ဘဝကို ရင်ဆိုင်ဖြေရှင်းရန် ဗုဒ္ဓဘာသာဆိုင်ရာ နည်းလမ်းများ

နေ့စဉ်ဘဝတွင် ကျွန်ုပ်တို့ကို အကျိုးပြုသည့် ဗုဒ္ဓဘာသာဝင်တို့၏ နည်းလမ်းများ အသုံးပြုပုံအကြောင်းကို ယခု ညနေခင်းတွင် ဟောပြောပါမည်။ ဗုဒ္ဓဘာသာနည်းလမ်း သို့မဟုတ် ဗုဒ္ဓဘာသာ တရားတော်များအကြောင်း ပြောသောအခါ သက္ကတဘာသာဖြင့် “ဓမ္မ” ဆိုသည့် စကားလုံး ကိုဆိုလိုပါသည်။ “ဓမ္မ” ဆိုသည့်စကားလုံး၏ တကယ့်အဓိပ္ပာယ်ကို လေ့လာပါက “ကျွန်ုပ်တို့ကို ထိန်းကွပ်ပေးသောအရာ” ဟု ဆိုလိုပါသည်။ ဓမ္မဆိုသည်မှာ ကျွန်ုပ်တို့ကို ဆင်းရဲဒုက္ခနှင့် ပြဿနာများ မကြုံတွေ့အောင် ထိန်းချုပ်ကာကွယ်ပေးသောအရာ ဖြစ်ပါသည်။

သစ္စာလေးပါး

ဘုရားရှင်က ပထမဆုံး ဟောကြားခဲ့သည်မှာ “သစ္စာလေးပါး” ဖြစ်ပါသည်။ ဆိုလိုသည်မှာ အဆင့်မြင့် သိမြင် သဘောပေါက်ပြီးသူများနှင့် အမှန်တရားကို နားလည်သူများက စစ်မှန်သည်ဟု နားလည်သော အချက်လေးချက် ရှိပါသည်။ ထိုလေးချက်မှာ-

  • ကျွန်ုပ်တို့အားလုံး ရင်ဆိုင်ရသည့် စစ်မှန်သော ပြဿနာများ။
  • ၎င်းတို့၏ စစ်မှန်သော အကြောင်းရင်းများ။
  • ၎င်းပြဿနာများ ထပ်မဖြစ်အောင် စစ်မှန်သော ရပ်တန့်မှု ရှိပါက ဖြစ်လာမည့် အခြေအနေ။
  • ကျွန်ုပ်တို့၏ ပြဿနာအားလုံးကို ရပ်တန့်စေမည့် နားလည်သဘောပေါက်မှု၊ ဆောင်ရွက်မှု စသည့် နည်းလမ်း။

ကျွန်ုပ်တို့၏ စစ်မှန်သော ပြဿနာများ

ဗုဒ္ဓဘာသာတွင် ပြဿနာများနှင့် ယင်းတို့ကို ဖြေရှင်းပုံအကြောင်း များစွာပြောထားပါသည်။ တကယ်တော့ ဗုဒ္ဓဘာသာ တရားတော်အားလုံးသည် ကျွန်ုပ်တို့ကို ဘဝအခက်အခဲများ ကျော်လွှားနိုင်အောင် ကူညီရန် ရည်ရွယ်ထားပါသည်။ ဤချဉ်းကပ်မှုသည် အလွန်ကျိုးကြောင်းဆီလျော်ပြီး လက်တွေ့ကျပါသည်။ မည်သည့်ပြဿနာ ရှိသည်ဖြစ်စေ အားလုံးသည် အကြောင်းတရားများမှ ပေါ်ထွက်လာပါသည်။ ထို့ကြောင့် ကျွန်ုပ်တို့ ရင်ဆိုင်နေရသော အခက်အခဲများကို မြင်နိုင်ရန် မိမိကိုယ်ကို အလွန်ရိုးသားစွာနှင့် နက်ရှိုင်းစွာ လေ့လာရပါမည်။ ကျွန်ုပ်တို့အများစုအတွက် ယင်းမှာ သိပ်မလွယ်ကူလှပါ။ မိမိဘဝ၏ အခက်အခဲများကို သိရှိအောင် အမှန်တကယ် လေ့လာရသည်မှာ အတော်လေး နာကျင်ပါသည်။ လူအများစုက ငြင်းဆန်ကြပါသည်။ အဆင်မပြေသော ဆက်ဆံရေးကဲ့သို့ သူတို့မှာ ပြဿနာရှိသည်ကို ဝန်မခံလိုကြပါ။ သို့သော် မပျော်ရွှင်မှုကို ခံစားကြရပါသည်။ သို့သော် “ငါသည် မပျော်ရွှင်ပါ” ဆိုသောအဆင့်တွင် ထား၍မရပါ။ တကယ့်ပြဿနာကို နက်နဲစွာ လေ့လာရန်လိုပါသည်။

ကျွန်ုပ်တို့ ပြဿနာများ၏ စစ်မှန်သော အကြောင်းရင်းများ

ထို့နောက် ကျွန်ုပ်တို့ပြဿနာများ၏ အကြောင်းရင်းများကို လေ့လာန် လိုပါသည်။ ပြဿနာများသည် အလိုလို ပေါ်ထွက်လာသည် မဟုတ်ပါ။ အကြောင်းတရား ရှိရပါမည်။ မနှစ်မြို့ဖွယ် အခြေအနေတစ်ခု ဖြစ်လာရာတွင် ပါဝင်ပတ်သက်သော အချက်များသည် အဆင့်ဆင့်ရှိသည်မှာ သေချာပါသည်။ ဥပမာအားဖြင့် ဆက်ဆံရေးတစ်ခုတွင် ပုဂ္ဂိုလ်ရေး ပဋိပက္ခများ ရှိပါက ငွေကြေးမလုံလောက်မှုကဲ့သို့ စီးပွားရေး ပြဿနာများ၊ ကလေးများနှင့် ပြဿနာများ သို့မဟုတ် အခြားဆွေမျိုးများနှင့် ပြဿနာများ သည့် နောက်ထပ်ရှုပ်ထွေးစေသော အချက်များ ရှိနိုင်ပါသည်။ ပြဿနာဖြစ်စေသော အခြေအနေအားလုံး ဖြစ်နိုင်ပါသည်။ သို့သော် ဘုရားရှင်က ကျွန်ုပ်တို့သည် မိမိတို့ပြဿနာ၏ အနက်ရှိုင်းဆုံး အကြောင်းတရားကို ရှာဖွေရန် ပိုမိုနက်ရှိုင်းစွာ လေ့လာရမည်ဟု ဆိုပါသည်။ မိမိတို့ပြဿနာ၏ အနက်ရှိုင်းဆုံး အကြောင်းတရားမှာ အမှန်တရားကို ရှုပ်ထွေးနေမှု ဖြစ်ပါသည်။

ကျွန်ုပ်တို့သည် မပျော်ရွှင်မှု၊ နာကျင်မှုတို့ ရှိနေပါသည်။ ယင်းတို့သည် အကြောင်းရင်း တစ်ခုခုမှ ပေါ်ထွက်လာပါသည်။ ဥပမာအားဖြင့် ကျွန်ုပ်တို့သည် ဒေါသစသည်တို့ဖြင့် အလွန်အနှောင့်အယှက်ဖြစ်သော နည်းဖြင့် ပြုမူနေနိုင်ပါသည်။ ဒေါသထွက်နေသူ မှန်သမျှ ဝမ်းနည်းရေသည် မဟုတ်ပါလား။ ထို့ကြောင့် ဤနေရာတွင် ဒေါသသည် ကျွန်ုပ်တို့ကို မပျော်ရွှင်မှု ဖြစ်စေပြီး ဒေါသကို တစ်နည်းနည်းဖြင့် ဖယ်ရှားရမည်ဟု အသိအမှတ်ပြုရန် လိုပါသည်။

ကျွန်ုပ်တို့ကို မပျော်ရွှင်စေသော ပြဿနာသည် အမြဲတမ်း စိုးရိမ်ပူပန်နေ၍လည်း ဖြစ်နိုင်ပါသည်။ စိုးရိမ်မှုသည် အလွန်ပင် မနှစ်မြို့ဖွယ် စိတ်အခြေအနေဖြစ်ပါသည်။ မည်သူမျှ စိတ်ညစ်နေစဉ် မပျော်ရွှင်ဘူး မဟုတ်လား။ အိန္ဒိယ ဗုဒ္ဓဘာသာ ဆရာတော်ကြီး ရှန်တီဒေဝက သင်သည် တစ်ခုခုကို ပြောင်းလဲနိုင်သည့် ခက်ခဲသောအခြေအနေတွင် ရှိနေပါက ဘာကြောင့် စိုးရိမ်နေမည်နည်း။ ပြောင်းလဲလိုက်ပါ။ စိုးရိမ်နေရုံဖြင့် အကျိုးမရှိပါ။ ထို့ပြင် ယင်းကို သင်ပြောင်းလဲ၍ မရပါကလည်း ဘာကြောင့် စိုးရိမ်မည်နည်း။ ယင်းသည်လည်း အထောက်အကူ မပြုပါ။ ထို့ကြောင့် စိုးရိမ်ခြင်း၏ အသုံးမဝင်မှုအကြောင်းကို ကျွန်ုပ်တို့ ရှုပ်ထွေးနေပါသည်။ ထို့ကြောင့် ဆက်လက်စိုးရိမ်နေပါသည်။ စိုးရိမ်နေ၍ အကျိုးမရှိပါ ဆိုသည်မှာ အဓိကအချက် ဖြစ်ပါသည်။

ထိုအခါ နောက်ထပ် ပြဿနာတစ်ဆင့် ရှိလာပါသည်။ ထိုပြဿနာမှာ ဘယ်တော့မှ စိတ်ကျေနပ်မှု မရှိခြင်းဖြစ်သည်။ ကျွန်ုပ်တို့သည် ပျော်ရွှင်ဖွယ် အချိန်များကို ကြုံရသော်လည်း ကံမကောင်းသည်မှာ ထိုအချိန်များသည် ထာဝရ မတည်တံ့ပါ။ အမြဲတမ်း ထပ်လိုချင်နေပါသည်။ စိတ်ကျေနပ်မှု လုံးဝမရှိပါ။ မိမိအနှစ်သက်ဆုံး အစားအသောက်ကို တစ်ကြိမ်သာ စားရသည်ကို စိတ်ကျေနပ်မှု မရှိခြင်းမျိုး ဖြစ်ပါသည်။ ထပ်ခါထပ်ခါ စားချင်နေပါသည်။ ထို့ပြင် တစ်ကြိမ်တည်းနှင့် အများကြီးစားပါက အစပိုင်းတွင် ရရှိသည့် ပျော်ရွှင်မှုသည် ဗိုက်အောင့်ဗိုက်နာ အဖြစ်သို့ ပြောင်းသွားပါသည်။ ထို့ကြောင့် ဤပျော်ရွှင်မှုမျိုးအတွက် ကျွန်ုပ်တို့ အနည်းငယ် ရှုပ်ထွေးနေပါသည်။ အရှိအတိုင်း တွေ့ကြုံခံစားကာ တာရှည် မတည်တံ့သည့်အတွက် ကျေနပ်မှု လုံးဝမရှိသည်ကို သဘောပေါက်ရမည့်အစား ၎င်းကို တွယ်တာမိပါသည်။ ထိုပျော်ရွှင်မှု ဆုံးရှုံးရသောအခါ မပျော်မရွှင် ဖြစ်လာပါသည်။

ဤသည်မှာ ချစ်ခင်သော သူငယ်ချင်း သို့မဟုတ် ချစ်ရသူတစ်ယောက်နှင့် အတူရှိပြီးနောက် သူတို့ထွက်ခွာသွားသည်နှင့် တူပါသည်။ သူတို့သည် တစ်ချိန်ချိန်တွင် ထွက်သွားမှာ သေချာပါသည်။ ထို့ကြောင့် အတူရှိချိန်ကို ပျော်ရွှင်ခံစားရန် လိုပါသည်။ ကျွန်ုပ်တို့ မကြာခဏ အသုံးပြုသည့် အလွန်လှပသော နမူနာတစ်ခု ရှိပါသည်။ ကျွန်ုပ်တို့ အလွန်ချစ်ခင်သူ တစ်ယောက် ဘဝထဲ ဝင်လာသောအခါ အိမ်ပြတင်းပေါက်သို့ ကျေးငှက်တစ်ကောင် လာနားသည်နှင့် တူပါသည်။ ပြတင်းပေါက်တွင် ကျေးငှက်ကလေး လာနားသောအခါ ထိုငှက်ကလေး ရှိနေသည့်အလှကို ခံစားနိုင်ပါသည်။ ခဏကြာသော် ထိုငှက်သည် လွတ်လပ်သည့်အတွက် အဝေးသို့ ပျံသွားမည်ဖြစ်ပါသည်။ ကျွန်ုပ်တို့သည် အလွန်နူးညံ့ သိမ်မွေ့ပါက နောက်တစ်ခါ ပြန်လာနားနိုင်ပါသည်။ သို့သော် ငှက်ကိုဖမ်းပြီး လှောင်အိမ်ထဲထည့်ထားပါက ငှက်သည် အလွန်ပင် မပျော်ရွှင်တော့ဘဲ သေချင်စိတ်ပေါက်လာနိုင်ပါသည်။ ထို့အတူ ကျွန်ုပ်တို့ဘဝထဲသို့ အခြားသူများ ဝင်လာခြင်းသည် ဤလှပသော ကျေးငှက်ကလေးနှင့် တူပါသည်။ အကောင်းဆုံး ဆောင်ရွက်ရန်မှာ သူတို့နှင့်အတူ ရှိချိန်ကို ပျော်ရွှင်ခံစားရန် ဖြစ်ပါသည်။ အချိန်အတိုင်းအတာ တစ်ခုခုကြာလျှင် အကြောင်းတစ်ခုခုကြောင့် သူတို့ထွက်သွားမည် ဖြစ်ပါသည်။ ထိုအချက်ကို အေးအေးဆေးဆေး တည်ငြိမ်မှုရှိပြီး “ထွက်မသွားပါနဲ့။ မင်းမရှိရင် မနေနိုင်လို့ပါ” စသည်ဖြင့် တောင်းဆိုမှုများ မပြုလုပ်ပါက သူတို့နောက်ထပ် ပြန်လာဖို့များပါသည်။ ထိုသို့မဟုတ်ဘဲ သူတို့ကို တွယ်တာမှုဖြင့် တောင်းဆိုမှုများပြုပါက သူတို့ကို မောင်းထုတ်လိုက်ပါလိမ့်မည်။

