အကြမ်းမဖက်ရေး နည်းလမ်းအကြောင်း

အကြမ်းမဖက်ခြင်းသည် ပဋိပက္ခများ ဖြေရှင်းပြီး ငြိမ်းချမ်းရေး ရရှိရန် လက်တွေ့ကျသော နည်းလမ်းဖြစ်ပါသည်။ ဤသည်မှာ ကရုဏာသည် အခြေခံ လူ့သဘာဝ ဖြစ်သည်ဆိုသော သိပ္ပံတွေ့ရှိချက်နှင့်လည်း ကိုက်ညီပါသည်။ ပြီးခဲ့သော ရာစုနှစ်များ၏ သမိုင်းကြောင်းကို လေ့လာပါက အကြမ်းဖက်မှုကြောင့် ပိုပြီးအမုန်းပွားကာ ပိုပြီး အပျက်သဘော စိတ်ခံစားချက်များ ပေါ်ပေါက်စေပါသည်။ အကြမ်းဖက်မှုကို အကြမ်းဖက်မှုဖြင့် တန်ပြန်ပါက အပြုသဘော သက်ရောက်မှု မရှိပါ။ အကြမ်းဖက်မှုသည် မှန်ကန်သော နည်းလမ်းမဟုတ်ကြောင်း ဥရောပတွင် ခေါင်းဆောင်များ သဘောပေါက်ခဲ့ပါသည်။ သူတို့သည် ကျယ်ကျယ်ပြန့်ပြန့် စဉ်းစားကာ ဒုတိယကမ္ဘာစစ်အပြီးတွင် ဥရောပ သမဂ္ဂကို ဖွဲ့စည်းခဲ့ပါသည်။ ပထမကမ္ဘာစစ်နှင့် ဒုတိယကမ္ဘာစစ်အတွင်း ပြင်သစ်နှင့် ဂျာမနီတို့ ရန်သူဖြစ်ခဲ့ပုံကို ကျွန်ုပ်မကြာခဏ ပြောပါသည်။ ကျွန်ုပ်၏သူငယ်ချင်း ကွမ်တမ် ရူပဗေဒ သင်ကြားသူ ကားလ်ခရိုင်းဒရစ် ဗွန်ဝီဆာခါသည် သူ့အသက် ၉၀ တွင် ကျွန်ုပ်တို့ကို ပြောသည်မှာ သူငယ်စဉ်က ဂျာမန်များသည် ပြင်သစ်အားလုံးကို ရန်သူဟု ယူဆကြောင်း၊ ပြင်သစ်များကလည်း ထိုနည်းတူစွာ ဂျာမန်အားလုံးကို သဘောထားကြောင်း ပြောသည်။ သို့သော် ယခုအခါ ထိုသဘောထားများ လုံးဝပြောင်းလဲခဲ့ပါပြီ။

လူတို့သည် ပို၍အတွေ့အကြုံ ရှိလာသည်နှင့်အမျှ အကြမ်းဖက်မှုသည် ခေတ်မမီတော့ကြောင်း သဘောပေါက်လာ ပါသည်။ အကြမ်းဖက်မှုသည် “ငါတို့” နှင့် “သင်တို့” ဆိုသည့် အယူအဆပေါ်တွင် အခိုင်အမာ မူတည်ပြီး ထိုမှသည် ခိုက်ရန်ဖြစ်ပွားပါသည်။ သို့သော် အိမ်နီးချင်းအားလုံးကို အသိုင်းအဝိုင်း တစ်ခုကဲ့သို့ ယူဆကာ သူတို့သည် ဥရောပသမဂ္ဂကို စတင်ခဲ့ပါသည်။ ဥရောပသမဂ္ဂ စတင်ချိန်မှစကာ ဥရောပတွင် စစ်ဖြစ်စေမည့် အန္တရာယ် သို့မဟုတ် မသင့်မြတ်မှုများ မရှိတော့ကြောင်း ကျွန်ုပ်အမြဲ ပြောပါသည်။ ဥရောပသမဂ္ဂသာ မရှိပါက ယခုဆိုလျှင် ပြင်းထန်သော ပြဿနာအချို့ ပေါ်ပေါက်ခဲ့ပြီးလောက်ပါပြီ။ သို့သော် လူတို့သည် အကြမ်းမဖက်သော အခြေခံ လူ့သဘာဝနှင့် လိုက်လျောညီထွေ ဖြစ်လာပါပြီ။

