“မမြဲခြင်းအကြောင်း တရားရှုမှတ်နည်း” ကို ပြန်လည်ဖွင့်ဆိုခြင်း

ဂွန်တန်ယင်းပိုချီ (Gung-thang-tshang dKon-mchog bstan-pa'i sgron-me) (၁၇၆၂-၁၈၂၃) ၏ ကျမ်းဖြစ်သည့် မမြဲခြင်းအကြောင်း တရားရှုမှတ်နည်းအတွက် လေ့ကျင့်နည်း (Mi-rtag sgom-tshul-gyi bslab-bya tshigs-su bcad-pa bcas) သည် ပုံသဏ္ဌာန် အမျိုးမျိုးနှင့် ဖော်ပြသော သူ၏ဆရာများကို ကပ်လှူဆည်းကပ်မှုဖြင့် စတင်ကာ စိတ်ကိုယဉ်ပါးစေမည့် တရားများအကြောင်း ဖော်ပြထားပါသည်-

အကန့်အသတ်ရှိသော သတ္တဝါများ၏ လိုအပ်ချက်နှင့် ယုံကြည်ချက်များစွာနှင့် ကိုက်ညီအောင် ပုံသဏ္ဌာန်နှင့် အမျိုးအစား အမျိုးမျိုး ဖော်ပြသည့် ကောင်းချီးမင်္ဂလာနှင့် အနတ္တတို့၏ ပေါင်းစည်းမှုအား ရှိခိုးပါ၏။

အနားယူခြင်း ရှစ်မျိုးနှင့် ဖြည့်ဆည်းမှု ဆယ်မျိုးကို ဆောင်ရွက်သည့် ဤတန်ဖိုးရှိသော လူ့ခန္ဓာကိုယ်ကို တစ်ကြိမ်သာ ရရှိပါသည်။ ဤအခွင့်အရေးကို ဆုံးရှုံးမည့် အန္တရာယ် ရှိနေပြီး ရေရှည်တည်တံ့သော တန်ဖိုးတစ်ခုခု မဆောင်ရွက်နိုင်ဘဲ နောက်တစ်ဘဝသို့ ရောက်ရှိသွားပါမည်။ ယခုအချိန်သည် လွတ်မြောက်မှု လမ်းကြောင်းတွင် မိမိကိုယ်ကို ထားရှိရန်အချိန် ဖြစ်ပါသည်။ တကယ်တော့ ဤနေရာမှ ကျွန်ုပ်တို့အားလုံး အသက် နှစ်ဆယ်နှင့် သုံးဆယ်ကြား ဖြစ်သည့်အတွက် အလွန်ပင် နောက်ကျလုနီးပါး ဖြစ်နေပါသည်။ ကျွန်ုပ်တို့သည် ဓမ္မကို ကျင့်ကြံရန် ချွန်းကဲ့သို့ သတိပေးကာ လေ့ကျင့်မှု အဆင့်ဆင့်ဆိုသည့် ဆင်ကို နိုးကြားနေအောင် မပြတ်ထိန်းထားရပါမည်။ ယခုလတွင် သို့မဟုတ် အနည်းဆုံး ယခုနှစ်တွင် လောကီ၊ လောကုတ် အရာအားလုံး ပြီးစီးအောင် ဆောင်ရွက်ခြင်း သို့မဟုတ် ယခုနှစ်တွင် ဓမ္မ ကျင့်ကြံမှုကို ရွှေ့ဆိုင်းကာ အခြားအရာအားလုံး ဦးစွာ ဆောင်ရွက်ရန် မတွေးခြင်းသည် သင့်ကိုယ်သင် ဖြားယောင်းသော မိစ္ဆာ ဖြစ်ပါသည်။ ဆရာတစ်ဦးက ဘာသာတရား ကိုင်းရှိုင်းသူများသည် နေထိုင်စရာ မလုံလောက်မည်ကို မစိုးရိမ်သင့်ကြောင်း တစ်ခါက ပြောဖူးပါသည်။ အချို့သူများက ဓမ္မကို ကျင့်ကြံရန် ငွေရှာရမည်ဟု အကြောင်းပြသော်လည်း ဓမ္မကို အလေးအနက် ကျင့်ကြံခြင်းကြောင့် ငတ်သေသွားသူ တစ်ခါမျှ မရှိခဲ့ဖူးပါ။

ဓမ္မကို အားကြိုးမာန်တက် ကျင့်ကြံရန် အတွေးမျိုး ထားရှိပါ။ ယခုဘဝ၏ ဆောင်ရွက်ချက်များသည် ရေလှိုင်းနှင့် တူပါသည်။ ရေလှိုင်းတစ်ခု လာပြီးလျှင် နောက်တစ်ခု ချက်ချင်းလိုက်လာပါသည်။ ဆောင်ရွက်ချက် အသစ်များ ပို၍ပြုလုပ်လေ၊ ပို၍ပေါ်ထွက်လာလေ ဖြစ်ပါသည်။ အဆုံးမရှိပါ။ ဦးတည်ရာမဲ့ နေရာတကာ သွားလာနေသည်ထက် မိမိအပေါ်တွင် ကန့်သတ်ချက်များ မရှိန်တွင် ထိုအရာများကို ယခု ဘေးဖယ်ထားရန် အခိုင်အမာ ဆုံးဖြတ်လျှင် ပိုမကောင်းပါလော။ ဥပမာအားဖြင့် အရေးပေါ်ကိစ္စတစ်ခု ရှိပါက အရာရာ ဘေးဖယ်ရန် အခိုင်အမာ ဆုံးဖြတ်ပြီး ယင်းကို ဆောင်ရွက်ရပါသည်။ နာရိုပသည် တီလိုပကို သွားတွေ့သည့် ဇာတ်လမ်းနှင့် ဆင်တူပါသည်။ သူသည် နာလန္ဒာ ကျောင်းထိုင်ဘုန်းကြီး ရာထူးကို ပြတ်သားစွာ စွန့်လွှတ်ပြီး သွားပါသည်။ သို့မဟုတ် မန်ဇူသီရိထံမှ အကြိုကျင့်ကြံမှု ရိပ်သာဝင်ရန် ညွှန်ကြားချက် ရရှိထားသော ဆုန်ခပသည် ထိုအတိုင်း ပြတ်သားစွာ ဆောင်ရွက်ကာ တပည့်ထောင်ပေါင်းများစွာကို ထားရစ်ခဲ့ပြီး သွားရောက်ခဲ့သလို ဖြစ်ပါသည်။

သင့်ကိုယ်သင် မလှည့်ဖြားပါနှင့်။ မနက်ဖြန် ဓမ္မကျင့်ကြံမှု မပြုနိုင်ခင် ယနေ့သေခြင်းတရားက ဦးစွာ ရောက်လာနိုင်ပါသည်။ ထို့ကြောင့် ဓမ္မကို ကျင့်ကြံလိုပါက ယခုကစ၍ ကျင့်ကြံလိုက်ပါ။

