လက်တွေ့ကျသော လားမားဘုန်းတော်ကြီး ဆခုန်ယင်းပိုချီ

ဂျာမနီနိုင်ငံသို့ မရွှေ့ပြောင်းမီ ဒလိုင်းလားမား ဆရာတော်ကြီး၏ ပရိသတ်တစ်ဦး

ကျွန်ုပ်သည် မွန်ဂိုလီးယားနိုင်ငံနှင့် အနောက်တိုင်းနိုင်ငံများတွင် စာသင်ကြားရေး ခရီးစဉ်ကာလနှင့် အပြင်းအထန် စာပေရေးသားမှုကာလတို့ကို အဆုံးသတ်ပြီးနောက် ၁၉၉၈ ခုနှစ် ဧပြီလတွင် အိန္ဒိယနိုင်ငံ ဓမ္မသာလာရှိနေအိမ်သို့ ပြန်လာပါသည်။ ကျွန်ုပ်သည် ဟိမဝန္တာတောင်ခြေတွင် ၁၉၆၉ ခုနှစ်ကတည်းက နေထိုင်ပြီး ဒလိုင်းလားမား ဆရာတော်ကြီး၏ အနီးဝန်းကျင်တွင် စုဖွဲ့နေသော တိဘက်ဒုက္ခသည်အသိုင်းအဝိုင်းနှင့်အတူ စာပေသင်ကြားကာ အလုပ်လုပ်ကိုင်နေပါသည်။ ယခုအခါ ဂျာမနီနိုင်ငံ မြူးနစ်မြို့သို့ ပစ္စည်းများ ရွှေ့ပြောင်းနေပါသည်။ ထိုမြို့တွင် စာအုပ်များ ပိုမိုထိရောက်စွာ ရေးသားနိုင်သလို ဗုဒ္ဓဘာသာကို ပိုပြီးအချိန်မှန်စွာ သင်ကြားနိုင်ပါမည်။ ကျွန်ုပ်၏ ဆုံးဖြတ်ချက်ကို ဆရာတော်ကြီးအား အသိပေးလိုပြီး သူ့အကြံဉာဏ်ကို ရယူလိုပါသည်။ ဆရာတော်ကြီးသည် ကျွန်ုပ်၏ ဘာသာရေး ဆရာတော် ဖြစ်သည်နှင့်အညီ အခြားသူများကို အဓိပ္ပာယ်ရှိစွာ အကျိုးပြုနိုင်ရန် အချိန်ကို အထိရောက်ဆုံး အသုံးချနိုင်မည့် နည်းလမ်းနှင့် နေရာကို ကိုယ်တိုင် ဆုံးဖြတ်ရွေးချယ်ရန် ယခင်ကလည်း ညွှန်ကြားဖူးပါသည်။ အတွေ့အကြုံသည်သာ ကျွန်ုပ်၏ အားအထားရဆုံး လမ်းညွှန် ဖြစ်ပါလိမ့်မည်။

ဆရာတော်ကြီးကို လွန်ခဲ့သော ၂၉ နှစ်နီးပါးက စတင်တွေ့ဆုံချိန်တွင် ကျွန်ုပ်သည် ဟားဗတ်တက္ကသိုလ်ရှိ အရှေ့ဖျား ဘာသာစကားဌာနနှင့် သက္ကတနှင့် အိန္ဒိယဘာသာရပ်များဌာန အတွက် ပါရဂူဘွဲ့ စာတမ်း ရေးသားရန် ဖူးလ်ဘရိုက် ပညာသင်ဆုဖြင့် အိန္ဒိယနိုင်ငံသို့ လာရောက်ခြင်း ဖြစ်ပါသည်။ ထိုကာလတွင် တိဘက် ဗုဒ္ဓဘာသာကို ရှေးခေတ် အီဂျစ်ဘာသာစကားကဲ့သို့ ခက်ခဲသော ဘာသာရပ်တစ်ခုအဖြစ် ပညာရပ်နယ်ပယ်တွင် သင်ကြားရပါသည်။ ဤသို့သော အခြေခံအချက်ကို ကျွန်ုပ်လက်မခံနိုင်သည့်အတွက် ဗုဒ္ဓဘာသာဝင် တစ်ယောက်ကဲ့သို့ နေထိုင်တွေးတောနိုင်မည့် နည်းလမ်းကို နှစ်ပေါင်းများစွာ တွေးဆခဲ့ပါသည်။ ဆရာတော်ကြီးနှင့် တွေ့ဆုံချိန်တွင် ဤသို့ ရှေးကျသော အစဉ်အလာသည် ရှင်သန်နေဆဲ ဖြစ်ကြောင်း သဘောပေါက်လာပြီး ထိုအစဉ်အလာကို အပြည့်အဝ နားလည်ပြီး ကိန်းအောင်းနေသော ဆရာတော်တစ်ပါးကို တွေ့ပြီဟု သိလိုက်ပါသည်။

