ဆခုန်ယင်းပိုချီ ပျံလွန်တော်မူခြင်းနှင့် ပြန်လည်ဝင်စားခြင်း

ဒလိုင်းလားမား ဆရာတော်ကြီး၏ အသက်အန္တရာယ်

ဆခုန်ယင်းပိုချီ ပျံလွန်တော်မူခြင်းသည် သူ့ဘဝထက်ပင် ပို၍ထင်ရှားပါသည်။ ၁၉၈၃ ခုနှစ် ဇူလိုင်လတွင် ယင်းပိုချီသည် စပီတီရှိ တာဘို ကျောင်းတိုက်တွင် ဒလိုင်းလားမား ဆရာတော်ကြီး၏ ကာလချက္ကရာ ချီးမြှင့်မှုအခမ်းအနားကို စီစဉ်ကျင်းပပါသည်။ ထို့နောက် ယင်းပိုချီက တိဘက်ရိုးရာဗေဒင်အရ ဤအခမ်းအနားသည် ဆရာတော်ကြီး၏ အတားအဆီးနှစ် ဖြစ်သည်ဟု ဒေသခံ သက်ကြီးသံဃာတစ်ပါးဖြစ်သော ကာချန်ဒရူယယ်ကို ပြောပါသည်။ ဆရာတော်ကြီးသည် အသက်အန္တရာယ် ရှိနေပါသည်။ ဤအတားအဆီးများကို သူ့အပေါ်သို့ လွှဲပြောင်းလိုက်သင့်ပါသည်။ ဤအချက်ကို မည်သူ့ကိုမျှ မပြောရန် ထိုသံဃာတော်ကြီးအား သူကပြောပါသည်။

ထို့နောက် ယင်းပိုချီသည် သုံးပတ်တာ ပြင်းထန်သော တရားစခန်း ဝင်ပါသည်။ ထို့နောက်တွင် အနီးအနားမှ တိဘက်စစ်စခန်းသို့ သွားပြီး ဘုရားလောင်းတို့၏ ပြုမူဆောင်ရွက်မှုကို လေ့လာခြင်း တရားကို စစ်သားများအား ဟောကြားပါသည်။ ယင်းပိုချီသည် ကျမ်းစာတစ်ခုလုံးကို ကာလရှည်ကြာ ဟောရမည် ဖြစ်သော်လည်း အမြန်ဟောကြားခဲ့ပါသည်။ ထိုစခန်းမှ စီစဉ်ထားသည်ထက် ရက်ပေါင်းများစွာစောပြီး ပြန်လာရင်း သူက ထူးခြားသောတစ်နေရာသို့ သွားရမည်ဟု ရှင်းပြပါသည်။ ထိုနေ့သည် ၁၉၈၃ ခုနှစ်၊ ဩဂုတ်လ ၂၉ ရက်နေ့ ဖြစ်ပြီး ဆရာတော်ကြီးက ဆွစ်ဇာလန်နိုင်ငံ၊ ဂျီနီဗာမြို့သို့ လေယာဉ်ဖြင့် သွားသည့်နေ့ ဖြစ်ပါသည်။ ပါလက်စတိုင်း လွန်မြောက်ရေးအဖွဲ့ ဥက္ကဋ္ဌ ယာဆာအာရာဖတ်သည်လည်း ထိုနေရာသို့ ရောက်ရှိလာမည့်အချိန် ဖြစ်ပါသည်။ ရဲအရာရှိများက အာရာဖတ်ကို အကြမ်းဖက် တိုက်ခိုက်ခံရနိုင်သည်ဟု စိုးရိမ်နေပါသည်။ သူတို့က ဆရာတော်ကြီး၏ လုံခြုံရေးကို အာမမခံနိုင်ကြောင်း သတိပေးပါသည်။

ဆရာတော်ကြီး၏ အသက်အန္တရာယ်ကို သူကိုယ်တိုင်ခံယူရန် ပြင်ဆင်ခြင်း

ယင်းပိုချီနှင့် ငါဝမ်တို့သည် စစ်စခန်းမှနေ၍ ဂျစ်ကားဖြင့် အမြန်ပြန်လာပြီး တာဘိုကျောင်းတိုက်တွင် ခဏနားပါသည်။ ယင်းပိုချီက ကာချန်ဒရူယယ်ကို သူတို့နှင့်အတူ လိုက်ခိုင်းသော်လည်း သံဃာတော်ကြီးက သင်္ကန်းကို လျှော်ဖွပ်နေသည်ဟု ရှင်းပြသည်။ ယင်းပိုချီက အရေးမကြီးကြောင်းပြောကာ အတွင်းသင်္ကန်းဖြင့် လိုက်လာခိုင်းပါသည်။ ဂျစ်ကားအမိုးပေါ်တွင် သူ့သင်္ကန်းကို ချည်ထားပြီး နေလှန်းနိုင်သည့်အတွက် သံဃာတော်ကြီးက လိုက်ပါလာပါသည်။