ဆုန်ခပနှင့် ပဒမသမ္ဘဝါ ကဲ့သို့ ဆရာတော်ကြီးများ၏ ကြိုးပမ်းချက်များသည် ကမ္ဘာ့အရပ်မျက်နှာအားလုံးသို့ ဖြန့်ကျက်သော်လည်း ဤဆရာတော်ကြီး အားလုံး ပျံလွန်တော်မူကုန်ပါပြီ။ သူတို့ ခန္ဓာသည် မရှိတော့ဘဲ သူတို့ ဘွဲ့အမည်သာလျှင် ကျန်ရစ်ပါသည်။ သူတို့ တရားတော်များမှ တစ်ဆင့်သာလျှင် သူတို့အကြောင်း သိရှိနိုင်ပါသည်။ ဤအချက်အားလုံးက ကုသိနာဃရမှ ဘုရားရှင်၏ ရွှေသာလျောင်းရုပ်ပွားတော်ကဲ့သို့ပင် သူတို့၏ မမြဲခြင်းကို ဖော်ပြပါသည်။ ဘုရားရှင်လည်း ပရိနိဗ္ဗာန်စံတော်မူရသည်ကို ကျွန်ုပ်တို့အား သတိပေးနေပါသည်။ ရှန်တီဒေဝက ဘုရားလောင်းတို့၏ ပြုမူဆောင်ရွက်မှုကို လေ့လာခြင်း (sPyod-‘jug, Skt. Bodhicharyavatara) ကျမ်းတွင် ဘုရားရှင်များ၊ ပစ္စေကဗုဒ္ဓများနှင့် သာဝကများအားလုံး ကွယ်လွန်ကြရပါက ကျွန်ုပ်တို့သည်လည်း မည်သို့လျှင် ရှောင်လွှဲနိုင်ဦးမည်နည်း။ ဤသည်မှာ အဋ္ဌမမြောက် ဘုန်းတော်ကြီး ဒလိုင်းလားမား၏ တရားလည်း ဖြစ်ပါသည်။ ဤတရားတော်အားလုံးကို ရေးသားစီရင်သော ဆရာတော်ကြီးများလိုပင် သူသည်လည်း ယခုမရှိတော့ပါ။ သို့သော် ဤပုဂ္ဂိုလ်ကြီးများ၏ ခန္ဓာသည်ပင်လျှင် ချုပ်ငြိမ်းကာ ဘုရားရှင်တို့၏ မရှိမဖြစ် သဘောသဘာဝ အစုအဖွဲ့ (ဝါဘဝကာယ) ထဲသို့ ယိုယွင်းသွားရပါက ထင်ယောင်ထင်မှား ဖြစ်နေသော တပည့်များအား မမြဲခြင်းအကြောင်း သင်ကြားပေးရန် အတွက်သာ ဖြစ်ပါသည်။

ဤကိုယ်တော်ကြီးများ ကဲ့သို့ပင် လာမည့်နှစ်တစ်ရာအတွင်း ကျွန်ုပ်တို့အားလုံး တစ်ယောက်မျှ ရှိတော့မည် မဟုတ်ပါ။ မိမိ၏ ကြွယ်ဝမှုနှင့် အင်အားကို အလွန်မာန်တက်ကာ ကောင်းမှုပန်းကုံးများစွာ ကြွားဝါထားနိုင်သော ဘုရင်များနှင့် နိုင်ငံ့ခေါင်းဆောင်များလည်း ရှိတော့မည်မဟုတ်ပါ။ သူတို့အမည်သာ ကျန်ရစ်ပေလိမ့်မည်။ ထို့အတူ ယနေ့ခေတ် နာမည်ကြီး ကမ္ဘာ့ခေါင်းဆောင်များလည်း အနာဂတ်တွင် ရှိတော့မည် မဟုတ်ပါ။ သင်နှင့်သက်တူရွယ်တူရှိပြီး သင့်လိုခွန်အားဗလ ရှိသူများလည်း သေဆုံးကြပါမည်။ သေမင်းက သူတို့ကို ရုတ်ချည်း ခေါ်ဆောင်သွားပါမည်။ ထို့ကြောင့် သင်သည် ထာဝရ ရှင်သန်မည်ဟု ဘာကြောင့်များ ယုံကြည်ပါသနည်း။ မမြဲခြင်းအကြောင်း သင်ကြားထားသော်လည်း သေခြင်းတရားကို ထိတ်လန့်နေပါက လုံးဝမိုက်မဲရာရောက်ပါသည်။ သိုးကဲ့သို့ ထုံထိုင်းနုံအသော တိရစ္ဆာန်များပင်လျှင် အခြားသိုးတစ်ကောင်ကို သားသတ်သမားက သတ်ဖြတ်သည်ကို မြင်တွေ့သောအခါ နှလုံးခုန်မြန်ကာ တုန်လှုပ်ခြောက်ခြား ကြပါသည်။

ဂဲရှိပိုတာဝါအကြောင်း ဆက်စပ်၍ ပြောပြလိုပါသည်။ သူနေထိုင်သောရွာမှ လူတစ်ယောက်က “ကျွန်ုပ်သေခါနီးအချိန်တွင် ကျွန်ုပ်အား သတင်းစကား ပေးပို့နိုင်မလား” ဟု သူ့အား မေးပါသည်။ မကြာမီ ရွာအထက်ပိုင်းမှ ရွာသားတစ်ယောက် ကွယ်လွန်ပြီး ဤသတင်းကို ထိုသူထံ ပေးပို့သော်လည်း သူကဘာမှ မဆောင်ရွက်ပါ။ ရွာအောက်ပိုင်းနှင့် ရွာအလယ်ပိုင်းမှ တစ်ယောက်ယောက်နှင့် ဆက်စပ်၍လည်း ထိုအတိုင်း ဖြစ်ပါသည်။ ထိုသူက ဘာမှမလုပ်သေးပါ။ နောက်ဆုံးတွင် သူကိုယ်တိုင် သေရမည့်လက္ခဏာများ ပြလာရာ ဂဲရှိပိုတာဝါထံ အပြေးသွားကာ “ဘာကြောင့် သတင်းစကား မပို့တာလဲ” ဟု မေးပါသည်။ ဂဲရှိပိုတာဝါက “ပို့တယ်လေ။ မင်းနားမှမလည်ဘဲ” ဟု ပြန်ဖြေပါ၏။ ဂဲရှိပိုတာဝါကိုယ်တိုင်က သူနေထိုင်ရာ ပင်ပို တောင်ကြားမှ သေဆုံးမှုအားလုံးကို ရေတွက်ကာ မမြဲခြင်းအကြောင်း တရားရှုမှတ်လေ့ ရှိပါသည်။

မမြဲခြင်းအကြောင်း နားလည်မှုသည် ကျမ်းစာအချက်အလက်များတွင် အခြေခံစရာ မလိုပါ။ သက်ရှိအားလုံး ကြုံရသည့် သေခြင်းကို မျက်မြင်သိမြင်မှုမှတစ်ဆင့် သိရှိနိုင်ပါသည်။ သေခြင်းကို ကွက်ကွက်ကွင်းကွင်း သိမြင်သော်လည်း ဤသိမြင်မှုကို လက်တွေ့အသုံးမချသူတို့သည် မျက်လုံးဖွင့်ထားပြီး ကန်းနေသူ သို့မဟုတ် မျက်မှန်တပ်ထားသူနှင့် တူပါသည်။ အနာဂတ်တွင် ကျွန်ုပ်တို့၏ မိတ်ဆွေများ၊ ဆွေမျိုးများ၊ အစေခံများနှင့် နောက်လိုက်များ အားလုံး ကွယ်လွန်ကြရပါမည်။ သူတို့နှင့် အတူရှိနေစဉ်တွင် လေတိုက်၍ စုနေသော သစ်ရွက်များနှင့် တူပါသည်။ မကြာခင် လွင့်ပါးကုန်ကြပေလိမ့်မည်။ ယခုအတူရှိနေသော်လည်း နောင်ဘဝများတွင် ထပ်မံဆုံတွေ့သောအခါ ပုံသဏ္ဌာန် ခြားနားကာ အချင်းချင်း မှတ်မိမည်ပင် မဟုတ်တော့ပါ။ မမြဲခြင်းအကြောင်း တွေးတောသူတို့အတွက် အလွန်ရှားပါးသော်လည်း လောကီနှင့် လောကုတ် ဘဝကို အနည်းဆုံးတော့ မျှတအောင် ကြိုးပမ်းသင့်ပါသည်။ သို့မှသာ တည်ငြိမ်မှု ရှိပါမည်။

