လေ့ကျင့်မှုသုံးရပ်

အခြေခံ ဗုဒ္ဓဘာသာ ကျင့်ကြံမှုတွင် နယ်ပယ်သုံးရပ်၌ မိမိကိုယ်ကို လေ့ကျင့်မှု ပါဝင်ပါသည်။ မိမိကိုယ်တိုင် အဆင်ပြေ ကောင်းမွန်ရေးအတွက် အလေးထားကာ မိမိ၏ပြဿနာများနှင့် ဒုက္ခဆင်းရဲများ ကျော်လွှားနိုင်အောင် ထိုကျင့်ကြံမှုများကို လေ့ကျင့်ရပါသည်။ သို့တည်းမဟုတ် အခြားသူများကို ပိုမိုအကျိုးပြုနိုင်အောင် မေတ္တာနှင့် ကရုဏာတရားတို့ဖြင့် လေ့ကျင့်နိုင်ပါသည်။

လေ့ကျင့်မှုသုံးရပ် ဆိုတာဘာလဲ။

  • ကျင့်ဝတ်သီလ - အဖျက်သဘော အပြုအမူများကို မပြုလုပ်ဘဲ ရှောင်ရှားနိုင်စွမ်း။ သီလရှိရန် နည်းလမ်းမှာ အပြုသဘော အပြုအမူများ ဆောင်ရွက်ရန် ဖြစ်သည်။ ဤပထမ လေ့ကျင့်မှုမှာ ကိုယ်တိုင် စည်းကမ်း စောင့်ထိန်းရန် ဖြစ်ပါသည်။ အခြားသူများကို စည်းကမ်းချမှတ်ရန် ကြိုးစားခြင်း မဟုတ်ပါ။
  • စူးစိုက်မှုသမာဓိ - အကျိုးမရှိသော အတွေးအားလုံးဖြင့် စိတ်ပျံ့လွင့်မှု မဖြစ်အောင် စိတ်ကို စူးစိုက်ထားနိုင်စွမ်း။ စိတ်ကို ထက်မြက်ပြီး စူးစိုက်ကာ ပျင်းရိခြင်း မဖြစ်အောင် ပြုလုပ်ပါသည်။ စိတ်တည်ငြိမ်မှုသာမက စိတ်ခံစားချက် တည်ငြိမ်မှုရှိရန်လည်း လိုပါသည်။ သို့မှသာ စိတ်တွင် လောဘ၊ ဒေါသ၊ ဣဿာမစ္ဆရိယ စသည်တို့ မလွှမ်းမိုးမှာ ဖြစ်ပါသည်။
  • ခွဲခြားသိမြင်သော ပညာ - လက်ခံရမည့်အရာနှင့် စွန့်ပယ်ရမည့်အရာကို ခွဲခြားသိရှိနိုင်စွမ်း။ ဟင်းသီးဟင်းရွက် စျေးဝယ်ထွက်သလိုပင် ‘‘ဒီတစ်ခုက ကြည့်ရတာ မကောင်းဘူး။ ဒီတစ်ခုက ကောင်းတဲ့ပုံပေါ်တယ်’’ ဟု ခွဲခြား သိရှိခြင်းဖြစ်သည်။ ဤနေရာတွင် အပြုအမူနှင့် ပတ်သက်၍ ရောက်ရှိနေသည့် ပတ်ဝန်းကျင် အခြေအနေ၊ အတူရှိနေသူများပေါ်တွင်မူတည်ပြီး မသင့်တော်သောအရာနှင့် သင့်တော်သောအရာကို ခွဲခြားသိမြင်ခြင်း ဖြစ်ပါသည်။ ပိုမိုလေးနက်သောအဆင့်တွင် အမှန်တကယ် စစ်မှန်သောအရာနှင့် ကျွန်ုပ်တို့၏ မှန်းဆချက် စိတ်ကူးအကြား ခွဲခြားသိမြင်ရပါမည်။

သိပ္ပံနည်းကျ ဗုဒ္ဓဘာသာ၊ ဗုဒ္ဓဘာသာ ဒဿနနှင့် ဗုဒ္ဓဘာသာ၏ ဘာသာတရား

မိမိအကျိုး၊ အခြားသူများ အကျိုးအတွက် ဤလေ့ကျင့်မှုများကို ကျင့်ကြံနေပါက ရှုထောင့်နှစ်မျိုးဖြင့် ချဉ်းကပ်နိုင်ပါသည်။ ဒလိုင်းလားမား ဆရာတော်ကြီးက အများပြည်သူ ပရိသတ်အား ဟောပြောသည့်အချက်များမှနေ၍ ဤအပိုင်းနှစ်ပိုင်းကို ကောက်နုတ်ထားပါသည်။ ထိုသို့ဟောကြားရာတွင် ဆရာတော်ကြီးက ဗုဒ္ဓဘာသာဟူသည်မှာ သိပ္ပံနည်းကျ ဗုဒ္ဓဘာသာ၊ ဗုဒ္ဓဘာသာ ဒဿနနှင့် ဗုဒ္ဓဘာသာ၏ ဘာသာတရားဆိုပြီး အပိုင်းသုံးပိုင်း ဖော်ပြထားပါသည်။

