ထူးချွန်သော ဆရာတစ်ဆူဖြစ်ရန် ဆခုန်ယင်းပိုချီ၏ ချဉ်းကပ်မှုနည်းလမ်း

ဘာသာရေး သင်ကြားသူထံ၌ ယုံကြည်မှု ထားရှိခြင်းနှင့် စိတ်ရောကိုယ်ပါ အားစိုက်ကြိုးပမ်းခြင်း

ဘာသာရေး သင်ကြားသူတစ်ဦးထံ၌ စိတ်ရောကိုယ်ပါ အားစိုက်မှုသည် အခက်ခဲဆုံးနှင့် အနူးညံ့ဆုံး ဗုဒ္ဓဘာသာ ကျင့်ကြံမှုတစ်ခု ဖြစ်ပါသည်။ ထိုသို့ သေချာ ထူထောင်ထိန်းသိမ်းရန်အတွက် အထူးသတိထားရပါသည်။ သင့်တော်သော အခြေခံ ထားရှိပြီးသည်နှင့် မည်သည့်အရာကမျှ မတုန်လှုပ်စေတော့ပါ။ သူနှင့်ကျွန်ုပ် အကြားတွင် ထိုသို့ဖြစ်စေရန် ဆခုန်ယင်းပိုချီသည် အလွန်အပင်ပန်းခံပါသည်။ တစ်ညနေခင်းတွင် မွန်ဂေါ့ ရှိ မွန်လန် ပွဲတော်ကြီး အပြီးတွင် ယင်းပိုချီသည် ထိုနေရာရှိ သူ့မြေယာ၏ ငွေကြေးအချက်အလက်များအကြောင်း ရှုပ်ထွေးသော ဇာတ်လမ်းကို ကျွန်ုပ်အား ပြောပြပါသည်။ သူ၏ အခြားတပည့်များက ထိုသို့ပြောရန် မလိုကြောင်း ခံစားရသော်လည်း ယင်းပိုချီသည် ကျွန်ုပ်သိရှိရန် အရေးကြီးသည်ဟု ဆိုပါသည်။ နောက်ပိုင်းတွင် မနာလိုသော ရပ်ကွက်များမှ ဤကိစ္စနှင့်ဆိုင်သော ကောလာဟလများ ကြားသိမိသည့်တိုင် သူ၏ဂုဏ်သိက္ခာ သို့မဟုတ် ကျွန်ုပ်၏ စိတ်ရောကိုယ်ပါ အားစိုက်မှုအပေါ် ကျွန်ုပ်သည် စိုးစဉ်းမျှ သံသယမဝင်မိစေရန် သူက သေချာစေလိုပါသည်။

ဘာသာရေး သင်ကြားသူတစ်ဦးအပေါ် စိတ်ရောကိုယ်ပါ အားစိုက်မှုသည် ဖြစ်လာမည့် ဆရာနှင့် တပည့်များအကြား အပြန်အလှန် သေသေချာချာ ရှည်ကြာစွာ လေ့လာစူးစမ်းမှု လိုပါသည်။ ဂရုတစိုက် စိစစ်ပြီးနောက် တပည့်များက သူတို့၏လားမား ဘုန်းတော်ကြီးများကို ဘုရားကဲ့သို့ ရှုမြင်ရန် လိုပါသည်။ ဤသည်မှာ ဘာသာရေး ဆရာတော်များက အမှားမရှိကြောင်း ဆိုလိုခြင်း မဟုတ်ပါ။ တပည့်များက ဆရာပြောသမျှကို အမြဲတမ်း စစ်ဆေးရပါမည်။ လိုအပ်လျှင် ယဉ်ကျေးစွာ နောက်ထပ်အကြံပြုရပါမည်။ သူတို့သည် အမြဲနိုးကြားနေပြီး သူတို့၏ လားမားဘုန်းတော်ကြီးများ ပြောဆို၊ ဆောင်ရွက်သည့် ထူးခြားသောအရာတစ်ခုခုကို ရိုသေလေးစားစွာ ပြုပြင်ပေးရပါမည်။

