“အချိန်ပိုင်း” တန္တရတရားစခန်းဝင်ခြင်း
အချိန်ပြည့် ကာလရှည်ကြာစွာ တန္တရ တရားစခန်းဝင်ခြင်းသည် အကျိုးပြုသော်လည်း လူအများစုတွင် ထိုသို့ဆောင်ရွက်ခွင့် မရရှိကြပါ။ ထို့ကြောင့် သုံးလနှင့်အထက် ရှိမှသာ ဤသို့ဝင်ရောက်နိုင်မည်ဟု ထင်ခြင်းကို အမြင်ကျဉ်းရာ ရောက်သည်ဟု ယင်းပိုချီက ခံစားမိပါသည်။ တရားစခန်းဝင်ခြင်းသည် မိမိနှင့် အခြားသူများကို အဆက်ဖြတ်လိုက်ခြင်းဟု မဆိုလိုဘဲ ကျင့်ကြံမှုကို မိမိစိတ်က ပိုပြီးလိုက်လျောညီထွေ ဖြစ်အောင် အပြင်းအထန် လေ့ကျင့်သည့်ကာလဟု ဆိုလိုပါသည်။ မနက်တစ်ကြိမ်၊ ညတစ်ကြိမ် ကျင့်ကြံကာ ကျန်အချိန်များတွင် ပုံမှန်ဘဝအတိုင်း နေထိုင်ခြင်းကို လုံးဝလက်ခံနိုင်ပါသည်။ ယင်းပိုချီကိုယ်တိုင်လည်း ဤပုံစံအတိုင်း ကျင့်ကြံရာ သူကျင့်ကြံနေသည်ကို မည်သူမျှ သိပင်မသိလိုက်ပါ။
ဤကျင့်ကြံမှု နည်းလမ်း၏ တစ်ခုတည်းသော ကန့်သတ်ချက်မှာ သတ်မှတ်ကာလအတွင်း အိပ်ရာတစ်ခုတည်းတွင် အိပ်ရန်နှင့် တစ်နေရာတည်းမှ ထိုင်ခုံတစ်ခုတည်းပေါ်တွင် တရားရှုမှတ်ရန် ဖြစ်ပါသည်။ ထို့ပြင် ကျင့်ကြံသော အချိန်တိုင်းတွင် မန္တရား အရေအတွက်၊ ကန်တော့ခြင်း သို့မဟုတ် အခြားအထပ်ထပ် ကျင့်ကြံမှုတစ်ခုခု အနည်းဆုံးတစ်ခု ပါဝင်ရပါမည်။ ယင်းတို့ကို ကျင့်ကြံမှု ပထမအချိန်အတွင်း ရွတ်ဖတ်ဆောင်ရွက်သော အရေအတွက်ဖြင့် သတ်မှတ်ပါသည်။ ထို့ကြောင့် ပထမအချိန်တွင် ရွေးချယ်ထားသော ကျင့်ကြံမှု သုံးကြိမ်သာ ပြုလုပ်ရန် ယင်းပိုချီက အကြံပေးပါသည်။ ဤနည်းဖြင့် ပြင်းထန်သော နာမကျန်းမှုကြောင့် တရားစခန်းဝင်မှု အဆက်မပြတ်သွားအောင်နှင့် အစမှ ပြန်လည်စတင်စရာမလိုအောင် ကာကွယ်ပါသည်။
တရားစခန်းဝင်သည့် ကန့်သတ်ချက်များ လိုအပ်ချက်အရ ကျိုးပေါက်သောအခါ
သို့သော် ဗုဒ္ဓဘာသာစည်းကမ်း အားလုံးကဲ့သို့ပင် “ကန့်သတ်ချက်သည် လိုအပ်ချက်အရ တစ်ခါတစ်ရံ ကျိုးပေါက်တတ်ပါသည်။” သို့သော် အထူးသီးသန့် အခြေအနေများတွင်သာ ဖြစ်ပါသည်။ တစ်ခါက ကျွန်ုပ်သည် ဓမ္မသာလာတွင် တရားစခန်း ဝင်နေရင်း အိန္ဒိယနိုင်ငံရှိ ဟိမဝန္တာမှမြို့တစ်မြို့ဖြစ်သော မာနာလီတွင် ဒလိုင်းလားမား ဆရာတော်ကြီး၏ ဖြည့်ဆည်းမှုနှင့် တရားတစ်ပုဒ်ကို