တိဘက်ရှိ မူလသာဝတိဝါဒ သာသနာ သမိုင်းကြောင်း

မူလသာဝတိဝါဒ ဘိက္ခုသာသနာ အစဉ်အဆက်ကို တိဘက်တွင် သုံးကြိမ်တည်ထောင်ခဲ့ပါသော်လည်း မူလသာဝတိဝါဒ ဘိက္ခုဏီ သံဃာကို ဘယ်တာ့မှ အတည်တကျ မတည်ထောင်နိုင်ခဲ့ပါ။ အကျိုးဆက်အားဖြင့် မူလသာဝတိဝါဒ ဝိနယ အစဉ်အလာအတွင်း တိဘက် ဗုဒ္ဓဘာသာ အစဉ်အလာကိုလိုက်သည့် အမျိုးသမီးများနှင့် သာသနာ့ဘောင် ဝင်လိုသူများသည် သရံဏာရိက သို့မဟုတ် သီလရှင်ငယ်များ ဖြစ်လာပါသည်။

မူလသာဝတိဝါဒ ဘိက္ခုသာသနာကို တိဘက်တွင် ပထမဆုံး တည်ထောင်ခဲ့သည်မှာ အိန္ဒိယဆရာတော်ကြီး စန္ဒရတိဿနှင့် သံဃာအပါးသုံးဆယ် ကြွရောက်တော်မူကာ ခရစ်နှစ် ၇၇၅ တွင် သံယယ် (bSam-yas) ကျောင်းတိုက်ကို တည်ထောင်မှုမှ စတင်ခဲ့ပါသည်။ ဤသည်မှာ တိဘက်ဧကရာဇ် ထရီဆုန်ဒက်ဆန် (Khri Srong-lde-btsan) ၏ နာယကပြုမှုကြောင့် ဖြစ်ပါသည်။ သို့သော် အိန္ဒိယ မူလသာဝတိဝါဒ ဘိက္ခုဏီ ဆယ့်နှစ်ပါး ထိုအချိန်က တိဘက်သို့ လာရောက်ခြင်း သို့မဟုတ် တိဘက်အမျိုးသမီးများက နောက်ပိုင်းတွင် အိန္ဒိယသို့ သွားရောက်ကာ အဆင့်မြင့်သာသနာ ခံယူခြင်းတို့ ရှိခဲ့သည့်တိုင် မူလသာဝတိဝါဒ ဘိက္ခုဏီ သာသနာ အစဉ်အဆက်ကို ဤကာလ၌ တိဘက်တွင် မတည်ထောင်ခဲ့ပါ။

ဒွန်ဝှမ် မှတ်တမ်းများတွင် ထိန်းသိမ်းထားသည့် တရုတ်ကျမ်းစာများအရ ဧကရာဇ် ထရီဆုန်ဒက်ဆန်၏ ဒုတိယအဆင့် မိဖုရားတစ်ပါးဖြစ်သော ဒရိုဇာဂျန်ဒရွန် (‘Bro-bza’ Byang-sgron) နှင့် နောက်ထပ် အမျိုးသမီး သုံးဆယ်သည် သံယယ်၌ ဘိက္ခုဏီ သာသနာ ခံယူခဲ့ပါသည်။ သူတို့ သာသနာ့ဘောင် ဝင်ခြင်းကို ခရစ်နှစ် ၇၈၁ ၌ သံယယ်ရှိ ဘာသာပြန်ဗျူရိုသို့ ဖိတ်ကြားထားသည့် တရုတ်လူမျိုး ဘိက္ခုများက အပ်နှင်းပေးခဲ့ပါသည်။ တရုတ်လူမျိုး ထန်ဧကရာဇ် ကျုံးဇုန်က ဓမ္မဂုပတ သာသနာအစဉ်အဆက်ကိုသာ တရုတ်နိုင်ငံတွင် လိုက်နာရမည်ဟု ခရစ်နှစ် ၇၀၉ တွင် အမိန့်ထုတ်ခဲ့သောကြောင့် တိဘက်ရှိ ဘိက္ခုဏီ သာသနာသည် ဓမ္မဂုပတ မျိုးဆက်အစဉ်အလာမှ ဖြစ်ရပါမည်။ ဤသာသနာကို သံဃာတစ်ပါးတည်း စနစ်ဖြင့် အပ်နှင်းခဲ့သည်ဟု ယူဆရပါသည်။ ၎င်း၏မျိုးဆက်အစဉ်အလာသည် သံယယ် ငြင်းခုန်ဆွေးနွေးပွဲ (ခရစ်နှစ် ၇၉၂-၇၉၄) တွင် တရုတ်ဂိုဏ်း ကျရှုံးကာ တိဘက်မှ ထုတ်ပယ်ခံလိုက်ရပြီးနောက် ဆက်လက်မတည်တံ့ခဲ့ပါ။