လအနည်းငယ် ကြာပြီးနောက် ဆရာတော်ကြီးအား စစ်မှန်သော တရားတော်များ သင်ယူလေ့ကျင့်ခွင့် ပေးပါရန် ကိုယ်တိုင် တောင်းဆိုခဲ့ပါသည်။ သူ့အား အမှုတော် ထမ်းပေးလိုပြီး ကျွန်ုပ်၏ အားထုတ်ကြိုးပမ်းမှု များစွာ ရှိမှသာ ထိုသို့ဆောင်ရွက်နိုင်မည်ကို သိပါသည်။ ဆရာတော်ကြီးက ကြင်နာစွာ လက်ခံပါသည်။ နောက်ဆုံးတွင် ကျွန်ုပ်သည် သူ၏ဘာသာပြန်သူ တစ်ယောက်အဖြစ် မကြာခဏ ဆောင်ရွက်ခွင့် ရပါသည်။ သူ့အတွက် ကမ္ဘာတစ်ဝန်းမှ ဘာသာရေး ခေါင်းဆောင်များ၊ ပညာရေး အဖွဲ့အစည်းများနှင့် ဆက်ဆံရေးများ ကူညီတည်ဆောက်ပေးနိုင်ပါသည်။ 

ဥရောပတွင် ပြောင်းရွှေ့အခြေချရန် ကျွန်ုပ်၏ ဆုံးဖြတ်ချက်ကို ဆရာတော်ကြီးက နှစ်သက်တော်မူပါသည်။ နောက်ထပ် ဘာစာအုပ် ရေးမလဲဟု မေးပါသည်။ ဘာသာရေး ဆရာတော်တစ်ပါးနှင့် ဆက်ဆံရေးအကြောင်း ရေးလိုပါသည်ဟု သူ့အားအသိပေးခဲ့ပါသည်။ အနောက်တိုင်း ဗုဒ္ဓဘာသာ ဆရာတော်များကွန်ရက်၏ အစည်းအဝေးသုံးခုကို ဆရာတော်ကြီးနှင့်အတူ ဓမ္မသာလာတွင် တက်ရောက်ခဲ့သည့်အတွက် ကျွန်ုပ်သည် အနောက်တိုင်းသားများ ရင်ဆိုင်ရသော ပြဿနာများအပေါ် ဆရာတော်ကြီး၏ အမြင်ကို ကောင်းစွာသိရှိပါသည်။ ဆရာတော်ကြီးက ယခုထပ်ပြောသော မှတ်ချက်တစ်ခုမှာ အဓိကအခက်အခဲသည် လက်တွေ့ အရည်အချင်းပြည့်မီသော ဆရာများ နည်းပါးခြင်းဟု သိရပါသည်။

