ဆင်းရဲဒုက္ခအကြောင်း ဤတရားတော်များသည် လေးစားရသောဆရာတော် ဂွန်တန်ယင်းပိုချီ (Gung-thang-tshang dKon-mchog bstan-pa'i sgron-me) (၁၇၆၂-၁၈၂၃) ၏ အတွေ့အကြုံရှိသော အဘိုးအိုထံမှ အကြံဉာဏ် (Nyams-myong rgan-po'i 'bel-gtam) ဆိုသည့်ကျမ်းမှ ဖြစ်ပါသည်။ ဇာတ်လမ်းများစွာ ပါဝင်ပြီး ကျမ်းစာပေါ်တွင် အခြေခံသည့် လင်္ကာဝတ္ထုအနေနှင့် ရေးသားထားပါသည်။ တရားတော်၏ အဓိကဆိုလိုရင်းသည် ကျွန်ုပ်တို့ကို စွန့်ပယ်မှုနှင့် လွတ်မြောက်ရန် ဆုံးဖြတ်ချက်တို့ ရရှိကာ အားလုံးအကျိုးအလို့ငှာ ဉာဏ်အလင်းရရှိစေမည့် ဗောဓိစိတ္တအတွက် ယေဘုယျအခြေခံ ချမှတ်ပေးရန် ဖြစ်ပါသည်။
ကံ၏စွမ်းအားနှင့် အနှောင့်အယှက်ပေးသော စိတ်ခံစားချက်များကြောင့် ထိန်းချုပ်မရစွာ ပြန်လည်မွေးဖွားမှု မျိုးစေ့ကို စွန့်ပယ်ထားသည့်အတွက် အို၊ နာ၊ သေ ဆင်းရဲဒုက္ခတို့ကို မကြုံတွေ့ရတော့သည့် အတုမရှိသော ဗုဒ္ဓမြတ်စွာအား ရှိခိုးပါ၏။ ကျယ်ပြောလှသော သံသရာဝဲဩဃ၏ အလယ်တွင် အဘိုးအိုတစ်ဦး နေထိုင်ရာသို့ ငယ်ရွယ်နုပျိုမှုကို ဂုဏ်ယူနေသည့် လူငယ်တစ်ဦး ချဉ်းကပ်လာပါသည်။ သူတို့နှစ်ဦးသည် ဤသို့ဆွေးနွေးကြသည်။ “အဘိုးရေ။ အဘိုးရဲ့ အပြုအမူတွေ၊ ကြည့်ရှုပုံတွေ၊ ပြောဆိုပုံတွေက ဘာကြောင့် တခြားလူတွေနဲ့ မတူတာလဲ။” ထိုအမေးကို အဘိုးအိုက ဤသို့ဖြေပါသည်။ “ကျွန်ုပ်၏ အပြုအမူတွေ၊ ကြည့်ရှုပုံတွေ၊ ပြောဆိုပုံတွေသည် တခြားလူတွေနှင့် မတူဘူးဆိုရင် အသင်က မိုးပေါ်ပျံနေတယ်လို့ မထင်လိုက်ပါနဲ့။ ကျွန်ုပ်ရပ်နေတဲ့ မြေကြီးပေါ်သို့ ပြန်ဆင်းသက်ပြီး ကျွန်ုပ်၏စကားကို နားထောင်ပါ။”
အချို့လူငယ်များက အသက်ကြီးသည်မှာ လူကြီးများနှင့်သာ ဆိုင်ပြီး သူတို့ထံ လုံးဝရောက်လာမည်မဟုတ်ဟု ထင်ကြပါသည်။ သူတို့သည် အလွန်မောက်မာပြီး သက်ကြီးရွယ်အိုများနှင့် ပတ်သက်လျှင် စိတ်မရှည်ကြပါ။
အဘိုးအိုက ဆက်ပြောသည်။ “ပြီးခဲ့တဲ့ နှစ်အနည်းငယ်က ကျွန်ုပ်သည် အလွန်သန်မာ ချောမောပြီး သင့်ထက်တောင် ပို၍အားကောင်းပါသည်။ မွေးကတည်းက ယခုလို ဖြစ်ခဲ့သည်မဟုတ်ပါ။ ကျွန်ုပ်ပြေးလျှင် မြင်းပျံများကိုတောင် လိုက်၍မီပါသည်။”
အသက်ကြီးသူ အများစုသည် ယခုလို ပြောတတ်ပါသည်။ လက်ရှိသည် အတိတ်ကာလလောက် မကောင်းတော့ပါ။
“တစ်ခုခုကို ကျွန်ုပ်ဖမ်းယူပါက ရွှေ့ပြောင်းသွားလာသူတို့ ဒေသမှ နွားသိုးများကိုပင် လက်ချည်းဗလာ ဖမ်းနိုင်သည်။ ကျွန်ုပ်ခန္ဓာကိုယ်သည် အလွန်ပျော့ပြောင်းသလို ကောင်းကင်တွင် ငှက်တစ်ကောင်လို လှုပ်ရှားနိုင်သည်။ ကျွန်ုပ်၏ ခန္ဓာကိုယ်သည် အလွန်ကြံ့ခိုင်ပြီး နုပျိုသော နတ်ဘုရားနှင့် တူပါသည်။ အတောက်ပဆုံး အဝတ်များနှင့် ရွှေ၊ ငွေ အဆင်တန်ဆာ မြောက်မြားစွာကို ဝတ်ဆင်ကာ အရသာရှိသော အစားအသောက်နှင့် အချိုပွဲများ တဝကြီး စားသုံးပြီး အားကောင်းသော မြင်းများကို စီးနင်းခဲ့သည်။ တစ်ယောက်တည်း နေလျှင် ဆော့ကစားခြင်း၊ ရယ်မောခြင်း၊ ပျော်ရွှင်ခြင်းတို့ မရှိသည်မှာ ရှားသည်။ မကြုံတွေ့ဖူးသော ပျော်ရွှင်မှု ဆိုသည်မှာ မရှိသလောက် ရှားပေသည်။ “ထိုစဉ်က ကျွန်ုပ်၏ဘဝ မမြဲခြင်း သို့မဟုတ် သေဆုံးခြင်းအကြောင်း တစ်ခါမှ မတွေးဖူးပါ။ ယခုလို အိုရမည့် ဆင်းရဲဒုက္ခအကြောင်းကိုလည်း မမျှော်လင့်ခဲ့ပါ။”
