ဆွေးနွေးငြင်းခုန်ခြင်း၏ ရည်ရွယ်ချက်နှင့် အကျိုးကျေးဇူးများ

01:25
ဗုဒ္ဓဘာသာတွင် ငြင်းခုန်ဆွေးနွေးခြင်းသည် တစ်စုံတစ်ယောက်ကို ပါးနပ်သော ယုတ္တိဖြင့် အနိုင်ယူခြင်း မဟုတ်ပါ။ တပည့်များကို သူတို့၏ နားလည်သဘောပေါက်မှု သေချာအောင် ကူညီရန် ဖြစ်ပါသည်။ ထိုနည်းဖြင့် သူတို့ တရားရှုမှတ်ရာတွင် သံသယကင်းသွားပါသည်။ အတန်းထဲရှိ တပည့်တိုင်းက သူတို့၏ အနေအထားကို ကာကွယ်ရန် မေးခွန်း နေရာချခြင်း၊ သူတို့အဖြေမှ ကွဲလွဲမှုများ ထောက်ပြခြင်းဖြင့် အတန်းဖော် တစ်ယောက်ကို စိန်ခေါ်ပါသည်။ အဆုံးတွင် နှစ်ဦးနှစ်ဖက် အကျိုးရှိပါသည်။

ဗုဒ္ဓဘာသာ ကျင့်ကြံမှုတွင် ငြင်းခုန်ဆွေးနွေးခြင်း၏ အဓိကရည်ရွယ်ချက်တစ်ခုမှာ  ပြတ်သားသော သတိရှိမှု (nges-shes) ရရှိအောင် ကူညီရန် ဖြစ်ပါသည်။ သင်က ရပ်တည်ချက် တစ်ခု ထားရှိကာ သင့်ငြင်းခုန်ဆွေးနွေးဖက် ပုဂ္ဂိုလ်က ရှုထောင့်အမျိုးမျိုးမှနေ၍ ၎င်းကိုစိန်ခေါ်ပါသည်။ ကန့်ကွက်မှု အားလုံးကို ဆန့်ကျင်လျှက် ရပ်တည်ချက်ကို သင်ကာကွယ်နိုင်ပြီး ယုတ္တိ ကွဲလွဲမှုများ၊ ရှေ့နောက်မညီမှုများ မရှ ကြောင်း သိရှိပါက ထိုရပ်တည်ချက် သို့မဟုတ် ရှုထောင့်မှနေ၍ တုန်လှုပ်မှုမရှိသည့် လုံးဝ ပြတ်သားသော သတိရှိမှုဖြင့် သင်က အာရုံစိုက်နိုင်ပါသည်။ ဤစိတ်အခြေအနေကို ခိုင်မြဲသော ယုံကြည်ချက် (mos-pa) ဟုလည်း ခေါ်ပါသည်။ မမြဲခြင်း၊ မိမိနှင့် အခြားသူများအကြား ညီမျှမှု၊ မိမိထက် အခြားသူများက ပိုတန်ဖိုးရှိခြင်း၊ ဗောဓိသတ္တ၊ ဘာမှမရှိခြင်း စသည့် ခေါင်းစဉ် တစ်ခုခုကို တစ်စိတ်တည်းထားကာ တရားရှုမှတ်ပါက ဤသို့ ယုံကြည်သော သတိရှိမှုနှင့် ခိုင်မြဲသော ယုံကြည်ချက် ရှိရန် လိုပါသည်။ ယုံကြည်သော သတိရှိမှုကို ဆန်းစစ်လေ့လာသော တရားရှုမှတ်ခြင်း သို့မဟုတ် ဓမ္မအကြောင်း တွေးကြည့်ခြင်း စသည်တို့ဖြင့် ကိုယ်တိုင် ဖန်တီးကြည့်ပါက သင်၏ နားလည်သဘောပေါက်မှုကို ကြိုတင်အသိပေးထားသည့် ဆွေးနွေးဖက်များက သင်နှင့် ငြင်းခုန်ဆွေးနွေးသည့် အကြောင်းအရာများစွာတွင် မေးခွန်းထုတ်သကဲ့သို့ ကန့်ကွက်မှုများစွာဖြင့် မေးခွန်းထုတ်နိုင်မည် မဟုတ်ပါ။ သင့်ယုတ္တိကျမှုတွင် ကွဲလွဲမှု၊ မှားယွင်းမှုများကို အခြားသူများက သင့်ထက်ပို၍ လွယ်ကူစွာ မြင်တွေ့နိုင်ပါသည်။