လူတို့၏ အတွေးသည် ၂၀ ရာစု အစနှင့် အဆုံးကြားတွင် များစွာပြောင်းလဲခဲ့ပါပြီ။ ဥပမာအားဖြင့် ပိုလန်နိုင်ငံမှ ပေါင်းစည်းရေး လှုပ်ရှားမှုကိုကြည့်ပါ။ ရုရှားစစ်သား ၂၀၀၀၀၀ ထိုနေရာတွင် ရှိသော်လည်း လူတို့သည် အကြမ်းမဖက်သော နည်းလမ်းများဖြင့် ဒေါသကို တိုက်ထုတ်ရန် ဆုံးဖြတ်ထားပါသည်။ ယင်းတို့မှာ ဤတိုက်ကြီးပေါ်ရှိ လူတို့သည် အကြမ်းဖက်မှုကြောင့် များစွာခံစားခဲ့ရပြီးနောက် အကြမ်းမဖက်မှုသည် အကောင်းဆုံးနည်းလမ်း ဖြစ်သည်ကို သဘောပေါက်ခဲ့ပြီဆိုသည့် ရှင်းလင်းသော ပြညွှန်ချက်များ ဖြစ်ပါသည်။

ရုရှားနိုင်ငံသည် ဥရောပသမဂ္ဂထဲသို့ ဝင်စေလိုပါသည်။ လက်တင်အမေရိကနှင့် အာဖရိကတွင်လည်း အီးယူကဲ့သို့ အလားတူ စိတ်ထားမျိုး ရှိမည်ထင်ပါသည်။ အာဖရိကတွင် နိုင်ငံပေါင်းများစွာ ပါဝင်သောကြောင့် မြောက်အာဖရိကနှင့် စတင်နိုင်ပြီး ထို့နောက် ဗဟို၊ အရှေ့၊ အနောက်နှင့် တောင်အာဖရိကတို့ထံ ချဲ့ထွင်နိုင်ပါသည်။ ထို့နောက် တစ်ကမ္ဘာလုံး ဖြစ်ပါသည်။ နောက်ဆုံးတွင် ကျွန်ုပ်တို့ ရည်မှန်းချက်သည် တစ်ကမ္ဘာလုံး သမဂ္ဂတစ်ခု ဖြစ်သင့်ပါသည်။ ဖြစ်နိုင်သည်ဟုလည်း ထင်ပါသည်။ ဤကား ကျွန်ုပ်၏အိပ်မက် ဖြစ်ပါသည်။

အိန္ဒိယနိုင်ငံသည် နမူနာကောင်း ဖြစ်ပါသည်။ အိန္ဒိယသည် မြောက်၊ ဗဟို၊ အရှေ့၊ အနောက်နှင့် တောင်ပိုင်းတို့၏ သမဂ္ဂတစ်ခု ဖြစ်ပါသည်။ ပြည်နယ်အားလုံးသည် နိုင်ငံအသီးသီးနှင့် တူပြီး ကိုယ်ပိုင် ဘာသာစကားနှင့် စာအရေးအသား ရှိပါသည်။ သို့သော် သူတို့သည် တစ်စုတစ်စည်းတည်း ဖြစ်သည်။ ကျွန်ုပ်၏ မဖြစ်နိုင်သော အိပ်မက်တစ်ခုကား အိန္ဒိယ၊ တရုတ်နှင့် ဂျပန်နိုင်ငံတို့သည် တစ်နေ့နေ့တွင် သမဂ္ဂ ဖွဲ့စည်းကြပါမည်။ သမဂ္ဂ ဆိုသည့်အယူအဆသည် အကြမ်းမဖက်ရေးတွင် အခြေခံပါသည်။

