တန်ဖိုးရှိသော လူ့ဘဝအပေါ် တရားရှုမှတ်ခြင်း

နိဒါန်း

ယခုညနေခြင်း ပြောမည့်အကြောင်းသည် ဝေဖန်ဆန်းစစ်သော တရားရှုမှတ်ခြင်းအကြောင်း ဖြစ်ပါသည်။ ယခုအခါ ဘဝတွင် စိတ်ချရသော အပြုသဘော လမ်းကြောင်းနှင့် ဗောဓိစိတ္တတို့ဖြင့် သွားရန် ကြိုးစားရာတွင် အဆင့်သုံးဆင့် ရှိပါသည်-

  • တရားတော်များကို နာယူရန်လိုပါသည်။
  • ထို့နောက် တရားတော်များကို တွေးတောဆင်ခြင်ရန် လိုပါသည်။
  • ထို့နောက် တရားတော်များအပေါ် တရားရှုမှတ်ရန် လိုပါသည်။

လူတိုင်း ထိုအချက်ကို သဘောတူပါသည်။ ဤသည်မှာ အလွန်စနစ်ကျသော ဗုဒ္ဓဘာသာသင်ကြားမှု ဖြစ်ပါသည်။

တည်ငြိမ်စေခြင်း

အချို့သူများက သမထ ဟု အပြည့်အဝ ယုံကြည်သည့် ဝင်လေထွက်လေကို အာရုံစိုက်ကာ တည်ငြိမ်စေခြင်းသည် ထိုသုံးဆင့်လုံး၏ အကြိုအဆင့်သာ ဖြစ်ပါသည်။ တရားတော်များကို မနာယူခင် တည်ငြိမ်ရန် လိုပါသည်။ ယင်းတို့ကို မတွေးတောမီ တည်ငြိမ်ရန် လိုပါသည်။ တရားမရှုမှတ်မီ တည်ငြိမ်ရန် လိုပါသည်။ ထို့ကြောင့် ဝင်လေထွက်လေကို အာရုံစိုက်ခြင်းဖြင့် ထိုသို့တည်ငြိမ်နိုင်ပါသည်။ တည်ငြိမ်အောင် ပြုလုပ်ရုံမျှနှင့် တစ်ခုတည်းသော စူးစိုက်မှု အခြေအနေကို မရရှိပါ။ ကျွန်ုပ်တို့ ပြဿနာများ၏ အကြောင်းရင်းများကို မဖယ်ရှားပေးသည်မှာ သေချာပါသည် (သို့သော် ထိုအတားအဆီးများကို ဖြေရှင်းရန် ပိုမို ရှင်းလင်းသောစိတ်ကို ရရှိစေပါသည်)။

ဝင်လေထွက်လေကို အာရုံစိုက်ခြင်းသည် အပြည့်အဝ အာရုံစိုက်ရန် အရာဝတ္ထု တစ်ခုအနေနှင့် ယူဆနိုင်သော်လည်း ထိုသို့ တည်ငြိမ်အောင် အာရုံစိုက်ခြင်းမျှနှင့် စူးစိုက်မှု အခြေအနေကို မပို့ဆောင်ပေးပါ။ တကယ်တော့ ပိုပြီးအနီးကပ် လေ့လာသောအခါ ၎င်းသည် ထေရဝါဒ တရားတော်၌ ဝင်လေထွက်လေကို အာရုံစိုက်ခြင်းဖြင့် အပြည့်အဝ အာရုံစိုက်မှု ရရှိနိုင်သည်ဟု ဖော်ပြထားခြင်းသာ ဖြစ်ပါသည်။ ဝင်လေထွက်လေကို အာရုံစိုက်ခြင်းသည် အာရုံသိမှု ဖြစ်ပါသည်။ ရုပ်အာရုံကို သိမှု ဖြစ်ပါသည်။ တိဘက်အစဉ်အလာက လိုက်နာသည့် မဟာယာန တရားတော်များအရ အာရုံစိုက်မှု အပြည့်အဝ ရရှိရန်အတွက် အာရုံသိမှု မဟုတ်ဘဲ စိတ်ဖြင့်သိမှုကို အသုံးပြုရန် လိုအပ်ပါသည်။

ထို့ကြောင့် တိဘက်ဗုဒ္ဓဘာသာ အစဉ်အလာတွင် တရားရှုမှတ်ခြင်းကို ကြည့်ပါက ဝင်လေထွက်လေကို အာရုံစိုက်ခြင်းဖြင့် တည်ငြိမ်စေသည်ထက် ကျော်လွန်၍ ကြည့်ရန် လိုပါသည်။ ယင်းမှာ အကြိုအဆင့် ဖြစ်ပါသည်။