 ထို့ပြင် ငြင်းခုန်ဆွေးနွေးခြင်းသည် စတင်ကျင့်ကြံသူများ သမာဓိရအောင် တရားရှုမှတ်ခြင်းထက်ပို၍ စေ့ဆော်ပေးသည့် အခြေအနေမျိုး ပေးပါသည်။ ငြင်းခုန်ဆွေးနွေးမှုတွင် သင့်မိတ်ဖက်၏ စိန်ခေါ်မှုနှင့် အတန်းဖော်များ၏ နားထောင်နေသော လွှမ်းမိုးမှုတို့က သင့်ကို အာရုံစူးစိုက်အောင် တွန်းအားပေးသည်။ တစ်ကိုယ်တည်း တရားရှုမှတ်သောအခါ စိတ်ပျံ့လွင့်မှု၊ အိပ်ငိုက်မှုတို့ မဖြစ်စေရန် စိတ်စွမ်းအားဖြင့်သာ ရရှိနိုင်ပါသည်။ ထို့ပြင် ဘုန်းကြီးကျောင်းမှ ငြင်းခုန်ဆွေးနွေးရာ နေရာများတွင် ငြင်းခုန်ဆွေးနွေးမှုများစွာ တစ်ခုနှင့်တစ်ခု အနီးကပ် ကျယ်လောင်စွာ ကျင်းပနေပါသည်။ ထိုအချက်ကလည်း သင့်ကို အာရုံစိုက်စေပါသည်။ သင့်နားမှ ငြင်းခုန်ဆွေးနွေးမှုများက သင့်ကို နှောင့်ယှက်ခြင်း၊ စိတ်အနှောင့်အယှက်ပေးခြင်းတို့ ရှိပါက သင်ရှုံးပါသည်။ ငြင်းခုန်ဆွေးနွေးသော နေရာတွင် စူးစိုက်မှု စွမ်းရည် ရှိလာသည်နှင့် ယင်းကို ဆူညံသော နေရာများမှာပင်လျှင် တရားရှုမှတ်ရာ၌ အသုံးချနိုင်ပါသည်။

ထို့ပြင် ငြင်းခုန်ဆွေးနွေးမှုသည် သင့်ကိုယ်ရည်ကိုယ်သွေးကို တိုးတက်စေပါသည်။ ရှက်မနေနိုင်ဘဲ ငြင်းခုန်ဆွေးနွေး နေရပါသည်။ သင့်ပြိုင်ဘက်က သင့်ကိုစိန်ခေါ်သောအခါ သင်ရဲတင်းစွာ ပြောရပါမည်။ တစ်ဖက်တွင် သင်မောက်မာခြင်း၊ ဒေါသထွက်ခြင်းတို့ ရှိလာပါက သင့်စိတ်က မကြည်လင်ဘဲ သင့်မိတ်ဖက်က မလွဲမရှောင်သာ အနိုင်ရသွားပါသည်။ အချိန်တိုင်းတွင် စိတ်ခံစားချက် ညီမျှအောင် သင်ထိန်းသိမ်းရပါမည်။ ရှုံးသည်ဖြစ်စေ၊ နိုင်သည်ဖြစ်စေ၊ ငြင်းခုန် ဆွေးနွေးမှုသည် ငြင်းပယ်ရမည့် ‘‘ငါ’’ ကို သိရှိခွင့် ကောင်းစွာ ရစေပါသည်။ ‘‘ငါ နိုင်တယ်။ ငါ အရမ်းတော်တယ်’’ သို့မဟုတ် ‘‘ငါ ရှုံးတယ်။ ငါ အရမ်း တုံးတယ်’’ ဟု ခံစား တွေးတော မိသောအခါ ခိုင်မာသော သင်သမုတ်နေသော အတ္တ ရှေ့တန်းတင်သည့် ‘‘ငါ’’ ဟု မှန်းဆချက်ကို ရှင်းလင်းစွာ သိလာနိုင်ပါသည်။ ဤသည်မှာ စိတ်ကူးယဉ်သက်သက် ဖြစ်သော ‘‘ငါ’’ ဖြစ်ပြီး ငြင်းပယ်ရပါမည်။

သင့်ငြင်းခုန်ဆွေးနွေးဖက်သည် ယုတ္တိမကျကြောင်း သူ့ကို သင်သက်သေပြနိုင်လျှင်ပင် ဤအချက်သည် သင်က ပိုထက်မြက်ပြီး သူက တုံးသည်ဟု သက်သေပြခြင်း မဟုတ်ကြောင်း သတိရဖို့ လိုပါသည်။ သင့်စိတ်ဓာတ် တွန်းအားသည် သင့်မိတ်ဖက်ကို ယုတ္တိကျစွာ သက်သေပြနိုင်သော ရှင်းလင်းစွာ နားလည်သဘောပေါက်မှုနှင့် ခိုင်မြဲသော ယုံကြည်မှု ရှိလာအောင် အမြဲတမ်း ကူညီရန် ဖြစ်ပါသည်။

Top