ယခုရာစုနှစ်သည် တွေ့ဆုံဆွေးနွေးရေး ရာစုနှစ် ဖြစ်သင့်ပါသည်။ အကျိုးစီးပွား မတူညီမှုများ ရှိသောအခါ လက်နက်ဖြင့် မဟုတ်ဘဲ တွေ့ဆုံဆွေးနွေးမှုဖြင့် ဖြေရှင်းသင့်ပါသည်။ ပထမဦးစွာ နျူကလီးယား ပယ်ဖျက်ရေး ရှိရမည်။ ယင်းမှာ အလွန်အရေးကြီးပါသည်။ နိုဘယ်ဆုရှင်များ အစည်းအဝေးတွင် နျူကလီးယား ပယ်ဖျက်ရေးအကြောင်း ဆွေးနွေးခဲ့ပါသည်။ ထိုအစည်းအဝေးသည် တောင်အာဖရိကတွင် ကျင်းပရန် ဆိုသော်လည်း ထိုနိုင်ငံအစိုးရတွင် အခက်အခဲများကြောင့် ရောမသို့ ပြောင်းရွှေ့ကျင်းပခဲ့ပါသည်။ ထိုစဉ်က ကျွန်ုပ်သည် ထိုအတွက် အချိန်ဇယား သတ်မှတ်ကာ နျူကလီးယား လက်နက်ပိုင်ဆိုင်သော နိုင်ငံများကို ထိန်းချုပ်သင့်ကြောင်း အကြံပြုခဲ့ပါသည်။ သို့သော် ဘာမှ ဖြစ်မလာခဲ့ပါ။ “နျူကလီးယား ဖျက်သိမ်းရေး” သည် အလွန် နားထောင်ကောင်းသော်လည်း တိကျသော အချိန်ဇယား မရှိပါက သိပ်ထိရောက်နိုင်မည် မဟုတ်ပါ။ ထို့နောက် တစ်ကမ္ဘာလုံး လှုပ်ရှားမှုဖြင့်ဆိုလျှင် အောင်မြင်နိုင်ပါမည်။ ထို့နောက်တွင် ဖျက်ဆီးရေး လက်နက်အားလုံး၊ ထို့နောက် ကာကွယ်ရေး လက်နက်အားလုံးကို ဖယ်ရှားရပါမည်။ ငြိမ်းချမ်းသော ကမ္ဘာကြီး ဖြစ်ရန်အတွက် စစ်ရေးလျှော့ချမှု တစ်ဆင့်ပြီးတစ်ဆင့် ဆောင်ရွက်ရန် လိုအပ်ပါသည်။

ပြင်ပငြိမ်းချမ်းရေး ရရှိရန်အတွက် အတွင်းစိတ်အဆင့်ကို အလေးထားရန် လိုပါသည်။ လောဘ၊ ဒေါသ၊ မနာလိုမှုများစွာ ရှိနေပါသည်။ ထို့ကြောင့် ပြင်ပ လက်နက်ချမှုနှင့် အတွင်းစိတ် လက်နက်ချမှု နှစ်ခုစလုံး အတူတကွ လိုအပ်ပါသည်။ အတွင်းစိတ် လက်နက်ချမှုသည် အသိပညာပေးခြင်းဖြင့် ဆောင်ရွက်ပါသည်။ ပိုပြီး ကရုဏာရှိသော စိတ်နှင့်ဆိုလျှင် ခန္ဓာကိုယ် ကျန်းမာရေးလည်း ပိုကောင်းလာပါသည်။

ဤအချက်နှင့် ဆက်စပ်၍ ပြုံးရန်လည်း အရေးကြီးပါသည်။ လူတို့သည် မျက်မှောင်ကြုတ်ပြီး တင်းမာသော မျက်နှာထက် ပြုံးရွှင်သော မျက်နှာကို မြင်တွေ့လိုကြပါသည်။ ကလေးများနှင့် ခွေးများသည်ပင်လျှင် ပြုံးခြင်းကို နှစ်သက်ပါသည်။ ခွေးတစ်ကောင်ကို ပြုံးပြသောအခါ အမြီးနန့်ပါသည်။ ခွေးကို အစာကျွေးကာ အလွန်တင်းမာသော မျက်နှာထား ရှိပါက ခွေးသည် အစာစားပြီးနောက် ထွက်သွားပါလိမ့်မည်။

