ဗုဒ္ဓဘာသာ ကျင့်ကြံအားထုတ်သူများအတွက် ဆခုန်ယင်းပိုချီ၏အကြံပေးစကား

ကျွန်ုပ်တို့၏ ဘာသာရေး သင်ကြားသူအပေါ် အလေးထားခြင်း

ဆခုန်ယင်းပိုချီသည် လားမားဘုန်းတော်ကြီးအားလုံးကို အလေးထားရန်နှင့် သူတို့အချိန်ကို မဖြုန်းရန် အမြဲအလေးထား ဟောကြားပါသည်။ စပီတီမှ သက်ဝင်ယုံကြည်သူများကဲ့သို့ မပြုလုပ်ရန် သူကပြောပါသည်။ သူ့အား အခမ်းအနား ပုဝါ (ကာတ) များ ဆက်သရန် တန်းစီသောအခါ စပီတီမှ ကိုးကွယ်သူတို့သည် သူ့ရှေ့တွင် တစ်ကြိမ်လျှင် တစ်ဦးစီ တိုက်ရိုက် ကန်တော့နိုင်သည်အထိ စောင့်ဆိုင်းကြပါသည်။ ထိုလုပ်ငန်းသည် နာရီပေါင်းများစွာ ကြာနိုင်ပါသည်။ ထို့ပြင် လားမားတစ်ပါးကို မေးခွန်းမေးသောအခါ ယင်းပိုချီက ဇာတ်လမ်းအကျယ်ချဲ့ မပြောရန်နှင့် မကြွားဝါရန် ပြောပါသည်။ တကယ်တော့ ထိုမေးခွန်းများကို အတိအကျ ဘာသာမပြန်ဘဲ လိုရင်းသာ ပြန်ဆိုရန် ကျွန်ုပ်ကို ညွှန်ကြားထားပါသည်။

ထို့ပြင် ယင်းပိုချီသည် ဧည့်သည့်များကို သူ့အား ကာတများ အမြဲ မကပ်လှူစေလိုပါ။ ယင်းတို့ကို သူက “ရှုပ်ပွသော” ကွတ်ကီးဘူးများဟု ခေါ်ပါသည်။ လားမားတစ်ပါးကို ကပ်လှူလိုသူတို့သည် လူတစ်ယောက် အသုံးပြုနိုင်သော သို့မဟုတ် နှစ်ခြိုက်သော တစ်စုံတစ်ခု ဖြစ်သင့်သည်ဟု ပြောပါသည်။ ထို့ပြင် ကျွန်ုပ်ကဲ့သို့ တစ်စုံတစ်ယောက်က သူ့ကိုမကြာခဏ မြင်တွေ့ရမည်ဆိုလျှင် ပစ္စည်းများ ယူမလာရန် မှာကြားပါသည်။ သူသည် ဘာကိုမှ မလိုအပ်သလို မလိုချင်ပါ။

ပုံမှန်အသိကို အသုံးပြုကာ တစ်ခုခု အဆင်မပြေပါက အစားထိုး အစီအစဉ်များ ပြင်ဆင်ထားခြင်း

ယင်းပိုချီသည် ပုံမှန်သိစိတ်ကို အမြဲသုံးခိုင်းပါသည်။ ထို့ကြောင့် နေ့စဉ်ကိစ္စများအတွက် ခန့်မှန်းဟောကြားချက်များ တောင်းလာသူများကို သူမနှစ်သက်ပါ။ ခန့်မှန်းဟောကြားချက် တောင်းဆိုရန် သင့်တော်သည့် တစ်ခုတည်းသော ကိစ္စမှာ သာမန်နည်းလမ်းများဖြင့် မဖြေရှင်းနိုင်သောကိစ္စ ဖြစ်ပါသည်။ အထူးသဖြင့် စိတ်ဝိဉာဉ်ဆိုင်ရာ ကိစ္စများနှင့် ဆိုင်ပါသည်။ တစ်ခါက ကျွန်ုပ်သည် အိမ်ငှားခနှင့် ပတ်သက်ပြီး ပြဿနာဖြစ်ရာ ဘာလုပ်ရမည်ကို ခန့်မှန်းဟောကြားစေပါသည်။ ယင်းပိုချီသည် ကျွန်ုပ်ကို မောင်းထုတ်ကာ ရှေ့နေသွားရှာဟု ပြောလေသည်။

ထို့ပြင် ကျွန်ုပ်၏ဆောင်ရွက်မှုကို စီစဉ်ရာတွင် ယင်းပိုချီသည် ဖြစ်နိုင်ခြေ ဆောင်ရွက်ချက် အနည်းဆုံးသုံးခု အမြဲပြင်ဆင်ထားရန် အကြံပြုပါသည်။ ဤမဟာဗျူဟာကြောင့် ပြုလွယ်ပြင်လွယ်မှုသည် အစီအစဉ်တစ်ခု မအောင်မြင်ပါက အကူအညီမဲ့ ကြောက်လန့်မှုမဖြစ်အောင် ကာကွယ်ပေးပါသည်။ အစားထိုးစရာများစွာ ရှိခြင်းဖြင့် အနည်းဆုံး တစ်ခုခုတော့ အောင်မြင်မည်ဆိုသည့် မိမိကိုယ်ကို ယုံကြည်မှုကြောင့် လုံခြုံမှုခံစားရပါသည်။

