိုင်စွမ်းရှိသော အင်အားတစ်ရပ်လည်း ဖြစ်ပါသည်။ ကရုဏာထားခြင်းသည် ကျွန်ုပ်တို့၏ ပုဂ္ဂိုလ်ရေးဖွံ့ဖြိုးတိုးတက်မှုအတွက်သာမက ကျွန်ုပ်တို့အားလုံးနီးပါး တောင့်တကြသည့် ပိုမိုငြိမ်းချမ်းပြီး ညီညွတ်သော ကမ္ဘာလောကကြီးတစ်ခု ဖန်တီးရာတွင်လည်း မရှိမဖြစ် အရေးပါလှပါသည်။ ကျွန်ုပ်တို့ကိုယ်တွင်း၌ ကရုဏာတရား လွှမ်းခြုံပွားများကာ အမှောင်ထုကို အလင်းဖြင့်ဖုံးလွှမ်းစေခြင်း၊ ဒုက္ခကို နှစ်သိမ့်မှုပေးခြင်းအားဖြင့် ကျွန်ုပ်တို့သည် အခြားသူများ၏ဘဝများကို မယုံကြည်နိုင်လောက်အောင် ရိုက်ခတ်မှုရှိနိုင်ပါသည်။ ဤကား ကရုဏာတရား၏ စွမ်းပကားပင်တည်း။

ကရုဏာတရား ဘာကြောင့်ထားရှိသင့်သလဲ။

 “ဘာကြောင့် ကရုဏာထားဖို့ လိုအပ်တာလဲ” ဟု အချို့က မေးကောင်းမေးနိုင်ပါသည်။ ကျွန်ုပ်တို့သည် အောင်မြင်ပျော်ရွှင်မှုများ ရရှိနေချိန်၌ မိမိအတွက်အကျိုးများစွာ ရှိမည်မဟုတ်သည့်အရာတစ်ခုကို မွေးမြူလိုမည် မဟုတ်ပေ။ သို့သော် ကျွန်ုပ်တို့ အောင်မြင်ပျော်ရွှင်မှုများ ရရှိနေလျှင်လည်း ဤသည်မှာ ကျွန်ုပ်တို့စားသည့် အစားအစာကို စိုက်ပျိုးသူများနှင့် ကျွန်ုပ်တို့ အသုံးပြုသော လမ်းများကို ပြုပြင်ထိန်းသိမ်းသူများကဲ့သို့ အခြားသူများအပေါ်၌ မည်မျှတည်မှီနေသည်ကို ဆန်းစစ်လေ့လာနိုင်ပါသည်။

ဤအချက်ကို နားလည်လာသောအခါ ကျွန်ုပ်တို့ပတ်ဝန်းကျင်ရှိ အရာများစွာအပေါ် ကျေးဇူးတင်မိလာပါသည်။ ကရုဏာထားရှိခြင်းသည် ဝေးနေ၊ နီးနေ အခြားသူများနှင့် ပို၍နက်ရှိုင်းသော ချိတ်ဆက်မှုကို သိမြင်နားလည်ရန် အဓိကကျသည်ကို ကျွန်ုပ်တို့သိရှိလာပါမည်။ ဗုဒ္ဓမြတ်စွာက သက်ရှိအားလုံးသည် အပြန်အလှန် ဆက်စပ်နေကြောင်း၊ အခြားသူများ၏ ဆင်းရဲ၊ ချမ်းသာဟူသမျှသည် ကျွန်ုပ်တို့၏ ဆင်းရဲ၊ ချမ်းသာများနှင့် ငြင်းဆိုမရအောင် ချိတ်ဆက်နေကြောင်း ဟောကြားတော်မူခဲ့ပါသည်။