ဗုဒ္ဓဘာသာ ဆရာတစ်ဦး ဖြစ်လာရန် ဆခုန်ယင်းပိုချီ၏ အကြံဉာဏ်များကို အမှတ်ရခြင်း

ပရိသတ်ခန်းမဆောင်မှ ထွက်လာသောအခါ ကျွန်ုပ်၏ ပထမဆုံး တုံ့ပြန်ချက်မှာ ဗုဒ္ဓဘာသာ ဆရာတစ်ဦး ဖြစ်ရသည့် အတွက် ကျွန်ုပ်၏ ဂုဏ်ပုဒ်များကို မေးခွန်းထုတ်ကြည့်မိပါသည်။ ကျွန်ုပ်သည် အိန္ဒိယနိုင်ငံတွင် ပြည်ပရောက် ထူးချွန်သော တိဘက်ဆရာတော် အများစုထဲမှ အချို့နှင့်အတူ လေ့လာသင်ယူရန် အထူးအခွင့်အလမ်းကို နှစ်ပေါင်းများစွာ ရရှိထားပါသည်။ ဒလိုင်းလားမား ဆရာတော်ကြီးသာမက သူ၏ကွယ်လွန်သွားပြီဖြစ်သော သင်ကြားရေးဆရာတော် သုံးပါးနှင့် တိဘက် အစဉ်အလာများစွာ၏ အကြီးအကဲများ ပါဝင်ပါသည်။ သူတို့နှင့် နှိုင်းယှဉ်ပါက ကျွန်ုပ်ထံတွင် မည်သည့် ပညာအရည်အချင်းမျှ မည်မည်ရရ မရှိပါ။ သို့သော် ကျွန်ုပ်၏အဓိက ဆရာတော်မှာ ဆရာတော်ကြီး၏ ဆွေးနွေး ငြင်းခုန်ဘက် ဆရာတော် ဇန်ဟဗ်ဆခုန်ယင်းပိုချီ ဖြစ်ပါသည်။ သူက ၁၉၈၃ ခုနှစ်တွင် ကျွန်ုပ်အား ပေးခဲ့သော အကြံဉာဏ်ကို အမှတ်ရမိပါသည်။

ကျွန်ုပ်သည် ယင်းပိုချီနှင့်အတူ သူ၏ ဒုတိယအကြိမ် ကမ္ဘာ့ခရီးစဉ်တွင် သူ၏စကားပြန်နှင့် အတွင်းရေးမှူးအဖြစ် ခရီးသွားလာခဲ့ပြီး ဗင်နီဇွဲလားနိုင်ငံ၊ ကာရာကက်စ်မြို့သို့ ဘေးထွက် ခရီးစဉ်မှ ပြန်ရောက်ရုံ ရှိပါသည်။ ယင်းပိုချီ၏ တိုက်တွန်းမှုကြောင့် ကျွန်ုပ်သည် ထိုနေရာရှိ ဗုဒ္ဓဘာသာ အဖွဲ့အသစ်တစ်ဖွဲ့ကို ဟောကြားရန် ဖိတ်ခေါ်သည်ကို လက်ခံလိုက်ပါသည်။ ထိုသို့ ပထမဆုံး လက်ခံဖူးခြင်း ဖြစ်ပါသည်။ ယင်းပိုချီသည် နောက်ထပ် ကျန်ရှိသော ရက်အနည်းငယ်အတွင်း နယူးဂျာဆီရှိ ဂဲရှိဝမ်ယယ်၏ ကျောင်းတိုက်တွင် သီတင်းသုံးနေထိုင်ပါသည်။ ဂဲရှိဝမ်ယယ်သည် ရုရှားနိုင်ငံမှ ကယ်လ်မက် မွန်ဂို တစ်ဦးဖြစ်ပြီး ၁၉၆၇ ခုနှစ်က ကျွန်ုပ် ပထမဆုံးတွေ့ဆုံဖူးသော တိဘက် အစဉ်အလာ ဆရာတော် ဖြစ်ပါသည်။ သို့သော် ကျွန်ုပ်သည် သူ့ထံမှ နက်နဲသော သင်ယူလေ့လာခွင့်များ တစ်ကြိမ်မျှ မရဖူးပါ။

