ဂျာမီယာမီလီယာ အစ္စလာမီယာတက္ကသိုလ်ရောက် ဘုန်းတော်ကြီး ဒလိုင်းလားမား

ဂျာမီယာမီလီယာ အစ္စလာမီယာတက္ကသိုလ်နှင့်တကွ ယခုရောက်ရှိလာသော အိန္ဒိယနိုင်ငံ လူသားစွမ်းရည်ဖွံ့ဖြိုးရေး ဝန်ကြီး ဒေါက်တာ ကာဘီလ်စီဘယ်နှင့် ဒုတိယအဓိပတိ၊ ပါမောက္ခများ၊ ဌာနမှူးများ၊ ကျောင်းသားကျောင်းသူများနှင့် စုဝေးရောက်ရှိလာသော ဧည့်သည်တော်များ အားလုံးကို ကျေးဇူးတင်လိုပါသည်။ အရင်ဆုံး အားလုံးကို နှုတ်ဆက်ပါသည်။ ကျွန်ုပ်အား ဤဆု [ဂုဏ်ထူးဆောင်ပါရဂူဘွဲ့] ကိုချီးမြှင့်သည့်အတွက် ဂျာမီယာမီလီယာ အစ္စလာမီယာတက္ကသိုလ်ကို ကျေးဇူးတင်ပါသည်။

ယခု အင်္ဂလိပ်လို ပြောကြည့်ပါမည်။ ကျွန်ုပ်၏ အင်္ဂလိပ်စကားသည် အလွန်ပင် နည်းလမ်းမကျမှန်း ပရိသတ်များ သိထားပါသည်။ တစ်ခါတစ်ရံ စကားလုံးမှားသုံးမိနိုင်ပါသည်။ ထို့ကြောင့် ကျွန်ုပ် နည်းလမ်းမကျသော အင်္ဂလိပ်စာဖြင့် ပြောသောအခါ “သတိထားနော်” ဟု ပရိသတ်ကို အကြံပေးလေ့ရှိပါသည်။ စကားလုံးမှားယွင်း သုံးစွဲမိသောကြောင့် နားလည်မှု အနည်းငယ် လွဲမှားစေနိုင်ပါသည်။ ဥပမာအားဖြင့် “အကောင်းမြင်ခြင်း” ကို “အဆိုးမြင်ခြင်း” ဟု မှားယွင်းပြောနိုင်ပါသည်။ ဒါက ဆိုးရွားသော မှားယွင်းမှု ဖြစ်ပါသည်။ တကယ် အန္တရာယ် ရှိသည့်အတွက် ကျွန်ုပ်၏ နည်းလမ်းမကျသော အင်္ဂလိပ်စာကို နားထောင်သောအခါ သတိထားစေလိုပါသည်။

ဤဘွဲ့ကို ရရှိသည့်အတွက် တကယ်ပဲ အလွန်ဂုဏ်ယူမိပါသည်။ ပထမဦးစွာ ဤဘွဲ့များကို ရရှိသောအခါ ကျွန်ုပ်သည် သင်ယူလေ့လာရန် အမှန်တကယ် တစ်ခါမှ အချိန်မယူခဲ့သော်လည်း မသင်ယူဘဲ ရရှိလာခြင်းဖြစ်ကြောင်း ပြောရင်း တုံ့ပြန်မိပါသည်။ ပါရဂူဘွဲ့ယူမည့် ကျောင်းသားများသည် အချိန်များစွာ ကုန်ပြီး များစွာ အားထုတ်ခဲ့ရသည်ဟု ထင်ပါသည်။ သို့သော် ထိုသို့ အားထုတ်မှု မပြုဘဲ ကျွန်ုပ်က တက္ကသိုလ်များစွာထံမှ ဤဘွဲ့များ ရရှိသောကြောင့် အလွန်ပင် ဂုဏ်ယူပါသည်။ ယခု ဤနေရာတွင် နာမည်ကျော် အစ္စလာမ်တက္ကသိုလ်တစ်ခုမှ ဘွဲ့ကို ရသည့်အတွက် အလွန် တန်ဖိုးထားပါသည်။ အကြောင်း ကျွန်ုပ်၏ သန္နိဋ္ဌာန်သည် ဘာသာရေး ညီညွတ်မှု ဖြစ်သောကြောင့် ဖြစ်ပါသည်။