ကရုဏာတရား ထားရှိသောအခါ သိသာထင်ရှားသော အချက်များမှာ- မိမိဘဝ၊ မိမိလိုအပ်ချက်၊ ဆန္ဒနှင့် စိုးရိမ်စရာများကို ကျော်လွန်၍ စတင်ရှုမြင်တတ်လာပါသည်။ အခြားသူများ၏ ကိုယ်၊ စိတ်ချမ်းသာမှုသည် ကျွန်ုပ်တို့လိုပင် အရေးကြီးသည်ကို စတင်သဘောပေါက်လာပါသည်။ တိဘက်ဆရာတော်ကြီးများက သင်ကြားသည့် နှစ်သက်ဖွယ်ရာ အလေ့အကျင့်တစ်ခုမှာ ကျွန်ုပ်တို့၏ လိုအင်နှင့်ဆန္ဒများသာ ပါဝင်သည့်ဘက်က တစ်ဘက်၊ သက်ရှိအားလုံး၏ မျှော်လင့်ချက်နှင့် ရုန်းကန်မှုများပါဝင်သည့် အခြားသူများအားလုံးက တစ်ဘက် ရှုမြင်ကြည့်ရန် ဖြစ်သည်။ ထို့နောက် မိမိ လိုအပ်ချက် တစ်ခုတည်းကသာ အရေးကြီးသလား၊ အခြားသူများအားလုံး၏ မရေမတွက်နိုင်သော လိုအပ်ချက်များက အရေးကြီးသလားဆိုသည်ကို မေးစမ်းကြည့်ပါ။ ဤသို့ရှုမြင်ပုံ ပြောင်းလဲသောအခါ အခြားသူများကို ကူညီရုံမျှသာ မဟုတ်တော့ဘဲ ကျွန်ုပ်တို့အားလုံး မိမိအတွက်သာ တွေးမိသည့် အတ္တဗဟိုပြုမှုတွင် ပိတ်မိနေခြင်းမှလည်း လွတ်မြောက်သွားပါတော့သည်။

အခြားသူများကို ပျော်ရွှင်စေလိုလျှင် ကရုဏာတရား လက်ကိုင်ထားပါ။ သင်ကိုယ်တိုင် ပျော်ရွှင်လိုလျှင် ကရုဏာတရား လက်ကိုင်ထားပါ။ — ၁၄ ပါးမြောက်ဘုန်းတော်ကြီး ဒလိုင်းလားမား

ထို့ပြင် ကရုဏာသည် စစ်မှန်သောပျော်ရွှင်ခြင်းအတွက် အရင်းခံတစ်ခုဖြစ်သည်ဟု ဗုဒ္ဓမြတ်စွာ ဟောတော်မူပါသည်။ ကရုဏာသည် တစ်ခဏမျှသာ စိတ်ကျေနပ်မှုပေးစွမ်းနိုင်သည့် ရုပ်ဝတ္ထုချမ်းသာကြွယ်ဝမှု သို့မဟုတ် ကျွန်ုပ်တို့၏ အလုပ်အကိုင် အောင်မြင်မှုများနောက်သို့ လိုက်နေခြင်းနှင့်မတူပါ။ ကရုဏာသည် ကြာရှည်တည်တံ့သော ချမ်းသာကို ယူဆောင်ပေးပါသည်။ ကရုဏာသည် တစ်ခုခု ပြန်လည်ရရှိမည်ကို မမျှော်ကိုးဘဲ ပေးကမ်းလှူဒါန်းခြင်း သို့မဟုတ် သူစိမ်းတစ်ယောက်ကို ပြုံးပြခြင်းကဲ့သို့ နေ့စဉ်အခိုက်အတန့်လေးများ၌ နှစ်သက်ကြည်နူးခွင့် ရရှိစေပါသည်။ ဤပျော်ရွှင်ခြင်းသည် ပြင်ပအခြေအနေများပေါ်တွင် မူတည်ခြင်း မရှိပါ။ အခြားသူများကို ဂရုစိုက်ခြင်း၊ ၎င်းတို့သည်လည်း ကျွန်ုပ်တို့လိုပင် ပျော်ရွှင်လိုသည့် လူသားများအဖြစ် ဆက်စပ်ကြည့်ခြင်းအားဖြင့် ဤစိတ်သည် အလိုလိုပေါ်ထွက်လာပါသည်။ 

ကရုဏာတရား ထားရှိခြင်း၏ အကျိုးကျေးဇူးများ

အခြားသူများ၏ ဆင်းရဲဒုက္ခကို အာရုံစိုက်ကာ ထိုအတွက် တစ်ခုခုဆောင်ရွက်ပေးလိုစိတ်ရှိခြင်းသည် အစပထမတွင် ကျွန်ုပ်တို့ကို စိတ်ပင်ပန်းစေနိုင်ပါသည်။ သို့သော် တကယ်တော့ ကရုဏာတရား ပို၍ထားလေ၊ မိမိကိုယ်တိုင် စိတ်အားထက်သန်လေဖြစ်ကာ မိမိဘဝတွင် ငြိမ်းချမ်းမှုနှင့် ရည်ရွယ်ချက်ရှိမှုတို့ကို ပိုမိုတွေ့ရှိလာပါသည်။ ရှင်းရှင်းပြောရလျှင် ကရုဏာထားခြင်းကြောင့် မိမိအတွက်ရော၊ မိမိပတ်ဝန်းကျင်ရှိ လောကအတွက်ပါ အကျိုးကျေးဇူးများစွာ ရရှိလာပါသည်။ 