သိပ္ပံနည်းကျ ဗုဒ္ဓဘာသာ ဆိုသည်မှာ စိတ်အလုပ်လုပ်ပုံ၊ ကျွန်ုပ်တို့၏ စိတ်ခံစားချက်များ၊ ဒလိုင်းလားမား ဆရာတော်ကြီးက စိတ်နှင့် စိတ်ခံစားချက် ကျန်းမာရေးဟု ခေါ်သည့်အချက်များ စသည့် စိတ်၏ သိပ္ပံပညာကို ဆိုလိုပါသည်။ ဗုဒ္ဓဘာသာတွင် စိတ်ခံစားချက် အခြေအနေ အမျိုးမျိုး၊ ၎င်းတို့ အတူတကွ ယှဉ်တွဲဆောင်ရွက်ပုံ အားလုံးကို အလွန်ပင် အသေးစိတ် ဆန်းစစ်ဖော်ပြထားပါသည်။

သိပ္ပံနည်းကျ ဗုဒ္ဓဘာသာတွင် အောက်ပါတို့လည်း ပါဝင်ပါသည်-

  • သိမှုဆိုင်ရာ သိပ္ပံပညာ - သိမြင်မှု အလုပ်လုပ်ပုံ၊ သိစိတ်၏ သဘောသဘာဝ၊ အာရုံစူးစိုက်မှု ရရှိအောင် လေ့ကျင့်သင်ကြားမှု နည်းစနစ် အမျိုးမျိုး
  • အာကာသသိပ္ပံပညာ - စကြဝဠာ စတင်ပုံ၊ တည်ရှိပုံနှင့် အဆုံးသတ်ပုံတို့ကို အသေးစိတ် ဆန်းစစ်လေ့လာမှု
  • ဒြပ် - ဒြပ်၊ စွမ်းအင်၊ အက်တမ်ထက်ငယ်သော အမှုန်များ စသည်တို့ အလုပ်လုပ်ပုံကို အသေးစိတ် ဆန်းစစ်လေ့လာမှု
  • ဆေးပညာ - ခန္ဓာကိုယ်တွင်းမှ စွမ်းအင် အလုပ်လုပ်ပုံ။

မည်သူမဆို အထက်ပါ အကြောင်းရပ်များကို လေ့လာ၊ သင်ယူပြီး အကျိုးရှိနိုင်ပါသည်။ ဒလိုင်းလားမား ဆရာတော်ကြီးက ထိုကိစ္စများနှင့် ပတ်သက်ပြီး သိပ္ပံပညာရှင်များနှင့် မကြာခဏ ဆွေးနွေးလေ့ ရှိပါသည်။

ဒုတိယ အပိုင်းဖြစ်သည့် ဗုဒ္ဓဘာသာ ဒဿန တွင် အောက်ပါတို့ ပါဝင်ပါသည်-

  • ကျင့်ဝတ်သီလ - ဘာသာတရား တစ်ခုခုနှင့် ဆက်စပ်ရန် မလိုဘဲ လူတိုင်း အကျိုးရှိနိုင်သော ကြင်နာမှု၊ ရက်ရောမှု စသည့် အခြေခံ လူ့တန်ဖိုးများအကြောင်း ဆွေးနွေးချက်။
  • ယုတ္တိဗေဒနှင့်  ရူပဗေဒ - သတ်မှတ်ချက် သီအိုရီ၊ အများလက်ခံမှုများ၊ တစ်ခုချင်းသီးသန့် အရာများ၊ အရည်အသွေးများ၊ လက္ခဏာရပ်များ စသည်တို့နှင့် ၎င်းတို့ အတူတကွ အလုပ်လုပ်ပုံ၊ ၎င်းတို့ကို ကျွန်ုပ်တို့က သိရှိပုံတို့ကို အသေးစိတ် တင်ဆက်မှု။
  • အကျိုးနှင့် အကြောင်း - အကြောင်းတရားကြောင့် ဖြစ်ပေါ်မှု၊ အမှန်တရားနှင့် ကျွန်ုပ်တို့၏ မှန်းဆချက်များကြောင့် အမှန်တရားကို ပုံပျက်စေခြင်းအကြောင်း အသေးစိတ် ဆန်းစစ်ဖော်ပြမှု။

ဗုဒ္ဓဘာသာ ဒဿနသည် ဗုဒ္ဓဘာသာဝင်တို့နှင့်သာ ပတ်သက်ခြင်း မဟုတ်ဘဲ လူတိုင်း အကျိုးရှိနိုင်သည် ဆိုသည့် အကြောင်း ထပ်ပြောပါရစေ။ 

တတိယအပိုင်းဖြစ်သည့် ဗုဒ္ဓဘာသာ၏ ဘာသာတရား ဆိုရာတွင် ဗုဒ္ဓဘာသာ ကျင့်ကြံမှု လက်တွေ့နယ်ပယ် ပါဝင်ပါသည်။ ထို့ကြောင့် ကံ၊ ပြန်လည်မွေးဖွားမှု၊ ဝတ်ပြုကိုးကွယ်မှု၊ မန္တရားများစသည်တို့ ပါဝင်ပါသည်။ ထို့ကြောင့် ဗုဒ္ဓဘာသာ လမ်းကြောင်းကို လျှောက်လှမ်းနေသူများအတွက် သီးသန့်အပိုင်း ဖြစ်ပါသည်။