စက်တင်ဘာ ၁၁ ရက်အဖြစ်အပျက် ကတည်းကပင် ကျွန်ုပ်သည် အစ္စလာမ်ဘာသာကို အခိုင်အမာ ရပ်တည် ကာကွယ်ခဲ့ပါသည်။ အကြောင်းမှာ မွတ်စလင်နောက်ခံသမိုင်းရှိသည့် ဆိုးသွမ်းသူအချို့၏ အပြုအမူများကြောင့် အစ္စလာမ်ဘာသာ တစ်ခုလုံးကို အပျက်သဘောရှိသည်ဟု ခြုံပြောနေသောကြောင့် ဖြစ်ပါသည်။ ဤသည်မှာ လုံးဝမှားပါသည်။ သဘာဝကျကျနှင့် လက်တွေ့ကျစွာ ပြောရလျှင် အစ္စလာမ်ဘာသာသည် ဤကမ္ဘာပေါ်တွင် အလွန်အရေးကြီးသော ဘာသာတစ်ခု ဖြစ်ပါသည်။ အတိတ်က ရာစုနှစ်ပေါင်းများစွာနှင့် လက်ရှိနှင့် အနာဂတ်တွင်လည်း အစ္စလာမ်ဘာသာသည် လူသန်းပေါင်းများစွာကို မျှော်လင့်ချက်၊ မိမိကိုယ်ကို ယုံကြည်ချက်နှင့် စိတ်ဓာတ်တွန်းအားတို့ ပေးခဲ့၊ ပေးဆဲ၊ ပေးနေဦးမည် ဖြစ်ပါသည်။ ဤသည်မှာ အမှန်တရား ဖြစ်ပါသည်။ ထို့နောက် ကျွန်ုပ်ကလေးဘဝကပင် မွတ်စလင်သူငယ်ချင်းများ အနီးကပ် ရှိပါသည်။ ဥပမာ၊ တိဘက်ရှိ လာဆာတွင် မွတ်စလင် ကုန်သည်များ အခြေချသည်ပြီး မွတ်စလင် အသိုင်းအဝိုင်းကို ထူထောင်ခဲ့သည်မှာ လွန်ခဲ့သော ရာစုနှစ်လေးခု အနည်းဆုံး ရှိပြီထင်ပါသည်။ ဤမွတ်စလင် အသိုင်းအဝိုင်းမှနေ၍ မည်သည့်ခိုက်ရန်ဖြစ်ပွားမှုမျှ မှတ်တမ်းမရှိပါ။ သူတို့သည် အလွန်နူးညံ့သိမ်မွေ့သူများ ဖြစ်ပါသည်။

ထိုနေရာတွင်လည်း ဤနိုင်ငံရှိ အချို့မွတ်စလင်များက ကျွန်ုပ်အား ပြောသည်မှာ အစ္စလာမ်ဘာသာ အမှန်တကယ် ကျင့်ကြံသူများသည် သတ္တဝါအားလုံးအပေါ် မေတ္တာနှင့် ကရုဏာ ပို့လွှတ်ရပါသည်။ ထို့ပြင် မွတ်စလင်တစ်ယောက်သည် သွေးထွက်သံယို ဖြစ်စေပါက လက်တွေ့တွင် သူသည် မွတ်စလင် မဟုတ်တော့ပါဟု ဆိုပါသည်။ ထို့ပြင် “ဂျီဟတ်” ၏ အဓိပ္ပာယ်သည် “အခြားသူများကို တိုက်ခိုက်ရန်” မဟုတ်ပါ။ “ဂျီဟတ်” ၏ ပိုမိုလေးနက်သော အဓိပ္ပာယ်မှာ မိမိကိုယ်တွင်းမှ စိတ်၏စိန်ခေါ်မှုဖြစ်သည်။ ဒေါသ၊ မုန်းတီးမှု၊ လောဘ စသည့် အပျက်သဘော စိတ်ခံစားချက်အားလုံးကို ရင်ဆိုင်ရမှု ဖြစ်သည်။ ယင်းစိတ်ခံစားချက်များသည် တစ်စုံတစ်ယောက်၏စိတ်အခြေအနေတွင် ပြဿနာများ ပိုမိုဖန်တီးကာ ထိုမှတစ်ဆင့် မိသားစု သို့မဟုတ် အသိုင်းအဝိုင်းထဲတွင် ပြဿနာများ ပိုမိုဖန်တီးမိပါသည်။ ထို့ကြောင့် ဤမကောင်းသော စိတ်ခံစားချက်များ၊ အပျက်သဘော စိတ်ခံစားချက်များကို စိန်ခေါ်ရန် သို့မဟုတ် တိုက်ထုတ်ရန်မှာ “ဂျီဟတ်” ၏ ပိုမိုလေးနက်သော အဓိပ္ပာယ် ဖြစ်ပါသည်။