တစ်ခါက ယင်းပိုချီသည် ပြင်သစ်နိုင်ငံရှိ နာလန္ဒာ ကျောင်းတိုက်မှ အနောက်တိုင်းသား သံဃာများအား ဤအချက်ကို ဖော်ပြရန် ကြိုးစားပါသည်။ တရားဟောနေစဉ် သူက တစ်ခုခုကို လုံးဝမှားယွင်းစွာ တမင်ရှင်းပြပါသည်။ သူပြောသည့် အချက်က လုံးဝလွဲမှားနေသော်လည်း သံဃာအားလုံးက သူ့စကားများကို မှတ်စုစာအုပ်တွင် လေးစားစွာ ရေးမှတ်ပါသည်။ နောက်တစ်ချိန်တွင် ယင်းပိုချီက သံဃာများကို အပြစ်တင်ကာ ပြီးခဲ့သော ဟောပြောမှုမှ သူရှင်းပြသောအချက်သည် လုံးဝရယ်စရာကောင်းပြီး မှားယွင်းသည်ဟု ပြောပါသည်။ ဘာကြောင့် မည်သူမျှ သူ့ကို မေးခွန်းမထုတ်ပါသနည်း။ ဘုရားရှင် ကိုယ်တော်တိုင် ဟောကြားထားသည်မှာ သင်တို့သည် ဆရာပြောသမျှကို မျက်စိမှတ်ပြီး မဝေဖန် မပိုင်းခြားဘဲ လုံးဝ လက်မခံကြရန် ဖြစ်သည်ဟု သူကသူတို့ကို ပြောပါသည်။ ဆရာတော်ကြီးများ ပင်လျှင် မကြာခဏ စကားမှားပြောတတ်ကြသည်။ ဘာသာပြန်သူများကလည်း မကြာခဏ မှားတတ်သည်။ တပည့်များက မတိကျဘဲ ရှုပ်ထွေးသော မှတ်စုများ ရေးသွားမိသွားနိုင်ပါသည်။ တစ်ခုခု ထူးခြားနေသည်ဟု ထင်ပါက ယင်းတို့ကို အမြဲမေးခွန်းထုတ်ကာ ကျမ်းဂန်ကြီးများနှင့် တစ်ချက်ချင်း တိုက်ဆိုင်စစ်ဆေးရပါမည်။

အထင်ရှားဆုံး ဗုဒ္ဓဘာသာ ဆရာတော်ကြီးများ၏ ကျမ်းစာများကိုပင် ဝေဖန်ဆန်းစစ်ကာ မေးခွန်းထုတ်ခြင်း

ပုဂ္ဂိုလ်ရေးအားဖြင့် ယင်းပိုချီသည် စံပြုထားသော ဗုဒ္ဓဘာသာ မှတ်စုများကိုပင် မေးခွန်းထုတ်ပါသည်။ ထိုနည်းဖြင့် ဆုန်ခပ၏ လမ်းစဉ်အတိုင်းလိုက်ပါသည်။ ဆယ့်လေးရာစုက ထိုပြုပြင်ပြောင်းလဲရေး ဆရာတော်ကြီးက အိန္ဒိယနှင့် တိဘက် ဆရာတော်များ၏ လေးစားရသော ကျမ်းစာများစွာသည် အချင်းချင်း ကွဲလွဲနေပြီး ယုတ္တိမကျသော ထည့်သွင်းမှုများ ပါဝင်နေသည်ဟု မှတ်ချက်ပြုပါသည်။ ဆုန်ခပသည် ထိုအချက်များကို ဖော်ထုတ် စိစစ်ပါသည်။ ယုတ္တိမတန်သော အနေအထားများကို ဖယ်ရှားခြင်း သို့မဟုတ် ယခင်က နားလည်မှု လွဲထားသော စာပိုဒ်များကို အတွေးအမြင်သစ်ဖြင့် အဓိပ္ပာယ်ပြန်ခြင်းတို့ ပြုလုပ်ပါသည်။ ကျယ်ပြန့်သော ကျမ်းစာဗဟုသုတနှင့် နက်ရှိုင်းသော တရားရှုမှတ်ခြင်း အတွေ့အကြုံတို့ ရှိမှသာ ဤနည်းလမ်းသစ်ကို အခြေချနိုင်ပါသည်။ ဆခုန်ယင်းပိုချီသည် ထိုသို့သော ဆရာတော် တစ်ပါးဖြစ်ပါသည်။