လူတစ်ဦးချင်းအနေနှင့် ပြောရသော် ကရုဏာတရားသည် စိတ်ဖိစီးမှု၊ စိုးရိမ်သောကနှင့် စိတ်ဓာတ်ကျဆင်းမှုတို့ကို လျှော့ချပေးကြောင်း သိပ္ပံနည်းကျတွေ့ရှိထားပါသည်။ စိတ်ခံစားချက်ခွန်အား ရရှိစေပါသည်။ ဘဝအခက်အခဲအားလုံးကို ရင်ဆိုင်ရာတွင် ပိုမိုလွယ်ကူလာပါသည်။ ကရုဏာသည် ကျွန်ုပ်တို့၏ ပုဂ္ဂိုလ်ရေးဆက်ဆံရေးများ ကောင်းမွန်စေကာ မိမိအလေးထားရသူများအပေါ် ပို၍နားလည်မှုရှိခြင်း၊ သည်းခံခြင်းနှင့် ပံ့ပိုးခြင်းတို့ ရှိလာပါသည်။

ထိုထက်ကျယ်ပြန့်စွာဆိုရလျှင် ကရုဏာသည် လူမှုအသိုင်းအဝိုင်းကို ပြောင်းလဲနိုင်စွမ်းရှိပါသည်။ ကရုဏာဖြင့် လုပ်ကိုင်ဆောင်ရွက်သောအခါ ကြင်နာမှုနှင့် စာနာစိတ်ရှိသည့် ယဉ်ကျေးမှုတစ်ရပ်ကို ဖြည့်ဆည်းလိုက်ပါသည်။ ဤသည်မှာ လူတို့ကို တန်ဖိုးထား ပံ့ပိုးကူညီရာ ရောက်သည့် အပြုသဘော ပတ်ဝန်းကျင်တစ်ရပ် ဖန်တီးလိုက်ခြင်းကြောင့် ပိုကောင်းသော လူမှုရေး စည်းလုံးညီညွတ်မှု ပေါ်ပေါက်လာပါသည်။

သို့ရာတွင် ကရုဏာထားခြင်း၏ အကြီးမြတ်ဆုံး အကျိုးကျေးဇူးမှာကား ကျွန်ုပ်တို့ကို ကျွန်ုပ်တို့ပင်ကိုသဘာဝနှင့် ဆက်စပ်မိစေခြင်း ဖြစ်သည်ဟုဆိုနိုင်ပါသည်။ ကရုဏာသည် ကျွန်ုပ်တို့အား ကွဲပြားခြားနားမှု မောဟကို ကျော်လွန်ကာ မြင်တွေ့အောင် ကူညီပြီး သက်ရှိအားလုံး၏ အပြန်အလှန်ဆက်စပ်မှုကို ဖော်ကျူးလိုက်ပါသည်။ ဤသို့ သဘောပေါက်လာလျှင် ကျွန်ုပ်တို့သည် ရည်ရွယ်ချက်ရှိသည့် ခံစားချက်တစ်ခုကိုသာမက ကြာရှည်တည်တံ့သော ငြိမ်းချမ်းမှုနှင့် စိတ်ကျေနပ်မှုလမ်းကြောင်းတစ်ခုကိုပါ တွေ့ရှိလာပါသည်။

ကရုဏာတရား ထားရှိရန် နည်းလမ်းများ

ကရုဏာတရား ပွားများရန် နည်းလမ်းများစွာကို ဗုဒ္ဓမြတ်စွာ ဟောတော်မူပါသည်။ ထိုနည်းလမ်းများဖြင့် မိမိကိုယ်တိုင် လေ့ကျင့်ခြင်းအားဖြင့် အခြားသူများအပေါ် တဖြည်းဖြည်းနှင့် အလိုအလျောက် ကရုဏာ ထားလာနိုင်ကာ ပင်ကိုအရ ကြင်နာမှုဖြင့် ပြုမူလာပါတော့သည်။