ဥတုရာသီ ပြောင်းလဲခြင်း၊ ရွက်ဟောင်းများ ကြွေကျခြင်းနှင့် အခြားသဘာဝ ဖြစ်စဉ်များသည် မမြဲခြင်းအကြောင်း သင်ခန်းစာများ ပေးပါသည်။ မီလရေပ ပြောသလိုပင် “ကျွန်ုပ်၏ပတ်ဝန်းကျင်မှ အရာအားလုံးကို တရားသဘောဖြင့် ရှုမြင်ပါသည်။”

မမြဲခြင်းအကြောင်း နောက်ထပ်တင်စားမှုမှာ ပွဲဈေးတစ်ခုနှင့် တူပါသည်။ ပွဲတော်သို့ ကျေးရွာအသီးသီးမှလူများ အတူတကွ လာရောက်ပြီး အားလုံး ခွဲခွာသွားပါသည်။ သူတို့ဘယ်ကလာသလဲ မသိသလို ထိုကဲ့သို့ နောက်တစ်ခါ အတူဆုံရမည်လည်း မဟုတ်တော့ပါ။ ကျွန်ုပ်တို့ အနီးအနားမှ ဆွေမျိုးမိတ်သင်္ဃဟ များသည်လည်း ပွဲတော်မှ လူများ သို့မဟုတ် ဆောင်းဦးရာသီမှ ယင်ကောင်များနှင့် တူပါသည်။ သူတို့နှင့် ကွဲကွာရပေမည်။

နွေဦးရာသီနှင့် နွေရာသီလို ကာလများသည် စွဲမက်ဖွယ် လှပနိုင်သော်လည်း ယင်း၏ အစိတ်အပိုင်းများလိုပင် မမြဲခြင်းနှင့် အမြဲပြောင်းလဲခြင်း တရားသဘောများပင် ဖြစ်ပါသည်။ အပင်များသည် အရင်ဆုံး စိမ်းလာကာ ထို့နောက် လိမ္မော်ရောင် ပြောင်းပြီး သွေ့ခြောက်လာပါသည်။ စမ်းချောင်းထဲမှ ရေ၏ အပူချိန်၊ အရောင်နှင့် အသံအားလုံးသည် ရာသီအလိုက် ပြောင်းလဲကြပါသည်။ လှိုင်းကြက်ခွပ်များ၊ လှပသော ရေလှိုင်းခတ်သံများဖြင့် စိမ်းပြာရောင် စမ်းချောင်းလေးများသည် နောက်ဆုံးတွင် ရေပြင်တစ်ခုလုံး ခဲသွားကာ ဖြူဖွေးသော ရေခဲနှင့် ရေစီးသံများက တစ်စုံတစ်ယောက် ညည်းတွားသံလို ထွက်ပေါ်လာပါသည်။ လူတို့သည်လည်း ထိုအတိုင်း ဖြစ်ပါသည်။ ငယ်ရွယ်စဉ်တွင် ပါတီပွဲများစွာ သွားရောက်ကာ ကခုန်၊ သီဆိုပြီး သောက်စားပျော်ပါး ကြပါသည်။ အသက်ကြီးလာသောအခါ အလေ့အထများ ပြောင်းလာပါသည်။ စောစောက နမူနာလိုပင် သူတို့သည်လည်း ညည်းညူသံ ထွက်ပေါ်လာပါတော့သည်။

နွေကာလတွင် သီချင်းဆိုသော ပျားများက လှပသောဥယျာဉ်များထဲမှ ပန်းဝတ်မှုံများကို ဝတ်ရည်စုပ်ယူကြပါသည်။ ဤသည်မှာ ကျွန်ုပ်တို့ ငယ်ရွယ်စဉ်ကာလနှင့် တူညီပါသည်။ လောက၏ သာယာအဆင်ပြေမှု များတွင် ကျွန်ုပ်တို့ နစ်မွန်းနေပါသည်။ သို့သော် ဆောင်းဦးရာသီတွင် ပန်းဥယျာဉ်သည် ကန္တာရပမာ ဖြစ်လာကာ ဆောင်းရာသီတွင် ဥယျာဉ်ထဲသို့ လေတိုက်သောအခါ ဝမ်းနည်းဖွယ်အသံ ထွက်ပေါ်ပါသည်။ လူတို့သည် ထိုနေရာသို့ မသွားလိုပါ။ သွေ့ခြောက်နေသော အရာများကို မမြင်လိုကြပါ။ တစ်ခါတစ်ရံ တောင်ကုန်းတစ်ခုလုံးကို ပန်းများ ပြည့်နေပြီး ဆောင်းရာသီတွင် လုံးဝခြောက်သွေ့ကုန်ပါသည်။ ထို့အတူ နေအိမ်များသည်လည်း ရာသီဥတုဒဏ်ကြောင့် ယိုယွင်းအိုမင်းကုန်ပါသည်။ ထို့ကြောင့် ဤနမူနာအားလုံးသည် မမြဲခြင်းကို ပြဆိုပါသည်။ သို့သော် မမြဲခြင်းအကြောင်း အနီးဆုံး သင်ကြားပေးသူမှာ မိမိ၏ ရုပ်ခန္ဓာဖြစ်ပါသည်။ ကျွန်ုပ်တို့ အိုမင်းလာသည်နှင့်အမျှ ငယ်ရွယ်စဉ်က အရာများကို မဆောင်ရွက်နိုင်တော့ပါ။ နှေးကွေးလာပြီး ရုပ်အဆင်းလည်း ပြောင်းလဲကုန်ပါသည်။

မမြဲခြင်းသည် သက်ရှိများနှင့်သာမက အဆောက်အဦ၊ သဘာဝ၊ ဥယျာဉ်နှင့် အချိန် စသည့် သက်မဲ့များနှင့်လည်း သက်ဆိုင်ပါသည်။ နာဂဇုနနှင့် အသင်္ဃတို့ ပညာသင်ခဲ့သော နာလန္ဒာ ကျောင်းတိုက်နှင့် ဗုဒ္ဓဂါယာကဲ့သို့ နေရာကြီးများသည် ယခင်ကတည်းက ပျောက်ကွယ်ခဲ့ပါသည်။ ဂန်ဒန်၊ ဆီရာနှင့် တိဘက်ရှိ အခြား ကျောင်းတိုက် တက္ကသိုလ်ကြီးများလည်း ထိုအတိုင်း ဖြစ်ပါသည်။ တိဘက်ဘာသာ စာပေနှင့် မော်ကွန်းတိုက်များ စာကြည့်တိုက်သည်ပင်လျှင် ယခုအခါ ယိုယွင်းပျက်စီးလာပါသည်။ နာဂဇုနက သူ၏ သူငယ်ချင်းသို့ပေးစာ (သက္ကတဘာသာဖြင့် သုလေခ) တွင် “စကြဝဠာတစ်ခုလုံး နေခုနစ်စင်း တောက်လောင်မှုကြောင့် ပျက်စီးသွားပါက ကျွန်ုပ်တို့ခန္ဓာကိုယ်များသည်လည်း ပျက်စီးသွားမည်မှာ ယုံမှားဖွယ် မရှိပါ” ဟု ဆိုခဲ့ပါသည်။ ရုပ်လွန်ပုံသဏ္ဌာန်ဖြင့် ဗြဟ္မာဘုံ ပထမအဆင့်အထိ အရာရာ ပျက်စီးသွားမည် ဖြစ်ပါသည်။

