ဓမ္မကျင့်ကြံမှုတွင် အောင်မြင်ရေးသည် လက်တွေ့ကျသော သဘောထား၌ မူတည်ပါသည်။ ဆိုလိုသည်မှာ ဓမ္မတရားတော်များကို အရာရာအမှန်တကယ် တည်ရှိနေပုံနှင့်အညီ လေ့လာဆန်းစစ်ရန် ဖြစ်ပါသည်။ အဆိုပါ လေ့လာ ဆန်းစစ်မှုအတွက် ဗုဒ္ဓမြတ်စွာက အဆိုလေးခု (rigs-pa bzhi) ဟောကြားထားပါသည်။ ယင်းတို့မှာ ဗုဒ္ဓဘာသာ အတွေးအခေါ်၏ အခြေခံ ယူဆချက်များဖြစ်သည်။ ‘‘ငါဟောကြားသမျှကို ငါ့အား ယုံကြည်မှု၊ လေးစားမှုတို့ကြောင့် လက်မခံကြနှင့်။ ရွှေတုံးရွှေခဲ ဝယ်သလိုပင် သင်တို့ကိုယ်တိုင် စူးစမ်းဆင်ခြင်ပြီးမှ လက်ခံကြ။’’ ဟု ဗုဒ္ဓမြတ်စွာက ဟောကြားထားသည်ကို မမေ့ပါနှင့်။
အဆို လေးခုမှာ-
- မှီခိုမှု (ltos-pa’i rigs-pa)
- လုပ်ကိုင်ဆောင်ရွက်မှု (bya-ba byed-pa’i rigs-pa)
- အကြောင်းတရားဖြင့် ခိုင်မာမှု (tshad-ma’i rigs-pa)
- အရာအားလုံး သဘာဝအတိုင်းရှိမှု (chos-nyid-kyi rigs-pa).
ထိုအဆိုလေးချက်ကို ဆုန်ခပ က ရှင်းပြထားပုံကို အဆင့်အလိုက် လမ်းကြောင်းကို ခမ်းနားစွာ ရှင်းလင်းတင်ဆက်ခြင်း (Lam-rim chen-mo) တွင် လေ့လာကြည့်ကြပါစို့။
မှီခိုမှု အဆို
ပထမ အဆိုမှာ အရာရာသည် ၎င်းတို့၏အခြေခံအုတ်မြစ်အဖြစ် အခြားအရာများပေါ် တည်မှီနေပါသည်။ ဤသည်မှာ မှီခိုမှု အဆို ဖြစ်သည်။ ရလဒ်တစ်ခု ပေါ်ထွက်ရန် အကြောင်းတရားနှင့် အခြေအနေများအပေါ် မူတည်ရပါသည်။ ဤသည်မှာ ကျွန်ုပ်တို့အားလုံး လက်ခံနိုင်သော အဆို ဖြစ်ပါသည်။ အရည်အသွေးကောင်းတစ်ခု ရရှိလိုလျှင်ဖြစ်စေ၊ တစ်ခုခုအကြောင်း နားလည်သဘောပေါက်လိုလျှင်ဖြစ်စေ ၎င်းကတည်မှီသည့်အရာကို စုံစမ်းစစ်ဆေးရန် လိုပါသည်။ ၎င်း၏အခြေခံ အဖြစ် ကြိုတင် ထားရှိရမည့်အရာက ဘာလဲ။