ဥပမာပြရလျှင် ယင်းပိုချီသည် ပျံလွန်တော် မူခါနီးလေးတွင် ကျွန်ုပ်ကိုခေါ်ပြီး ဆုန်ခပ၏ အခက်ခဲဆုံး ဒဿနကျမ်းစာ တစ်ခုထဲမှ စာပိုဒ်တစ်ပိုဒ်ကို ထောက်ပြပါသည်။ ယင်းမှာ ကောက်ယူနိုင်သော အဓိပ္ပာယ်နှင့် တိကျသော အဓိပ္ပာယ်တို့ကို ထက်မြက်စွာ ရှင်းပြမှု အနှစ်သာရ (Drang-nges legs-bshad snying-po) ကျမ်း ဖြစ်ပါသည်။ ယင်းပိုချီသည် သူ၏နေ့စဉ်ကျင့်ကြံမှု တစ်စိတ်တစ်ပိုင်းအဖြစ် ဤမျှ စာမျက်နှာ ရာချီရှိသောကျမ်းကြီးကို နေ့စဉ် ရွတ်ဖတ်ပါသည်။ ထိုစာပိုဒ်သည် စိတ်တွင်ရှုပ်ထွေးမှုကို ဖယ်ရှားနည်း အဆင့်ဆင့်ကို ဖော်ပြထားပြီး အထူးသဖြင့် ရှုပ်ထွေးမှု၏ “မျိုးစေ့များ” ကိစ္စ ဖြစ်ပါသည်။ ပုံမှန် မှတ်ချက်များတွင် ဤမျိုးစေ့များကို ရုပ်ပိုင်းဆိုင်ရာ တစ်ခုခု သို့မဟုတ် သိမြင်နည်း တစ်ခုခု မဟုတ်သည့် ပြောင်းလဲနေသောဖြစ်စဉ်ဟု ဘာသာပြန်ပါသည်။ ဤအချက်ကို ဖော်ပြရန် ကျွန်ုပ်သည် “မျိုးစေ့” ဟု ဘာသာမပြန်ဘဲ “ဖြစ်လိုစိတ်များ” ဟု ဘာသာပြန်ထားပါသည်။ ယုတ္တိ၊ အတွေ့အကြုံနှင့် ကျမ်းစာမှ အခြားစာပိုဒ်များကို ကိုးကားလျှက် ယင်းပိုချီက စပါးမျိုးစေ့သည် စပါးဖြစ်ကြောင်း ရှင်းပြပါသည်။ ထို့ကြောင့် ရှုပ်ထွေးမှု မျိုးစေ့သည် “အနည်းငယ်” ရှုပ်ထွေးမှု ဖြစ်ပါသည်။ ဤသို့ တော်လှန်သော အဓိပ္ပာယ်ပြန်မှုသည် မသိစိတ်ကို နားလည်အောင်ကြိုးစားရာတွင် နက်ရှိုင်းသော အကျိုးသက်ရောက်မှုများ ရှိပါသည်။

ယင်းပိုချီ၏ ရိုးရှင်းသောဘဝနေထိုင်မှုပုံစံ

ဆခုန်ယင်းပိုချီသည် ထူးခြားဆန်းသစ်သော ထက်မြက်မှု ရှိသော်လည်း နှိမ့်ချမှုနှင့် ဟန်ဆောင်ခြင်းကင်းမှုကို အမြဲတမ်း အလေးထား ဟောကြားပါသည်။ ထို့ကြောင့် မွန်ဂေါ့ရှိ သူ့ကျောင်းတိုက်တွင် အဆင့်အမြင့်ဆုံး လားမားဘုန်းတော်ကြီး ဖြစ်သော်လည်း ခန့်ညားသော အိမ်ကြီးအိမ်ကောင်းဖြင့် မနေဘဲ တဲကလေးထဲတွင်သာ နေထိုင်ပါသည်။ ဓမ္မသာလာရှိ သူ့အိမ်သည် အလွန်မထည်ဝါဘဲ လူလေးယောက်၊ မကြာခဏလာသော ဧည့်သည်များ၊ ခွေးနှစ်ကောင်နှင့် ကြောင်တစ်ကောင်အတွက် အခန်းသုံးခန်းသာ ရှိပါသည်။

ယင်းပိုချီသည် သူ၏ကြီးကျယ်ခမ်းနားမှုကို မကြွားဝါသလိုပင် သူ့တပည့်များက သူ့ကိုကြီးကျယ်ခမ်းနားအောင် မပြုလုပ်ရန်လည်း တားဆီးပါသည်။ ဥပမာ၊ တရားရှုမှတ် ကျင့်ကြံမှုများစွာသည် ဂုရု-ယောဂ ကဲ့သို့ ခမ်းနားသော မြင်ယောင်မှုများ ဆောင်ရွက်ခြင်းနှင့် လားမားဘုန်းတော်ကြီး၏ သက္ကတဘာသာအမည် ပါဝင်သော မန္တရားကို ရွတ်ဖတ်ခြင်း စသည်တို့ကဲ့သို့ ဘာသာရေး သင်ကြားသူနှင့် ဆက်စပ်မှုအရ အခြေတည်ထားပါသည်။ ဂုရု-ယောဂ ကျင့်ကြံမှုတွင် ယင်းပိုချီသည် သူ့တပည့်များကို ဒလိုင်းလားမား ဆရာတော်ကြီးအား မြင်ယောင်ကြည့်ရန် အမြဲညွှန်ကြားပါသည်။ သူ့အမည် မန္တရားကို တောင်းဆိုသောအခါ ယင်းပိုချီက သူ့ခမည်းတော်အမည်ကို ရွတ်ဆိုရန် အမြဲပေးပါသည်။ ယင်းပိုချီ၏ ခမည်းတော် ဆခုန်ဒိုကျေ-ချန်းသည် နှစ်ဆယ်ရာစု အစပိုင်းတွင် အကြီးကျယ်ဆုံး ကျင့်ကြံသူ ဆရာတော်တစ်ပါး ဖြစ်ပါသည်။ သူသည် ထိုကာလ၏ ကာလချက္ကရာ အစဉ်အဆက်ကို ဆက်ခံပါသည်။ ဆိုလိုသည်မှာ သူသည် အသိပညာနှင့် တရားရှုမှတ်မှု အတွေ့အကြုံကို နောက်မျိုးဆက်သို့ လွှဲပြောင်းရန် တာဝန်ရှိသည်ဟု အသိအမှတ်ပြုခံထားရသည့် ဆရာတော် ဖြစ်ပါသည်။