သို့သော် တပည့်များသည် ခန့်မှန်းချက်များအပေါ်တွင် တစ်ခါတစ်ရံ အားကိုးကြခြင်းဖြင့် ကိုယ်တိုင်တွေးတောနိုင်စွမ်း လျော့ပါးသွားပါသည်။ ထိုသူတို့သည် မိမိဘဝအတွက် တာဝန်ရှိမှုကို ရှောင်ရှားကာ တစ်ယောက်ယောက်ကို သူတို့အတွက် ဆုံးဖြတ်ချက် ချခိုင်းလိုက်ပါသည်။ အဓိက ဆုံးဖြတ်ချက်များအတွက် ဘာသာရေး သင်ကြားသူကို တိုင်ပင်ဆွေးနွေးသည်မှာ အကူအညီရသော်လည်း ထိုအတွက် အတည်ငြိမ်ဆုံး နည်းလမ်းမှာ မိမိ၏တန်ဖိုးကို ကိုယ်တွင်းမှာရှာရန် ဖြစ်ပါသည်။ လားမားတစ်ပါး မရှိလည်း ထိုတန်ဖိုးများက အသင့်တော်ဆုံး ဆောင်ရွက်ချက်ကို ဆုံးဖြတ်ပေးရန် အမြဲလက်တစ်ကမ်းမှာ ရှိနေပါသည်။

အချို့သူများက သူတို့လိုချင်သော အဖြေရသည်အထိ လားမားတစ်ပါးပြီးတစ်ပါး မေးမြန်းဆွေးနွေးရာ အထူးသဖြင့် ထိုသူတို့ကို ထိုသို့မပြုလုပ်ရန် ယင်းပိုချီက အကြံပြုပါသည်။ ခန့်မှန်းချက် တောင်းဆိုသည်မှာ လားမားဘုန်းတော်ကြီး အပေါ်တွင် ယုံကြည်မှုနှင့် သစ္စာထားမှု ဖြစ်ပါသည်။ ဆိုလိုသည်မှာ မည်သို့အကြံပေးသည်ဖြစ်စေ ဆောင်ရွက်ရပါသည်။ ထို့ပြင် လားမားတစ်ပါးထံလာပြီး အခြားဆရာတစ်ဦးက မည်သို့ဆောင်ရွက်ခိုင်းသည်ဟု ပြောပြီး ဘယ်လိုထင်သလဲ၊ ဘာလုပ်သင့်သလဲဟု လာမေးခြင်းကိုလည်း မပြုလုပ်ရန် ယင်းပိုချီက သတိပေးပါသည်။ အခြား ဘာသာရေး ဆရာတစ်ဦးက မှားယွင်းသည်ဟု ပြောအောင် လားမားတစ်ပါးကို အနေခက်အောင် ပြုလုပ်သည်မှာ အသိဉာဏ်မဲ့သည်ဟု ဖော်ပြနေပါသည်။

သင့်တော်သော မေးခွန်းများမေးတတ်အောင် သင်ယူခြင်း

တကယ်တော့ အနောက်တိုင်းသား အများစုသည် လားမားဘုန်းတော်ကြီးများကို သင့်တော်စွာ မေးခွန်းမေးမြန်းနည်းကို မသိရှိကြပါ။ အကြောင်းကိစ္စများကို မိုက်မဲစွာ လာမေးသောအခါ ယင်းပိုချီသည် ပုံမှန်အားဖြင့် သူတို့ကို ပြုပြင်ပေးပါသည်။ ဥပမာ၊ တစ်စုံတစ်ယောက်က ဖြည့်ဆည်းမှု ရရှိလိုကြောင်း မမေးမြန်းတတ်ပါက “ဤသက်ဝင်မှု အခမ်းအနားကို တက်သင့်ပါသလား” ဟုမေးပါက ရယ်စရာကောင်းပါသည်။ ထိုသို့တက်ရောက်လျှင် ကောင်းပါသည်။ မည်သူမျှ ဆိုးသည်ဟု ပြော၍မရပါ။ ထို့ပြင် တစ်ယောက်ယောက်က “ဒီပွဲကို တက်သင့်သလား။ မတက်သင့်ဘူးလား” ဟုမေးပါက “တက်ကိုတက်ရမှာလား” ဆိုသည့် သဘော ဖြစ်ပါသည်။ မည်သူမျှ တာဝန်အရ တက်ရောက်စရာ မလိုပါ။ ဤကိစ္စများအတွက် ဘာသာရေး သင်ကြားသူ၏ အကြံဉာဏ်ကို တောင်းခံရာတွင် “ကျွန်ုပ်ဘာလုပ်သင့်သည်ဟု ထောက်ခံလိုပါသလဲ” ဟုမေးရန် ဖြစ်ပါသည်။