နာယူခြင်း

ထို့ကြောင့် တရားတော်များကို နာယူရန်၊ တွေးတောရန်နှင့် ရှုမှတ်ရန် လိုပါသည်။ ဤအဆင့်တိုင်းတွင် ခွဲခြားသိရှိသော ပညာ (ဉာဏ်ပညာ ဟု ဘာသာပြန်လေ့ ရှိသော်လည်း ဉာဏ်ပညာ သည် မရှင်းလင်းသောစကားလုံး ဖြစ်သည်) ကို ရရှိရပါမည်။ ပထမဦးစွာ တစ်စုံတစ်ခုကို ခွဲခြားနိုင်ရပါမည်။ “အသိအမှတ်ပြုခြင်း” ဟု ခေါ်လေ့ ရှိပါသည်။ အမြင်အာရုံ နယ်ပယ်မှာလိုပင် ယင်းကို ဖြေရှင်းကာ နက်ရှိုင်းသော သိမှုတစ်ခုခု ရရှိရန် နံရံရှိ တစ်စုံတစ်ယောက်၏ မျက်နှာမှ ပုံသဏ္ဌာန်နှင့် အရောင်ကို ခွဲခြားနိုင်ရန် လိုပါသည်။ ထို့ကြောင့် ခွဲခြားသိရှိခြင်းမှာ ပထမအဆင့် ဖြစ်သည်။ ထို့နောက် ခွဲခြားသိရှိသောပညာသည် ထိုအထဲသို့ “ဤအရာ ဖြစ်သည်။ ထိုအရာ မဟုတ်ပါ” ဟူ၍ ပြတ်သားမှုကို ပေါင်းထည့်ပါသည်။ ယင်းမှာ ခွဲခြားသိရှိသောပညာ၏ ဆိုလိုရင်း ဖြစ်ပါသည် (စောစော ပြောသလို ဉာဏ်ပညာ ဟု ဘာသာပြန်လေ့ ရှိသော်လည်း ဉာဏ်ပညာ သည် ဤနေရာတွင် ဆွေးနွေးသောအနှစ်သာရကို အမှန်တကယ် မပြသနိုင်ပါ)။

တရားတော်များ နားထောင်နာယူခြင်းမှနေ၍ ကျွန်ုပ်တို့ ရရှိနိုင်သည်မှာ ဗုဒ္ဓဘာသာ တရားတော် စကားလုံးများကို ခွဲခြားသိရှိသည့် နာယူမှုမှ ပေါ်ထွက်လာသော ခွဲခြားသိရှိသော ပညာ ဖြစ်ပါသည်။ ဆိုလိုသည်မှာ ကျွန်ုပ်တို့သည် ဗုဒ္ဓဘာသာ ဖော်ပြချက်ကို အခြား ဖော်ပြချက်များ (ဗုဒ္ဓဘာသာ မဟုတ်သော ဖော်ပြချက်များ ဆိုပါစို့) နှင့် ခွဲခြားသိရှိပြီး “ဒါက ဗုဒ္ဓမြတ်စွာရဲ့ တရားတော်ဖြစ်တယ်” ဟု ပြတ်သားရှင်းလင်းလာပါသည်။ တရားတော်များတွင် ပေါက်ရောက်ရန်အတွက် ဤသည်မှာ ဗုဒ္ဓဘာသာ တရားတော်များ ဖြစ်သည်ဟု ပြတ်သားရှင်းလင်းနေရမည် မဟုတ်ပါလား။

ထို့ကြောင့် ဤအဆင့်တွင် ဓမ္မ၏ စကားလုံးများကို သိရှိသော်လည်း ဆိုလိုရင်းကို မသိရှိသေးပါ။ ဥပမာအားဖြင့် ကျွန်ုပ်မှာ တန်ဖိုးရှိသော လူသားဘဝကို ရရှိပါသည်။ ကျွန်ုပ်တို့သည် တကယ်တော့ ယင်းကို ဗုဒ္ဓဘာသာမဟုတ်သော ဖော်ပြချက်များနှင့် ခွဲခြားနိုင်စွမ်း ရှိပါသည်။ ထို့ကြောင့် ကျွန်ုပ်တို့မှာ တန်ဖိုးရှိသော လူသားဘဝကို ရရှိထားပြီး ဘုရားရှင်များကို လေးစားမှုကြောင့် မှန်ကန်သည်ဟု ယူဆသော်လည်း အမှန်တကယ် ဘာကိုဆိုလိုကြောင်း ဤအဆင့်တွင် နားမလည်သေးပါ။ ဗုဒ္ဓဘာသာ တရားတော်က ဤလူသားဘဝသည် အဓိပ္ပာယ် မဲ့ကြောင်း၊ ရည်ရွယ်ချက် မရှိကြောင်း၊ ဘဝတွင် ရည်ရွယ်ချက် ကင်းမဲ့ကြောင်း မဆိုထားမှန်း သိပါသည်။ “ကောင်းပြီ။ ဗုဒ္ဓဘာသာ ဖော်ပြချက်က ကျွန်ုပ်တို့မှာ တန်ဖိုးရှိသော လူသားဘဝကို ရရှိထားသည်ဟု ဆိုပါသည်” ဟု ခွဲခြားသိရှိထားပါသည်။

တွေးတောခြင်း

ယခု နောက်တစ်ဆင့်သို့ သွားရာတွင် ၎င်း၏အဓိပ္ပာယ်ကို နားလည်အောင် တွေးတောရန် ဖြစ်ပါသည်။ ဆိုလိုသည်မှာ တန်ဖိုးရှိသော လူသားဘဝ၏ အဓိပ္ပာယ်အကြောင်း တွေးတောရန် ဖြစ်ပါသည်။ ၎င်း၏အဓိပ္ပာယ်နှင့် ဘာကြောင့် တန်ဖိုးရှိသည်ကို ကျိုးကြောင်းဆက်စပ်မှု ဖြစ်ပါသည်။ ထိုသို့နားလည်ပါက တရားတော်ကို နားလည်မည် မဟုတ်ပါလား။ ထို့ကြောင့် ဤအဆင့်ကို အားထုတ်ရပါသည်။ တွေးတောရပါမည်။ တန်ဖိုးရှိသော လူသားဘဝ၏ လက္ခဏာရပ် ဆယ့်ရှစ်ချက်ကို နားလည်ရပါမည်။ ဥပမာအားဖြင့် ကျွန်ုပ်သည် တိရစ္ဆာန်တစ်ကောင် မဟုတ်ပါ။ ဇီဝဗေဒ သဘောအရ ပြောခြင်းမဟုတ်ပါ။ ကျွန်ုပ်တို့သည် အပင်မဟုတ်၊ သတ္တဝါ ဖြစ်ပါသည် ဆိုသည့်သဘောဖြင့် ပြောခြင်း မဟုတ်ပါ။ လူသားတစ်ယောက် ဆိုသည်မှာ ရေရှည်တွင် အကျိုးပြုသော အရာနှင့် အန္တရာယ် ရှိသောအရာကို ခွဲခြားသိနိုင်စွမ်းရှိပြီး နားလည်သဘောပေါက်မှု၊ ဆက်သွယ်ပြောဆိုမှု စသည်တို့ ပြုလုပ်နိုင်သူ ဖြစ်ပါသည်။