ကောက်ရိုးထုံးကို စည်းနှောင်သောကြိုးကို ကြွက်ဖြူနှင့် ကြွက်မဲ တစ်လှည့်စီ စားသုံးပါသည်။ ဤနမူနာတွင် ကြွက်ဖြူနှင့် ကြွက်မဲသည် နေ့နှင့်ညကို ကိုယ်စားပြုပြီး ကောက်ရိုးထုံးသည် ကျွန်ုပ်တို့၏ ဘဝသက်တမ်းဖြစ်ကာ ကောက်ရိုးစည်းသော ကြိုးသည် သက်တမ်း အချိန်ကာလ ဖြစ်ပါသည်။ ဤကြိုးနှင့် ကျွန်ုပ်တို့သက်တမ်းကို ကိုယ်စားပြုသော ကောက်ရိုးထုံးသည် လုံးဝမပျက်စီးမယိုယွင်းမီ အပြုသဘော ဆောင်ရွက်ချက်များ တတ်နိုင်သမျှ ဆောင်ရွက်သင့်ပါသည်။

အချိန်အခိုက်အတန့်တိုင်းသည် ကျွန်ုပ်တို့ကို သေမင်းဆီသို့ တွန်းပို့နေပါသည်။ တိရစ္ဆာန်ကို သားသတ်ရုံသို့ ခေါ်သွားသလိုပင် ခြေလှမ်းတိုင်းသည် သေခြင်းနှင့် ပို၍နီးလာစေပါသည်။ ရှူလိုက်သော ဝင်သက်တိုင်းသည် သေခြင်းနှင့် ပို၍နီးလာစေပါသည်။ ယခုမနက် နိုးလာကတည်းကဆိုလျှင် မည်မျှပို၍ နီးလာပြီနည်း။ ငယ်ရွယ်သည့်အတွက် မသေသေးဘူး ဆိုသည့် ခံစားချက်မှာ မိုက်မဲပါသည်။ အသက်သည် သေမင်းက ထည့်တွက်သောအချက် မဟုတ်ပါ။ ဆံဖြူခါးကိုင်းသော သက်ကြီးမိဘများသည် သူတို့သားသမီးများကို သင်္ချိုင်းသို့ လိုက်ပို့နေရသေးလျှင် သေမင်းသည် အသက်နှင့်ပတ်သက်၍ ခွဲခြားမှုရှိသည်ဟု ပြောနိုင်ပါမည်လား။ ထို့ကြောင့် အသက်အရွယ်မရွေး ဓမ္မကျင့်ကြံရန် လိုပါသည်။ အသက်ကြီးမှ မဟုတ်ပါ။ တစ်ခုတည်းသော အကျိုးပြုမည့်အရာသည် ဓမ္မဖြစ်ပါသည်။

စိတ်အချရဆုံး တစ်ဦးတည်းသော မိတ်ဆွေမှာ သင်ကိုယ်တိုင် ကျင့်ကြံမှု ဖြစ်ပါသည်။ လူတို့သည် စိတ်မချရပါ။ ပိုင်ဆိုင်သော သီးနှံများသည့် နှင်းကျပြီး အခြေအနေမကောင်းခြင်းကြောင့် ပျက်စီးသွားလျှင် ယခင်က သင်ကြည့်ရှုစောင့်ရှောက်နေသော မှီခိုသူများထံမှ တုံ့ပြန်မှုကိုပင် ရရှိဖို့ ခက်ခဲပါလိမ့်မည်။ ဆင်းရဲသောအခါ လူတိုင်းက အထင်သေးပြီး စွန့်ခွာသွားပါသည်။ ဤသည်မှာ လူ့သဘာဝ ဖြစ်ပါသည်။ အိုမင်းပြီး ဆင်းရဲသောအခါ လူတို့က ဂရုစိုက်တော့မည် မဟုတ်ပါ။ ကျွန်ုပ်တို့ ကြွယ်ဝပြီး ကျော်ကြားသောအခါ လူတို့က ကျွန်ုပ်တို့၏ အာရုံစိုက်မှုကို အမြဲလိုချင်ကြပါသည်။ လူတစ်ယောက် ချမ်းသာသောအခါ အခြားသူများ ရောက်လာပြီး ထိုသူကျော်ကြားမှုအတွက် သူတို့ဖြည့်ဆည်းပေးသယောင် ပြောဆိုကြပါသည်။ သင့်ပျော်ရွှင်မှုကို မျှဝေခံစားလိုသော်လည်း သင့်ဝမ်းနည်းမှုများကို အလိုမရှိကြပါ။ သင့်ထံမှ တစ်ခုခုမရနိင်သောအခါ လျစ်လျူရှုသွားပါသည်။ ဗုဒ္ဓမြတ်စွာသည် ထိုနှင့်ဆန့်ကျင်ဘက်ဖြစ်ကာ ဆင်းရဲပြီး လိုအပ်ချက်ရှိသူများကို ပို၍ အာရုံစိုက်ပါသည်။

လွှမ်းမိုးမှုရှိသူ တစ်ယောက်က သင့်မကောင်းကြောင်းကို သင်အယုံကြည်ရဆုံး မိတ်ဆွေအား သွားပြောပါက သူတို့စိတ်ပြောင်းသွားပြီး တွေဝေသွားပါမည်။ စကားလုံး အနည်းငယ်ဖြင့် နောက်နေ့တွင် သူတို့မနှစ်သက်အောင် ပြုလုပ်နိုင်ပါသည်။ ထို့ကြောင့်လည်း “ယခင်က လက်မအနည်းငယ်နှင့် ရနိုင်သောအရာကို တစ်လံအကွာမှ မရနိုင်တော့ပါ” ဆိုသည့် ဆိုရိုးစကား ရှိပါသည်။ ဆိုလိုသည်မှာ စကားလုံး အနည်းငယ်ကြောင့် နီးစပ်သူများ ဝေးကွာသွားပါသည်။ တည်ငြိမ်မှုရှိသော မိတ်ဆွေကို ဓမ္မတွင် ရှာဖွေရန် လိုပါသည်။ မိတ်ဆွေများသည် အချင်းချင်း ဂရုစိုက်ကြပြီး သင့်အမှားနှင့် အားနည်းချက်များကို ထောက်မပြလိုကြပါ။ သို့သော် မိမိအမှားကို မိမိရန်သူက ထောက်ပြသည်မှာ ပို၍အထောက်အကူ ပြုပါသည်။