ထို့ကြောင့် ဒဿနချင်း မတူညီသော်လည်း ထိုဘာသာ၏ အနှစ်သာရသည် အခြားဘာသာများနှင့် တူညီပါသည်။ အခြားဘာသာဝင်တို့နှင့် ပိုမိုဆက်သွယ်ကာ ပိုမိုထိတွေ့လာသည့်အတွက် ကျွန်ုပ်သည် ဒဿနနယ်ပယ်၌ ကြီးမားသော ခြားနားချက်များ ရှိသော်လည်း လက်တွေ့တွင် အားလုံးသည် မေတ္တာ၊ ကရုဏာ၊ သည်းခံမှု၊ ခံနိုင်ရည်ရှိမှု၊ ကိုယ်ပိုင်စည်းကမ်းနှင့် ရောင့်ရဲမှုတို့ကို ကျင့်သုံးကြောင်း တွေ့ရှိရပါသည်။ ထို့ကြောင့် ဆိုးသွမ်းသော မွတ်စလင် အနည်းငယ်ကြောင့် အစ္စလာမ်ဘာသာကို ယေဘုယျမပြုလုပ်သင့်ကြောင်း အခွင့်သင့်တိုင်း ကျွန်ုပ်အမြဲပြောပါသည်။ ဟိန္ဒူဘာသာဝင်များထဲတွင်လည်း ဆိုးသွမ်းသူအချို့ ရှိသည်။ ဂျူးဘာသာဝင်များအကြားတွင်လည်း အချို့ရှိသည်။ ခရစ်ယာန်များအကြားမှာရော၊ ဗုဒ္ဓဘာသာများ အကြားမှာရော ရှိပါသည်။ တိဘက် ဗုဒ္ဓဘာသာ အသိုင်းအဝိုင်းငယ်များတွင်လည်း ဆိုးသွမ်းသူအချို့ ရှိသည်မှာ ရှင်းပါသည်။ ထို့ကြောင့် အစ္စလာမ်တက္ကသိုလ်တစ်ခုမှ ဘွဲ့ပေးအပ်သည်ကို ကျွန်ုပ်အလွန်ပင် ဂုဏ်ယူပါသည်။