ထို့ကြောင့် ကျွန်ုပ်သည် တိရစ္ဆာန်မဟုတ်ပါ ဆိုသည်ကို နားလည်ရမည်ဖြစ်ပြီး ဤသဘောတရားကို သက်သေ ပြထားကြောင်း ကျိုးကြောင်းဆက်စပ် နားလည်ကာ အခိုင်အမာ ယုံကြည်ရပါမည်။ ဤနေရာတွင် သဘောတရားမှာ လူသားအဖြစ် မွေးဖွားခြင်းဖြစ်ပြီး တိရစ္ဆာန်အဖြစ် မွေးဖွားခြင်း မဟုတ်သည့်အတွက် ဓမ္မကို ကျင့်ကြံသဘောပေါက်ရန် တန်ဖိုးရှိပါသည်။ သဘောတရား ဆိုသည်မှာ သက်သေပြရန် ကြိုးစားသည့်အချက် ဖြစ်ပါသည်။ တိရစ္ဆာန်အဖြစ် မဟုတ်ဘဲ လူသားအဖြစ် မွေးဖွားခြင်းသည် ဓမ္မကို ကျင့်ကြံပြီး သဘောပေါက်ရန်အတွက် တန်ဖိုးရှိပါသည်။ ထို့ပြင် ကျိုးကြောင်းဆက်စပ်မှုအရ တိရစ္ဆာန်ဆိုသည်မှာ တိရစ္ဆာန် ပင်ကိုစိတ်များ၏ အားကောင်းသော လွှမ်းမိုးမှုခံနေရပါမည်။ တိရစ္ဆာန် ပင်ကိုစိတ် ဆိုသည်မှာ အဘယ်နည်း။ အမဲလိုက်ကာ သတ်ဖြတ်ရန် ဖြစ်ပါသည်။ ကျွန်ုပ်၏နယ်မြေကို ကာကွယ်ရန်အတွက် ခွေးတစ်ကောင်သည် ခြံထဲဝင်လာသူတိုင်းကို ဟောင်သကဲ့သို့ ဖြစ်ပါသည်။ ဆန္ဒပေါ်ပေါက်လာတိုင်း အချိန်မရွေး အခြားတိရစ္ဆာန်တိုင်းနှင့် လိင်ဆက်ဆံပါမည်။ တိရစ္ဆာန်တစ်ကောင် အနေနှင့် ရေရှည်တွင် အကျိုးပြုသော အရာနှင့် အန္တရာယ် ရှိသောအရာကို ခွဲခြားသိနိုင်သည့်အား အလွန်နည်းပါသည်။ ရေတိုတွင် ခွဲခြားနိုင်စွမ်းရှိနိုင်ပါသည်။ အကျိုးရှိမည်ဖြစ်သည့်အတွက် ခြင်္သေ့လိုက်လျှင် ထွက်ပြေးပါသည်။ သို့သော် ရေရှည်တွင် အကျိုးပြုသော အရာနှင့် အန္တရာယ် ရှိသောအရာကို ခွဲခြားသိနိုင်စွမ်း မရှိပါ။ ထို့ကြောင့် ကျွန်ုပ်တို့သည် ထိုသို့ဖြစ်နေပါက ဓမ္မကို ကျင့်ကြံရန် အလွန်ခက်ခဲပါမည်။

ထိုသို့ တွေးတောကာ ဘာကိုဆိုလိုကြောင်း စိတ်ကူးကြည့် ရပါမည်။ တိရစ္ဆာန်တစ်ကောင် ဖြစ်ပါက ယင်း၏ ဆိုးကျိုးများကို အခိုင်အမာ ယုံကြည်အောင် ကြိုးစားစိတ်ကူးကြည့်ပါ။ ဤပင်ကိုစိတ် အမြဲရှိနေပါက အမဲလိုက်ရန် အင်အားပြင်းထန်သော ပင်ကိုစိတ် ဖြစ်နေပါက... ကြောင်တစ်ကောင်သည် အင်းဆက် သို့မဟုတ် ကြွက်တစ်ကောင် နောက်သို့ လိုက်နေသည်ကို ကြည့်ပါ။ ကြောင်သည် ၎င်းကို စားရန်မဟုတ်ဘဲ နှိပ်စက်ကလူပြုကာ ဖမ်းဆီးရန် ကြိုးစားပါသည်။ ဤသည်မှာ ကျွန်ုပ်၏ ပထမဆုံး ခိုင်မာစွာ နှိုးဆွသော ပင်ကိုစိတ် ဖြစ်ပါက ကြမ်းပြင်ပေါ်တွင် သေးငယ်သောအရာ တစ်ခုခု ရွေ့နေသည်ကို မြင်သောအခါ... ယင်းမှာ ကျွန်ုပ်၏ အလိုအလျောက် ပင်ကိုစိတ် ဖြစ်နေပါက၊ အလွန်ပင် စိတ်ကိုလွှမ်းမိုးနေပါက မိမိကိုယ်ကို မည်ကဲ့သို့ ကြိုးစားအားထုတ် နိုင်ပါမည်နည်း။