လူမှုရေး သတ္တဝါများတွင် သူတို့၏ ရှင်သန်မှုသည် ကျန်အသိုင်းအဝိုင်းပေါ်တွင် မူတည်သည့်အတွက် လူမှုရေး အလေးထားမှု ရှိပါသည်။ ကျွန်ုပ်တို့သည် လူမှုရေး သတ္တဝါများ ဖြစ်သလို တစ်လောကလုံးသည် ကျွန်ုပ်တို့၏ အသိုင်းအဝိုင်း ဖြစ်ပါသည်။ ဤသို့တွေးတောပါက အခြားသူများကို လေးစားရန်လိုပါသည်။ ထိုအခါ အမြင်မတူခြင်းများ၊ အကျိုးစီးပွား ကွဲပြားမှုများ ရှိလျှင်လည်း ဆက်လက်ဆောင်ရွက်ရန် သဘောတူညီမှုအချို့ ရရှိနိုင်ပါသည်။
 
ပထမဦးစွာ ကျွန်ုပ်တို့၏ ညီအစ်ကို မောင်နှမများဖြစ်သည့် အခြားသူများ၏ အခွင့်အရေးကို လေးစားရန် လိုပါသည်။ ကြိုက်သည်ဖြစ်စေ၊ မကြိုက်သည်ဖြစ်စေ ကျွန်ုပ်တို့အားလုံး ဤကမ္ဘာပေါ်တွင် အတူတကွ နေထိုင်ရပါမည်။ ဥရောပသမဂ္ဂတွင် အရှေ့နှင့် အနောက်သည် တစ်ဦးအပေါ်တစ်ဦး မှီခိုကာ တောင်နှင့်မြောက်သည်လည်း တစ်ဦးအပေါ်တစ်ဦး မှီခိုပါသည်။ အားလုံး၏ အနာဂတ်သည် အခြားသူ တစ်ဦးချင်းအပေါ်တွင် မူတည်ပါသည်။ ကမ္ဘာ့စီးပွားရေးအတွက် နိုင်ငံနယ်နိမိတ်များသည် သိပ်အရေးမပါတော့ပါ။

ကမ္ဘာကြီး ပူနွေးလာမှုသည် အလေးထားရမည့် ပြဿနာတစ်ခု ဖြစ်ပါသည်။ ဆက်လက်ဖြစ်ပွားနေပါက ကမ္ဘာပေါ်တွင် လေးနက်သော အခက်အခဲများ ရှိလာပါမည်။ ကျွန်ုပ်သည် သံဃာတစ်ပါးဖြစ်သည့်အတွက် သားသမီး မရှိပါ။ သို့သော် သင်တို့သည် မိဘ ဘိုးဘွားများ ဖြစ်သည့်အတွက် သင်တို့၏ သားသမီးမြေးမြစ်များအပေါ် တာဝန်ရှိပါသည်။ ထို့ကြောင့် ကမ္ဘာကြီး ပူနွေးလာမှုကို အလေးအနက် ထားကြပါ။

ထို့ပြင် ကမ္ဘာ့လူဦးရေသည် တိုးပွားလာနေပါသည်။ ကျွန်ုပ် အိန္ဒိယနိုင်ငံသို့ ရောက်ရှိစဉ်က သန်းခြောက်ထောင် ရှိပါသည်။ ယခုအခါ သန်းခုနစ်ထောင် ဖြစ်ပါသည်။ သိပ္ပံပညာရှင်များက ဤရာစုနှစ် အကုန်တွင် သန်းတစ်သောင်း ရှိလာမည်ဟု ဆိုပါသည်။ ထို့ကြောင့် သဘာဝပတ်ဝန်းကျင်နှင့် လူမှု အသိုင်းအဝိုင်းထဲမှ အားလုံး၏ ကျန်းမာရေးကို တွေးတောကြပါ။