စပီတီတောင်ကြားထဲသို့ ပိုမိုဝင်ရောက်လာသောအခါ ယင်းပိုချီက ငါဝမ်ကို ဥုံ မဏိပဒ္ဓမေဟုမ် ကရုဏာမန္တရားကို အဆက်မပြတ် အမြဲရွတ်ခိုင်းသော်လည်း သူက အလေးအနက် မထားခဲ့ပါ။ ယင်းမှာ သူ၏နောက်ဆုံးခွဲခွာသည့် အကြံပေးစကား ဖြစ်ပါသည်။

ထို့နောက် သူတို့သည် ကျည် ကျောင်းတိုက်တွင် ရပ်နားပါသည်။ ယင်းပိုချီက ကပ်လှူမှုများ ပြုလိုပါသည်။ ငါဝမ်က နောက်ကျနေပြီဖြစ်သည့်အတွက် မနက်မှ သွားနိုင်ကြောင်း ပြောသော်လည်း ယင်းပိုချီက အတင်းသွားပါသည်။ အခါများစွာပင် ယင်းပိုချီသည် နှေးကွေးစွာ လမ်းလျှောက်ပြီး အခက်အခဲရှိပါသည်။ သို့သော် အချို့နေရာတွင် ယင်းပိုချီသည် အတော်လေး ပြေးလွှားသွားနိုင်ပါသည်။ ဥပမာပြရလျှင် တစ်ခါက လေဆိပ်တစ်ခုတွင် လေယာဉ် နောက်ကျလုနီးပါး ဖြစ်နေချိန်၌ ယင်းပိုချီသည် အလွန်လျင်မြန်စွာ ပြေးသွားရာ မည်သူမျှသူ့ကို လိုက်မမီပါ။ ထိုအတူ ဗုဒ္ဓဂါယာတွင် တစ်ခါက ဆရာတော်ကြီးက ဗုဒ္ဓနှုတ်ကပတ်တော် (ကန်ယူ) တိဘက်ဘာသာပြန် အတွဲတစ်ရာကို စုပေါင်း ရွတ်ဆိုပွဲတွင် ပါဝင်နေချိန်တွင် ယင်းပိုချီသည် ဆရာတော်ကြီး၏ဘေးတွင် ထိုင်ပြီး ကျွန်ုပ်က သူ့အနောက်မှာ ရှိပါသည်။ ဆရာတော်ကြီး၏ ယိုယွင်းနေသော ကျမ်းစာမှ စာရွက်တစ်ရွက်ကို လေတိုက်ပြီး လွင့်ပါသွားရာ ယင်းပိုချီက သူ့ထိုင်ခုံမှနေ၍ ပြေးလိုက်ပြီး ကြမ်းပြင်ပေါ်၌ ချက်ချင်းကောက်ယူပါသည်။ ပုံမှန်အားဖြင့် သူသည် မတ်တပ်ထရန် အကူအညီလိုပါသည်။ ထိုစဉ်က ကျည်ကျောင်းတိုက်တွင် ယင်းပိုချီသည် မတ်စောက်သော တောင်ပေါ်လမ်းထက်သို့ အကူအညီမပါဘဲ လျင်မြန်စွာ ပြေးသွားပါသည်။

ယင်းပိုချီသည် ကပ်လှူပြီးနောက် ကျည် ကျောင်းတိုက် သံဃာများက သူတို့ထံတွင် တစ်ညကျိန်းရန် တောင်းဆိုပါသည်။ ယင်းပိုချီက ငြင်းလိုက်ပြီး ကျည်ဘာကျေးရွာသို့ ထိုညတွင် ရောက်ရမည်ဟု ဆိုပါသည်။ သူ့ကိုထပ်တွေ့လိုပါက ထိုနေရာသို့ လိုက်သွားရပါမည်။ ထို့နောက် သူသည်လျင်မြန်စွာ ထွက်ခွာပြီး ဖြစ်လာမည့်အရာကို သွယ်ဝိုက်အသိပေးခဲ့ပါသည်။

ယင်းပိုချီနှင့်အဖွဲ့သည် ကျည်ဘာ တောင်ပေါ်ကျေးရွာသို့ ရောက်သောအခါ သူသိသော လယ်သမားအိမ်ကို သွားပါသည်။ ထိုသူက လယ်တောထဲတွင်သာ ရှိနေသေးပြီး ဧည့်သည်လာမည်ဟု မမျှော်လင့်ထားပါ။ ယင်းပိုချီက သူ့ကိုနောက်တစ်ပတ် အလုပ်များသလားဟု မေးသည်။ လယ်သမားက မများကြောင်း ဖြေပြီး ယင်းပိုချီကို သီတင်းသုံးနေထိုင်ရန် ဖိတ်ခေါ်ပါသည်။