ဘာသာပြန်ပေးရန် တောင်းဆိုခံရပါသည်။ ယင်းပိုချီနှင့် တိုင်ပင်ရာ မည်သည့် တုံ့ဆိုင်းမှု၊ တွေဝေမှုမျှ မရှိဘဲ ဆောင်ရွက်ခိုင်းပါသည်။ ဆရာတော်ကြီးအား ကူညီခြင်းသည် ကျွန်ုပ်၏ အခြားကိစ္စအားလုံးထက် ပို၍အကျိုးပြုပါသည်။ တစ်နေ့လျှင် တစ်ကြိမ် တရားရှုမှတ်ကာ မန္တရား အနည်းဆုံး အရေအတွက်ကို ရွတ်ဖတ်နိုင်သမျှ ကာလပတ်လုံး ကျွန်ုပ်၏ကျင့်ကြံမှု အရှိန်အဟုန်ကို မချိုးဖောက်ပါ။ ဤနည်းလမ်း အတိုင်း လိုက်နာပြီး ဆရာတော်ကြီးနှင့် ဆယ်ရက်ကြာပြီးနောက် ဓမ္မသာလာသို့ ပြန်လာကာ တရားစခန်း ပြီးဆုံးအောင် ဆောင်ရွက်ပါသည်။
ဝတ်ပြုကိုးကွယ်မှုစနစ်များကို သေချာလိုက်နာခြင်း
ယင်းပိုချီသည် ဝတ်ပြုကိုးကွယ်မှု လုပ်ထုံးလုပ်နည်းများသည် ရည်ရွယ်ချက်ကောင်းရန်နှင့် အလေးအနက်ထားရန် အမြဲအသားပေးပြောကြားပါသည်။ ယင်းတို့ကို မှန်မှန်ကန်ကန် လိုက်နာဖို့ လိုပါသည်။ ဥပမာအားဖြင့် တန္တရ တရားစခန်းဝင်ရာတွင် မန္တရားအချို့ကို သတ်မှတ်ထားသောအကြိမ်ရေအတိုင်း ရွတ်ဖတ်ရန်နှင့် ပြီးသွားပါက “မီးပူဇာ” ဆောင်ရွက်ရန်လိုပါသည်။ မီးပူဇာ ဆိုသည်မှာ မီးထဲသို့ သီးသန့်အရာဝတ္ထုများထည့်ကာ ကပ်လှူသည့် ရှုပ်ထွေးသော ဝတ်ပြုအစဉ်အလာတစ်ခု ဖြစ်ပါသည်။ ဤဝတ်ပြုမှု၏ ရည်ရွယ်ချက်သည် ကျင့်ကြံမှုမှ ချို့ယွင်းချက် တစ်ခုခုအတွက် အစားထိုးခြင်းနှင့် မိမိပြုခဲ့သော အမှားတစ်ခုခုကို သန့်စင်စေခြင်း ဖြစ်ပါသည်။
အချို့သော တရားစခန်းများသည် အတော်လေး ခက်ခဲပါသည်။ နမူနာပြရလျှင် ကျွန်ုပ်ဝင်ရောက်သော တရားစခန်း တစ်ခုသည် မန္တရားတစ်ခုကို အကြိမ်တစ်သန်း ရွတ်ဖတ်ရပါသည်။ အဆင်တန်ဆာများဖြင့် မီးပူဇာချိန်တွင် ကျူပင်ရှည်အစုံ တစ်သောင်း ကပ်လှူရင်း တစ်စုံလျှင် မန္တရားတစ်ခု ရွတ်ဖတ်ရပါသည်။ အစုံတစ်သောင်းလုံးကို မီးထဲသို့ တစ်ထိုင်တည်း ရပ်နားခြင်း မပြုဘဲ ပစ်ထည့်ရပါမည်။ ဤတရားစခန်းဝင်မှု အဆုံးတွင် မီးပူဇော်သောအခါ ကျွန်ုပ်သည် လိုအပ်သော ကျူပင်အရေအတွက် မလောက်တော့ပါ။ အခြားသော ဝတ်ပြုမှု အစဉ်အလာများ ဆောင်ရွက်ပြီးသောအခါ ယင်းပိုချီကို ပြောပြပါသည်။ နောက်ရက်အနည်းငယ် အကြာတွင် သူကမီးပူဇာတစ်ခုလုံး ထပ်မံဆောင်ရွက်ခိုင်းပါသည်။ ဤတစ်ကြိမ်တွင် ကျွန်ုပ်သည် ကျူပင်အစုံတစ်သောင်း အသင့်ရှိနေအောင် ဆောင်ရွက်ရပါတော့သည်။
