ထေရဝါဒ သာသနာအနွယ်ဝင်တို့၏ သမိုင်းကြောင်း

ဗုဒ္ဓဘာသာသည် အသောကဘုရင်၏သားတော် မဟိန္ဒ၏ သာသနာပြုမှုမှတစ်ဆင့် သီရိလင်္ကာနိုင်ငံသို့ ဘီစီ ၂၄၉ တွင် စတင်ရောက်ရှိလာပါသည်။ ပထမဆုံး သီရိလင်္ကာမှ ဘိက္ခုများသည် ထိုအချိန်က သာသနာ့ဘောင်သို့ ဝင်ရောက်ခဲ့ ပါသည်။ ထေရဝါဒ ဆိုသောအမည်ကို အသုံးပြုခဲ့သည့် နေ့စွဲသည် အငြင်းပွားနေသော်လည်း ရှင်းလင်းလွယ်ကူစေရန် အတွက် ဗုဒ္ဓဘာသာ အစဉ်အဆက်ကို “ထေရဝါဒ” ဟု သုံးစွဲပါမည်။ ထို့နောက်တွင် ထေရဝါဒ ဘိက္ခုနီ သာသနာ အစဉ်အဆက်သည် အသောကဘုရင်၏ သမီးတော် သံဃမိတ္တာသည် သီရိလင်္ကာနိုင်ငံသို့ ရောက်ရှိလာရာမှ ဘီစီ ၂၄၀ တွင် ရောက်ရှိလာပါသည်။ ခရစ်နှစ် ၁၀၅၀ တွင် တမီးလ်သူပုန်များ ကျူးကျော်ကာ ခိုလာအင်ပါယာ အောက်တွင် သီရိလင်္ကာနိုင်ငံကို အုပ်စိုးရာမှ သာသနာ အစဉ်အဆက် ပြတ်သွားပါသည်။

နှုတ်ဖြင့်ဟောကြားမှုအရ ဧကရာဇ်ဘုရင် အသောကသည် သောနနှင့် ဥတ္တရ သာသနာပြုနှစ်ဖွဲ့ကို သုဝဏ္ဏဘူမိ နိုင်ငံတော်သို့ စေလွှတ်ရာ သူတို့က ထေရဝါဒ ဗုဒ္ဓဘာသာနှင့် ဘိက္ခု သာသနာ့ဘောင်ကို ထိုအရပ်တွင် တည်ထောင်ခဲ့ပါသည်။ ပညာရှင်အများစုက ဤနိုင်ငံတော်သည် မွန် (တိုင်လျန်) လူမျိုးနှင့် မြန်မာနိုင်ငံ တောင်ပိုင်းရှိ ဆိပ်ကမ်းမြို့ဖြစ်သော သထုံမြို့တို့ဖြစ်သည်ဟု သတ်မှတ်ထားပါသည်။ သို့သော် ဘိက္ခုနီ သာသနာသည် ဤအချိန်ကတည်းက ရောက်ရှိသလား၊ နောက်ပိုင်းမှ ရောက်ရှိသလား ဆိုသည်မှာ မသေချာပါ။

ထေရဝါဒ ဗုဒ္ဓဘာသာသည် မြန်မာနိုင်ငံ မြောက်ပိုင်းရှိ ပျူနိုင်ငံတော်များစွာတွင် အစောဆုံး ဘီစီ ၁ ရာစုမှစ၍ ထွန်းကားခဲ့ သော်လည်း မဟာယာန၊ ဟိန္ဒူဘာသာ၊ နတ်များအား တိရစ္ဆာန်များဖြင့် ယစ်ပူဇော်သည့် ဒေသတွင်း အရည်းကြီး ကိုးကွယ်မှုများနှင့် ရောစပ်ခဲ့ပါသည်။ ခရစ်နှစ် ၁၁ ရာစုအလယ်တွင် အနော်ရထာမင်းကြီးသည် မြန်မာနိုင်ငံ မြောက်ပိုင်းကို စုစည်းကာ မွန်နိုင်ငံတော်၏ သထုံမြို့ကို အောင်နိုင်ပြီး ပုဂံမြို့ကို တည်ထောင်ပါသည်။ သူ၏ နိုင်ငံတော်တွင် ထေရဝါဒ ဗုဒ္ဓဘာသာ တည်ထောင်ရန် မွန်ဘိက္ခု ရှင်အရဟံနှင့် ၎င်း၏ သာသနာ့အနွယ်တို့ကို ပင့်ဆောင်ခဲ့ပါသည်။