ကျွန်ုပ်တို့ဘဝတွင် သာမန် ပျော်ရွှင်မှုနှင့် သာယာမှုတို့၏ သဘောသဘာဝကို ရှုပ်ထွေးနေသောအခါ ပြဿနာများ ရှိလာပါသည်။ ရနေသည့် ပျော်စရာအချိန်များကိုပင် မခံစားနိုင်တော့ပါ။ ယင်းတို့ကို ဆုံးရှုံးသွားမည်ကို စိုးရိမ်ကြောက်ရွံ့ နေသောကြောင့် ဖြစ်ပါသည်။ အစာတစ်ခွက်နှင့် ခွေးတစ်ကောင်လို ဖြစ်နေပါသည်။ ခွေးသည် အစာစားနေသော်လည်း ဘေးဘီကိုကြည့်ပြီး မည်သူမျှ အစာခွက်ကို လာမယူအောင် မာန်ဖီနေပါသည်။ ကျွန်ုပ်တို့သည် တစ်ခါတစ်ရံ ရှိနေသော အရာကို ခံစားကာ ကုန်သွားသောအခါ ပြီးပြီဟု လက်ခံရမည့်အစား အလားတူ ဖြစ်တတ်သည် မဟုတ်ပါလား။ သို့သော် ပြောသလောက် မလွယ်ကူပါ။ ရိုးရှင်းသည်ဟုပင် မဆိုနိုင်ပါ။ သို့သော် ဘဝတွင် အရာရာကို ခြားနားသော ရှုမြင်ပုံအတွက် လေ့ကျင့်မှုနှင့် အသားကျမှုတို့ လိုအပ်ပါသည်။

ကျွန်ုပ်တို့ပြဿနာများ၏ စစ်မှန်သော ရပ်တန့်ခြင်း

ဗုဒ္ဓမြတ်စွာက ကျွန်ုပ်တို့၏ ပြဿနာများကို ထာဝရ ရပ်တန့်ပစ်နိုင်ပြီး ထိုသို့ပြုလုပ်ရန်နည်းလမ်းမှာ အကြောင်းရင်းများကို ဖယ်ရှားရန်ဖြစ်သည်ဟု မိန့်ခဲ့ပါသည်။ ယင်းမှာ အလွန်ကျိုးကြောင်းဆီလျော်ပြီး အလွန်ယုတ္တိကျသော နည်းလမ်း ဖြစ်ပါသည်။ လောင်စာကို ဖယ်ရှားလိုက်ပါက မီးတောက် မရှိတော့ပါ။ ဤပြဿနာများကို နောက်တစ်ကြိမ် ထပ်မပေါ်လာအောင် ဖယ်ရှားနိုင်သည်ဟု ဗုဒ္ဓမြတ်စွာက ဟောကြားခဲ့ပါသည်။

ကျွန်ုပ်တို့သည် ဤပြဿနာများမှ ယာယီလွတ်မြောက်မှုနှင့်သာ ကျေနပ်လိုခြင်း မဟုတ်ပါ။ ယင်းမှာ အိပ်နေသည်နှင့် ဆင်တူပါသည်။ အိပ်နေသောအခါ ခက်ခဲသော ဆက်ဆံရေး၏ ပြဿနာများ မရှိဘူးမဟုတ်ပါလား။ ထို့ကြောင့် ယင်းမှာ အဖြေမဟုတ်ပါ။ နိုးထလာသောအခါ ပြဿနာ ရှိနေသည့်အတွက် ဖြစ်ပါသည်။ ယင်းမှာ တစ်နေရာသို့ အားလပ်ရက် ခရီးသွားသော်လည်း အိမ်ပြန်လာသောအခါ ပြဿနာများ ဆီးကြိုနေသည်နှင့် အလားသဏ္ဌာန် တူပါသည်။ ထို့ကြောင့် အားလပ်ရက်သည် အကောင်းဆုံးအဖြေ၊ အနက်ရှိုင်းဆုံး တာရှည်ခံသည် အဖြေ မဟုတ်ပါ။

ထို့ပြင် တိတ်တိတ်နေပြီး ပြဿနာများကို လက်ခံကာ ပြဿနာနှင့်အတူ နေထိုင်ရမည်ဟု ဘုရားရှင်က မပြောထားပါ။ ထိုသို့နေခြင်းမှာလည်း အဖြေကောင်းတစ်ခု မဟုတ်ပါ။ ထိုသို့ဆိုပါက အကူအညီမဲ့သည်ဟု ခံစားလာရပြီး ဘာမှ မတတ်နိုင်တော့သည့်အတွက် လက်လျှော့လိုက်ခြင်း၊ မကြိုးစားတော့ခြင်း ဖြစ်သွားပါမည်။ ကျွန်ုပ်တို့၏ ပြဿနာများကို ကြိုးစားကျော်လွှားရန် အထူးအရေးကြီးပါသည်။ တိုးတက်မှု သိပ်မရှိလျှင်ပင် အနည်းဆုံးတော့ ကြိုးစားသည်ဟု ခံစားရပါသည်။

ကျွန်ုပ်တို့၏ ပြဿနာများကို ရပ်တန့်နည်းများ

သို့သော် ဤပြဿနာများကို စစ်မှန်သော ရပ်တန့်မှု၊ အမှန်တကယ် အဆုံးသတ်မှု ရရှိလိုပါက ဘုရားရှင် ဟောကြား ထားသည့် စတုတ္ထအချက် ရှိပါသည်။ ယင်းမှာ ကျွန်ုပ်တို့သည် နည်းလမ်းအချို့ကို လိုက်နာရန်နှင့် အနက်ရှိုင်းဆုံး အကြောင်းတရားဖြစ်သည့် ကျွန်ုပ်တို့၏ ရှုပ်ထွေးမှုကိုဖယ်ရှားနိုင်အောင် မှန်ကန်သော နားလည်သဘောပေါက်မှုအချို့ ရှိရန် ဖြစ်ပါသည်။ သို့သော် အမြဲတမ်း မမှတ်မိနိုင်ပါက ကောင်းစွာနားလည်ရုံနှင့် မလုံလောက်ပါ။ ထို့ကြောင့် စူးစိုက်မှုရှိရန် လိုပါသည်။ သို့သော် ထိုနားလည်မှုကို အမှတ်ရပြီး ဆက်လက်အာရုံစိုက်နိုင်ရန် စူးစိုက်မှုအတွက် ကျင့်ဝတ်သီလ လိုအပ်ပါသည်။ ထို့ကြောင့် ကျွန်ုပ်တို့ပြဿနာများကို တားဆီးရန် ယေဘုယျ ဗုဒ္ဓဘာသာ နည်းလမ်းများသည် သီလ၊ သမာဓိနှင့် ပညာ (“ဉာဏ်ပညာ” ဟုခေါ်လေ့ရှိသည်) အတိုင်း လိုက်နာဆောင်ရွက်ပါသည်။

ထို့ပြင် ကျွန်ုပ်တို့ပြဿနာများ၏ အကြီးမားဆုံး အကြောင်းရင်းတစ်ခုမှာ ကျွန်ုပ်တို့၏ တစ်ကိုယ်ကောင်းဆန်မှု ဖြစ်ပါသည်။ ကျွန်ုပ်တို့၏ တစ်ကိုယ်ကောင်းဆန်မှု အများစုသည် အမှန်တရားကို ရှုပ်ထွေးမှုတွင် အခြေခံပါသည်။ အကြောင်းမှာ လောကတွင် ကျွန်ုပ်တို့ တစ်ဦးတည်းသာ ရှိသကဲ့သို့ တစ်နည်းနည်းဖြင့် ထင်မြင်နေသောကြောင့် ဖြစ်ပါသည်။ အခြားသူများ တည်ရှိသည်ကို ဝန်ခံပါကလည်း ကျွန်ုပ်တို့သည်သာ စကြဝဠာတွင် အရေးအကြီးဆုံး၊ စကြဝဠာ၏ အလယ်ဗဟို ဖြစ်နေသည်ဟု ထင်နေပါသည်။ ထိုသို့လွဲမှားယူဆသောကြောင့် “ငါက အမြဲတမ်း ငါ့ပုံစံအတိုင်း ရှိရမယ်။ ငါလိုချင်တာ အမြဲ ရရမယ်” ဟု တွေးပြီး ကိုယ့်သဘောအတိုင်း မဖြစ်ပါက အလွန်မပျော်မရွှင် ဖြစ်လာပါသည်။

သို့သော် ဤနည်းဖြင့် မိမိနှင့်ပတ်သက်၍ ဘာမှ မထူးခြားသည့်အတွက် အမှန်တရားကို ရှုပ်ထွေးသော ရှုမြင်မှု ဖြစ်နေပါသည်။ အားလုံးသည် ပျော်ရွှင်လိုပြီး မည်သူမျှ မပျော်ရွှင်မှုကို အလိုမရှိခြင်းတွင် ကျွန်ုပ်တို့အားလုံး တူညီပါသည်။ အားလုံးသည် မိမိလိုချင်တာ ရရှိလိုပြီး မည်သူမျှ လိုချင်တာ မရရှိခြင်းမျိုးကို အလိုမရှိကြပါ။ ထို့ပြင် ကျွန်ုပ်တို့သည် အတူတကွ ရှင်သန်နေသည့်အတွက် တစ်နည်းနည်းဖြင့် အတူတကွ နေထိုင်ရပါသည်။ ထို့ကြောင့် အခြားသူများအပေါ် မေတ္တာ၊ ကရုဏာနှင့် ထည့်သွင်းစဉ်းစားမှုများ ရှိရပါမည်။ ပြဿနာများ ကျော်လွှားရန် သို့မဟုတ် ပြဿနာများ တားဆီးရန် နည်းလမ်းအဖြစ် ပရဟိတစိတ် လိုအပ်ပါသည်။ အခြားသူများက မိမိကို ကူညီစေချင်သလိုပင် သူတို့ကလည်း မိမိ အကူအညီကို လိုချင်ပါသည်။

အနှောင့်အယှက်ပေးသော စိတ်ခံစားချက်များကို ဖြေရှင်းခြင်း

လူတိုင်းသည် သူတော်စင် သို့မဟုတ် ဘုရားလောင်း မဟုတ်သည်မှာ မှန်ပါသည်။ လူတိုင်းသည် ရှုပ်ထွေးမှု တစ်ခုခုတော့ ရှိနေပါသည်။ ရှုပ်ထွေးနေသည့်အတွက် အနှောင့်အယှက်ပေးသော စိတ်ခံစားချက်များ၏ လွှမ်းမိုးမှုဖြင့် တုံ့ပြန်ပါသည်။ ဥပမာအားဖြင့် ကျွန်ုပ်သည် စကြဝဠာ၏ အလယ်ဗဟို ဖြစ်ပြီး အရေးအကြီးဆုံး ဖြစ်သည်ဟု ထင်ပါသည်။ ယင်းနှင့် တွဲပြီး မလုံခြုံမှုကို ခံစားရသည်မဟုတ်ပါလား။ ရှုပ်ထွေးနေသောအခါ မလုံခြုံဘဲ “ငါသည် အရေးအကြီးဆုံး ဖြစ်သော်လည်း လူတို့က ထိုကဲ့သို့ သဘောမထားကြပါလား” ဟု တွေးပါသည်။ ထို့ကြောင့် မလုံခြုံမှု ရှိနေပါသည်။

ကျွန်ုပ်တို့သည် မလုံခြုံသောအခါ ပိုပြီးလုံခြုံသည်ဟု ခံစားရအောင် မည်သည့် မဟာဗျူဟာများကို အသုံးချရမည်နည်း။ မဟာဗျူဟာ တစ်ခုမှာ “ငါ့ထံတွင် ဥစ္စာပစ္စည်း အလုံအလောက် ရှိပါက လုံခြုံမှု ခံစားရပါမည်။ လုံလောက်သော ငွေကြေး သို့မဟုတ် အာရုံစိုက်မှု သို့မဟုတ် ချစ်ခင်မှု ရရှိပါက တစ်နည်းနည်းဖြင့် ပျော်ရွှင်ပါမည်” ဟု တွေးရန်ဖြစ်သည်။ သို့သော် ထိုအခါတွင်လည်း ဤပျော်ရွှင်မှုမျိုး၏ သဘောသဘာဝသည် ဘယ်တော့မှ မလုံလောက်ပါ။ ကျွန်ုပ်တို့သည် စိတ်ကျေနပ်မှုမရှိဘဲ အမြဲထပ်လိုချင်နေပါသည်။