တိဘက်ဧကရာဇ် ထရီ ရယ်ပါချန် (Khri Ral-pa can, ခရစ်နှစ် ၈၁၅ – ၈၃၆) လက်ထက်တွင် ဧကရာဇ်သည် သာဝတိဝါဒ မူဘောင်အတွင်းမှ မဟုတ်သည့် ဟိနာယာန ကျမ်းစာများကို တိဘက်ဘာသာသို့ မပြန်ဆိုရန် အမိန့်ထုတ်ပြန်ပါသည်။ ထိုအခါ မူလသာဝတိဝါဒမှလွဲ၍ အခြားသာသနာ အစဉ်အဆက်များ တိဘက်သို့ ဝင်ရောက်နိုင်ခြေကို ထိရောက်စွာ တားဆီးလိုက်ပါတော့သည်။

ခရစ်နှစ် ကိုးရာစုအကုန် သို့မဟုတ် ၁၀ ရာစုအစ၌ လန်ဒါမာ ဘုရင်၏ ဗုဒ္ဓဘာသာ ဖိနှိပ်မှုကြောင့် စန္ဒရတိဿထံမှ မူလသာဝတိဝါဒ ဘိက္ခုသာသနာ အစဉ်အဆက်သည် ပျောက်ဆုံးလုနီးပါး ဖြစ်သွားပါသည်။ ကျန်ရှိသည့် မူလသာဝတိဝါဒ ဘိက္ခုသုံးပါးသည် တရုတ်လူမျိုး ဓမ္မဂုပတ ဘိက္ခုနှစ်ပါး အကူအညီဖြင့် ဤဘိက္ခုသာသနာ အစဉ်အဆက်ကို တိဘက် အရှေ့ပိုင်းရှိ ဂွန်ပ-ရာဆယ် (dGongs-pa rab-gsal) ၏သာသနာဖြင့် ပြန်လည်အသက်သွင်းခဲ့ပါသည်။ သို့သော် ထိုစဉ်က မူလသာဝတိဝါဒ ဘိက္ခုဏီသာသနာကို မျိုးဆက်အစဉ်အလာ နှစ်ခု ရောနေသည့် သံဃာတို့ဖြင့် တည်ထောင်ရန် ဓမ္မဂုပတ ဘိက္ခုဏီများ ပါဝင်သည့် မည်သည့် အလားတူ ဆောင်ရွက်မှုမျိုးကမျှ မလိုက်နာခဲ့ပါ။

မူလသာဝတိဝါဒ ဘိက္ခုသာသနာ၏ ဂွန်ပ-ရာဆယ် အစဉ်အဆက်သည် တိဘက်အလယ်ပိုင်းဒေသသို့ ပြန်လည်ရောက်ရှိလာပြီး “အဆင့်နိမ့် တိဘက် ဝိနယ” (sMad-‘dul) အစဉ်အလာဟု ခေါ်ကြပါသည်။ တိဘက် အနောက်ပိုင်း၌မူ ယဲရှေ-ဝို (Ye-shes ‘od) ဘုရင်သည် ခရစ်နှစ် ၁၀ ရာစုအကုန်တွင် သူ့တိုင်းပြည်၌ မူလသာဝတိဝါဒ ဘိက္ခုသာသနာ ထူထောင်ရန် သို့မဟုတ် ပြန်လည်ထူထောင်ရန် အိန္ဒိယကို အားကိုးခဲ့သည်။ ထို့ကြောင့် ဒုတိယမြောက် မူလသာဝတိဝါဒ ဘိက္ခုသာသနာ အစဉ်အဆက် ထူထောင်ရန် အရှေ့အိန္ဒိယ ပညာရှိကြီး ဓမ္မပါလနှင့် သူ၏သာဝကများစွာအား တိဘက် အနောက်ပိုင်းရှိ ဂူဂီ သို့ ဖိတ်ခေါ်ပါသည်။ ဤအစဉ်အဆက်ကို “အဆင့်မြင့် တိဘက် ဝိနယ” (sTod-‘dul) အစဉ်အလာဟု ခေါ်ကြပါသည်။

ဂူဂီ ရာဇဝင်အရ မူလသာဝတိဝါဒ သီလရှင် သာသနာကိုလည်း ထိုကာလ၌ ဂူဂီတွင် တည်ထောင်ခဲ့ပါသည်။ ယဲရှေ-ဝို ဘုရင်၏ သမီးတော် လိုင်မေတော့ (Lha’i me-tog) က ထိုသာသနာ့ဘောင် ဝင်ခဲ့ပါသည်။ သို့သော် ဤသာသနာသည် ဘိက္ခုဏီလား၊ သရံဏာရိက သီလရှင်ငယ်လား မရှင်းလင်းပါ။ ထိုနှစ်မျိုးစလုံးတွင်လည်း မူလသာဝတိဝါဒ ဘိက္ခုဏီများကို သာသနာ့ဘောင် အပ်နှင်းရန် ဂူဂီသို့ ဖတ်ခေါ်ခဲ့သလား ဆိုသည်မှာ မရှင်းလင်းပါ။ ထို့ပြင် မူလသာဝတိဝါဒ ဘိက္ခုဏီသံဃာကို ထိုစဉ်က တိဘက် အနောက်ပိုင်းတွင် အခိုင်အမာ တည်ထောင်ခဲ့သည် ဆိုသော အထောက်အထားလည်း မရှိခဲ့ပါ။