ဘာသာရေး အဆင့်မြင့်တက်မှု တိုင်းသည် အခြား အဆင့်မြင့်တက်မှုများနှင့် အချက်များပေါ်တွင် အခြေခံအဖြစ် မူတည်ပါသည်။ ဥပမာ၊ ခွဲခြားသိရှိသောပညာ သို့မဟုတ် ဘာမှမရှိခြင်း သို့မဟုတ် အမှန်တရားကို နားလည်ခြင်းတို့ ရရှိလိုပါက ဤနားလည်မှုက တည်မှီနေသောအရာကို ကျွန်ုပ်တို့ လေ့လာသိရှိဖို့ လိုပါသည်။ ၎င်းသည် အာရုံစူးစိုက်မှု သမာဓိပေါ်၌ မူတည်ပါသည်။ သမာဓိမရှိပါက နားလည်မှုပညာ ရှိမလာနိုင်ပါ။ သမာဓိ၏ အခြေခံက ဘာအပေါ် တည်မှီပါသလဲ။ ၎င်းသည် ကိုယ်တိုင်စောင့်ထိန်းသောသီလပေါ်၌ မူတည်ပါသည်။ ကျွန်ုပ်တို့၏ အာရုံစိုက်မှုကို မှန်ကန်အောင် သီလမရှိပါက အာရုံပျံ့လွင့်သောအခါ သမာဓ ရနိုင်မည် မဟုတ်တော့ပါ။ ထို့ကြောင့် ဘာမှမရှိခြင်းဆိုသည့် ခွဲခြားသိရှိသော ပညာ ရရှိလိုပါက ကိုယ်တိုင်စောင့်ထိန်းသော သီလနှင့် သမာဓိတို့ အနည်းဆုံး ရှိလာအောင် ကြိုးစားရပါမည်။
ဓမ္မကို လေ့လာသောအခါတွင် ဤပထမ အဆိုကို အသုံးချရန် အလွန်အရေးကြီးပါသည်။ ကျွန်ုပ်တို့ အများစုသည် ဓမ္မကျမ်းစာများတွင် ဖတ်ထားသော အံ့ဖွယ်အကြောင်းရပ်များကို ရရှိလိုကြပါသည်။ သို့သော် မိမိတို့၏ဆန္ဒနှင့် ပတ်သက်ပြီး လက်တွေ့ကျလိုပါက ထိုသို့အောင်မြင်မှုက မည်သည့်အရာပေါ်တွင် မူတည်နေသလဲ လေ့လာဖို့ လိုပါသည်။ ကျွန်ုပ်တို့ရည်မှန်းချက်သို့ ရောက်အောင် တည်ဆောက်ရမည့်အရာကို သိလာသောအခါ ရောက်အောင်သွားရမည့်နည်းကို သိလာပါသည်။ ထို့အခါ အခြေခံမှနေ၍ အထက်သို့တက်လှမ်းနိုင်ပါသည်။ ဤနည်းဖြင့် ကျွန်ုပ်တို့၏ စူးစမ်းမှုသည် လက်တွေ့ကျလာပါသည်။
လုပ်ကိုင်ဆောင်ရွက်မှု အဆို
ဒုတိယအချက်မှာ လုပ်ကိုင်ဆောင်ရွက်မှု အဆို ဖြစ်ပါသည်။ အကြောင်းတရားနှင့် အခြေအနေများကြောင့် သက်ရောက်မှု ရှိသည့် ဖြစ်ရပ်တိုင်းသည် ၎င်း၏သီးခြား လုပ်ကိုင်ဆောင်ရွက်မှု ရှိပါသည်။ လောင်ကျွမ်းစေသည်မှာ ရေမဟုတ်ဘဲ မီး ဖြစ်ပါသည်။ ဤသည်မှာလည်း ဗုဒ္ဓဘာသာ၏ အခြေခံ ယူဆချက်၊ အဆိုဖြစ်ပြီး ကျွန်ုပ်တို့ လက်ခံနိုင်သောအရာလည်း ဖြစ်ပါသည်။ ၎င်းကို အသုံးချပုံမှာ ဓမ္မကို ဆည်းပူးလေ့လာရာတွင် အရာရာ ဆောင်ရွက်သည့် လုပ်ငန်းဆောင်တာကို စုံစမ်းလေ့လာရန် လိုပါသည်။ ကျွန်ုပ်တို့ ရရှိရန်လိုသည့် မေတ္တာ၊ သမာဓိ စသည့် စိတ်အခြေအနေနှင့် စိတ်ခံစားချက် အချို့အတွက် ညွှန်းကြားချက်များ ရရှိထားပါသည်။ ထို့ပြင် ရှုပ်ထွေးမှု၊ ဒေါသ စသည့် မိမိကိုယ်တိုင် ဖယ်ရှားရမည့် အခြားအချက်များလည်း ရှိထားပါသည်။ လိုက်နာရမည့် နည်းစနစ်အချို့လည်း သင်ကြားထားပါသည်။ နည်းစနစ်များကို နားလည်ရန်အတွက် ၎င်းတို့ ဆောင်ရွက်သောအရာ၊ ၎င်းတို့၏ လုပ်ငန်းဆောင်တာများကို လေ့လာစုံစမ်းရန် လိုပါသည်။ အချို့အရာများက ကိုက်ညီပြီး အချို့မှာ မကိုက်ညီသည့်အတွက် စိတ်အခြေအနေအချို့သည် အခြားအခြေအနေများကို တိုးပွားလာအောင် ဆောင်ရွက်ပါသည်။
ဥပမာ၊ မေတ္တာ ထားရှိရန် သီးခြား တရားရှုမှတ်မှုကို လေ့လာကျင့်ကြံမှုဖြင့် ယင်းသို့ဆောင်ရွက်ရန် ကိုယ့်ကိုယ်ကို ပိုမိုယုံကြည်လာပါသည်။ ‘‘ဒါကမှန်သလား၊ မှားသလား။’’ ဟု စုံစမ်းစစ်ဆေးပြီးနောက် ကြုံတွေ့ကြည့်ရန် ကြိုးစားပါသည်။ ဤသို့လုပ်ဆောင်သည့် လုပ်ငန်းဖြင့် ထိုနည်းလမ်းအပေါ် ကိုယ့်ကိုယ်ကို ယုံကြည်မှု ရှိလာပါသည်။ ကျင့်ကြံမှု နည်းလမ်းတစ်ခု မှန်ကန်ပြီး အလုပ်ဖြစ်သည်ဟု ယုံကြည်သည့် လုပ်ငန်းဆောင်တာသည် အဘယ်နည်း။ ၎င်းသည် ယင်းကို နက်ရှိုင်းစွာ ကျင့်ကြံနိုင်စွမ်း ပိုပြီးရှိစေပါသည်။ မိမိလုပ်ကိုင်နေသောအရာကို ယုံကြည်မှု မရှိပါက ကျင့်ကြံမည်လည်း မဟုတ်ပါ။ အဆင့်တိုင်း၏ လုပ်ဆောင်ချက်ကို နားလည်သဘောပေါက်သောအခါ အဆင့်တိုင်းကို အားစိုက်နိုင်ပါမည်။ နားလည်ခြင်းမရှိပါက တစ်ခုမှ လုပ်ဆောင်မည် မဟုတ်တော့ပါ။
ထို့ပြင် တစ်စုံတစ်ခုက အခြားတစ်ခုကို ဖျက်ဆီးသော သို့မဟုတ် တိုက်ဖျက်သော လုပ်ဆောင်ချက်ကို နားလည်ရန် လိုပါသည်။ ဥပမာ၊ နည်းလမ်းတစ်ခုတွင် ယုံကြည်မှုက ယင်းကို မပြတ်သားမှုအား ဖျက်ဆီးပါသည်။ နည်းလမ်းတစ်ခုကို ဖြစ်စေ၊ ယင်းကို လိုက်နာနိုင်စွမ်းကိုဖြစ်စေ ယုံကြည်မှု မရှိပါက ထိုနည်းလမ်းဖြင့် အောင်မြင်ရန် သို့မဟုတ် ပေါက်မြောက်ရန် မဖြစ်နိုင်အောင် တားဆီးလိုက်ပါသည်။