တစ်ခါက ကျွန်ုပ်နေထိုင်ရာ ဒေသတွင် လူငယ်တစ်ဦးသည် အလွန်ကြွယ်ဝချမ်းသာစွာ နေထိုင်ပြီး သာယာပျော်ရွှင်မှု များနှင့် အမြဲတမ်း ပြည့်နေပါသည်။ သူသည် တဖြေးဖြေး အိုမင်းလာကာ ခန္ဓာကိုယ် ကိုင်းလာပြီး ဝင်ငွေ လျော့ကျလာ ပါသည်။ “အိုမင်းခြင်းဟာ အရမ်းမြန်မြန် ရောက်လာမယ်လို့ တစ်ခါမှမတွေးခဲ့ဘူး” ဟု သူ့မိတ်ဆွေများကို ပြောလေသည်။
“သူငယ်ချင်းများ၊ ပါတီပွဲများနှင့် ပျော်ရွှင်သောအချိန်များကြောင့် စိတ်ပျံ့လွင့်စွာ နေထိုင်ခဲ့ရာ အိုမင်းခြင်း ဝင်ရောက်လာပြီး သင့်ရယ်မောသံများ ကွယ်ပျောက်သွားပါသည်။”
ဂဲရှိကာမပ က ဤသို့ဆိုပါသည်။ “ကျွန်ုပ်တို့သည် အိုမင်းခြင်း တဖြေးဖြေး ရောက်လာသည်ကို ကျေးဇူးတင်သင့်သည်။ ချက်ချင်း ရောက်လာပါက ခံနိုင်မည် မဟုတ်ပါ။ အသက်သုံးဆယ် အရွယ်တွင် အိပ်ရာဝင်ကာ အသက် ရှစ်ဆယ် အရွယ်ပမာ နိုးထလာပါက မိမိကိုယ်ကို မြင်လျှင် လန့်သွားပါမည်။ ကျွန်ုပ်တို့သည် အိုမင်းခြင်းကို နားမလည်ကြပါ။ ကျွန်ုပ်တို့ ကြီးပြင်းလာပုံသည် ကျွန်ုပ်တို့အတွက် ပဟေဠိကြီးတစ်ခု ဖြစ်ပါသည်။ အိုမင်းခြင်းကို ရုတ်တရက် တွေ့မြင်သောအခါ လက်ခံရန် အချိန်အနည်းငယ် ယူပါသည်။ ထိုအခါ အလွန်နောက်ကျ သွားပါပြီ။ မသေဆုံးမီ နာရီအနည်းငယ် ဓမ္မကျင့်ကြံလျှင် အထောက်အကူပြုသည် ဆိုသော်လည်း တန္တရ ကျင့်ကြံရန် ရုပ်ပိုင်းဆိုင်ရာ ကျန်းမာရပါမည်။ ထို့ကြောင့် ငယ်ရွယ်စဉ်တွင် တန္တရ ကျင့်ကြံမှု စတင်ရန် အရေးကြီးပါသည်။”
“ကျွန်ုပ်တို့ အိုမင်းသောအခါ မိမိကိုယ်ကို မှန်ထဲတွင်ကြည့်ပြီး မနှစ်သက်တော့ပါ။ ထိုအချိန်တွင် ကျွန်ုပ်တို့ ခန္ဓာကိုယ်နှင့် စိတ်သည် အားနည်းလာပါသည်။ ကျွန်ုပ်တို့ ခန္ဓာကိုယ်သည် ဦးခေါင်းမှစ ခြေဖျားအထိ စတင်ယိုယွင်းလာပါသည်။ အမြဲတမ်း ရှိခိုးနေသကဲ့သို့ ဦးခေါင်ငိုက်စိုက် ကျလာပါသည်။
“ဦးခေါင်းမှ ဆံပင်အနက်များ မကျန်တော့ဘဲ ဆံပင်ဖြူလာခြင်းသည် သန့်စင်မှု လက္ခဏာတစ်ရပ် မဟုတ်ပါ။ သေမင်း၏ခံတွင်းမှ အေးခဲသောမြားတစ်စင်း ဦးခေါင်းတွင် လာစိုက်ခြင်းဖြစ်သည်။ နဖူးအရေးကြောင်းများသည် မိခင်ထံမှ နို့စို့နေသော ဝဝတုတ်တုတ် လူမမယ်ကလေးငယ်၏ အစင်းရာများ မဟုတ်ပါ။ ကျွန်ုပ်နှစ်ပေါင်းမည်မျှ နေခဲ့ပြီကို သေမင်း၏ တမန်တော်များက ရေတွက်ထားခြင်း ဖြစ်ပါသည်။ ကျွန်ုပ် မျက်စိစွေသောအခါ မျက်လုံးထဲတွင် တိမ်ခိုးများကြောင့် မဟုတ်ပါ။ အာရုံခံနိုင်စွမ်း ယိုယွင်းမှုကြောင့် အထောက်အကူမဲ့သည့် လက္ခဏာတစ်ရပ် ဖြစ်ပါသည်။ လက်ဝါးကို နားမှာကပ်ပြီး ကြားသိအောင် ကြိုးစားသောအခါ လျှို့ဝှက်ဆက်သွယ်နေခြင်း မဟုတ်ပါ။ အကြားအာရုံ ချို့တဲ့လာသည့် လက္ခဏာ ဖြစ်ပါသည်။