ထိုသို့တွေးကြည့်လျှင် အဓိပ္ပာယ် ရှိပါသည်။ ကျွန်ုပ်တို့သည် မိမိ၏ချစ်သူက “ချစ်တယ်” ဟု တစ်ကြိမ်သာ ပြောစေလိုပါသလား။ ထိုသို့ တစ်ကြိမ်သာ ပြော၍ လုံလောက်ပြီး နောက်ထပ်တစ်ကြိမ် လုံးဝထပ်မပြောတော့ဘူးလား။ ထိုအတွက် ကျွန်ုပ်တို့သည် လုံခြုံမှု မခံစားရပါ။ အထပ်ထပ် ကြားချင်နေသည်သာ မဟုတ်ပါလား။ ထို့ပြင် “အင်း၊ ဒါကို ထပ်ပြောဖို့ မလိုတော့ဘူး။ သိပါတယ်” ဟု ပြောရမည့် အချိန်သို့ ဘယ်တော့မှ ရောက်မည် မဟုတ်ပါ။ ထို့ကြောင့် လောဘအကြောင်း ပြောသောအခါ ငွေနှင့် ပစ္စည်းဥစ္စာများကို လောဘကြီးခြင်းမျှသာ မဟုတ်ပါ။ ချစ်ခြင်းမေတ္တာကိုလည်း လောဘကြီးပါသည်။ ကျွန်ုပ်တို့ အများစုသည် အာရုံစိုက်ခံရရန် အထူးသဖြင့် လောဘကြီးပါသည်။ ကလေးငယ်များတွင် ထိုသို့တွေ့ရပါသည်။ ထို့ကြောင့် ကိုယ့်မှာ ပစ္စည်းဥစ္စာများ လုံလောက်ပါက လုံခြုံစေမည်ဆိုသည်မှာ ဖြစ်စဉ်တစ်ခု ဖြစ်ပါသည်။ ထို့ပြင် ဘယ်တော့မှ အလုပ်မဖြစ်ပါ။

နောက်ထပ် ဖြစ်စဉ်တစ်ခုမှာ “ငါ့အပေါ် ခြိမ်းခြောက်နေတယ်လို့ ခံစားနေရတဲ့ အရာတွေကိုသာ ဖယ်ရှားပစ်နိုင်ရင် ငါ့ကိုလုံခြုံစေမှာပဲ” ဆိုသည့် ဒေါသနှင့် မုန်းတီးမှုတို့ ဖြစ်သည်။ သို့သော် ကျွန်ုပ်တို့သည် ဘယ်တော့မှ လုံခြုံသည်ဟု မခံစားရပါ။ အမြဲတမ်း ခြိမ်းခြောက်ခံရသည်ဟု ခံစားရပါသည်။ ကျွန်ုပ်တို့ မနှစ်သက်တာ တစ်ခုခုကို တစ်ယောက်ယောက်က ပြုလုပ်မည်ကို အမြဲတမ်း သတိရှိနေရပါသည်။ ထို့နောက် ဒေါသထွက်ကာ သူတို့ကို မောင်းထုတ်ပါသည်။ တစ်ခါတစ်ရံ မိမိကိုယ်ကို အလွန်ကာကွယ်နိုင်ပါသည်။ တစ်ဖက်လူက မိမိအား လုံလောက်သော အာရုံစိုက်မှု မရှိသလို အချိန်လည်း မပေးသည့် ဆက်ဆံရေးတစ်ခုကို နမူနာပြလိုပါသည်။ ထိုအခါ ထိုသူအား အော်ဟစ်မိပါသည်။ “မင်းငါ့ကို ပိုပြီး အာရုံစိုက်သင့်တယ်။ ငါနဲ့ အချိန်ပိုပေးသင့်တယ်” စသည်ဖြင့် ဒေါသတကြီး ဟစ်အော်ပါသည်။ ထိုအတွက် ရလဒ်သည် အဘယ်နည်း။ သူတို့က ပို၍ရှောင်ခွါသွားပါသည်။ သို့မဟုတ် ကျွန်ုပ်တို့အား များစွာ လိုက်လျောကာ ခဏတာ နေထိုင်ပေးသော်လည်း သူတို့သည် သက်သောင့်သက်သာမရှိဘူးဟု သင်က ခံစားရနိုင်သည်။ ဒေါသထွက်မိသူ တစ်ယောက်က ကျွန်ုပ်တို့နှင့် မည်သို့လျှင် ထပ်မံ၍ နှစ်သက်နိုင်ပါမည်နည်း။ အလွန်ဆိုးရွားသည် မဟုတ်ပါလား။ ကျွန်ုပ်တို့ကို ပို၍လုံခြုံစေမည်ဟု မျှော်လင့်ပြီး အသုံးပြုသည့် ဤဖြစ်စဉ် အများစုသည် တကယ်တော့ အရာရာ ပိုဆိုးစေပါသည်။

ကျွန်ုပ်တို့ အသုံးပြုသည့် အခြားဖြစ်စဉ်တစ်ခုမှာ နံရံခြားလိုက်ခြင်း ဖြစ်သည်။ ပြဿနာကို တစ်နည်းနည်းဖြင့် မဖြေရှင်းပါက ထိုပြဿနာသည် မတည်ရှိတော့ဘဲ အလိုလိုပျောက်သွားမည်ဟု ထင်ကာ မသိမှုတွင် အခြေခံပါသည်။ “ဒါကို မကြားချင်ဘူး” ဆိုသော သဘောထားမျိုးဖြင့် နံရံခြားလိုက်ပါသည်။ သို့သော် မသိမှု အခြေအနေသည်လည်း အလုပ်မဖြစ်ပါ။ ပြဿနာကို လျစ်လျူရှုလိုက်ပြီး အသိအမှတ် မပြုခြင်းဖြင့် အလိုလိုပျောက်မသွားပါ။

ထို့ကြောင့် အနှောင့်အယှက်ပေးသော ဤစိတ်ခံစားချက်များတွင် အခြေခံကာ ဖြစ်လာသည်မှာ ကျွန်ုပ်တို့သည် အပျက်သဘောဖြင့် အရာရာကို ဆောင်ရွက်လာပါသည်။ အော်ဟစ်သည်။ တစ်ယောက်ယောက်ကို ရိုက်နှက်သည်။ “ငါက သနားစရာပဲ။ ဘာမှ မရှိဘူး” ဟု ခံစားရပါက ခိုးယူနိုင်ပါသည်။ ထိုအခါ တစ်နည်းနည်းဖြင့် အထောက်အကူ ဖြစ်မည်ဟု တွေးပါသည်။ သို့မဟုတ် ကျွန်ုပ် အိန္ဒိယနိုင်ငံတွင် နှစ်ပေါင်းများစွာ နေထိုင်ခဲ့သည့် နမူနာကို စဉ်းစားမိပါသည်။ အိန္ဒိယ နိုင်ငံတွင် အင်းဆက်များ အလွန်ပေါပါသည်။ ကြားဖူးသမျှ အင်းဆက်အားလုံး အုံနှင့်ကျင်းနှင့်ကို ရှိပါသည်။ အားလုံးကို သတ်ပစ်၍လည်း မရပါ။ သင်အနိုင်ရမည့်နည်းလမ်း မရှိပါ။ တစ်ခုတည်းသော ဖြေရှင်းနည်းမှာ ယင်းတို့နှင့်အတူ နေထိုင်တတ်ရန် ဖြစ်ပါသည်။ သင့်အခန်းထဲတွင် အင်းဆက်ပိုးမွှားမျိုးစုံ ရှိနေသည်ကို မကြိုက်ပါက ခြင်ထောင်ဖြင့်အိပ်ပါ။ ခြင်ထောင်ဖြင့် ကာရံထားသည့် သင့်နေရာကို ရပါမည်။ အခန်းထဲက ခြင်အားလုံးကို လိုက်ရိုက်ခြင်းထက် ငြိမ်းချမ်းသော ဖြေရှင်းနည်း ဖြစ်ပါသည်။ လိုက်ရိုက်နေပါက ရိုက်သတ်စရာ ပိုပိုများလာသည့်အတွက် တစ်ညလုံး အိပ်ရမည် မဟုတ်ပါ။ တံခါးအောက်တွင် နေရာလွတ်က အမြဲ ရှိနေပါသည်။ သို့မဟုတ် ပြတင်းပေါက်များက သေချာမပိတ်ပါ။ ပိုးမွှားများ ထပ်ရောက်လာမည်သာ ဖြစ်ပါသည်။ သို့ဖြင့် “ဒါတွေကို ရှင်းပစ်ရမယ်” ဆိုသည့် စိတ်လိုက်မာန်ပါ အပျက်သဘော အပြုအမူက ပေါ်လာပါသည်။

အပျက်သဘော အပြုအမူသည် ပုံစံအမျိုးမျိုး ရှိပါသည်။ လိမ်လည်ခြင်း၊ ကြမ်းတမ်းသော စကားဆိုခြင်း၊ နှိပ်စက်ခြင်း၊ မုဒိန်းကျင့်ခြင်း စသည်တို့အားလုံး ပါဝင်ပါသည်။ အပျက်သဘော ဆောင်ရွက်သောအခါ အခြေခံအားဖြင့် မပျော်ရွှင်မှု ဖြစ်လာပါသည်။ အခြားသူများအတွက် မပျော်ရွှင်မှုသာမက အထူးသဖြင့် မိမိအတွက် မပျော်ရွှင်မှုလည်း ဖြစ်ပါသည်။ ထိုသို့စဉ်းစားပါက ဗုဒ္ဓဘာသာသည် သူ့အသက် မသတ်ရန် အပြင်းအထန် တားမြစ်သည် မဟုတ်ပါလား။ ယခုအခါ အဓိကအချက်မှာ ခြင်စသည့် မိမိမနှစ်သက်သည့်အရာ တစ်ခုခုကို သတ်ဖြတ်သည့် အကျင့် ရှိလာပါက ၎င်းအကျင့်သည် သင်၏ပထမဆုံး အလိုအလျောက် တုံ့ပြန်မှု ဖြစ်လာပါမည်။ ထို့ပြင် သတ်ဖြတ်ရုံမျှသာ မဟုတ်ပါ။ မိမိမနှစ်သက်တာ တစ်ခုခုရှိပါက အလွန်ကြမ်းတမ်းသောနည်းဖြင့် ဖယ်ရှားပစ်ပါသည်။ ကိုယ်၊ နှုတ်၊ စိတ် တစ်ခုခုဖြင့် ဖြစ်နိုင်ပါသည်။ တည်ငြိမ်သော စိတ်အခြေအနေဖြင့် ဖြေရှင်းရန် မကြိုးစားမိတော့ပါ။

တစ်ခါတစ်ရံ သတ်ချင်သတ်မိနိုင်သည်မှာ မှန်ပါသည်။ ဥပမာပြရလျှင် သီးနှံများကို ဖျက်ဆီးသော အင်းဆက်များ ရှိနိုင်ပါသည်။ ရောဂါပိုး သယ်ဆောင်သည့် အင်းဆက်များလည်း ရှိနိုင်ပါသည်။ ဗုဒ္ဓဘာသာသည် အစွန်းရောက်ခြင်းကို မပြောပါ။ သို့သော် ယင်းကို မသိနားမလည်ခြင်းလည်း မဖြစ်သင့်ပါ။ “ဒီငှက်ဖျားဖြစ်တဲ့ ခြင်တွေကို မုန်းလိုက်တာ” ဆိုသည့် ဒေါသနှင့် မုန်းတီးမှုတို့ မပါဝင်ဘဲ ဆောင်ရွက်ကြည့်ပါ။ ထို့ပြင် နောက်ဆက်တွဲ အပျက်သဘော အကျိုးဆက် များကိုလည်း မသိနားမလည်ခြင်း မဖြစ်သင့်ပါ။ ရိုးရှင်းသော နမူနာပြရလျှင် ဟင်းသီးဟင်းရွက်နှင့် သစ်သီးများ အားလုံးအပေါ်တွင် ပိုးသတ်ဆေး အသုံးပြုပါက စားသုံးမိသည့်အခါ ရောဂါဘယ ဖြစ်စေပါမည်။ ထို့ကြောင့် မကောင်းသည့် ဘေးထွက်ဆိုးကျိုးများ ရှိပါသည်။ ဤနေရာတွင် အဓိကအချက်မှာ မူလကပြောထားသည့်အချက်ဆီသို့ ပြန်ရောက်လာပါသည်။ ကျွန်ုပ်တို့ နည်းလမ်းများသည် မေတ္တာနှင့် ကရုဏာ ပေါင်းစပ်ထားသည့် ကျင့်ဝတ်သီလ၊ စူးစိုက်မှုသမာဓိနှင့် မှန်ကန်သော သိနားလည်မှုတို့ ဟုတ်ပါသလား။

ကျင့်ဝတ် သီလ

ဘဝတွင် ပြဿနာများ ရှောင်းရှားရန် ဤသို့သော ကာကွယ်နည်းများကို မည်ကဲ့သို့ အသုံးချမည်နည်း။ ပထမအဆင့်တွင် အရင်ဆုံး ပြုလုပ်ရမည်မှာ ကျင့်ဝတ်စည်းကမ်း ထားရှိရန်ဖြစ်သည်။ အပျက်သဘော မပြုမိအောင် ရှောင်ရှားရန် ဖြစ်ပါသည်။ အပျက်သဘော ဆောင်ရွက်ခြင်းသည် လောဘ၊ ဒေါသ၊ တွယ်တာမှု၊ မနာလိုမှု၊ မသိနားမလည်မှု၊ လျစ်လျူရှုမှု စသည့် အနှောင့်အယှက်ပေးသော စိတ်ခံစားချက်များ၏ လွှမ်းမိုးမှုအောက်တွင် ဆောင်ရွက်ခြင်း ဖြစ်ပါသည်။ ဆိုလိုသည်မှာ အပျက်သဘော ဆောင်ရွက်လိုစိတ် ရှိပါက “မဟုတ်ဘူး။ ဒီနည်းနဲ့ မလုပ်တော့ဘူး” ဟု ရှင်းရှင်းလင်းလင်း ဆုံးဖြတ်ရပါမည်။

