တည်ငြိမ်မှုရရှိအောင် ဝင်လေထွက်လေ တရားရှုမှတ်ခြင်း

တည်ငြိမ်မှုရရှိအောင် အစဉ်အလာအရ ဗုဒ္ဓဘာသာနည်းလမ်းမှာ ဝင်လေထွက်လေကို အာရုံစိုက်ခြင်း ဖြစ်ပါသည်။ ဗုဒ္ဓဘာသာ သင်ကြားရာတွင် အသက်ရှုသော နည်းလမ်းများစွာ ရှိသလို အသက်ရှူလေ့ကျင့်ခန်း အမျိုးမျိုးလည်း ရှိပါသည်။ ယင်းတို့အားလုံးအနက် ကျွန်ုပ်နှင့် ရင်းနှီးသည်မှာ ပါးစပ်ဖြင့်မဟုတ်ဘဲ နှာခေါင်းဖြင့် အသက်ရှုခြင်းနှင့် အားပြင်းပြင်းရှူခြင်း မဟုတ်ဘဲ နူးညံ့စွာ သဘာဝအတိုင်း ရှူခြင်း ဖြစ်ပါသည်။

ဤနည်းလမ်းအချို့တွင် ဝင်လေကို ထိန်းထားပြီး အချို့တွင် ထိုသို့မထိန်းထားပါ။ တစ်ခါတစ်ရံ ဝင်လေတွင် ထိန်းထားပြီး တစ်ခါတစ်ရံ ထွက်လေကို ခဏရပ်ထားပါသည်။ ယင်းတို့အားလုံးသည် ကျွန်ုပ်တို့ အသက်ရှူနည်းဖြစ်သည့် အသက်ရှူ လေ့ကျင့်ခန်း၏ တကယ့်ရည်ရွယ်ချက်ပေါ်တွင် မူတည်ပါသည်။

တည်ငြိမ်စေရန်အတွက် ဝင်လေ၊ ထွက်လေ စက်ဝန်းကို အသုံးပြုသည်မှာ အစဉ်အလာနည်းလမ်း ဖြစ်ပါသည်။ ထို့ပြင် ထွက်လေကို ခဏထိန်းထားနိုင်ပါသည်။ အကြောင်းမှာ ဝင်လေကို အားမစိုက်ဘဲ ပိုမိုနက်ရှိုင်းစွာ သဘာဝကျကျ ရှူနိုင်သောကြောင့် ဖြစ်ပါသည်။ ဤသို့ အရိုးရှင်းဆုံး တည်ငြိမ်စေနည်းတွင် ကျွန်ုပ်တို့သည် ဝင်လေကို မထိန်းထားပါ။ သို့သော် ထိုသို့ဝင်လေကို ထိန်းထားသည့် အခြားနည်းများ ရှိပါသည်။ ထို့ပြင် ဤစက်ဝန်းကို အသုံးပြုရသည့် ရည်ရွယ်ချက်လည်း ရှိပါသည်။ ဤသို့ ဝင်လေထွက်လေ စက်ဝန်းကို အသုံးပြုရာတွင် အကြောင်းရင်းများစွာ ရှိသော်လည်း ဤနေရာတွင် အဓိကရည်ရွယ်ချက်မှာ ကျွန်ုပ်တို့၏အတွေးများကို တည်ငြိမ်စေလိုပါက ပိုမိုစူးစိုက်ရန် လိုအပ်ပါသည်။ ဤသို့ ရေတွက်နည်းသည် လူအများစုက ဝင်လေထွက်လေ စက်ဝန်းကို ယူဆလေ့ရှိသည့် နည်းလမ်းနှင့် ခြားနားသောကြောင့် ဖြစ်ပါသည်။ ထို့ပြင် ၎င်းသည် ပိုပြီး စူးစိုက်မှုနှင့် အာရုံစိုက်မှုတို့ လိုအပ်သောကြောင့် အခြားအတွေးများ မပျံ့လွင့်အောင် ကူညီပြီး စိတ်ကိုတည်ငြိမ်စေပါသည်။