အခြားသူများ၏ ဆင်းရဲဒုက္ခကို ဆင်ခြင်သုံးသပ်ခြင်း

 “ကရုဏာတရားခေါင်းပါးမှု” ကိုခံစားရသည်ဟု ဆိုသူများ ပိုမိုများပြားလာနေသည့် ကမ္ဘာကြီးတွင် ကျွန်ုပ်တို့ နေထိုင်နေရပါသည်။ စစ်ပွဲ၊ ငတ်မွတ်ခေါင်းပါးမှုနှင့် အခြားသော ဘေးအန္တရာယ်များအကြောင်းကို စဉ်ဆက်မပြတ် တွေ့မြင်နေရသလို ကျွန်ုပ်တို့ဖတ်ရှုသော သတင်းနှင့် လူမှုကွန်ရက်မီဒီယာများတွင် ယင်းတို့နှင့် ပြည့်နှက်နေရာ ကျွန်ုပ်တို့အများစုသည် နောက်ထပ်ပို၍ ဆင်းရဲဒုက္ခများ မြင်ရမည်ကိုပင် စိုးရိမ်ပြီး စိတ်ပျက်နေရပါသည်။

သို့ရာတွင် ကရုဏာတရား ထားရှိရန် အထိရောက်ဆုံး နည်းလမ်းတစ်ခုမှာ အခြားသူများ၏ ဆင်းရဲဒုက္ခအပေါ် စိတ်ဝင်တစား ဆင်ခြင်သုံးသပ်ကြည့်ခြင်းဖြစ်သည်။ ထို့ကြောင့် ဘေးဒုက္ခဆိုင်ရာ သတင်းတစ်ပုဒ် တွေ့လိုက်တိုင်း “အို၊ ဆိုးလိုက်တာနော်” ဟု တွေးမိရုံမျှမဟုတ်တော့ဘဲ အလိုလိုဆက်လက် ဖတ်ရှုမိပါသည်။ ဒုက္ခသည်များနှင့် ပတ်သက်သည့် ဇာတ်လမ်းတစ်ပုဒ်ကို နမူနာကြည့်ကြပါစို့။ မိမိနေရပ်ဇာတိနှင့် ဘဝတစ်ခုလုံးကို စွန့်ခွာပြီး မရေရာသည့်ဘဝတစ်ခုတွင် နေထိုင်ရသည့် အခြေအနေက မည်မျှဆိုးရွားသည်ကို တစ်ခဏမျှ ကျွန်ုပ်တို့ စဉ်းစားကြည့်နိုင်ပါသည်။ သူတို့ဘဝ လုံခြုံမှုအတွက် တစ်ခါတစ်ရံ အန္တရာယ်ကြီးသော ခရီးလမ်းကို ရင်ဆိုင်ဖြတ်သန်းရရုံသာမက ခိုလှုံရာနေရာသို့ နောက်ဆုံးရောက်လာပြန်တော့လည်း သံသယ၊ ကြောက်ရွံ့မှု၊ အရေးမပါမှုတို့ဖြင့် ဆက်ဆံခံရပြန်ပါသည်။ သင်ဖြစ်စေ၊ သင်ချစ်ရသူများဖြစ်စေ ထိုအခြေအနေတွင် ရောက်နေပါက မည်မျှဆိုးရွားလှသည်ကို စဉ်းစားကြည့်ကာ- “ဒီလိုဆင်းရဲဒုက္ခတွေကနေ လူတိုင်း လွတ်ကင်းကြပါစေ” ဆိုသည့် ကရုဏာခံစားချက် ပေါ်ထွက်လာပါမည်။

ဤနေရာ၌ ဆင်းရဲဒုက္ခကို ဆင်ခြင်သုံးသပ်ရန်ဆိုသည်မှာ နာကျင်ဝမ်းနည်းမှုများကို အာရုံစိုက်ကာ ထိုအတွက် ပူဆွေးသောကဖြစ်ရန် မဟုတ်ဘဲ ထိုဆင်းရဲဒုက္ခကို အားလုံးနှင့်ဆိုင်သည့် အတွေ့အကြုံတစ်ရပ်အဖြစ် အသိအမှတ်ပြုခြင်းသာ ဖြစ်ပါသည်။ ကျွန်ုပ်တို့ အနီးတွင်ဖြစ်စေ၊ အဝေးတစ်နေရာတွင်ဖြစ်စေ ရှိနေသော အခြားသူများရင်ဆိုင်ရသည့် စိန်ခေါ်မှုများကို အသိအမှတ်ပြုခြင်းဖြင့် ၎င်းတို့၏ ဆင်းရဲဒုက္ခကို ဖယ်ရှားပေးလိုသည့် စိတ်ရင်းအမှန်ကို ကျွန်ုပ်တို့မွေးမြူနိုင်ပါသည်။