တရားရှုမှတ်ရင်း ယင်းပိုချီ ပျံလွန်တော်မူသော ညနေခင်း

ရေချိုးသန့်စင်ကာ ဒိန်ချဉ်ဘုဉ်းပေးပြီးနောက် ယင်းပိုချီသည် မှတ်သားထားသော ဆုန်ခပ၏ ကောက်ယူနိုင်သော အဓိပ္ပာယ်နှင့် တိကျသော အဓိပ္ပာယ်တို့ကို အကောင်းဆုံး ရှင်းပြချက်များ အနှစ်ချုပ် ကို ရွတ်ဖတ်ရာ နှစ်နာရီခန့် ကြာပါသည်။ ရွတ်ဖတ်ပြီးသောအခါ ငါဝမ်ကိုခေါ်ပြီး သူနေမကောင်းကြောင်း ပြောပါသည်။ ထို့နောက် သူ့ဦးခေါင်းကို ငါဝမ်၏ ပခုံးပေါ်တွင်ထားပါသည်။ ပုံမှန်အားဖြင့် ထိုသို့ သူလုံးဝမပြုလုပ်ပါ။ ပြန်စဉ်းစားကြည့်သောအခါ သူနှုတ်ဆက်နေသည့်သဘော ဖြစ်ပါသည်။ ထိုသို့မဖြစ်မီက ချွန်ဇေလ ကို ဆင်းမလားသို့ စေလွှတ်ထားပါသည်။ ဖြစ်လာမည့်အရာကို ချွန်ဇေလ မြင်တွေ့လျှင် အလွန်ဝမ်းနည်းမှာသေချာသည့်အတွက် ဖြစ်ပါသည်။ သူသည် ယင်းပိုချီနှင့်အတူ ခြောက်နှစ်အရွယ်ကတည်းက အတူရှိခဲ့ပြီး ယင်းပိုချီက သူ့ကို သားအရင်းကဲ့သို့ ပြုစုခဲ့ပါသည်။

ငါဝမ်က ဆရာဝန် ခေါ်ရမလား၊ ဆေးဝါးအချို့ ယူလာရမလားဟု မေးသော်လည်း ယင်းပိုချီက မလိုအပ်ကြောင်း ပြောပါသည်။ ငါဝမ်က သူဘာလုပ်ပေးနိုင်မလဲဟု မေးရာ ယင်းပိုချီက သူ့ကိုအိမ်သာသို့ လမ်းလျှောက်ခေါ်သွားခိုင်းသည့် အတွက် သူကခေါ်သွားပါသည်။ ထို့နောက် ယင်းပိုချီသည် ငါဝမ်ကို သူ့အိပ်ရာပြင်ခိုင်းပါသည်။ သူအမြဲအိမ်နေကျ အဝါရောင် အိပ်ရာခင်းအစား ယင်းပိုချီက ငါဝမ်ကို အဖြူရောင် ခင်းခိုင်းပါသည်။ တန္တရကျင့်ကြံမှုတွင် အဝါရောင်သည် အခြားသူများကို ကူညီနိုင်စွမ်း တိုးမြှင့်နိုင်အောင် ဝတ်ပြုမှုများအတွက် အတွက် အသုံးပြုပါသည်။ အဖြူရောင်ကိုမူ အတားအဆီးများ လျော့ပါးအောင် အသုံးပြုပါသည်။

ယင်းပိုချီသည် ငါဝမ်နှင့် ကာချန်ဒရူယယ်ကို သူ့အိပ်ခန်းသို့ လာခိုင်းရာ သူတို့က လာပါသည်။ ထို့နောက် ယင်းပိုချီသည် ညာဘက်သို့ ဘုရားရှင်အိပ်စက်တော်မူသည့် ပုံစံအတိုင်း လဲလျောင်းပါသည်။ သူအိပ်တော့မည်ဆိုလျှင် ပုံမှန် ပြုလုပ်သည့် ဘယ်ဘက်လက်ကို ဘေးမှာထားပြီး ညာဘက်လက်က မျက်နှာအောက်တွင် ထားသည့် ပုံမှန်လက်အနေအထားမျိုး မဟုတ်ဘဲ တန္တရ ထွေးပွေ့မှုကိုယ်နေဟန်ထားအတိုင်း လက်ပိုက်ထားပါသည်။ ထို့နောက် “အပေးနှင့်အယူ” (တုန်လန်) တရားရှုမှတ်မှုဖြင့် သိသာစွာ အသက်ပြင်းပြင်း စတင်ရှူရှိုက်ကာ ပျံလွန်တော်မူပါသည်။ ပျံလွန်တော်မူချိန်တွင် သက်တော် ခြောက်ဆယ့်ကိုးနှစ်ဖြစ်ပြီး ကျန်းမာရေး လုံးဝကောင်းပါသည်။ လွန်ခဲ့သောနှစ်လက ကျွန်ုပ်သည် သူ့ကို ဒေလီမြို့သို့ ခေါ်သွားပြီး သေချာစွာ ကျန်းမာရေးစစ်ဆေးခဲ့ပါသည်။