လူအချို့သည် တစ်ဘဝလုံး စီးပွားရှာကာ အကျိုးဆက်အားဖြင့် များစွာပြောင်းလဲပြီး ဆင်းရဲဒုက္ခများစွာ ရှိလာပါသည်။ ယင်းမှာ ဆင်းရဲဒုက္ခများ၏ အကြောင်းရင်း ဖြစ်သည့်အတွက် ချမ်းသာကြွယ်ဝမှုကို မတွယ်တာသင့်ပါ။ ချမ်းသာခြင်းသည် ပျော်ရွှင်သည့်ပုံစံ ရှိသော်လည်း မဟုတ်ပါ။ ချမ်းသာမှကို ကျွန်ုပ်တို့ စွဲလမ်းမှုသည် ပိုးဖလံ သို့မဟုတ် လိပ်ပြာက မီးတောက်ကို စွဲလမ်းမှုနှင့် တူပါသည်။ အရမ်းနီးကပ်သွားပါက ပျက်စီးပါလိမ့်မည်။ ချမ်းသာသူများသည် ပျော်ရွှင်ကြောင်း၊ ချောမောလှပကြောင်း၊ အိမ်ကောင်းကောင်း ရှိကြောင်း၊ ငွေကြေးနှင့်ပတ်သက်၍ စိုးရိမ်စရာ မရှိကြောင်း ထင်ရပါသည်။ ဤသည်မှာ အလွန်ဆွဲဆောင်မှုရှိသော်လည်း ဤအခြေအနေတွင် အပြည့်အဝ နစ်မြုပ်သွားပါက ၎င်း၏ ဒုက္ခနှင့် အားနည်းချက်များကို မြင်လာပါသည်။ ဥပမာအားဖြင့် လူအချို့သည် ဘာသာတရား ကိုင်းရှိုင်းသော်လည်း ချမ်းသာလာသည်နှင့် ဘာသာရေးကို စိတ်မဝင်စားတော့ဘဲ ထပ်ပြီးချမ်းသာရန်အတွက်သာ အာရုံစိုက်လာပါတော့သည်။ ကျွန်ုပ်တို့သည် ကောင်းမှုစုစည်းရန် အမြဲပင်ပန်းနေသော်လည်း ပိုပြီးချမ်းသာအောင် စုဆောင်းရန် ဘယ်တော့မှ မပင်ပန်းကြပါ။

အကျဉ်းချုပ်အားဖြင့် ဘဝသည် မမြဲဘဲ သေခြင်းတရားသည် ရောက်လာမည်ဖြစ်သည့်အတွက် ယင်းကို ပြင်ဆင်ထားရပါမည်။ သေမည့်အချိန်ကို အသေအချာ မသိသော်လည်း ထိုအချိန်ကျလာသည်နှင့် ရှောင်လွှဲ၍ မရနိုင်ပါ။ ချမ်းသာသူများက လာဘ်ထိုး၍ မရပါ။ အလှအပဖြင့် ဖြားယောင်း၍ မရပါ။ သန်မာသော ကြွက်သားဖြင့် အလဲမထိုးနိုင်ပါ။ အချို့နေရာများတွင် ဗီဇာ သို့မဟုတ် နေထိုင်ခွင့် သက်တမ်းတိုးရန် ငွေဖြင့် ဝယ်နိုင်သော်လည်း ဘဝသက်တမ်း တိုးရန် ဝယ်ယူ၍ မရနိုင်ပါ။

သေမင်းက လာရောက်ခေါ်ဆောင်သောအခါ မွေးကတည်းက ရခဲ့သော မိမိခန္ဓာကိုယ်ကြီးကို ထားရစ်ခဲ့ရပါသည်။ နွေးထွေးသောအိပ်ရာတွင် ကွယ်လွန်သော်လည်း သိစိတ်ကွယ်ပျောက်သွားသည်နှင့် ဆွေမျိုးမိတ်သင်္ဃဟနှင့် ချမ်းသာမှုတို့ကို ပြန်လှည့်ကြည့်ခွင့် တစ်ခဏမျှပင် မရရှိတော့ပါ။ ဤသည်မှာ ဘဝအမှန်တရားဖြစ်ပြီး ထိုအတွက် ပြင်ဆင်ထားရပါမည်။ အကျပ်အတည်းတိုင်းကို မမောမပန်း တင်းခံကာ ကျွန်ုပ်တို့ စုဆောင်းထားသော အရာအားလုံးကို ထားခဲ့ရပါမည်။ မိမိ၏ အပြုသဘောနှင့် အပျက်သဘော ဆောင်ရွက်ချက်များ၏ ဝန်ထုပ်ဝန်ပိုးနှင့် တာဝန်ဝတ္တရားများကို ကျောပေါ်တွင် သယ်ပိုးကာ ယခုဘဝကို ကျော်လွန်သွားရပါမည်။ အိုမင်းသော မိဘအချို့သည် သားသမီးမြေးမြစ် တို့အတွက် နေအိမ်များ ဆောက်လုပ်ပေးသော်လည်း သူတို့ကွယ်လွန်သောအခါ ပိုးမွှားများသတ်ဖြတ်ခြင်းစသည်ဖြင့် ထိုသို့တည်ဆောက်သည့် အပျက်သဘော အပြုအမူ ဝန်ထုပ်ဝန်ပိုးများကို ယူသွားကာ သားသမီးများမှာ အိမ်ထဲတွင် နေထိုင်ခံစားကျန်ရစ်ပါသည်။ ထို့ကြောင့် ဤအပြုအမူများကြောင့် ကျွန်ုပ်တို့သည် အဆိုးကံများ စုစည်းမိလာရုံသာ ရှိပါသည်။

မကျွတ်လွတ်သေးသည့် အန္တရာယ်များသော လမ်းကြောင်းတွင် လျှောက်သွားကာ သေမင်း၏ တပ်သားများနှင့် တွေ့ဆုံတားဆီးခံရသောအခါ ချမ်းသာကြွယ်ဝအောင် အားထုတ်ခဲ့ခြင်း၏ အသုံးမဝင်ပုံကို သဘောပေါက်လာပါသည်။ ထိုအချိန်တွင် များစွာနောင်တရမိသည့်တိုင် အကျိုးသိပ်မရှိတော့ပါ။ “ကြိုတင်တွေးတောမိပါက ဉာဏ်ရှိပါသည်။ ပြီးသွားမှ နောင်တရပါက မိုက်မဲပါသည်” ဆိုသည့် စကားပုံတစ်ခု ရှိပါသည်။ မရောက်ဖူးသည့်နေရာတွင် သူစိမ်းတစ်ယောက်အတွက် စစ်မှန်သော လမ်းညွှန်သည် ဓမ္မဖြစ်ပါသည်။ ခရီးရှည်ကြီးအတွက် ရိက္ခာသည် ဓမ္မ ဖြစ်ပါသည်။ ပင်လယ်တစ်ဖက်ကမ်းသို့ ပို့ပေးမည့် လှေထိုးသမားသည် ဓမ္မဖြစ်ပါသည်။ ယနေ့မှစ၍ သင့်ကိုယ်၊ နှုတ်၊ စိတ်ကို ဓမ္မအတွက် အသုံးချပါလေ။

ကျွန်ုပ်တို့ပျော်ရွှင်မှု ရရှိရန် ကိုယ်ပိုင်အစွမ်းနှင့် ရနိုင်လျှင် ထိုသို့ဆောင်ရွက်ရပါမည်။ မဆောင်ရွက်ပါက ကျွန်ုပ်တို့သည် ရှုပ်ထွေးကာ ဘာလုပ်ရမှန်း မသိသည့်အချိန်ကို ရောက်လာပါလိမ့်မည်။ ဘာသာရေး ကိုင်းရှိုင်းသူနှင့် ကုသိုလ်မရှိသူတို့ သေဆုံးသောအခါ များစွာခြားနားပါသည်။ ကုသိုလ်မရှိသူသည် သတိမရှိဘဲ နာကျင်စွာ သေဆုံးပါသည်။ ဘာသာရေး ကိုင်းရှိုင်းသူသည် ငြိမ်းချမ်းစွာ သေဆုံးပြီး ကြိုတင်ပြင်ဆင်ထားကာ သူ၏ချမ်းသာမှုကို ဆင်းရဲသားများ၊ ဆွေမျိုးများ၊ ကိုးကွယ်သောအရာများ စသည်တို့အတွက် ခွဲဝေပေးခဲ့ပါသည်။ ဘာသာရေး ကိုင်းရှိုင်းသူ ဖြစ်ရန်အတွက် ဤတရားတော်များကို တတ်နိုင်သလောက် ကြိုးစားသင်ယူရပါမည်။ မှားယွင်းသော စွန့်ပယ်မှု မရှိသင့်ဘဲ အစားအသောက်၊ အိပ်စက်မှု၊ ကြွယ်ဝမှုအားလုံးကို စွန့်ပယ်ရပါမည်။ ဘာသာရေးနှင့် ရုပ်ဝတ္ထုအရေးကို မျှတအောင်ထားရှိကာ အတတ်နိုင်ဆုံး ကြိုးစားကျင့်ကြံရပါမည်။