ထို့ပြင် လားမားတစ်ပါးထံ ချဉ်းကပ်ပြီး သူကပေးအပ်မည့် ဖြည့်ဆည်းမှုကို ရယူခွင့်ပြုရန် လျှောက်ထားသောအခါ “ဤသို့ သက်ဝင်မှုကို ရရှိနိုင်ပါသလား” ဟုမေးလျှင် မသင့်တော်ပါ။ ထိုသို့မေးပါက “ကျွန်ုပ်ကို လက်ခံနိုင်သလား” ဟု မေးရာရောက်ပြီး လုံးဝဆိုးရွားပါသည်။ မှန်ကန်သောမေးနည်းမှာ “ဖြည့်ဆည်းမှုကို ရယူခွင့်ပြုပါ” ဟုမေးရပါမည်။ ပြည်ပနိုင်ငံတစ်ခုတွင် နေထိုင်ခွင့် ဗီဇာ သက်တမ်းတိုးသလိုပင် “ဒီထက်ပိုကြာအောင် နေလို့ရမလား” ဟုမေးပါက မိုက်မဲပါသည်။ ရင့်ကျက်သူတို့၏ မေးနည်းမှာ “သင်၏ကြင်နာသော ခွင့်ပြုချက်ဖြင့် ကျွန်ုပ်ဆက်လက် နေထိုင်လိုပါသည်” ဟူ၍ဖြစ်ပါသည်။

တစ်ခါက တာနာသည် ယင်းပိုချီအား လက်ခြောက်ခုပါသည့် မဟာကာလ စောင့်ရှောက်သောနတ်ကို နှိုးဆွရန် ခွင့်ပြုသောအခမ်းအနား အပ်နှင်းဖို့ လပေါင်းများစွာ အကြိမ်ကြိမ် တောင်းဆိုပါသည်။ နောက်ဆုံးတွင် ယင်းပိုချီက သဘောတူလိုက်သောအခါ တာနာသည် နေ့စဉ် မပျက်မကွက် ဘာကိုရွတ်ဆိုရမည်နည်းဟု မေးပါသည်။ ယင်းပိုချီသည် သူ့ကိုရိုက်ပါတော့သည်။ သူသည် ကတိကဝတ်အတိုင်း ဘာမဆို ဆောင်ရွက်သင့်သည်ဟု သူ့ကို အပြစ်တင်ပါသည်။

သန္နိဋ္ဌာန် မချမှတ်မီ လေ့လာစစ်ဆေးခြင်း

အနောက်တိုင်းသားများက သက်ဝင်မှု အခမ်းအနားမှ မဖြစ်မနေရွတ်ဆိုရမှုကို ဈေးဆစ်ရန်ကြိုးစားပါက ယင်းပိုချီသည် အလွန်စိတ်ဆိုးပါသည်။ ဗုဒ္ဓပုံတော် တစ်ခုအတွက် ဖြည့်ဆည်းမှု ရယူခြင်းသည် အားလုံးအကျိုးအတွက် ဉာဏ်အလင်း ရရှိရန် ၎င်း၏ကျင့်ကြံမှုတွင် ရိုးသားစွာ ပါဝင်လိုစိတ်ကြောင့် ဖြစ်သည်ဟု သူအမြဲ ပြောပါသည်။ “ကောင်းသော ဓာတ်များ” ရရှိရန် တက်ရောက်ခြင်း သို့မဟုတ် လူတိုင်းသွားသည့်အတွက် တက်ရောက်ခြင်းမှာ ဆိုးရွားပါသည်။ ထို့ပြင် ရင်းနှီးရုံလောက် ခဏတာ တရားစခန်းဝင်ပြီးနောက် တရားရှုမှတ် ကျင့်ကြံမှုကို မေ့သွားပါကလည်း မသင့်တော်ပါ။ တန္တရ ကျင့်ကြံမှုတစ်ခုအတွက် ကတိကဝတ်သည် ဘဝတစ်ခုလုံးအတွက် ဖြစ်ပါသည်။

ယင်းပိုချီသည် ဘာသာရေး ကျင့်ကြံမှုများနှင့် သင်ကြားသူများကို နောက်ပိုင်းမှ မဟုတ်ဘဲ စတင်မပါဝင်မီကတည်းက သေချာစိစစ်ရန် အလေးထားပြောထားပါသည်။ ယင်းမှာ အနောက်တိုင်းသားများတွင် ယင်းပိုချီ တွေ့ရသည့် အဓိကအမှား ဖြစ်ပါသည်။ ကျွန်ုပ်တို့သည် အရာရာကို အချိန်မတိုင်မီ အလောတကြီး ဆောင်ရွက်တတ်ပါသည်။ ရေခဲနေသော ကန်ထဲသို့ ပြေးလာပြီးမှ မိမိအလေးချိန်ကို ရေခဲပြင်က ခံနိုင်ရည်ရှိ၊ မရှိ နောက်ပြစ် စစ်ဆေးသည့် သူရူးတစ်ယောက်လို မဖြစ်စေရန် ယင်းပိုချီက သတိပေးပါသည်။