ထိုအခိုက်အတန့်မှာပင် ဆရာတော်ကြီးသည် ဂျီနီဗာသို့အသွား လေယာဉ်ပေါ်တွင် ရှိနေစဉ် ဥက္ကဋ္ဌအာရာဖတ်သည် ရုတ်တရက် စိတ်ပြောင်းပြီး ဆွစ်ဇာလန်သို့လာမည့် ခရီးစဉ်ကို ရွှေ့ဆိုင်းရန် ဆုံးဖြတ်ပါသည်။ လေဆိပ်တွင် အကြမ်းဖက် တိုက်ခိုက်မည့် အန္တရာယ်လည်း ကွယ်ပျောက်သွားပါသည်။ ဆရာတော်ကြီး၏ အသက်အန္တရာယ် မရှိတော့သော်လည်း ဆရာတော်ကြီး၏ ယာဉ်တန်းသည် လေဆိပ်မှ ဟိုတယ်သို့သွားရာလမ်းတွင် လမ်းပျောက်သွားပါသည်။ သို့သော် ဆရာတော်ကြီးသည် မည်သည့် အန္တရာယ်မျှ မရှိတော့ပါ။ ဆခုန်ယင်းပိုချီသည် ဆရာတော်ကြီး၏ အသက်အတွက် အဟန့်အတားကို အောင်မြင်စွာ ဖယ်ယူပြီး သူ့ဘဝစွမ်းအင်ကို အစားပြန်ပေးလိုက်ပါသည်။

အတားအဆီးများ ကျော်လွှားရန် ယင်းပိုချီအသုံးပြုသည့် အပေးနှင့်အယူ တရားရှုမှတ်ခြင်း

အပေးနှင့်အယူသည် အခြားသူများထံမှ အတားအဆီးများ ရယူပြီး သူတို့ကို ပျော်ရွှင်မှုပေးသည့် အဆင့်မြင့် ဗောဓိသတ္တ နည်းစနစ် ဖြစ်ပါသည်။ ဤကျင့်ကြံမှုကို ဟောကြားသောအခါတိုင်း ယင်းပိုချီက ကျွန်ုပ်တို့သည် မိမိ၏ဘဝ စတေးရလျှင်ပင် အခြားသူများ၏ ဆင်းရဲဒုက္ခကို ရယူလိုစိတ်ရှိရန်လိုသည်ဟု ပြောပါသည်။ ကူနူလားမား ယင်းပိုချီ၏ နမူနာကို သူအမြဲပြောပါသည်။ သူ့နေရပ်ခရိုင်မှ လူတစ်ယောက်သည် တစ်စုံတစ်ယောက်၏ ဦးခေါင်းထိခိုက်ဒဏ်ရာရမှုကို ရယူပြီး ကွယ်လွန်သည့် နမူနာ ဖြစ်ပါသည်။ ယင်းပိုချီသည် ထိုသို့ပြုလုပ်မလားဟု မေးသောအခါ ဆုံးရှုံးမှု မဟုတ်ပါက မပြုလုပ်ကြောင်း သူကဖြေသည်။ ကမ္ဘာကြီး တိုးတက်မှုအတွက် ဘဝကိုအစတေးခံသည့် အာကာသယာဉ်မှူးနှင့် တူသည်ဟု သူကရှင်းပြပါသည်။ သူရဲကောင်း အာကာသယာဉ်မှူး၏ နမူနာနှင့် ကျော်ကြားမှုလိုပင် သူ့မိသားစုအတွက် များပြားသော အစိုးရ ထောက်ပံ့ကြေး ရရှိမည် ဖြစ်သောကြောင့် လားမားတစ်ပါး၏ စတေးမှုသည် ကျန်ရစ်သော တပည့်များ၏ ဘာသာရေး တိုးတက်မှု ဖြစ်စေသည့် သူရဲကောင်းနမူနာ ဖြစ်ပါသည်။

ပျံလွန်တော်မူသည့် တရားရှုမှတ်မှု ပုံစံဖြင့် သုံးရက်တာ ဆက်လက်ရှိနေခြင်း

ဆခုန်ယင်းပိုချီသည် ရှင်းလင်းသော ပျံလွန်တော်မူသည့် တရားရှုမှတ်မှု ပုံစံဖြင့် သုံးရက်တာ ဆက်ရှိနေပါသည်။ မိမိ၏ ပြန်ဝင်စားမှုကို ညွှန်ကြားနိုင်စွမ်း ရှိသူများက ပြန်လည်ဝင်စားသော လားမား အစဉ်အဆက်ကို ဆက်လက်ဖြစ်ပေါ်အောင် ဤတရားရှုမှတ်မှုထဲသို့ ပုံမှန်အားဖြင့် ဝင်ရောက်ပါသည်။ ဤတရားရှုမှတ်မှုအတွင်း သူတို့နှလုံးသားသည် နွေးထွေးကာ အသက်မရှူသည့်တိုင် ခန္ဓာကိုယ်သည် မယိုယွင်းသေးပါ။ ပုံမှန်အားဖြင့် လားမားဘုန်းတော်ကြီးများသည် ဤအခြေအနေအတိုင်း ရက်ပေါင်းများစွာ ရှိနေပါသည်။ ထို့နောက်တွင် ဦးခေါင်းငိုက်စိုက်ကျကာ နှာခေါင်းပေါက်မှ သွေးယိုစီးပြီး သိစိတ်သည် သူတို့ခန္ဓာမှ ထွက်ခွာသွားသည်ကို ဖော်ပြပါသည်။