ပြန်လာသောအခါ ယင်းပိုချီက ကျွန်ုပ်ဘာတွေလုပ်ခဲ့သလဲဟု မမေးပါ။ ယင်းမှာ သူ့ထုံးစံဖြစ်သောကြောင့် မအံ့ဩမိပါ။ သို့သော် နောက်တစ်ပတ်ကြာပြီးနောက် လန်ဒန်မြို့တွင် ညစာစားပြီးချိန် မီးဖိုချောင်မှာ ထိုင်နေစဉ် ယင်းပိုချီက “နောက်ပိုင်းကျရင် ခင်ဗျားက နာမည်ကြီး ဆရာတစ်ယောက် ဖြစ်လာတဲ့အခါ တပည့်တွေက ခင်ဗျားကို ဘုရားတစ်ဆူလို မြင်လာလိမ့်မယ်။ အဲဒီအခါ ခင်ဗျားက ဉာဏ်အလင်းမရရှိသေးဘူးလို့ ကိုယ့်ဘာသာကိုယ် သေချာသိတဲ့အတွက် ခင်ဗျားရဲ့ ဆရာတွေက ဘုရားရှင်တွေ ဖြစ်တယ်ဆိုတဲ့ ယုံကြည်မှုကို မယိမ်းယိုင်ပါစေနဲ့” ဟုပြောပါသည်။ သူက ထိုသို့ပြောပြီးနောက် ကျွန်ုပ်တို့နှစ်ဦးစလုံး တိတ်ဆိတ်သွားကြပါသည်။ သူ့စကားလုံးများ၏ နက်ရှိုင်းမှုကို နားလည်ရန် နှစ်ပေါင်းများစွာ ကြာပါလိမ့်မည်။

ယင်းပိုချီသည် “လက်တွေ့ပုဂ္ဂိုလ်” ဖြစ်ကြောင်း လားမားဇိုပါ၏ ထောက်ခံချက်

တစ်ခါက အနောက်တိုင်းမှ နာမည်ကျော် တိဘက်ဗုဒ္ဓဘာသာ ဆရာတော်တစ်ပါးဖြစ်သော လားမားဇိုပါ ယင်းပိုချီက စစ်မှန်သော လားမား ဘုန်းတော်ကြီးတစ်ပါးကို တွေ့ဆုံလိုပါလျှင် အကောင်းဆုံး နမူနာမှာ ဇန်ဟဗ်ဆခုန်ယင်းပိုချီ ဖြစ်သည်ဟု မှတ်ချက်ပြုခဲ့ပါသည်။ လားမားဇိုပါသည် တိဘက်စကားဖြစ်သည့် လားမား ကို လျော့လျဲသော အဓိပ္ပာယ် ဖြစ်သည့် သာမန်ဘုန်းတော်ကြီး တစ်ပါး သို့မဟုတ် သုံးနှစ်တာ အပြင်းအထန် တရားရှုမှတ်ပြီးသော ဝတ်ပြုအခမ်းအနား များကိုသာ ဆောင်ရွက်သူ ဟူ၍ မသုံးနှုန်းပါ။ ထို့ပြင် မိမိ၏ ပြန်လည်မွေးဖွားမှုကို ဦးတည်နိုင်စွမ်းရှိပြီး "တန်ဖိုးရှိသူ" ဆိုသည့် ယင်းပိုချီ ဂုဏ်ပုဒ်ကို ပိုင်ဆိုင်သူ “ပြန်ဝင်စားသော လားမား” ဆိုသည့် အဓိပ္ပာယ်ဖြင့်လည်း မပြောပါ။ လားမား ဆိုသည့် မူရင်းစကားလုံး၏ အဓိပ္ပာယ်အတိုင်း အရည်အချင်း ပြည့်ဝသော ဘာသာရေး သင်ကြားသူ ဟူ၍ ဆိုလိုပါသည်။ ထို့ကြောင့် ထိုသို့သော ဆရာတစ်ဦး၏ အဓိပ္ပာယ်ဖြင့် ဆခုန်ယင်းပိုချီကို တပည့်တစ်ယောက် အနေနှင့် သူနှင့် ကျွန်ုပ်၏ ဆက်ဆံရေးကို စကားပြောပုံစံဖြင့် ပုံဖော်ပြီး စတင်ရှင်းပြရန် အထောက်အကူ ပြုပါသည်။ ရုပ်ပုံလွှာများနှင့် အမှတ်တရများမှတစ်ဆင့် ထိုသို့ တင်ဆက်ဖော်ပြလိုပါသည်။

Top