တကယ်တော့ မိမိအပြုအမူကို လေ့လာလျှင် အလွန်စိတ်ဝင်စားဖွယ် ကောင်းပါသည်။ ယင်ကောင်၊ ပိုးဟပ် သို့မဟုတ် ခြင်တစ်ကောင်ကို အခန်းထဲတွင် တွေ့လျှင် ခမောက်ဆောင်းကာ ရိုင်ဖယ်သေနတ် ယူပြီး အမဲလိုက်သကဲ့သို့ ဖြစ်ပါက တရားရှုမှတ်နိုင်မည် မဟုတ်ပါ။ သားကောင်ကို ဖမ်းမိပြီးသတ်ဖြတ်လိုက်သည်အထိ ဘာကိုမျှ ဆောင်ရွက်နိုင်မည် မဟုတ်ပါ။ ထိုအရာကို သတ်ဖြတ်လိုက်သည်အထိ တရားရှုမှတ်ခြင်း၊ လေ့လာသင်ယူခြင်း၊ တစ်ခုခု ဆောင်ရွက်ခြင်းတို့ မပြုလုပ်နိုင်တော့ပါ။ စောစောက ပြောသလိုပင် အရာရာကို ဆိုးရွားသော နိဂုံးချုပ်အထိ ယူဆခြင်းသည် အလွန်အကျိုး ရှိပါသည်။ ကျွန်ုပ်တို့ ထိုသို့ပြုလုပ်သည်ကို သတိပြုမိပါက၊ ခမောက်ဆောင်းကာ အာဖရိက တောရိုင်းထဲ သွားသည့်အနေနှင့် တွေးပါက မိမိအပြုအမူသည် အလွန်ရယ်စရာကောင်းသည်ကို မြင်လာပါသည်။ ထို့ပြင် ခြင်ကို အခန်းထဲမှ ဖယ်ထုတ်ရန် ဆက်လက်ကြိုးစားပါက ဘာလုပ်နေသည်ကို သဘောထား အနည်းငယ် ပြောင်းလဲသွားပါသည်။ အမဲလိုက်နေသော တိရစ္ဆာန် မဟုတ်တော့ပါ။

ထို့ပြင် ကျွန်ုပ်တို့သည် တိရစ္ဆာန်တစ်ကောင်ဖြစ်ပြီး အချိန်မရွေး တိုက်ခိုက်နိုင်သည့် အခြားသတ္တဝါများ၏ အမဲလိုက်သည်ကို အမြဲတမ်း ကြုံနေရပါက အမြဲတမ်း သတိထားနေရကာ သင်ယူလေ့လာနိုင်အောင် တည်ငြိမ်ရန်၊ စူးစိုက်ရန် စသည်တို့အတွက် အကျိုးပြု အခြေအနေကိုလည်း မရရှိတော့ပါ။

ထို့ကြောင့် အခြားသော တိရစ္ဆာန် လက္ခဏာရပ်များ ဖြစ်သည့် တိရစ္ဆာန်၏ လိင်ပိုင်းဆိုင်ရာ အပြုအမူ အမျိုးအစား၊ တိရစ္ဆာန်၏ နယ်မြေသတ်မှတ်မှု စသည်တို့ကို လေ့လာကာ ယင်းသည် ကျွန်ုပ်တို့၏ အားကောင်းသော ပင်ကိုစိတ် ဖြစ်နေပါက တိုးတက်မှုတစ်ခုခုရရန် အလွန်ခက်ခဲပါလိမ့်မည်။

သို့တည်းမဟုတ် ကျွန်ုပ်တို့သည် အိန္ဒိယနိုင်ငံမှာကဲ့သို့ နွားတစ်ကောင်သည် လေးလံသောကုန်စည်ကို ဆွဲရသကဲ့သို့ (အမြဲတမ်း ကြိမ်ဖြင့် အရိုက်ခံရခြင်း စသည်ဖြင့်) လေးလံသော ကုန်စည်ကို အမြဲ ဆွဲနေရပါကလည်း ကျင့်ကြံမှုတစ်ခုခု ဆောင်ရွက်ရန် အလွန်ခက်ခဲပါမည်။ ထို့ကြောင့် တိရစ္ဆာန်အဖြစ် မွေးဖွားသည့် ဤအချက်ကဲ့သို့ ဤနမူနာကို တွေးကြည့်ပါက ရှေးခေတ် အိန္ဒိယနိုင်ငံအနေနှင့် ဆက်စပ်ရပါသည်။ ဘမ်ဘီ တိရစ္ဆာန်ဇာတ်ကား သို့မဟုတ် သူဌေးအိမ်မှ ခွေးကလေးကဲ့သို့ တွေးခြင်း မဟုတ်ပါ။ ပိုးဟပ်တစ်ကောင်ကဲ့သို့ တွေးခြင်း ဖြစ်ပါသည်။ လမ်းဘေးခွေး တစ်ကောင်ကို တွေးကြည့်ပါသည်။ ပင်ပန်းဆင်းရဲ လုပ်ကိုင်နေရသော တိရစ္ဆာန်ကို တွေးကြည့်ပါသည်။