ကြင်နာသောအပြုအမူများတွင် ပါဝင်ခြင်း

ဆိုခဲ့သလိုပင် ကရုဏာသည် ကျွန်ုပ်တို့ခံစားရသော အရာမျှသာမဟုတ်ဘဲ လုပ်ဆောင်ရသောအရာတစ်ခု ဖြစ်ပါသည်။ အကူအညီတစ်ခုပေးခြင်း၊ တစ်ယောက်ယောက်က ရင်ဖွင့်လိုသောအခါ နားထောင်ပေးခြင်း သို့မဟုတ် သူစိမ်းတစ်ယောက်ကို ပြုံးပြခြင်းစသည်ဖြင့် ကြင်နာသည့် အပြုအမူ အသေးအဖွဲကလေးများ ဖြစ်နေလျှင်ပင် ယင်းတို့ကို လက်တွေ့ကျင့်သုံး၍ ကရုဏာတရား လက်ကိုင်ထား၍ ရနိုင်ပါသည်။

အဆိုပါ ကြင်နာသည့် အပြုအမူ အသေးအဖွဲကလေးများသည် အရေးမပါသလို ထင်ရသော်လည်း ကြီးစွာသော သက်ရောက်မှု ရှိနိုင်ပါသည်။ ကျွန်ုပ်တို့ထင်ထားသည်ထက် အခြားသူများအပေါ်၌ ထိရောက်ပါသည်။ ကြင်နာမှုသည် ကြွက်သားများလိုပင်ဖြစ်သည်။ ကျွန်ုပ်တို့ ဆောင်ရွက်လိုက်သည့် ကြင်နာသော အပြုအမူတိုင်းသည် မည်မျှပင် သေးငယ်စေကာမူ ကျွန်ုပ်တို့၏ ကရုဏာကို တိုးပွားစေကာ နောင်တွင်လည်း စာနာမှု၊ အလေးထားမှုတို့ဖြင့် အလွယ်တကူ တုံ့ပြန်ဆောင်ရွက်လာနိုင်ပါသည်။ ကွဲပြားမှုများ ခံစားနေရသည့် လောကကြီးတွင် ထိုကဲ့သို့ ကြင်နာသည့် အပြုအမူ အသေးအဖွဲကလေးများဖြင့် ကျွန်ုပ်တို့အား အခြားသူများနှင့် အမှန်ပင် ပို၍နီးကပ်လာစေကာ ကမ္ဘာကြီးအတွက် အနည်းငယ်ပို၍ လင်းလက်စေနိုင်ပါသည်။

ကိုယ်ကျိုးမငဲ့သော မေတ္တာတရား လက်ကိုင်ထားခြင်း

ကိုယ်ကျိုးမငဲ့သော မေတ္တာတရားဟူသည် အခြားသူများအား ပျော်ရွှင်စေလိုသော စစ်မှန်သည့်ဆန္ဒတစ်ခုဖြစ်သလို ကရုဏာတရားနှင့်လည်း သိသိသာသာ နီးစပ်မှုရှိပါသည်။ ၎င်းသည် အတ္တဗဟိုပြု အလေးထားမှုများကို အာရုံမထားဘဲ သက်ရှိအားလုံးကို လွှမ်းခြုံ၍ ကျယ်ပြန့်စွာ မေတ္တာထားရန် အာရုံစိုက်သည့် အားကောင်းသော ကျင့်ကြံမှုတစ်ခုဖြစ်သည်။ ဤသို့ပြုလုပ်ခြင်းဖြင့် မိမိကိုယ်တွင်းရှိ ငြိမ်းချမ်းမှုနှင့် စိတ်ကျေနပ်မှု အရင်းအမြစ်ကို စတင်အသုံးချလာနိုင်ပါသည်။