ဓမ္မကျင့်ကြံမှုသည် အဝတ်အစားများ ဝတ်ဆင်ကာ ထုံးတမ်းစဉ်လာများ လိုက်နာရန် မဟုတ်ပါ။ နွေးထွေးကြင်နာသော နှလုံးသား ရှိရန် ဖြစ်ပါသည်။ တိဘက်အမျိုးသမီးတစ်ဦးအကြောင်း ပုံပြင်တစ်ခုတွင် သူသေသွားသောအခါ ငရဲရောက်ပြီး သေမင်းနှင့် တွေ့ပါသည်။ ရုပ်ပိုင်းဆိုင်ရာအနေနှင့် သူအန္တရာယ် ပေးခဲ့သော်လည်း စိတ်ထဲတွင် ကောင်းသော စိတ်ဓာတ်စေ့ဆော်မှုဖြင့် ဆောင်ရွက်သည်ဟု သူကသေမင်းကို ပြောသည်။ ထိုအတွက်ကြောင့် ထိုပုံစံအတိုင်း သူ့ကိုဘဝပြန်ပေးခဲ့ပါသည်။ ဤအချက်က ကျွန်ုပ်တို့အပြုအမူသည် အပြင်ပန်းအားဖြင့် မည်သို့ရှိစေကာမူ ကြင်နာသောနှလုံးသား ရှိရန် လိုအပ်ပုံကို ဖော်ပြပါသည်။

“ဓမ္မအကြောင်း များစွာပြောသူတို့သည် အနည်းငယ်သာ ကျင့်ကြံသည်” ဟု စကားပုံတစ်ခုက ဆိုပါသည်။ အတိဿသည် ဤအချက်ကို အမြဲအလေးထား ပြောကြားပါသည်။ တစ်ယောက်ယောက်နှင့် တွေ့တိုင်းသူက “သင့်မှာ စိတ်နှလုံး ကောင်းမွန်သလား” ဟုအမြဲ မေးသည်။ ဒရွတ်တုန်ပ သည် အတိဿ ကွယ်လွန်ကြောင်း သိသောအခါ အတိဿ ကွယ်လွန်ချိန်တွင် အတူမရှိခဲ့သည်ကို အလွန်ဝမ်းနည်းလေသည်။ သို့သော် အတိဿသည် သူမရှိတော့လျှင်၊ သူတို့မှာ စိတ်နှလုံးကောင်း ရှိပါက သူ့ကိုမြင်သလိုပင် ဖြစ်သည်ဟု သူ့တပည့်များကို မှာထားခဲ့ပါသည်။ ကျွန်ုပ်တို့သည် ယခုအချိန်တွင် အခြားသူများကို အကျိုးမပြုနိုင်ကြောင်း ညည်းတွားနေသော်လည်း အခြားသူများကို အန္တရာယ် မပေးမိအောင် ရှောင်ရှားလိုက်ရုံနှင့် မိမိအဆင့်အတွက် များစွာအကျိုးရှိပေသည်ဆိုသည့် ကာဒမ်ပ၏ တရားကို အမှတ်ရလျှင်လည်း ကောင်းပါသည်။ မည်သူ့ကိုမျှ မပျော်ရွှင်မှု မဖြစ်အောင် ကြိုးစားကြည့်ပါ။

ဝင်လေထွက်လေ မရပ်သေးသမျှ ကာလတ်လုံး အပြုသဘောအင်အားများ စုစည်းကာ အနာဂတ် ကောင်းမွန်အောင် ဆောင်ရွက်ခွင့် ရှိနေပါသေးသည်။ သင်သည် တစ်ချိန်တည်းမှာပင် သင်၏မိတ်ဆွေကောင်း ဖြစ်သလို ရန်သူလည်း ဖြစ်နေပါသည်။ အနာဂတ်တွင် ပျော်ရွှင်မှု မှန်သမျှသည် သင့်အပေါ် မူတည်ပါသည်။ ဓမ္မကျင့်ကြံမှု မရှိဘဲ သေဆုံးသွားသူသည် အထူးသဖြင့် မကျွတ်လွတ်သေးချိန်တွင် ခွေးတစ်ကောင် သေဆုံးသည်နှင့် မခြားနားပါ။ လူသားအဖြစ် ပြန်မွေးဖွားလာလျှင်လည်း ထူးခြားမှု မရှိပါ။ ဓမ္မကို မကျင့်ကြံသော ချက္ကရာဝါတင် ဧကရာဇ်နှင့် လမ်းပေါ်တွင် သေဆုံးနေသော ခွေးတစ်ကောင်နှင့် ဘာမှခြားနားမှု မရှိပါ။ တကယ်တော့ သေဆုံးချိန်တွင် ခွေးတစ်ကောင်ထက်ပင် အဆိုးကံ များနေသည်ကို တွေ့လာရနိုင်ပါသည်။ ထို့ကြောင့် မမြဲခြင်းအကြောင်း တွေးတောခြင်းသည် ကျင့်ကြံမှု၏ အစ၊ အလယ်၊ အဆုံးတွင် အရေးကြီးပါသည်။ အဆင့်အမြင့်ဆုံး သိမြင်တွေ့ကြုံပြီးသူ ဆရာတော်ကြီးများပင်လျှင် မမြဲခြင်းအပေါ် တရားရှုမှတ်ကြပါသည်။

ခြေရာတကာတို့တွင် အကြီးဆုံးသည် ဆင်၏ခြေရာ ဖြစ်ပါသည်။ အတွေးမှန်သမျှတို့တွင် အထင်ရှားဆုံး ကျန်ရစ်မှုသည် မမြဲခြင်းအတွေး ဖြစ်ပါသည်။