ထို့ကြောင့် ဤနေရာတွင် ထင်ရှားသော လက္ခဏာရပ်များကို မှန်ကန်စွာ သိလာပြီး ကျွန်ုပ်တို့သည် ဤသို့မဟုတ်ကြောင်း နားလည်လာပါသည်။ ထို့ကြောင့် ကျွန်ုပ်သည် ဤအရာမှ လွတ်မြောက်ပါသည်။ ဤသို့လွတ်မြောက်သည့်အတွက် ဓမ္မကို ကျင့်ကြံရန် အခွင့်အရေးနှင့် လွတ်လပ်မှုတို့ ရှိပါသည်။ ထို့ကြောင့် တန်ဖိုးရှိသော လူသားဘဝကို ရရှိထားပါသည်။

ဤအဆင့်ကို အနည်းငယ် ထပ်မံကြိုးစားကြပါစို့။ ကျွန်ုပ်တို့သည် တိရစ္ဆာန်များအကြောင်း ပြောသောအခါ ပြောနေသောအရာကို အသိအမှတ်ပြုကာ ကျွန်ုပ်တို့သည် ထိုအဖြစ်မှ လွဝ်ကင်းကြောင်း နားလည်ပါသည်။ ထိုသို့လွတ်မြောက်သည့်အတွက် ကျင့်ကြံခွင့် ရရှိထားပါသည်။

ကောင်းပါပြီ။ ကျွန်ုပ်တို့သည် တိရစ္ဆာန် ပင်ကိုစိတ် အစွမ်းအောက်တွင် လုံးဝမရှိကြောင်း ဤကဲ့သို့ မြင်လာပါသည်-

  • ကျွန်ုပ်သည် ကြမ်းပြင်ပေါ်၌ ရွေ့နေသော အကောင်ငယ်တိုင်းကို ဖိနင်းပစ်စရာ မလိုပါ။
  • အခြားတိရစ္ဆာန်များ ဟောင်နေသောအခါ ကျွန်ုပ်သည် ဟောင်စရာ မလိုဘဲ သူတို့လုပ်သလို လိုက်လုပ်စရာ မလိုပါ။
  • ကျွန်ုပ်အားဆွဲဆောင်သည့် အခြားတိရစ္ဆာန်တစ်ကောင်ကို မြင်လိုက်တိုင်း ထိုတိရစ္ဆာန်နှင့် ပေါင်းသင်းစပ်ယှက်မှု ပြုစရာမလိုပါ။

ကျွန်ုပ်ထံတွင် ဤသို့သော တိရစ္ဆာန် ပင်ကိုစိတ် အနည်းငယ် ရှိသည့်တိုင် ထိုသို့ပြုမူစရာ မလိုပါ။ ကျွန်ုပ်သည် လူသားတစ်ယောက် ဖြစ်သည်။ သင့်တော်သည်နှင့် မသင့်တော်သည်ကို ခွဲခြားသိနိုင်စွမ်း ရှိပါသည်။ ထို့ကြောင့် ကျွန်ုပ်သည် တန်ဖိုးရှိသော လူသားဘဝကို ရည်ရွယ်ချက်တစ်ခုအတွက် ရရှိထားပါသည်။ ထိုရည်ရွယ်ချက်မှာ ဓမ္မကို လေ့လာသင်ယူပြီး ကျင့်ကြံနိုင်ရန် ဖြစ်ပါသည်။ ငွေအများကြီးရှာပြီး တန်ဖိုးရှိခြင်းမျိုး မဟုတ်ပါ။

ထို့ကြောင့် ဤအဆင့်တွင် ဘာကိုဆောင်ရွက်ပါသနည်း။ ဓမ္မကို တွေးတောဆင်ခြင်ပါသည်။ စကားလုံးများ အပေါ်တွင်သာ တည်မှီခြင်း မဟုတ်ပါ။ ယင်းမှာ ပထမအဆင့် ဖြစ်ပါသည်။ သို့သော် တန်ဖိုးရှိသော လူသားဘဝနှင့် မိမိကိုယ်ပိုင်အခြေအနေ၏ ထင်ရှားသော အမှတ်အသားများ သို့မဟုတ် လက္ခဏာရပ်များအပေါ်တွင် တည်မှီခြင်းအားဖြင့်၊ ကျိုးကြောင်းဆက်စပ်ခြင်း အားဖြင့် ကောက်ချက်ချကာ နားလည်လာပါသည်။ ကောက်ချက်ချသည် ဆိုရာတွင် အချက်ကြောင့် ထိုသို့ သိလာခြင်း ဆိုသည့် ကျိုးကြောင်းဆက်စပ်မှုကို တည်မှီခြင်း ဖြစ်ပါသည်။ ထို့ပြင် တွေးတောမှုမှ ပေါ်ထွက်လာသည့် ခွဲခြားသိရှိသောပညာကို ရရှိလာပါသည်။ ၎င်းသည် အဓိပ္ပာယ်မဲ့ စကားလုံးများ မဟုတ်ဘဲ အဓိပ္ပာယ်နှင့်တကွ သိမြင်မှုကို အာရုံစိုက်ပါသည်။ ထို့ကြောင့် အဓိပ္ပာယ်ရှိသော စိတ်ကူးသည် “ကျွန်ုပ်သည် တိရစ္ဆာန်အဖြစ်မှ ကင်းလွတ်သည့်အတွက် တန်ဖိုးရှိသော လူသားဘဝကို ရရှိထားပါသည်” ဟူ၍ ဖြစ်ပါသည်။ ထို့ပြင် ထိုအတွက် ရှင်းလင်းပြတ်သားပါသည်။ ဤသို့ ခွဲခြားလိုက်ပါသည်။ အခြား အကြောင်းရင်းများနှင့် မတိကျသော အဓိပ္ပာယ် စသည်တို့မှ ဤအရာကို ခွဲခြားကာ ရှင်းလင်းပြတ်သားပါသည်။