သီရိလင်္ကာနိုင်ငံတွင် ခရစ်နှစ် ၁၀၇၀ ၌ ခိုလာများ ကျရှုံးပြီးနောက် ပိုလိုနာရူဝါမြို့တော်သစ် တည်ထောင်ကာ ထေရဝါဒ ဘိက္ခုသာသနာ အစဉ်အဆက်ကို ပုဂံမှ ပင့်ဖိတ်သော ဘိက္ခုများဖြင့် ပြန်လည်တည်ထောင်ပါသည်။ သို့သော် အနော်ရထာ မင်းကြီးသည် မွန်ဘိက္ခုနီ သာသနာ၏ စင်ကြယ်မှုကို မေးခွန်းထုတ်ကာ ဘိက္ခုနီ သာသနာ ပြန်လည်တည်ထောင်ရန် ဘိက္ခုနီများကို မစေလွှတ်ခဲ့ပါ။ ထို့ကြောင့် ထေရဝါဒ ဘိက္ခုနီ သာသနာ အစဉ်အဆက်သည် သီရိလင်္ကာနိုင်ငံတွင် ထိုအချိန်က ပြန်လည်မထွန်းကားလာပါ။ နောက်ဆုံး ကျောက်စာ အထောက်အထားအရ မြန်မာနိုင်ငံတွင် ဘိက္ခုနီ သီလရှင်ကျောင်းသည် ခရစ်နှစ် ၁၂၈၇ တွင် တည်ရှိခဲ့ပါသည်။ ထိုအချိန်တွင် ပုဂံသည် မွန်ဂိုကျူးကျော်မှုကြောင့် ပြိုလဲသွားပြီဖြစ်ပါသည်။

သီရိလင်္ကာကို ကာလင်္ဂတိုင်း (ယခုခေတ် အရှေ့အိန္ဒိယ၊ ဩရိဿ) မှ မာဃဘုရင်က ခရစ်နှစ် ၁၂၁၅ မှ ၁၂၃၆ အတွင်း ကျူးကျော်ကာ နိုင်ငံနယ်မြေအများစုကို အုပ်စိုးခဲ့ပါသည်။ ဤကာလအတွင်း သီရိလင်္ကာ ဘိက္ခုသံဃာများ ဆိုးရွားစွာ အားနည်းခဲ့ပါသည်။ မာဃဘုရင် ရှုံးနိမ့်သောအခါ ယခုခေတ် အိန္ဒိယနိုင်ငံ တောင်ပိုင်း၊ တမီးလ်နာဒူးမှ အားနည်းလာသော ခိုလာနိုင်ငံတော်အတွင်းရှိ ဗုဒ္ဓဘာသာစင်တာဖြစ်သည့် ကန်ချီပူရမ်မှ ထေရဝါဒ ဘိက္ခုများကို သီရိလင်္ကာသို့ ခရစ်နှစ် ၁၂၃၆ တွင် ဖိတ်ခေါ်ကာ ဘိက္ခုသာသနာ အစဉ်အဆက်ကို ပြန်လည်တည်ထောင်ပါသည်။ တမီးလ် ဘိက္ခုနီများအား မဖိတ်ခေါ်သည့် အချက်အရ ထေရဝါဒ ဘိက္ခုနီ သံဃာများသည် ဤအချိန်တွင် အိန္ဒိယနိုင်ငံတောင်ပိုင်း၌ မရှိတော့ကြောင်း ယူဆရပါသည်။ နောက်ဆုံး ကျောက်စာ အထောက်အထားအရ ဘင်္ဂလား အပါအဝင် အိန္ဒိယနိုင်ငံ မြောက်ပိုင်းမှ ဘိက္ခုနီသံဃာသည် ခရစ်နှစ် ၁၂ ရာစုအကုန်တွင် ဖြစ်ပါသည်။ သီလရှင်များက မည်သည့် ဘိက္ခုနီ အစဉ်အဆက် ကတိကဝတ်ကို စောင့်ထိန်းသည် ဆိုသည့်အချက်မှာ မထင်ရှားပါ။