ဝတ်ပြုကိုးကွယ်မှု ကျွမ်းကျင်သူများက အမြဲမရှိသည့်အတွက် ယင်းပိုချီက ကိုယ်တိုင်အားကိုးရန် လိုအပ်ကြောင်း အလေးထားပြောပါသည်။ ထို့ကြောင့် သူ၏ အဆင့်မြင့် အနောက်တိုင်းသား တပည့်များကို မီးပူဇာများ ကိုယ်တိုင်ဆောင်ရွက်ပုံကို ဟောကြားပါသည်။ ထိုအထဲတွင် မီးကျင်းပြင်ဆင်ပုံ၊ ကြမ်းပြင်တွင် ရောင်စုံအမှုန့်များဖြင့် လိုအပ်သော စက်ဝိုင်းသင်္ကေတရေးဆွဲပုံတို့ ပါဝင်ပါသည်။ အနောက်တိုင်းသားများက ဝတ်ပြုမှုတွင် ရွတ်ဖတ်ရန် သူတို့ဘာသာစကားဖြင့် မရရှိနိုင်သဖြင့် တစ်ယောက်ယောက်ကို ရွတ်ဖတ်ခိုင်းရန် လိုအပ်ပါက သူတို့ကိုယ်တိုင် အရာဝတ္ထု အမျိုးမျိုးကို ကပ်လှူရန် လိုသည်ဟု ယင်းပိုချီက ရှင်းပြပါသည်။ အဖွဲ့လိုက် တရားစခန်းဝင်လျှင်လည်း ထိုအတိုင်း ဆောင်ရွက်ရပါသည်။
သို့သော် လုပ်ထုံးလုပ်နည်းများ မှန်ကန်စွာ လိုက်နာခြင်းသည် လက်တွေ့ကျသော ချဉ်းကပ်မှုနှင့် မကွဲလွဲပါ။ ဥပမာအားဖြင့် တန္တရ တရားစခန်းဝင်ခြင်းများသည် နေအိမ်ဘုရားစင်တွင် အထူးကပ်လှူမှုများ စီစဉ်၍ စတင်ပြီးနောက် အတားအဆီးများ ဖယ်ရှားရန် ယင်းတို့ကို နေ့စဉ်ရက်ဆက် ကပ်လှူရပါသည်။ အတားအဆီးများကို နှောင့်ယှက်သော နတ်များအသွင်ဖြင့် မြင်ယောင်ပြီး ကပ်လှူမှုကို လက်ခံရန် နေ့စဉ်ဖိတ်ခေါ်ရပါသည်။ ဤရည်ရွယ်ချက်အတွက် အသုံးပြုသည့် ရိုးရာ အလှဆင်မုန့်များ နေရာတွင် ကွတ်ကီးဘူးများ သို့မဟုတ် အိုးများကို အစားထိုးလျှင် ကောင်းစွာလက်ခံနိုင်သည်ဟု ယင်းပိုချီက အကြံပေးပါသည်။
အရည်အချင်းမပြည့်စုံဘဲ အဆင့်မြင့် ကျင့်ကြံမှုများ ပြုလုပ်ရန် မကြိုးစားရခြင်း
အရည်အချင်းမပြည့်စုံသေးဘဲ အဆင့်မြင့် ကျင့်ကြံရန် ကြိုးစားသူများကို ယင်းပိုချီသည် မနှစ်သက်ပါ။ ဥပမာအနေနှင့် အချို့က ရှည်ကြာသော သဟာနတစ်ခုကိုပင် ကျွမ်းကျင်ရန် မဆိုထားနှင့်။ ဆောင်ရွက်လိုစိတ် မရှိခြင်း သို့မဟုတ် စိတ်မဝင်စားခြင်း မရှိဘဲ ကျင့်ကြံမှု အဆင့်အားလုံးကို ကြိုးစားသူများ ဖြစ်ပါသည်။ အဆင့်အမြင့်ဆုံးတန္တရ ဖြစ်သည့် အနုတ္တရယောဂသည် ပထမအဆင့် ဖြစ်ပြီး ထို့နောက်မှ ကျင့်ကြံမှုအဆင့်များ ပြည့်စုံပါသည်။ ပြီးခဲ့သော အဆင့်က သဟာန ကျင့်ကြံမှုတစ်ခုလုံးတွင် စိတ်ကူးနှင့် စူးစိုက်မှု စွမ်းအားကို လေ့ကျင့်ပေးပါသည်။ နောက်ပိုင်းအဆင့်က ထိုသို့ရရှိသော စိတ်ခွန်အားကို အသုံးပြုကာ ခန္ဓာကိုယ်၏ နူးညံ့သော စွမ်းအင်စနစ်ကို လက်တွေ့ ကိုယ်တိုင်ပြောင်းလဲမှု ဖြစ်လာစေပါသည်။ သဟာန ကျင့်ကြံမှုတွင် ကျွမ်းကျင်မှု မရထားပါက ဤနူးညံ့သောစနစ်၏ ချက္ကရာများ၊ လမ်းကြောင်းများနှင့် စွမ်းအားလှိုင်းများဖြင့် ကြိုးစားခြင်းသည် အတုအယောင်သာ ဖြစ်ပါသည်။
အဆင့်မြင့် တန္တရ ကျင့်ကြံမှုများသည် အရည်အချင်း မပြည့်စုံသူ တစ်ယောက်ယောက်က မှားယွင်းစွာ ပြုမိပါက အလွန်အန္တရာယ်ရှိသည်ဟု ယင်းပိုချီက သတိပေးပါသည်။ ဥပမာ၊ သိစိတ် လွှဲပြောင်းမှု (ပိုဝါ) တွင် သေခြင်းတရားကို မျှော်လင့်ကာ မိမိအသိစိတ်ကို မိမိဦးခေါင်းထိပ်မှ ပစ်လွှတ်ခြင်းပါဝင်ပြီး အသက်တိုစေနိုင်ပါသည်။ ဆေးလုံးအနှစ်များ (ချူလန်) စားသုံးခြင်းတွင် သီတင်းပတ်များစွာ အစာမစားဘဲ မြင့်မြတ်သော ဆေးလုံးများဖြင့် မှီဝဲနေထိုင်းခြင်းသည် အထူးသဖြင့် အုပ်စုလိုက် ဆောင်ရွက်ပါက ထိုဒေသတွင် ငတ်မွတ်ခေါင်းပါး စေနိုင်ပါသည်။ ထို့ပြင် ဤသို့ကျင့်ကြံသူ တစ်ဦးသည် အစာရေစာ ငတ်မွတ်ပြီး ပြင်းထန်စွာ ဖျားနာကာ သေဆုံးခြင်းပင် ဖြစ်နိုင်ပါသည်။
တန္တရ ဝင်ရောက်မှုများမှာ အဆင့်မြင့် ကျင့်ကြံမှုဖြစ်ပြီး အချိန်မတိုင်မီ မဝင်ရန် ယင်းပိုချီက သတိပေးပါသည်။ ဥပမာ၊ အချို့သူများက မန္တရား ရွတ်ဆိုမှု အကြိမ်တစ်သောင်းအတွက် ဝင်သော်လည်း ကျင့်ကြံမှုနှင့် ကြိုတင်နီးစပ်ခြင်း မရှိပါ။ တရားစခန်း ဝင်နေရင်း အတွေ့အကြုံရမည်ဟု ထင်ကြပါသည်။ သီးသန့်ကျင့်ကြံမှုတစ်ခုနှင့် ရင်းနှီးအောင် လေ့လာသည့် အပြင်းအထန် ကာလတစ်ခုသည် အကျိုးရှိသော်လည်း ပုံမှန်တန္တရ တရားစခန်းအတွင်း မပြုလုပ်သင့်ပါ။ ရေကူးနည်း မသိသူသည် ရေကူးကန်ထဲတွင် တစ်ရက်လျှင် ဆယ့်နှစ်နာရီ လေ့ကျင့်ရန် စတင်ပြုလုပ်၍မရပါ။ ဤသို့ မိုက်မဲမှုကြောင့် ကြွက်တက်မှုနှင့် အားအင်ကုန်ခမ်းမှုတို့သာ ဖြစ်လာပါမည်။ အပြင်းအထန် လေ့ကျင့်မှုသည် ထိပ်တန်း အားကစားသမား ဖြစ်လိုသော အတွေ့အကြုံရှိသည့် ရေကူးသမားများအတွက်သာ ဖြစ်ပါသည်။ တန္တရ တရားစခန်းများသည်လည်း ထိုအတိုင်း ဖြစ်ပါသည်။