ဆခုန်ယင်းပိုချီတွင် ဤလက္ခဏာများ ဖော်ပြသောအခါ ကောင်းကင်တွင် သက်တံ့ကို တွေ့ရပြီး သူ့ကိုမီးသဂြိုဟ်မည့် တောင်ကုန်းပေါ်တွင် လှပသောမီးအလင်းတန်းများ ပေါ်လာပါသည်။ မီးသဂြိုဟ် အခမ်းအနားသို့ သံဃာများ စေလွှတ်ရန် ဓမ္မသာလာရှိ ဆရာတော်ကြီး၏ နမ်ယယ် ကျောင်းတိုက်သို့ သတင်းစကားပါးသော်လည်း ထိုသူတို့ အချိန်မီ ရောက်မလာနိုင်ခဲ့ပါ။ စပီတီ သံဃာများက ယင်းပိုချီ အလိုရှိသည့်အတိုင်း နှိမ့်ချစွာဖြင့် အစဉ်အလာများကို ဆောင်ရွက်ပါသည်။ ခဏအကြာတွင် ရောဂါပျောက်နိုင်သည့် အစွမ်းရှိသည့် စမ်းချောင်းတစ်ခုသည် မီးသဂြိုဟ်သည့် နေရာမှ ပေါ်ထွက်လာပါသည်။ ယနေ့အထိ စီးဆင်းနေဆဲဖြစ်ပြီး ဘုရားဖူး လာသည့်နေရာတစ်ခု ဖြစ်ပါသည်။ ကိုးလအတိအကျ ကြာမြင့်သည့် ၁၉၈၄ ခုနှစ် မေလ ၂၉ ရက်နေ့တွင် ယင်းပိုချီသည် စပီတီရှိ နှိမ့်ချသော မိသားစုတစ်စုတွင် ပြန်လည်ဝင်စားပါသည်။

သူ၏ပြန်လည်ဝင်စားမှုကို ညွှန်ကြားခြင်း

ထိုမတိုင်မီ နှစ်ပေါင်းများစွာက ယင်းပိုချီသည် ဆီရင်ချိုဒရက်နှင့် ကွန်ဇန်ချိုဒရွန် ဆိုသည့် သူ့ကိုအလွန် လေးစားသော ဇနီးမောင်နှံ နှစ်ဦးကို တွေ့ဆုံဖူးပါသည်။ သူတို့သည် ကိုင်းရှိုင်းသော ဓမ္မကျင့်ကြံသူများ ဖြစ်သည့်အတွက် သူတို့၏ အဖြစ်ချင်ဆုံး ဆန္ဒသည် သံဃာနှင့် သီလရှင် ဖြစ်လိုပါသည်ဟု ယင်းပိုချီကို ပြောထားကြသည်။ ဒေသခံကျေးရွာ သူကြီးက ထိုသို့မပြုရန် တားမြစ်ပါသည်။ ငယ်ရွယ်သော မိသားစုတစ်စုနှင့်အတူ လူကြီးများအဖြစ် ကျောင်းတိုက်ထဲသို့ ဝင်ရောက်ခြင်းသည် ပြဿနာများစွာ ဖြစ်နိုင်ပါသည်။ သူတို့၏ သားသမီးများကို သူတို့အရင်ဆုံး စောင့်ရှောက်ရပါမည်။ ယင်းပိုချီက သူကြီး၏ အကြံကိုလက်ခံပါသည်။ သူတို့သည် ယင်းပိုချီက စတုတ္ထမြောက် သားသမီးအဖြစ် ပြန်လည်မွေးဖွားသည့် မိဘများ ဖြစ်ပါသည်။

တပည့်များသည် သေခြင်းအနေအထား တရားရှုမှတ်ခြင်းကို ပိုင်နိုင်သော လားမားကြီး၏ ပြန်လည်ဝင်စားမှုကို ရှာဖွေရန် နည်းလမ်းမျိုးစုံ အသုံးပြုကြပါသည်။ ထိုနည်းလမ်းများထဲတွင် ပုရောဟိတ်များကို မေးမြန်းခြင်းနှင့် အလွန်အဆင့်မြင့်စွာ သိမြင်ပြီးသော ဆရာတော်ကြီးများ၏ အိပ်မက်များကို မေးမြန်းခြင်းတို့ ပါဝင်ပါသည်။ နောက်ဆုံး ရွေးချယ်သူသည် ပျံလွန်တော်မူသွားသော လားမားဘုန်းတော်ကြီး၏ ပိုင်ဆိုင်မှုများစွာကို ဆင်တူသောအရာ များစွာထဲမှ မှန်မှန်ကန်ကန် ရွေးချယ်ရန်လိုပါသည်။ သို့သော် ဒလိုင်းလားမား ဆရာတော်ကြီးက ဤနည်းလမ်းများကိုသာ အသုံးချအားကိုးခြင်း မပြုရန် သတိပေးပါသည်။ ကလေးငယ်ကို အလေးအနက် ရွေးချယ်ထားသူဟု မယူဆမီ သူမည်သူမည်ဝါ ဖြစ်သည်ကို ရှင်းလင်းသော လက္ခဏာများ ပြသရန်လိုပါသည်။

