ဗုဒ္ဓမြတ်စွာနှင့် ထိုခေတ်အခါက နိုင်ငံရေးအခြေအနေများ

ရာဇဝင်ထဲက ဗုဒ္ဓမြတ်စွာအကြောင်းကို ဂန္ထဝင် ဗုဒ္ဓဘာသာ စာပေများတွင် အတိမ်အနက်အမျိုးမျိုးဖြင့် ဖော်ပြထားပါသည်။ အစောဆုံး မူသည် မည်သည့် ကျမ်းစာထဲတွင်မျှ မပါဝင်သော်လည်း ပါဠိသုတ္တန်နှင့် ထေရဝါဒ အစဉ်အလာ၏ ဝိနည်း ကျမ်းစာတွင် မှတ်တမ်းတင်ထားသည့် အဖြစ်အပျက်များကို ပေါင်းစပ်ခြင်းဖြင့်သာ ရရှိနိုင်ပါသည်။ မဟာသံဃိက၊ သာဝတိဝါဒနှင့် မဟာယာန အစဉ်အလာတို့၏ နောက်ပိုင်း ကျမ်းစာများတွင် ထိုရှေးဦးကျမ်းများမှ ယူထားသည့် အပေါ်ယံအကျဉ်းမျှကို တစ်ခါတစ်ရံ အစွမ်းထက်လူသားဆန်သည့် အချက်များစွာဖြင့် မွမ်းမံထားကြပါသည်။ သို့သော် ပါဠိစာပေမှ ပေါ်ထွက်သည့် မူရင်းဖော်ပြချက်မှာ အလွန်လူသားဆန်သူတစ်ဦး အနေနှင့်သာ ဖော်ပြပါသည်။ ဒုက္ခပေါင်းစုံနှင့် မလုံခြုံသော ကာလများတွင် နေထိုင်ကာ မြောက်မြားလှစွာသော အခက်အခဲနှင့် စိန်ခေါ်မှုများကို ပုဂ္ဂိုလ်ရေး အရရော၊ ကျောင်းတိုက် အသိုင်းအဝိုင်းတွင်ပါ ရင်ဆိုင်ရခဲ့ရပါ၏။ စတီဗင်ဘက်ချလာက သူ၏ ဗုဒ္ဓဘာသာဝင် ဘာသာရေးမယုံကြည်သူတစ်ဦး၏ ဖွင့်ဟဝန်ခံချက် စာအုပ်တွင် ဖော်ပြထားသည့် ပညာရပ် သုတေသနကို အခြေခံကာ ဗုဒ္ဓဝင်၏ ဤရှေးအကျဆုံးမူကို ယခုအကျဉ်းမျှ ဖော်ပြပါမည်။ အမည်အားလုံးကို ပါဠိမူဖြင့် ဖော်ပြသွားပါမည်။

ဗုဒ္ဓမြတ်စွာကို ဘီစီ ၅၆၆ တွင် လုမ္ဗိနီဥယျာဉ် (Lumbi-na’i tshal) ၌ ဖွားမြင်ပါသည်။ လက်ရှိ နီပေါနိုင်ငံ တောင်ပိုင်းတွင် ဖြစ်သည်။ ဤပန်းခြံသည် ကပိလဝတ် (Ser-skya’i gnas) နှင့် သိပ်မဝေးပါ။ ယင်းမှာ သက္က (Sha-kya) မင်းတို့၏ မြို့တော် ဖြစ်သည်။ သူ့အမည်သည် သိဒ္ဓတ္ထ (Don-grub) ဖြစ်သော်လည်း ပါဠိကျမ်းစာ၌ မဖော်ပြထားပါ။ မည်သို့ဆိုစေ ဖတ်ရှုသူ အဆင်ပြေစေရန် ထိုနာမည်ကို ယခုသုံးနှုန်းပါမည်။ ဗုဒ္ဓမြတ်စွာကို ညွှန်းဆိုရာတွင် တစ်ခါတစ်ရံ ခေါ်ဝေါ်သည့် နောက်ထပ်အမည်မှာ ဂေါတမ (Gau-ta-ma) ဖြစ်ပြီး ယင်းမှာ တကယ်တော့ မျိုးရိုးနာမည် ဖြစ်ပါသည်။

သိဒ္ဓတ္ထ၏ ခမည်းတော် သုဒ္ဓေါဓန (Zas tsang-ma) သည် နောက်ပိုင်း ဗုဒ္ဓဘာသာ စာပေတွင် ဖော်ပြကြသလို ဘုရင် မဟုတ်ပါ။ ဂေါတမအနွယ် မိသားစုဝင်မှ မြင့်မြတ်သောပုဂ္ဂိုလ် တစ်ဦးဖြစ်ပြီး သက္ကတိုင်းတွင် ဒေသဆိုင်ရာ အုပ်ချုပ်သူ အဖြစ် အမှုထမ်းခြင်း ဖြစ်နိုင်ပါသည်။ ပါဠိစာပေ၌ သူ့မယ်တော် အမည်ကို မှတ်တမ်းမတင်ထားသော်လည်း နောက်ပိုင်း သက္ကတကျမ်းစာများ၌ မာယာဒေဝီ (Lha-mo sGyu-‘phrul-ma) ဟုခေါ်ဝေါ်ပါသည်။ သိဒ္ဓတ္ထ၏ မယ်တော်သည် သူ့အားမွေးဖွားပြီး ခဏချင်းမှာပင် ကွယ်လွန်သောကြောင့် သူ့အစ်မ မဟာပဇာပတိ (sKye-dgu’i bdag-mo chen-mo) က ပြုစုပျိုးထောင်ခဲ့ပါသည်။ သူ့ဖခင်က ပဇာပတိအား ထိုခေတ်ထုံးတမ်းစဉ်လာအရ လက်ထပ်ထားခြင်း ဖြစ်ပါသည်။

သက္ကတိုင်းသည် သိဒ္ဓတ္ထ မွေးဖွားစဉ်က ရှေးခေတ် သမ္မတနိုင်ငံတော်တစ်ခု ဖြစ်ပြီး အင်အားကြီးသော ကောသလ (Ko-sa-la) တိုင်းပြည်၏ အစိတ်အပိုင်းတစ်ခု ဖြစ်သည်။ ကောသလသည် လက်ရှိခေတ် ဘီဟာပြည်နယ်မှ ဂင်္ဂါမြစ် မြောက်ဖက် ကမ်းပါးတစ်လျှောက်၊ ဟိမဝန္တာ တောင်ခြေရင်းတွင် တည်ရှိသည်။ မြို့တော်မှာ သာဝတ္ထိ (gNyan-yod) ဖြစ်ပါသည်။

ဘုရားရှင် လက်ထက်တော်အခါက အထင်ကရ နေရာများ၏ ပထဝီဝင် အနေအထားကို အကျဉ်းဖော်ပြလျှင် ဗုဒ္ဓဝင်ကို လေ့လာရာ၌ ပိုမိုလွယ်ကူသွားစေနိုင်သဖြင့် ယခုအကျဉ်းမျှ ဖော်ပြပါမည်။ သက္ကတိုင်းသည် ကောသလတိုင်း အရှေ့ဘက်တွင် ရှိပြီး၊ မာလာ (Gyad-kyi yul) ပြည်နယ်သည် သက္ကတိုင်း၏ အရှေ့တောင်ဘက်တွင် ရှိသည်။ မာလာပြည်နယ်၏ အရှေ့ဘက်တွင် ဝဇ္ဇီတိုင်း ရှိပြီး မြို့တော်မှာ ဝေသာလီ (Yangs-pa-can) ဖြစ်သည်။ ဝဇ္ဇီတိုင်းကို မျိုးနွယ်အုပ်စု အဖွဲ့ဖြင့် အုပ်စိုးပါသည်။ လိစ္ဆဝီ (Li-ccha-bi) မျိုးတို့မှာ သူတို့ထဲတွင် အထင်ရှားဆုံးဖြစ်သည်။ ဝဇ္ဇီနှင့် ကောသလတိုင်း တောင်ဘက်၊ ဂင်္ဂါ မြစ်တစ်ဖက်ကမ်းတွင် အင်အားကြီးမားသော မာဂဓ (Yul Ma-ga-dha) တိုင်း ရှိပြီး မြို့တော်မှာ ရာဇဂဟ (rGyal-po’i khab) ဖြစ်သည်။ ကောသလ၏ အနောက်တွင် ယနေ့ခေတ် ပါကစ္စတန် ပန်ဂျပ် နေရာ၌ ဂန္ဓရတိုင်း (Sa-‘dzin) ရှိသည်။ ပါရှန် အာခီမေးနစ် အင်ပါယာ၏ ဘုရင်ခံအုပ်ချုပ်သည်။ မြို့တော် တက္ကသီလ (rDo-‘jog) သည် ထိုခေတ်က အထင်ရှားဆုံး တက္ကသိုလ် ဖြစ်သည်။ ထိုနေရာတွင် ဂရိနှင့် ပါရှန် အတွေးအခေါ်နှင့် ယဉ်ကျေးမှုများသည် ခေတ်ပြိုင် အိန္ဒိယ ယဉ်ကျေးမှုများနှင့် ရောစပ်နေပါသည်။