လေ့ကျင့်မှု သုံးမျိုးကို ဗုဒ္ဓဘာသာ သိပ္ပံပညာနှင့် ဒဿနဟူ၍ ရိုးရှင်းစွာ ဖော်ပြကာ လူတိုင်းနှင့် ဆီလျော်သင့်တော်အောင် တင်ဆက်၍ ရပါသည်။ သို့တည်းမဟုတ် ထိုနည်းဖြင့်သာမက ဗုဒ္ဓဘာသာဝင် အနေနှင့်ပါ တင်ဆက်၍ရပါသည်။ ‘‘အကျဉ်းချုပ်ဓမ္မ’’ နှင့် ‘‘လက်တွေ့ဓမ္မ’’ ဟူ၍ ကျွန်ုပ်က သတ်မှတ်ခွဲခြမ်း ထားပါသည်။

  • အကျဉ်းချုပ်ဓမ္မ - ယခုဘဝ တိုးတက်ကောင်းမွန်ရေးအတွက် ဗုဒ္ဓဘာသာ သိပ္ပံပညာနှင့် ဒဿနတို့၏ ကျင့်ကြံနည်းများ။
  • လက်တွေ့ဓမ္မ - နောက်ဘဝ ကောင်းစားရေး၊ ပြန်လည်မွေးဖွားမှု မဖြစ်အောင် လွတ်မြောက်ရေးနှင့် ဉာဏ်အလင်းရရှိရေး ဆိုသည့် ဗုဒ္ဓဘာသာဝင်တို့၏ ရည်မှန်းချက်သုံးရပ်အတွက် လေ့ကျင့်မှု သုံးရပ်ကို လက်ခံကျင့်သုံးခြင်း။

အကျဉ်းချုပ်ဓမ္မဟု ဆိုရာတွင် လက်တွေ့ဓမ္မအတွက် အကြိုအဆင့် ဖြစ်နေပါသည်။ အကြောင်းမှာ ဘာသာရေးဆိုင်ရာ နောက်ထပ် ရည်မှန်းချက်များအကြောင်း မစဉ်းစားမီ ကျွန်ုပ်တို့၏ ပုံမှန်ဘဝများ ပိုမိုတိုးတက်ကောင်းမွန်ဖို့ လိုအပ်သည်ကို သတိပြုမိရန် လိုပါသည်။ သို့သော် ဗုဒ္ဓဘာသာ သိပ္ပံပညာနှင့် ဒဿနသည် ဗုဒ္ဓဘာသာဝင်အတွက် အကြိုအဆင့်အနေနှင့် မလိုအပ်ပါ။ ထို့ကြောင့် ဗုဒ္ဓဘာသာ လမ်းကြောင်းအတွက် အကြိုအဆင့်ဖြစ်စေ၊ ယေဘုယျ အနေနှင့်ဖြစ်စေ စဉ်းစားနေရန်မလိုဘဲ ကျွန်ုပ်တို့ဘဝကို တိုးတက်ကောင်းမွန်အောင် လေ့ကျင့်မှု သုံးရပ်၏ အသုံးချပုံကို လေ့လာနိုင်ပါသည်။


သစ္စာလေးပါး

ဗုဒ္ဓဘာသာ ဒဿနအရ ဗုဒ္ဓဘာသာဝင်တို့ တွေးခေါ်ပုံအကြောင်းဖြစ်သည့် သစ္စာလေးပါးကို ယေဘုယျ တင်ဆက်ထားပါသည်။ ဘဝ၏ အချက်လေးချက်ဟုလည်း ယင်းတို့ကို အောက်ပါအတိုင်း ယူဆနိုင်ပါသည်-

  • ကျွန်ုပ်တို့ အားလုံး ရင်ဆိုင်ရသော ဆင်းရဲဒုက္ခ နှင့် ပြဿနာများကို လေ့လာပါက ပထမသစ္စာမှာ ဘဝသည် ခက်ခဲကြမ်းတမ်းပါသည်။
  • ဒုတိယသစ္စာမှာ ဘဝတွင် ကျွန်ုပ်တို့၏ ပြဿနာများသည် အကြောင်းတရားများ ကြောင့် ဖြစ်ပေါ်လာပါသည်။
  • တတိယသစ္စာမှာ ကျွန်ုပ်တို့သည် ဤပြဿနာများကို ရပ်တန့် နိုင်ပါသည်။ ကျွန်ုပ်တို့ ပြဿနာများကို ရေငုံနှုတ်ပိတ်ပြီး လက်ခံနေစရာမလိုပါ။ ဖြေရှင်း၍ရပါသည်။
  • စတုတ္ထသစ္စာမှာ အကြောင်းတရားကို ဖယ်ရှားခြင်းဖြင့် ကျွန်ုပ်တို့ ပြဿနာများကို ဖယ်ရှားနိုင်ပါသည်။ မည်သို့ ပြုမူ၊ ပြောဆိုရမည် ဆိုသည့် အကြံဉာဏ်များပေးထားသော နားလည်မှုလမ်းကြောင်း အတိုင်း လိုက်ခြင်းဖြင့် ထိုသို့ဖယ်ရှားနိုင်ပါသည်။