“သွားရေနှင့် နှာခေါင်းမှ နှာရည်များ ကျလာပါက မျက်နှာတွင် ပုလဲသွယ်များ သီကုံးထားခြင်း မဟုတ်ပါ။ အိုမင်းမှု နေရောင်ကြောင့် နုပျိုမှုအားအင်များ အရည်ပျော်ကုန်သည့် လက္ခဏာ ဖြစ်ပါသည်။ သွားများ ကျိုးကုန်သည်မှာ ကလေးငယ်ကဲ့သို့ ငယ်သွားလဲခြင်း လက္ခဏာ မဟုတ်ပါ။ သေမင်းက ဖယ်ရှားပစ်သည့် စားသုံးမှုတန်ဆာပလာများ လုံးပါးပါးကုန်သည့် လက္ခဏာ ဖြစ်ပါသည်။ စကားပြောသောအခါ တံတွေးများစွာထွက်ပြီး ထွေးထုတ်ရပါက မြေကြီးပေါ်တွင် သန့်ရှင်းအောင် ရေဖြန်းပေးခြင်း မဟုတ်ပါ။ ပြောမည့်စကားလုံးများ ကုန်ခမ်းသွားသည့် လက္ခဏာ ဖြစ်ပါသည်။ ဗလုံးဗထွေးဖြင့် အစီအစဉ်မကျ ပြောသောအခါ ထူးဆန်းသော နိုင်ငံခြား ဘာသာစကားတစ်ခု ပြောနေသည် မဟုတ်ပါ။ တစ်ဘဝလုံး အကျိုးမရှိပြောဆိုခဲ့သည့် လျှာသည် ပင်ပန်းလာသည့် လက္ခဏာ ဖြစ်ပါသည်။
“ကျွန်ုပ်၏ ရုပ်အဆင်း ရုပ်ဆိုးလာသောအခါ မျောက်မျက်နှာဖုံးနောက်တွင် ပုန်းကွယ်ရန် ကြိုးစားခြင်း မဟုတ်ပါ။ ကျွန်ုပ်၏ အငှားခန္ဓာ အလုံးစုံယိုယွင်းလာသည့် လက္ခဏာ ဖြစ်ပါသည်။ ဦးခေါင်းသည် လှုပ်ရမ်းသောအခါ သင့်ကို ငြင်းပယ်နေခြင်း မဟုတ်ပါ။ သေမင်း၏တောင်ဝှေးက ကျွန်ုပ်ဦးခေါင်းကို အားနှင့်ဝှေ့ရမ်းသည့် လက္ခဏာ ဖြစ်ပါသည်။ ခါးကိုင်းပြီး လမ်းလျှောက်သောအခါ ပျောက်နေသော အပ်တစ်ချောင်း လိုက်ရှာခြင်း မဟုတ်ပါ။ ကျွန်ုပ်၏ခန္ဓာမှ ပထဝီဓာတ် ယိုယွင်းလာကြောင်း ရှင်းလင်းသည့် ဖော်ပြချက် ဖြစ်ပါသည်။
“လေးဘက်ထောက်ကာ မတ်တပ်ရပ်သောအခါ ခြေလေးချောင်း သတ္တဝါကို တုပခြင်း မဟုတ်ပါ။ ကျွန်ုပ်၏ ခြေထောက်က လုံလောက်အောင် မထောက်ပံ့နိုင်တော့သောကြောင့် ဖြစ်ပါသည်။ ထိုင်သောအခါ အိတ်တစ်လုံးကို ပစ်ချသလို ဖြစ်ပါသည်။ ယင်းမှာ မိတ်ဆွေများကို စိတ်ဆိုး၍ မဟုတ်ဘဲ ခန္ဓာကိုယ်အပေါ် ထိန်းချုပ်နိုင်ခြင်း မရှိတော့၍ ဖြစ်ပါသည်။
“ဖြေးဖြေးချင်း လမ်းလျှောက်သောအခါ နိုင်ငံ့ခေါင်းဆောင်လို လျှောက်လှမ်းခြင်း မဟုတ်ပါ။ ခန္ဓာကိုယ် ဟန်ချက်ညီအောင် လုံးဝထိန်းမရတော့၍ ဖြစ်ပါသည်။ လက်များ တုန်ခါသောအခါ တစ်ခုခုကို လောဘတကြီး ဆွဲယူရန် လက်များလှုပ်ရမ်းခြင်း မဟုတ်ပါ။ သေမင်းက ကျွန်ုပ်အား ခေါ်သွားမည်ကို အရာရာ ကြောက်ရွံ့သည့် လက္ခဏာ ဖြစ်ပါသည်။ အနည်းငယ်သာ စားသောက်နိုင်သည်မှာ စေးနှဲပြီး နှမျောခြင်းကြောင့် မဟုတ်ပါ။ ချက် နေရာမှ အစာချေသော ဝမ်းမီး မကောင်းတော့သည့် လက္ခဏာ ဖြစ်ပါသည်။ ပေါ့ပါးသော အဝတ်အတည်များသာ ဝတ်ဆင်သည်မှာ အားကစားသမားများကို အားကျအတုယူခြင်း မဟုတ်ပါ။ ကျွန်ုပ်၏ ခန္ဓာကိုယ်တွင် အဝတ်အစား၏ ဝန်ထုပ်ဝန်ပိုးကို မထမ်းပိုးနိုင်သောကြောင့် ဖြစ်ပါသည်။
“အသက်ရှူရ ခက်လာပြီး အသက်ရှူမဝသောအခါ မန္တရားရွတ်ဖတ်ကာ တစ်ယောက်ယောက်ကို ကုသပေးနေခြင်း မဟုတ်ပါ။ ကျွန်ုပ်ခန္ဓာကိုယ်မှ အားအင်များ နည်းပါးကုန်ခမ်းလာသည့် လက္ခဏာ ဖြစ်ပါသည်။ လှုပ်ရှားမှု အရမ်းနည်းပြီး ဘာမှမလုပ်တော့သောအခါ ကျွန်ုပ်၏ လှုပ်ရှားမှုများကို တမင်ထိန်းချုပ်နေခြင်း မဟုတ်ပါ။ အဘိုးအိုတစ်ဦး လုပ်နိုင်သမျှ အကန့်အသတ် ရှိနေသောကြောင့် ဖြစ်ပါသည်။ အလွန် မေ့တတ်သောအခါ အခြားသူများကို အရေးမကြီးသဖြင့် အထင်သေးခြင်း မဟုတ်ပါ။ မှတ်ဉာဏ်၏ သိစိတ်ယိုယွင်းလာသည့် လက္ခဏာ ဖြစ်ပါသည်။