ကြီးကျယ်ခမ်းနားမှုများကို ရှောင်ရှားရာတွင် မဟတ္တမဂန္ဒီ၏ နမူနာအတိုင်း လိုက်နာခြင်း

ယင်းပိုချီ၏ နှိမ့်ချသောပုံစံကို အခြားနည်းလမ်းများစွာဖြင့်လည်း မြင်နိုင်ပါသည်။ ဥပမာ၊ သူခရီးသွားလျှင် မဟတ္တမဂန္ဒီ၏ နမူနာအတိုင်း လိုက်နာပါသည်။ အိန္ဒိယနိုင်ငံမှ ရထားများကို အခြားတွဲများတွင် စီးနင်းရန် သီးခြားအကြောင်းရင်း မရှိပါက တတိယအဆင့် ရိုးရိုးတန်းတွင် စီးနင်းပါသည်။ နံစော်နေသော အိမ်သာဘေးတွင် အိပ်ရလျှင်လည်း ထိုအတိုင်း စီးနင်းပါသည်။ ကျွန်ုပ်တို့၏ ပထမဆုံး အနောက်တိုင်းခရီးစဉ်အတွက် ဓမ္မသာလာမှ ဒေလီသို့ ထွက်ခွာသောအခါ ထိုသို့ဖြစ်ခဲ့ပါသည်။ ယင်းပိုချီက ဤသို့သာမန်ပုံစံဖြင့် ခရီးသွားခြင်းသည် ကရုဏာ ထားရှိတတ်အောင် ကူညီသည့် အတွက် အလွန်ကောင်းသည်ဟု ပြောပါသည်။ အတန်းအစား သုံးမျိုးစလုံးသည် ခရီးပန်းတိုင်ကို တစ်ချိန်တည်း ရောက်ပါသည်။ ထို့ကြောင့် ငွေကြေးမဖြုန်းသင့်ပါ။ ယင်းပိုချီသည် လူအများက သူ့အတွက် ပထမတန်း ရထားလက်မှတ် ဝယ်ပေးခြင်း သို့မဟုတ် အဆင့်မြင့် တန်ဖိုးကြီး စားသောက်ဆိုင်များသို့ ပင့်ဖိတ်ခြင်း စသည်ဖြင့် ငွေသုံးဖြုန်းသည်ကို လုံးဝမနှစ်သက်ပါ။ 

တစ်ခါက ယင်းပိုချီသည် စပီတီမှ ဓမ္မသာလာသို့ ပြန်လာသောအခါ အခြားတပည့်များစွာနှင့် ကျွန်ုပ်က သူပြန်အလာကို အိန္ဒိယဈေးတွင် ဆီးကြိုရန် စောင့်ဆိုင်းနေပါသည်။ ကားနှင့် ဘတ်စ်ကားများစွာ ဖြတ်သွားရာတွင် ယင်းပိုချီ မပါဝင်သည်ကို တွေ့ပြီးနောက် ညစ်ပေနေသော ထရပ်ကားဟောင်းတစ်စီးက ဈေးမှာလာရပ်ပါသည်။ ထိုထရပ်ကား၏ လူအများကြီးထဲတွင် ဆခုန်ယင်းပိုချီသည် လက်ထဲတွင် ပုတီးကိုင်ပြီး ထိုင်နေပါသည်။ သူနှင့် သူ့တပည့်များက ဤကားဖြင့် စပီတီမှ သုံးရက်တိုင် စီးနင်းလာပြီး သက်သောင့်သက်သာမရှိခြင်း သို့မဟုတ် အမြင်မလှခြင်းတို့ကို လုံးဝဂရုမစိုက်ကြပါ။