မိမိ၏ကျင့်ကြံမှုနှင့် ပတ်သက်၍ မောက်မာမှု မဖြစ်အောင် ရှောင်ရှားခြင်း
ထို့ပြင် တန္တရ ကျင့်ကြံမှုကို လျှို့ဝှက်ထားရန် လိုပါသည်။ ထိုသို့မဟုတ်ပါက အနှောင့်အယှက် များစွာ ပေါ်လာနိုင်ပါသည်။ ယင်းပိုချီက အနောက်တိုင်းသားများစွာသည် သူတို့၏ ကျင့်ကြံမှုနှင့် အောင်မြင်မှုများကို သူတို့ဘာသာ သိမ်းမထားဘဲ ကြွားဝါသည်ကို မြင်ရပါသည်။ သူက သင့်တော်သော မန္တရားများကို အကြိမ်ထောင်ဂဏန်းမျှသာ ရွတ်ဆိုသည့် ရက်တိုတရားစခန်း ဝင်ခြင်းသာ ဖြစ်သော်လည်း ဗုဒ္ဓပုံတော်တစ်ခုခု၏ ကြီးကျယ်သော ယောဂီကျင့်ကြံသူအဖြစ် ကြွားဝါသည်မှာ ဆိုးရွားသည်ဟု ဆိုပါသည်။ ပုံတော်၏ သဟာနကို နေ့စဉ် ကြာမြင့်စွာ မကျင့်ကြံဘဲ ဟန်ဆောင် မောက်မာသည်မှာ ပို၍ပင်ဆိုးပါသည်။ ရှည်ကြာသော သဟာနများသည် စတင်သူများအတွက် ဖြစ်သည်ဟု ယင်းပိုချီက အမြဲရှင်းပြပါသည်။ ဤသဟာနများတွင် စာမျက်နှာ ရာနှင့်ချီ၍ ပါဝင်တတ်ပြီး မြင်ယောင်မှု ရှည်ကြာစွာ ဆောင်ရွက်သည့် ကျမ်းစာများနှင့် တူပါသည်။ တိုတောင်းသော အတိုချုပ် သဟာနများမှာ ကျင့်ကြံမှုတစ်ခုလုံးနှင့် အလွန်ရင်းနှီးသည့် အဆင့်မြင့် ကျင့်ကြံသူများက စကားလုံး အနည်းငယ် ရွတ်ဆိုရုံဖြင့် မြင်ယောင်မှုနှင့် လုပ်ထုံးလုပ်နည်း တစ်ခုလုံးကို အပြည့်အဝ ဆောင်ရွက်နိုင်သူများအတွက် ဖြစ်ပါသည်။
ရည်ရွယ်ချက်ဖြင့် ပိတ်ဖုံးထားသည့် တန္တရ သင်ကြားနည်းကို တန်ဖိုးထားခြင်း
ယင်းပိုချီက အနောက်တိုင်းသားများသည် အထူးသဖြင့် တန္တရနှင့် ပတ်သက်၍ တရားနှင့် ညွှန်ကြားချက် အားလုံးကို အစကတည်းက ပုံစံတကျ ရလိုစိတ်ကို တားဆီးရန်လည်း လိုအပ်သည်ဟု ဟောပါသည်။ အိန္ဒိယနှင့် တိဘက် ဆရာတော်ကြီးများသည် ရှင်းလင်းသောကျမ်းစာများကို ကောင်းစွာရေးသားနိုင်စွမ်း ရှိပါသည်။ သို့သော်လည်း ရောထွေးသော ပုံစံဖြင့် တမင်ရေးသားထားပါသည်။ တန္တရ အကြောင်းအရာများကို အလွန်ရှင်းလင်းစွာ သိရှိနိုင်ပါက အနှောင့်အယှက်များနှင့် ကျင့်ကြံမှု အဆင့်လျော့ကျမှုများ အလွယ်တကူဖြစ်စေနိုင်ပါသည်။ ဥပမာ၊ လူတို့က တရားတော်များကို ပုံသေမှတ်ယူကာ အလေးအနက် အားထုတ်မှု မပြုခြင်းမျိုး ဖြစ်ပါသည်။