ဤသည်မှာ အစဉ်အလာနည်းလမ်း ဖြစ်ပါသည်။ သို့သော် ကျွန်ုပ်၏အတွေ့အကြုံအရ အနောက်တိုင်းသားများသည် အထူးသဖြင့် တရားလာနာသောအခါ အလွန်စိတ်ဖိစီးသော နေ့တစ်နေ့ကို ဖြတ်သန်းလာရပါသည်။ သူတို့သည် အလွန်ဖိအားများသော အလုပ်များကို ကြိုးစားလုပ်ကိုင်နေသူများ ဖြစ်ပါသည်။ ထို့ပြင် ညနေခင်း တရားဟောကြားသည့် နေရာသို့ ရောက်ရှိအောင် ယာဉ်ကြောပိတ်ခြင်းကိုလည်း ဖြေရှင်းရပါသည်။ အိန္ဒိယ သို့မဟုတ် တိဘက်မှ အစဉ်အလာ ဗုဒ္ဓဘာသာဝင်များအကြောင်း ပြောလျှင်ဖြစ်စေ၊ သင်ကမနက်စောစောထပြီး တရားထိုင်သောအချိန်မျိုးတွင် ဖြစ်စေ ထိုကိစ္စများ မပါဝင်ပါ။ ထို့ကြောင့် စိတ်ဖိစီးနေသော အနောက်တိုင်းသား တစ်ယောက် ဗုဒ္ဓဘာသာစင်တာသို့ ရောက်လာသောအခါ အသက်ရှူခြင်းကို ပထမဆုံး အာရုံစိုက်ခိုင်းပါက ပုံမှန်ဆောင်ရွက်မှုနှင့် အတော်လေး ခြားနားပါသည်။ သူတို့သည် စိတ်ဖိစီးမှု ဖြစ်နေပါက ထိုသို့ပြုလုပ်သည်မှာ စိတ်ရှုပ်ထွေးစေသည့်အတွက် သူတို့၏ စိတ်ဖိစီးမှုကို ပိုဆိုးစေတတ်ပါသည်။

ပထမဆုံးအကြိမ် အသက်ရှူ လေ့ကျင့်ခန်း၏ ရည်ရွယ်ချက်သည် တည်ငြိမ်စေရန် ဖြစ်ပါသည်။ ထို့ကြောင့် စိတ်ဖိစီးသော နောက်ကြောင်းရှိသည့် အနောက်တိုင်းသား ကျင့်ကြံသူများကို အကြံပေးသည်မှာ ရှူထုတ်ပြီး ခဏနားကာ ပြန်ရှူသွင်း ခြင်းသည် သူတို့အတွက် ရှုပ်ထွေးစေပြီး ပိုမိုဖိစီးစေပါက မူလရည်ရွယ်ချက် ပျောက်သွားပါသည်။ ထို့ကြောင့် ဤပုံစံမျိုးဖြင့် ထိုနည်းကို အတင်းအကျပ် ပြုလုပ်ခိုင်းစရာ မလိုပါ။ ထိုအခြေအနေတွင် ကျွန်ုပ်အကြံပြုသည်မှာ သူတို့သည် ထိုစက်ဝန်းကို အစဉ်အလာအတိုင်း ရှုမှတ်ရသည်မှာ စိတ်ဖိစီးပါက ထိုစက်ဝန်းကို အနောက်တိုင်းနည်းဖြင့် ကြည့်သည့်နည်းကို အသုံးပြုနိုင်ပါသည်။ ယင်းမှာ အသက် ရှူသွင်းပြီး ခဏမနားဘဲ ပြန်ရှူထုတ်ကာ ထိုစက်ဝန်းကို ရေတွက်နိုင်ပါသည်။
ကျွန်ုပ်တို့စိတ်သည် အလွန်ပျံ့လွင့်နေပါက တည်ငြိမ်စေရန်အတွက် အသက်ရှူမှု စက်ဝန်းကို အာရုံစိုက်ကာ ရေတွက်နိုင်ပါသည်။ ပျံ့လွင့်မှု မရှိပါက သို့မဟုတ် အတော်လေး တည်ငြိမ်ပြီး အသင့်ဖြစ်နေပါက ရေတွက်စရာ မလိုပါ။

တစ်နည်းဆိုရလျှင် အစဉ်အလာ ဓမ္မနည်းလမ်းအတိုင်း လိုက်နာကာ ကျွန်ုပ်တို့ အသုံးပြုနိုင်သော နည်းလမ်းသုံးခု ရှိပါသည်။ လူတစ်ဦး၏ အခြေအနေပေါ် မူတည်ကာ မိမိကိုယ်ကို အကဲဖြတ်ပြီးနောက် နည်းလမ်းအမျိုးမျိုးကို အသုံးပြုနိုင်ပါသည်။ ထို့ကြောင့်