“အိုလူငယ်၊ ကျွန်ုပ်အား လှောင်ပြောင်ကျီစယ်ခြင်း မပြုလေနှင့်။ ကျွန်ုပ်ယခုကြုံရသမျှသည် ကျွန်ုပ်တစ်ဦးတည်းသာ မဟုတ်ပေ။ လူတိုင်း ဤသို့ ကြုံရသည်။ စောင့်ကြည့်ပါလေ။ သုံးနှစ်အတွင်း အိုမင်းခြင်း၏ ပထမဆုံး တမန်တော်များ သင့်ထံ ရောက်လာပေလိမ့်မည်။ ကျွန်ုပ်ပြောသည်ကို သင်ယုံချင်မှယုံမည်။ ကြိုက်ချင်မှကြိုက်မည်။ သို့သော် အတွေ့အကြုံမှနေ၍ သင်ယူရပေလိမ့်မည်။ ငါ့လို အသက်ရှည်လျှင်လည်း ကျွန်ုပ်လောက် သင်စကားပြောနိုင်မည် မဟုတ်ပေ။”
လူငယ်က ပြန်ပြောသည်။ “အဘိုးကဲ့သို့ အသက်ရှည်ကြာစွာနေပြီး အရုပ်ဆိုးကာ ခွေးနှင့်တန်းတူ အဆင့်တွင်သာ အထားခံရပြီး လျစ်လျူရှုခံ မည့်အစား သေလျှင်ပိုကောင်းပါသည်။”
အဘိုးအိုက ရယ်ပါသည်။ “လူကလေး။ သင်သည် အသက်ရှည်ပြီး ပျော်ရွှင်လိုသော်လည်း အသက် မကြီးချင်သည်မှာ အလွန်မသိနားမလည်ဘဲ မိုက်မဲပေသည်။ သေခြင်းတရားသည် ရိုးရှင်းသည် ထင်ရသော်လည်း မလွယ်ကူပါ။ ငြိမ်းချမ်းပျော်ရွှင်စွာ သေဆုံးရန်အတွက် မှားယွင်းစွာ ရယူသော ကပ်လှူမှုများ လက်မခံသော၊ အပြုသဘော ဆောင်ရွက်ချက် ဆယ်ချက်ကို မချိုးဖောက်သော၊ ဓမ္မကို နာယူခြင်း၊ တွေးတာခြင်း၊ ရှုမှတ်ခြင်း ပြုလုပ်ထားရန် လိုပေသည်။ သို့မှသာ အသေဖြောင့်ပေသည်။
“ကျွန်ုပ်သည် ဤသို့ မခံစားရပါ။ အပြုသဘော တစ်ခုခု ဆောင်ရွက်ခဲ့သည်ဟု ယုံကြည်မှု မရှိပါ။ သေရမှာ ကြောက်နေပြီး နေ့တိုင်း အသက်ရှင်နေသေးသည်ကို ကျေးဇူးတင်မိပါသည်။ နေ့စဉ် ရှင်သန်ရန်မှာ ကျွန်ုပ်၏ ပြင်းပြသောဆန္ဒ ဖြစ်ပေသည်။”
လူငယ်သည် စိတ်ပြောင်းကာ ဤသို့ပြောသည်။ “အဘိုးပြောတာအားလုံး မှန်ပါသည်။ အခြားသူများ ပြောသည့် ဆင်းရဲဒုက္ခနှင့် အိုမင်းခြင်းတို့သည်လည်း အဘိုးမှာတွေ့ရသည်နှင့် ထပ်တူကျပါသည်။ အဘိုး၏ အိုမင်းမှုကို တွေ့ရသောအခါ ကျွန်ုပ်၏စိတ်အတွက် အလွန်အကျိုးရှိပါသည်။ အိုမင်းခြင်း၏ ဆင်းရဲဒုက္ခကို အံ့အားသင့်မိပါသည်။ အို ပညာရှိသော အဘိုး၊ အိုမင်းခြင်းကို ရှောင်လွှဲနိုင်မည့် နည်းလမ်းတစ်ခုခု ရှိပါက လျှို့ဝှက်မထားပါလင့်။ ကျွန်ုပ်အား အမှန်တရားကို ပြောပြပါလေ။”
အဘိုးအိုသည် ကျေနပ်စွာပြောသည်။ “နည်းလမ်းကား ရှိပေသည်။ သိလျှင် လိုက်နာရ လွယ်ပေသည်။ အနည်းငယ် အားထုတ်ရုံဖြင့် ဤဆင်းရဲဒုက္ခမှ အလျင်အမြန် လွတ်မြောက်နိုင်ပေသည်။ မွေးလာလူတိုင်း သေရသော်လည်း အိုပြီးမှ သေရသူ အလွန်နည်းပါသည်။ အများအပြားသည် အိုမင်းခွင့် မရဘဲ ငယ်ရွယ်စဉ် သေဆုံးကုန်ပါသည်။ နည်းလမ်းများမှာ ဗုဒ္ဓမြတ်စွာ၏ တရားတော်များထဲတွင် ရှိပါသည်။ လွတ်မြောက်မှုနှင့် ဉာဏ်အလင်းရရှိမှု၊ တစ်နည်းဆိုသော် မွေး၊ အို၊ နာ၊ သေ မဖြစ်စေရန်အတွက် နည်းလမ်းများစွာ ပါဝင်ပေသည်။ သို့သော် ကျွန်ုပ်တို့သည် မကျင့်ကြံကြပါ။
တစ်ခါက ကျောင်းတိုက်တစ်ခုတွင် ကိုယ်တိုင်ကျင့်ကြံသော လားမားဘုန်းတော်ကြီးတစ်ပါး ရှိလေသည်။ သူသည် ကျောင်းတိုက်တွင် အငယ်တန်းအဖွဲ့ဝင် ဖြစ်ပြီး သံဃာအများစုက သူ့ကိုအလေးမထားပါ။ ဂေဟာ၏ အနာဂတ်အတွက် သူတို့အစည်းအဝေးထိုင်ကြသည်။ အလောင်းများကို တုပ်နှောင်ရန် ကြိုးများနှင့် အခင်းများ ပြင်ထားရန် သူကပြောသည်။ အားလုံးက ဤသည်မှာ နိမိတ်ဆိုး ဖြစ်သည်ဟုဆိုကာ သူ့ကိုစိတ်ဆိုးကြသည်။ ထို့နောက် ကျောင်းတိုက်ကို ကူညီရန် အားလုံးဆောင်ရွက်သင့်သည်များကို ဆွေးနွေးကြသည်။ သူက မမြဲခြင်းအကြောင်း တရားရှုမှတ်ရန် ပြောသည်။ ထိုသို့ပြောရာတွင် တရားကောင်းတစ်ခု ပေးလိုက်ပါသည်။ နောက်ပိုင်း ဒလိုင်းလားမား ဘုန်းတော်ကြီးများက သူ့ကိုချီးကျူးကြသည်။ အနာဂတ်အတွက် ပြင်ဆင်ရာတွင် သေခြင်းတရားအတွက် ပြင်ဆင်ရန် လိုပါသည်။