ဗုဒ္ဓဘာသာ သင်ကြားနည်း၏ အရေးကြီးသော အပိုင်းတစ်ပိုင်းမှာ အဓိပ္ပာယ်ကို အခြားသူများအား မေးခွန်းမေးခိုင်းခြင်း ဖြစ်သည်။ တပည့်များက အမှန်ပင် စိတ်ဝင်စားပါက နောက်ထပ် ရှင်းပြခိုင်းပါလိမ့်မည်။ ထိုအခါ ဉာဏ်အလင်းရရှိအောင် လိုအပ်သော ကြိုးစားအားထုတ်မှု မပြုလိုသည့် “ဘာသာရေး ခရီးသည်များ” ကို ဖယ်ရှားလိုက်ပါသည်။ သို့သော် တန္တရများကို ရှင်းပြသည့် ရည်ရွယ်ချက်သည် ယင်းတို့ကို ပုံပျက်ပန်းပျက် အဆိုးမြင်ခြင်းများ မရှိအောင် ဖယ်ရှားရေး ဖြစ်ပါသည်။ ဒလိုင်းလားမား ဆရာတော်ကြီးက တိကျသော ရှင်းပြချက်များကို ထုတ်ဝေရန် အားပေးထားပါသည်။ သို့သော် ယင်းတို့သည် သီအိုရီအရသာ ဖြစ်ပြီး ဗုဒ္ဓပုံတော် တစ်ခုချင်း၏ သီးခြားကျင့်ကြံမှုများ မဟုတ်ပါ။ ရှင်းလင်းသော “လုပ်ဆောင်နည်း” လက်စွဲသည် ဆရာမပါဘဲ အဆင့်မြင့် ကျင့်ကြံနိုင်အောင် အားပေးကာ အလွန်အန္တရာယ်ရှိပါသည်။
ဓမ္မ ကာကွယ်စောင့်ရှောက်သူများကို ပေါ့ပေါ့ဆဆ သဘောမထားခြင်း
အန္တရာယ် အရှိဆုံးမှာ ဓမ္မကာကွယ်စောင့်ရှောက်သူများကို ပေါ့ပေါ့ဆဆ သဘောထားခြင်းဖြစ်သည်ဟု ယင်းပိုချီက သတိပေးပါသည်။ ဓမ္မကာကွယ်စောင့်ရှောက်သူများသည် အားကောင်းသော အင်အားများ ဖြစ်ပြီး ဆရာတော်ကြီးများက ယဉ်ပါးအောင်ပြုလုပ်ထားသော နတ်များ ဖြစ်နေတတ်ပါသည်။ ပုံမှန်အားဖြင့် ကြမ်းတမ်းသူများကို ဗုဒ္ဓတရားတော်များ (ဓမ္မ) နှင့် ရိုးသားသော ကျင့်ကြံသူများအပေါ် အန္တရာယ်များနှင့် အတားအဆီးများ မဖြစ်အောင် ကာကွယ်ရန် ကျိန်ဆိုခိုင်းပါသည်။ အဆင့်မြင့် ယောဂီများသာလျှင် ၎င်းတို့ကို ထိန်းချုပ်နိုင်ပါသည်။
ဆွေးနွေးငြင်းခုန်မှုကို အသားပေးသည့် ကျောင်းတိုက်တစ်ခု၏ ကျင့်ကြံမှုကို စောင့်ရှောက်ရန် ကတိပြုထားသော ကာကွယ်စောင့်ရှောက်သူ တစ်ဦးအကြောင်း ဇာတ်လမ်းကို ယင်းပိုချီက မကြာခဏ ပြောပါသည်။ တစ်စုံတစ်ယောက်သည် ဆွေးနွေးငြင်းခုန်သင့်သော အချိန်တွင် သူ့မြေပေါ်၌ တန္တရ ကျင့်ကြံရန်ကြိုးစားပါက ဖျားနာမှုနှင့် မတော်တဆမှုများ ဖြစ်စေရပါသည်။ ငြင်းခုန်မှုသင်တန်း ပြီးဆုံးထားကာ တန္တရကောလိပ် နှစ်ခုအနက် တစ်ခုခုတွင် ဆက်လက်သင်ယူပြီးသော သံဃာများကိုသာလျှင် တန္တရ ကျင့်ကြံခွင့် ပြုပါသည်။ ထိုသို့ခွင့်ပြုရာတွင်လည်း ကျောင်းတိုက်နံရံအတွင်း မဟုတ်ပါ။