သိဒ္ဓတ္ထကြီးပြင်းရာ ကပိလဝတ်သည် မြောက်ပိုင်းလမ်းတွင် အဓိကမြို့တော် ဖြစ်ပြီး ထိုခေတ်က ပင်မ ကူးသန်းရောင်းဝယ်ရေး လမ်းကြောင်း ဖြစ်သည်။ မြောက်ပိုင်းလမ်းသည် ကောသလတိုင်းကို ဂန္ဓရတိုင်းနှင့် ဆက်ပေးကာ သက္က၊ မာလာနှင့် ဝဇ္ဇီ တိုင်းတို့ကို ဖြတ်လျှက် တောင်ဘက် မာဂဒသို့ ရောက်သည်။ ထို့ကြောင့် ပါဠိကျမ်းစာများတွင် သိဒ္ဓတ္ထ ဂေါတမ အသက် နှစ်ဆယ်မတိုင်မီ အကြောင်းကို အနည်းအကျဉ်းမျှသာ ပြောထားသော်လည်း သူသည် ယဉ်ကျေးမှု များစွာနှင့် အတော်လေး ထိတွေ့ခဲ့ရပါသည်။ အတည်ပြုနိုင်ခြင်း မရှိသည့်တိုင် တက္ကသီလမှာပင်လျှင် ပညာသင်ခဲ့နိုင်ပါသည်။

သိဒ္ဓတ္ထသည် ဘဒ္ဓကဉ္စနာကို လက်ထပ်သည်။ သူ့ကို သက္ကတဘာသာဖြင့် ယသော်ဓယာ (Grags ‘dzin-ma) ဟု သိကြသည်။ သူသည် သိဒ္ဓတ္ထ၏ တစ်ဝမ်းကွဲ မောင်နှမဖြစ်ပြီး ဒေဝဒတ္ထ (Lhas-byin) ၏ ညီမဖြစ်သည်။ ဒေဝဒတ္ထသည် နောက်ပိုင်းတွင် ဗုဒ္ဓမြတ်စွာ၏ အဓိက ပြိုင်ဘက် ဖြစ်လာသည်။ သူတို့တွင် ရာဟုလာ (sGra-gcan ‘dzin) ဆိုသည့် သားတော်တစ်ပါး ရှိသည်။ သားတော် မွေးပြီး မကြာမတင်မှာပင် ဗုဒ္ဓမြတ်စွာသည် သက်တော် နှစ်ဆယ့်ကိုးတွင် ကပိလဝတ်မှ ထွက်ခွါသွားသည်။ ဘာသာရေး သစ္စာတရားကို ရှာဖွေရန် မာဂဓတိုင်းဘက်သို့ ဦးတည်သွားသည်။ မြောက်ပိုင်းလမ်းတွင် ခရီးသွားကာ ဂင်္ဂါ မြစ်ကို ဖြတ်လျှက် ရာဇဂဟသို့ ရောက်ခဲ့သည်။ ထိုအချိန်က မာဂဓတိုင်းတွင် ဗိမ္မိသာရမင်း (gZugs-can snying-po) အုပ်စိုးပြီး ကောသလတွင် ပသေနဒီမင်း (rGyal-po gSal-rgyal) စိုးစံသည်။ ကောသလနှင့် မာဂဓ မဟာမိတ်အဖြစ် မင်းနှစ်ပါးသည် တစ်ဦး၏ညီမတော်ကို တစ်ဦးက လက်ထပ်ထားသည်။ ပသေနဒီမင်း၏ ညီမတော်မှာ ဒေဝီ (Lha-mo) ဖြစ်သည်။

မာဂဓတိုင်းတွင် သိဒ္ဓတ္ထသည် အာလာရ ကာလာမနှင့် ဥဒက ရာမပုတ္တဆိုသည့် ဆရာနှစ်ပါးထံမှောက်၌ ပညာ ဆည်းပူးခဲ့သည်။ ဗြဟ္မာကိုးကွယ်မှုမှ လာသော ထိုဆရာတို့က သူ့အား ဘာမှမရှိခြင်းကို စူးစိုက်မှု ရှိရန်နှင့် ဘယ်အရာကိုမျှ ခွဲခြားခြင်း၊ မခွဲခြားခြင်း မပြုရန် သင်ကြားသည်။ သိဒ္ဓတ္ထသည် ထိုမျှအောင်မြင်မှုနှင့် မကျေနပ်သဖြင့် ထိုဆရာတို့နှင့် လမ်းခွဲခဲ့သည်။ ထို့နောက်တွင် အစွန်းရောက် ခြိုးခြံမှု လမ်းကြောင်းအတိုင်းလိုက်ကာ ဘာကိုမျှ မစားသလောက် ဖြစ်လာသည်။ ဤကျင့်ကြံမှုသည်လည်း လွတ်မြောက်မှုဆီသို့ မရောက်နိုင်မှန်း သူသဘောပေါက်မိသည်။ ထို့နောက် သူ့ဥပုသ်ကို စွန့်ပယ်ကာ အနီးရှိ ယနေ့ခေတ် ဗုဒ္ဓဂါယာဖြစ်သည့် ဥရုဝေလ (lDeng-rgyas) သို့သွားသည်။ ထို့နေရာရှိ ဗောဓိပင်အောက်တွင် သဗ္ဗညုတဉာဏ်တော်ကို သက်တော် သုံးဆယ့်ငါးနှစ်၌ ရရှိသည်။ သူမာဂဓတိုင်းသို့ ရောက်ရှိပြီးနောက် ခြောက်နှစ်အကြာတွင် ဖြစ်ပါသည်။

သဗ္ဗညုတ ဉာဏ်တော်ကို ရရှိပြီးနောက် အနောက်ဘက် မိဂဓါယ (Ri-dvags-kyi gnas) သို့ ကြွချီသည်။ ယင်းမှာ ဗာရာဏသီပြည် အပြင်ဘက်နားရှိ ယနေ့ခတ် သာန ပြည်နယ် ဖြစ်သည့် ဣသိပတန (Drang-srong lhung-ba) ရှိ သမင်ဥယျာဉ် ဖြစ်သည်။ ဂင်္ဂါ မြစ်၏ မြောက်ဘက်တွင် ပသေနဒီမင်းသည် သူ့ဒေသကို မာဂဓတိုင်းသို့ ပေးခဲ့သည်။ သူ့ညီမ ဒေဝီကို ဗိမ္မိသာရမင်းနှင့် လက်ထပ်စေသောအခါ လက်ထပ်လဥစ္စာ အပ်နှင်းသည့်အနေနှင့် ထိုသို့ပေးအပ်ခြင်း ဖြစ်သည်။ ဗုဒ္ဓမြတ်စွာသည် ပဉ္စဝဂ္ဂီငါးပါးနှင့်အတူ သမင်ဥယျာဉ်၌ မိုးတွင်းကာလ ကုန်ဆုံးပါသည်။ မကြာမီ နောက်လိုက် အနည်းငယ် ရရှိပြီး သူစောင့်ရှောက်ရန်လိုအပ်သည့် မေထုန်မမီဝဲသော အသိုင်းအဝိုင်းကို ဖွဲ့စည်းပါသည်။

ဝေသာလီရှိ လစ္စဝီ သူကောင်းမျိုး မဟာလိသည် ဗုဒ္ဓမြတ်စွာ အကြောင်း ကြားသိကာ မာဂဓတိုင်းသို့ ဖိတ်ကြားရန် ဗိမ္မိသာရမင်းအား အကြံပြုသည်။ မိုးကုန်သောအခါ ဗုဒ္ဓမြတ်စွာနှင့် များပြားလာသော သံဃာတို့သည် အရှေ့ဘက်သို့ ပြန်ကြွချီကာ မာဂဓတိုင်း မြို့တော် ရာဇဂဟသို့ ရောက်ရှိပါသည်။ ဗိမ္မိသာရမင်းသည် ဗုဒ္ဓတရားတော်များကို ကြည်ညိုကာ အသုံးမပြုဘဲထားသည့် “ဝါးရုံတော” ဆိုသည့် “ဝေဠုဝန်” (‘Od-ma’i tshal) ဥယျာဉ်ကို ကပ်လှူပါသည်။ ထိုနေရာတွင် ဘုရားရှင်သည် မိုးတွင်းကာလ၌ သံဃာများအား သီတင်းသုံးစေပါသည်။