ထို့နောက် ကျွန်ုပ်၏သန္နိဋ္ဌာန်များအကြောင်း ပြောပါမည်။ ကျွန်ုပ်သေသည့်တိုင် သန္နိဋ္ဌာန် နှစ်ခုရှိပါသည်။ စောစောက ပြောသလိုပင် သန္နိဋ္ဌာန်တစ်ခုမှာ ဘာသာရေး ညီညွတ်မှု ရရှိစေလိုပြီး နောက်ထပ် သန္နိဋ္ဌာန်မှာ လူသားအဆင့်တွင် ဇီဝဗေဒအရ ဖွံ့ဖြိုးလာသည့် အဓိကအားဖြင့် လူသားဆန်သော ချစ်ခင်မှုဆိုသည့် အတွင်းကျကျ လူသားတန်ဖိုး၊ သူသား အရည်အသွေးကောင်းများ လူသိများစေရေး ဖြစ်ပါသည်။ ကျွန်ုပ်တို့ အမိဝမ်းမှ မွေးဖွားလာသည်နှင့် မိခင်သည် ရင်သွေးအပေါ် ကြီးမားသောချစ်ခင်မှု ပေးပါသည်။ ရင်သွေးဘက်မှလည်း မွေးလာသည်နှင့် ထိုသူကို မသိသေးသော်လည်း ဇီဝဗေဒအရ ကလေးငယ်သည် ထိုသူအပေါ် လုံးဝမှီခိုရပါသည်။ မိခင်သည် ကလေးငယ်ကို ဤသို့သဘောထားသောအခါ ကလေးငယ်သည် အလွန်ပျော်ရွှင်ပါသည်။ သူတို့ ခွဲခွာသောအခါ ကလေးငယ်သည် မလုံခြုံတော့ပါ။ တိရစ္ဆာန်များ မှာလည်း ထိုအတွေ့အကြုံမျိုး ရှိသောကြောင့် ကျွန်ုပ်တို့ ဘဝသည် ဤနည်းဖြင့် စတင်ပါသည်။ ထို့ကြောင့် မွေးကင်းစ အချိန်တွင် အများဆုံး ချစ်ခင်မှုရရှိသူသည် နောက်နှစ်အနည်းငယ်အတွင်း သူ့ဘဝတစ်လျှောက်လုံးတွင် ပိုမိုကျန်းမာပြီး ပိုမိုကရုဏာရှိသောသူ ဖြစ်လာပါသည်။ သို့သော် ထိုသူတို့သည် ထိုအချိန် ထိုငယ်ရွယ်စဉ်၌ ချစ်ခင်မှု မရရှိပါက သို့မဟုတ် ညှဉ်းပန်းနှိပ်စက်ခံရပါက ထိုအတွေ့အကြုံသည် သူတို့တစ်ဘဝလုံးတွင် စွဲထင်သွားပါသည်။ သူတို့ရုပ်အဆင်း မည်သို့ပင် ရှိစေကာမူ အတွင်းစိတ်တွင် ကြောက်ရွံ့မှုနှင့် မယုံကြည်မှုတို့ ရှိနေပါသည်။ လူသားတို့အကြား မယုံကြည်မှုသည် တကယ်တော့ အခြေခံ လူ့သဘာဝနှင့် ဆန့်ကျင်ပါသည်။ ကျွန်ုပ်တို့သည် လူမှုရေး သတ္တဝါများ ဖြစ်ပါသည်။ လူမှုရေး သတ္တဝါတိုင်းတွင် အပြည့်အဝ ပူးပေါင်းဆောင်ရွက်မှုသည် တစ်ဦးချင်း အကျိုးစီးပွားအတွက် အထူးအရေးကြီးပါသည်။ တစ်ဦးချင်းသည် အသိုင်းအဝိုင်း၏ အစိတ်အပိုင်း ဖြစ်သည့်အတွက် တစ်ဦးချင်း၏ အနာဂတ်သည် အသိုင်းအဝိုင်း သို့မဟုတ် ရပ်ရွာအပေါ်တွင် လုံးဝမူတည်နေပါသည်။