ယင်းပိုချီသည် ကျွန်ုပ်အပါအဝင် သူ့တပည့်များနှင့်အတူ မွန်ဂေါ့ရှိ မွန်လန်ပွဲတော်ကြီးမှ ဓမ္မသာလာသို့ ပြန်ရောက်သော အခါ ပွန်နားတွင် တစ်နေ့လုံး ရထားစောင့်ခဲ့ရပါသည်။ ဒေသခံတိဘက် ဆွယ်တာဈေးဆိုင်က ကျွန်ုပ်တို့ အသုံးပြုရန် ခွင့်ပြုထားသော အလွန်ဆူညံပူလောင်သည့် တတိယတန်းစား ဟိုတယ်ခန်းတွင် သူက ဝမ်းမြောက်စွာ နေထိုင်ပါသည်။ တကယ်တော့ ယင်းပိုချီသည် အိန္ဒိယတွင် ခရီးသွားသောအခါ ဈေးသက်သာပြီး လွယ်ကူသည့် ညအိပ်ဘတ်စ်ကားများ စီးရန် မကြာခဏ အကြံပြုပါသည်။ ဘတ်စ်ကားမှတ်တိုင်မှ လူအုပ်ထဲတွင် စောင့်ဆိုင်းရသည်မှာ သူ့အတွက် လုံးဝပြဿနာမရှိပါ။ သူ့ဘာသာ အာရုံစူးစိုက်နိုင်အောင် တရားရှုမှတ်ကျင့်ကြံမှု များစွာ အားထုတ်ထားသည်ဟု သူကပြောပါသည်။ သူ့အနီးမှ ဆူညံသံ၊ ငြင်းခုန်သံနှင့် အမှိုက်သရိုက်များက သူ၏စူးစိုက်မှုကို လုံးဝမနှောင့်ယှက်ပါ။

ယင်းပိုချီသည် တစ်နေရာတည်းတွင် ဘယ်တော့မှ အချိန်ကြာမြင့်စွာ မနေထိုင်ဘဲ မကြာခဏ ရွှေ့ပြောင်းပါသည်။ ယင်းမှာ တွယ်တာမှုကို ကျော်လွှားရန်အတွက်ဖြစ်သည်ဟု သူကပြောပါသည်။ ထို့ကြောင့် ကျွန်ုပ်တို့ ခရီးသွားသောအခါ အိမ်တစ်အိမ်တွင် ရက်အနည်းငယ်ထက် ပိုကြာအောင် ဘယ်တော့မှ မနေထိုင်ပါ။ ကျွန်ုပ်တို့အား ကြိုဆိုမှုကို ပိုမနေမိရန်နှင့် အိမ်ရှင်များအတွက် ဝန်ထုပ်ဝန်ပိုး မဖြစ်စေရန် ဖြစ်ပါသည်။ သက်တော်ပိုကြီးသော တိဘက်ဘုန်းတော်ကြီးတစ်ပါး ကျောင်းထိုင်သည့် ဗုဒ္ဓဘာသာ စင်တာတစ်ခုတွင် နေထိုင်ရတိုင်း ယင်းပိုချီသည် ထိုဆရာတော်ကို သူ၏ အခင်ဆုံး မိတ်ဆွေကဲ့သို့ ဆက်ဆံပါသည်။ သူ၏အူလှိုက်သည်းလှိုက် ဆက်ဆံရေးကို သီးသန့် တစ်ဦးတည်းအတွက်သာ ကန့်သတ်ထားခြင်းမျိုး လုံးဝမရှိပါ။

အခြေအနေအလိုက် အတိုးအလျှော့ရှိသော၊ အဆက်မပြတ်ဖြစ်ပြီး ဟန်ဆောင်မှုကင်းသော ကျင့်ကြံမှု

ယင်းပိုချီ မည်သည့်နေရာသို့ သွားသည်ဖြစ်စေ နေ့ဘက်တွင် ပြင်းထန်စွာကျင့်ကြံပြီး ညဘက်တွင်လည်း အိပ်ခဲပါသည်။ တွေ့ဆုံမှု တစ်ခုနှင့်တစ်ခု အကြားတွင်သာမက နိုင်ငံခြားသား ဧည့်သည်များ ရှိသောအခါ ကျွန်ုပ်၏ ဘာသာပြန်မှုကို စောင့်ဆိုင်းရင်း ခဏနားစဉ်တွင်လည်း သူသည် တန္တရ မြင်ယောင်ကြည့်မှုများ (သဟာန) အတွက် မန္တရားများနှင့် ကျမ်းစာများကို ရွတ်ဆိုပါသည်။ သူ၏ သဟာန တရားရှုမှတ်ခြင်းများကို ကား၊ ရထား၊ လေယာဉ်များပေါ်တွင် ဆောင်ရွက်ပါသည်။ ပြင်ပအခြေအနေများကို အမှုမထားပါ။ သူက နေ့စဉ်ပြင်းထန်စွာ ကျင့်ကြံမှုသည် ကျွန်ုပ်တို့ ဘယ်သွားသွား၊ ဘာလုပ်လုပ် ဘဝတွင် စဉ်ဆက်မပြတ်သည့် အသိကို ပေးအပ်ကြောင်း အလေးထားဟောကြားပါသည်။ ကျွန်ုပ်တို့သည် များစွာ ပြုလွယ်ပြင်လွယ် ရှိလာပြီး ကိုယ့်ကိုယ်ကို ယုံကြည်ကာ တည်ငြိမ်မှု ရရှိလာပါသည်။