သင်ပြုလုပ်သော အမှားအချို့ကြောင့် ကျွန်ုပ်သည် သင့်ကိုအော်ဟစ်လိုစိတ် ရှိပါက အော်ဟစ်ခြင်းဖြင့် အခြေအနေကို ပိုဆိုးစေမည်ဖြစ်ကြောင်း ကျွန်ုပ်သိပါသည်။ သင့်ကို ပြုပြင်ပေးခြင်း၊ သင်ပြုသမျှ အမှားကို ဖြေရှင်းခြင်းတို့ ပြုလုပ်နိုင် ပါသည်။ အော်ဟစ်ခြင်းဖြင့် ပိုဆိုးစေမည်သာ မဟုတ်ပါလား။ အထူးသဖြင့် ဆဲဆိုကြိမ်းမောင်းပါက အခြေအနေအတွက် လုံးဝအထောက်အကူ မဖြစ်ပါ။ ထို့ကြောင့် ကျင့်ဝတ်သီလဆိုသည်မှာ ကျွန်ုပ်တို့သည် အပျက်သဘောဖြင့် စိတ်လိုက် မာန်ပါ ပြုမူတော့မည်ဆိုသည့် အပျက်သဘောဖြင့် မပြုမူမီ အမြန်ဆုံး သတိပြုမိခြင်း ဖြစ်ပါသည်။ ထိုသို့ ပြုမူရန် စေ့ဆော်မှု ရှိသောအခါ “ဒါက လုံးဝအထောက်အကူ မပြုပါဘူး” ဟု ခွဲခြားသိရှိကာ စိတ်လိုက်မာန်ပါ မပြုမူအောင် မိမိကိုယ်ကို ထိန်းချုပ်လိုက်ရပါသည်။

ယခုအခါ သင့်ဒေါသကို မြိုသိပ်ရမည်ဟု ပြောနေခြင်း မဟုတ်ပါ။ ထိုအခါ လုံးပါးပါးနိုင်ပါသည်။ ထိန်းရင်းထိန်းရင်းနှင့် ဒေါသပေါက်ကွဲလာပါသည်။ ဤသည်မှာ မှန်ကန်သောနည်း မဟုတ်ပါ။ ထို့ပြင် ယင်းကိုမဖြေရှင်းနိုင်ဘဲ အတွင်းမှာ စုစည်းလာကာ တစ်ဖက်လူအပေါ် ပေါက်ကွဲမှုတော့ မရှိပါ။ နံရံကို လက်သီးနှင့်ထိုးခြင်းကဲ့သို့ သင့်လက်ကို နာကျင်စေပါက မိုက်မဲမှု ဖြစ်ပါသည်။ ထို့ကြောင့် အခြားတစ်နည်းနည်းဖြင့် ပေါက်ကွဲသည် မဟုတ်ပါလား။ ခေါင်းအုံးကို လက်သီးနှင့်ထိုးခြင်း သို့မဟုတ် အိမ်ထဲရှိ ကြမ်းပြင်အားလုံးကို ဆေးကြောပစ်ခြင်း ကဲ့သို့ “ဉာဏ်ပညာမိခင်” ၏ နည်းလမ်းများဖြင့် ဒေါသနှင့် စိတ်ရှုပ်ခြင်းကို ဖြေရှင်းနည်းများ ဖြစ်ပါသည်။ အားစိုက်ရသော အိမ်အလုပ်များ လုပ်ခြင်း သို့မဟုတ် အချိန်ကြာကြာ ပြေးခြင်း သို့မဟုတ် အားကစားရုံတွင် ပြင်းထန်သော အားကစားလှုပ်ရှားခြင်းတို့သည် စိတ်ဆိုးဒေါသထွက်သည့် စွမ်းအင်ကို ကူညီလျှော့ချ ပေးပါသည်။

သတိဖြင့် ရှုမှတ်ခြင်းနှင့် စူးစိုက်ခြင်း

ဤသို့သော အပြုအမူနှင့် ပို၍ကျင့်သားရလာကာ အပျက်သဘောဖြင့် ပြုမူလိုစိတ် ရှိလာတိုင်း ထိုသို့မပြုမိအောင် ရှောင်ရှားပါက ဤနေရာတွင် အသုံးပြုနေသည်မှာ “ခွဲခြားသိရှိသောပညာ (ရှက်စ်-ရဘ်)” ဟု ခေါ်ပါသည်။ အကျိုးပြုသော အရာနှင့် အန္တရာယ် ရှိသောအရာကို ခွဲခြားသိရှိပြီး ထိုအခြေခံဖြင့် တည်ငြိမ်မှုရရှိကာ စိတ်ထဲတွင် ဒေါသကို မထားရှိတော့ပါ။ ထို့ကြောင့် ဤနေရာတွင် အဓိကမွေးမြူထားသည်မှာ “သတိဖြင့် ရှုမှတ်မှု (ဒရန်-ပ)” ဖြစ်ပါသည်။ ဆိုလိုသည်မှာ “အမှတ်ရရန်” ဖြစ်ပါသည်။ ဤသည်မှာ စည်းကမ်းကို စိတ်၏ကော်စေးကဲ့သို့ ကပ်ထားခြင်းဖြစ်သည်။ ယင်းအပေါ်တွင် မိမိလုပ်ချင်သောအရာ၊ ဘဝတွင် ဖြစ်ချင်သောအရာ၊ ဘဝတွင် ဆောင်ရွက်ပုံ စသည်တို့ကို သတိကပ်ထားပြီး မမေ့လျော့ခြင်း ဖြစ်ပါသည်။ ယင်းမှာ သတိဖြင့်ရှုမှတ်ခြင်းပင် ဖြစ်ပါ၏။ “တက်ကြွစွာ အမှတ်ရခြင်း” ဆိုသည့်စကားနှင့် တူညီပါသည်။

ထို့ကြောင့် ကျွန်ုပ်တို့သည် ပိုပြီးနိုးကြားရန် ကြိုးစားရပါသည်။ “ဗုဒ္ဓမြတ်စွာ” ဆိုသည့် စကားလုံးသည် “အလုံးစုံ နိုးကြားသူ” ဟု အမှန်တကယ် ဆိုလိုပါသည်။ ကျွန်ုပ်တို့ ခံစားနေရသော စိတ်ခံစားချက်များ၊ ဤသို့ထိုသို့ ပြုမူလိုသော စိတ်တွင် စိတ်လိုက်မာန်ပါ ပေါ်လာသော စေ့ဆော်မှုများကို နိုးကြားမှုရှိအောင် ကြိုးစားပါသည်။ ယင်းတို့၏ ကျေးကျွန် မဖြစ်အောင် ကြိုးစားပါသည်။ မိမိ၏ ပြုမူပုံကို ရွေးချယ်ရန် နားလည်မှုဖြင့် သဘောပေါက်ပါသည်။ ကျွန်ုပ်သည် စိတ်မကြည်လင်ပါက ပြောင်းလဲနိုင်ပါသည်။ ယင်းကို ပြောင်းလဲရန် တစ်ခုခု ဆောင်ရွက်နိုင်ပါသည်။

စိတ်မကြည်လင်မှုအတွက် အဖြေသည် တစ်ခါတစ်ရံ အတော်လေး ရိုးရှင်းပါသည်။ အရိုးရှင်းဆုံး နည်းလမ်းတစ်ခုမှာ “ထိန်းမရသော ကလေးငယ်ကို အိပ်ရာထဲသိပ်လိုက်ခြင်း” ဖြစ်ပါသည်။ အချိန်အကြာကြီး အလိုမကျဖြစ်နေသော ကလေးတစ်ယောက်ကဲ့သို့ ခံစားရပါသည်။ “ဝါး” ဆိုပြီး တစ်ချိန်လုံး ငိုကြွေးနေပါသည်။ တစ်ခါတစ်ရံ စိတ်ခံစားချက်သည် ထိုကဲ့သို့ပင် မကောင်းမွန်တတ်ပါ။ ထို့ကြောင့် ခဏလဲလျောင်းကာ အိပ်စက်လိုက်ပါသည်။ နိုးထလာသောအခါ အများကြီး ပိုကောင်းသွားလေ့ရှိပါသည်။

သို့တည်းမဟုတ် တစ်ယောက်ယောက်နှင့် သဘောမတိုက်ဆိုင်မှု ဖြစ်ပြီး အလွန်ပြင်းထန်သော အဆင့်သို့ ရောက်ရှိလာပါက ဤအခြေအနေတွင် တစ်ဖက်လူသည် သင့်ကို အမှန်တကယ် နားမထောင်တော့သလို သင်ကလည်း သူ့ကို နားထောင်တော့မည် မဟုတ်ကြောင်း သိလာပါသည်။ “တို့နှစ်ယောက်စလုံး တည်ငြိမ်သွားမှ ဒါကို နောက်မှ ဆက်ပြောတာပေါ့” ဟူ၍ စကားဝိုင်းကို အဆုံးသတ်လိုက်လျှင် ပိုကောင်းပါသည်။ ထို့နောက် တည်ငြိမ်စေရန် လမ်းလျှောက်ခြင်းကဲ့သို့ တစ်ခုခုပြုလုပ်ပါ။

ဤသည်မှာ အလွန်ရိုးရှင်းသော နည်းလမ်းများ ဖြစ်ပါသည်။ ဗုဒ္ဓဘာသာသည် တကယ်တော့ ယခုထက် ပိုပြီးနက်နဲသော နည်းလမ်းများကို ဟောကြားထားပါသည်။ သို့သော် ယခုနည်းလမ်းမှာ အစဖြစ်ပါသည်။ ကျွန်ုပ်တို့သည် အမှန်တကယ် အသုံးချနိုင်မည့် နည်းလမ်းများဖြင့် စတင်အသုံးချရန် လိုပါသည်။ သို့သော် စည်းမျဉ်းသတ်မှတ်ချက်က အရေးကြီးပါသည်။ ထိုစည်းမျဉ်းမှာ ပြဿနာ၏ အကြောင်းရင်းကို ရှာဖွေရန်နှင့် ပြဿနာကို ကျော်လွှားဖို့ တစ်ခုခုဆောင်ရွက်ရန် ဖြစ်ပါသည်။ ပြဿနာ၏ သားကောင် မဖြစ်ပါစေနှင့်။ တစ်နည်းဆိုသော် ဘဝတွင် ဖြစ်နေသောအရာကို ထိန်းချုပ်လိုက်ပါ။

ယခုအခါ မိမိအပြုအမူတွင် အကျိုးပြုသောအရာနှင့် အန္တရာယ် ရှိသောအရာကို နားလည်မှုအပေါ် သတိဖြင့် ရှုမှတ်လာနိုင်ပါက ဖြစ်နေသောအရာကို အာရုံစိုက်နိုင်စွမ်း ရှိလာပါသည်။ မိမိဆောင်ရွက်လိုသောပုံစံကို အမှတ်ရကာ ထိုနည်းဖြင့် မဆောင်ရွက်ရသေးပါက ပြုပြင်ရန် ဖြစ်ပါသည်။ ကိုယ်အမူအရာ၊ နှုတ်အမူအရာတို့တွင် ထိုသို့ ပြုလုပ်နိုင်ပါက စိတ်အမူအရာဖြစ်သည့် ကျွန်ုပ်တို့ တွေးနေသောအရာတွင်လည်း ထိုသို့ဆောင်ရွက်ရန် ခွန်အား ရရှိလာပါသည်။

ထို့ကြောင့် စိုးရိမ်စိတ်များဖြစ်စေ၊ “သနားစရာငါပဲ။ ဘယ်သူမှ ငါ့ကိုမချစ်ဘူး” စသည့် အတွေးများဖြစ်စေ စတင် ဝင်ရောက်လာပါက “လာစမ်းပါ။ ကိုယ့်ကိုယ်ကို သနားတာ၊ စိုးရိမ်တာတွေ ဆက်မဖြစ်ချင်တော့ပါဘူး။ ဒါတွေကြောင့် မပျော်မရွှင် ဖြစ်ရလိမ့်မယ်” ဟုပြောကာ ပိုပြီး အပြုသဘောဆောင်သောအချက် တစ်ခုခုဆီသို့ အာရုံလွှဲလိုက်ပါ။ ထိုင်ပြီး စိုးရိမ်နေခြင်းထက် ကိုယ်အမူရာ၊ စိတ်အမူအရာဖြင့် ပိုပြီး အပြုသဘောဆောင်သော အရာများစွာ ဆောင်ရွက်နိုင်ပါသည်။ စိုးရိမ်နေချိန်ကဲ့သို့ အရာရာ ဤမျှဆိုးရွားသည်ဟု စဉ်းစားနေမည့်အစား အပြုသဘော ကိစ္စများစွာ စဉ်းစားနိုင်ပါသည်။ အကြောင်းမှာ ဤနေရာတွင် ကျွန်ုပ်တို့ ရရှိလိုသည်မှာ စူးစိုက်မှုဖြစ်သောကြောင့် ပျံ့လွင့်သွားပါက အာရုံပြန်စိုက် နိုင်အောင် ပြုလုပ်ရပါမည်။

ဥပမာအားဖြင့် တစ်ယောက်ယောက်နှင့် စကားပြောနေရင်း စိတ်သည် စတင်ပျံ့လွင့်သောအခါ စိုးရိမ်စရာ မလိုပါ။ “သူပြောနေတာ ဘယ်တော့မှ ရပ်မှာလဲ” သို့မဟုတ် “ညစာ ဘာစားရရင် ကောင်းမလဲ” ဟု တွေးမိနိုင်ပါသည်။ ဘာမဆို တစ်ခုခု ဖြစ်နိုင်ပြီး တစ်ဖက်လူကို အာရုံမစိုက်တော့ခြင်း သို့မဟုတ် “သူပြောတာ မိုက်မဲတာပဲ” ဟု စိတ်ထဲက မှတ်ချက်ပေးနေခြင်း ဖြစ်ပါသည်။ သူတို့ကို နားထောင်ရန် ပြန်အာရုံစိုက်ပြီး အလေးထားနိုင်ပါသည်။