“လောက၌ အပျော်ရွှင်ဆုံးလူသား” ဟု တစ်ခါတစ်ရံ ခေါ်ကြသော ဗုဒ္ဓဘာသာရဟန်းတစ်ပါးဖြစ်သည့် မက်သရူးရီကာ့ဒ်က “ကိုယ်ကျိုးမငဲ့ခြင်းသည် မိမိနှင့် အခြားသူများအတွက် အကြီးမားဆုံး အကျိုးကျေးဇူးကို ပေးစွမ်းသည့်အတွက် စိတ်တွင်ထားရှိရမည့် အကောင်းမွန်ဆုံး အခြေအနေတစ်ရပ်ဖြစ်သည်” ဟု မိန့်ကြားခဲ့ပါသည်။ ကိုယ်ကျိုးမငဲ့သော မေတ္တာကို နေ့စဉ်ကျင့်သုံးကြည့်လျှင် ကျွန်ုပ်တို့သည် ပို၍ကရုဏာထားတတ်ပြီး ပွင့်လင်းသောနှလုံးသားကို အလိုလိုရရှိလာပါသည်။

ဤကျင့်ကြံမှုအတွက် ခမ်းနားသော အပြုအမူများ မလိုအပ်ပါ။ တစ်နေ့တာ ကြုံတွေ့ရသူများအတွက် ပျော်ရွှင်ချမ်းမြေ့ပါစေဟု စိတ်ရင်းအမှန်ဖြင့် ဆန္ဒပြုခြင်းကဲ့သို့ ရိုးရှင်းစွာဖြင့် စတင်နိုင်ပါသည်။ လမ်းပေါ်က မရင်းနှီးသူတစ်ဦးကို တိတ်ဆိတ်စွာ စေတနာထားခြင်း၊ မိတ်ဆွေတစ်ဦးကို ငြိမ်းချမ်းပါစေဟု ဆန္ဒပြုခြင်း သို့မဟုတ် ကမ္ဘာတစ်ဝန်း ဆင်းရဲဒုက္ခရောက်နေသူများထံ မေတ္တာဓာတ်ပို့လွှတ်ခြင်းစသည့် တမင်ကြံရွယ်၍ ကြင်နာသည့် အပြုအမူကလေးများ ဆောင်ရွက်ခြင်းသည် ကျွန်ုပ်တို့၏ မေတ္တာ၊ ကရုဏာစွမ်းအားကို ကျယ်ပြန့်လာစေပါသည်။

တစ်ခါတစ်ရံ အပြင်ပန်းအားဖြင့် ဆင်းရဲဒုက္ခ ကြုံနေရသလိုရှိသူတို့အတွက် ကိုယ်ကျိုးမငဲ့သော မေတ္တာတရား ထားရှိရန် လွယ်ကူတတ်ပါသည်။ လမ်းပေါ်က သူတောင်းစားတစ်ယောက်ကို တွေ့သောအခါ “အို၊ သူ့ခမျာ ပျော်ရွှင်မှုရရှိပြီး ရုန်းကန်နေရတာတွေကနေ လွတ်မြောက်ပါစေ” ဆိုသည့်ခံစားချက်မျိုး ချက်ချင်းထားရှိနိုင်ပါသည်။ သို့သော် ကြွယ်ဝချမ်းသာကာ လိုတရနေသလို ရှိသူတစ်ယောက်အား တွေ့သောအခါ “ဒီလူအတွက် ပျော်ရွှင်ပါစေလို့ ဘာကြောင့် ဆုတောင်းပေးရမှာလဲ။ သူတို့မှာ အားလုံးရှိနေပြီပဲ” ဟုတွေးမိပါသည်။ သို့သော် ကိုယ်ကျိုးမငဲ့သော မေတ္တာတရားသည် ပြင်ပအသွင်အပြင်ထက် ကျော်လွန်၍ ထားရှိပါသည်။ တစ်စုံတစ်ယောက်သည် ရုန်းကန်နေသည်ဖြစ်စေ၊ ကြီးပွားနေသည်ဖြစ်စေ အားလုံးသည် ပျော်ရွှင်မှုကို ရထိုက်သည်ဟု ကျွန်ုပ်တို့ အမှတ်ရနေသင့်ပါသည်။