ကျွန်ုပ်တို့ သင်ယူသောအရာတိုင်းနှင့် လေ့ကျင့်သော အဆင့်တိုင်းက ဘာကို အားဖြည့်ပြီး ဘာကို ဖျက်ဆီးသည်ကို သိရှိရန် အလွန်အရေးကြီးပါသည်။ ထို့နောက် ကိုယ်လုပ်နေသောအရာကို လက်တွေ့ကျသော သဘောထား ရှိလာပါသည်။ ဥပမာ၊ မေတ္တာတရားကဲ့သို့ အပြုသဘော စိတ်အခြေအနေ သို့မဟုတ် သဘောထားတစ်ရပ် ဘာကြောင့် ရရှိလိုပါသလဲ။ မှန်ကန်သော အကြောင်းပြချက်မှာ မေတ္တာသည် စိတ်ငြိမ်းချမ်းမှု ရရှိစေကာ အခြားသူများကို ကူညီနိုင်စေသောကြောင့် ဖြစ်ပါသည်။ ဒေါသကဲ့သို့ အပျက်သဘော စိတ်အခြေအနေတစ်ခုကို ဘာကြောင့် ဖယ်ရှားပစ်လိုပါသလဲ။ အကြောင်းမှာ မိမိကိုယ်ကိုရော အခြားသူများကိုပါ ဒုက္ခရောက်စေသည့် ၎င်း၏ ဆောင်ရွက်ချက်ကြောင့် ဖြစ်ပါသည်။ ဆေးလိပ်သောက်ခြင်းကဲ့သို့ စွဲလမ်းမိနေသော ပျက်စီးစေသည့် အပြုအမူပုံစံများ ရပ်တန့်လိုသောအခါ ဤသို့သိရှိခြင်းက အလွန် အရေးကြီးပါသည်။ ဆေးလိပ်က အဆုတ်ကို ဘာလုပ်ကြောင်း သိရှိခြင်းကဲသို့ လုပ်ဆောင်ချက်ကို ရှင်းလင်းစွာ နားလည်သောအခါ ယင်းကို ဘာကြောင့် ရပ်တန့်ရသည်ကို နားလည်လာပါသည်။ ဤနည်းဖြင့် လုပ်ဆောင်ချက် အဆိုကို အသုံးချပါသည်။
အကြောင်းပြချက်ဖြင့် ခိုင်မာမှု အဆို
တတိယအဆိုမှာ အကြောင်းပြချက်ဖြင့် ခိုင်မာမှု အဆို ဖြစ်ပါသည်။ ဆိုလိုသည်မှာ မှန်ကန်စွာ သိရှိနည်းက ၎င်းကို ချေဖျက်မှု မရှိပါက ထိုအချက်ကို အတည်ပြုခြင်း၊ သက်သေခိုင်လုံခြင်း ရှိသည်ဟု ဆိုလိုပါသည်။ ပထမဦးစွာ ဘာသာရေး အခွင့်အာဏာက ၎င်းကို ကွဲလွဲမှု ရှိသလား ဆုံးဖြတ်နိုင်အောင် ဓမ္မအနေနှင့် သင်ယူသောအရာ တစ်ခုခုကို လေ့လာရန် လိုပါသည်။ သင်ကြားမှုတစ်ခုသည် ဓမ္မသင်ကြားမှုဖြစ်ကြောင်း မည်သို့ သိနိုင်မလဲ။ ၎င်းသည် ဗုဒ္ဓမြတ်စွာ ဟောကြားချက်နှင့် ကိုက်ညီပါသည်။ ဘုရားရှင်က သာဝကအမျိုးမျိုးအတွက် အကြောင်းရပ် အမျိုးမျိုး