ထို့နောက် သင့်ကိုယ်ပိုင် အောင်မြင်သောဘဝ၏ အခြေခံနှင့် ပတ်သက်၍ မယုံကြည်မှုနှင့် ကြောက်ရွံ့မှုအချို့ ရှိနေပါက၊ ခပ်ခွာခွာ နေပါက ထိုသူသည် မည်သို့လျှင် ပျော်ရွှင်နိုင်ပါမည်နည်း။ အလွန်ခက်ခဲပါသည်။ ထို့ကြောင့် စစ်မှန်သော ပူးပေါင်းဆောင်ရွက်မှု ရှိရန်အတွက် မိတ်ဆွေအပေါင်းအသင်းသည် အထူးအရေးကြီးပါသည်။ ပေါင်းသင်းဆက်ဆံရေး၏ အခြေခံသည် ယုံကြည်မှု ဖြစ်ပါသည်။ ယုံကြည်မှု၏ အခြေခံသည် ပွင့်လင်းမှု၊ ထင်သာမြင်သာရှိမှုဖြစ်ပါသည်။ သို့မှသာ ယုံကြည်မှု ရှိလာနိုင်ပါသည်။ ထိုအတွက် အခြေခံသည် နွေးထွေးမှု၊ အခြားသူများ ကောင်းကျိုးကို အလေးထားစိတ် ဖြစ်ပါသည်။ ထိုစိတ်မျိုး ရှိသောအခါ အခြားသူများကို ခေါင်းပုံဖြတ်ခြင်း၊ လိမ်ညာခြင်း၊ လှည့်ဖြားခြင်း သို့မဟုတ် အနိုင်ကျင့်ခြင်း မရှိတော့ပါ။ အဘယ်ကြောင့်ဆိုသော် သူတို့ကောင်းကျိုးအတွက် အမှန်တကယ် အလေးထားစိတ် ရှိသောကြောင့် ဖြစ်ပါသည်။ ထို့ကြောင့် ယင်းမှာ ဘာသာတရားကြောင့် ပေါ်ပေါက်လာရန် မလိုဘဲ ဇီဝဗေဒဆိုင်ရာ မှန်ကန်သောအချက်များ ဖြစ်ပါသည်။

ထို့ကြောင့် ကျွန်ုပ်၏ အဓိက သန္နိဋ္ဌာန်တစ်ခုမှာ “ကျွန်ုပ်တို့သည် လူမှုရေးသတ္တဝါဖြစ်သည်” ဟု လူတို့ကို မျှဝေပြောပြရန် ဖြစ်ပါသည်။ ယခုအခါ ယနေ့ကမ္ဘာတွင် ကမ္ဘာလုံးဆိုင်ရာ စီးပွားရေးနှင့် သဘာဝ ပတ်ဝန်းကျင် ပြဿနာများ ရှိနေပါသည်။ တစ်ကမ္ဘာလုံးတွင် လူသား သန်းပေါင်း ခုနစ်ထောင်နီးပါး ရှိနေရာ တစ်ဦးချင်းစီ၏ အကျိုးစီးပွားများမှာ အပြန်အလှန် ဆက်စပ်နေပါသည်။ ထို့ကြောင့် ဤအမှန်တရားအရ “ကျွန်ုပ်တို့” နှင့် “သင်တို့” ဆိုသော အယူအဆသည် မသင့်လျော်တော့ပါ။ ယခုအခါ ကျွန်ုပ်တို့သည် လူသားမိသားစု တစ်စုကဲ့သို့ လူသားမျိုးနွယ်ဟု ယူဆရပါမည်။ ထို့ကြောင့် တစ်ကမ္ဘာလုံးသည် ကျွန်ုပ်၏ အစိတ်အပိုင်း၊ ကျွန်ုပ်တို့၏ အစိတ်အပိုင်း ဖြစ်သည်ဆိုသည့် သဘောထားရှိရမည်ဟု ကျွန်ုပ်တစ်ခါတစ်ရံ တိုက်တွန်းပါသည်။ “ကျွန်ုပ်တို့” နှင့် “သင်တို့” ဆိုသော ခွဲခြားသတ်မှတ်ချက် ရှိသောအခါ အကြမ်းဖက်မှု ဖြစ်လာပါသည်။ လူသားထုတစ်ရပ်လုံးကို “ကျွန်ုပ်” ၏ အစိတ်အပိုင်း၊ “ကျွန်ုပ်တို့” ၏ အစိတ်အပိုင်းဟု သိရှိလာသောအခါ အကြမ်းဖက်ရန် နေရာမရှိတော့ပါ။