ထို့ကြောင့် ကျွန်ုပ်တို့ ပြုမူ၊ ပြောဆိုပုံကြောင့် ပြဿနာများ ဖြစ်ပေါ်စေပါက ထိုအချက်ကို ပြောင်းလဲရန် လိုပါသည်။ လေ့ကျင့်မှု သုံးရပ်မှာ ကျွန်ုပ်တို့ ပြဿနာများ၏ အကြောင်းတရားများ ဖယ်ရှားရန် လိုအပ်သော အပိုင်းတစ်ခု ဖြစ်ပါသည်။ အဘယ်ကြောင့်ဆိုသော် ယင်းတို့ကို ကျွန်ုပ်တို့ ဘာကြောင့် လေ့ကျင့်ရသည်ကို ဖော်ပြသောကြောင့် ဖြစ်ပါသည်။ ထို့ကြောင့် ဘဝပြဿနာများ ရင်ဆိုင်နေရပါက အောက်ပါအတိုင်းလေ့လာရပါသည်-

  • ကျွန်ုပ်ပြုမူ၊ ပြောဆိုပုံဆိုင်ရာ ကျွန်ုပ်၏ ကျင့်ဝတ်သီလတွင် ပြဿနာ ရှိပါသလား။
  • ကျွန်ုပ်၏ စူးစိုက်မှုသမာဓိတွင် ပြဿနာ ရှိပါသလား။ ကျွန်ုပ်ဘဝင်မြင့်နေသလား။ စိတ်ခံစားချက် ယိုယွင်းနေသလား။
  • အမှန်တရားနှင့် ကျွန်ုပ်၏ မူမမှန်သောမှန်းဆချက်များအကြား ကျွန်ုပ်၏ ခွဲခြားမှုတွင် ပြဿနာ ရှိပါသလား။

ယခုဘဝတွင် ကျွန်ုပ်တို့၏ သာမန်ဘဝ၌ ဤသို့အသုံးချနိုင်သလို နောင်ဘဝများ၌ ကြုံတွေ့ရနိုင်သော ပြဿနာများအထိလည်း ယင်းကိုချဲ့ထွင်နိုင်ပါသည်။ အခြေခံအဆင့်တွင် ကျွန်ုပ်တို့သည် ဤသင်ကြားမှုများကို ကျွန်ုပ်တို့၏ နေ့စဉ်ဘဝဖြင့် ကျွန်ုပ်တို့ကို မည်ကဲ့သို့ အထောက်အကူပြုနိုင်မလဲဟု ယူဆသင့်ပါသည်။ ကျွန်ုပ်တို့၏ ပြဿနာများ ဖြစ်ပေါ်စေသောအရာကို ကျွန်ုပ်တို့ ဘာလုပ်သလဲ။ ယင်းတို့ကို ဖယ်ရှားရန် ကျွန်ုပ်တို့ ဘာလုပ်နိုင်မလဲ။

ဆင်းရဲဒုက္ခ၏ အကြောင်းရင်း

ဗုဒ္ဓဘာသာ ဒဿန ရှုထောင့်အရ ကျွန်ုပ်တို့ ဆင်းရဲဒုက္ခ၏ အကြောင်းရင်းမှာ မသိနားမလည်မှု ဖြစ်ပါသည်။ အထူးသဖြင့် အချက်နှစ်ချက်ကို ကျွန်ုပ်တို့ သတိမပြုမိပါ သို့မဟုတ် ရှုပ်ထွေးနေပါသည်။

ကျွန်ုပ်တို့ မသိနားမလည်သော ပထမအချက်မှာ ကျွန်ုပ်တို့၏ အပြုအမူနှင့် ပတ်သက်သည့် အကြောင်းနှင့် အကျိုး ဖြစ်ပါသည်။ လောဘ၊ ဒေါသ၊ တဏှာ၊ မာန၊ ဣဿာမစ္ဆရိယ စသည့် အနှောင့်အယှက်ပေးသော စိတ်ခံစားချက်များ ရှိပါက ကျွန်ုပ်တို့ အပျက်သဘော ပြုမူပါသည်။ အခြားသူတို့ကို ဒေါသထွက်ကာ အော်ဟစ်ပါသည်။ မနာလိုဖြစ်ပြီး တစ်ဖက်သားကို ဒုက္ခပေးရန်ကြိုးစားပါသည်။ တစ်ဖက်လူအပေါ် တွယ်တာပြီး တွယ်ငြိပါသည်။ ဤအချက်အားလုံးက ပြဿနာ ဖြစ်စေပါသည်။ ထိုစိတ်ခံစားချက်များက ကျွန်ုပ်တို့ အပျက်သဘော ပြုမူစေသည့်အတွက် သို့မဟုတ် မိမိကိုယ်ကို ဖျက်ဆီးစေသည့်အတွက် အဆုံးသတ်ရလဒ်မှာ ဝမ်းနည်းခြင်း ဖြစ်ပါသည်။