ထိုင်းနိုင်ငံရှိ ဆူခိုထိုင်းနိုင်ငံတော်မှ ရမ်ခမ်ဟန်ဘုရင်သည် သီရိလင်္ကာနိုင်ငံမှ ထေရဝါဒ ဗုဒ္ဓဘာသာကို ခရစ်နှစ် ၁၃ ရာစုတွင် ထိုင်းနိုင်ငံ၌ တည်ထောင်ပါသည်။ သီရိလင်္ကာတွင် ဘိက္ခုနီ သံဃာများ မရှိတော့သည့်အတွက် ထေရဝါဒ ဘိက္ခုနီ သာသနာ အစဉ်အဆက်သည် ထိုင်းနိုင်ငံသို့လုံးဝ မရောက်ရှိခဲ့ပါ။ ဘိက္ခု အစဉ်အဆက်သာ ရောက်လာပါသည်။ ကမ္ဘောဒီးယားနိုင်ငံတွင် ထိုင်းနိုင်ငံမှ ထေရဝါဒ ဗုဒ္ဓဘာသာကို ခရစ်နှစ် ၁၄ ရာစု အစောပိုင်းတွင် တည်ထောင်ခဲ့ပြီး သိပ်မကြာမီတွင် လာအိုနိုင်ငံက ကမ္ဘောဒီးယားနိုင်ငံမှရယူ၍ တည်ထောင်ပါသည်။ ထေရဝါဒ ဘိက္ခုနီ သာသနာ အစဉ်အဆက်သည် ထိုနိုင်ငံများသို့လည်း လုံးဝမရောက်ရှိခဲ့ပါ။

ထေရဝါဒ ဗုဒ္ဓဘာသာ နိုင်ငံများအနက် သီရိလင်္ကာနိုင်ငံ တစ်ခုတည်းသာ ထေရဝါဒ ဘိက္ခုနီ သာသနာကို တရားဝင် ပြန်လည်ထူထောင်ခဲ့ပြီး ယင်းမှာ ခရစ်နှစ် ၁၉၉၈ ခုနှစ်တွင် ဖြစ်ပါသည်။ ထိုအချိန်အထိ သီရိလင်္ကာမှ အမျိုးသမီးများသည် ဒဿသီလမာတာ “ဆယ်ပါးသီလ ကျင့်ကြံသူများ” သာ ဖြစ်ခွင့်ရပြီး ဘိက္ခုနီ မဟုတ်ပါ။ ထိုသာမန်လူ အမျိုးသမီးများသည် သင်္ကန်းဝတ်ကာ မေထုန်မမှီဝဲကြဘဲ သူတို့ကို ကျောင်းတိုက်သံဃာအဖွဲ့ဝင်များဟု မသတ်မှတ်ပါ။ မြန်မာနှင့် ကမ္ဘောဒီးယားတို့တွင် အမျိုးသမီးများကို “ရှစ်ပါးသီလ ကျင့်ကြံသူများ” ဖြစ်ခွင့် ပေးထားပြီး မြန်မာနိုင်ငံတွင် သီလရှင်၊ ကမ္ဘောဒီးယား နိုင်ငံတွင် ဒွန်ချီ သို့မဟုတ် ယေချီ ဟု ခေါ်ပါသည်။ မြန်မာနိုင်ငံမှ အမျိုးသမီးအချို့သည်လည်း ဆယ်ပါးသီလ စောင့်ထိန်းကြပါသည်။ ထိုင်းနိုင်ငံတွင် “ရှစ်ပါးသီလ ကျင့်ကြံသူများ” ဖြစ်နိုင်ပြီး မယ်ချိုင် (မယ်ဂျီ) ဟုခေါ်ပါသည်။ ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ စစ်တကောင်းခရိုင်နှင့် စစ်တကောင်း တောင်တန်းဒေသများတွင် ထေရဝါဒ ဗုဒ္ဓဘာသာသည် မြန်မာ့ကမ်းရိုးတန်းရှိ ရခိုင်ပြည်နယ်မှနေ၍ ခရစ်နှစ် ၁၈၆၄ ခုနှစ်တွင် ပြန်လည်ထွန်းကားချိန်မှစ၍ ထိုဒေသတွင် အမျိုးသမီးများသည် ရှစ်ပါးသီလ စောင့်ထိန်းသူများ ဖြစ်လာပါသည်။

Top