ဤအတွက် ဗုဒ္ဓမြတ်စွာက မေတ္တာဖြင့် တရားရှုမှတ်ခြင်းကို ဟောကြားခဲ့ပါသည်။ ဤကျင့်ကြံမှုအရ ကျွန်ုပ်တို့သည် မိမိအတွက် မေတ္တာနှင့် အကြင်နာ ခံစားချက် စတင်ထားရှိပြီးနောက် ထိုခံစားချက်အတိုင်းပင် အခြားသူများအပေါ် ဖြန့်ကျက်ရပါသည်။ အရင်ဆုံး ချစ်ခင်ရသူများ၊ ထို့နောက် ဘာမှမပတ်သက်သူများ၊ နောက်ဆုံးတွင် ဆက်ဆံရခက်ခဲပြီး စိန်ခေါ်မှုရှိသူများအပေါ် မေတ္တာထားခြင်းဖြစ်သည်။ ဤသို့ပြုရသည့် ရည်မှန်းချက်မှာ ကျွန်ုပ်တို့၏ မေတ္တာနှင့် အကြင်နာ စက်ဝန်းကို သက်ရှိအားလုံးအပေါ်၌ ခြွင်းချက်မရှိ တဖြည်းဖြည်းချဲ့ထွင်သွားရေး ဖြစ်ပါသည်။ အချိန်ကြာလာ သည်နှင့်အမျှ မိမိကြုံတွေ့ရသူအားလုံးပေါ်၌ ပျော်ရွှင်ချမ်းမြေ့ပါစေကြောင်း သဘာဝအလျောက် ဆန္ဒရှိလာပါမည်။

သတိဖြင့် ရှုမှတ်ခြင်းနှင့် တရားရှုမှတ်ခြင်း

သတိဖြင့် ရှုမှတ်ခြင်းသည် ကျွန်ုပ်တို့၏ အတွေးများ၊ စိတ်ခံစားချက်များနှင့် ဘေးပတ်ဝန်းကျင်အား အကဲဖြတ်မှုမပြုဘဲ ပစ္စုပ္ပန်၌ အပြည့်အဝ သတိရှိနေရန် ကျင့်ကြံမှုဖြစ်သည်။ လူတိုင်း ကျင့်သုံးနိုင်သည့် ဤအကျင့်ကို လေ့ကျင့်ရင်း မိမိကိုယ်တိုင်နှင့် အခြားသူများ၏ ဆင်းရဲဒုက္ခအကြောင်း ပိုမိုရှင်းလင်းစွာ နားလည်လာပါသည်။ ကျွန်ုပ်တို့၏သတိ ပိုကောင်းလာသည်နှင့်အမျှ ကရုဏာလည်း ပိုကောင်းလာပါသည်။ ထို့ပြင် ဆင်းရဲဒုက္ခဟူသည် ကျွန်ုပ်တို့အားလုံး ကြုံတွေ့ရသည့် လူ့အခြေအနေ၏ အခြေခံအစိတ်အပိုင်းတစ်ရပ် ဖြစ်သည်ကို စတင်သိမြင်လာပါသည်။

ဗုဒ္ဓဘာသာ ရဟန်းတော်ကြီး သစ်နက်ဟန်က “သတိဖြင့် ရှုမှတ်ခြင်းသည် ကရုဏာကို မွေးဖွားပေးသည်” ဟု တင်စားမိန့်ဆိုထားပါသည်။ ကျွန်ုပ်တို့ ပို၍သတိရှိလာလေ၊ ကျွန်ုပ်တို့နှင့် အခြားသူများကြုံရသည့် နာကျင်မှု၊ ကြောက်ရွံ့မှု၊ စိတ်ပျက်မှု ခံစားရပုံများကို သိသာထင်ရှားသော အချက်များအား စတင်သတိပြုမိရုံသာမက မသိသာသော အချက်များကိုပါ သတိပြုမိလာပါသည်။ ဤသို့နားလည်သဘောပေါက်ပါက နှလုံးသားများ နူးညံ့လာကာ စိတ်ဆိုးဒေါသထွက်၍ တုံ့ပြန်မည့်အစား မေတ္တာ၊ ကရုဏာဖြင့် တုံ့ပြန်လာနိုင်ပါသည်။