ယင်းပိုချီက လူတို့သည် မည်သူ့တရားပွဲကိုမဆို တက်ရောက်နိုင်သည်ဟု ပြောပါသည်။ ယဉ်ကျေးမှုအရ ဆရာတော်၏ ကျောင်းတိုက်သင်္ကန်း သို့မဟုတ် အခန်းထဲရှိ ဘုရားပုံတော်ကိုလည်း ကန်တော့နိုင်သည်ဟု ဆိုပါသည်။ ထိုဆရာ၏ တပည့်ဖြစ်ရန်မှာမူ နောက်ထပ်ကိစ္စတစ်ခု ဖြစ်ပါသည်။ ကျွန်ုပ်သည် မည်သည့်လားမားအတွက်မဆို ဘာသာပြန်ပေးနိုင် သော်လည်း တစ်ယောက်ယောက်အတွက် ဆောင်ရွက်ပေးခြင်းဖြင့် ထိုသူကို ကျွန်ုပ်၏ ဘာသာရေး သင်ကြားသူ ဖြစ်စေမည် မဟုတ်ကြောင်း သူက ကျွန်ုပ်ကို ပြောပါသည်။ ကျွန်ုပ်သည် တန္တရဖြည့်ဆည်းမှု အခမ်းအနားကို ဘာသာပြန်ရလျှင်လည်း ထိုအတိုင်းပင် ဖြစ်သည်ဟု သူကရှင်းပြပါသည်။ အရေးကြီးသည်မှာ ထိုဆရာအပေါ် မိမိ၏သဘောထား ဖြစ်ပါသည်။

အချိန်မတိုင်မီ သံဃာ သို့မဟုတ် သီလရှင် ဖြစ်လာသည်ကို ရှောင်ရှားစေခြင်း

အနောက်တိုင်းသားများသည် သူတို့လက်ကျန်ဘဝအတွက် ဖြစ်လိုသောအရာ ဟုတ်၊ မဟုတ် အမှန်တကယ် မလေ့လာဘဲ အလွန်လျင်မြန်စွာ ဗုဒ္ဓဘာသာ သံဃာနှင့် သီလရှင်များ ဖြစ်လာသည်ဟု ယင်းပိုချီက ခံစားရပါသည်။ သူတို့ သာသနာ့ဘောင် ဝင်လိုက်ခြင်းဖြင့် သူတို့မိဘများအပေါ် မည်သို့ သက်ရောက်မည်၊ အနာဂတ်တွင် သူတို့ဘာသာ မည်သို့ ပံ့ပိုးမည်ကို တစ်ခါတစ်ရံ သူတို့မစဉ်းစားမိပါ။ အတိတ်က နာမည်ကျော် တောထွက်ကျင့်ကြံသူ တစ်ဦးဆိုလျှင် ဤသို့မိသားစု၊ ငွေကြေး စသည့် အချက်များကို ထည့်စဉ်းစားရန်မလိုပါ။ သို့သော် ကျွန်ုပ်တို့သည် မီလရေပ များ ဟုတ်၊ မဟုတ် မိမိဘာသာ သိရှိကြပါသည်။

ထိုအကြောင်းကြောင့် ယင်းပိုချီသည် ဒရူခန် ဂယ်လဂ်-ဂျေဆို အကြောင်းကို မကြာခဏ ကိုးကားပါသည်။ ဤနာမည်ကျော် တိဘက်ဆရာတော်ကြီးသည် လူငယ် ဘဝကတည်းက သင်္ကန်းဝတ်ချင်သော်လည်း မိသားစုက ခွင့်မပြုသဖြင့် အလွန်ဝမ်းနည်းရပါသည်။ ထို့ကြောင့် မိဘများရှိစဉ်တွင် ကောင်းစွာအလုပ်အကျွေးပြုသည်။ မိဘများကွယ်လွန်သောအခါ သူ့အမွေကို ထိုက်တန်သော အကြောင်းကိစ္စများအတွက် လှူဒါန်းလိုက်သည်။ သို့မှသာ သူလည်း သင်္ကန်းဝတ်နိုင်ပါတော့သည်။

မိဘများကို လေးစားပြီး အလုပ်အကျွေးပြုရန် ယင်းပိုချီက အမြဲအလေးအနက် ပြောပါသည်။ အနောက်တိုင်းသား ဗုဒ္ဓဘာသာဝင် ဖြစ်သော ကျွန်ုပ်တို့သည် အားလုံးက အတိတ်ဘဝများတွင် မိမိ၏ မိခင်၊ ဖခင်တော်စပ်ဖူးသောကြောင့် သူတို့မေတ္တာကို ပြန်လည်ပေးဆပ်ရမည်ဟု ရွှန်းရွှန်းဝေအောင် ပြောကြပါသည်။ ပုဂ္ဂိုလ်ရေး အဆင့်တွင်မူ ကျွန်ုပ်တို့အများစုသည် ယခုဘဝ မိဘများနှင့်ပင် ကောင်းစွာအဆင်မပြေနိုင်ကြပါ။ မိမိ၏ မိဘများအပေါ် အလုပ်အကျွေးပြုပြီး ကြင်နာခြင်းသည် ဗုဒ္ဓဘာသာ ကျင့်ကြံမှုကြီးတစ်ခု ဖြစ်သည်ဟု ယင်းပိုချီက ဟောကြားပါသည်။