  • ကျွန်ုပ်တို့သည် အလွန်စိတ်ဖိစီးနေပါက ပုံမှန်အနောက်တိုင်းပုံစံဖြင့် ရှူသွင်းမှုနှင့် ရှူထုတ်မှုကို တစ်ကြိမ် ရေတွက်နိုင်ပါသည်။
  • အလွန်စိတ်ဖိစီးခြင်း မရှိသော်လည်း စိတ်သည် အာရုံစိုက်၍ မရပါက အစဉ်အလာ ရေတွက်မှုပုံစံဖြင့် ရှူထုတ်ကာ ခဏနားပြီး ပြန်ရှူသွင်းမှုကို ပြုလုပ်နိုင်ပါသည်။
  • အတော်လေး စိတ်တည်ငြိမ်နေပါက ရေတွက်စရာမလိုပါ။ ဝင်လေထွက်လေကိုသာ အာရုံစိုက်နေလိုက်ပါ။

ဤနည်းလမ်းသုံးခုကို အသုံးချရာတွင် ကျွန်ုပ်တို့ သတိပြုမိသည်မှာ မိမိကိုယ်ကို သတိရှိရန်နှင့် သင့်တော်သောနည်းကို အသုံးချရန် လိုအပ်ပါသည်။ ဗုဒ္ဓဘာသာ တရားတော်များ၏ ကောင်းသည့်အချက်မှာ နည်းလမ်းမျိုးစုံရှိခြင်း ဖြစ်ပါသည်။ ထို့ကြောင့် ရည်မှန်းချက် တစ်ခု အောင်မြင်ရန် နည်းလမ်းများစွာ ရှိနေတတ်ပါသည်။ သိမှုလေ့ကျင့်ရာတွင်လည်း ဤအချက်က အလွန်အထောက်အကူ ပြုပါသည်။ သတ်မှတ်အချိန်တစ်ခုတွင် ကျွန်ုပ်တို့ တကယ့်စိတ်ခံစားချက် အခြေအနေအဖြစ် ကျွန်ုပ်တို့သည် သိမှု ရှိရန် လိုပါသည်။ ထို့နောက် တစ်ခုခုအောင်မြင်ရန် နည်းလမ်းများစွာ လေ့လာထားကာ သင့်တော်သောတစ်နည်းကို အသုံးချပါသည်။ ထို့နောက် အလုပ်မဖြစ်ပါက နောက်တစ်နည်း ကြိုးစားကြည့်ပါသည်။ ထို့ကြောင့် တည်ငြိမ်စေမည့် ဤနည်းလမ်းသုံးခုထဲမှ တစ်ခုခုဖြင့် အသက်ရှူမှုကို အာရုံစိုက်ကြပါစို့။

[တရားရှုမှတ်ခြင်း]

ဤသို့ တည်ငြိမ်စေရေး ကနဦးအဆင့်တွင် မျက်စိနှင့်ပတ်သက်၍ မျက်စိဖွင့်ထားနိုင်ပါသည်။ သို့မဟုတ် ကြမ်းပြင်ကို ငုံ့ကြည်နေနိုင်သလို မျက်စိမှိတ်ထား၍လည်း ရပါသည်။ ဤနှစ်နည်းစလုံးကို ဘုရားရှင် ဟောကြားထားပါသည်။ ဗုဒ္ဓဘာသာ တရားတော်များတွင် အဓိက ဂိုဏ်းနှစ်ဂိုဏ်း ရှိပါသည်။ ထေရဝါဒ အစဉ်အလာသည် မျက်စိမှိတ်ပြီး တရားရှုမှတ်လေ့ ရှိပါသည်။ နောက်တစ်ဂိုဏ်းဖြစ်သည့် မဟာယာန အစဉ်အလာတွင် မျက်စိဖွင့်ထားလေ့ ရှိပြီး နှာသီးဖျား သို့မဟုတ် ကြမ်းပြင်ဆီသို့ ငုံ့ကြည့်နေရပါသည်။ သို့သော် နှာသီးဖျားကို ဦးတည်ကာ ကြမ်းပြင်ဆီသို့ ငုံ့ကြည့်နေပါက မျက်စိသည် ထက်မြက်စွာ အာရုံမစိုက်နိုင်ဘဲ လျော့လျဲမှု ဖြစ်နေပါသည်။