သတိဖြင့် ရှုမှတ်ခြင်းနှင့် တရားရှုမှတ်ခြင်းမှတစ်ဆင့် ကျွန်ုပ်တို့သည် လူတိုင်းမည်သည့်အခြေအနေမှာဖြစ်စေ ရုန်းကန်မှု၊ စိန်ခေါ်မှုများ ရင်ဆိုင်ရသည်ကို သိရှိလာပါသည်။ ထိုအခါ ရုတ်တရက် အလွယ်တကူ ပြုလုပ်မိတတ်သည့် ရုတ်ချည်း အကဲဖြတ် ကောက်ချက်ချခြင်းမျိုးကို မပြုမိတော့ပါ။ သက်ရှိအားလုံးအပေါ် ကရုဏာ ဖြန့်ကျက်မှုကို တဖြည်းဖြည်း ကျင့်သုံးရင်း ကျွန်ုပ်တို့နှင့် အခြားသူများကို နက်ရှိုင်းသောချိတ်ဆက်မှု မပြုနိုင်အောင် တားဆီးလေ့ရှိသည့် ကွဲပြားခြားနားမှု၊ တစ်ခါတစ်ရံ သာလွန်ကောင်းမွန်မှု နံရံများကို ကျွန်ုပ်တို့စတင် ဖြိုခွင်းလာပါတော့သည်။ ထိုအခါ လူမှုရေးသတ္တဝါများအဖြစ် မိမိကိုယ်တိုင် ပျော်ရွှင်မှုကိုသာမက မိမိအနီးဝန်းကျင်ရှိ အားလုံး၏ ပျော်ရွှင်မှုကိုပါ ဖြည့်ဆည်းပေးလိုက်ပါသည်။

နိဂုံး- စစ်မှန်သောကရုဏာ ထားရှိနိုင်ရေး

ဆရာတော်သစ်နက်ဟန်က “ကရုဏာသည် ပြုမူခြင်းဖြစ်သည်” ဟုဆိုပါသည်။ ကရုဏာသည် အမြင်အားဖြင့် ရုန်းကန်နေရသူများအပေါ်၌သာမက မိမိကြုံတွေ့ရသူတိုင်းအတွက်ပါ ကျွန်ုပ်တို့ တက်တက်ကြွကြွ မွေးမြူရမည့်အရာ ဖြစ်သည်။ ကြင်နာသည့် အပြုအမူ အသေးအဖွဲကလေးများ၊ အခြားသူများ၏ ဆင်းရဲဒုက္ခကို ဆင်ခြင်သုံးသပ်ခြင်း သို့မဟုတ် မေတ္တာဖြင့် တရားရှုမှတ်ခြင်း အစရှိသည့် ကျွန်ုပ်တို့ထံမှ ကရုဏာမျိုးစေ့သည် သက်ရှိအားလုံးအတွက် စစ်မှန်သော အလေးထားမှု ပန်းတစ်ပွင့်အဖြစ် ပွင့်လန်းလာနိုင်ပါသည်။

ကျွန်ုပ်တို့သည် လူသားများဖြစ်သည့်အားလျော်စွာ ပုဂ္ဂိုလ်ရေးလိုအပ်ချက်များနှင့် စိုးရိမ်မှုများဖြင့် အလွန်ပင် အချိန်ကုန်လွယ်ပါသည်။ သို့သော် လူတိုင်းသည်လည်း မည်သူပင်ဖြစ်စေ၊ မည်သည့်အရပ်က လာသည်ဖြစ်စေ၊ မည်သို့တွေ့မြင်ရသည်ဖြစ်စေ ပျော်ရွှင်မှုကို အလိုရှိကာ ဆင်းရဲဒုက္ခမှ လွတ်မြောက်လိုကြပါသည်။ ဤနေရာတွင် ကျွန်ုပ်တို့က ဝင်ရောက်ဖြည့်ဆည်းပေးနိုင်ပါသည်။ ကျွန်ုပ်တို့သည် မိမိကိုယ်ကို အရေးမပါကြောင်း ထင်မိသော်လည်း ဗုဒ္ဓမြတ်စွာက အရာအားလုံး၊ သက်ရှိအားလုံးသည် အပြန်အလှန် ချိတ်ဆက်နေကြောင်း ဟောကြားခဲ့ပါသည်။ ဆိုလိုသည်မှာ သူစိမ်းများကို ကျွန်ုပ်တို့ ပြုံးပြလိုက်တိုင်း၊ မေတ္တာဖြင့် တရားရှုမှတ်လိုက်သည့် အချိန်တိုင်းသည် မိမိနှင့် မိမိအနီးဝန်းကျင်၌ ရှိသူများအပေါ် အပြုသဘော သက်ရောက်မှုရှိနေပါသတည်း။

Top