ယင်းပိုချီသည် သူ၏ကျင့်ကြံမှုများကို လုံးဝမကြွားဝါပါ။ အစာမစားမီ ဆုတောင်းခြင်း သို့မဟုတ် တရားမဟောမီ ဆုတောင်းခြင်းကဲ့သို့ ကိစ္စများကို တိတ်ဆိတ်စွာ တစ်ကိုယ်တည်း ဆောင်ရွက်ပါသည်။ အခြားသူများနှင့်အတူ မစားသောက်မီ ရှည်လျားသော ဆုတောင်းစာများ ရွတ်ခြင်းဖြင့် သူတို့ကို မသက်မသာ ဖြစ်စေရုံသာ ရှိပါသည်။ သို့မဟုတ် သူတို့ အထင်ကြီးအောင် သို့မဟုတ် အရှက်ရအောင် ကျွန်ုပ်တို့က ပြုလုပ်နေသည်ဟု ခံစားသွားရစေနိုင်ပါသည်။ ထို့ပြင် သူသည် မည်သည့်ကျင့်ကြံမှု သို့မဟုတ် ဓလေ့ထုံးစံကိုမျှ အခြားသူများအပေါ် မချမှတ်ပါ။ သူ့အားဖိတ်ခေါ်သော စင်တာက ပုံမှန်လိုက်နာသည့် မည်သည့်ဆုတောင်းစာ သို့မဟုတ် ဝတ်ပြုအစဉ်အလာကိုမဆို ဆောင်ရွက်နိုင်ပါသည်။

ယင်းပိုချီသည် ဆရာတော်ကြီးနှင့်တကွ တိဘက်နှင့် အနောက်တိုင်း ကျောင်းတိုက်များကို များစွာကပ်လှူမှုများ ပြုလုပ်သော်လည်း ထိုအတွက် တစ်ခါမှ မကြွားဝါ မပြောဆိုပါ။ ထိုသို့မပြုလုပ်ရန် ဟောကြားထားပါသည်။ တစ်ခါက အီတလီနိုင်ငံ၊ ဗီလိုဘာမြို့တွင် နှိမ့်ချသော သက်လတ်ပိုင်းအရွယ် အမျိုးသား တစ်ယောက်သည် ယင်းပိုချီကို လာတွေ့ပါသည်။ ထိုသူ အခန်းထဲမှ ထွက်ခါနီးတွင် ရက်ရောလှသော လှူဒါန်းမှုပါဝင်သည့် စာအိတ်တစ်လုံးကို ထင်ရှားသောနေရာတွင်မဟုတ်ဘဲ ဘေးဘက်မှ စားပွဲပေါ်တွင် တိတ်ဆိတ်စွာ ထားရစ်ခဲ့ပါသည်။ နောက်ပိုင်းတွင် ယင်းပိုချီက ဤသည်မှာ လားမားတစ်ပါးကို ကပ်လှူသောနည်း ဖြစ်ကြောင်း ပြောပါသည်။

သို့သော် ယင်းပိုချီသည် ကျွန်ုပ်တို့၏ နှိမ့်ချမှုသည် အတုအပမဟုတ်ဘဲ ရိုးသားရန်လိုသည်ဟု အလေးထား ဟောကြားပါသည်။ လက်တွေ့တွင် မာနကြီးပြီး မောက်မာသော်လည်း နှိမ့်ချဟန်ဆောင်သူများ သို့မဟုတ် မိမိကိုယ်ကို ကြီးကျယ်သော ယောဂီကြီးများဟု ထင်နေသူများကို သူမနှစ်သက်ပါ။ လှည့်လည်သွားလာသည့် မာနကြီးသော ကျင့်ကြံသူတစ်ဦးက လားမားကြီးတစ်ပါးထံ သွားရောက်သည့်ဇာတ်လမ်းကို သူပြောပြလေ့ ရှိပါသည်။ သူသည် လူ့ယဉ်ကျေးမှုအကြောင်း တစ်ခုမျှ မမြင်ဖူးသကဲ့သို့ ပြုမူကာ လားမားဘုန်းတော်ကြီး၏ စားပွဲပေါ်မှ ဝတ်ပြုကိုးကွယ်သောပစ္စည်းများကို ဘာတွေလဲဟု မေးပါသည်။ သူက လားမားဘုန်းတော်ကြီး၏ ကြောင်ကို ညွှန်ပြပြီး ဤအံ့ဖွယ်သတ္တဝါသည် အဘယ်နည်းဟု မေးသောအခါ လားမားဘုန်းတော်ကြီးသည် သူ့ကိုမောင်းထုတ်ပါတော့သည်။