များမကြာမီ သာရိပုတ္တ (Sha-ri’i bu) နှင့် မောဂ္ဂလာန (Mo’u dgal-gyi bu) ဆိုသည့် ဒေသခံဂုရုကြီးတစ်ပါး၏ ထိပ်တန်း သာဝကနှစ်ဦးသည် ဗုဒ္ဓမြတ်စွာ၏ အသိုင်းအဝိုင်းထဲ ဝင်လာပါသည်။ ‌နောက်ပိုင်းတွင် သူတို့သည် ဘုရားရှင်၏ အနီးကပ်ဆုံး သာဝကများ ဖြစ်လာပါသည်။ ကြီးထွားလာသော သံဃာအသိုင်းအဝိုင်းအတွက် သီလကတိကဝတ်များ ထုတ်ပြန်ရန် ရှင်သာရိပုတ္တရာက ဘုရားရှင်အား တောင်းပန်သည်။ ထို့ပြင် ဗိမ္မိသာရမင်းကြီးကလည်း သံဃာတို့သည် အခြား ဂျိန်းဘာသာကဲ့သို့ ခြိုးခြံစွာကျင့်သော ဘာသာရေး အဖွဲ့များလိုပင် ထုံးတမ်းစဉ်လာအချို့ ကျင့်သုံးရန် အကြံပြုသည်။ အထူးအားဖြင့် သူတို့သည် တစ်လလျှင် လေးကြိမ် ဥပုသ် (gso-sbyong) ဆောက်တည်ကာ တရားတော် ဆွေးနွေးရန် မင်းကြီးက ထောက်ခံပါသည်။ ဘုရားရှင်က သဘောတူတော်မူလေသည်။

တစ်နေ့သောအခါ ကောသလပြည် သာဝတ္ထိရှိ သူကြွယ်တစ်ဦးဖြစ်သော အနာထပိဏ္ဍိက (dGon-med zas-sbyin) သည် အလုပ်သဘောဖြင့် ရာဇဂဟသို့ လာပါသည်။ ဗုဒ္ဓမြတ်စွာကို ကြည်ညိုသဖြင့် မိုးရာသီတွင် ပသေနဒီမင်း၏ မြို့တော် သာဝတ္ထိ၌ သီတင်းသုံးစရာနေရာတစ်ခု လှူဒါန်းပါသည်။ များမကြာမီမှာပင် ဗုဒ္ဓမြတ်စွာနှင့် နောက်လိုက် သံဃာတို့သည် ကောသလတိုင်းသို့ ကြွချီသည်။ သို့သော် နောင်နှစ်ပေါင်းများစွာ ကြာမှသာ အနာထပိဏ္ဍိကသည် သူတို့အား သင့်တော်သော သီတင်းသုံးရန်နေရာတစ်ခု ကပ်လှူနိုင်ခဲ့ပါသည်။

ထိုအတောအတွင်း ဘုရားရှင်သည် ကပိလဝတ်ရှိ သူ့မိသားစုထံ ပြန်ကြွပါသည်။ ဖခင် သုဒ္ဓေါဓနသည် သူ့အား ချက်ချင်းပင် ကိုးကွယ်ပြီး ရှစ်နှစ်အရွယ် သားတော်ရာဟုလာသည် ကိုရင်အဖြစ် သင်္ကန်းဝတ်ခဲ့သည်။ ထို့နောက်ပိုင်းတွင် သက္ကသူကောင်းအမျိုးသား များစွာတို့သည်လည်း ဝင်ရောက်လာပြီး ဘုရားရှင်၏ တစ်ဝမ်းကွဲတော်သူ အာနန္ဒာ (Kun dga’-bo)၊ အနုရုဒ္ဓါ (Ma-‘gag-pa) နှင့် ဒေဝဒတ္ထ တို့အပြင် “ချောမောသောနန္ဒ” ဟုလည်းကောင်း “သုန္ဒရနန္ဒ” (mDzes-dga’) ဟုလည်းကောင်း ခေါ်သည့် ညီဝမ်းကွဲ နန္ဒမင်းသား (dGa’-bo) လည်း ပါဝင်လာပါသည်။

ဘုရားရှင်၏ မိထွေးနှင့် အဒေါ်တော်သူ ပဇာပတိသည် သံဃာ့အသိုင်းအဝိုင်းထဲ ဝင်ရန် တောင်းဆိုသော်လည်း ဗုဒ္ဓမြတ်စွာက အစပထမတွင် ငြင်းဆိုသည်။ မိထွေးတော်သည် မည်သို့ဖြစ်စေကာမူ စိတ်မပျက်ဘဲ ဆံပင်ရိတ်ကာ အဝါရောင်အဝတ်ကို ဝတ်ပြီး အခြား အမျိုးသမီးများစွာနှင့်အတူ ဘုရားရှင်၏ နောက်လိုက် ဖြစ်လာပါသည်။ ပဇာပတိသည် ဘုရားရှင်ထံမှ သာသနာဝင် အဖြစ် ဆက်လက်တောင်းဆိုသော်လည်း ဗုဒ္ဓမြတ်စွာက နှစ်ကြိမ်၊ သုံးကြိမ်မြောက်အထိ ငြင်းဆိုပါသည်။ နောက်ဆုံးတွင် ဘုရားပရိနိဗ္ဗာန် မစံမီ နှစ်အနည်းငယ် အလို၌ ရှင်အာနန္ဒာက ကြားဝင်ပြီး မိထွေးတော်ကိုယ်စား တောင်းဆိုပြန်သည်။ နောက်ဆုံးတွင် ဘုရားရှင်က အမျိုးသမီးများ သာသနာ့ဘောင် ဝင်ရန် သဘောတူခဲ့သည်။ ယင်းမှာ ဝဇ္ဇီတိုင်း ဝေသာလီတွင် ဖြစ်ပြီး ဗုဒ္ဓဘာသာတွင် သီလရှင်သာသနာ၏ အစ ဖြစ်ခဲ့ပါသည်။

အနာထပိဏ္ဍိကသည် အလှူအတန်း ရက်ရောမှုတွင် နာမည်ကြီးကာ ဗုဒ္ဓမြတ်စွာ ကောသလတိုင်းသို့ ပြန်ကြွပြီး နှစ်အနည်းငယ် အကြာတွင် သာဝတ္ထိရှိ ဇေတ၏ “စပျစ်ဥယျဉ်” ဆိုသည့် “ဇေတဝန်” (rGyal-byed-kyi tshal) ဥယျာဉ်ကို ရွှေသားများစွာ ပေး၍ ဝယ်ယူပါသည်။ ထို့နောက် အလွန်အဆင့်အတန်းမြင့်သော မိုးရာသီစံကျောင်းကို ဗုဒ္ဓမြတ်စွာနှင့် သံဃာတော်များအတွက် တည်ဆောက်ပါသည်။ နောက်ဆုံးတွင် သဗ္ဗညုတဉာဏ်တော် ရရှိပြီး နှစ်ပေါင်း နှစ်ဆယ်ခန့် အကြာ၌ ဗုဒ္ဓမြတ်စွာသည် သံဃာတော်တို့အတွက် မိုးရာသီ တရားဝင် နားခိုမှု ဝါဆိုခြင်း (dbyar-gnas) အစဉ်အလာကို တည်ထောင်ပါသည်။ ထိုကာလတွင် ကျောင်းတိုက်များသည် နှစ်စဉ် မိုးတွင်းသုံးလအတွင်း တစ်နေရာတည်း၌ နေထိုင်ရပါသည်။ ကျန်ကာလများတွင် ပြုလုပ်သလို တစ်နေရာမှ တစ်နေရာသို့ မသွားလာရပါ။ ခြုံ၍ပြောရလျှင် ဗုဒ္ဓမြတ်စွာသည် ဇေတဝန် စပျစ်ဥယျာဉ်၌ မိုးတွင်းကာလ တစ်ဆယ့်ကိုးကြိမ် ဝါကပ်ပြီး တရားတော် ၈၄၄ ပုဒ် ဟောကြားတော်မူပါသည်။ အနာထပိဏ္ဍိကသည် ကွယ်လွန်ခါနီးတွင် စီးပွားပျက်ခဲ့သော်လည်း ဗုဒ္ဓသံဃာ အသိုင်းအဝိုင်း၏ အဓိက ဒါယကာတစ်ဦး ဖြစ်ခဲ့ပါသည်။