ခရစ်နှစ် ၁၂၀၄ တွင် တိဘက်ဘာသာပြန် ထရိုပု လော့ဆာဝါ (Khro-phu Lo-tsa-ba Byams-pa dpal) သည် နာလန္ဒာကျောင်းတိုက်၏ နောက်ဆုံးပလ္လင်ဆက်ခံသူ အိန္ဒိယဆရာတော် စကြသီရိဘာဒရကို ဂူရစ်မင်းဆက်၏ ဂတ်ဇ် တာ့ခ်လူမျိုးများ ကျူးကျော်မှုကြောင့် ဖျက်စီးခံရမှုမှ လွတ်မြောက်ရန် တိဘက်သို့ ဖိတ်ခေါ်ခဲ့ပါသည်။ တိဘက်တွင် ရှိနေစဉ် စကြသီရိဘာဒရနှင့် နောက်ပါ အိန္ဒိယသံဃာများက စကြာအစဉ်အလာလိုက်နာသူများအား မူလသာဝတိဝါဒ ဘိက္ခု သာသနာကို အပ်နှင်းခဲ့ရာ တိဘက်၌ အဆိုပါသာသနာ စတင်ရောက်ရှိလာပါသည်။ ၎င်းတွင် လက်အောက်ခံ မျိုးရိုးအစဉ်အဆက် နှစ်ခုရှိပြီး တစ်ခုမှာ စကြသီရိဘာဒရ၏ စကြာပဏ္ဍိတ (Sa-skya Pan-di-ta Kun-dga’ rgyal-mtshan) ဖြစ်ပြီး နောက်တစ်ခုမှာ သူနောက်ပိုင်း လေ့ကျင့်ပေးပြီး အဆုံးတွင် စကြာကျောင်းတိုက် အသိုင်းအဝိုင်း (tshogs-pa bzhi) လေးခုကွဲသွားသည့် သံဃာအစု၏ သာသနာမှဖြစ်ပါသည်။ အိန္ဒိယနိုင်ငံ မြောက်ပိုင်းတွင် ခရစ်နှစ် ၁၂ ရာစုလောက်အထိ ဘိက္ခုဏီများ ရှိခဲ့သည့် အထောက်အထား ရှိသော်လည်း မူလသာဝတိဝါဒ ဘိက္ခုဏီများသည် စကြသီရိဘာဒရနှင့်အတူ တိဘက်သို့ လိုက်ပါသွားခြင်း မရှိပါ။ ထို့ကြောင့် မူလသာဝတိဝါဒ ဘိက္ခုဏီ သာသနာ အစဉ်အဆက်ကို မူလသာဝတိဝါဒ ဘိက္ခု သာသနာ အစဉ်အဆက် သုံးခုထဲမှ တစ်ခုခုနှင့်အတူ တိဘက်သို့ အတူတကွ လွှဲပြောင်းခဲ့ခြင်း လုံးဝမရှိပါ။

စကြသီရိဘာဒရ ကြွရောက်ပြီး နောက်ပိုင်း ရာစုနှစ်များတွင် မူလသာဝတိဝါဒ ဘိက္ခုဏီ သာသနာကို တိဘက်တွင် တည်ထောင်ရန် အနည်းဆုံး တစ်ကြိမ် ကြိုးစားခဲ့သော်လည်း မအောင်မြင်ခဲ့ပါ။ ခရစ်နှစ် ၁၅ ရာစု အစောပိုင်းတွင် စကြာဆရာတော် စကြာချိုဒွန် (Sha-kya mchog-ldan) သည် မူလသာဝတိဝါဒ ဘိက္ခုဏီ သာသနာတစ်ရပ်ကို သူ့မယ်တော် တစ်ဦးတည်းအတွက် သီးသန့် ပေးအပ်ပါသည်။ သို့သော် နောက်ထပ် ခေတ်ပြိုင် စကြာဆရာတော် ဂိုရွမ်ပ (Go-ram-pa bSod-nams seng-ge) သည် ဤသာသနာအပ်နှင်းခြင်း၏ စစ်မှန်မှုကို အပြင်းအထန် ဝေဖန်သည့်အတွက် ယင်း၏အကျိုးဆက်အားဖြင့် ထိုသာသနာသည် ရပ်တန့်သွားခဲ့ပါသတည်း။

Top