ယင်းပိုချီ၏ ပြန်ဝင်စားသူကို ဖော်ထုတ်ခြင်း

စပီတီမှ လူများက ဆခုန်ယင်းပိုချီကို သူတော်စင်ကဲ့သို့ သဘောထားပါသည်။ အိမ်တိုင်းနီးပါးတွင် သူ့ဓာတ်ပုံ ရှိပါသည်။ ဆခုန်ယင်းပိုချီ ဝင်စားသောလူကလေး စကားပြောတတ်သည်နှင့် သူ့မိဘများ၏ အိမ်နံရံမှ ယင်းပိုချီ၏ ဓာတ်ပုံကို ညွှန်ပြပြီး “အဲဒါကျွန်ုပ်ပဲ” ဟုပြောပါသည်။ ငါဝမ်သည် နောက်ပိုင်းတွင် ထိုအိမ်သို့သွားပြီး ကလေးငယ်ကို စစ်ဆေးရာ လူကလေးသည် သူ့ရင်ခွင်ထဲသို့ ချက်ချင်းပြေးဝင်ပါသည်။ သူ့ကျောင်းတိုက်သို့ ပြန်လိုက်သွားချင်နေပါသည်။

သူမည်သူဖြစ်သည်ကို မည်သူမျှ သံသယမဝင်ပါ။ တကယ်တော့ လွန်ခဲ့သော နှစ်အနည်းငယ် စပီတီမှ ထင်ရှားသော အမျိုးသမီးအုပ်စုတစ်စုသည် ယင်းပိုချီကို သူတို့၏ တောင်ကြားတွင် နောက်တစ်ကြိမ် ပြန်ဝင်စားရန် တောင်းဆိုခဲ့ကြ ပါသည်။ သူတို့၏ ဝေးလံသော နယ်စပ်ဒေသကို သွားရန် အိန္ဒိယအစိုးရထံမှ ခွင့်ပြုချက်တောင်းရသည်မှာ အမြဲတမ်း ပြဿနာတစ်ခု ဖြစ်ပါသည်။ ထိုသို့ ပြန်ဝင်စားပါက အားလုံး လွယ်ကူသွားမည်ဖြစ်သည်။ သူ့မိဘများက အလွန် ဂုဏ်ယူသည့်အတွက် သူ့အသက် လေးနှစ်တွင် ယင်းပိုချီကလေးကို ဓမ္မသာလာသို့ လိုက်ပါရန် သဘောတူခွင့်ပြု ခဲ့ကြသည်။ သူ့မိဘများက သူ့ထံသို့ မကြာခဏ လာရောက်သော်လည်း လူကလေးသည် သူတို့ကို ဘယ်တော့မှ မတောင်းဆိုပါ။ သူတို့ကို သတိရပုံလည်း မတွေ့ရပါ။ အစကတည်းကပင် သူ့အိမ်ဟောင်းမှ မိသားစုဝင်များနှင့် လုံးဝအသားကျနေပါသည်။ သူတို့သည် သူ့ရင်ထဲမှ မိသားစုဖြစ်ပါသည်။

ကျွန်ုပ်နှင့် ပထမဆုံး တွေ့ဆုံချိန်တွင် မှတ်မိသော ပြန်ဝင်စားသူလူငယ်ကလေး

ဓမ္မသာလာသို့ ယင်းပိုချီ ပထမဆုံး ရောက်လာချိန်တွင် ကျွန်ုပ်သည် အိန္ဒိယနိုင်ငံပြင်ပတွင် ဟောပြောပွဲထွက်နေပါသည်။ လအနည်းငယ် ကြာပြီးနောက် ကျွန်ုပ်ပြန်လာရာ သူ့ကိုသွားတွေ့ပါသည်။ အလွန်အမင်း မမျှော်လင့်ထားသလို အလွန်အမင်း ဝေဖန်ခြင်းလည်း မပြုပါ။ ယင်းပိုချီအခန်းထဲသို့ ဝင်သည်နှင့် ငါဝမ်က လူကလေးကို ကျွန်ုပ်မည်သူနည်းဟု မေးပါသည်။ လူကလေးက “မနောက်ပါနဲ့။ သူဘယ်သူလဲဆိုတာ သိတာပေါ့” ဟု ပြန်ဖြေပါသည်။ ဗာတီကန်၌ အိုမင်းနေသော ဆခုန်ယင်းပိုချီနှင့် ပုပ်ရဟန်းမင်းကြီး အကြား အစည်းအဝေး တစ်ခုအတွက် ကျွန်ုပ်ဘာသာပြန်နေသာ ဓာတ်ပုံကို သူ့ဧည့်ခန်းနံရံတွင် ထင်ရှားစွာ ချိတ်ထားသည့်အတွက် ထိုပုံမှနေ၍ ကျွန်ုပ်ကို သိရှိခြင်းဖြစ်နိုင်သည်ဟု တွေးလိုက်ပါသည်။ သို့သော် စတွေ့ကတည်းကပင် ယင်းပိုချီကလေးသည် ကျွန်ုပ်ကို မိသားစုဝင်ကဲ့သို့ လုံးဝ ရင်းနှီးကျွမ်းဝင်နေသလို ဆက်ဆံပါသည်။ လေးနှစ်သားကလေးက ထိုသို့ အတုအပ မပြုလုပ်နိုင်ပါ။ ထိုအချက်ကြောင့် သူဘယ်သူလဲ ဆိုသည်ကို အခြားအရာအားလုံးထက် ကျွန်ုပ်ယုံကြည်မိသွားပါသည်။