ပသေနဒီ ကောသလမင်းသည် ဂေါတမဗုဒ္ဓအား ဇေတဝန်ကျောင်းတွင် ပထမဆုံး ဖူးမြင်ရပါသည်။ ဘုရားရှင်သက်တော် လေးဆယ်ခန့်တွင် ဖြစ်သည်။ ပသေနဒီ မင်းကြီးသည် ဘုရားရှင်အား အလွန်ကြည်ညိုလွန်းရကား သူသည်လည်း ဒါယကာနှင့် နောက်လိုက်တစ်ဦး ဖြစ်လာပါသည်။ သို့သော် ပသေနဒီမင်းနှင့် ဘုရားရှင်၏ ဆက်ဆံရေးသည် အမြဲပင် ညင်သာသိမ်မွေ့ပါသည်။ မင်းကြီးသည် စာတတ်ပေတတ် ဒါယကာဖြစ်သည့်တိုင် သူသည်လည်း ရသာအာရုံခံစားကာ တစ်ခါတစ်ရံ အလွန်ရက်စက်ကြမ်းကြုတ်ပါသည်။ ဥပမာအားဖြင့် အစိုးရိမ်လွန်ကဲကာ မာလာပြည်မှ သူ့မိတ်ဆွေ သူ့စစ်တပ်၏ ခေါင်းဆောင် ဗန္ဓုလကို ကွပ်မျက်ခဲ့သည်။ သို့သော် နောင်တရကာ ဗန္ဓုလ၏ တူဖြစ်သူ ကာရာယနကို သူ့စစ်တမ်းအား ဦးစီးရန် ခန့်အပ်ခဲ့ပါသည်။ နှစ်ပေါင်းများစွာ အကြာတွင် ဗိုလ်ချုပ်ကာရာယနသည် သူ့ဦးရီးတော် သေဆုံးမှုအတွက် လက်စားချေပြီး ပသေနဒီမင်းကို နန်းချခဲ့သည်။ သို့သော် ဘုရားရှင်သည် မင်းကြီး၏ အမှားအယွင်းများနှင့် ဥစ္စာပစ္စည်း ပြောင်းလဲမှုများကို သည်းခံခဲ့ပါသည်။ ယုံမှားဖွယ် မရှိသည်မှာ မိမိအသိုင်းအဝိုင်းကို သူခိုးသူဝှက်နှင့် တောရိုင်းသတ္တဝါများရန်မှ ကာကွယ်ရန်အတွက် လည်းကောင်း၊ ၎င်းတို့အား ထောက်ပံ့ရန် ကြွယ်ဝသောဒါယကာများ လိုအပ်သောကြောင့်လည်းကောင်း ဖြစ်ပါသည်။

ပသေနဒီမင်းသည် သူအုပ်စိုးသောမင်းဆက်ကို ဆက်ခံရန်အတွက် သားတော်တစ်ပါး လိုအပ်ပါသည်။ သူ၏ ပထမမိဖုရားဖြစ်သော မာဂဓတိုင်း ဗိမ္မိသာရမင်း၏ ညီမတော်သည် သားသမီးတစ်ဦးမှ မမွေးခဲ့ပုံရပါသည်။ ထို့နောက် မင်းကြီးသည် မာလိကာ (Ma-li-ka) ကို ဒုတိယမိဖုရားမြှောက်ပါသည်။ သူသည် ချောမောလှပပြီး ဇာတ်နိမ့်ကာ ဘုရားရှင်၏ နောက်လိုက်တစ်ဦးဖြစ်သည်။ ဘုရင့်တရားရုံးရှိ ဗြဟ္မဏ ဘုန်းတော်ကြီးများက သူ၏ ဇာတ်နိမ့်မျိုးရိုးကို ပျက်ရယ်ပြုကြသည်။ မာလိကာသည် ပသေနဒီမင်းကြီးအား သမီးတော် ဝါရီ (rDo-rje-ma) ကို မွေးဖွားပေးသည်။

ထို့နောက် မင်းကြီးသည် သားတော်မွေးဖွားရန် တတိယ မိဖုရားတစ်ပါး လိုအပ်ကြောင်း သိလာသည်။ ထို့ကြောင့် ဘုရားရှင်၏ တစ်ဝမ်းကွဲ မဟာနာမ (Ming-chen) ၏ သမီး ဝါသဘကို လက်ထပ်သည်။ မဟာနာမသည် ဗုဒ္ဓမြတ်စွာ၏ ခမည်းတော် ကွယ်လွန်ပြီးနောက်တွင် သက္ကတိုင်းအုပ်စိုးသူ ဖြစ်လာပါသည်။ မဟာနာမသည် ဘုရားရှင်၏ အနီးကပ် သာဝက ရှင်အာနန္ဒာနှင့် ရှင်အနုရုဒ္ဓါတို့၏ ညီဖြစ်သည်။ မဟာနာမသည် ဝါသဘကို မြင့်မြတ်သော အမျိုးသမီးအဖြစ် ပေးအပ်လိုက်သော်လည်း သူသည် တကယ်တော့ ကျွန်မိန်းမတစ်ဦးထံမှ သူ၏ တရားမဝင် သမီးသာ ဖြစ်သည်။ ဝါသဘသည် ပသေနဒီ မင်းကြီးအား ဝိဒဓူပ ဆိုသည့် သားတော်တစ်ပါး ဖွားမြင်ပေးသည်။ သို့သော်လည်း သူ့မိခင်၏ မျိုးရိုးနှင့် ပတ်သက်ပြီး လျှို့ဝှက် လှည့်ဖြားမှုကြောင့် ကောသလစံနန်းကို စိုးစံရန် သူ့နေရာသည် မသေချာခဲ့ပါ။ ထိုလှည့်ဖြားမှုသည် ဗုဒ္ဓမြတ်စွာကိုလည်း ဝါသဘနှင့် အမျိုးတော်သည့်အတွက် အခက်တွေ့စေပါသည်။  

ဝိဒဓူပသည် သူ၏ခက်ခံပိုင်ခွင့် မရှိမှုကို မသိဘဲ ဆယ့်ခြောက်နှစ် အရွယ်တွင် သက္ကတိုင်းနှင့် သူ့အဘိုး မဟာနာမထံသို့ ပထမဆုံး သွားလည်ခဲ့သည်။ ထိုနေရာတွင် ရှိနေစဉ် ပသေနဒီ၏ စစ်ဗိုလ်ချုပ် ကာရာယနသည် ဝိဒဓူပ မိခင်၏ တကယ့်နောက်ကြောင်းကို သိသွားခဲ့သည်။ စစ်ဗိုလ်ချုပ်ကြီးက ပသေနဒီအား သူ့သားသည် ကျွန်မတစ်ယောက်၏ တရားမဝင် မြေးဖြစ်ကြောင်း တိုင်ကြားသောအခါ ဘုရင်ကြီးသည် သက္ကတိုင်းသားတို့အပေါ် ပြင်းစွာဒေါသထွက်ခဲ့သည်။ သူ့ဇနီးနှင့် သားကို တော်ဝင်အဆောင်အယောင်များ ရုတ်သိမ်းကာ ကျွန်ပြုလိုက်တော့သည်။ သူတို့ကိုယ်စား ဗုဒ္ဓမြတ်စွာက ကြားဝင်ဖြေရှင်းရာ ဘုရင်ကြီးလည်း နောက်ဆုံးတွင် သူတို့ကို အဆောင်အယောင် ပြန်လည်အပ်နှင်းခဲ့သည်။

သို့သော် ထို့နောက်တွင် ကောသလနှင့် ပတ်သက်၍ ဘုရားရှင်၏ အနေအထားမှာ မလုံခြုံတော့ဘဲ သက်တော် ခုနစ်ဆယ်ခန့်တွင် မာဂဓတိုင်း ရာဇဂဟသို့ ပထမဆုံး ပြန်လည်ကြွချီတော် မူခဲ့သည်။ ထိုနေရာရှိ တော်ဝင်သမားတော် ဇီဝက (‘Tsho-byed) ၏ သရက်ဥယျာဉ်၌ သီတင်းသုံးသည်။ ဘုရင့် ဝါးရုံတောတွင် သီတင်းမသုံးခဲ့ပေ။ ဤအချက်က ဘုရားရှင်သည် ထိုအချိန်တွင် နာမကျန်း ဖြစ်နေလောက်ပြီဟု ဖော်ပြပါသည်။

သက်တော် ခုနှစ်ဆယ့်နှစ်နှစ်သို့ ရောက်သောအခါ ပထမဆုံးဒါယကာ မာဂဓတိုင်း၏ဘုရင် ဗိမ္မိသာရမင်းသည် သားတော် အဇာတသတ် (Ma-skyes dgra) ကြောင့် ဖိအားပေးခံရပြီး နန်းစွန့်ခဲ့ရသည်။ အဇာတသတ်သည် ဖခင်ကို အကျဉ်းချကာ နတ်ရွာစံသည်အထိ အစာငတ်ခံထားခဲ့သည်။ ဗိမ္မိသာရမင်း၏ မိဖုရား၊ ပသေနဒီမင်း၏ ညီမတော် ဒေဝီသည် ဝမ်းနည်း ပူဆွေးကာ ကွယ်လွန်ခဲ့ပါသည်။ သူသေဆုံးမှုကို လက်စားချေရန်အတွက် ပသေနဒီသည် တူတော် အဇာတသတ်အား စစ်ခင်းသည်။ ဒေဝီ၏ လက်ထပ်ဥစ္စာအဖြစ် ဗိမ္မိသာရမင်းအား ပေးခဲ့သည့် ဂင်္ဂါမြစ် မြောက်ဘက်ရှိ ဗာရာဏသီဝန်းကျင်မှ ကျေးရွာများကို ပြန်လည်သိမ်းပိုက်ရန် ကြိုးစားသည်။ စစ်သည် မပြီးဆုံးဘဲ ငြိမ်းချမ်းရေးအတွက် ပသေနဒီမင်းသည် သမီးတော် ဝါရီကို အဇာတသတ်နှင့် ထိမ်းမြားခိုင်းရန် ဖိအားပေးခြင်း ခံရလေသည်။

ထိုကာလမှာပင် ဘုရားရှင်၏ဝမ်းကွဲ ဒေဝဒတ္ထသည် အဇာတသတ်၏ ဆရာဖြစ်လာပြီး ဘုရားသံဃာအဖွဲ့ကို ထိန်းချုပ်ဖို့ ကြိုးစားလာသည်။ သံဃာများအတွက် နောက်ထပ် စည်းကမ်းကျင့်ဝတ်များစွာ ချမှတ်ရန် ဘုရားရှင်ကို အယုံသွင်းခဲ့သည်။ ဥပမာ၊ တောထဲတွင် သီတင်းသုံးခိုင်းခြင်း၊ သစ်ပင်အောက်တွင်သာ အိပ်စက်ခြင်း၊ လူတို့နေအိမ်ထဲသို့ မဝင်ခြင်း၊ အဝတ်စုတ်ကိုသာ ဝတ်ခြင်း၊ လူတို့ထံမှ အဝတ်လှူဒါန်းမှုများကို လက်မခံခြင်း၊ သက်သတ်လွတ် စားသုံးခြင်းတို့ ဖြစ်သည်။ ဘုရားရှင်က ယင်းမှာ သံဃာများကို အလွန်ခြိုးခြံစွာ ကျင့်မိစေပြီး လူ့အသိုင်းအဝိုင်းနှင့် အဆက်ပြတ်သွားမည်ကို သိတော်မူသဖြင့် ငြင်းပယ်ခဲ့သည်။ ဒေဝဒတ္ထသည် ဘုရားအာဏာစက်ကို စိန်ခေါ်ကာ ငယ်ရွယ်သော ဘုရားသံဃာများစွာကို သူ့စိတ်ကူးများဖြင့် ဆွဲဆောင်ခဲ့သည်။ စင်ပြိုင်သံဃာ့အဖွဲ့ကို ဖွဲ့စည်းပြီး ဂိုဏ်းခွဲဖန်တီးပါသည်။ တကယ်တော့ ဒေဝဒတ္ထသည် ဗုဒ္ဓမြတ်စွာကို လုပ်ကြံရန် အကြိမ်ကြိမ် ကြိုးစားခဲ့သလို မအောင်မြင်ခဲ့ပေ။ နောက်ဆုံးတွင် ရှင်သာရိပုတ္တရာနှင့် ရှင်မောဂ္ဂလန်တို့က ဘုရားသံဃာ့အဖွဲ့မှ ထွက်ခွါသွားသော သံဃာများကို ပြန်ကြွလာရန် ဖြောင်းဖျခဲ့သည်။

ဒေဝဒတ္ထသည် သူ့လုပ်ရပ်အတွက် နောင်တရခဲ့ပုံ ရှိသော်လည်း ဘုရားရှင်၏ ခွင့်လွှတ်မှု မတောင်းခံနိုင်မီမှာပင် အနိစ္စ ရောက်ခဲ့သည်။ မည်သို့ဆိုစေ ဘုရားရှင်သည် သူ့အပေါ် အာဃာတနှင့် အမုန်းတရား လုံးဝမရှိခဲ့ပါ။ အဇာတသတ် မင်းသည်လည်း သူ့ခမည်းတော်အား သတ်မိသည်ကို နောင်တရခဲ့သည်။ တော်ဝင် သမားတော် ဇီဝက၏ အကြံပေးချက်အရ ဘုရားရှင်အား သူ့ဖခင်သတ်သော အပြစ်ကို ပွင့်လင်းစွာ ဝန်ခံပြီး နောင်တရခဲ့ပါသည်။

တစ်နှစ်ခန့် အကြာတွင် ဗုဒ္ဓမြတ်စွာသည် ဇာတိဒေသဖြစ်သည့် သက္ကတိုင်းသို့ ကြွချီပါသည်။ ပသေနဒီမင်းက ဘုရားအား ဖူးမြော်ရန် လာရောက်စဉ်အတွင်း ဗိုလ်ချုပ် ကာရာယနသည် အာဏာသိမ်းလိုက်ကာ ဝိဒဓူပမင်းသားအား ကောသလ နန်းတော် အပ်လိုက်သည်။ အဝေးရောက် ပသေနဒီမင်းသည် သွားစရာမြေ မရှိသောအခါ သူ့တူတော်နှင့် သမက်တော် ရာဇဂဟရှိ အဇာတသတ်မင်းထံ ခိုလှုံခွင့်တောင်းရန် မာဂဓတိုင်းသို့ ပြေးသည်။ သို့သော် ပသေနဒီမင်းအား မြို့ထဲ အဝင်မခံဘဲ နောက်တစ်နေ့တွင် နတ်ရွာစံကြောင်း တွေ့ရလေသည်။

ထိုကာလအတွင်း ကောသလမင်းအသစ် ဝိဒဓူပသည် သူ့မျိုးရိုးနှင့် ပတ်သက်၍ သူ့အဘိုး မဟာနာမ၏ လှည့်ဖြားမှုကို လက်စားချေသည့်အနေနှင့် သက္ကတိုင်းကို စစ်ခင်းသည်။ မဟာနာမသည် ဗုဒ္ဓမြတ်စွာ၏ ဝမ်းကွဲတော်ပြီး လက်ရှိ သက္ကတိုင်း အုပ်ချုပ်သူ ဖြစ်ည်ကို မှတ်မိမည် ထင်ပါသည်။ ဘုရားရှင်က မင်းကြီးအား စစ်မခင်းရန် သုံးကြိမ်တိုင် တားမြစ်သော်လည်း နောက်ဆုံးတွင် မအောင်မြင်ခဲ့ပါ။ ကောသလတပ်များသည် ကပိလဝတ်မြို့တော်မှ သက္ကတိုင်းသား အားလုံးကို သတ်ဖြတ်ရန် အမိန့်ရရှိလိုက်သည်။ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုကို မတားမြစ်နိုင်သဖြင့် ဗုဒ္ဓမြတ်စွာသည် မာဂဓတိုင်းရှိ ရာဇဂဟသို့ ကြွသွားပြီး စောစောက ပသေနဒီမင်း တောင်းခံ၍ မရရှိခဲ့သော အဇာတသတ်မင်း၏ အကာအကွယ်ကို ရယူခဲ့ပါသည်။