တစ်စုံတစ်ယောက်သည် မပြုလုပ်မီကတည်းက သေချာစုံစမ်းပြီးမှသာ သံဃာ သို့မဟုတ် သီလရှင်ဝတ်ပါက သို့မဟုတ် ကျောင်းတိုက်သာသနာ့ဘောင် ဝင်ထားပြီးသား ဖြစ်ပါက လင်းနို့တစ်ကောင်ကဲ့သို့ လမ်းတစ်ဝက်တွင် မဖြစ်စေရန် ယင်းပိုချီက ရှင်းပြပါသည်။ လင်းနို့သည် ငှက်များအကြား ရောက်နေပြီး သူတို့လုပ်သည့်အတိုင်း လိုက်မလုပ်ချင်သောအခါ “အို၊ ဒါမျိုး မလုပ်တတ်ဘူး။ ကျုပ်မှာ သွားတွေရှိတယ်” ဟုပြောလေသည်။ ကြွက်များအကြား ရောက်သောအခါ “အို၊ ဒါမျိုး မလုပ်တတ်ဘူး။ ကျုပ်မှာ တောင်ပံတွေ ရှိတယ်” ဟုပြောသည်။ ဤနမူနာအတိုင်း ပြုမူခြင်းသည် အဆင်ပြေမှု အတွက် သင်္ကန်းဝတ်ခြင်းနှင့် တူပါသည်။ ထိုသူတို့သည် မိမိဘာသာ ငွေကြေးပံ့ပိုးခြင်းကဲ့သို့ သာမန်လူတို့၏ အမှုကိစ္စ အချို့ကို မနှစ်သက်ပါက သင်္ကန်းကို အကြောင်းပြပါသည်။ ထိုသူတို့သည် အကြာကြီး ဝတ်ပြုခြင်း သို့မဟုတ် သင်္ကန်းဖြင့် သွားလာရခြင်းကဲ့သို့ ကျောင်းတိုက် ဆောင်ရွက်ချက် သို့မဟုတ် ပုံစံများကို အလေးမထားသောအခါ အနောက်တိုင်းသား ဖြစ်သည်ဟု အကြောင်းပြပါသည်။ ယင်းပိုချီ ပြောသလိုပင် “ဘယ်သူ့ကို အရူးလုပ်နေတာလဲ” ဟု မေးရပါတော့မည်။

ဘာသာရေး ကျင့်ကြံမှု ဆောင်ရွက်ခြင်းသည် အလုပ်အကိုင် မရှာဖွေခြင်းအတွက် အကြောင်းပြချက် မဟုတ်ပါ

ထိုသို့ဆိုသဖြင့် ဗုဒ္ဓဘာသာ ကျင့်ကြံသူများသည် အလုပ်မလုပ်သင့်ဘူးဟု မဆိုလိုကြောင်း ယင်းပိုချီက ရှင်းပြပါသည်။ သာမန်လူဖြစ်စေ၊ သင်္ကန်းဝတ်ဖြင့်ဖြစ်စေ လူတိုင်းသည် လက်တွေ့ကျရန် လိုပါသည်။ မနောကံနှင့် ဝစီကံကို အာရုံစိုက်ခြင်းက မိမိခန္ဓာကိုယ်ကို အာရုံစိုက်ခြင်းထက် ပိုအရေးကြီးသည်ဟု ယင်းပိုချီက ဟောကြားပါသည်။ ထို့ကြောင့် မိမိဘာသာ ပံ့ပိုးရန်လိုအပ်သည့် အပြင်းအထန် ကျင့်ကြံသူများအတွက် သာမန်အလုပ်ကလေးများ လုပ်ရန် သူက အကြံပေးပါသည်။ အလုပ်လုပ်ရင်း မန္တရားများ ရွတ်ဖတ်နိုင်သလို နွေးထွေးသော ခံစားချက်များနှင့် ကြင်နာသော အတွေးများ ဖြန့်ကျက်နိုင်ပါသည်။ အလုပ်လုပ်ရင်း တရားတော်ကို တွေးတောခြင်းသည် အလွန်ခက်ခဲပြီး ကျွန်ုပ်တို့သည် တန္တရ ဖြည့်ဆည်းမှုများ ရရှိထားပါက အနည်းဆုံး မိမိ၏အသွင်အပြင်ကို ပြောင်းလဲနိုင်ပါသည်။ တစ်နေ့လုံး မိမိကိုယ်ကို ဗုဒ္ဓပုံတော်များကဲ့သို့ ကြိုးစားစိတ်ကူးကာ မိမိ၏ပတ်ဝန်းကျင်သည် ဘာသာရေး ဖွံ့ဖြိုးတိုးတက်မှုအတွက် ပြီးပြည့်စုံစွာ နှိုးဆွပေးသည့် သန့်ရှင်းသောမြေဖြစ်သည်ဟု စိတ်ကူးနိုင်ပါသည်။ ထို့နောက် မနက်စောစောနှင့် ညဘက်တွင် သဟာန များကို အကျယ်ချဲ့ မြင်ယောင်ကြည့်ပြီး လေ့ကျင့်နိုင်ပါသည်။ ယင်းပိုချီက ဗုဒ္ဓဘာသာကို ဘဝနှင့် သီးခြားခွဲမထားရန် အမြဲ အလေးထားပြောကြားပါသည်။