သူ့ကိုယ်ပိုင် ကျင့်ကြံမှုကို လူသိမခံခြင်း

အထူးသဖြင့် မိမိ၏ ကျင့်ကြံမှုများအကြောင်း ဟန်ဆောင်ကြွားဝါသူများကို ယင်းပိုချီသည် မနှစ်သက်ပါ။ ကျွန်ုပ်တို့သည် တရားစခန်း ဝင်လိုလျှင်ဖြစ်စေ၊ ဝင်ပြီးသွားလျှင်ဖြစ်စေ ထိုသို့ပြုလုပ်သည်ကို အခြားသူများအား မကြေညာသင့်ကြောင်း သူကပြောပါသည်။ ဤကိစ္စများကို လျှို့ဝှက်ထားကာ မိမိဘာလုပ်သည်ကို မည်သူမျှ မသိလျှင် အကောင်းဆုံး ဖြစ်ပါသည်။ ထိုသို့မဟုတ်ပါက လူတို့သည် ကျွန်ုပ်တို့အကြောင်း ပြောဆိုကာ မာနနှင့် အခြားသူများ၏ မနာလိုမှု၊ ပြိုင်ဆိုင်မှု စသည့် အတားအဆီးများ ဖြစ်လာစေပါမည်။ ဆုန်ခပ၏ အဓိက တန္တရကျင့်ကြံမှုသည် မည်သည့်ဗုဒ္ဓပုံတော် ဖြစ်ကြောင်း မည်သူမျှ မသိပါ။ သူ၏သာဝကဖြစ်သော ကယ်ရပ်ဂျယ်က သူပျံလွန်တော် မူခါနီးတွင် သူ့ကိုတွေ့မှသာ သူ၏အခန်းတွင်းမှ ကပ်လှူပူဇော်သောခွက်တွင် ကပ်လှူမှု ခြောက်ဆယ့်နှစ်ခုကို တွေ့သဖြင့် ယင်းသည် ကိုယ်တိုင်းချီးမြှောက်မှု ကိန်းအောင်းသည့် ချက္ကရာသံဝရ ဗုဒ္ဓပုံတော်ဖြစ်သည်ဟု ကောက်ချက်ချနိုင်ပါသည်။ ထို့အတူ ဆခုန်ယင်းပိုချီ၏ အဓိက ပုဂ္ဂိုလ်ရေး ကျင့်ကြံမှုကို မည်သူမျှ မသိပါ။ သို့သော် သူသည် ကာလချက္ကရာ အထူးကျွမ်းကျင်သူအနေနှင့် ထင်ရှားပါသည်။

ယင်းပိုချီသည် ကာဒမ်ပ ဂဲရှိများက သူတို့၏ တန္တရ ကျင့်ကြံမှုကို သေချာသိုဝှက်ထားသောကြောင့် သူတို့ကွယ်လွန် သောအခါ သူတို့သင်္ကန်းထောင့်ထဲသို့ သေးငယ်သော ဝဇီရနှင့် ခေါင်းလာင်းပုံ ချုပ်ထားသည်ကို တွေ့မှသာ သူတို့ကျင့်ကြံသောအရာကို လူတို့သိရှိသည့်အကြောင်း မကြာခဏပြောပါသည်။ ယင်းပိုချီသည် ဤပုံစံအတိုင်း နေထိုင်သွားပါသည်။ သူနေထိုင်သောအိမ်မှ လူအားလုံး မအိပ်မီ နာရီဝက်အလိုတွင် သူကကျိန်းစက်လေ့ ရှိပါသည်။ သူတို့ထက် အနည်းငယ် နောက်ကျပြီးမှ အိပ်ရာထပါသည်။ သို့သော် သူ့တပည့်နှင့် ကျွန်ုပ်တို့သည် အားလုံးအိပ်ပြီးနောက် သူ့အခန်းတွင် မီးလင်းသည်ကို မကြာခဏ တွေ့ရပြီး အိမ်သားများ မနိုးခင် အချိန်အနည်းငယ် လိုမှသာ မီးမှိတ်သည်ကို တွေ့ရပါသည်။

တစ်ခါက ဂျာမနီနိုင်ငံ၊ ဂျာဂန်ဒေါ့တွင် ယင်းပိုချီ၏ အကြီးတန်း တပည့်ဖြစ်သူ ချွန်ဇေလသည် ယင်းပိုချီနှင့်အတူ တစ်နေရာတည်း မျှအိပ်ပါသည်။ ချွန်ဇေလသည် အိပ်ချင်ဟန် ဆောင်နေစဉ် ယင်းပိုချီကို ညဘက်ကြီး အိပ်ရာမှထကာ နာရိုပ ကျင့်ကြံမှုခြောက်ရပ်နှင့် ဆက်စပ်သော အားစိုက်ရသည့် ကိုယ်နေဟန်ထား အမျိုးမျိုးဖြင့် တွေ့ရပါသည်။ နေ့ဘက်တွင် ယင်းပိုချီသည် အထိုင်၊ အထအတွက် အကူအညီ လိုလေ့ရှိသော်လည်း တကယ်တော့ သူ့မှာ ဤယောဂလေ့ကျင့်ခန်းများ ဆောင်ရွက်ရန် ခွန်အားနှင့် ပျော့ပြောင်းမှု ရှိပါသည်။