မာဂဓတိုင်းသို့ သွားရာလမ်းတွင် ဝဇ္ဇီတိုင်းကို ဖြတ်သွားရသည်။ ထိုနေရာတွင် ဘုရားရှင်၏ အနီးကပ် သာဝက ရှင်သာရိပုတ္တရာက မြို့တော်ဝေသာလီ၌ အလုပ်အကျွေးပြုခဲ့သည်။ သို့သော် ထိုမြို့တွင် ဘုရားရှင်၏ အလုပ်အကျွေး ပြုခဲ့ဖူးသူ သုနက္ခတ္တ (Legs-pa’i rgyu-skar) သည် ဝဇ္ဇီတိုင်း ပါလီမန်၌ ဘုရားရှင်ကို နာမည်ဖျက်ခဲ့သည်။ သူသည် ဝေသာလီမှ မြင့်မြတ်သောအမျိုးသား ဖြစ်ပြီး ယခင်က သင်္ကန်းချွတ် ခံရကာ သံဃာတော်တို့ကို စွန့်ခွါခဲ့သူ ဖြစ်သည်။ သူက ပါလီမန်၌ ဘုရားရှင်သည် အစွမ်းထက်လူသား စွမ်းအား တစ်ခုမျှ မရှိကြောင်း၊ တပ်မက်မှု မရှိအောင် ယုတ္တိ အတိုင်းသာ တရားဟောကြောင်း၊ စိတ်နယ်လွန် အခြေအနေများ ရရှိအောင် မဟောကြောင်း ပြောခဲ့သည်။ ဗုဒ္ဓမြတ်စွာက ယင်းကို ချီးကျူးမှုတစ်ခုဟုသာ သဘောထားခဲ့သည်။ မည်သို့ဆိုစေ ဤသို့စွပ်စွဲခြင်းနှင့် ထိုအချိန်က သီလရှင်သာသနာ တည်ထောင်ခြင်းကြောင့်လား မသိပါ။ ဘုရားရှင်သည် ဝဇ္ဇီတိုင်း၌ ထောက်ခံမှုနှင့် နာမည်ကောင်း မရခဲ့ပေ။ ထို့နောက်တွင် ဗုဒ္ဓမြတ်စွာသည် ဂင်္ဂါမြစ်ကို ဖြတ်လျှက် ရာဇဂဟသို့ ကြွချီပြီး လင်းတတောင်ထိပ်ဆိုသည့် ဂိဇ္ဈဂုတ္တ (Bya-rgod-kyi phung-po) အနီးရှိ ဂူများထဲတွင် သီတင်းသုံးတော် မူခဲ့ပါသည်။ 

အဇာတသတ်မင်း၏ ဝန်ကြီးချုပ် ဝဿကာရသည် ဘုရားရှင်ထံ လာရောက်ဖူးမြော်ပါသည်။ သူက အဇာတသတ်၏ တိုင်းပြည် ချဲ့ထွင်ရေး အစီအစဉ်နှင့် ဝဇ္ဇီတိုင်းသို့ မကြာခင် ကျူးကျော်လိုစိတ် ရှိကြောင်းကို အသိပေးသည်။ ဗုဒ္ဓမြတ်စွာက ဝဇ္ဇီတိုင်းသားတို့အား အင်အားဖြင့် မတိုက်သင့်ကြောင်းနှင့် သူတို့၏ မြင့်မြတ်သော အစဉ်အလာများကို ထိန်းသိမ်းသင့်ကြောင်း အကြံပေးသော်လည်း စစ်ဖြစ်မည်ကို မတားနိုင်ခဲ့ပေ။ သက္ကတိုင်းကို ကောသလတိုင်းက ဝင်ရောက်ကျူးကျော်ခဲ့တုန်းကလိုပင် ဖြစ်သည်။ ထိုထက်ပို၍ ဆုံးရှုံးသည်မှာ ဘုရား၏ အနီးဆုံး သာဝကဖြစ်သော ရှင်သာရိပုတ္တရာနှင့် ရှင်မောဂ္ဂလန်တို့ နှစ်ဦးစလုံး ထိုကာလဝန်းကျင်၌ ပရိနိဗ္ဗာန် စံတော်မူသွားခြင်း ဖြစ်ပါ၏။ သက်တော်ပိုကြီးသော ရှင်သာရိပုတ္တရာက ဖျားနာသောကြောင့်လည်းကောင်း၊ ရှင်မောဂ္ဂလန်က တစ်ပါးတည်း သီတင်းသုံးနေစဉ် လူဆိုးများက ရိုက်နှက်သောကြောင့်လည်းကောင်း ပရိနိဗ္ဗာန် စံခဲ့ရပါသည်။

မာဂဓတိုင်းတွင် စာနာမှု၊ ပံ့ပိုးမှုတို့ မရရှိသည့်အတွက် ဗုဒ္ဓမြတ်စွာသည် မြောက်ပိုင်းသို့ တစ်ကြိမ် ထပ်ကြွရန် ဆုံးဖြတ်ပါသည်။ ဇာတိမြေ သက္ကတိုင်းသို့ ဖြစ်ဖို့များသည်။ ကောသလစစ်ခင်းပြီးနောက် ကျန်ရှိသည်များကို ကြည့်ရှုရန်လည်း ဖြစ်နိုင်ပေသည်။ ဘုရားရှင်သည် မထွက်ခွါမီ ရှင်အာနန္ဒာအား လင်းတ‌တောင်ထိပ်၌ သံဃာအားလုံးကို စုစည်းခိုင်းပြီး နောက်ဆုံး ဩဝါဒဟောကြားပါသည်။ ဝဇ္ဇီတိုင်း ပါလီမန်၏ ဒီမိုကရေစီ စနစ်အတိုင်း သံဃာအဖွဲ့အစည်းကို စံပြထူထောင်ရန် ညွှန်ပြခဲ့သည်။ သူတို့သည် ပုံမှန် စုဝေးပွဲများ ကျင်းပခြင်း၊ ညီညွတ်စွာနေခြင်း၊ ဆွမ်းကို မျှဝေခြင်းနှင့် ကြီးသူကို ရှိုသေခြင်းတို့ ရှိရမည်ဖြစ်ပေသည်။

မကြာခင် ဗုဒ္ဓမြတ်စွာသည် ဂိဇ္ဈဂုတ်တောင်မှ ထွက်ခွါသည်။ ဝဇ္ဇီတိုင်း ဝေသာလီသို့ ရောက်သည်နှင့် မိုးကာလ ဝါကပ်ရန် ရပ်နားတော်မူသည်။ ထိုဒေသမှ လူတို့သည် မကြာခင် စစ်ဖြစ်တော့မည် ဖြစ်သော်လည်း ယိုယွင်းမှုများ ဖြစ်ပေါ်နေကြောင်း တွေ့ရှိခဲ့သည်။ ဝဇ္ဇီတိုင်း ပါလီမန်၏ မျက်နှာသာပေးမှု မရသဖြင့် ဗုဒ္ဓမြတ်စွာသည် မုတ်သုန်ကာလကို တစ်ပါးတည်း ကုန်ဆုံးကာ သံဃာများအား သူတို့၏ မိတ်ဆွေ၊ ဒကာ၊ ဒကာမများထံတွင် ခိုလှုံစေခဲ့ပါသည်။

မိုးကာလအတွင်း သက်တော်ရှစ်ဆယ်အရွယ် ဗုဒ္ဓမြတ်စွာသည် အသည်းအသန် ဖျားနာပြီး သေလုမျောပါး ဖြစ်ခဲ့သည်။ သံဃာများအတွက် နောက်ဆုံးဩဝါဒ ဟောကြားရန် ရှင်အာနန္ဒာက တောင်းခံသည်။ ဘုရားရှင်က မိမိသိသမျှ အားလုံး ဟောကြားထားပြီးဖြစ်ကြောင်း၊ နောင်တွင် တရားတော်များ ကိုယ်တိုင်ကပင် သူတို့၏ အားထားခိုလှုံရာနှင့် ညွှန်ကြားပြသမှုခံယူရာ ဖြစ်ကြောင်း မိန့်တော်မူပါသည်။ သူတို့သည် ဆင်းရဲဒုက္ခမှ လွတ်မြောက်ရန်အတွက် တရားတော်များကို ကိုယ်တိုင်နှလုံးသွင်းပြီး ခေါင်းဆောင် သို့မဟုတ် အဖွဲ့အစည်းတစ်ခုက သူတို့ကို ကယ်တင်မည်ဟု မမှီခိုသင့်ပါ။ ထို့နောက် ဘုရားရှင်သည် မကြာမီ ပရိနိဗ္ဗာန် စံဝင်မည်ဟု ကြေညာလိုက်ပါသည်။