ဤသည်မှာ အလွန်လက်တွေ့ကျသော စူးစိုက်မှု ဖြစ်သော်လည်း စည်းကမ်းလိုအပ်ပါသည်။ ထိုစည်းကမ်းကို ကိုယ်နှင့်နှုတ် အမူအရာတို့ဖြင့် စတင်ရရှိပါသည်။ ပြန်လည်အာရုံစိုက်ပြီး ပျံ့လွင့်မှုမှန်သမျှကို ပြုပြင်နိုင်သည့် စွမ်းရည် ရရှိသောအခါ အခြေအနေအားလုံးတွင် အသုံးချနိုင်ပါသည်။ ယင်းမှာ အလွန်ပင် အထောက်အကူ ပြုပါသည်။ ဥပမာပြရလျှင် သင့်ခန္ဓာကိုယ် အနေအထားအပေါ် စတင်သတိရှိလာပါသည်။ ပခုံးများ တင်းပြီး မြင့်နေသလား၊ လည်ပင်းသည် တင်းနေသလား စသည်ဖြင့် သတိရှိပါက သတိပြုမိလာပါသည်။ ထိုအခါ ပခုံးကို အနည်းငယ်နှိမ့်ပြီး ဖြေလျှော့နိုင်ပါသည်။ အာရုံစိုက်ခြင်း၊ အမှတ်ရခြင်းနှင့် တစ်ခုခုဆောင်ရွက်ခြင်း ဖြစ်ပါသည်။ သို့မဟုတ် သင်သည် အလွန်စိတ်လှုပ်ရှားလာပြီး ထိုအခြေအနေတွင် လုံးဝမသင့်တော်ပါ။ တစ်ယောက်ယောက်ကို ပိုပြီးကျယ်လောင်မာန်ပါစွာ စတင်ပြောဆိုပါသည်။ ယင်းကို သတိပြုမိပါက ပြောင်းလဲလိုက်ရုံ ဖြစ်ပါသည်။ ပခုံးများနှိမ့်လိုက်သလို တည်ငြိမ်အောင် ပြုလုပ်သော်လည်း စိတ်ခံစားချက်အဆင့်ဖြစ်သည့် စွမ်းအင် အဆင့်တွင် ထိုသို့ဆောင်ရွက်ပါသည်။

ဤကား ဘဝတွင် ဓမ္မနည်းလမ်းများ လက်တွေ့အသုံးချရန် လျှို့ဝှက်ချက် ဖြစ်ပါသည်။ ယင်းတို့ကို သတိရကာ ထိုသို့ပြုလုပ်ရန် စည်းကမ်း လုံလောက်အောင်ရှိပြီး လက်တွေ့သာ အသုံးချလိုက်ပါ။ ထို့ပြင် လူကောင်းတစ်ယောက် ဖြစ်ရန် သို့မဟုတ် သင့်ဆရာသမားကို ကျေနပ်စေရန် စသည်တို့အတွက် ပြုလုပ်ခြင်း မဟုတ်ပါ။ အခက်အခဲ ပြဿနာများကို ရှောင်ရှားလိုသည့်အတွက် ထိုသို့ ပြုလုပ်ခြင်း ဖြစ်ပါသည်။ အကြောင်းမှာ ထိုအတွက် တစ်ခုခု မဆောင်ရွက်ပါက မိမိကိုယ်ကို သနားစရာ ဖြစ်စေကာ ပျော်ရွှင်စရာ မကောင်းတော့ပါ။ ထို့ကြောင့် စူးစိုက်မှု၊ မိမိခံစားချက်ကို ဖြေရှင်းမှု အနေနှင့် စိတ်တွင် ကိုယ်ပိုင်စည်းကမ်း ကျင့်သုံးရန် လိုပါသည်။ ခံစားချက်များကို ဖြေရှင်းရသည်မှာ ပိုပြီး နူးညံ့သိမ်မွေ့ပါသည်။ ပိုပြီး ခက်ခဲပါသည်။ သို့သော် စောစောက ပြောသလိုပင် အလွန်အမင်း စိတ်လှုပ်ရှားနေပါက စိတ်တည်ငြိမ်အောင် ပြုလုပ်နိုင်ပါသည်။

မှန်ကန်သော နားလည်သဘောပေါက်မှု

စူးစိုက်မှုနည်းစနစ်ကို အနည်းဆုံးတော့ အဆင့်တစ်ခုအထိ ရရှိသည်နှင့် ဖြစ်နေသောအရာအပေါ် မှန်ကန်စွာ နားလည်မှု ရရှိအောင် ဆက်လက်စူးစိုက်နိုင်ရပါမည်။ ကျွန်ုပ်တို့အားလုံးတွင် ကျွန်ုပ်တို့၏ တည်ရှိပုံ၊ အခြားသူများ၏ တည်ရှိပုံ၊ လောကကြီး တည်ရှိပုံ စသည့် အမှန်တရားများနှင့် ပတ်သက်၍ ရှုပ်ထွေးမှုများ ရှိနေပါသည်။ ထိုရှုပ်ထွေးမှုကြောင့် အမှန်တကယ် မဟုတ်သောအရာကို မှန်းဆချက်များ ရှိနေသည် မဟုတ်ပါလား။ “ငါသည် မကောင်းပါ။ အရှုံးသမား ဖြစ်သည်” ဟု မှန်းဆပါသည်။ သို့တည်းမဟုတ် “ငါသည် လောကတွင် အတော်ဆုံးလူဖြစ်သည်” ဟု မှန်းဆနိုင်ပါသည်။ “ငါသည် သနားစရာပါပဲ။ ဘယ်သူမှ ငါ့ကိုမနှစ်သက်ဘူး” ဟုလည်း မှန်းဆနိုင်ပါသည်။ သို့သော် ဘဝတွင် အားလုံးကို အမှန်တကယ် လေ့လာဆန်းစစ်သောအခါ ထိုသို့မှန်းဆခြင်းသည် မိမိ၏ မိခင်က မချစ်ကြောင်း၊ မိမိ၏ ခွေးကလေးက မနှစ်သက်ကြောင်း၊ မည်သူမျှ မနှစ်သက်ကြောင်း ဆိုလိုရာ ရောက်ပါသည်။ ယင်းသို့ ဖြစ်ရန် ခဲယဉ်းလှပါသည်။

ထို့ကြောင့် ဤစိတ်ကူးယဉ်မှုများကို မှန်းဆကာ မှန်ကန်သည်ဟု ယုံကြည်လာသည်မှာ အတော်ဆိုးရွားသည့်ကိစ္စ ဖြစ်ပါသည်။ ကျွန်ုပ်တို့သည် ချိန်းဆိုမှုတစ်ခုကို နောက်ကျမှ ရောက်လာလျှင် ရသည် သို့မဟုတ် မလာလျှင်လည်း ရသည်ဟု ယုံကြည်ပြီး “သင်တို့မှာ ခံစားချက် မရှိဘူးမဟုတ်လား” ဟု တွေးပါသည်။ ထို့နောက် အခြားသူများကို ထည့်မစဉ်းစားတော့ပါ။ သို့သော် ကျွန်ုပ်မှာ ခံစားချက် ရှိသလိုပင် အားလုံးမှာ ခံစားချက်ရှိပါသည်။ မည်သူမျှ လျစ်လျူရှုမခံလိုပါ။ ချိန်းထားပြီး တစ်ဖက်လူက ဖုန်းမဆက်ခြင်း သို့မဟုတ် နောက်ကျမှ ရောက်လာခြင်းကို မည်သူမျှ မနှစ်သက်ပါ။ မည်သူမျှ မကြိုက်ပါ။ ထို့ကြောင့် ဤစိတ်ကူးယဉ်မှုများကို ဖြတ်တောက်ကာ အဓိပ္ပာယ်မဲ့ မှန်းဆမှုများကို ရပ်တန့်ရန် ကျွန်ုပ်တို့၏ စူးစိုက်မှုကို အသုံးပြုဖို့ လိုပါသည်။ ဥပမာ၊ အခြားသူများကို မထိခိုက်ဘဲ ထည့်သွင်းစဉ်းစားသော အပြုအမူမျိုး ဖြစ်ပါသည်။ အကြောင်းမှာ “ငါသည် စကြဝဠာ၏ အလယ်ဗဟိုဖြစ်သည်။ အမြဲတမ်း ငါ့ပုံစံအတိုင်း ရှိသင့်သည်။ ငါသည် အရေးအကြီးဆုံးဖြစ်သည်” ဆိုသည်မှာ ကျွန်ုပ်တို့ပြဿနာများ၏ အနက်ရှိုင်းဆုံး အကြောင်းတရား ဖြစ်ပါသည်။ ယင်းမှာ စိတ်ကူးယဉ် မှန်းဆမှုတစ်ခု ဖြစ်နေသည်မှာ သိသာပါသည်။ မည်သူမျှ အရေးအကြီးဆုံး မဟုတ်ပါ။ သို့သော် သင့်စိတ်ကူးကို မှန်ကန်သည်ဟု ယုံကြည်ကာ တစ်ကိုယ်ကောင်း ဆန်ပါသည်။ ထို့ကြောင့် တစ်ကိုယ်ကောင်း ဆန်မှုကို ကျော်လွှားလိုပါက ထိုစိတ်ကူးယဉ်မှုကို ဖြိုဖျက်ပြီး ယင်းသို့မှန်းဆမှုကို ရပ်တန့်ရန် လိုပါသည်။ ကျွန်ုပ်သည် စကြဝဠာ၏ အလယ်ဗဟိုကဲ့သို့ ဖြစ်နေပြီး ကျွန်ုပ်တစ်ဦးတည်းသာ တည်ရှိသကဲ့သို့ (အကြောင်းမှာ မျက်စိမှိတ်လိုက် သောအခါ ခေါင်းထဲတွင် ဤစကားသံ ကြားရသည်။ မည်သူ့ကိုမျှ မမြင်ပါ။ ထို့ကြောင့် ကျွန်ုပ် တစ်ဦးတည်းသာ တည်ရှိပုံ ရပါသည်) ခံစားရလျှင်ပင် ဤသည်မှာ ထင်ယောင်ထင်မှား ဖြစ်မှုသာဖြစ်သည်ဟု အမှတ်ရပြီး “ထိုသို့မဟုတ်ပါ။ ထိုသို့ ထင်ရခြင်းသာ ဖြစ်ပါသည်” ဟူ၍ မယုံကြည်ရန် လိုပါသည်။

ကျွန်ုပ်တို့ပြဿနာများ စစ်မှန်သော ရပ်တန့်မှု ရရှိရန်အတွက် ထိုနားလည်မှုမျိုး အမြဲရှိနေရန်မှာ စစ်မှန်သော လမ်းကြောင်း ဖြစ်သည်ဟု ဗုဒ္ဓမြတ်စွာက မိန့်ပါသည်။ ထိုသို့ မှန်ကန်သော နားလည်မှု အမြဲတမ်း ရှိနေပါက ကျွန်ုပ်တို့ထံတွင် ရှုပ်ထွေးမှု မရှိတော့ပါ။ ထို့ပြင် ရှုပ်ထွေးမှု မရှိတော့ပါက ဒေါသမရှိတော့ပါ။ တဏှာ၊ လောဘ စသည်တို့လည်း မရှိတော့ပါ။ ထို့ပြင် ဤသို့သော အနှောင့်အယှက်ပေးသော စိတ်ခံစားချက်များ မရှိတော့ပါက အပျက်သဘော ပြုမူဆောင်ရွက်တော့မည် မဟုတ်ပါ။ ထို့ပြင် အပျက်သဘော မဆောင်ရွက်တော့ပါက မိမိနှင့် အခြားသူများအတွက် ပြဿနာမျိုးစုံကို ဖြစ်ပေါ်စေမည် မဟုတ်တော့ပါ။ ဤသည်မှာ ဘဝ၏ အခက်အခဲများ ဖြေရှင်းရန် အခြေခံ ဗုဒ္ဓဘာသာ နည်းလမ်း ဖြစ်ပါသည်။

ပိုမိုပျော်ရွှင်ဖွယ် ဆက်ဆံရေး ရရှိလိုပါက အောက်ပါအတိုင်း အသိအမှတ်ပြုရန် လိုပါသည်-

  • ငါသည် လူသားတစ်ယောက် ဖြစ်သည်။ သင်သည် လူသားတစ်ယောက် ဖြစ်သည်။ ကျွန်ုပ်တို့ အားလုံးတွင် ခံစားချက် စသည်တို့ ရှိကြပါသည်။
  • လူတိုင်းမှာ အားသာချက်များ ရှိသည်။ အားလုံးမှာ အားနည်းချက်များ ရှိသည်။ သင်ရော ကျွန်ုပ်ပါ ထိုသို့ရှိပါသည်။
  • မည်သူမျှ မြင်းဖြူကလေးစီးလာသည့် လှပသော မင်းသားလေး သို့မဟုတ် မင်းသမီးလေး မဟုတ်ပါ။

သင့်ဇာတ်လမ်းများထဲတွင် ထိသို့သောပုံရိပ်မျိုး ရှိပါသလား။ ကျွန်ုပ်တို့သည် မြင်းဖြူကလေးပေါ်မှ ကြင်ယာဖက်ကဲ့သို့ ပြီးပြည့်စုံသော အိမ်ထောင်ဖက်ကို အမြဲ ရှာဖွေကြပါသည်။ သို့သော် ယင်းမှာ အိပ်ရာဝင်ပုံပြင်သာ ဖြစ်ပါသည်။ တကယ် မရှိဘဲ မှန်းဆနေခြင်း ဖြစ်ပါသည်။ ထိုပုံပြင်ကို ယုံကြည်နေသောကြောင့် ဤသူသည် မင်းသားလေး သို့မဟုတ် မင်းသမီးလေး ဖြစ်ရမည်ဟု ထင်နေပါသည်။ သူတို့သည် ထိုသို့မဟုတ်သောအခါ သူတို့ကို ဒေါသထွက်ပါသည်။ တစ်ခါတစ်ရံ သူတို့ကို ငြင်းပယ်ပါသည်။ ထို့နောက် နောက်ထပ် အိမ်ထောင်ဖက် ဖြစ်နိုင်ခြေ ရှိသူတစ်ယောက်ကို တွေ့သောအခါ မင်းသားလေး သို့မဟုတ် မင်းသမီးလေးအဖြစ် မှန်းဆပြန်ပါသည်။ သို့သော် ထိုသို့သောပုဂ္ဂိုလ်မျိုး မရှိသည့်အတွက် ဘယ်တော့မှ ရှာမတွေ့နိုင်ပါ။