ထို့ကြောင့် ကျွန်ုပ်၏ အခြားမိတ်ဆွေများနှင့်အတူ ကျွန်ုပ်၏ အဓိက အားထုတ်မှုမှာ ပြီးခဲ့သော ရာစုနှစ်ဖြစ်သည့် ၂၀ ရာစုသည် အကြမ်းဖက်မှုရာစုနှစ်ဟု ယခုတွေးမိပါသည်။ ထိုရာစုနှစ်အတွင်း လူသန်း ၂၀၀ ကျော် အကြမ်းဖက် သတ်ဖြတ်ခံရပါသည်။ ကျွန်ုပ်သည် ဂျပန်နိုင်ငံ၊ ဟီရိုရှီးမားတွင် နိုဘယ်ဆုရှင်အချို့ စုရုံးကြသည့် နေရာမှ ပြန်လာရာ ထိုမြို့တွင် ပထမဆုံး အဏုမြူဗုံးကို လူသားများအပေါ် အသုံးပြုခဲ့ပါသည်။ အလွန်ပင် ဆိုးရွားပါသည်။ ထိုရာစုနှစ်သည် လူသားများအပေါ် အဏုမြူဗုံးများကိုပင် အသုံးပြုခဲ့ပါသည်။ ထို့ကြောင့် ထိုရာစုနှစ်တွင် တိုးတက်မှုများစွာ ရှိသော်လည်း သွေးထွက်သံယို ဖြစ်ခဲ့သည့် ရာစုနှစ် ဖြစ်ပါသည်။ ယခုအခါ ထိုသို့ကြီးမားသော အကြမ်းဖက်မှု၊ ကြီးမားသော သွေးထွက်သံယိုမှုတို့ဖြင့် လူသားပြဿနာအချို့ကို အမှန်ပင် ဖြေရှင်းကာ အကျိုးကျေးဇူးအချို့ ရရှိစေပါက ဘာမှမပြောလိုပါ။ ထိုအတွက် မှန်ကန်ကြောင်း ပြနိုင်ပါဦးမည်။ သို့သော် ထိုသို့လုံးဝ မရှိခဲ့ပါ။ ထို့ကြောင့် ကျွန်ုပ်တို့၏ အတိတ်အတွေ့အကြုံများအပေါ်တွင် အခြေခံကာ ယခုအခါ ဤ ၂၁ ရာစုကို တွေ့ဆုံဆွေးနွေးရေး ရာစုနှစ်တစ်ခု ဖြစ်လာအောင် ကြိုးပမ်းရပါမည်။ နိုင်ငံသားအမျိုးမျိုး၊ ယဉ်ကျေးမှု အမျိုးမျိုး၊ လူမျိုး အသီးသီး၊ ဘာသာ ယုံကြည်မှု အသီးသီးက မိမိခံစားချက်သည် တစ်ဆင့်ခံ ဖြစ်သည်ဟု ယူဆရပါမည်။ အရေးကြီးသည်မှာ အခြေခံအဆင့်တွင် ကျွန်ုပ်တို့အားလုံးသည် လူသားများ အတူတူ ဖြစ်ပါသည်။

ထို့ကြောင့် ယနေ့ရင်ဆိုင်နေရသော ပြဿနာများစွာသည် ကျွန်ုပ်တို့ကိုယ်တိုင် ဖန်တီးမှုကြောင့် ဖြစ်သည်ဟု တစ်ခါတစ်ရံ ထင်မိပါသည်။ ကိုယ်တိုင်ဖန်တီးသော ဤပြဿနာများသည် ကျွန်ုပ်တို့က တစ်ဆင့်ခံ အဆင့်၏ အရေးကြီးမှုကို အလွန်အကျူး အလေးထားကာ အခြေခံ အဆင့်ကို မေ့လျော့နေသောကြောင့် ဖြစ်ပေါ်လာပါသည်။ ထို့ကြောင့် ယခုအခါ ပျော်ရွှင်သောကမ္ဘာတစ်ခု၊ ငြိမ်းချမ်းသော ကမ္ဘာတစ်ခု တည်ဆောက်ရန် အချိန်ကျရောက်လာပါပြီ။ လူသားအဆင့်၏ အရေးကြီးမှုကို အလေးထားရပါမည်။ ကျွန်ုပ်တို့ အားလုံးတွင် ပျော်ရွှင်သူတစ်ယောက် ဖြစ်ရန်အခွင့်အရေး တူညီစွာ ရှိပါသည်။ လူတိုင်း၏ အကျိုးစီးပွားသည် ကျန်လူများအပေါ်တွင် မူတည်ပါသည်။ ထို့ကြောင့် အခြားသူများ၏ အကျိုးစီးပွားကို အလေးထားရပါမည်။ ဤသည်မှာ မိမိအတွက် အများဆုံး အကျိုးကျေးဇူးရရှိရန် သင့်တော်သော နည်းလမ်းဖြစ်ပါသည်။