ဝမ်းကွဲညီ သာဝက ရှင်အာနန္ဒာနှင့် ရှင်အနုရုဒ္ဒါတို့နှင့်အတူ ဘုရားရှင်သည် မိုးကုန်သောအခါ တစ်ကြိမ်ထပ်ကြွချီပါသည်။ သက္ကတိုင်းသို့ အသွား လမ်းတွင် မာလာတိုင်း၏ အဓိက မြို့တော်နှစ်ခုအနက် တစ်ခုဖြစ်သော ပါဝါပြည်၌ ခေတ္တရပ်တန့်သည်။ ထိုနေရာတွင် သူတို့အဖွဲ့အား ပန်းထိမ်ဆရာ စုန္ဒ (Tsu-nda) က အဆိပ်ရှိသော ဝက်သားဟင်း လှူဒါန်းသည်။ တစ်ခုခု မှားယွင်းနေသည်ကို မသင်္ကာသဖြင့် ဘုရားရှင်သည် ဝမ်းကွဲညီများအား ဝက်သားမစားခိုင်းဘဲ သူကိုယ်တိုင်ကမူ ဘုဉ်းပေးသုံးဆောင်ပြီးနောက် အကျန်ကို မြေမြှုပ်ပစ်ခိုင်းလိုက်သည်။ မာလာတိုင်းသည် ဗိုလ်ချုပ် ကာရာယန၏ ဇာတတိမြေဖြစ်ပြီး သူသည် သက္ကတိုင်း၌ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုများကို ဦးဆောင်ခဲ့သည်။ ထိုအဆိပ်သည် ဘုရားရှင်၏ တရားတော်အားလုံးကို အာဂုံဆောင်ထားသည်ဟု နာမည်ကျော်သည့် ရှင်အာနန္ဒာအား ရည်ရွယ်သည်ဟု အတော်လေး ဖြစ်နိုင်ပါသည်။ ရှင်အာနန္ဒာသာ ပရိနိဗ္ဗာန် စံပါက ဘုရားတရားတော်နှင့် သံဃာထုသည် ဘယ်တော့မှ တည်တံ့မည် မဟုတ်တော့ပါပေ။

ဗုဒ္ဓမြတ်စွာသည် ရုတ်တရက် သွေးဝမ်းသွားခဲ့ပြီး ရှင်အာနန္ဒာအား အနီးအနားရှိ ကုသိနာဂရ (Ku-sha’i grong-khyergNas-rtsva-mchog) သို့ သူ့အား ခေါ်ဆောင်သွားပေးရန် မိန့်ကြားသည်။ ထိုဒေသ၌ သစ်ပင်နှစ်ပင်ကြား၌ သလွန်ပေါ် လဲလျောင်းရင်း မေးစရာများ၊ သံသယများ တစ်ခုခု ရှိပါသလားဟု သူနှင့်အတူ ပါလာသည့် သံဃာအနည်းငယ်အား မေးသည်။ ဝမ်းနည်းပူဆွေးနေသော ရှင်အာနန္ဒာနှင့် ကျန်သံဃာများက ဆိတ်ဆိတ်သာနေသည်။ ထို့နောက် ဗုဒ္ဓမြတ်စွာသည် ဘီစီ ၄၈၅ ခုနှစ် သက်တော် ရှစ်ဆယ်၌ ပရိနိဗ္ဗာန် စံဝင်တော်မူပါသည်။

ဘုရားရှင်၏ ကြွင်းကျန်ရစ်သော ခန္ဓာကို မီးသင်္ဂြိုဟ်ခြင်း မပြုမီ ပါဝါပြည်မှ သံဃာတစ်စု ရောက်လာပါသည်။ သူတို့ကို ရှင်မဟာကဿပ (‘Od-srung chen-po) က ဦးဆောင်လာပြီး သူတို့ နောက်ဆုံးဂါရဝ ပြုပြီးမှသာ သင်္ဂြိုဟ်ပါရန် တောင်းဆိုသည်။ ရှင်မဟာကဿပသည် မာဂဓတိုင်းမှ ဗြဟ္မဏဖြစ်ကာ မကြာသေးမီ နှစ်အနည်းငယ်ကမှ အသက်အရွယ်ကြီးရင့်ချိန်တွင် ရဟန်းဝတ်ခဲ့သူ ဖြစ်သည်။ ဘုရားရှင်က သူ့ကို ပထမဆုံး တွေ့စဉ်၌ ဗြဟ္မဏ၏ သင်္ကန်းအသစ်ကို မိမိ၏ သင်္ကန်းဟောင်းနှင့် အလဲအလှယ်ပြုကာ စွန့်ကြဲခဲ့သည်။ နောက်ပိုင်းတွင် ဘုရား၏သင်္ကန်းတော် စွန့်ခဲ့သည့် ဤဖြစ်ရပ်သည် လုပ်ပိုင်ခွင့်အာဏာ လွှဲပြောင်းမှုနှင့် ဗုဒ္ဓဘာသာတွင် အမျိုးသားများ ဦးဆောင်မှု အစဉ်အလာ စတင်သကဲ့သို့ ကိုယ်စားပြုပါသည်။

သို့သော် ဗုဒ္ဓမြတ်စွာက မိမိ ပရိနိဗ္ဗာန် စံပြီးနောက်တွင် ဓမ္မကိုယ်တိုင်က သူတို့၏ ဆရာဖြစ်လာလိမ့်မည်ဟု သာဝကများအား အကြိမ်များစွာပင် ရှင်းလင်းစွာ ဟောကြားထားပါသည်။ သူ့သံဃာများအား ဝဇ္ဇီတိုင်း၏ ပါလီမန်စနစ် ပုံစံဖြင့် ဆက်သွားစေချင်ပါသည်။ ကောသလနှင့် မာဂဓတိုင်းတို့ကဲ့သို့ ဦးဆောင်သံဃာ တစ်ဦးထားရှိသည့် ဘုရင့်နိုင်ငံတော် ပုံစံမျိုး အတုမယူစေလိုခဲ့ပေ။

မည်သို့ဆိုစေ ဗုဒ္ဓမြတ်စွာ ပရိနိဗ္ဗာန် စံပြီးနောက်တွင် ရှင်မဟာကဿပနှင့် ရှင်အာနန္ဒာတို့အကြား အာဏာ လွန်ဆွဲမှု ဖြစ်ခဲ့ဟန်တူသည်။ တစ်နည်းဆိုသော် ဂုရုကြီးမှ သာဝကထံသို့ သက်ဦးဆံပိုင် အာဏာ လွှဲပြောင်းသည့် ရိုးရာ အိန္ဒိယ စနစ်နှင့် အသိုင်းအဝိုင်းငယ်များတွင် နေထိုင်ရင်း ကျင့်ကြံမှုနှင့် စည်းကမ်းများအတိုင်း လိုက်နာကာ ခြိုးခြံစွာကျင့်သော သံဃာတို့၏ ပိုမို ဒီမိုကရေစီကျပြီး တန်းတူညီမျှ စနစ်တို့အကြား အားပြိုင်မှု ဖြစ်သည်။ နောက်ဆုံးတွင် ရှင်မဟာကဿပက အနိုင်ရရှိပါသည်။

ဗုဒ္ဓမြတ်စွာအား သင်္ဂြိုလ်ပြီး ဓာတ်တော်များ ဝေငှပြီးသောအခါ လာမည့် မိုးရာသီတွင် ရာဇဂဟ၌ စည်းဝေးပွဲ ကျင်းပရန် သံဃာများက ရှင်မဟာကဿပ၏ အဆိုပြုချက်ကို သဘောတူကြပါသည်။ ယင်းမှာ ဘုရားရှင် ဟောကြားခဲ့သည်များကို ပြန်လည်ရွတ်ဖတ်၊ အတည်ပြုကာ စနစ်တကျစုစည်းရန် ဖြစ်သည်။ ရှင်မဟာကဿပသည် ထိုစည်းဝေးပွဲ တက်ရောက်မည့် ဝါရင့်သံဃာများကို ရွေးချယ်ရမည် ဖြစ်သည်။ လွတ်မြောက်ပြီးသူများ ဖြစ်သည့် ရဟန္တာများကိုသာ ရွေးချယ်ပြီး ၄၉၉ ပါး ရှိပါသည်။ ပထမတွင် ရှင်မဟာကဿပသည် ရှင်အာနန္ဒာကို ရဟန္တာ မဖြစ်သေးသည့် အကြောင်းပြချက်ဖြင့် ချန်လှပ်ထားပါသည်။ ရှင်အာနန္ဒာက ဘုရားရှင်၏ တရားတော်များကို အကောင်းဆုံး မှတ်သားထားသည့်တိုင် ရှင်မဟာကဿပသည် ရှင်အာနန္ဒာအား စာရင်းမထည့်ခဲ့ပါ။ ထို့ပြင် ရှင်အာနန္ဒာသည် သံဃာထုအတွက် ခေါင်းဆောင်တစ်ဦးတည်း မရှိရန် ဘုရားရှင်၏ဆန္ဒကို အခိုင်အမာ ထောက်ခံပြောကြားသူ ဖြစ်သည်။ ရှင်မဟာကဿပက ရှင်အာနန္ဒာအား မနှစ်သက်သည့် အခြားအချက် တစ်ချက်မှာ ရှင်အာနန္ဒာသည် ဘုရားရှင်အား အမျိုးသမီးများ သာသနာ့ဘောင် ဝင်ခွင့်ပြုရန် တိုက်တွန်းခဲ့သူတစ်ဦး ဖြစ်၍လည်း ဖြစ်နိုင်ပါသည်။ ယင်းမှာ ရှင်မဟာကဿပ၏ ဗြဟ္မဏ နောက်ခံရာဇဝင်ကို စိတ်အနှောင့်အယှက် ဖြစ်စေမည် ဖြစ်သည်။ သို့သော် နောက်ဆုံးတွင် ရှင်အာနန္ဒာအား ချန်လှပ်မှုကို ဝါရင့်သံဃာများက ကန့်ကွက်ရာ ရှင်မဟာကဿပသည် လက်လျှော့ပြီး ရှင်အာနန္ဒာအား တက်ရောက်ခွင့်ပြုခဲ့ပါသည်။ ထေရဝါဒ ကျမ်းစာအရ ရှင်အာနန္ဒာသည် စည်းဝေးပွဲ မတိုင်မီည၌ ရဟန္တာ ဖြစ်သွားပါသည်။