တပည့်တစ်ဦးအဆင့်သာ ရှိသေးသော ဂဲရှိတစ်ပါးက ကျောင်းတိုက်ပိုင်နက်အတွင်းတွင် တန္တရနှင့် ဆက်စပ်သော ဂျူနီပါ အပင်များကို မီးရှို့ကပ်လှူပါသည်။ သူသည် အတားအဆီးများ ဆက်တိုက်ကြုံရသည်။ ထို့နောက် တန္တရ ကောလိပ်တစ်ခုသို့ ဝင်ခွင့်ရသည်။ ဘွဲ့ရပြီးနောက် ဤကပ်မှူမှု ဆက်လက်ပြုလုပ်သော်လည်း ကျောင်းတိုက် ပြင်ပရှိ အနီးအနားမှ တောင်စောင်းတွင် ဖြစ်ပါသည်။ နှစ်အနည်းငယ် ကြာပြီးနောက် ထိုဂဲရှိသည် ဘာမှမရှိခြင်းကို ရှင်းလင်းပြီး အယူအဆမပါဘဲ သိမြင်သောအခါ ကာကွယ်စောင့်ရှောက်သူသည် ကိုယ်ထင်ပြလာပါသည်။ ကြောက်မက်ဖွယ် အသွင်ရှိသောနတ်က “ယခင်က သင့်ကိုအန္တရာယ်ပေးဖို့ ကြိုးစားမိခဲ့လို့ စိတ်မကောင်းဖြစ်မိပါတယ်။ သို့သော် သင့်ကျောင်းတိုက် တည်ထောင်သူကို ကျွန်ုပ်၏ ကတိကဝတ်အရ ပြုမူရခြင်း ဖြစ်ပါတယ်။ ယခုအခါ သင်သည် ဘာမှမရှိခြင်းကို ကောင်းစွာ သိမြင်လာပြီဖြစ်သောကြောင့် ကျွန်ုပ်နှောင့်ယှက်ချင်လျှင်လည်း နှောင့်ယှက်နိုင်မည် မဟုတ်တော့ပါ” ဟု ဆိုလေသည်။
ဤနမူနာ၏ အရေးကြီးပုံကို ယင်းပိုချီက အလေးထားပြောကြားပါသည်။ မိမိ ထိန်းချုပ်နိုင်သည့် အစွမ်းအစထက် ကျော်လွန်သော အင်အားများကို အရူးလုပ်ခြင်းသည် အန္တရာယ် ဖြစ်စေပါသည်။ ဓမ္မကာကွယ်သူများသည် ဗုဒ္ဓပုံတော်များ၏ ကျေးကျွန်များဖြစ်သည်ကို အမြဲအမှတ်ရအောင် ပြောသော ဆရာတော်ကြီးကို ကိုးကားလျှက် သူက မကြာခဏ ပြောပါသည်။ အနုတ္တရယောဂ တန္တရ အဆင့် ရရှိပြည့်စုံသူများ၊ ဗုဒ္ဓပုံတော်ကဲ့သို့ စေညွှန်နိုင်စွမ်း ရှိသူများသာလျှင် ပါဝင်သင့်ပါသည်။ ထိုသို့မဟုတ်ဘဲ အချိန်မတိုင်မီ ပြုလုပ်ပါက ကလေးငယ်တစ်ယောက်သည် ခြင်္သေ့ကြီးတစ်ကောင်ကို သူ့အားကာကွယ်ဖို့ တောင်းဆိုသလို ဖြစ်နေပါမည်။ ခြင်္သေ့သည် ကလေးငယ်ကို ကိုက်စားသွားနိုင်ပါသည်။ ကျွန်ုပ်တို့၏ အပြုအမူကြောင့် ဖန်တီးသော ကံသည် ကျွန်ုပ်တို့၏ အကောင်းဆုံး အကာအကွယ် ဖြစ်သည်ဟု ဆရာတော်ကြီးက အကြံပေးပါသည်။ ထို့ပြင် ဘုရား၊ တရား၊ သံဃာဆိုသည့် ရတနာသုံးပါးအပေါ်တွင် ကိုးကွယ်အားထားသူတို့အတွက် ဘာများ ဖြစ်ပါဦးမည်နည်း။