ထို့ကြောင့် ကောင်းမွန်သော ဆက်ဆံရေးများ ရရှိလိုပါက အမှန်တရားကို လက်ခံဖို့လိုပါသည်။ အမှန်တရားမှာ စောစောက ပြောသလိုပင် အားလုံးမှာ အားသာချက်၊ အားနည်းချက်များ ရှိပါသည်။ ကျွန်ုပ်တို့သည် အတူယှဉ်တွဲ နေထိုင်တတ်ရန် လိုပါသည်။ မည်သူမျှ စကြဝဠာ၏ အလယ်ဗဟို မဟုတ်ပါ။ ထို့နောက် ဘာသာတိုင်း၊ လူမှုဒဿန တိုင်းတွင် တွေ့ရသည့် ယေဘုယျ သင်ကြားမှုဖြစ်သော ကြင်နာရန်၊ စာနာရန်၊ ချစ်ခင်ရန်၊ သည်းခံရန်၊ ရက်ရောရန်၊ ခွင့်လွှတ်ရန် စသည်တို့ ဖြစ်ပါသည်။ ဘာသာတိုင်း၊ လူမှုဒဿနတိုင်းတွင် ထိုကဲ့သို့ သင်ကြားသလိုပင် ဗုဒ္ဓဘာသာ တွင်လည်း ထိုသို့သင်ကြားပါသည်။

အလုပ်မှ ဆက်ဆံရေးများတွင်လည်း ထိုစည်းမျဉ်းအတိုင်း ကျင့်သုံးနိုင်ပါသည်။ ရုံးခန်းတွင် သင်နှင့်အတူ အလုပ်လုပ်သူများကို ကြင်နာမှုရှိပါက (သို့မဟုတ် အခြားသူများကို သင်က အလုပ်ခန့်ထားလျှင် သင့်ဝန်ထမ်းများကို ကြင်နာပါက) လုပ်ငန်းတစ်ခုလုံး ပိုမိုချောမွေ့စွာ လည်ပတ်ပါမည်။ သင်က စတိုးဆိုင်တွင် အလုပ်လုပ်ပြီး ဖောက်သည်များကို ချစ်ခင်ဖော်ရွေပါက ပတ်ဝန်းကျင် တစ်ခုလုံး ပို၍ နှစ်သက်ဖွယ် ကောင်းလာမည် မဟုတ်ပါလား။ မိမိ၏ အရောင်းအဝယ်များတွင် အခြားသူများကို မလိမ်ညာခြင်းကဲ့သို့ ရိုးသားမည်ဆိုပါက အရာရာ များစွာ ပိုကောင်းလာပါမည်။ သို့သော် ကျွန်ုပ်တို့သည် စားဝတ်နေရေးအတွက် အမြတ်မယူရန် ကြိုးစားရမည်ဟု မဆိုလိုပါ။ အဓိကအချက်မှာ လောဘမကြီးရန် ဖြစ်ပါသည်။

အားလုံးသည် ထိုနည်းဖြင့် ပြုမူမည် မဟုတ်သည့်အတွက် အခြားသူများက ကျွန်ုပ်တို့အား လိမ်ညာသောအခါ သင်ဘာကို မျှော်လင့်မည်နည်း။ ဗုဒ္ဓဘာသာ ရှုထောင့်မှဆိုလျှင် သူတို့သည် ဆိုးသွမ်းသူများဟု ပြောမည်မဟုတ်ပါ။ သူတို့သည် ရှုပ်ထွေးနေသည်ဟုသာ ပြောပါမည်။ ဤနည်းဖြင့် ပြုမူခြင်းကြောင့် မည်သူမျှ သူတို့ကို မနှစ်သက်ခြင်းကဲ့သို့ ပြဿနာများ ပိုဖြစ်စေမည်ကို သူတို့နားမလည်ပါ။ ရှုပ်ထွေးနေကြပါသည်။ ထို့ကြောင့် သူတို့သည် မုန်းတီးရမည့်သူ မဟုတ်ဘဲ ကရုဏာထားရမည့်သူ ဖြစ်ပါသည်။ သူတို့ကို ကရုဏာ ထားရမည့်သူဟု မြင်ပြီး သည်းခံလိုက်ပါက သူတို့က လိမ်ညာသောအခါ ကျွန်ုပ်တို့သည် စိတ်ခံစားချက်အရ ဆင်းရဲဒုက္ခ မဖြစ်တော့ပါ။ ထို့နောက် ထပ်ပြီးလိမ်ညာမခံရစေရန် နောက်အကြိမ်များတွင် ပိုပြီးသတိထားရန် ကြိုးစားပါမည်။ သို့သော် လူတို့ထံမှ ဘာကို မျှော်လင့်ထားပါသနည်း။ လူအများစုသည် ထိုသို့ဖြစ်နေပါသည်။ ထို့ကြောင့် ယင်းမှာ အမှန်တရား ဖြစ်ပါသည်။ လူတိုင်း ရိုးသားသည် ဆိုခြင်းမှာ မှန်းဆချက် ဖြစ်ပါသည်။ လူတိုင်း မရိုးသားပါ။ အားလုံး ရိုးသားကြလျှင် ကောင်းသော်လည်း အားလုံးထိုသို့မဟုတ်ပါ။ ထို့ကြောင့် အနည်းဆုံးတော့ ကျွန်ုပ်တို့ သည် ကြိုးစားပြီး ရိုးသားနိုင်ပါသည်။

ဗုဒ္ဓဘာသာဝင် မဟုတ်သူများက ဤနည်းလမ်းများကို အသုံးချနိုင်သလား။

ယခုဆိုလျှင် ဤနည်းလမ်းများကို အသုံးချရန်အတွက် တိကျသော ဗုဒ္ဓဘာသာ ဘာသာရေးလမ်းကြောင်းနှင့် ကိုးကွယ်မှု အစဉ်အလာများ စသည်တို့အတိုင်း လိုက်နာနေပါသလား။ တကယ်တော့ ထိုသို့မဟုတ်ပါ။ ဤအချက်များကို အသုံးချရန် တိကျသော စံပြ ဘာသာရေးလမ်းကြောင်းကို လိုက်နာစရာမလိုပါ။ ဒလိုင်းလားမား ဆရာတော်ကြီးက လောကီ ကျင့်ဝတ်နှင့် လူသားဆန်သော တန်ဖိုးများအကြောင်းကို အမြဲပြောပါသည်။ ယင်းတို့မှာ ကြင်နာရန်၊ ပိုပြီးသတိရှိရန်၊ မသိကျိုးကျွန် မနေရန်၊ စိတ်ကူးဖြင့် မမှန်းဆရန် စသည်တို့ ဖြစ်ပါသည်။ ယင်းတို့မှာ မည်သူမဆို လိုက်နာနိုင်သော ယေဘုယျ လမ်းညွှန်ချက်များ ဖြစ်ပါသည်။

ထို့ပြင် တရားရှုမှတ်ခြင်းအကြောင်း ပြောသောအခါ ထိုင်ပြီး ဤသို့ တွေးတောရန်နှင့် အာရုံပျံ့လွင့်သောအခါ ပြန်ခေါ်ယူရန် စသည့်နည်းများဖြင့် ရင်းနှီးစေမည့် နည်းလမ်းအကြောင်းကိုသာ ပြောခြင်း ဖြစ်ပါသည်။ တရားရှုမှတ်သော ပုံစံဖြင့် ထိုင်ပြီး ဗုဒ္ဓမြတ်စွာကိုဖြစ်စေ၊ ဝင်လေထွက်လေကိုဖြစ်စေ အာရုံစိုက်နိုင်သော်လည်း စာဖတ်နေသောအခါ၊ ချက်ပြုတ်နေသောအခါ၊ တစ်ခုခု ပြုလုပ်နေသောအခါတွင်လည်း ထိုသို့အာရုံစိုက်နိုင်ပါသည်။ ချက်ပြုတ်နေသောအခါ ချက်ပြုတ်နေခြင်းကိုသာ အာရုံစူးစိုက်ပြီး အတွေးများ ပျံ့လွင့်သောအခါ ချက်ပြုတ်ခြင်းဆီသို့ ပြန်ခေါ်ယူပါ။ တိကျသော ဗုဒ္ဓဘာသာ တရားရှုမှတ် ကျင့်ကြံသူတစ်ယောက် ဖြစ်စရာ မလိုပါ။ ဗုဒ္ဓဘာသာ ကိုးကွယ်မှု အစဉ်အလာ သို့မဟုတ် စနစ်တကျဖြစ်သော ဗုဒ္ဓဘာသာ အနေအထား တစ်ခုခုတွင် ပါဝင်ပတ်သက်ခြင်း မရှိဘဲ တွေးတောနည်း၊ ပြုမူနည်း စသည်တို့တွင် ပိုပြီး အကျိုးပြုသောပုံစံဖြင့် မိမိကိုယ်ကို ရင်းနှီးအောင်ပြုလုပ်နိုင်သော နည်းလမ်းများစွာ ရှိပါသည်။

ထိုအခါ ကျွန်ုပ်တို့၏ ပြဿနာများကို ရှောင်ရှားပေးရန်အတွက် ကာကွယ်သော နည်းလမ်းများဖြစ်သည့် ဓမ္မကို အသုံးချခြင်း ဖြစ်ပါသည်။ မေးစရာများ ရှိပါသလား။

မေးခွန်းများ

အတွင်းနှင့် အပြင် ဖြစ်နေသောအရာများကို သတိရှိခြင်း

ပြသနာများကို ရှောင်ရှားရန်အတွက် အမြဲတမ်း အာရုံစူးစိုက်နေရမလား။

မှန်ပါသည်ဟု ပြောရပါမည်။ သို့သော် ထိုတစ်ခုတည်း မဟုတ်ပါ။ ဥပမာအားဖြင့် တစ်ယောက်ယောက်ကို အော်ဟစ် ရိုက်ပုတ်ရာတွင် အလွန် စူးစိုက်မှု ရှိနိုင်သည့်အတွက် ထိုသို့သောမြင်ကွင်းမျိုး မဟုတ်ပါ။ အတွေးနှင့် ခံစားချက်များစသည့် အတွင်းမှာ ဖြစ်နေသောအရာကို သတိထားရန်နှင့် တစ်ချိန်တည်းမှာပင် အနီးဝန်းကျင်မှ အခြားသူများနှင့် ဖြစ်နေသော အရာကို သတိရှိနိုင်အောင် နိုးကြားရန်လည်း လိုပါသည်။ မိသားစုဝင် တစ်ယောက် သို့မဟုတ် ချစ်ခင်သူတစ်ယောက် စသည့် တစ်ယောက်ယောက် အိမ်ပြန်လာသောအခါ သူတို့အလွန် မောပန်းနေသည်ကို တွေ့ရပါသည်။ ထိုအချက်ကို သတိပြုမိရပါမည်။ ထိုအချိန်တွင် အရေးကြီးတာ တစ်ခုခု ပြောဆိုဆွေးနွေးရန် မစတင်သင့်ပါ။ သူတို့ ပင်ပန်းနေပါသည်။ ထို့ကြောင့် သင့်အနီးဝန်းကျင်တွင် ဖြစ်နေသောအရာကို အမြဲတမ်း နိုးကြား စူးစိုက်ပြီး အာရုံစိုက်ရန် လိုပါသည်။ မိမိနှင့် ပတ်သက်သော အခြေအနေသာမဟုတ်ဘဲ အခြားသူများနှင့် ပတ်သက်သော အခြေအနေကို ဆိုလိုပါသည်။

ထို့ကြောင့် မိမိကိုယ်ကိုသာ သတိပြုပြီး အခြားသူများကို သတိမပြုမိသည့် အစွန်းတရားကို ရှောင်ရှားရပါမည်။ သို့မဟုတ် အခြားသူများကိုသာ အလေးထားပြီး မိမိကိုယ်ကို အလေးမထားသည့် အစွန်းကိုလည်း ရှောင်ရှားရပါမည်။ “ဟင့်အင်း” ဟုပြောနိုင်စွမ်း မရှိသည့် ရောဂါစွဲနေသူများစွာ ရှိပါသည်။ ထို့ကြောင့် မိသားစု သို့မဟုတ် တစ်ယောက်ယောက် စသည်ဖြင့် အခြားသူများအတွက် သူတို့ အမြဲဆောင်ရွက်ပေးရင်း လုံးဝမောပန်းနွမ်းလျကာ အားအင်ကုန်ခန်းခြင်း သို့မဟုတ် နောင်တရခြင်းတို့ ဖြစ်လာပါသည်။ မိမိခံစားနေရပုံကို အလေးထားရန်နှင့် မိမိလိုအပ်ချက်များကိုလည်း ဂရုစိုက်ရန် အရေးကြီးပါသည်။ နားရန်လိုသောအခါ အနားယူလိုက်ပါ။ “ဟင့်အင်း၊ စိတ်မကောင်းပါဘူး။ ဒါကို မလုပ်နိုင်ဘူး။ များလွန်းတယ်။ မတတ်နိုင်ဘူး” ဟု ပြောရန်လိုပါက “ဟင့်အင်း” ဟုပြောပါ။ “ဟင့်အင်း” ဟု ပြောသောအခါ ဖြစ်နိုင်လျှင် အခြားအစားထိုးစရာအချို့ ပေးလျှင် အကောင်းဆုံး ဖြစ်ပါသည်။ “ဒါပေမယ့် ဟိုတစ်ယောက်ကတော့ ကူညီနိုင်လိမ့်မယ်” ဟု အကြံပြုနိုင်ပါသည်။

လိုရင်းပြောရလျှင် အတွင်းနှင့် အပြင် ဖြစ်နေသောအရာတိုင်းကို နိုးကြားရန်နှင့် မှန်ကန်သော နားလည်မှု၊ မေတ္တာနှင့် ကရုဏာတို့ကို အသုံးချရန် ဖြစ်ပါသည်။