သို့ရာတွင် စည်းဝေးပွဲ ကျင်းပရန် စောင့်ဆိုင်းရင်း ရှင်အာနန္ဒာသည် အဇာတသတ်မင်း၏ ဝန်ကြီးချုပ် ဝဿကာရ (dByar-gyi rnam-pa) နှင့် ဆုံသည်။ မာဂဓ တပ်များက ဝဇ္ဇီတိုင်းကို တိုက်ခိုက်ရန် ပြင်ဆင်နေသည့်အပြင် မာဂဓတိုင်း အနောက်ဘက်ရှိ အဝံတိ (A-banti’i yul) တိုင်းမှ ပဇ္ဇောတမင်း (Rab-gsal) ကိုလည်း အလစ်ဝင်တိုက်ရန် ပြင်ဆင်နေကြောင်း ရှင်အာနန္ဒာက သူ့ထံမှ သိလိုက်ရသည်။ ထို့ကြောင့် ဗုဒ္ဓမြတ်စွာသည် သူ၏သံဃာများကို အမျိုးသားများ ကြီးစိုးသည့် အစဉ်အလာ မဖြစ်စေလိုခဲ့သော်လည်း ရှင်မဟာကဿပက ခေါင်းဆောင်မှု လွှဲယူသောအခါ ဗုဒ္ဓတရားတော်များနှင့် ကျောင်းတိုက် အသိုင်းအဝိုင်းသည် ဤသို့ ကြမ်းတမ်းပြီး မရေရာသော ခေတ်အခါကို ဖြတ်သန်းပြီး ကျန်ရစ်ခဲ့ရသည်မှာ ယုံမှားစရာ မရှိပါ။

ဤပထမ သံဃာယနာကို ရဟန္တာငါးရာ တက်ရောက်ပြီး ရာဇဂဟ မြို့အနီးရှိ သစ်ရွက်ခုနစ်ရွက်ဂူ ဆိုသည့် သတ္တပနိဂုဟ (Lo-ma bdun-pa’i phug) တွင် ကျင်းပပါသည်။ ရှင်မဟာကဿပက ဦးစီးပြီး ရှင်အာနန္ဒာက သုတ္တန်နှင့် ဥပါဠိ (Nye-bar ‘khor) အများစု မှတ်သားထားသည်ကို ရွတ်ဖတ်ပြီး သံဃာ့ စည်းကမ်းချက်များဖြစ်သည့် ဝိနည်းစည်းကမ်းများကို နှုတ်ဖြင့် ရွတ်ဖတ်ပါသည်။ ဤသံဃာယနာ အကြောင်း ထေရဝါဒ ကျမ်းစာများအရ ဆိုထားသည်မှာ အထူးအသိပညာ တရားတော်ဖြစ်သည့် အဘိဓမ္မာ (chos mngon-pa) ကို ထိုစဉ်က မရွတ်ဆိုခဲ့ပါ။ သို့သော် သာဝတိဝါဒ အစဉ်အလာတွင် ဝိဘသိကာမူ၌ ရှင်မဟာကဿပက အချို့ကို ရွတ်ဖတ်ကြောင်း ဖော်ပြသော်လည်း အဘိဓမ္မာတရား အားလုံးတော့ မဟုတ်ပါ။ သို့တိုင် သောတန္တိက ကျမ်းများအရ ဤအဘိဓမ္မာ တရားများသည် ဗုဒ္ဓမြတ်စွာ၏ တကယ့်တရားများ မဟုတ်ဘဲ ရဟန္တာခုနစ်ပါးက စုစည်းခဲ့သည်ဟု ဆိုပါသည်။

တိဘက် အစဉ်အလာများအရ ရှင်မဟာကဿပသည် ဦးဆောင်သူ အမျိုးသား ခုနစ်ဦး (bstan-pa’i gtad-rabs bdun) အစဉ်အလာကို စတင်ခဲ့ပါသည်။ ကိုရီးယားမှ ဆွန်နှင့် ဂျပန်မှ ဇင် အစဉ်အလာများက လိုက်နာသည့် တရုတ်နိုင်ငံမှ ချန် အစဉ်အလာများတွင် အိန္ဒိယနိုင်ငံမှ ဦးဆောင်သူ အမျိုးသား နစ်ဆယ့်ရှစ်ဦး အစဉ်အလာကို ခြေရာကောက်ထားပါသည်။ ဗောဓိဓမ္မကို နှစ်ဆယ့်ရှစ်ဦးမြောက် အဖြစ် သတ်မှတ်ထားသည်။ ဗောဓိဓမ္မသည် တရုတ်နိုင်ငံသို့ ချန် တရားတော်များ ယူ‌ဆောင်လာသည့် အိန္ဒိယ ဆရာတော်တစ်ပါး ဖြစ်သည်။ အ‌ရှေ့အာရှ၌ သူ့အား ပထမဆုံး ချန် အစဉ်အလာ ဦးဆောင်သူ အမျိုးသားဟု သတ်မှတ်ထားပါသည်။

အကျဉ်းချုပ်အားဖြင့် ထေရဝါဒ ပါဠိစာပေတွင် ဗုဒ္ဓမြတ်စွာကို ဆွဲဆောင်မှုရှိသူ တစ်ဦးကဲ့သို့ ပုံဖော်ပါသည်။ အလွန်အမင်း ခက်ခဲသော အခြေအနေအောက်တွင် တိုးပွားလာနေသော သာဝကနှင့် နောက်လိုက် အသိုင်းအဝိုင်းကို တည်ထောင် ပံ့ပိုးရန် အားထုတ်ရုန်းကန်ခဲ့သော ဘာသာရေး ခေါင်းဆောင် တစ်ဦး ဖြစ်သည်။ သူသည် နိုင်ငံရေး စိတ်ဝင်စားသူများ၊ စစ်ပွဲများ၊ မိမိဇာတိမြေမှလူတို့ကို အစုလိုက်အပြုံလိုက် သတ်ဖြတ်ခံရခြင်းများ၊ အစိုးရတစ်ရပ်ရှေ့တွင် ပုဂ္ဂိုလ်ရေး စွပ်စွဲခံရမှု၊ သူ၏ သာဝကများအကြား ခေါင်းဆောင်မှုကို စိတ်ခေါ်ခံရမှု၊ အနီးဆုံး သာဝကတစ်ပါး လုပ်ကြံခံရမှုနှင့် နောက်ဆုံးတွင် အဆိပ်ခတ်ခံရမှုတို့ကို ရင်ဆိုင်ခဲ့ရပါသည်။ သို့သော် ဤမဟာစွန့်စားခန်းအားလုံးတွင် ဗုဒ္ဓမြတ်စွာသည် စိတ်ငြိမ်းချမ်းမှုကို ထိန်းသိမ်းခဲ့ကာ စိတ်မပျက်ခဲ့ပါ။ သဗ္ဗညုတဉာဏ် ရရှိပြီးနောက် ‌‌လေးဆယ့်ခြောက်နှစ်လုံးလုံး မိမိအားစိုက်ကြိုးပမ်းမှုအတိုင်း တစိုက်မတ်မတ် ဆောင်ရွက်ခဲ့ကာ လွတ်မြောက်မှုနှင့် ဉာဏ်အလင်းရရှိမှု လမ်းကြောင်းကို တစ်လောကလုံးအား ပြသတော်မူခဲ့ပါသည်။

Top