အနှောင့်အယှက်ပေးသော စိတ်ခံစားချက်၏ အဓိပ္ပာယ်ကို လေ့လာသင့်ပါသည်။ ၎င်းသည် ကျွန်ုပ်တို့ထံတွင် ပေါ်ထွက်လာပါက စိတ်ငြိမ်းချမ်းမှုနှင့် မိမိကိုယ်ကို ထိန်းချုပ်မှုတို့ ပျောက်ဆုံးသွားစေပါသည်။ တစ်စုံတစ်ယောက်ကို ဒေါသကြောင့် အော်ဟစ်မိပါက သူတို့ကတော့ ဝမ်းနည်းချင်မှဝမ်းနည်းမည်။ ကျွန်ုပ်တို့ ပြောသည်ကိုလည်း ကြားချင်မှ ကြားလိမ့်မည်။ သို့မဟုတ် ကျွန်ုပ်တို့ကို မိုက်မဲသည်ဟု တွေးထင်ကာ လှောင်ရယ်လိမ့်မည်။ ကျွန်ုပ်တို့မှာကား စိတ်ငြိမ်းချမ်းမှု ပျောက်ဆုံးသွားပါသည်။ ဝမ်းနည်းမိလာပြီး အော်ဟစ်ပြီးသည့်တိုင် ဆက်လက်ဝမ်းနည်းနေပါသည်။ ဤသည်မှာ မနှစ်မြို့ဖွယ် ကြုံတွေ့မှုဖြစ်ပါသည်။ မိမိကိုယ်ကို ထိန်းချုပ်မှု ပျောက်ဆုံးသွားသည့်အတွက် နောင်အခါနောင်တရမည့် စကားများလည်း ပြောမိပါတော့သည်။

ကျွန်ုပ်တို့ ထိုကဲ့သို့ ပြုမူကြသည့် အကြောင်းရင်းမှာ-

  • အကြောင်းနှင့် အကျိုးကို ကျွန်ုပ်တို့ တကယ်နားမလည်သောကြောင့် ဖြစ်ပါသည်။ အချို့သောအပြုအမူများကို အချို့သော အနှောင့်အယှက်ပေးသည့် စိတ်ခံစားချက်များဖြင့် ကျွန်ုပ်တို့ပြုလုပ်ပါက ဝမ်းနည်းခြင်း ဖြစ်စေသည်ကို ကျွန်ုပ်တို့ တစ်ခါတစ်ရံ သဘောမပေါက်ကြပါ။
  • သို့တည်းမဟုတ် အကြောင်းနှင့် အကျိုးကို ကျွန်ုပ်တို့ ရှုပ်ထွေးနေကြပြီး ပြောင်းပြန်နားလည်နေကြပါသည်။ ‘‘ဒီလူကိုအော်လိုက်ရင် ငါပျော်သွားမှာပဲ’’ ဟု ကျွန်ုပ်တို့ ထင်တတ်ကြသည်။ တကယ်တော့ ထိုသို့လုံးဝမဟုတ်ပါ။ သို့မဟုတ် တစ်စုံတစ်ယောက်ကို တွယ်တာမိသောအခါ ‘‘ဘာလို့ ခဏခဏ ဖုန်းမဆက်တာလဲ။ ဘာလို့ ခဏခဏ မလာတာလဲ’’ ဟု ပြောမိနိုင်သည်။ ထိုအခါ သူတို့ကိုအဝေးသို့ ထွက်ပြေးစေသည်သာ မဟုတ်ပါလား။ အကြောင်းနှင့် အကျိုး အလုပ်လုပ်ပုံကို နားလည်မှုရှုပ်ထွေးနေသည့်အတွက် ဖြစ်ချင်တာကို မဆောင်ရွက်နိုင်တော့ပါ။

ကျွန်ုပ်တို့ထံတွင်ရှိသည့် မသိနားမလည်မှု ဒုတိယ အမျိုးအစားမှာ အမှန်တရားနှင့် ပတ်သက် ပါသည်။ အမှန်တရားနှင့် ပတ်သက်ပြီး ရှုပ်ထွေးသည့်အတွက် အနှောင့်အယှက်ပေးသော သဘောထားများ ရှိလာပါသည်။ နမူနာပြရသော် ကိုယ့်အကြောင်းသာ အမြဲတွေးမိနေသည့် မိမိကိုယ်တိုင်စွဲလန်းမှု ဖြစ်သည်။ ဤသည်မှာ အလွန် ဝေဖန်ပြစ်တင်မှု ဖြစ်နိုင်ပါသည်။ အကြောင်းမှာ ကျွန်ုပ်တို့သည် ပြီးပြည့်စုံရမည်ဟု ခံစားရသည့် ရောဂါလက္ခဏာစုတစ်ခု ဖြစ်လာနိုင် သောကြောင့် ဖြစ်ပါသည်။ ပြီးပြည့်စုံအောင် ကြိုးစားကာ အရာရာ စနစ်တကျရှိအောင် အပြုသဘော ပြုမူလျှင်လည်း အတော်လေး စိတ်လိုက်မာန်ပါ ဖြစ်လာပါသည်။ ယာယီ ပျော်ရွှင်မှုအနည်းငယ် ရနိုင်သော်လည်း စိတ်မကျေနပ်မှု အလျင်အမြန် ဖြစ်လာပါသည်။ အကြောင်းမှာ ‘‘ခုထိ မပြည့်စုံသေးဘူး’’ ဟု တွေးနေမိပြီး ကိုယ့်ကိုယ်ကိုယ် တိုးတက်အောင် မပြတ်ဖိအားပေးနေသောကြောင့် ဖြစ်ပါသည်။