“မသေခြင်းနှင့် ယင်းကိုရရှိမည့် နည်းလမ်းများကို အားလုံးအလိုရှိပါသည်။ သို့သော် မွေးပြီးမသေခြင်းသည် မဖြစ်နိုင်ပါ။ စကြမုနိဗုဒ္ဓမြတ်စွာ အပါအဝင် အလုံးစုံ ဉာဏ်အလင်းရရှိပြီးသူ မြောက်မြားစွာပင်လျှင် ပရိနိဗ္ဗာန်စံတော်မူပါသည်။ အတိတ်က ဗောဓိသတ္တများနှင့် ဆရာတော်ကြီးများသည်လည်း အမည်နာမသာလျှင် ကျန်ရစ်ပါသည်။ ကမ္ဘာ့သမိုင်းတွင်လည်း ထိုအတိုင်း ဖြစ်ပါသည်။ သမိုင်းဝင် ပုဂ္ဂိုလ်ကြီးအားလုံး သေဆုံးပြီး ရုပ်ကလာပ်သာ ကျန်ရစ်ပါသည်။ ထို့ကြောင့် ကျွန်ုပ်တို့ သေရမည့် အမှန်တရားကို မမေ့ရပါ။ လက်ရှိ ဆရာတော်ကြီးများလည်း ပျံလွန်တော်မူကြပါမည်။ ယနေ့ မွေးသော ကလေးများလည်း လာမည့် နှစ်တစ်ရာ အတွင်း အားလုံးသေဆုံးကြပါမည်။ ထို့ကြောင့် အသင် လူငယ် တစ်ဦးတည်း ထာဝရရှင်သန်မည်ဟု ဘာကြောင့် မျှော်လင့်ပါသနည်း။ ထို့ကြောင့် သေခြင်းအတွက် ဘာသာရေးအရ ပြင်ဆင်ရန် အကြံပြုလိုပေသည်။
“သက်တော်ရှည်ခြင်းကို ငွေဖြင့်ဝယ်မရသလို အားထုတ်၍လည်း မရနိုင်ပါ။ သင့်မှာ ဘာသာရေး ယုံကြည်ချက်ရှိကာ ဘာဝတွင် ဖြစ်ချင်သောအရာကို သိထားပါက ရုပ်ပိုင်းဆိုင်ရာ အိုမင်းလာလေ၊ စိတ်ပျော်ရွှင်နုပျိုမှု ပိုရလေ ဖြစ်ပါသည်။ ရုပ်ဝတ္ထုအဆင်ပြေမှုများစွာ ရှိသော်လည်း ဘဝအဓိပ္ပာယ် မဲ့ပါက အသက်ကြီးလာလေ၊ ပိုပြီးမပျော်ရွှင်လေ ဖြစ်ပါမည်။ သေခြင်းကို စိုးရိမ်မှုမှ စိတ်ပြောင်းလွဲအောင် ခရီးသွားလာရပါမည်။ တစ်ဖက်တွင်လည်း ဘာသာရေး ယုံကြည်ချက် အနည်းငယ် ရှိလျှင်ပင် သေခါနီးလေ၊ ပျော်စရာအိမ်သို့ ပြန်လာသော သားတစ်ယောက်လို ခံစားရလေ ဖြစ်ပါသည်။ သေခြင်းကြောင့် ပစ်ပယ်ခံရမည် မဟုတ်ဘဲ ပျော်ရွှင်သောဘဝများ ဆက်လက်ရရှိအောင် မျှော်လင့်နိုင်ပါသည်။”
တစ်ခါက ဘာသာရေး ဆရာတော်ကြီးတစ်ပါးက ဤသို့ပြောပါသည်။ “ကျွန်ုပ်၏ နောင်ဘဝများအတွက် ယုံကြည်မှု အပြည့် ရှိသောကြောင့် မစိုးရိမ်ပါ။ အချိန်မရွေး သေနိုင်သော်လည်း ကြိုဆိုပါသည်။”
“သေခြင်းဒုက္ခသည် ရှောင်လွှဲမရသောကြောင့် တစ်ခုခု ဆောင်ရွက်ရပါမည်။ ထိုင်ပြီး စိတ်ဓာတ်ကျနေ၍မရပါ။ ကျွန်ုပ်တို့သည် လူသားများအနေနှင့် နည်းလမ်းများစွာ စမ်းကြည့်ရန် ဉာဏ်ပညာ ရှိပါသည်။ ဘုရားရှင်သည်ပင်လျှင် အသင်လူငယ်အတွက် ပိုပြီးရှင်းလင်းသော တရားများ မပေးနိုင်ပါ။ နှလုံးသားမှ ပြောခြင်းဖြစ်ပါသည်။ ဤသည်မှာ နှလုံးသားမှလာသော သစ္စာစကား ဖြစ်သော်လည်း ငါ၏စကားလုံးများတွင်သာ အားမကိုးပါနှင့်။ သင်ကိုယ်တိုင် ဝေဖန်ဆန်းစစ်ပါ။ သင့်ကိုယ်ပိုင် မမြဲခြင်းနှင့် ပတ်သက်၍ကျင့်ကြံပါ။ ‘တခြားလူရဲ့ ထင်မြင်ချက်ကို မေးပါ။ ဆုံးဖြတ်ချက်ကိုတော့ မိမိဘာသာ ချမှတ်ပါ’ ဟူသည့် ဆိုရိုးစကားတစ်ခု ရှိပါသည်။ အခြားသူများကို သင့်အတွက် ဆုံးဖြတ်ခိုင်းပါက အကြံအမျိုးမျိုး ပေးကြပါလိမ့်မည်။”