၁၉၉၈ ခုနှစ်တွင် အသက်ဆယ့်လေးနှစ်အရွယ် ယင်းပိုချီ

ယခုအခါ ၁၉၉၈ ခုနှစ်တွင် ဆခုန်ယင်းပိုချီ ကလေးသည် ဆယ့်လေးနှစ်အရွယ် ဖြစ်ပါသည်။ မွန်ဂေါ့ရှိ သူ့ကျောင်းတိုက်တွင် အများအားဖြင့် နေထိုင်ကာ စာပေသင်ကြားပြီး ဓမ္မသာလာသို့ ဆရာတော်ကြီးက အရေးကြီး တရားများ ဟောသောအခါ တစ်နှစ်လျှင် တစ်ကြိမ်၊ နှစ်ကြိမ် လာပါသည်။ ချွန်ဇေလနှင့် ယင်းပိုချီ၏ ယခင် ထမင်းချက်တို့သည် ကွယ်လွန်သွားပြီဖြစ်ကာ ငါဝမ်သည် လူထွက်၊ အိမ်ထောင်ပြုရင်း ယခုအခါ နီပေါနိုင်ငံတွင် နေထိုင်ပါသည်။ ယင်းပိုချီတွင် သူ့ကိုစောင့်ရှောက်ရန် သံဃာမိသားစုအသစ် ရှိနေပြီး အားလုံးကို သူ့ယခင်ဘဝမှ စိတ်ကြိုက်ရွေးချယ် ထားပါသည်။ ဥပမာ၊ စပီတီနှင့် ကင်နာ မှ ဆယ်နှစ်သား ကောင်ကလေး နှစ်ယောက်ကို သူ့အိမ်တွင်ထားရန်နှင့် သူ့ဘဝ နောက်ဆုံးလအနည်းငယ်အတွင်း စောင့်ရှောက်ရန် သူကိုယ်တိုင် ရွေးချယ်ပါသည်။

သူ့ယခင်ဘဝကဲ့သို့ ဟာသဉာဏ်မျိုး ရှိပြီး လက်တွေ့ချဉ်းကပ်မှု ရှိသော်လည်း ဆခုန်ယင်းပိုချီ ကလေးတွင် ကိုယ်ပိုင် ကိုယ်ရည်ကိုယ်သွေး ရှိပါသည်။ ဘဝတစ်ခုမှ တစ်ခုသို့ ဆက်ပါသွားသည်မှာ ကျွမ်းကျင်မှု၊ နှစ်ခြိုက်မှုနှင့် ကံအကြောင်း ဆက်စပ်မှုများ ဖြစ်ပါသည်။ သူနှင့်ကျွန်ုပ်၏ ဆက်ဆံရေးတွင် ကပ္ပတိန်ကာ့ခ်၏ မူရင်း စတားထရက် အဖွဲ့သား တစ်ယောက်က ယခုအခါ စတားထရက် နောက်မျိုးဆက် မှ ကပ္ပတိန် ပစ်ကဒ် ၏ အဖွဲ့ဝင် ဖြစ်လာသကဲ့သို့ ခံစားရပါသည်။ အရာအားလုံး ပြောင်းလဲသွားသော်လည်း ကျိန်းသေ ဆက်စပ်နေမှု ဖြစ်ပါသည်။