မိမိအိမ်ကို သန့်ရှင်းရေးလုပ်တာနှင့် ပတ်သက်လျှင် ပြီးပြည့်စုံလိုသော ဦးသန့်ရှင်းတစ်ယောက်အကြောင်း နမူနာ ကြည့်ကြပါစို့။ သူသည် အရာရာကို ထိန်းချုပ်နိုင်သည်ဟု အယူအဆလွဲမှားနေပြီး အားလုံးသန့်ရှင်းစွာ စနစ်ကျချင်သည်။ ဒါကမဖြစ်နိုင်ပါ။ သင်က အားလုံးရှင်းလင်းသည်။ ပြီးပြည့်စုံသွားသည်။ စိတ်ကြည်လင်သည်။ ထို့နောက် ကလေးများ အိမ်ထဲဝင်လာပြီး အားလုံး ရှုပ်ပွကုန်တော့သည်။ သင်မကျေမနပ်ဖြစ်ပြီး ထပ်မံသန့်ရှင်းရေး လုပ်ပြန်သည်။ ဤနည်းဖြင့် စိတ်တိုလာသည်။ ‘‘အင်း၊ အားလုံး စိတ်တိုင်းကျပြီ’’ ဟု သင်အနည်းငယ် ပျော်ရွှင်လိုက်တိုင်း ထိုခံစားချက်က မဆိုစလောက်မျှသာ ကြာပါသည်။ သင်သတိမပြုမိသော အချက်က အမြဲရှိနေပါသည်။

ထိုစိတ်အခြေအနေများကို ထပ်ပြောနေသည်မှာ အနှောင့်အယှက်ပေးသော စိတ်ခံစားချက်လား။ အနှောင့်အယှက် ပေးသော သဘောထားလား။ ဤသို့ စိတ်လိုက်မာန်ပါ အပြုအမူ အမျိုးအစားကို ထပ်မံဆောင်ရွက်ခြင်းဖြင့် ‘‘အားလုံး ယိုယွင်းသည့် ခံစားချက်’’ ဆိုသည်ကို သင်ရရှိလာပါသည်။ ဤသည်မှာ ကျွန်ုပ်တို့ ပြဿနာများကို အမှန်တကယ် ပိုဆိုးစေသည့် အလေ့အထများ စွဲလာခြင်း ဖြစ်ပါသည်။

၎င်းသည် ကျွန်ုပ်တို့ကို စိတ်ပိုင်းဆိုင်ရာအရ သက်ရောက်မှု မရှိသော်လည်း ရုပ်ပိုင်းဆိုင်ရာအရ ထိခိုက်ပါသည်။ ဥပမာ၊ အမြဲတမ်း ဒေါသထွက်နေပါက သွေးတိုးလာသည်။ စိုးရိမ်ပူပန်မှုမှ ရေယုန်ပေါက်လာသည်။ သို့မဟုတ် သင်က ဦးသန့်ရှင်း ဆိုပါက အနားယူရန် ခက်နေပါမည်။ အရာအားလုံး ပြီးပြည့်စုံချင်သော်လည်း ထိုသို့လုံးဝမဖြစ်သည့်အတွက် သင်က အမြဲတမ်း တင်းကျပ်နေပါတော့သည်။


လေ့ကျင့်မှုသုံးရပ်က ကျွန်ုပ်တို့ ပြဿနာများ၏ အကြောင်းရင်းကို ဘယ်လို ဖယ်ရှားပေးသလဲ

ကျွန်ုပ်တို့ အမှန်တကယ် လိုအပ်သည်မှာ အောက်ပါ လေ့ကျင့်မှုသုံးရပ် ဖြစ်ပါသည်-

  • ကျွန်ုပ်တို့၏ ရှုပ်ထွေးမှုကို ဖယ်ရှားရှင်းလင်းရန်အတွက် ခွဲခြားသိရှိသောပညာ လိုအပ်ပါသည်။ ဥပမာ၊ ဦးသန့်ရှင်းကိစ္စနှင့် ပတ်သက်လျှင် ‘‘အရာအားလုံး ပြီးပြည့်စုံပြီး သန့်ရှင်းနေရမည်။ အရာအားလုံးကို မိမိကထိန်းချုပ်ရမည်’’ ဆိုသော စိတ်ကူးကို ‘‘မိမိအိမ်လည်း ညစ်ပတ်နေမှာပဲ။ ဘယ်သူမှ ဒါကိုထိန်းချုပ်လို့ မရပါဘူး’’ ဆိုပြီး အစားထိုးရမည်။ သင့်အိမ်ကို သန့်ရှင်းရေး လုပ်နိုင်သေးသည့်အတွက် သင်လည်း ပိုပြီးစိတ်သက်သာရာ ရပါသည်။ စိတ်တွင်စွဲလမ်းနေရန်တော့ မလိုပါ။ ရှေးရိုးကျမ်းစာများတွင် သစ်ပင်တစ်ပင်ကို ထက်မြက်သော ပုစိန်ဖြင့် ခုတ်လှဲပုံနှင့် ဥပမာပေးပါသည်။
  • သစ်ပင်ကို ပုစိန်ဖြင့် ခုတ်လှဲနိုင်ရန် တစ်နေရာတည်းကို အကြိမ်များစွာ ခုတ်ဖြတ်ရသည်။ ဤသည်မှာ စူးစိုက်မှု သမာဓိ ဖြစ်သည်။ ကျွန်ုပ်တို့စိတ်က အမြဲတမ်း ညစ်နွမ်းနေပါက ထိုသို့ခွဲခြားသိရှိသောပညာ မရှိတော့ပါ။ ထို့ကြောင့် ပုစိန်ဖြင့် တစ်နေရာတည်းကို ခုတ်ဖြတ်နိုင်အောင် စူးစိုက်မှုသမာဓိ ရှိရပါမည်။
  • ဤသို့သော ပုစိန်ကို အသုံးပြုရာတွင် ခွန်အား လိုပါသည်။ ခွန်အားမရှိပါက ပုစိန်ကိုပင် မမြှောက်နိုင်ပါ။ ဤခွန်အားသည် ကျင့်ဝတ်သီလ စောင့်ထိန်းမှု မှ ပေါ်ထွက်လာပါသည်။