အကြမ်းမဖက်ရေးသည် ပြဿနာများ ဖြေရှင်းရန် တစ်ခုတည်းသော နည်းလမ်းဖြစ်ပါသည်။ အိန္ဒိယနိုင်ငံတွင် အကြမ်းမဖက်ရေးနှင့် လောကီကျင့်ဝတ် ရှေးခေတ်ဒဿနများကို ပြန်လည်ထွန်းကားအောင် ကျွန်ုပ်ကြိုးစားနေပါသည်။ အိန္ဒိယသည် အကြမ်းမဖက်ရေးဝါဒ၏ မူလအစ ဖြစ်ပါသည်။ နှစ်ပေါင်း ၃၀၀၀ ကျော် ဘာသာရေး ညီညွတ်မှု ရှိထားပါသည်။ အိန္ဒိယနိုင်ငံမှ မူစလင်များသည် အာဖဂန်နစ္စတန်၊ ဆီးရီးယား စသည်တို့မှ သူတို့၏ ဆွန်နီနှင့် ရှီးယိုက် မိတ်ဆွေများကို ကူညီရမည်ဟု ကျွန်ုပ်အကြံပြုခဲ့ပါသည်။ အိန္ဒိယနိုင်ငံတွင် ဆွန်နီနှင့် ရှီးယိုက်အကြား ပြဿနာများ မရှိပါ။ အိန္ဒိယနိုင်ငံတွင် ဟိန္ဒူ၊ မွတ်စလင်၊ ခရစ်ယာန်၊ ပါစီ စသူတို့ ညီညွတ်စွာ နေထိုင်ပါသည်။ ထိုကဲ့သို့သော ဘာသာရေး ညီညွတ်မှုကို လူသိများအောင် ကျွန်ုပ်ဆောင်ရွက်လျှက် ရှိပါသည်။

ရုပ်ဝတ္ထုပစ္စည်းပေါ်တွင်လည်း များစွာ အလေးထားမှု ရှိနေပါသည်။ အိန္ဒိယနိုင်ငံတွင် ခေတ်သစ် ရုပ်ပိုင်းဆိုင်ရာ ပညာရေးနှင့် အကြမ်းမဖက်ရေး၊ ကျင့်ဝတ်တာဝန်ယူမှုနှင့် စိတ်ခံစားချက် အသိပညာစသည့် ရှေးဟောင်း အစဉ်အလာများကို ပေါင်းစပ်ရ လွယ်ကူပါသည်။ စိတ်ခံစားချက်များနှင့် ပတ်သက်ပြီး ရှေးခေတ်အစဉ်အလာများ ပြန်လည်ထွန်းကားအောင် အိန္ဒိယနိုင်ငံကို ကူညီရန် ကျွန်ုပ်အပြည့်အဝ သန္နိဋ္ဌာန်ချထားပါသည်။ ယခုအခါ ထိုနိုင်ငံတွင် ဗုဒ္ဓဘာသာဝင် သန်း ၄၀၀ ကျော် ရှိပါသည်။ အိန္ဒိယနှင့် တရုတ်နိုင်ငံ ပေါင်းလိုက်လျှင် လူဦးရေ အလွန်များပါသည်။
 
အလုပ်အကိုင် အမျိုးမျိုးကို အသုံးပြုကာ ငြိမ်းချမ်းပြီး ကရုဏာတရား ရှိသော ကမ္ဘာတစ်ခုကို တစ်ဆင့်ပြီးတစ်ဆင့် တည်ဆောက်သွားနိုင်ပါသည်။ ထို့နောက် ၂၁ ရာစု၏ ဒုတိယ ထက်ဝက်သည် ပို၍ငြိမ်းချမ်းလာရန် ဖြစ်နိုင်ပါသည်။ ကျွန်ုပ်သည် ယခု ၈၄ နှစ် ရှိပြီဖြစ်ရာ နောက်ဆယ်နှစ်၊ နှစ်နှစ်ဆယ်ဆိုလျှင် “ဘိုင့်ဘိုင်” ဟု နှုတ်ဆက်ချိန် ရောက်လာပါမည်။ သို့သော် ကျွန်ုပ်တို့သည် မျှော်မှန်းချက်နှင့် လက်တွေ့ နည်းလမ်းများဖြင့် ယခုပဲ စတင်ရပါမည်။ ဤမျှသာပါပဲ။ ကျေးဇူးတင်ပါသည်။

Top