လောဘကို ဖြေရှင်းခြင်း

တံမြက်စည်း လှည်းခြင်းကို ဒေါသ သို့မဟုတ် အခြား အပျက်သဘော စိတ်ခံစားချက်များ ဖြေရှင်းသည့် နည်းအနေနှင့် ပြောသွားပါသည်။ သို့သော် ဗုဒ္ဓဘာသာတွင် ပို၍နက်နဲသော နည်းလမ်းများစွာ ရှိသည်ဟု ဆိုပါသည်။ ဤနည်းလမ်းများကို ဘယ်မှာ သိနိုင်မလဲ အနည်းအကျဉ်း သဲလွန်စပေးစေလိုပါသည်။

တကယ်တော့ အနည်းငယ် နက်နဲစွာပြောရလျှင် တစ်စုံတစ်ယောက်ကို ဒေါသထွက်သောအခါ ဖြေရှင်းသည့် အဆင့်တစ်ဆင့်မှာ သည်းခံရန်ဖြစ်ပါသည်။ ထိုအခါ ဘယ်လိုသည်းခံရမည်နည်း။ နည်းလမ်းများစွာ ရှိသော်လည်း ဥပမာအားဖြင့် နည်းလမ်းတစ်ခုမှာ “ပစ်မှတ်ကဲ့သို့ သည်းခံခြင်း” ဖြစ်ပါသည်။ “ငါသည် ပစ်မှတ် မသတ်မှတ်ထားပါက မည်သူမျှ လာပစ်မည် မဟုတ်ပါ။” ဥပမာဆိုရလျှင် ကျွန်ုပ်က သင့်ကို တစ်ခုခုဆောင်ရွက်ခိုင်းပြီး သင်က မှားယွင်းစွာ ပြုလုပ်ပါသည်။ ကျွန်ုပ်သည် သင့်ကို ဒေါသထွက်မိဖို့များပါသည်။ သို့မဟုတ် သင်က လုံးဝ မဆောင်ရွက်ပါ။ ထို့ကြောင့် မည်သူ့အပြစ်နည်း။ ကျွန်ုပ်ကိုယ်တိုင် ပျင်းရိပြီး မဆောင်ရွက်ဘဲ သင့်ကိုခိုင်းသည့်အတွက် တကယ်တော့ ကျွန်ုပ်အပြစ် ဖြစ်ပါသည်။ ထို့ကြောင့် ဘာကိုမျှော်လင့်မည်နည်း။ တစ်ယောက်ယောက်ကို တစ်ခုခု ဆောင်ရွက်ခိုင်းပါက သင်ဘာကို မျှော်လင့်မည်နည်း။ နှစ်နှစ်အရွယ် ကလေးငယ်ကို ရေနွေးပူပူတစ်ခွက် ယူလာခိုင်းရာ ဖိတ်စင်ကုန်သည် ဆိုပါစို့။ ထိုအရွယ်က ဖိတ်မှာ သေချာပါသည်။ ထို့ကြောင့် တစ်ယောက်ယောက်ကို တစ်ခုခု လုပ်ပေးခိုင်းသောအခါ ဘာကိုမျှော်လင့်မည်နည်း။

ထို့ကြောင့် ကျွန်ုပ်၏ ပြဿနာကို အမှန်တကယ် ဖြစ်စေသည်မှာ ကျွန်ုပ်၏ပျင်းရိမှု ဖြစ်သည်ဟု သဘောပေါက်ပါသည်။ ကျွန်ုပ်တို့သည် တစ်ဖက်လူကို ဒေါသထွက်၍ မရပါ။ သင့်ကို ကျွန်ုပ်အတွက် တစ်ခုခုဆောင်ရွက်ခိုင်းသောအခါ ကိုယ်တိုင်ပြုလုပ်ရန် အလွန်ပျင်းရိခြင်း သို့မဟုတ် အချိန်မရှိခြင်း စသည်ဖြင့် ပျင်းလွန်းသည့်အတွက် ဖြစ်သည်ကို သတိပြုမိပါသည်။ သို့သော် အဓိကအချက်မှာ အခြားတစ်ယောက်ကို လုပ်ခိုင်းပါက ထိုသူသည် စင်းလုံးချော သို့မဟုတ် ကျွန်ုပ်ပြုလုပ်သည့်အတိုင်း ဆောင်ရွက်မည်ဟု မမျှော်လင့်သင့်ပါ။ ကျွန်ုပ်ကိုယ်တိုင် ပြုလုပ်လျှင်လည်း နောက်ဆုံးတွင် မှန်ချင်မှ မှန်ပါမည်။ ကျွန်ုပ်သည်လည်း အမှားပြုမိနိုင်ပါသည်။ ထို့ပြင် ကိုယ်တိုင် ပြုလုပ်ပြီး အမှားဖြစ်ပါက ကိုယ့်ဘာသာ ဒေါသထွက်စရာအကြောင်း မရှိပါ။ “ငါသည် စင်းလုံးချော မဟုတ်ပါ။ မည်သူမျှ ပြီးပြည့်စုံခြင်း မရှိပါ။ ထို့ကြောင့် ငါအမှားလုပ်မိပါသည်။" ထို့ကြောင့် အမှန်တရားကို လက်ခံလိုက်ရပါမည်။ “ငါသည် လူသားတစ်ယောက်ဖြစ်သည်။ လူသားများသည် အမှားနှင့် မကင်းပါ။ ငါအမှားလုပ်မိပါသည်။” ထို့ပြင် ပြုပြင်နိုင်ပါက ပြုပြင်ပါသည်။ မိမိဘာသာ ဒေါသမထွက်ပါ။ မိမိဘာသာ ဒေါသထွက်စရာ အကြောင်းလည်းမရှိပါ။ တတ်နိုင်လျှင် ပြုပြင်ပါ။ မတတ်နိုင်လျှင် ပစ်ထားလိုက်ပြီး နောင်တွင် အမှားထပ်မဖြစ်အောင် ကြိုးစားပါ။

ဒေါသကို ဖြေရှင်းရာတွင် ပိုမိုနက်ရှိုင်းသော အဆင့်မှာ မိမိကိုယ်ကို အမှန်အတိုင်း နားလည်ရန် ဖြစ်ပါသည်။ ယခုအခါ အလွန်ရိုးရှင်းသော အဆင့်ကို ပြောနေသော်လည်း ထိုရိုးရှင်းသောအဆင့်သည်ပင်လျှင် အထောက်အကူ ပြုပါသည်။ “ငါသည် စကြဝဠာ၏ အလယ်ဗဟို မဟုတ်ပါ။ ဘာကြောင့် အမြဲတမ်း ငါ့ပုံစံအတိုင်း ဖြစ်သင့်ပါသနည်း။ ဘာကြောင့်နည်း။ ငါ့ပုံစံအတိုင်း အမြဲဖြစ်သင့်ပြီး အခြားသူများက သူတို့ပုံစံအတိုင်း မရှိရလောက်အောင် ငါသည် ဘာများထူးခြား ပါသနည်း။” ဤသို့သော အတွေးများရှိပါက လောကတွင် အရေးအကြီးဆုံးဖြစ်သော “ငါ” ဟု ခိုင်မာစွာရှုမြင်မှုကို စတင်ဖြိုဖျက်လိုက်ပါသည်။ ခိုင်မာသော “ငါ” ဖြစ်ပါသည်။ ထို့နောက် ဆက်လက်၍ ဖြိုဖျက်သွားနိုင်ပါသည်။ “ငါ” ကို ခိုင်မာသော အမြင်ဖြင့် ရှိနေပြီး ငါသည် အမြဲတမ်း ငါ့ပုံစံအတိုင်း ရှိရမည်ဆိုပါက သင့်ပုံစံအတိုင်း မရှိသည့်အခါ ဒေါသထွက်လာမည် မဟုတ်ပါလား။

ဗုဒ္ဓဘာသာသည် ကျွန်ုပ်တို့ တည်ရှိပုံနှင့် အခြားသူအားလုံး တည်ရှိပုံအကြောင်း များစွာပြောထားပါသည်။ ကျွန်ုပ်တို့ တည်ရှိသည်မှန်သော်လည်း စိတ်ကူးဖြင့် တည်ရှိသည်ဟု ယူဆသော မဖြစ်နိုင်သည့် နည်းလမ်းများဖြင့် တည်ရှိခြင်း မဟုတ်ပါ။ ဥပမာအားဖြင့် ခေါင်းထဲတွင် စကားပြောနေသော “ငါ” ကလေး ကဲ့သို့ ခေါင်းထဲမှ ပြောဆိုနေသူကဲ့သို့ မဟုတ်ပါ။ “ငါဘာလုပ်သင့်သလဲ။ အို၊ ဒါကို လုပ်လိုက်မယ်” ဆိုပြီး ပြောဆိုငြီးတွားနေသော “ငါ” ကလေး ရှိနေသည်ဟု ထင်ရပါသည်။ ထို့နောက် ခန္ဓာကိုယ်ကို စက်တစ်လုံးကဲ့သို့ လှုပ်ရှားပါတော့သည်။ သို့သော် ယင်းမှာ ထင်ယောင် ထင်မှားသာ ဖြစ်ပါသည်။ ကိုယ်ထဲတွင် “ငါ” ကလေးကို ရှာတွေ့နိုင်မည် မဟုတ်ပါ။ သို့သော် ငါသည် တည်ရှိပါသည်။ ငါသည် စကားပြောသည်။ ငါသည် လုပ်ငန်းဆောင်ရွက်သည်။ ထို့ကြောင့် ဤမှန်းဆချက်များတွင် ယုံကြည်မှုကို ဖယ်ရှားရန် လိုပါသည်။ အကြောင်းမှာ ယင်းတို့သည် အမှန်တရားနှင့် သက်ဆိုင်သကဲ့သို့ ထင်ရပါသည်။ ထိုသို့ ပုံပေါ်နေပါသည်။ ဤအသံ ကြားနေသည့်အတွက် ကိုယ်ထဲတွင် တစ်ယောက်ယောက် စကားပြောနေရပါမည်။

ထို့ကြောင့် ဗုဒ္ဓဘာသာသည် “စိတ်ပညာ” ဆိုသည့်နယ်ပယ် တစ်ခုလုံးအတွက် ပြောထားသည်များ ရှိပါသည်။

ကျွန်ုပ်တို့၏ ခန္ဓာကိုယ်နှင့်ပတ်သက်၍ ဆောင်ရွက်စရာများ

မေးစရာနှစ်ခု ရှိပါသည်။ ပထမတစ်ခုမှာ ခန္ဓာကိုယ်နှင့် ပတ်သက်၍ အားထုတ်မှုအကြောင်း အနည်းငယ် ထပ်ပြောစေလိုပါသည်။ ကျွန်ုပ်တို့၏ ခန္ဓာကိုယ်ကို ဖြေလျော့ထားရန် ပြောသွားသော်လည်း ထိုထက်ပို၍ အနည်းငယ် ဆောင်ရွက်ရမည် ထင်ပါသည်။ ဒုတိယ မေးခွန်းမှာ ဤမှန်းဆချက်အားလုံး၏ အကြောင်းရင်းက ဘာလဲ။ ဥပမာအားဖြင့် ခေါင်းထဲတွင် တစ်ယောက်ယောက် စကားလာပြောနေသလို ဘာကြောင့် ထင်နေရပါသလဲ။

ကိုယ်ကျန်းမာရေးအတွက် အသုံးချနိုင်သော နည်းလမ်းများစွာ ရှိပါသည်။ ဥပမာအားဖြင့် တိဘက်အစဉ်အလာတွင် ဗုဒ္ဓဘာသာ ဆေးပညာရှိသည်ကို တွေ့ရပါသည်။ ယင်းသည် ခန္ဓာကိုယ်မှ စွမ်းအင်များ ဟန်ချက်ညီစေရေးအတွက် အများကြီး သက်ဆိုင်ပါသည်။ ကျွန်ုပ်တို့၏ စွမ်းအင်များနှင့် အထွေထွေ ကျန်းမာရေးသည် ကျွန်ုပ်တို့၏ အစားအသောက်နှင့် အပြုအမူကြောင့် များစွာသက်ရောက်မှု ရှိပါသည်။ ဆောင်းရာသီတွင် အပြင်ထွက်သောအခါ အနွေးထည် မပါခြင်းကြောင့် ဖျားနာသည့် အပြုအမူမျိုး ဖြစ်ပါသည်။ ထိုသို့သော အပြုအမူမျိုးကို ပြောနေပါသည်။ သို့မဟုတ် အလုပ်အလွန်အကျွံလုပ်ခြင်းကဲ့သို့ အပြုအမူကလည်း ဖျားနာစေပါသည်။

ကျွန်ုပ်တို့၏ ခန္ဓာကိုယ်၏ အခြေအနေကို သတိရှိအောင်လည်း ကြိုးစားထိန်းသိမ်းရပါသည်။ စိတ်၏ တည်ငြိမ်မှု ပိုရလေ၊ စိတ်အခြေအနေသာမ ခန္ဓာကိုယ်၏ စွမ်းအင် အခြေအနေကိုပါ ပိုပြီးသတိပြုမိလေ ဖြစ်ပါသည်။ နမူနာပြရလျှင် သင့်စွမ်းအင်သည် အလွန်စိုးရိမ်နေသည်ဟု သတိထားမိသောအခါ သွေးခုန်နှုန်း မြန်လာပါသည်။ သင့်အာဟာရကို ချိန်ညှိရုံဖြင့် ဆောင်ရွက်နိုင်သော အလွန်အခြေခံကျသည့် အချက်များ ပါဝင်ပါသည်။ ဥပမာအားဖြင့် ကော်ဖီနှင့် အားပြင်းသော လက်ဖက်ရည်ကို မသောက်ဘဲနေကာ အဆီများသော ချိစ်ကဲ့သို့ အစားအသောက်များကဲ့သို့ စွမ်းအင်ကို လျော့ကျစေသည့် စေးပျစ်သော အစားအသောက်များကို မစားသုံးပါ။ ထို့ပြင် နွေးနွေးထွေးထွေး နေထိုင်ပါသည်။ လွင့်မျောနေသောနေရာ သို့မဟုတ် လေတိုက်သောနေရာတွင် မနေပါ။ “တဝီဝီ” မြည်နေသော စွမ်းအားမြင့် စက်ပစ္စည်းများအနီးတွင် မနေထိုင်ပါ။ ယင်းတို့သည် စွမ်းအင်ကိုပို၍ နှောင့်ယှက်ပါသည်။ တည်ငြိမ်သော အခြေအနေတွင် နေထိုင်ပါ။ ထိုသို့ လေ့ကျင့်မှုအဆင့် ဖြစ်ပါသည်။