မီလရေပသည် သူ၏ စုန်းအတတ်ဆရာသမားက သူ့ကြောင့် သေဆုံးသည်ကို မြင်တွေ့ရာမှ ဓမ္မလောကသို့ ဝင်ရောက်ခဲ့ပါသည်။ ဂမ်ပိုပ သည် သူ့ဇနီး သေဆုံးသောအခါ ဓမ္မလောကသို့ ဝင်ရောက်ခဲ့ပါသည်။ ထို့အတူ ဗုဒ္ဓမြတ်စွာသည် သေခြင်းကို ပထမဆုံး မြင်တွေ့သောအခါ ဓမ္မလောကသို့ ဝင်ရောက်ကာ ဤဆင်းရဲဒုက္ခအတွက် အဖြေရှာရန် ဆန္ဒဖြစ်ခဲ့ပါသည်။ မမြဲခြင်း ဆိုသည်မှာ ဗဟိုကျသောလမ်းစဉ်ဟု ဆိုလိုပါသည် (မဇ္ဈိမ အလယ်အလတ် လမ်းစဉ်နှင့် မရှုပ်ထွေးစေလိုပါ)။ ဗဟိုကျသောလမ်းစဉ်သည် ဤဘဝကို တွယ်တာမှုအား ပိတ်ဆို့ပြီး မိမိ၏ ကျင့်ကြံမှုအားလုံးအတွက် အပြုသဘော အတွေးများ တည်ထောင်ပေးသည့်လုပ်ငန်းကို ဆောင်ရွက်ပါသည်။ “ဗဟိုကျသောလမ်းစဉ်” အဖြစ် မမြဲခြင်းအကြောင်း အတွေးသည် ဘာသာပြန်ခြင်းထက် ပို၍လေးနက်ပါသည်။ မဇ္ဈိမ လမ်းစဉ် အနေနှင့်လည်း ရှင်းပြ၍ ရနိုင် ပါသည်။ ၎င်းသည် မှားယွင်းသော အတ္တ အယူအဆကို ဖယ်ရှားကာ အစဉ်အလာအရ အတ္တ၏ အမှန်တရားကို ကူညီတည်ဆောက်ပေးပါသည်။

စိတ်၏ပျံ့လွင့်မှုများမှနေ၍ စိတ်ကိုဆွဲယူကာ ဓမ္မတွင် အာရုံစိုက်နိုင်လာပါက အောက်ပါအတိုင်း ဆောင်ရွက်ရပါမည်။ ဤကမ္ဘာပေါ်တွင် လေးနက်သည်ဟု နာမည်ကျော်သော ကျင့်ကြံမှု အစဉ်အလာ များစွာရှိသော်လည်း ဓမ္မကျင့်ကြံမှုကို လုံးဝလက်ခံနိုင်ပြီးနောက်တွင် ဆုန်ခပ၏ ခိုင်မာသော အစဉ်အလာမှတစ်ဆင့် ဘုရားရှင်တို့၏ တရားအနှစ်သာရ သုံးဆကို အပြည့်အစုံ ကြိုးစားလိုက်နာလျှင် အကောင်းဆုံး ဖြစ်ပါသည်။ ထိုအတွက် ရှင်းလင်းချက်ရော ကျင့်ကြံမှုပါ ပါဝင်သည့် သုတ္တန်နှင့် တန္တရ ပေါင်းစည်းညီညွတ်သော နည်းလမ်းများကို လိုက်နာရန်လိုပါသည်။ ဤသို့လိုက်နာရန်အတွက် ဤလမ်းကြောင်း၏ သဘောသဘာဝ၊ အဆင့်များနှင့် ကွဲပြားမှုများကို သိရှိရန်နှင့် သင့်လျော်စွာ လိုက်နာရန် လိုပါသည်။ ဥပမာအားဖြင့် သုတ္တန်မတိုင်မီ တန္တရ မကျင့်ကြံရပါ။ သို့မဟုတ် တန်ဖိုးရှိသော လူ့ဘဝ၊ စိတ်ချရသော လမ်းကြောင်း (ကိုးကွယ်မှု)၊ အမှီအခိုဖြင့် ပေါ်ထွက်မှု စသည်တို့အကြောင်း မသိသေးဘဲ ဗောဓိစိတ္တကို မလေ့လာရပါ။

မမှားမယွင်းသော လမ်းကြောင်းတစ်ခုလုံးနှင့် ၎င်း၏အရေးပါသော တရားတော်များကို နေ့စဉ်နေ့တိုင်း ကျွန်ုပ်တို့၏ စိတ်တွင် စွဲမှတ်ရန် ကြိုးစားသင့်ပါသည်။ နေ့စဉ်နေ့တိုင်း များနိုင်သမျှများများ ရောင်းချနိုင်ရန် ကြိုးစားသော ကုန်သည်များကဲ့သို့ ကျွန်ုပ်တို့သည်လည်း အပြုသဘော စွမ်းအားများ တတ်နိုင်သလောက် များများစုစည်းနိုင်ရန် ဖြူစင်သော မျိုးစေ့များကို နေ့စဉ်နေ့တိုင်း များနိုင်သမျှများများ စိုက်ပျိုးရန် ကြိုးစားသင့်ပါသည်။ လက်တွေ့ကျင့်ကြံ ရာတွင် သုတ္တန်နှင့် တန္တရ နည်းလမ်းအတိုင်း စာပိုဒ်တိုတစ်ခုကို စိုက်ကြည့်သော တရားရှုမှတ်မှုကို ဆောင်ရွက်နိုင်ပါသည်။ ဥပမာအားဖြင့် အရည်အသွေးကောင်းများအတွက် အခြေခံ (Yon-tan gzhi-gyur-ma) ဆိုလျှင် ဖြေးညင်းစွာ ကျက်မှတ်ရွတ်ဆိုရပြီး တရားရှုမှတ်ရသည်။ ဂျော်ချို (sByor-mchod) အကြိုပြင်ဆင်သော ကျင့်ကြံမှုတွင်လည်း တွေ့နိုင်ပါသည်။ ထိုသို့သော နောက်ထပ်ကျမ်းစာတစ်ခုမှာ အဆင့်လိုက်လမ်းကြောင်း၏ အကျဉ်းချုပ် လိုရင်းအချက်များ (လမ်-ရင်း ဒပ်စ်-ဒွန်) ဖြစ်ပြီး သာမန်ထက်ထူးသော သဘောထားခြောက်ရပ်ကို ဖော်ပြထားပါသည်။ ဤကျမ်းစာသည် အရည်အသွေးကောင်းများအတွက် အခြေခံ ကဲ့သို့ မရှင်းလင်းသော်လည်း ကိုယ်ပိုင် ကျင့်ဝတ်စည်းကမ်း သုံးမျိုးနှင့် သာမန်ထက်ထူးသော သဘောထားခြောက်ရပ်တို့ ပါဝင်ပါသည်။ ဤသို့ စိုက်ကြည့်သော တရားရှုမှတ်မှုကို ဆောင်ရွက်ရန် အသုံးပြုနိုင်သည့် နောက်ထပ်ကျမ်းစာမှာ ဂုရုပူဇာ လားမား ချော့ပါ (ဘလာ-မာ ချော့-ပါ) ၏ လမ်-ရင်း အဆင့်လိုက် လမ်းကြောင်းအပိုင်း ဖြစ်ပါသည်။ စိုက်ကြည့်သော တရားရှုမှတ်မှုသည် ကျွန်ုပ်တို့ လေ့လာထားသည်ကို ပြန်စစ်ဆေးရန် ထိရောက်သောနည်းလမ်း ဖြစ်ပြီး စိတ်ထဲတွင် တစ်စုတစ်စည်းတည်း စီစဉ်ထားရှိပေးပါသည်။ ၎င်းသည် အရာရာ ကြည့်နိုင်သော မြေပုံကို ကြည့်သည်နှင့် တူပါသည်။ သို့မဟုတ် လွင်ပြင်ကြီး တစ်ခုလုံးကို တောင်ပေါ်မှနေ၍ ကြည့်သည်နှင့် တူပါသည်။