“ကျွန်ုပ်သည် တိရစ္ဆာန်အဖြစ်မှ ကင်းလွတ်သည့်အတွက် တန်ဖိုးရှိသော လူသားဘဝကို ရရှိထားပါသည်” ဆိုသည့် ခွဲခြားသိရှိသော ပညာအပေါ်တွင် အာရုံစိုက်ကြည့်ကြပါစို့။ ထိုနားလည်သဘောပေါက်မှုကို အာရုံစိုက်ပါသည်။ တကယ်တော့ အစီအစဉ်သည် “ကျွန်ုပ်သည် တိရစ္ဆာန်အဖြစ်မှ ကင်းလွတ်ပါသည်။ ထို့ကြောင့် တန်ဖိုးရှိသော လူသားဘဝကို ရရှိထားပါသည်” ဟူ၍ ပြောင်းပြန်ဖြစ်သင့်ပါသည်။ တစ်နည်းဆိုသော် ကျိုးကြောင်းဆက်စပ်မှု အပေါ်တွင် တည်မှီကာ ကောက်ချက်ဆွဲပြီးနောက် ထပ်မံ၍ ကျိုးကြောင်းဆက်စပ်မှု အပေါ်တွင် တည်မှီရပါသည်။

ကောင်းပါပြီ။ နာယူခြင်းနှင့် တွေးတောခြင်းဆိုသည့် ဤပထမနှစ်ဆင့်အကြား ကြီးမားသော ကွာခြားချက်ကို မြင်လာပါပြီ။ ယင်းတို့ထံမှ ရရှိသည့် ခွဲခြားသိရှိသောပညာသည် အတော်လေး ခြားနားပါသည်။

  • ပထမတစ်ခုမှာ- “ကျွန်ုပ်သည် တန်ဖိုးရှိသော လူသားဘဝကို ရရှိထားပါသည်”။ ယင်းမှာ ဗုဒ္ဓဘာသာ တရားတော် ဖြစ်သည်ကို သံသယမဝင်ပါ။ ယင်းသည် မှန်ကန်သည်ဟုသာ ယူဆပါသည်။ ဘာကြောင့်ဆိုသည်ကို မသိပါ။ ဘာဆိုလိုသည်ကို အမှန်ပင် နားမလည်ပါ။
  • သို့သော် ဒုတိယတစ်ခုတွင် တန်ဖိုးရှိသော လူသားဘဝ၏ အဓိပ္ပာယ်ကို သိလာပါသည်။ ဘာကြောင့် ရရှိသည် (ထိုအတွက် အကြောင်းရင်း) ကိုသိလာသည်။ ဘာက တန်ဖိုးရှိစေသည် ဆိုသည့် ရည်ရွယ်ချက် (ဓမ္မကို ကျင့်ကြံနိုင်ရန် တန်ဖိုးရှိသည်) ကို သိလာပါသည်။ ထို့ပြင် နားမလည်ဘဲ မှန်ကန်သည်ဟု ယူဆမည့်အစား ဤသို့ကောက်ချက် ချလာနိုင်ပြီး ကောက်ချက်ချမှုမှတစ်ဆင့် မှန်ကန်သည်ဟု သိလာပါသည်။ ဆိုလိုသည်မှာ ထိုအတွက် ရှင်းလင်းပြတ်သား လာပါသည်။ “ဤအကြောင်းကြောင့် တန်ဖိုးရှိသော လူသားဘဝကို ရရှိထားပါသည်။ ဤရည်ရွယ်ချက်အတွက် အသုံးပြုပါသည်” ဆိုသည် အခိုင်အမာ ယုံကြည်ချက် ရှိလာပါသည်။