ဤနည်းဖြင့် ကျွန်ုပ်တို့သည် လေ့ကျင့်မှု သုံးရပ်က ကျွန်ုပ်တို့ပြဿနာများ၏ ရင်းမြစ်ကို ကျော်လွှားပေးနိုင်ပုံကို နားလည်လာပါသည်။ အထက်ပါအချက်ကို အသုံးချရန် ဗုဒ္ဓဘာသာဝင် ဖြစ်ရန်မလိုပါ။ လူတိုင်းနှင့် သင့်တော်ပါသည်။ ရှေ့ဆက်မသွားမီ လေ့လာပြီးသမျှကို ဤသို့ အနှစ်ချုပ်လိုက်ပါမည်-

  • စိတ်ကူးနှင့် အမှန်တရားကို ခွဲခြားသိမြင်ရန် ခွဲခြားသိရှိသောပညာ ကို ကျွန်ုပ်တို့ အသုံးပြုပါသည်။ ထိုနည်းဖြင့် ကျွန်ုပ်တို့ အပြုအမူတွင် အကြောင်းနှင့် အကျိုးကို မြင်လာနိုင်ပါသည်။ ခွဲခြားသိရှိသောပညာ မရှိပါက ကျွန်ုပ်တို့ အပြုအမူနှင့် သဘောထားများကြောင့် ဝမ်းနည်းစရာ သို့မဟုတ် ကျွန်ုပ်တို့ကို အမှန်စိတ်ချမ်းသာမှု လုံးဝမပေးနိုင်သော ပျော်ရွှင်မှုမျိုး ဖြစ်လာပါသည်။
  • အထက်ပါအချက်ကို သေချာနားလည်ရန်အတွက် ကောင်းစွာ စူးစိုက်မှုသမာဓိ လိုအပ်ပါသည်။ သို့မှသာ အာရုံစိုက်ထားနိုင်ပါမည်။
  • ကောင်းစွာ စူးစိုက်နိုင်ရန် ကျင့်ဝတ်စည်းကမ်း လိုပါသည်။ သို့မှသာ စိတ်ပျံ့လွင့်သောအခါ ပြန်ခေါ်ယူနိုင်ပါသည်။
  • ဤလေ့ကျင့်မှု သုံးရပ်ကို အသုံးချကာ ကျွန်ုပ်တို့၏ ပြဿနာများ ဖြေရှင်းရန်နှင့် ဘဝ အရည်အသွေး ပိုကောင်းစေရန် အထောက်အကူပြုနိုင်ပါသည်။

ဤအချက်မှနေ၍ မှတ်သားစရာ အဓိက အသိအမြင်မှာ ဘဝတွင် ကျွန်ုပ်တို့ကြုံတွေ့ရသည့် ပျော်ရွှင်မှုနှင့် စိတ်မချမ်းသာမှု တို့သည် ကျွန်ုပ်တို့ကိုယ်တိုင် ရှုပ်ထွေးမှုမှ ပေါ်ထွက်လာပါသည်။ ကျွန်ုပ်တို့ ပြဿနာအတွက် အခြားသူများ၊ လူ့အသိုင်းအဝိုင်း၊ စီးပွားရေး စသည်တို့ကို အပြစ်တင်မည့်အစား ပိုမိုနက်ရှိုင်းစွာ အာရုံစိုက်ရပါမည်။ ထိုအခြေအနေ များကို ကိုင်တွယ်ဖြေရှင်းသော ကျွန်ုပ်တို့ စိတ်အခြေအနေကို ကြည့်ပါသည်။ ခက်ခဲသော အခြေအနေများစွာ ဆုံတွေ့နိုင်သော်လည်း ဤနေရာတွင် ကျွန်ုပ်တို့၏ ယေဘုယျ မပျော်ရွှင်မှု၊ ခဏတာပျော်ရွှင်မှု အမျိုးအစားကို ပြောနေခြင်းဖြစ်ပါသည်။ ဒါထက်ပို၍ ကျွန်ုပ်တို့ ရည်မှန်းသင့်ပါသည်။ စိတ်ငြိမ်းချမ်းမှုနှင့်အတူ ရရှိသော ပျော်ရွှင်မှု အမျိုးအစားသာလျှင် ပို၍တာရှည်ခံတည်တံ့ပါသည်။