သူ၏အရည်အချင်းကောင်းများကို သိုဝှက်ထားခြင်း

ယင်းပိုချီသည် သူ၏အရည်အချင်းကောင်းများကို အမြဲသိုဝှက်ထားလိုပါသည်။ တကယ်တော့ သူမည်သူမည်ဝါ ဖြစ်သည်ကိုပင် သူစိမ်းများအား ထုတ်မပြောလိုပါ။ တစ်ခါက အင်ဒိုနီးရှားလူမျိုး သက်ကြီးပိုင်း ဇနီးမောင်နှံသည် ကျွန်ုပ်တို့ကို သူတို့ကားဖြင့် ပဲရစ်မှ အမ်စတာဒမ်သို့ ပို့ပေးပါသည်။ အမ်စတာဒမ်သို့ ရောက်ပြီးနောက် ထိုစုံတွဲက ယင်းပိုချီကို သူတို့အိမ်သို့ ဆွမ်းစားပင့်ပါသည်။ ထို့နောက် ဒေသခံ ဗုဒ္ဓဘာသာ စင်တာက ထိုစုံတွဲကို ယင်းပိုချီ၏ တရားပွဲတက်ရောက်ရန် ဖုန်းဆက်မှသာ သူတို့၏ဧည့်သည်က မည်သူမည်ဝါဖြစ်ကြောင်း သိရှိသွားပါသည်။ သူသည် သာမန် ဖော်ရွေသော ရဟန်းတစ်ပါးဖြစ်သည်ဟု သူတို့က ထင်ခဲ့ကြပါသည်။

ထိုစိတ်ထားအတိုင်းပင် ယင်းပိုချီသည် ပြည်ပသို့ ခရီးသွားသောအခါ ကလေးများနှင့် တစ်ခါတစ်ရံ စစ်တုရင် ကစားပါသည်။ သို့မဟုတ် သူ၏ငယ်ရွယ်သော တပည့်ဖြစ်သူ ငါဝမ်ကို ကစားခိုင်းပြီး သူက နှစ်ဖက်စလုံးကို ကူညီပါသည်။ ကလေးများက သူသည် ကြင်နာသော အဘိုးတစ်ဦးဟုသာ ထင်ပါသည်။ တစ်ခါက ယင်းပိုချီသည် ဂျာမနီနိုင်ငံ၊ မြူးနစ်မြို့ လမ်းမများထက်တွင် ခရစ္စမတ်အချိန်၌ လျှောက်သွားရာ ကလေးများက သူ့ကို သင်္ကန်းအနီရောင်နှင့် ဆန်တာကလော့ဟုထင်ပြီး သူ့နောက်လိုက်လာကြပါသည်။

ယင်းပိုချီသည် အင်္ဂလိပ်စာ အတော်အတန် တတ်သည်ကိုပင် လျှို့ဝှက်ထားပါသည်။ စပီတီတွင် ကာလချက္ကရာ စတင်သက်ဝင်စေပြီးနောက် သူမကွယ်လွန်မီ တစ်လအလိုတွင် ကျွန်ုပ်သည် တာဘို ကျောင်းတိုက်ရှိ သူ့ထံမှ ခွင့်ယူပြီး ဓမ္မသာလာသို့ ပြန်ပါသည်။ အနောက်တိုင်းသား အုပ်စုအတွက် ဘတ်စ်ကားတစ်စီး ငှားထားပြီး သွားရမည့်အချိန် ရောက်လာပါသည်။ သို့သော် နိုင်ငံခြားသား တစ်ယောက်သည် နောက်ဆုံးအချိန်ကျမှ ကျည် ကျောင်းတိုက်ကို သွားနေပါသည်။ ထိုကျောင်းတိုက်သည် တောင်ကြားထက်မှ မိုင်နှစ်ဆယ် ကွာဝေးပါသည်။ သူသည် ရောက်ရမည့် အချိန်တွင် ရောက်မလာပါ။ ကျွန်ုပ်သည် ကျည် ကျောင်းတိုက်တွင် သူ့ကိုသွားရှာနေစဉ် အီတလီလူမျိုး တပည့်တစ်ဦးက ယင်းပိုချီကို ဘာသာပြန်သူမပါဘဲ သွားတွေ့ပါသည်။ မည်သည့်နိုင်ငံခြားသားကိုမျှ ယခင်က အင်္ဂလိပ်လို မပြောဖူးသော ယင်းပိုချီက ထိုအီတလီနိုင်ငံသားကို “အဲလက်စ် ဘယ်မှာလဲ” ဟု အင်္ဂလိပ်လို ပီပီသသ မေးလိုက်လေသည်။ ထိုသူက “ဒါနဲ့ အင်္ဂလိပ်လို မတတ်ဘူးမဟုတ်လား” ဟုပြောပြီး အံ့အားသင့်သွားသောအခါ ယင်းပိုချီက ရယ်မောနေပါတော့သည်။

Top