ယင်းပိုချီ၏ ကြီးပြင်းမှုတွင် နောက်ကွယ်မှ တာဝန်ယူခြင်း

ယခုအချိန်အထိ ကျွန်ုပ်သည် ဆခုန်ယင်းပိုချီ ကြီးပြင်းမှုတွင် နောက်ကွယ်မှ အခန်းကဏ္ဍသာ တာဝန်ယူထားပါသည်။ ယခင် ယင်းပိုချီသည် သူ့လူများကို အဓိကအမှုထမ်းစေလိုမည်ဟု ကျွန်ုပ်ခံစားရပါသည်။ လားမားဘုန်းတော်ကြီး များစွာသည် အနောက်တိုင်း သို့မဟုတ် သူတို့၏ယဉ်ကျေးမှုအစဉ်အလာ အသိုင်းအဝိုင်းပြင်ပမှ အာရှဒေသများတွင် တရားဟောပြောရန် အားစိုက်ကြိုးစားသည့်အတွက် တိဘက်လူမျိုးများ ကိုယ်တိုင်အတွက် ဆုံးရှုံးမှု ဖြစ်ပါသည်။ တိဘက် ဗုဒ္ဓဘာသာသည် အပြည့်ဝဆုံး ပုံစံဖြင့် ရှင်သန်လိုပါက တိဘက်လူမျိုး နောက်မျိုးဆက်ကို လေ့ကျင့်ပေးရန် အထူးအရေးကြီးပါသည်။ အကြောင်းမှာ လက်ရှိတွင် ဗုဒ္ဓဘာသာ တရားတော် အပြည့်အစုံကို တိဘက်ဘာသာဖြင့်သာ ရရှိနိုင်သောကြောင့် ဖြစ်ပါသည်။ ယင်းပိုချီသည် ကျွန်ုပ်ကို ကျွန်ုပ်၏ သင်ကြားမှုနှင့် ကိုယ်တိုင်ဖွံ့ဖြိုးတိုးတက်မှုအတွက် လိုအပ်သည့် အခြေခံ အခြေအနေများ ပေးအပ်ခဲ့ပါသည်။ သူ၏ကြင်နာမှုကို ကျေးဇူးဆပ်ရန်အတွက် သူ့အတွက်လည်း ထိုသို့ဆောင်ရွက်ပေးရန် ကြိုးစားပါသည်။

ယဉ်ကျေးမှု ပဋိပက္ခမဖြစ်စေရန်အတွက် ကျွန်ုပ်သည် ယင်းပိုချီ၏ ခေတ်မီ ပညာရေးကို ပါဝင်ခြင်း မရှိပါ။ တကယ်တော့ သူနှင့်အရမ်း မဆက်သွယ်မိအောင် တမင်ရှောင်ရှားပါသည်။ သို့သော် ကျွန်ုပ်တို့အကြား နီးကပ်သော သံယောဇဉ်သည် ကျွန်ုပ်တို့ တွေ့ဆုံတိုင်း သိသာထင်ရှားပါသည်။ သူ့ကို အိန္ဒိယနိုင်ငံမှ တိဘက်ကျောင်းများတွင် သင်ကြားသော သင်ရိုးအတိုင်း အင်္ဂလိပ်စာ၊ သိပ္ပံ၊ လူမှုရေးဘာသာတို့ကို သင်ကြားရန် ဒေသခံ တိဘက်ဆရာများကို ကျွန်ုပ်ကူညီစီစဉ် ပေးပါသည်။ ထို့ကြောင့် ယင်းပိုချီသည် သူ့လူမျိုးများနှင့် အပြည့်အဝ ဆက်ဆံနိုင်ပါသည်။ သူ့ကို အနောက်တိုင်းသို့ ခေါ်မသွားသလို ကွန်ပျူတာ သို့မဟုတ် ဗီဒီယိုဖွင့်စက်တို့လည်း မဝယ်ပေးပါ။ ထိုအရာများ သူ့ကိုဝယ်မပေးရန် အခြားသူများကို တားမြစ်ပါသည်။ ငယ်ရွယ်သော ပြန်လည်ဝင်စားသူ လားမား များစွာသည် သူတို့၏ အစဉ်အလာ ကျောင်းတိုက် ပညာရေးထက် ကွန်ပျူတာဂိမ်းနှင့် သိုင်းကားများကို ပိုပြီး စွဲမက်နေသည်ကို တွေ့ရှိရပါသည်။

သူ၏တပည့်အဖြစ် နောက်တစ်ကြိမ် ထပ်ဖြစ်လိုသောဆုတောင်း

ကျွန်ုပ်၏ ညွှန်ကြားချက်က မည်မျှ ဖြည့်ဆည်းသည်ကို မသိရသော်လည်း ယင်းပိုချီသည် လုံခြုံမှုကောင်းစွာ ရရှိသည်ဟု ပြသပြီး သူ့ကိုယ်ပိုင် ယဉ်ကျေးမှုနှင့် လုံးဝ အဆင်ပြေပါသည်။ ယင်းမှာ သူ့အကျိုးအတွက်နှင့် အနာဂတ်တွင် သူဆုံတွေ့ရမည့်လူတိုင်းအတွက် ဖြစ်ပါသည်။ သူရင့်ကျက်လာသောအခါ အနောက်တိုင်းအကြောင်းကို လက်တွေ့ လေ့လာနိုင်ပါသည်။ ကျွန်ုပ်သည် ကျွန်ုပ်၏ နောက်ဘဝတွင် သူ့တပည့် ဖြစ်လာနိုင်ပါစေကြောင်း ဆုတောင်းမိပါသတည်း။

Top