ဆွေးနွေးငြင်းခုန်ခြင်း

ယခုအခါ အခိုင်အမာ ယုံကြည်ရန်အတွက် ဆွေးနွေးငြင်းခုန်ခြင်းသည် အလွန်အကျိုးပြုသောနည်းလမ်း ဖြစ်ပါသည်။ အကြောင်းမှာ ဆွေးနွေးငြင်းခုန်ခြင်းသည် မပြတ်မသား တွေဝေမှုမှန်သမျှကို လည်းကောင်း၊ အဓိပ္ပာယ် မတိကျမှုကိုလည်းကောင်း ရှင်းလင်းဖယ်ရှားပေးပါသည်။ ကျွန်ုပ်တို့သည် မပြတ်မသား မဖြစ်တော့ပါ။ မတွေဝေတော့ဘူး မဟုတ်ပါလား။ ယင်းသို့ မရှိတော့ဘူးလား။ ဤသို့ ဆိုလိုပါသလား။ ထိုသို့ ဆိုလိုပါသလား။ အကြောင်းမှာ ကျွန်ုပ်တို့ ကိုယ်တိုင်ထက် အခြားသူများက အားနည်းချက်များကို ပိုတွေ့နိုင်သောကြောင့် ဖြစ်ပါသည်။ ထိုင်ပြီး ကိုယ်တိုင် နားလည်မှုကို စစ်ဆေးပါက “အို၊ ကောင်းပါတယ်၊ လုံလောက်နေပြီ” ဟု အလွန်လွယ်ကူစွာ ဆုံးဖြတ်မိနိုင်ပါသည်။ အခြားသူများက ကျွန်ုပ်တို့ တွေးတောမှု၏ အမှားများနှင့် အားနည်းချက်များကို ပိုမိုထိရောက်စွာ ရှာတွေ့ပါမည်။ သူတို့သည် ကျွန်ုပ်တို့ကိုယ်တိုင် ပြုလုပ်သည်ထက် ပိုမိုရှည်ကြာစွာနှင့် ပိုမိုစိတ်အားထက်သန်စွာ ဇွဲလုံ့လရှိပါမည်။ တစ်ခါတစ်ရံ ဆွေးနွေးငြင်းခုန်ရာတွင် “တော်လောက်ပါပြီ။ သွားပါတော့” ဟု ပြောလိုသည့် စိတ်ခံစားချက် ဖြစ်သည်အထိ ရောက်သွားနိုင်ပါသည်။ သင်ကိုယ်တိုင် တရားရှုမှတ်နေပါက ယခင်ကတည်းကပင် ရပ်တန့်ခဲ့ပြီး ဖြစ်ပါမည်။ ဤကြောင်းကြောင့် တိဘက်အစဉ်အလာသည် ဆွေးနွေးငြင်းခုန်မှု နည်းလမ်းကို များစွာအလေးပေးပါသည်။ မိမိ၏ နားလည်မှုနှင့် ပတ်သက်၍ မပြတ်သားမှု မရှိသော အခိုင်အမာ ယုံကြည်မှုကို ရရှိစေရန် ရည်ရွယ်ထားပါသည်။

ဝေဖန်ဆန်းစစ်သော တရားရှုမှတ်ခြင်း

ဤသည်မှာ တရားတော်ကို တွေးတောဆင်ခြင်မှု ဖြစ်ပါသည်။ ထို့နောက်တွင် တရားရှုမှတ်ရန် လိုပါသည်။ ဆိုလိုသည်မှာ အချို့က ဒုတိယအဆင့်ကို တရားရှုမှတ်ခြင်းဟု ထင်တတ်ပါသည်။ တကယ်တော့ ထိုအဆင့်သည် တရားတော်များကို တွေးတော ဆင်ခြင်ခြင်း ဖြစ်ပါသည်။ တရားရှုမှတ်ခြင်းသည် ထိုထက်ပိုပါသည်။ သို့သော် ဤဒုတိယအဆင့်ကို မဆောင်ရွက်ပါက တရားရှုမှတ်နိုင်မည် မဟုတ်ပါ။ တရားတော်ကို နားမလည်ဘဲ မှန်ကန်သည်ဟု အခိုင်အမာ မယုံကြည်ပါက တရားရှုမှတ်နိုင်မည် မဟုတ်ပါ။ သင်တို့သည် တစ်ခုခုကို နားလည်သော်လည်း မှားယွင်းကြောင်း ယုံကြည်နိုင်ပါသည်။ ကျွန်ုပ်တို့ ပြောနေသည်မှာ နားလည်ပြီး မှန်ကန်သည်ဟု ယုံကြည်ရန် ဖြစ်ပါသည်။ တရားရှုမှတ်ခြင်းသည် ဤသို့ နားလည်မှုနှင့် ယုံကြည်မှုတို့ကို နေ့စဉ်ဘဝ နေထိုင်မှုထဲသို့ ပေါင်းစည်းသည့်အဆင့် ဖြစ်ပါသည်။

ထို့ကြောင့် ပထမဦးစွာ ဝေဖန်ဆန်းစစ်သော တရားရှုမှတ်ခြင်း ဆောင်ရွက်ပါသည်။ “လေ့လာဆန်းစစ်သော တရားရှုမှတ်ခြင်း” ဟု ခေါ်လိုပါသည်။ ထို့နောက် တည်ငြိမ်အောင်ထားသော တရားရှုမှတ်ခြင်းကို ဆောင်ရွက်ပါသည်။ ဤနှစ်မျိုးသည် တရားတော်များကို ပေါင်းစည်းကျေညက်စေခြင်း ဖြစ်ပါသည်။ ယခု လေ့လာဆန်းစစ်သော တရားရှုမှတ်ခြင်းအတွက် ပထမဦးစွာ စိတ်၏ အစိတ်အပိုင်း နှစ်ခုကို အသုံးပြုပါသည် (ဤအချက်ကို အလေးထားရပါမည်။ စူးစိုက်မှုစသည့် ကျွန်ုပ်တို့ အသုံးချရမည့် အခြားသော စိတ်၏ အစိတ်အပိုင်းများလည်း ရှိပါသည်)။ ယင်းတို့ကို ခြုံငုံ သိရှိမှု (တော့-ပါ) နှင့် သိမ်မွေ့သော လေ့လာဆန်းစစ်မှု (ဒယော့-ပါ) ဟု ဘာသာပြန်လိုပါသည်။ အချို့နေရာများတွင် ဤဝေါဟာရ နှစ်ခုသည် “စုံစမ်းခြင်း” နှင့် “စိစစ်ခြင်း” ဟု ဆိုလိုပါသည်။