အခက်အခဲများ ရင်ဆိုင်ရသောအခါ စိတ်ဓာတ်ကျပြီး လုံးဝစိတ်အားငယ်မိနိုင်ပါသည်။ သို့တည်းမဟုတ် ဤအခြေအနေကို ပို၍ရှင်းလင်းစွာ ကြည့်သည့်အတွက် စိတ်ငြိမ်းချမ်းမှု ပိုရအောင် ရင်ဆိုင်နိုင်ပါသည်။ မိမိကိုယ်ကို ဝမ်းနည်းနေမည့်အစား ထိုအခြေအနေတွင် ပါဝင် ပတ်သက်သောအရာများကို မြင်နိုင်ပြီး ယင်းကို ဖြေရှင်းရန် နည်းလမ်းများ ရှိသည်ကို မြင်လာပါသည်။

သင့်သားသမီး ညဘက်တွင် အိမ်ပြင်ထွက်ပြီး ‘‘အိမ်ကို အန္တရာယ်ကင်းစွာ ပြန်ရောက်ပါ့မလား’’ ဟု သင်တွေးပူရသည်ကို စဉ်းစားကြည့်ပါ။ ဤနေရာတွင်လည်း ကျွန်ုပ်တို့၏ စိုးရိမ်မှုနှင့် မပျော်ရွှင်မှု ရင်းမြစ်မှာ ‘‘မိမိကလေးငယ်၏ လုံခြုံရေးကို တစ်နည်းနည်းဖြင့် မိမိထိန်းချုပ်နိုင်သည်’’ ဆိုသော သဘောထား ဖြစ်သည်။ ယင်းမှာလည်း စိတ်ကူးယဉ်ခြင်းမျှသာ ဖြစ်သည်။ သူတို့ အိမ်ကို အန္တရာယ်မရှိဘဲ ပြန်ရောက်လာပြီး သင်ပျော်ရွှင်သောအခါ စိတ်သက်သာရာရပါသည်။ သို့သော် သူတို့နောက်တစ်ခါ ပြန်ထွက်သောအခါ သင်စိုးရိမ်မိပြန်ပါသည်။ ထို့ကြောင့် ထိုသို့ စိတ်သက်သာရာရသော ခံစားချက်မျိုးက ရေရှည်မခံဘူး မဟုတ်ပါလား။ ထို့ပြင် ကျွန်ုပ်တို့ အမြဲစိုးရိမ်နေသည့်အတွက် အရာအားလုံးကို စိုးရိမ်သည့် အလေ့အထ ဖြစ်တည်လာကာ ကျန်းမာရေးကို ထိခိုက်စေပါသည်။ ဤကား အလွန်ပင် မနှစ်မြို့ဖွယ် အခြေအနေတစ်ခု ဖြစ်ပါသည်။

အဓိကမှတ်သားရမည်မှာ ဤအရာအားလုံး၏ အကြောင်းရင်းမှာ ကျွန်ုပ်တို့ကိုယ်တိုင် ရှုပ်ထွေးမှုဟု နားလည်ရေး ဖြစ်ပါသည်။ အချို့သော ပြုမူပုံများကြောင့် ပျော်ရွှင်မည်ဟုလည်းကောင်း အရာရာကို ကျွန်ုပ်တို့ ထိန်းချုပ်နိုင်သည့် သဘောထားက မှန်သည်ဟုလည်းကောင်း ထင်ကြသော်လည်း ထိုအချက်မှာမမှန်ပါ။ ‘‘ဆိုးလိုက်တာ’’ ဟု စဉ်းစားမှုကို ဖြတ်တောက်ကာ ဒါကို အာရုံစိုက်ရပါမည်။

အကျဉ်းချုပ်

ဘဝသစ္စာလေးချက်ကို ပြန်စဉ်းစားသောအခါ ကျွန်ုပ်တို့ ပြဿနာများနှင့် အပျက်သဘော စိတ်ခံစားချက်များသည် ပုံသေမဟုတ်ဘဲ တိုးတက်အောင် ပြုလုပ်ပေးနိုင်သည်ကို မြင်အောင် ကြည့်တတ်လာပါသည်။ ထိုထက်ပို၍ ယင်းတို့ကို ဖယ်ရှားနိုင်ပါသည်။ ဒုက္ခဆင်းရဲ၏ အကြောင်းရင်းများကို ဖြေရှင်းလိုက်သည်နှင့် ထိုဒုက္ခများချုပ်ငြိမ်းပါသည်။ သို့သော် ထိုအကြောင်းရင်းများက အလိုလို ပျောက်မသွားပါ။

ဘဝတွင် ရှင်သန်နေထိုင်နည်းမှာ ကျင့်ဝတ်သီလ၊ စူးစိုက်မှုသမာဓိ၊ ခွဲခြားသိမြင်သော ပညာ စသည့် လေ့ကျင့်မှု သုံးရပ်နှင့် ဆက်စပ်နေထိုင်ရပါသည်။ ၎င်းတို့သည် တစ်ပြိုင်နက် အတူဆောင်ရွက်ကာ ကျွန်ုပ်တို့ အမြဲရှာဖွေနေသော ပျော်ရွှင်ခြင်းဆီသို့ ကျွန်ုပ်တို့ကို ပိုမိုနီးကပ်အောင် ခေါ်ဆောင်သွားပါသည်။

Top