လမ်-ရင်း တရားကို ယခုပင် ကြုံတွေ့ရန် ခက်ခဲနိုင်သော်လည်း စိုက်ကြည့်သော တရားရှုမှတ်မှုကို နေ့စဉ်ဆောင်ရွက်ပါက စိတ်ထဲတွင် တရားအားလုံးအတွက် ညွှန်ကြားချက်များ စိုက်ပျိုးလိုက်ပါသည်။ လမ်-ရင်း တရားရှုမှတ်သောအခါ ညွှန်ကြားချက်တွင် ပေးထားသော မှန်ကန်သည့်အစီအစဉ်အတိုင်း လိုက်နာရန်လိုပါသည်။ ပထမဦးစွာ ဗောဓိစိတ္တ စိတ်ဓာတ်စေ့ဆော်မှု ချမှတ်သင့်ပြီး နောက်ဆုံးတွင် တစိုက်မတ်မတ် ကြိုးစားသင့်ပါသည်။ ရှုမှတ်မှုအစတွင် စိတ်ဓာတ်စေ့ဆော်မှု ချမှတ်ရာ၌ အခြားသူအားလုံးအတွက် တရားရှုမှတ်ခြင်း ဖြစ်သည်ဟု တွေးတောသင့်ပါသည်။ ထိုသို့မဖြစ်နိုင်ပါက အနည်းဆုံးတော့ စွန့်ပယ်ခြင်း ရှိသင့်ပါသည်။ တရားရှုမှတ်မှုအဆုံးတွင် အကန့်အသတ်ရှိသော သတ္တဝါအားလုံး၏ ပျော်ရွှင်မှုနှင့် သူတို့၏ ဘုရားအဖြစ်သို့ ရောက်ရှိမှုအတွက် အပြုသဘော အစွမ်းအစကို ကျွန်ုပ်တို့ ဖန်တီးသည်ဟု ကြိုးပမ်းအားထုတ် သင့်ပါသည်။ ဤကျင့်ကြံမှုမျိုးဖြင့် သင်တို့၏ တန်ဖိုးရှိသော လူ့ဘဝ အနှစ်သာရကို ရယူရန် တိုက်တွန်းပါသည်။ “အနှစ်သာရကို ရယူခြင်း” တွင် ကြီးမားသော၊ အလယ်အလတ်နှင့် သေးငယ်သော ဆိုပြီး ကောက်ယူမှု သုံးဆင့် ရှိပါသည်။ ကြီးမားသော အဆင့်သည် ယခုဘဝတွင် ဘုရားဖြစ်ရန်၊ အလယ်အလတ် အဆင့်သည် အနှောင့်အယှက်ပေးသော စိတ်ခံစားချက် ပုံစံအားလုံးမှ လွတ်မြောက်မှု ရရှိရန်နှင့် သေးငယ်သော အဆင့်သည် အဆင့်နိမ့်သော ပြန်လည်မွေးဖွားမှုများမှ ကင်းလွတ်ရန် ဖြစ်ပါသည်။

ဆုတောင်း

ဤသို့ စုစည်းသော အပြုသဘော အင်အားစွမ်းအားတို့ကြောင့် ကျွန်ုပ်တို့သည် မြဲခြင်း၊ တွယ်တာခြင်းနှင့် မုန်းတီးခြင်းကို စွဲလမ်းသည့် ဆင်းရဲဒုက္ခ၏ ရင်းမြစ်များကို ဖျက်ဆီးနိုင်ပါစေ။ သံသရာ ဆင်းရဲဒုက္ခ၏ ဇစ်မြစ်ဖြစ်သော စစ်မှန်သော တည်ရှိမှုကို တွယ်တာသည့် အားများကို အထူးသဖြင့် ဖျက်ဆီးနိုင်ပါစေ။ လူတိုင်းသည် မင်္ဂလာရှိသော သေခြင်းကင်းရာ အခြေအနေဖြစ်သည့် ဘုရားအဖြစ်သို့ ရောက်ရှိကြပါစေ။

ဓမ္မ ဆုတ်ယုတ်ချိန်တွင် တစ်ရက်တာ ဓမ္မကျင့်ကြံမှုသည် ဓမ္မထွန်းကားချိန်တွင် ကျင့်ဝတ်စောင့်ထိန်းမှု ရာနှင့်ချီ ပြုလုပ်သည်ထက် ပိုကောင်းပါသည်။ ဓမ္မကျင့်ကြံမှု ဆိုသည်မှာ စိတ်နှလုံးကောင်းရှိခြင်း၊ ကြင်နာခြင်း၊ စာနာခြင်း၊ ကရုဏာ ထားခြင်း၊ အခြားသူများကို အန္တရာယ် မပေးခြင်းတို့ကို ဆိုလိုပါသည်။ ဤသည်မှာ ဆရာတော်ကြီးများ၏ ကြင်နာမှုကို ကျေးဇူးဆပ်နည်း ဖြစ်ပါသည်။ နှလုံးသားတွင် အမုန်းတရား ကိန်းအောင်းနေစဉ် ကရုဏာရှိသယောင် ဟန်ဆောင်မည့်အစား ဓမ္မကို ဟန်မဆောင်ဘဲ ကျင့်ကြံလျှင် အကောင်းဆုံး ဖြစ်ပါသည်။ မီလရေပ က “မိမိပျော်ရွှင်မှုအတွက်သာ မကြိုးစားဘဲ အခြားသူများအတွက် ကြိုးစားပါ။ ဤကား ဖခင်ဆရာသမားကို ကျေးဇူးဆပ်နည်း ဖြစ်ပေ၏” ဟု မိန့်ဆိုခဲ့ပါသည်။

ဓမ္မလမ်းကြောင်းသို့ စတင်ဝင်ရောက်မည့် သူများအတွက် အကောင်းဆုံးနည်းမှာ အပျက်သဘော ဆောင်ရွက်ချက် ဆယ်ခုကို စတင်လေ့လာကာ ယင်းတို့ကို ရှောင်ရှားရန် ဖြစ်ပါသည်။ ထို့နောက် ကျင့်ကြံမှုတဖြေးဖြေး တိုးမြှင့်နိုင်ပြီး တရားရှုမှတ်နိုင်ပါသည်။ အစကတည်းက တရားရှုမှတ်ပါက စိတ်ပျက်စေနိုင်သလို ရှုပ်ထွေးမှု “လန်” ဖြစ်ကာ တရားရှုမှတ်ခြင်းကို အလွယ်တကူ ရှောင်ရှားသွားနိုင်ပါသည်။ ဤသည်မှာ အန္တရာယ် အကင်းဆုံး၊ ခိုင်မာမှု အရှိဆုံးနှင့် ဓမ္မကျင့်ကြံမှုအတွက် အပြောဖြင့် အခြေခံ မဟုတ်ပါ။ အပြုသဘော ဆောင်ရွက်ချက် ဆယ်ခုဖြစ်သည့် ကျင့်ဝတ်စည်းကမ်းကို ကျင့်ကြံသောအခါ ကိုယ်ကျင့်တရား မိမိဂုဏ်သိက္ခာ၊ မိမိအပြုအမူက အခြားသူများတွင် ထင်ဟပ်မှုကို အလေးထားခြင်း၊ သတိရှိခြင်းနှင့် နိုးကြားခြင်းတို့ကို ထားရှိရပါမည်။ နှစ်သက်သလို မပြုမူသင့်ပါ။ မိမိ ဝတ်ဆင်မှု၊ လုပ်ဆောင်မှု၊ တွေးတောမှုနှင့် ပြောဆိုမှုတို့သည် အခြားသူများပေါ် သက်ရောက်မှုများကို ထည့်စဉ်းစားရပါမည်။ အရေးအကြီးဆုံးမှာ မည်သူ့ကိုမျှ အန္တရာယ် မပေးမိရန် ဖြစ်ပါသတည်း။

Top