ထိုအချက်က ကျွန်ုပ်၏ ဒုတိယ သန္နိဋ္ဌာန် ဖြစ်ပါသည်။ ကျွန်ုပ်၏ ပထမ သန္နိဋ္ဌာန်သည် ဘာသာရေး ညီညွတ်မှု ဆောင်ရွက်ရေး ဖြစ်ပြီး ဒုတိယသည် အခြေခံ လူသားတန်ဖိုးများ ဖြစ်ပါသည်။ ထို့ကြောင့် ကျွန်ုပ်သေသည့်တိုင် ဤအချက်များကို ကတိကဝတ်ပြု ကြိုးစားပါသည်။

ထို့ကြောင့် သင်တို့လူငယ်များ၊ စာသင်သားများကို ပထမဦးစွာ ကျွန်ုပ်က ချီးကျူးဂုဏ်ပြုလိုပါသည်။ သင်တို့၏ ကြီးမားသော အားထုတ်မှုရလဒ်ကြောင့် ယခုဘွဲ့ရကြပါပြီ။ ပြီးခဲ့သည့် ရက်အနည်းငယ်က အလွန်စိတ်လှုပ်ရှားပြီး အိပ်ရေးပျက်ကြမည်ဟု ထင်ပါသည်။ ယခုညတွင် ပိုပြီးအိပ်ရေးဝကြတော့မည်ဟု ထင်ပါသည်။ မည်သို့ဖြစ်ကောမူ ဂုဏ်ပြုပါသည်။ ထို့နောက် ဤအချက်ကို သင်တို့နှင့် မျှဝေလိုပါသည်။ ဘဝသည် မလွယ်ကူပါ။ အာမခံချက်များ မရှိပါ။ ပြဿနာများစွာ ရင်ဆိုင်ရပါမည်။ သို့သော် ကျွန်ုပ်တို့သည် လူ့အသိုင်းအဝိုင်းတွင် ပါဝင်ပါသည်။ ထို့ကြောင့် မည်သည့်ပြဿနာကို ရင်ဆိုင်ရသည်ဖြစ်စေ ယင်းပြဿနာများကို ကျော်လွှားနိုင်စွမ်း ရှိပါသည်။ ထို့ကြောင့် မိမိကိုယ်ကို ယုံကြည်မှုနှင့် အကောင်းမြင်မှုက အထူးအရေးကြီးပါသည်။ ထို့ကြောင့် လူငယ်များသည်လည်း ပိုမိုသည်းခံစိတ် ရှိရပါမည်။ လူငယ်များသည် တစ်ခါတစ်ရံ လိုချင်သောအရာကို ချက်ချင်း လိုချင်ကြပါသည်။ အနှောင့်အယှက် သို့မဟုတ် အတားအဆီး တစ်ခုခု ရင်ဆိုင်ရသောအခါ စိတ်ပျက်ကုန်ပါသည်။ တိဘက်ဆိုရိုးစကားတစ်ခုမှာ “ကျရှုံးမှု ကိုးကြိမ်ရှိလျှင် အားထုတ်မှု ကိုးကြိမ်” ဖြစ်ပါသည်။ ထို့ကြောင့် ဤအချက်က အရေးကြီးပါသည်။ မှတ်သားစေလိုပါသည်။