တာနာသည် အင်္ဂလန်နိုင်ငံတွင် အလုပ်မရှိဘဲ သူ့ဇနီး၊ သားသမီးနှစ်ဦးနှင့်အတူ လူမှုဖူလုံရေးခံစားခွင့်ဖြင့် နှစ်ပေါင်းများစွာ နေထိုင်ခဲ့ပါသည်။ သူ့အချိန်အားလုံးနီးပါးက အပြင်းအထန် တရားစခန်းဝင်ပြီး ကျင့်ကြံမှုဖြင့် အချိန်ကုန်ပါသည်။ တရားတော်များကို ကျင့်ကြံနိုင်နေပါက ဘာကြောင့် အချိန်ကုန်ခံပြီး အလုပ်လုပ်မလဲဟု သူကခံစားရသည်။ ယခင်က သူသည် ကြွယ်ဝမှုကို စောင့်ရှောက်သောနတ် အဖြူရောင် မဟာကာလ ခွင့်ပြုအခမ်းအနားကို ယင်းပိုချီထံမှ ရရှိဖူးပြီး သူ့ငွေကြေးပြဿနာများ ပြေလည်အောင် နေ့စဉ်ဆုတောင်းပါသည်။ ယင်းပိုချီက လုံးဝမနှစ်သက်ပါ။ နေမကောင်းသူတစ်ဦးက နေပြန်ကောင်းအောင် ဆေးလုံးဝ မသောက်ဘဲ ဆေးဝါးဗုဒ္ဓကို ဆုတောင်းနေသည်နှင့် တူသည်ဟု သူကပြောပါသည်။ သူက တာနာကို အလုပ်တစ်ခုရှာခိုင်းပြီး သူ့အပြင်းအထန် ကျင့်ကြံမှုကို မနက်နှင့် ညတွင်သာ အချိန်ပိုမိုတိုတောင်းစွာ ပြုလုပ်ခိုင်းပါသည်။ ထို့နောက် မဟာကာလအား နှိုးဆွမှုသည် သူ့အလုပ်ကို ကူညီကာ ငွေကြေးအောင်မြင်လာမည် ဖြစ်ပါသည်။

အမြဲတမ်း လက်တွေ့ကျပြီး ထိရောက်ခြင်း

ရှုပ်ထွေးမှုမရှိဘဲ လက်တွေ့ကျပြီး ထိရောက်သူများကို ယင်းပိုချီသည် နှစ်သက်ပါသည်။ ထို့ကြောင့် ကျင့်ကြံမှုများနှင့် ရွတ်ဖတ်မှုများကို အမြဲတမ်း မြန်မြန်ဆောင်ရွက်စေလိုပါသည်။ တစ်ခါက အီတလီနိုင်ငံ၊ မီလန်မြို့ရှိ ဂီဖယ်လင်းစင်တာမှ တပည့်များက ယင်းပိုချီကို တရားကို နိဂုံးချုပ်ရန် အဆင့်လိုက်လမ်းကြောင်း (လမ်-ရင်း) နှင့် အဝလောကီတိဿ ကျင့်ကြံမှုအကြောင်း ဟောကြားပြီး တရားရှုမှတ်ချိန်တစ်ချိန် ဦးဆောင်ပေးရန် တောင်းဆိုပါသည်။ ယင်းပိုချီက သဘောတူပြီး သူတို့ကိုယ်တိုင် အဆင့်ခြောက်ဆင့်ဖြင့် အဝလောကီတိဿ ရရှိရန် ညွှန်ကြားကာ လမ်-ရင်းတရား၏ အဓိကအချက် ဒါဇင်ပေါင်းများစွာ အပေါ်တွင် တရားရှုမှတ်စေပါသည်။ ယင်းတို့အားလုံးကို နှစ်မိနစ်အတွင်း ဆောင်ရွက်စေပါသည်။ တပည့်များက မယုံကြည်နိုင်အောင် ဖြစ်သွားကာ ဤကိစ္စအားလုံးအတွက် ဤမျှအချိန်သာ ပေးသည်ကို ကန့်ကွက်ပါသည်။ ထိုအခါ ယင်းပိုချီက တုံ့ဆိုင်းသွားပြီး “ကောင်းပြီ။ ဒါဆိုသုံးမိနစ်ပေးမယ်” ဟုပြောသည်။ ထို့နောက် သူက ကျင့်ကြံသူကောင်း တစ်ယောက်သည် မြင်းပေါ်တက်သောအခါ မြင်းကုန်းနှီးပေါ်သို့ ခြေထောက်တင်လိုက်သည့် အချိန်အတွင်း လမ်-ရင်း တရားအားလုံးကို ခြုံငုံမိနိုင်သည်ဟု ရှင်းပြပါသည်။ သေခြင်းတရားနှင့် ကြုံသောအခါ သေချာထိုင်ပြီး တဖြည်းဖြည်း မြင်ယောင်ပုံဖော်ရန် အချိန်မရှိပါ။