လူငယ်ကပြောသည်။ “အဘိုးပြောသမျှ အလွန်မှန်ပြီး အကျိုးရှိပါသည်။ သို့သော် နောက်နှစ်အနည်းငယ်အတွင်း ဒါတွေကို မလုပ်နိုင်သေးပါ။ အခြားအလုပ်များ ရှိပါသေးသည်။ မြေယာကြီးတစ်ခု၊ စည်းစိမ်ဥစ္စာ စသည်တို့ ရှိပါသည်။ လုပ်ငန်းများစွာ လုပ်ကိုင်ပြီး ပိုင်ဆိုင်မှုများကို ကြည့်ရှုရပါမည်။ နှစ်အနည်းငယ်ကြာပြီးလျှင် အဘိုးနှင့် ထပ်တွေ့တော့မှသာ ကျင့်ကြံပါတော့မည်။”
အဘိုးအိုသည် အလွန်ဝမ်းနည်းစွာပြောသည်။ “သင်ယခုပြောသမျှ အားလုံးသည် အဓိပ္ပာယ်မဲ့ စကားလုံးများ ဖြစ်ပေသည်။ ကျွန်ုပ်မှာလည်း နှစ်အနည်းငယ် ကြာပြီးမှသာ အဓိပ္ပာယ်ရှိတာ တစ်ခုခု ဆောင်ရွက်လိုစိတ် သင့်လိုပင်ရှိပါသည်။ သို့သော် တစ်ခါမှ မလုပ်ဖြစ်ခဲ့ဘဲ ယခုလိုအိုမင်းလာပါသည်။ သင်ပြောသမျှ အလကားမှန်း သိပါသည်။ နှစ်အနည်းငယ်ကြာမှ လုပ်မည့်ကိစ္စသည် ဘယ်တော့မှ မပြီးတော့ပါ။ အမြဲရွှေ့ဆိုင်းနေပါလိမ့်မည်။ နှစ်အနည်းငယ်ကြာမှ လုပ်မည့်ကိစ္စသည် အဘိုးအိုတစ်ဦး၏ မုတ်ဆိတ်ကျင်စွယ်လိုပင် ဖြစ်သည်။ ယနေ့ ရိတ်လိုက်လျှင် မနက်ဖြန် ပြန်ပေါက်ပါသည်။ မဆုံးနိုင်သော မနက်ဖြန်များသို့ ရွှေ့ဆိုင်းပြီးနောက် ဘဝနေဝင်ချိန် ရောက်လာပါလိမ့်မည်။ ဓမ္မကျင့်ကြံမှုကို ဤသို့ရွှေ့ဆိုင်းခြင်းသည် လူတို့ကို လှည့်ဖြားခြင်း ဖြစ်ပါသည်။ သင်သည် ဓမ္မကို ကျင့်ကြံဦးမည်လားဟု ကျွန်ုပ်မယုံကြည်နိုင်ပါ။ ထို့ကြောင့် စကားပြောသည်မှာ လုံးဝအချည်းနှီး ဖြစ်ပေသည်။ သင့်အိမ်ကိုပြန်ပြီး လုပ်ချင်ရာလုပ်လေ။ ကျွန်ုပ်လည်း မန္တရား ရွတ်ဖတ်ပါရစေတော့။”
လူငယ်သည် အလွန်အံ့အားသင့်ပြီး အနည်းငယ် နာကျင်သွားသည်။ “ဤသို့သောစကားများ ဘာကြောင့် ပြောရပါသနည်း။ ယခုဘဝတွင် ရုပ်ဝတ္ထုပစ္စည်းများက မည်မျှ လျင်လျင်မြန်မြန် ဆောင်ရွက်ပေးနိုင်သည်ကို သိပါရဲ့လား” ဟုသူက ပြောသည်။
အဘိုးအိုက ရယ်မောကာပြောသည်။ “ဤမေးခွန်း မေးသည့်အတွက် တစ်ခုခု ဆောင်ရွက်ရန် မည်မျှကြာသည်ကို ဖြေရမည်ဟု ထင်သည်။ တောင်ဘက်တွင် သေမင်းနေထိုင်ပြီး သင်အလုပ်ပြီး၊ မပြီး စိတ်မဝင်စားပါ။ လူလုပ်ချင်တာကို လုပ်ပါသည်။ သူနှင့် ရင်းနှီးပြီး ဘဝတွင် တစ်ခုခု ဆောင်ရွက်ခွင့် ရမည်ဆိုပါက သင်အေးအေးဆေးဆေး နေနိုင်ပါသည်။ ထိုသို့မဟုတ်ပါက လုံးဝ မအေးဆေးပါ။ လူတို့သည် လက်ဖက်ရည်သောက်ရင်း၊ စားပွဲပေါ်တွင် စားသောက်ရင်း၊ လမ်းလျှောက်ရင်း၊ မီးစာမှုတ်ရင်း တန်းလန်းနှင့်ပင် သေဆုံးကြပါသည်။
“လူတိုင်း ဤသို့ဖြစ်ပါသည်။ ဆရာတော်ကြီးများပင် ကြုံရသည်။ သူတို့၏ တရားတော်များသည် မပြည့်စုံသေးပါ။ အကြောင်းမှာ ရေးနေရင်း ပျံလွန်တော်မူကုန်သောကြောင့် ဖြစ်ပါသည်။ ထို့ကြောင့် သေမင်းရောက်လာပါက ‘ငါ့မှာ ခြံအကျယ်ကြီး ရှိသလို အလုပ်များစွာ လုပ်ရဦးမည်’ ဟု ပြော၍မရပါ။ သူကို သင်ကြိုက်သလို ကြွားဝါ၍ မရဘဲ အားလုံးထားခဲ့ရပါမည်။ ဤနည်းဖြင့် ကျွန်ုပ်တို့သည် လုံးဝခွန်အားမဲ့သွားပါသည်။ ဘဝသက်တမ်းကို မဆုံးဖြတ်နိုင်ပါ။ ထို့ကြောင့် တစ်ခုခုဆောင်ရွက်နိုင်သေးလျှင် ယခုပင် ကျင့်ကြံပါ။ ယင်းမှာ အဓိပ္ပာယ် ရှိပေသည်။ ထို့သို့မဟုတ်ပါက သင့်ခြံမြေတစ်ခုတည်းနှင့် အဓိပ္ပာယ် မရှိပါ။ သို့သော် ယခုအခါ သင်အကျိုးရှိမည့် အမှန်တရားကို ပြောနိုင်သူ အလွန်နည်းပေသည်။ ရိုးသားစွာ အကြံပေးသည်ကို နားထောင်သူကား ထိုထက်ပိုရှားပါသည်။”