ထို့ပြင် နောက်တစ်ချက် ရှိပါသည်။ သင်တို့သည် ၂၁ ရာစုနှင့် အမှန်တကယ် သက်ဆိုင်သူများ ဖြစ်ပါသည်။ ကျွန်ုပ်သည် ၂၀ ရာစုနှင့် သက်ဆိုင်ပါသည်။ ဤပါမောက္ခများနှင့် ဝန်ကြီးအချို့လည်း ၂၀ ရာစုနှင့် သက်ဆိုင်သည်ဟု ထင်ပါသည်။ ထို့ကြောင့် ၂၁ ရာစုသည် ၁၀ နှစ်သာ ရှိပါသေးသည်။ နှစ်ပေါင်း ၉၀ ဆက်လာပါဦးမည်။ ထို့ကြောင့် ဤရာစုနှစ်၏ ပုံစံသစ်ကို အမှန်တကယ် ဖန်တီးမည့်သူများမှာ သင်တို့ ဖြစ်ပါသည်။ ထိုအတွက် ပြင်ဆင်ထားရပါမည်။ ပိုကောင်းသော ကမ္ဘာကြီး၊ ငြိမ်းချမ်းသော ကမ္ဘာကြီး၊ ပျော်ရွှင်သော ကမ္ဘာကြီး ဖြစ်ရန်အတွက် သင်တို့မှာ ရည်မှန်းချက် ရှိရပါမည်။ ပညာရေးသာမက ကျင့်ဝတ်စည်းမျဉ်းလည်း လိုပါသည်။ ၂၀ ရာစုနှင့် ဤရာစုနှစ်အစအထိ ကျွန်ုပ်တို့ ဖန်တီးခဲ့သော ပြဿနာများစွာသည် ပညာမတတ်ခြင်းကြောင့် မဟုတ်ဘဲ ကျင့်ဝတ်စည်းမျဉ်း မရှိသောကြောင့်ဟု ထင်ပါသည်။ ထို့ကြောင့် ပျော်ရွှင်ငြိမ်းချမ်းသော ကမ္ဘာတစ်ခု ဖန်တီးရန်အတွက် ပညာရေးနှင့် ကျင့်ဝတ်သီလတို့ အတူရှိရပါမည်။

ယခုအခါ ကျင့်ဝတ်နှင့် ပတ်သက်၍ အဆင့်များစွာ ရှိပါသည်။ တစ်ဆင့်မှာ ဘာသာရေး ယုံကြည်ချက် ဖြစ်ပါသည်။ ပိုပြီး အခြေခံကျသောအဆင့်တွင် ဘာသာရေး ယုံကြည်ချက် မပါဘဲ လူ့အတွေ့အကြုံနှင့် အားလုံးသိသော အမြင်တို့ အသုံးပြုကာ နောက်ဆုံးပေါ် သိပ္ပံ တွေ့ရှိချက်များဖြင့် နွေးထွေးမှုနှင့် ပိုမိုပွင့်လင်းမှုသည် မိမိရုပ်ကျန်းမာရေး အတွက်ပင်လျှင် ကြီးစွာသော အကျိုးရှိသည်ကို သင်တို့ ယုံကြည်လာပါသည်။ အားလုံးက မိမိကျန်းမာရေးကို ဂရုစိုက်ပါသည်။ ကျန်းမာရေးကောင်းရန် အဓိကအချက်မှာ စိတ်ငြိမ်းချမ်းမှု ဖြစ်ပါသည်။ ထို့ကြောင့် ကရုဏာ ပိုမိုထားရှိရန် ပိုမိုအားထုတ်ခြင်းသည် ရုပ်ကျန်းမာရေးအတွက် အရေးအကြီးဆုံး အချက်တစ်ချက် ဖြစ်ပြီး ပျော်ရွှင်သော မိသားစု ဖန်တီးရန် အလွန်အရေးကြီးပါသည်။

ထို့ကြောင့် ပညာရေးဘက်တွင် အဆင့်မြင့်ဘွဲ့ကို ရရှိကြပါပြီ။ ယခုအခါ စိတ်တန်ဖိုးများ၊ စစ်မှန်သော လူသားတန်ဖိုးနှင့် ကျင့်ဝတ်များကို ပို၍အာရုံစိုက်ပေးကြပါ။ ဒုတိယအဓိပတိက ကျင့်ဝတ်၊ လူသားဆန်သော ချဉ်းကပ်မှု အကြောင်း ပြောသွားပြီးပါပြီ။ ယင်းတို့သည် အလွန်ပင် အရေးကြီးသောကြောင့် သင်တို့နှင့် မျှဝေလိုပါသည်။ ထို့ကြောင့် နိဂုံးချုပ်ပါပြီ။ အထူးကျေးဇူးတင်ပါသည်။

Top