ထို့ကြောင့် ကျွန်ုပ်တို့သည် မိမိကိုယ်ကို သတိရှိဖို့လိုပါသည်။ သို့သော် အလွန်စိတ်ဖိစီးပြီး မတည်မငြိမ် ဖြစ်နေပါက မျက်စိမှိတ်ပြီး တရားရှုမှတ်လျှင် ပိုမိုလွယ်ကူပါသည်။ သို့သော် အနည်းငယ် တည်ငြိမ်နေပါက ကြမ်းပြင်ဆီ စိုက်ကြည့်ကာ မျက်လုံးဖွင့်ထားလျှင် ပိုကောင်းပါသည်။ အကြောင်းမှာ မျက်စိမှိတ်ပြီး လောကကြီးကို မျက်ကွယ်ပြုထားသည့် အနေနှင့် မတည်ငြိမ်လိုခြင်းကြောင်း ဖြစ်ပါသည်။ လောကနှင့် ဆက်သွယ်ကာ အခြားသူများနှင့် ဆက်ဆံရာတွင် တည်ငြိမ် ပြေလျော့စေလိုပါသည်။ ထို့ကြောင့် မျက်စိဖွင့်ပြီးရှုမှတ်ခြင်းသည် ထိုပုံစံအတွက် အကျိုးပြုပါသည်။

နောက်တစ်ဆင့်မှာ မိမိ၏ စိတ်ဓာတ်စေ့ဆော်မှုကို အတည်ပြုရန် ဖြစ်ပါသည်။ ဤသည်မှာ ကျွန်ုပ်တို့ သင်တန်းလာတက်ခြင်း သို့မဟုတ် တရားရှုမှတ်ခြင်း အတွက် စိတ်ခံစားချက် အကြောင်းပြချက်များ သို့မဟုတ် စိတ်ပိုင်းဆိုင်ရာ အကြောင်းပြချက်များကို အတည်ပြုခြင်းဟု တစ်ခါတစ်ရံ ထင်မိတတ်ပါသည်။ ကျွန်ုပ်ဘာကြောင့် ယခုလို ဆောင်ရွက်ပါသနည်း။ အပြစ်ရှိသောကြောင့်လား။ အုပ်စုဖိအားကြောင့် ဆောင်ရွက်ပါသလား။ လူမှုရေး အခမ်းအနားကဲ့သို့၊ အုပ်စုကို တွယ်တာမှုကြောင့် သို့မဟုတ် ဆွဲဆောင်မှုရှိသော ခေါင်းဆောင်ထံမှ စွမ်းအင်ရရှိရန် “ဓမ္မနှစ်သက်သူ” ကဲ့သို့ ဆောင်ရွက်ပါသလား။ သို့မဟုတ် ဆရာသမားကို နှစ်သက်သည့်အတွက် တွယ်တာမှုကြောင့် ရောက်လာပါသလား။ ဤအချက်များကို ဗုဒ္ဓဘာသာ ချဉ်းကပ်မှုတွင် အလေးထား မပြောကြားပါ။ ဤသည်မှာ အနောက်တိုင်း ချဉ်းကပ်မှု ဖြစ်ပြီး အသုံးတော့ ဝင်ပါသည်။