ကျွန်ုပ်တို့၏ ဗုဒ္ဓဘာသာ ကျင့်ကြံမှုအပေါ် လက်တွေ့ကျခြင်း

ယင်းပိုချီသည် ဗုဒ္ဓဘာသာ ကျင့်ကြံမှုတွင် အဘက်ဘက်မှ လက်တွေ့ကျရန် လိုသည်ကို အလေးထား ပြောကြားပါသည်။ အထူးသဖြင့် သင်သည် အခြားသူများကို အကျိုးပြုရန် ကြိုးစားနေသည့် စိတ်အားထက်သန်သော ဗောဓိသတ္တ ဖြစ်ပါက ဤအချက်ကအထူးအရေးကြီးပါသည်။ မိမိဘက်မှ ကူညီလိုစိတ် အမြဲရှိလိုသော်လည်း အခြားသူများက မိမိ၏ အကူအညီကို လမ်းဖွင့်ထားမှုနှင့် နောက်ဆုံးတွင် မိမိ၏ အားထုတ်မှုတို့သည် သူတို့၏ စိတ်တွင် ယခင်က ဖြစ်ပေါ်ခဲ့သော ပုံစံများဖြစ်သည့် သူတို့၏ ကံ အပေါ်တွင် မူတည်သည်ကို အမှတ်ရရပါမည်။ ထို့ကြောင့် ယင်းပိုချီသည် မိမိနှင့်မဆိုင်သော ကိစ္စများတွင် ဖြစ်စေ၊ အခြားသူများက မိမိ၏ အကူအညီကို ရယူရန် စိတ်မဝင်စားလျှင်ဖြစ်စေ အကူအညီမပေးရန် တားမြစ်သတိပေးပါသည်။ ကျွန်ုပ်တို့၏ နှောင့်ယှက်မှုကြောင့် နောင်တသာ ရစေပြီး ကျွန်ုပ်တို့အကူအညီ မအောင်မြင်ပါက အလုံးစုံပြစ်တင်ခံရပါမည်။

ဆောင်ရွက်နိုင်သည်ထက်ပို၍ ကတိမပေးခြင်း

အကောင်းဆုံးမှာ အမြဲတမ်း သိုသိုသိပ်သိပ်နေရန် ဖြစ်ပါသည်။ ကျွန်ုပ်တို့သည် ကူညီလိုသည်ကို အခြားသူများအား အသိပေးနိုင်ပါသည်။ သူတို့တောင်းခံပါက သူတို့ကိစ္စတွင် ကျွန်ုပ်တို့က ကျိန်းသေပါဝင်ပတ်သက်နိုင်ပါသည်။ သို့သော် “အငှားလိုက်သည့် ဗောဓိသတ္တ” ကဲ့သို့ မိမိကိုယ်ကို မကြော်ငြာမိရန် ရှောင်ရှားဖို့လိုပါသည်။ အကောင်းဆုံးမှာ နေ့စဉ်တရားရှုမှတ်ခြင်းကိုသာ ဆောင်ရွက်ပြီး နှိမ့်ချစွာနေရန် ဖြစ်ပါသည်။ ယင်းပိုချီသည် ကျွန်ုပ်တို့ ဆောင်ရွက်နိုင် သည်ထက် ပို၍ကတိပေးခြင်း မပြုရန် သို့မဟုတ် အနာဂတ်တွင် တစ်ခုခု တာဝန်ယူဆောင်ရွက်မည်ဟု လူသိရှင်ကြား ပြောခြင်းမျိုး မပြုရန် အထူးသဖြင့် သတိပေးပါသည်။ ယင်းမှာ အတားအဆီးများ ပိုဖြစ်စေပြီး နောက်ဆုံးတွင် ပြောထားသလို ဖြစ်မလာပါက မိမိဘာသာ အရူးဖြစ်အောင် လုပ်မိပြီး ယုံကြည်မှုအားလုံး ဆုံးရှုံးကုန်ပါသည်။

မိမိဆောင်ရွက်နိုင်သည်ထက် ပို၍ကတိမပေးရန် ဤအချက်သည် အထူးသဖြင့် ကျွန်ုပ်တို့၏ ဘာသာရေး သင်ကြားသူ များနှင့် ဆက်ဆံရေးတွင် အရေးကြီးပါသည်။ ယင်းပိုချီသည် အဝဃောသ၏ ဘာသာရေး ဆရာတော်အကြောင်း လင်္ကာငါးဆယ် မှ လမ်းညွှန်ချက်များကို လိုက်နာရန် အမြဲပြောဆိုပါသည်။ သူ၏ တရားရှုမှတ်ကျင့်ကြံမှု တစ်စိတ်တစ်ပိုင်း အဖြစ်လည်း နေ့စဉ်ရွတ်ဆိုပါသည်။ ကျွန်ုပ်တို့၏ ဆရာများက ကျွန်ုပ်တို့ မဆောင်ရွက် နိုင်သော တစ်ခုခုကို အကြောင်း တစ်ခုခုကြောင့် ဆောင်ရွက်ခိုင်းပါက ကျွန်ုပ်တို့သည် မဆောင်ရွက်နိုင်သည့် အကြောင်းရင်းကို နှိမ့်ချယဉ်ကျေးစွာ ရှင်းပြရန် လိုပါသည်။ ယင်းပိုချီက ဘာသာရေး ဆရာတော်အား စိတ်ရောကိုယ်ပါ ကတိကဝတ်ပြုရသည့် အကြောင်းသည် ကျေးကျွန် သို့မဟုတ် စက်ရုပ်ကဲ့သို့ ဖြစ်ရန် မဟုတ်ကြောင်း၊ မိမိခြေထောက်ပေါ်တွင် ရပ်နိုင်အောင် လေ့လာရန်၊ မိမိကိုယ်တိုင် စဉ်းစားရန်နှင့် ဉာဏ်အလင်းရရှိရန်ဖြစ်ကြောင်း အလေးထား ပြောကြားပါသည်။ ကျွန်ုပ်တို့ဆရာများ အကြံပြုသောအရာကို မဆောင်ရွက်နိုင်ပါက မိမိဆရာများကို စိတ်ပျက်စေသည့် ဆိုးရွားသော တပည့်များ ဖြစ်ပြီဟု အပြစ်ခံစားရလျှင် လုံးဝမသင့်တော်ပါ။ သင့်တော်သော ဘာသာရေး ဆရာတော်သည် ကျိုးကြောင်းမဆီလျော်သော အာဏာရှင်မဟုတ်ပါ။