တိဘက်အစဉ်အလာသည် ကာယလှုပ်ရှားမှု သို့မဟုတ် သိုင်းအတတ်ကဲ့သို့ တရုတ် သို့မဟုတ် ဂျပန် ဗုဒ္ဓဘာသာ အစဉ်အလာများတွင် တွေ့ရသည့် ခန္ဓာကိုယ်လှုပ်ရှားမှုမျိုးကို အလေးထား မပြောကြားပါ။ သို့သော် ထိုက်ချိ၊ ချိကုံး အစရှိသည့် သိုင်းအမျိုးမျိုးသည် အလွန်အထောက်အကူ ပြုပါသည်။ ယင်းတို့သည် သင့်လှုပ်ရှားမှုကို သတိရှိမှုမှတစ်ဆင့် စူးစိုက်မှု ရရှိစေသည့် နည်းလမ်းများလည်း ဖြစ်ပါသည်။ တိဘက်လူမျိုးများ ပြုလုပ်သည့် ကာယလှုပ်ရှားမှုသည် ပို၍နူးညံ့သိမ်မွေ့ပြီး သိုင်းကစားသည့်နည်းမဟုတ်သော ခြားနားသည့်နည်းဖြင့် စွမ်းအင်စနစ်များကို ကြိုးစား အားထုတ်မှုနှင့် ဆိုင်ပါသည်။ ယောဂနှင့် ပိုမိုဆင်တူသည့် ခြားနားသောနည်းလမ်း ဖြစ်ပါသည်။ ထို့ကြောင့် ယင်းမှာ ခန္ဓာကိုယ်နှင့် ကြိုးစားအားထုတ်မှု ဖြစ်ပါသည်။

ခေါင်းထဲမှ အသံ၏မူလရင်းမြစ်

ခေါင်းထဲမှ အသံ၏အကြောင်းရင်းနှင့် ပတ်သက်လျှင် ဤသည်မှာ စိတ်၏ သဘောသဘာဝနှင့် ဆိုင်ပြီး အနည်းငယ် ရှုပ်ထွေးပါသည်။ ဗုဒ္ဓဘာသာတွင် စိတ်အကြောင်း ပြောသောအခါ အရာဝတ္ထု တစ်ခုခုကို ပြောခြင်း မဟုတ်ပါ။ စိတ်၏ဆောင်ရွက်ချက်အကြောင်း ပြောပါသည်။ စိတ်၏ဆောင်ရွက်ချက်သည် တွေးခြင်း၊ မြင်ခြင်း၊ စိတ်ခံစားချက်များ ခံစားခြင်းတို့တွင် ပါဝင်ပါသည်။ အလွန်ပင် ကျယ်ပြန့်ပါသည်။ ထိုဆောင်ရွက်ချက်တွင် ဖြစ်ပျက်နေသည်မှာ စိတ်၏ပုံရိပ်မျိုး ပေါ်ထွက်လာပါသည်။ ဥပမာ၊ တစ်ခုခု မြင်သောအခါ အလင်းရောင်သည် အမြင်အာရုံခံဆဲလ်ကို ထိခြင်း၊ နျူရွန်ဆဲလ်များတွင် လျှပ်စစ်နှင့် ဓာတု နှိုးဆွမှုများ ဖြစ်စေခြင်း၊ ထိုမှသည် ထိုအရာဝတ္ထု၏ အသွင်းအပြင်ကို ပုံရိပ်အနေနှင့် ပေါ်ထွက်လာပါသည်။ သို့သော် ယင်းမှာ တကယ့်စိတ်၏ပုံရိပ် ဖြစ်ပါသည်။ ဓာတုပစ္စည်းနှင့် လျှပ်စစ်လှိုင်းများကြောင့် ပေါ်ထွက်လာပါသည်။

သို့သော် ပုံရိပ်များသည် မြင်ယောင်မှုသာ ဖြစ်ပါသည်။ ဤစိတ်၏ ပုံရိပ်များသည် စကားလုံးများကဲ့သို့ အသံလည်း ဖြစ်နိုင်ပါသည်။ တစ်ကြိမ်တည်းဖြင့် ဝါကျ တစ်ကြောင်းလုံး မကြားပါ။ တစ်ချိန်လျှင် အစိတ်အပိုင်းကလေးများကို ကြားပါသည်။ ဝါကျတစ်ခုလုံး၏ စိတ်ပုံရိပ်လည်း ရှိနေသည့်အတွက် ဆိုလိုရင်းကို သင်နားလည်ပါသည်။ ထို့အတူ စိတ်ခံစားချက်အသွင်ဖြင့် စိတ်ပုံရိပ်များ ရှိပါသည်။ အတွေးများ ပုံစံဖြင့် စိတ်ပုံရိပ်များ၊ အသံ ပုံစံဖြင့် စိတ်ပုံရိပ်များ ရှိပါသည်။ ယင်းတို့သည် အလိုလိုပေါ်ထွက်ပါသည်။ သိမှုအချို့ ပါဝင်ပတ်သက်ပါသည်။ ထို့ကြောင့် မြင်ခြင်း၊ တွေးခြင်း၊ ခံစားခြင်းတို့ ဖြစ်လာပါသည်။ ထိုသို့ ရှိနေပါသည်။ ထို့ပြင် စိတ်၏ဆောင်ရွက်ချက်သည် ယင်းကို စောင့်ကြည့်၊ ထိန်းချုပ်ကာ ပေါ်ပေါက်စေသော “ငါ” နှင့် ခွဲခြားထားသူတစ်ဦး မရှိဘဲ ဖြစ်ပေါ်နေပါသည်။ ထိုသို့ ဖြစ်ပေါ်ပါသည်။ ထို့ကြောင့် ထိုစိတ်ပုံရိပ်၏ အစိတ်အပိုင်းသည် “ငါ” ဆိုသည့်အတွေး ဖြစ်ပါသည်။ “ထိုအသံသည် ငါဖြင်သည်။” မည်သူက တွေးနေပါသလဲ။ ငါတွေးနေပါသည်။ သင်က တွေးနေခြင်းမဟုတ်ဘဲ ငါက တွေးနေခြင်း ဖြစ်သည်။ သို့သော် ယင်းမှာ ဤပုံရိပ်များ၏ ဖြစ်စဉ်တစ်ခုလုံး၏ အစိတ်အပိုင်းမျှသာ ဖြစ်ပါသည်။

ကျွန်ုပ်တို့ခေါင်းထဲမှ ဤအသံသည် ဘယ်ကလာပါသနည်း။ စိတ်၏ဆောင်ရွက်ချက် လက္ခဏာရပ်တစ်ခုသာ ဖြစ်ပါသည်။ စိတ်၏ဆောင်ရွက်ချက်အားလုံးက လုပ်ဆောင်ပုံဖြစ်ရန် မလိုပါ။ ထိုအသံသည် အမြဲမဖြစ်ပေါ်ပါ။ တီကောင် တစ်ကောင်သည် အသံဖြင့် တွေးနေမလား သံသယဖြစ်မိပါသည်။ တီကောင်တွင် ဦးနှောက်ရှိသည်။ စိတ်ရှိသည်။ မြင်တွေ့ရသည်။ လုပ်ငန်း ဆောင်ရွက်ပါသည်။

တကယ်တော့ ထိုသို့တွေးသောအခါ အလွန်စိတ်ဝင်စားစရာ ကောင်းပါသည်။ အသံ၏ ပုံရိပ်သည် ဆက်သွယ်မှုပုံစံ တစ်မျိုး မဟုတ်ပါလား။ အတွေးကို စိတ်၏ စကားလုံးအသံ အနေနှင့် ဖော်ပြ ဆက်သွယ်သည့် အယူအဆအမျိုးအစား ဖြစ်ပါသည်။ စိတ်ဝင်စားဖွယ် မေးခွန်းမှာ မွေးကတည်းက ဆွံ့အနားမကြားသူတွင် အသံဆိုသည့် ယူဆချက် မရှိပါ။ ထိုသူတို့သည် ခေါင်းထဲတွင် အသံကြားရပါသလား။ သို့မဟုတ် ဟန်အမူအရာ ဘာသာစကားဖြင့် တွေးပါသလား။ ယင်းမှာ အလွန်စိတ်ဝင်စားဖွယ် မေးခွန်းဖြစ်ပါသည်။ ထိုအတွက် အဖြေကို မတွေ့သေးပါ။

ထို့ကြောင့် အသံဖြစ်စေ၊ ဟန်အမူအရာ ဘာသာစကားဖြစ်စေ၊ တီကောင်၏ တွေးတောမှုဖြစ်စေ၊ ပြောဆိုနေသူ၊ ထိန်းချုပ်ခန်းမှ ထိုင်နေသူ၊ အချက်အလက်သည် မျက်စိမှ ဖန်သားပြင်တွင် ပေါ်လာပြီး ထိုသူက မိုက်ခရိုဖုန်းဖြင့် ပြောဆိုကာ ခြေ၊ လက်များ လှုပ်ရှားအောင် ခလုတ်နှိပ်သကဲ့သို့ “ငါ” ၏ နောက်ကွယ်မှ သီးခြားရှိနေသည်မှာ ထင်ယောင်ထင်မှား ဖြစ်ပါသည်။ ဤသည်မှာ လုံးဝထင်ယောင်ထင်မှား ဖြစ်ပါသည်။ သို့သော် ထိန်းချုပ်ခန်းတွင် ထိုင်နေသော “ငါ” အမျိုးအစားသည် “အို၊ ငါ့ကိုလူတွေ ဘယ်လိုထင်မလဲ” နှင့် “ငါအခု ဘာလုပ်သင့်သလဲ” ဖြစ်ပါသည်။ ထိန်းချုပ်ခန်းမှ ဤ “ငါ” ကို ကျွန်ုပ်တို့ စိုးရိမ်မိနေပါသည်။

ဤ “ငါ” သည် ထင်ယောင်ထင်မှားသာ ဖြစ်သည်ကို သဘောပေါက်သောအခါ စိုးရိမ်စရာ ဘာမျှမရှိတော့ပါ။ ကျွန်ုပ်တို့ ပြောဆိုသည်။ ဆောင်ရွက်သည်။ ငါသည် ပြောဆိုသည်၊ ငါသည် ဆောင်ရွက်သည် ဆိုသည့် ငါ ဖြစ်ပါသည်။ အခြားသူများက ယင်းကို မနှစ်သက်ပါက မနှစ်သက်ခြင်း ဖြစ်ပါမည်။ ထို့ကြောင့် ဘာထူးခြားပါသနည်း။ ဗုဒ္ဓမြတ်စွာသည် လူတိုင်းက နှစ်သက်လာအောင် မပြုလုပ်ပါ။ အားလုံးသည် ဗုဒ္ဓမြတ်စွာကို မနှစ်သက်ပါ။ ထို့ကြောင့် မိမိအတွက်ရော ဘာကိုမျှော်လင့်မည်နည်း။ နားလည်မှု၊ မေတ္တာနှင့် ကရုဏာကို အသုံးပြုကာ ဆောင်ရွက်ရုံသာ ရှိပါသည်။ ထိုမျှသာ ရှိပါသည်။ “သူတို့ငါ့ကို ဘယ်လိုထင်မလဲ” ဟု စိုးရိမ်မနေပါနှင့်။ ယင်းမှာ ပြောသလောက် မလွယ်ကူလှပါ။

အခြားသူများ ဒေါသထွက်သောအခါ မိမိကိုယ်ကို ထိန်းချုပ်ခြင်း

တစ်ဖက်လူက ကျွန်ုပ်တို့ကို ဒေါသထွက်သောအခါ မိမိကိုယ်ကို ဘယ်လိုထိန်းချုပ်ရမလဲ။

အခြေခံအားဖြင့် သူတို့သည် ကလေးငယ်တစ်ယောက်နှင့် တူပါသည်။ နှစ်နှစ်အရွယ် ကလေးငယ်သည် ကျွန်ုပ်တို့က “အိပ်ရာဝင်ချိန်ရောက်ပြီ” ဟု ပြောသည်ကို ဒေါသထွက်သောအခါ “မုန်းလိုက်တာ။ ဖေဖေက ဆိုးလိုက်တာ” ဟု ပြောပါက သူတို့သည် အလွန် အနှောင့်အယှက် ပေးသည်ကို ဒေါသထွက်မိပါသလား။ တကယ်တော့ အချို့လူများ အမှန်ပင် ဒေါသထွက်သော်လည်း နှစ်နှစ်အရွယ် ကလေးငယ် ဖြစ်သည့်အတွက် ဘာကိုမျှော်လင့်မည်နည်း။ ကလေးငယ်ကို ငြိမ်သွားအောင် ကြိုးစားရပါသည်။ နှစ်နှစ်သား ကလေးကို ဆက်ဆံသလိုပင် နူးညံ့ရပါသည်။ နှစ်နှစ်သား ကလေးသာ ထိုသို့ဖြစ်လျှင် မည်သို့ဖြေရှင်းမည်နည်း ဟု တွေးကြည့်ပါ။ နှစ်နှစ်သားကလေး ဆိုးရွားစွာ ပြုမူသောအခါ သူတို့ကိုပွေ့ချီလိုက်ပြီး ချစ်ခင်ကြင်နာလိုက်ပါက သူတို့ငြိမ်သွားသည် မဟုတ်ပါလား။ သူတို့ကို အော်ငေါက်ခြင်းဖြင့် ပို၍ငိုကြွေးပါမည်။ ထို့ကြောင့် လူတို့သည် ကလေးကြီးများကဲ့သို့ ဖြစ်ပါသည်။

Top