လူငယ်သည် အလွန်ဝမ်းမြောက်သွားပြီး အဘိုးအိုအား များစွာလေးစားကာ နောက်သို့အနည်းငယ် ဆုတ်လျှက် ရှိခိုးကန်တော့ပါသည်။ သူကပြောသည်။ “ရွှေရောင်တံဆိပ်များ ဝန်းရံထားသော အခြားလားမား ဘုန်းတော်ကြီးများ၊ ဂဲရှိများ သို့မဟုတ် ယောဂီများသည် အဘိုးပြောသည့်တရားထက် ပိုလေးနက်စွာ မပြောဖူးပါ။ အဘိုးသည် အမြင်အားဖြင့် သာမန်သာဖြစ်သော်လည်း ဘာသာရေးမိတ်ဆွေကောင်းကြီးတစ်ဦး ဖြစ်ပေသည်။ အဘိုးပြောသမျှ စွမ်းနိုင်သမျှ ကျင့်ကြံရန် အလေးအနက် ကတိပြုပါသည်။ နောင်တွင်လည်း နောက်ထပ်တရားဟောတော်မူပါ။”
အဘိုးအိုသည် သဘောတူလက်ခံပြီး ဤသို့ဆိုသည်။ “အများကြီး မသိသော်လည်း ငါသည် အတွေ့အကြုံများစွာ ရှိပေသည်။ ထိုအတွေ့အကြုံမှနေ၍ သင့်ကို ဟောကြားနိုင်သည်။ ဓမ္မတွင် သက်ဝင်ရန်အတွက် စတင်ခြင်းသည် အခက်ခဲဆုံးအပိုင်းဖြစ်ပါသည်။ အသက်ကြီးမှ ဓမ္မကို စတင်ကျင့်ကြံပါက ပို၍ပင်ခက်ပါသည်။ ထို့ကြောင့် ငယ်ရွယ်စဉ်တွင် စတင်ဖို့ အရေးကြီးပေသည်။”
“ငယ်ရွယ်စဉ်တွင် သင့်မှတ်ဉာဏ် ကောင်းသေးသည်။ ထက်မြက်သော အသိဉာဏ်နှင့် ကာယခွန်အားရှိပြီး ရှိခိုးမှုဖြင့် အပြုသဘောအားများ တည်ဆောက်နိုင်ပါသည်။ တန္တရအနေနှင့် သင့်ခွန်အားနှင့် သန်မာမှုသည် ငယ်ရွယ်စဉ်တွင် အလွန်ကောင်းပါသည်။ ငယ်ရွယ်စဉ်တွင် ရုပ်ဝတ္ထုပိုင်ဆိုင်မှု လောဘတဏှာ အတားအဆီးကို ကျော်ဖြတ်ကာ ဘာသာရေး ဆောင်ရွက်ချက်များ၌ ပါဝင်နိုင်ပါသည်။ အလွန်တန်ဖိုးရှိပါသည်။ ဓမ္မကို လက်ခံလိုက်ပြီး မရှိမဖြစ် အပိုင်းများကို နားလည်ကာ အသိဝင်သွားသည်နှင့် သင်ပြောဆို၊ ပြုမူ၊ တွေးတောသမျှသည် ဓမ္မဖြစ်လာပေသည်။”
မီလရေပနှင့် ရာလိုဆာဝါတို့ကလည်း ထိုသို့ပြောပါသည်။ “အကျွန်ုပ် စားခြင်း၊ လမ်းလျှောက်ခြင်း၊ ထိုင်ခြင်း၊ အိပ်စက်ခြင်း အချိန်တိုင်း ဓမ္မကျင့်ကြံမှု ဖြစ်ပေ၏။”
“ဓမ္မနှင့် ပတ်သက်ပြီး တင်းကျပ်သော စည်းကမ်းမရှိပါ။ ထို့ကြောင့် အတွေးမများရန် သို့မဟုတ် စိတ်မပြောင်းရန် ကြိုးစားပါ။ ယခု စတင်ပြီး ဓမ္မတွင် စိတ်ဝင်စားမှုကို အရှိန်ထိန်းထားပါ။ မိနစ်တိုင်း စိတ်မပြောင်းပါနှင့်။ ယခုအချိန်မှစ၍ သင်၏ ကိုယ်၊ နှုတ်၊ စိတ်၊ သင့်ဘဝကို ဓမ္မကျင့်ကြံမှုကို အားစိုက်ပါလေ။”
ယခုအခါ အဘိုးအိုက လူငယ်အား ဓမ္မအကြောင်း ပြောသည်။ “အရင်ဆုံး အရည်အချင်းပြည့်ဝသော ဘာသာရေး ဆရာသမားတစ်ဦးကို ရှာဖွေပြီး သင့်အတွေး၊ အပြုအမူများကို သူ့အပေါ်တွင် သေချာပုံအပ်ပါ။ အခြားသူများကို သင်မည်မျှ အကျိုးပြုနိုင်သည် ဆိုသည်မှာ သင့်တော်သော ဘာသာရေး ဆရာသမားကို ရှာဖွေခြင်းနှင့် သူနှင့် ဆက်ဆံရေးတွင် စိတ်နှလုံးနှစ်ထားခြင်း အပေါ်တွင် မူတည်ပါသည်။”
ဤအချက်ကို အတိဿက အလေးထားပြောကြားခဲ့ပါသည်။ သူသည် သူ၏ဆရာသမား ၁၅၅ ပါးစလုံးကို စိတ်နှလုံး အညီအမျှနှစ်ထားသည်ဟု မကြာခဏ မိန့်ဆိုပါသည်။