ဟောကြားခဲ့သည့်အတွက် အပေါ်ယံတွင် ကွဲလွဲသယောင် ထင်ရပါသည်။ ဘုရားရှင်၏ အနက်ရှိုင်းဆုံး ရည်မှန်းချက်ကို ဘယ်လို သိရှိနိုင်မလဲ။ တရားတစ်ခုသည် ဘုရားရှင်၏ တရားထဲတွင် မကြာမကြာ ပြန်ပါနေပါက ဘုရားရှင်က ထိုသို့အမှန်ပင် ဆိုလိုကြောင်း သိနိုင်သည်ဟု အိန္ဒိယဆရာတော်ကြီး ဓမ္မကာတိက ရှင်းပြပါသည်။ အထူးသဖြင့် ကျင့်ဝတ်ကိစ္စနှင့် ပတ်သက်လျှင် ဤအချက်က အရေးကြီးပါသည်။
တစ်ခုခုကို မှန်ကန်စွာ သိရှိခြင်း ဒုတိယနည်းလမ်းမှာ ယုတ္တိနှင့် ကောက်ချက်ဆွဲမှုတို့ဖြင့် ဖြစ်ပါသည်။ ဤအရာသည် တစ်သမတ်တည်း ယုတ္တိကျသလား။ သို့တည်းမဟုတ် ယုတ္တိဗေဒအရ ကွဲလွဲပါသလား။ ၎င်းသည် အားလုံးသိမြင်နိုင်သော အရာလား။ သို့တည်းမဟုတ် လုံးဝ အူကြောင်ကြောင် ဖြစ်နေသလား။ ထိုအခါ တတိယမြောက် မှန်ကန်စွာ သိရှိနည်းမှာ တိုက်ရိုက် သိမှုဖြစ်ပါသည်။ အမှန်တကယ် တရားရှုမှတ်သောအခါ ကျွန်ုပ်တို့၏ အတွေ့အကြုံသည် ၎င်းနှင့် ကွဲလွဲသလား။ မှန်သည်ဟု အတည်ပြုလိုက်ပါသလား။
ဤအဆို အသုံးချနည်း နမူနာကို လေ့လာကြပါစို့။ ဆန့်ကျင်ဘက်တစ်ခုခု အသုံးချသောအခါ အချို့သော အားနည်းချက် သို့မဟုတ် ပြဿနာကို ဖယ်ရှားသည်ဆိုသော တရားကို နာကြားဖူးကြပါမည်။ ဥပမာ၊ ‘‘မေတ္တာသည် ဒေါသကို ကျော်လွှားသည်။’’ ပထမဦးစွာ ဤအချက်သည် ဘုရားရှင် ဟောကြားချက်နှင့် ကိုက်ညီသလား စဉ်းစားရမည်။ မှန်ပါသည်။ ၎င်းသည် ဘုရားရှင် ဟောကြားချက် တစ်ခုခုနှင့် မကွဲလွဲပါ။
၎င်းသည် ယုတ္တိအရ မှန်ကန်ပါသလား။ မှန်ပါသည်။ မေတ္တာသည် အခြားသူများကို ပျော်ရွှင်စေလိုသော ဆန္ဒ ဖြစ်ပါသည်။ မိမိကို ဒုက္ခပေးနေသော၊ ဤသို့ပြုမူသည်ကို မိမိက ဒေါသထွက်မိသော တစ်ဖက်လူ ဖြစ်နေလျှင် မည်သို့နည်း။ ထိုသူက ဤသို့ဆိုးရွားသော အရာများ ပြုလုပ်နေသည်မှာ မပျော်ရွှင်သောကြောင့် ဖြစ်ပါသည်။ ထိုသူသည် စိတ်ပိုင်း၊ စိတ်ခံစားချက်ပိုင်းအရ ဝမ်းနည်းနေပါသည်။ ထိုသူကို မေတ္တာထားနိုင်ပါက သူပျော်ရွှင်ပါစေဟု ဆန္ဒပြုပါမည်။ ထိုသူ ဝမ်းမနည်းဘဲ သနားစရာ မဖြစ်စေရန် ဆန္ဒပြုပါမည်။ ထိုသို့သော သဘောထားက ကျွန်ုပ်တို့ကို ထိုသူနှင့် ဒေါသမဖြစ်အောင် ကာကွယ်လိုက်သည် မဟုတ်ပါလား။ ဒါက လုံးဝယုတ္တကျပါသည်။ ထိုသူက အန္တရာယ်များစွာ ပေးနေပါက သူ့ကို ထိုသို့မပြုလုပ်အောင် ရပ်တန့်လိုလျှင် မိမိမေတ္တာကို ဖြန့်ကျက်ရပါမည်။ ထိုသူ ပျော်ရွှင်ပါစေဟု ဆန္ဒ ပြုရပါမည်။ အကြောင်းမှာ သူပျော်ရွှင်နေပါက ဤကဲ့သို့ အန္တရာယ်ပေးမည် မဟုတ်ပါ။ ထိုသူနှင့် ဒေါသထွက်နေပါက သူ့ကို ကျွန်ုပ်အား အန္တရာယ်မပေးအောင် မတားဆီးပါ။ ဤတရားက ယုတ္တိကျပါသည်။
နောက်ဆုံးတွင် ကျွန်ုပ်တို့သည် တိုက်ရိုက် သိရှိမှု သို့မဟုတ် တရားရှုမှတ်မှုဖြင့် စုံစမ်းစစ်ဆေးပါသည်။ တစ်နည်းဆိုသော် အလုပ်ဖြစ်၊ မဖြစ်ကို သိရှိအောင် ကြိုးစားကြည့်ပါသည်။ မေတ္တာဖြင့် တရားရှုမှတ်ပါက ကျွန်ုပ်၏ဒေါသကို လျော့နည်းစေပါသလား။ မှန်ပါသည်။ ဤသည်မှာ တစ်စုံတစ်ခုသည် ကျိုးကြောင်းဆီလျော်သော တရားတော် ဟုတ်၊ မဟုတ် တတိယမြောက် စမ်းသပ်ချက် ဖြစ်ပါသည်။ ဤနည်းမှာ အကြောင်းပြချက်ဖြင့် ခိုင်မာစေခြင်း အဆို ဖြစ်ပါသည်။
အရာရာ သဘာဝအတိုင်း ရှိနေသော အဆို
နောက်ဆုံးအဆိုမှာ အရာဝတ္ထုများ၏ သဘောသဘာဝ ဖြစ်ပါသည်။ ဤသည်မှာ အချို့အချက်များသည် သဘာဝ အတိုင်း ဖြစ်နေသည်ဆိုသည့် အဆို ဖြစ်ပါသည်။ ဥပမာ၊ မီးသည်ပူပြီး ရေသည် စိုစွတ်ခြင်း ဖြစ်ပါသည်။ မီးဘာကြောင့် ပူပြီး ရေဘာကြောင့် စိုပါသလဲ။ တကယ်တော့ အရာရာ တည်ရှိနေပုံအတိုင်း ဖြစ်နေပါသည်။ ဘယ်အချက်က သဘာဝအတိုင်း မှန်ကန်သည်ကို ကျွန်ုပ်တို့သည် ဓမ္မဖြင့် စုံစမ်းစစ်ဆေးရန် လိုပါသည်။ ဥပမာ၊ သက်ရှိအားလုံး ပျော်ရွှင်လိုပြီး မည်သူမျှ ဝမ်းမနည်းလိုသောအချက် ဖြစ်သည်။ ဘာကြောင့်ပါလဲ။ အရာရာ တည်ရှိနေပုံအရ ဖြစ်ပါသည်။ နောက်ထပ်နမူနာတစ်ခု ကြည့်ပါ။ ဝမ်းနည်းမှုသည် အပျက်သဘော အပြုအမူမှ ပေါ်ထွက်ပြီး ပျော်ရွှင်မှုသည် အပြုသဘော အပြုအမူမှ ပေါ်ထွက်ပါသည်။ ဘာကြောင့်လဲ။ စကြဝဠာကြီး၏ လုပ်ဆောင်ပုံက ဤအတိုင်းဖြစ်သည်။ ထိုသို့ဖြစ်အောင် ဗုဒ္ဓမြတ်စွာက ဖန်တီးခြင်း မဟုတ်ပါ။ သဘာဝအတိုင်း ဖြစ်နေပါသည်။ အချို့အရာများက သဘာဝအတိုင်း ဖြစ်နေသည်ကို ကျွန်ုပ်တို့ စုံစမ်းတွေ့ရှိလာသောအခါ ဘဝ၏ အစိတ်အပိုင်းများဟု လက်ခံရန်လိုပါသည်။ ယင်းတို့ကို ခေါင်းရှုပ်ခံစဉ်းစားသည်မှာ အချိန်ဖြုန်းရာ ရောက်ပါလိမ့်မည်။
ဓမ္မကျင့်ကြံမှုနှင့် ဆီလျော်မှုအရှိဆုံး အရာအားလုံး၏ သဘာဝနှင့် ပတ်သက်သော အဓိက အချက်တစ်ချက်မှာ သံသရာသည် အတက်အကျ ရှိနေပါသည်။ ဤသည်မှာ ကံကောင်းသော ပြန်လည်မွေးဖွားမှုနှင့် ကံဆိုးသော ပြန်လည်မွေးဖွားမှုလောက်ကိုသာ ဆိုလိုခြင်း မဟုတ်ပါ။ နေ့စဉ်ဘဝ၏ အခိုက်အတန့်များနှင့်လည်း သက်ဆိုင်ပါသည်။ ကျွန်ုပ်တို့၏ စိတ်အခြေအနေနှင့် ခံစားချက်မှာ အတက်အကျ ရှိပါသည်။ ထိုအချက်ကို သဘာဝအတိုင်းဟု လက်ခံလိုက်ပါက ဝမ်းနည်နေတော့မည် မဟုတ်ပါ။ သံသရာမှနေ၍ ဘာကို မျှော်လင့်ပါသလဲ။ အချို့နေ့များတွင် တရားရှုမှတ်ရ အဆင်ပြေသော်လည်း အချို့နေ့များတွင် အဆင်မပြေတာ မှန်ပါသည်။ အချို့နေ့များတွင် ကျင့်ကြံအားထုတ် လိုသော်လည်း အချို့နေ့များတွင် ကျင့်ကြံလိုစိတ်မရှိပါ။ အရေးမကြီးပါ။ အရာရာ ဤသဘောအတိုင်း ရှိပါသည်။ မေ့ထားလိုက်ကာ ဝမ်းနည်းမနေပါနှင့်။ ဤသို့ဖြစ်ရန် အထူးအရေးကြီးပါသည်။
ဓမ္မကို လက်တွေ့ကျသော ပုံစံဖြင့် ချဉ်းကပ်လိုပါက ဗုဒ္ဓမြတ်စွာ ဟောကြားထားသော ထိုအချက်လေးချက်က အလွန်အထောက်အကူ ပြုပါသည်။ ယင်းတို့ကို နားလည်မှုနှင့် သင်ယူထားသော တရားတော်ကို အသုံးချပုံတို့ သေချာစေရန် ကျွန်ုပ်တို့၏ ခန္ဓာကိုယ်ကို မစွဲလမ်းသည့် နမူနာတစ်ခု လေ့လာကြည့်ပါစို့။
၁။ ဤမစွဲလမ်းမှု ဖြစ်လာအောင် ဘယ်အရာအပေါ် မူတည်ပါသလဲ။ ၎င်းသည် မမြဲခြင်း၊ ပြန်လည်မွေးဖွားခြင်း၊ အတ္တ၏ တည်ရှိပုံ၊ ကိုယ်၊ စိတ်၊ အတ္တတို့ ဆက်စပ်ပုံ စသည်တို့ကို နားလည်မှုပေါ်၌ မူတည်ပါသည်။