သို့သော် အစဉ်အလာ ဗုဒ္ဓဘာသာ ချဉ်းကပ်မှုတွင် စိတ်ဓာတ်စေ့ဆော်မှု အတည်ပြုသည်ဟု ပြောသောအခါ ကျွန်ုပ်တို့၏ ရည်မှန်းချက်ကို အတည်ပြုသည်ဟု ဆိုလိုပါသည်။ ဗုဒ္ဓဘာသာဝင်တို့၏ စေ့ဆော်မှုသည် ရည်မှန်းချက်တစ်မျိုးပင် ဖြစ်ပါသည်။ တစ်နည်းဆိုသော် ယခုဤနေရာသို့ လာရောက်ပြီး ဆောင်ရွက်သည့်အရာ၊ ရည်မှန်းချက်၊ ရည်ရွယ်ချက် ဖြစ်ပါသည်။ ဤအချက်ကို ယခုဤနေရာသို့ လာရောက်ရသည့် ဖြစ်နိုင်သော ရည်မှန်းချက် သုံးရပ်ဖြင့် သင့်တော်သလို စဉ်းစားနိုင်ပါသည်။ ထို့ပြင် မိမိကိုယ်ကို သတိရှိရန်နှင့် မိမိကိုယ်ကိုလည်းကောင်း၊ မိမိရည်မှန်းချက်နှင့် ရည်ရွယ်ချက်ကို လည်းကောင်း ရိုးသားရန် လိုပါသည်။ မိမိကိုယ်ကို ဗုဒ္ဓဘာသာဝင် အဖြစ် သတ်မှတ်ထားသူ တစ်ယောက်က “ခံစားချက်ရှိသော သက်ရှိအားလုံးကို အကျိုးပြုရန် ဉာဏ်အလင်းရရှိလိုသောကြောင့် ယခုလိုဆောင်ရွက်သည်” ဟု  အလွယ်တကူ ပြောလိုက်နိုင်ပါသည်။ ယင်းမှာ စကားလုံးအနေနှင့်သာ ဖြစ်ပါသည်။

ဘုရားဖြစ်ရန် အမှန်တကယ် ဆိုလိုသောအချက်ကို တကယ်နားမလည်ဘဲ၊ စကြဝဠာထဲတွင် အင်းဆက်ပိုးမွှား တစ်ကောင်အဖြစ် ထိန်းချုပ်မရစွာ ပြန်လည်မွေးဖွားမှုမှ ရိုးသားစွာ လွတ်မြောက်လိုခြင်း မရှိဘဲ “သတ္တဝါအားလုံးကို ကယ်တင်နိုင်အောင် ဉာဏ်အလင်းရရှိလိုသည်” ဟု ပြောနေရုံဖြင့် အဓိပ္ပာယ် မရှိပါ။ ထို့ပြင် ကျွန်ုပ်တို့၏ တကယ့် ရည်မှန်းချက်ကို လက်တွေ့ကျပြီး ရိုးသားပါက များစွာပို၍ထိရောက်ပါသည်။ ထို့ကြောင့် သင့်တော်သော ရည်မှန်းချက် သုံးရပ် ရှိပါသည်။ တစ်ခုမှာ ကျွန်ုပ်တို့သည် ယခုဘဝတွင် ကျွန်ုပ်တို့၏ ဆက်ဆံရေးများ ပိုကောင်းအောင် ကြိုးစားခြင်း နှင့်သာ သက်ဆိုင်ပြီး ထိုအတွက်ကြောင့် ဤသင်တန်းသို့ ဗုဒ္ဓဘာသာ နည်းလမ်းများက အကြံပြုသည့် ကုထုံးတစ်ခုကဲ့သို့ သဘောထားကာ လာရောက်လေ့ကျင့်ပါသည်။

သို့မဟုတ် အကျဉ်းချုပ်ဓမ္မ ရှုထောင့်မှနေ၍ “ယခုဘဝတွင် ကျွန်ုပ်၏ ဆက်ဆံရေးများ တိုးတက်အောင် ယခုလို ဆောင်ရွက်ပါသည်။ သို့သော် ဤသည်မှာ လွတ်မြောက်မှုနှင့် ဉာဏ်အလင်းရရှိမှုအတွက် လမ်းကြောင်းတွင် အဆင့် တစ်ဆင့်သာ ဖြစ်သည်ဟု ရှုမြင်ပါသည်” ဟု ဤအချက်ကို ချဉ်းကပ်နိုင်ပါသည်။ သို့တည်းမဟုတ် တကယ့် လက်တွေ့ဓမ္မ အနေနှင့်လည်း “ဤသင်တန်းကို အမှန်တကယ် လွတ်မြောက်မှုနှင့် ဉာဏ်အလင်းရရှိမှု တို့အတွက် အဆင့်တစ်ဆင့် အနေနှင့် တက်ရောက်ပါသည်” ဟူ၍ ဆောင်ရွက်နိုင်ပါသည်။ ထို့ကြောင့် မိမိ၏ တကယ့် ရည်မှန်းချက် သို့မဟုတ် ရည်ရွယ်ချက်သည် မည်သို့ဖြစ်စေကာမူ ထိုသို့အတည်ပြုလိုက်ရပါသည်။ မိမိရည်ရွယ်ချက်ကို ရိုးသားမှု ရှိပါက ထိုအတွက် အားစိုက်ရန် ပိုမိုလွယ်ကူပါသည်။ ထိုသို့မဟုတ်ဘဲ မိမိရည်ရွယ်ချက်ကို မရိုးသားပါက ကျွန်ုပ်တို့ဆောင်ရွက်သမျှသည် ဂိမ်းတစ်ခုလို ဖြစ်လာပါသည်။