“ထို့နောက် အပြုသဘော ဆောင်ရွက်ချက်ဆယ်ခုကို ကျင့်ကြံရန် ကတိစကားနှင့် ကတိကဝတ်များကို စောင့်ထိန်းရန် လိုပါသည်။ သင့်မျက်လုံးများကို စောင့်ရှောက်သလို ယင်းတို့ကို စောင့်ရှောက်ပါ။ တောဆင်ရိုင်းသည် သံကြိုးကို ဖြတ်သကဲ့သို့ ယခုဘဝအပေါ် တွယ်တာမှုကို ဖြတ်တောက်ပါ။ ထို့နောက် နာယူမှု၊ တွေးတောမှု၊ တရားရှုမှတ်မှု သုံးခုစလုံးကို အတူတကွ စုစည်းဆောင်ရွက်ပါ။ အဆင့်ခုနစ်ဆင့် ကျင့်ကြံမှုဖြင့် အားဖြည့်ပါ။ ဤသည်မှာ အပြုသဘောအင်အား တည်ဆောက်ရန်၊ ကုသိုလ် စုစည်းရန် နည်းလမ်းဖြစ်ပါသည်။ ဤသို့ပြုခြင်းဖြင့် ဘုရားဖြစ်ရန် နီးစပ်လာပေသည်။”
ပဉ္စမမြောက် ဘုန်းတော်ကြီး ဒလိုင်းလားမားက အရည်အချင်းပြည့်သော ဆရာသမားက အရည်အချင်းပြည့်သော တပည့်ကို လမ်းညွှန်ပါက ဘုရားအဖြစ်ကို ပုံဖော်နိုင်ကြောင်း မိန့်ဆိုပါသည်။ မီလရေပကလည်း အရည်အချင်းပြည့်သော ဆရာနှင့် အရည်အချင်းပြည့်သော တပည့်က သူ၏ အရည်အချင်းပြည့်သော တရားကို ကျင့်ကြံပါက ဘုရားအဖြစ်သို့ လက်လှမ်းမီသည်ဟု ဆိုပါသည်။ သို့သော် ဆရာသည် သင့်တော်စွာ အရည်အချင်းပြည့်ရမည်ကို အမြဲအလေးထား ပြောကြားပါသည်။
“ဤကား ပျော်ရွှင်မှု၊ ဤကား ပီတိဖြစ်သည်။ အို သားငယ်၊ ဤနည်းဖြင့် ကျင့်ကြံပါက သင့်ဆန္ဒအားလုံး ပြည့်ဝပေလိမ့်မည်။”
ဤတရားတော်များသည် စိတ်ကိုယဉ်ပါးစေရန် အလွန်အကျိုးပြုပါသည်။ တင်းမာသော စိတ်ကို ပျော့ပြောင်းစေပါသည်။ စကားပုံတစ်ခုတွင် “ထောပတ်ထည့်ရန် သားရေအိတ်နှင့် မတူပါစေနှင့်။ စမ်းချောင်းထဲမှ ကျောက်စရစ်ကဲ့သို့ မဖြစ်ပါစေနှင့်” ဟုဆိုပါသည်။ သားရေအိတ်သည် ထောပတ်မည်မျှပင် ထည့်စေကာမူ ပျော့မလာပါ။ စမ်းချောင်းထဲတွင် ကျောက်စရစ်ခဲ မည်မျှကြာအောင် တည်ရှိနေပါစေ၊ ပျော့မလာပါ။
ထိုနေ့မှစ၍ လူငယ်သည် လောကီဆန်သော၊ ကလေးဆန်သော အတွေးများ မရောယှက်တော့ဘဲ သန့်ရှင်းသော ဓမ္မကို ကျင့်ကြံပါတော့သည်။
ကျွန်ုပ်တို့သည်လည်း ထိုအတိုင်း ကြိုးစားပြုမူရပါမည်။ တရားတော်များ ပို၍နာကြားလေ၊ ယင်းတို့ကို ကျင်ကြံမွေးမြူရန် လိုအပ်လေ ဖြစ်ပါသည်။ စမ်းချောင်းထဲက ကျောက်စရစ်ခဲများလို မနူးညံ့သည့် အဖြစ်မျိုး မရောက်စေရပါ။
အဘိုးအိုကပြောသည်။ “ကျွန်ုပ်၏ ဘာသာရေး ဆရာသမားများထံမှ ဤတရားတော်များ နာကြားခဲ့ရပါသည်။ ကျွန်ုပ်၏ ကိုယ်ပိုင်အတွေ့အကြုံပေါ်တွင်လည်း အခြေခံပါသည်။ ဤတရားတို့သည် အကန့်အသတ် မရှိသော ခံစားချက်ရှိသည့် သတ္တဝါများကို သူတို့၏ ပျော်ရွှင်မှုအတွက် အကျိုးပြုပါစေသား။”
ကျမ်းပြုဆရာက ဤသို့ နိဂုံးချုပ်ပါသည်-
ကျွန်ုပ်သည် အနည်းငယ်သာ ကျင့်ကြံပြီး ဓမ္မအတွေ့အကြုံ မရှိသော်လည်း ခံစားချက်ရှိသော သတ္တဝါများ၏ ယုံကြည်ချက်ကြောင့် ဤတရားများသည် အချို့အတွက် အကျိုးပြုပါစေ။ အကန့်အသတ်ရှိသော သတ္တဝါတို့၏ စိတ်ကို အကျိုးပြုစေရန် ရည်သန်လျှက် ဤကျမ်းကို ရိုးသားပြီး သန့်ရှင်းသော စိတ်ဓာတ်စေ့ဆော်မှုဖြင့် ရေးသားလိုက်ပေသည်။ မမြဲခြင်းအကြောင်း ဤတရားများသည် စိတ်ဝင်စားအောင် လုပ်ကြံပြောဆိုထားခြင်း မဟုတ်ဘဲ အာယဒေဝ၏ လင်္ကာလေးရာ တွင် အခြေခံထားပါသည်။