ကျွန်ုပ်တို့သည် မိမိဆရာများအတွက်ဖြစ်စေ၊ အခြားတစ်ယောက်ဖြစ်စေ၊ တစ်စုံတစ်ယောက်အတွက် တစ်ခုခု ဆောင်ရွက်ပေးရန် သဘောတူပါက အစကတည်းက အားလုံးရှင်းလင်းနေရမည်ဟု ယင်းပိုချီက အကြံပေးပါသည်။ ဘာမှမသိသော ကောင်းကျိုးဆောင်သူကဲ့သို့ သဘောတူပြီးနောက် ထိုအလုပ်လုပ်နေရင်း သို့မဟုတ် လုပ်ပြီးသွားမှ တစ်ခုခု ပြန်မျှော်လင့်သည်ဟု ကြေညာပါက အခက်ကြုံနိုင်ပါသည်။ ယင်းပိုချီက ကျွန်ုပ်တို့သည် အမှန်တကယ် လက်တွေ့ကျပြီး အစကတည်းက တွေးထားပါက လောကီ၊ လောကုတ်နှစ်ရပ်စလုံး အဆင်ပြေပါလိမ့်မည်။ ကျွန်ုပ်တို့သည် အမှန်တကယ် လက်တွေ့မကျဘဲ ဆောက်တည်ရာမဲ့ အလောတကြီး ဆောင်ရွက်ပါက မည်သည့်ကိစ္စမျှ အောင်မြင်မည် မဟုတ်ပါ။

ဗုဒ္ဓဘာသာ စင်တာများအတွက် အကြံဉာဏ်

ယင်းပိုချီသည် အနောက်တိုင်း ဗုဒ္ဓဘာသာစင်တာမားအတွက်လည်း အလားတူ အကြံပေးပါသည်။ သူတို့သည် အကြွေးထူပြောကာ မဆောင်ရွက်နိုင်လောက်သော စီမံကိန်းများ ကတိပေးခြင်းဖြင့် အရမ်းမကြီးထွားအောင် ရှောင်ရှားရန် အကြံပေးပါသည်။ ဟန်မဆောင်ဘဲ သေးငယ်စွာ စတင်ပြီး ဝေးကွာသော ကျေးလက်ဒေသများတွင် နေရာချလိုစိတ်ကို တွန်းလှန်ရန် သူက ပြောပါသည်။ ဗုဒ္ဓဘာသာစင်တာများသည် မြို့ပြနေသူများ လာရောက်ရန်နှင့် မြို့ခံများက အနီးအနားတွင် အလုပ်ရှာဖွေရန် အဆင်ပြေဖို့ လိုပါသည်။ အဖွဲ့သည် စင်တာကို ရောင်းချကာ လိုအပ်ပါက ပိုကြီးသောနေရာတစ်ခု ဝယ်ချင်ဝယ်နိုင်သော်လည်း သင့်တော်သောအချိန် ဖြစ်ရန် လိုပါသည်။

ဗုဒ္ဓဘာသာစင်တာများ၏ ရည်ရွယ်ချက်မှာ ဆက်ကပ်ပွဲကဲ့သို့ ဟန်ဆောင်ကြော်ငြာကာ လူအုပ်စုများကို ဆွဲဆောင်ရန် မဟုတ်ပါ။ ယင်းပိုချီသည် ရိုးသားသော တပည့်အနည်းငယ်ပါဝင်သည့် အုပ်စုများကို အမြဲပိုနှစ်သက်ပါသည်။ ထို့ပြင် ဘာသာရေး ဆရာတော် ရွေးချယ်ရာတွင် ထိုသူက ပျော်စရာကောင်းပုံ သို့မဟုတ် သူပြောသော ဇာတ်လမ်းများက ရယ်ရွှင်ဖွယ်ကောင်းပုံတို့ကို အဓိကထားရန် မဟုတ်ပါ။ ကျွန်ုပ်တို့သည် ရယ်မောလိုပါက သို့မဟုတ် ထူးဆန်းတာတစ်ခုခု မြင်လိုပါက ဆက်ကပ်ပွဲမှ ဂျိုကာများနှင့် လမ်းဘေးပြကွက်များကို သွားကြည့်နိုင်ပါသည်။

Top