ထို့နောက် စူးစိုက်ပြီး နာယူရန် သိစိတ်ဖြင့်ဆုံးဖြတ်ချက် ချရပါသည်။ စူးစိုက်မှုမရှိဘဲ ပျံ့လွင့်နေပါက ပြန်လည် ဆွဲယူပါသည်။ အိပ်ငိုက်လာပါက မိမိဘာသာ ပြန်လည်နိုးထရပါသည်။ ပိုပြီး စူးစိုက်ရန်အတွက် ဖြစ်နိုင်လျှင် ကိုယ်နေဟန်ထားကို ဖြောင့်ဖြောင့်မတ်မတ် ထိုင်ရန် ပြုပြင်ပါ။ တောင့်တင်းမနေရပါ။ ထို့ပြင် စွမ်းအင် နည်းပါးနေပါက မြှင့်တင်နိုင်ရန်အတွက် မျက်ခုံးနှစ်ခုကြား နေရာကို အာရုံစိုက်ရပါသည်။ ဦးခေါင်းကို ရေပြင်ညီထားကာ မျက်လုံးကို အပေါ်သို့ ကြည့်နေပါ။ ထို့ပြင် အနည်းငယ် စိုးရိမ် တင်းကျပ်နေပါက စွမ်းအင်များ တည်ငြိမ်အောင် ချက်ကို အာရုံစိုက်ရပါသည်။ မျက်စိက အောက်ဘက်သို့ ကြည့်ကာ ဦးခေါင်းကို ရေပြင်ညီ ထားပါ။ ပုံမှန်အတိုင်း အသက်ရှူကာ ဝင်လေကို ထိန်းထားပြီး ထွက်လေကို ရှူထုတ်ပါသည်။

စူးစိုက်ရန်အတွက် သိစိတ်ဖြင့် ဆုံးဖြတ်ခြင်း သို့မဟုတ် ရည်မှန်းခြင်းသည် စူးစိုက်မှု ရရှိနည်းအပေါ် အရှင်မေတ္တယ ၏ ညွှန်ကြားချက်မှ တိုက်ရိုက် လာပါသည်။ မျက်ခုံးနှစ်ခုကြားနှင့် ချက် နေရာကိ စူးစိုက်သည့် စွမ်းအင်များ အတိုးအလျှော့ ပြုလုပ်ခြင်းသည် ကာလချက္ကရာ တရားတော်မှ လာပါသည်။ ဤနေရာတွင် စုပေါင်းထားသော အစိတ်အပိုင်းများနှင့် တစ်ပုံစံတည်း စုပေါင်းထားသည့် အစဉ်အလာ ဗုဒ္ဓဘာသာဆိုင်ရာ အကြိုပြင်ဆင်မှုများ မရှိသော်လည်း ယင်းတို့ အားလုံးသည် ဗုဒ္ဓဘာသာ တရားတော်များမှ လာပါသည်။ သို့သော် ဤပုံစံဖြင့် ကြိုတင် ပေါင်းစုထားသည်မှာ အနောက်တိုင်းသား အများစုသည် တရားနာယူရန် လာရာတွင် အလွန်စိတ်ဖိစီးသည်ကို ကျွန်ုပ်ကြုံတွေ့ရသဖြင့် ဤအကြိုပြင်ဆင်မှုများက ထိုသို့မဖြစ်အောင် ဖြေရှင်းလိုက်ပါသည်။ ကျွန်ုပ်တို့၏ အလွန်ဖိအားများသော ဘဝများနှင့် ကိုက်ညီစေမည့် အကြိုပြင်ဆင်မှုများ သတ်မှတ်ရန် လိုပါသည်။

Top