၂။ ခန္ဓာကိုယ်ကို မစွဲလမ်းမှု ဖြစ်လာသည့် လုပ်ဆောင်ချက်က ဘာလဲ။ ကျွန်ုပ်တို့ ဖျားနာခြင်း၊ အိုမင်းမစွမ်းခြင်းတို့ ဖြစ်လာသောအခါ ဝမ်းမနည်းရန်၊ ဒေါသမထွက်ရန် ကူညီလုပ်ဆောင်ပါသည်။
၃။ ဤခိုင်မာမှုသည် အကြောင်းတရား ရှိပါသလား။ ရှိပါသည်။ ခန္ဓာကို မစွဲလမ်းခြင်းဖြင့် ဆင်းရဲဒုက္ခ အကြောင်းရင်းတစ်ခုကို ဖယ်ရှားကြောင်း ဘုရားရှင်က ဟောကြားထားပါသည်။ ယင်းမှာ စွဲလမ်းမှုသည် ယာယီဖြစ်သော တစ်ခုခုဖြင့် သိရှိမှုတွင် အခြေခံပါသည်။ ယင်းမှာ ယုတ္တိရှိပါသလား။ ရှိပါသည်။ အကြောင်းမှာ ခန္ဓာသည် အချိန်နှင့်အမျှ ပြောင်းလဲကာ အိုမင်းလာပါသည်။ ယင်း၏ ဆောင်ရွက်ချက်ကို ကြုံတွေ့ရပါသလား။ မှန်ပါသည်။ မစွဲလမ်းမှု ရှိလာသောအခါ မပျော်ရွှင်မှုနှင့် ပြဿနာများ နည်းပါးသွားပါသည်။
၄။ အရာရာ တည်ရှိသည့် သဘာဝနှင့် ပတ်သက်လျှင် ဘယ်လိုရှိပါသလဲ။ ခန္ဓာကို မစွဲလမ်းမှုအပေါ် ရှုမှတ်ပါက ကျွန်ုပ်၏ ပျော်ရွှင်မှု နေ့စဉ် တိုးတက်ခိုင်မာလာပါသလား။ ထိုသို့ မဟုတ်ပါ။ သံသရာတွင် ၎င်းသည် အတက်အကျ ရှိပါသည်။ နောက်ဆုံးတွင် ရေရှည် အမြင်အရ ကျွန်ုပ်သည် ပိုမိုပျော်ရွှင်လာနိုင်ပြီး ဘဝသည် ပျော်စရာ ဖြစ်လာနိုင်ပါသည်။ သို့သော် တစ်သမတ်တည်းပုံစံဖြင့် ဖြစ်လာခြင်း မဟုတ်ပါ။ ဒါက အရာရာတည်ရှိနေသည့် သဘာဝမဟုတ်ပါ။
အကျဉ်းချုပ်
ခန္ဓာကို မစွဲလမ်းမှု ကဲ့သို့ တရားကို စုံစမ်းစစ်ဆေးရန် အဆို လေးချက်ကို အသုံးချခြင်းဖြင့် ယင်းကို မည်သို့ချဉ်းကပ်ရမည်ကို လက်တွေ့ကျသော သဘောထား ရှိလာကြောင်း တွေ့နိုင်ပါသည်။ ထို့ကြောင့် ‘‘ငါဟောကြားသမျှကို ငါ့အား ယုံကြည်မှု၊ လေးစားမှုတို့ကြောင့် လက်မခံကြနှင့်။ ရွှေတုံးရွှေခဲ ဝယ်သလိုပင် သင်တို့ကိုယ်တိုင် စူးစမ်းဆင်ခြင်ပြီးမှ လက်ခံကြ။’’ ဟု ဘုရားရှင်က ဟောကြားထားပါသည်။ အဆို လေးချက်ကို အသုံးချခြင်းဖြင့် စုံစမ်းစစ်ဆေးရန် ဆိုလိုခြင်း ဖြစ်ပါသတည်း။