ဤစိတ်၏ အစိတ်အပိုင်း နှစ်မျိုးကို မည်ကဲ့သို့ နားလည် နိုင်မည်နည်း။ စာကို တည်းဖြတ်ခြင်းနှင့် နမူနာပေးလိုပါသည်။ သင်ရေးထားသောစာဖြစ်စေ၊ အခြား တစ်ယောက် ရေးထားသောစာဖြစ်စေ အမှားရှိ၊ မရှိ စစ်ဆေးခြင်း ဖြစ်ပါသည်။ ပထမဦးစွာ အကြမ်းစစ်ဆေးရပါမည်။ ဤပုံနှိပ် စာမျက်နှာတွင် အမှားများကို ရှာကြည့်ရပါမည်။ အကြမ်းကြည့်ရှုကာ ရှာဖွေနိုင်ပါသည်။ ထို့နောက် အသေးစိတ် စိစစ်ကာ အသေးစိတ်အချက်များကို လေ့လာဆန်းစစ်ပါသည်။ ခြားနားချက်ကို မြင်ပါသလား။ ယင်းမှာ စုံစမ်းခြင်းဆိုသည့် ဖြစ်နေသောအရာကို အကြမ်းသိရှိမှုနှင့် အလွန်ဂရုစိုက်ပြီး စိစစ်မှုဆိုသည့် ဖြစ်နေသောအရာကို သိမ်မွေ့သော လေ့လာဆန်းစစ်မှုတို့ ဖြစ်ပါသည်။

ထို့ကြောင့် တန်ဖိုးရှိသော လူ့ဘဝ ရရှိမှုအပေါ် ဝေဖန်ဆန်းစစ်သော သို့မဟုတ် လေ့လာဆန်းစစ်သော တရားရှုမှတ်ခြင်း အတွက် ဘာလုပ်ရမည်နည်း။ မိမိကိုယ်ကို အာရုံစိုက်ပြီး မိမိတွင် တိရစ္ဆာန်မဟုတ်သည့် ထင်ရှားသော လက္ခဏာများ ရှိ၊ မရှိ စုံစမ်းစိစစ်ပါသည်။ ထို့ကြောင့် အကြမ်းအားဖြင့် စုံစမ်းကာ ထိုသို့မဖြစ်ဘဲ ကင်းလွတ်မှုကို သိရှိပါသည်။ သို့ဆိုလျှင် စုံစမ်းသောအခါ ဘာကိုသိရှိပါသနည်း။ ကျွန်ုပ်တို့သည် သင်ယူလေ့လာနိုင်ကြောင်း၊ ဆက်သွယ်ပြောဆိုနိုင်ကြောင်း၊ တိရစ္ဆာန်ထက် အများကြီး ပိုအဆင့်မြင့်စွာ ပြုမူနိုင်ကြောင်း သိရှိပါသည်။ မှန်ပါသလား။ ထို့ကြောင့် ထိုသို့ပြုလုပ်ပါသည်။ စကားလုံးများဖြင့် မဟုတ်ဘဲ ကိုယ်တိုင်ကိုယ်ကျ လေ့လာရပါသည်။ ကျွန်ုပ်တို့သည် ဒုတိယအဆင့် ပြီးသွားပါပြီ။ ဤစကားလုံးများတွင် အဓိပ္ပာယ် ရှိသည်ကို မှတ်မိပါသလား။ ဤသို့သောအချက်များကို သိရှိလိုက်ပါသည်-

  • ကျွန်ုပ်သည် သင်ယူလေ့လာနိုင်သည်။
  • ကျွန်ုပ်သည် ဆက်သွယ်ပြောဆိုနိုင်သည်။
  • ကျွန်ုပ်သည် တိရစ္ဆာန်ထက် အများကြီး ပိုမိုအဆင့်မြင့်စွာ ပြုမူနိုင်ပါသည်။

ကောင်းပါပြီ။ တိရစ္ဆာန် အဖြစ်မှ လွတ်ကင်းသည်ကို သိရှိပါပြီ။ ထို့နောက် အလွန်ဂရုတစိုက် စိစစ်ပါသည်။ ကျွန်ုပ်တို့သည် တိရစ္ဆာန်ကဲ့သို့ ဥပမာအားဖြင့် ကပွဲရုံများသို့ သွားခြင်း၊ ကြင်ယာဖက်ကို နမ်းရှုံ့ခြင်း၊ တစ်ညတာ အပျော်ကျူးခြင်း စသည့် လိင်မှုကိစ္စ အပြုအမူများကို တစ်ခါတစ်ရံ ပြုမူနိုင်သော်လည်း ထိုသို့ဖြစ်ရန် စိတ်မတိမ်းညွှတ်ပါ။ ထိုသို့ဖြစ်ရန် စိတ်မတိမ်းညွှတ်ပါ။ ကျွန်ုပ်တို့သည် ခွဲခြားသိရှိနိုင်ပြီး မိမိအပြုအမူကို ပြောင်းလဲနိုင်ပါသည်။ ထို့ကြောင့် တိရစ္ဆာန် မဟုတ်သည့်အတွက် မိမိကိုယ်ကို လေ့လာဆန်းစစ်မှုအပေါ်တွင် အာရုံစိုက်ပါသည်။ ယင်းတို့သည် မိမိအပြုအမူနှင့် ပတ်သက်၍ အသေးစိတ် အချက်များ ဖြစ်ပါသည်။

ကြင်ယာဖက် လှည့်လည်ရှာဖွေခြင်း သို့မဟုတ် အိမ်တွင် ခြင်နှင့် ပိုးဟပ်များ လိုက်ရိုက်ခြင်း စသည်တို့ကို ကြည့်လျှင် “အင်း၊ ဒီလို ပြုမူမိနိုင်တယ်။ ဒါပေမယ့် စိတ်မတိမ်းညွှတ်ဘူး။ ငါ့မှာ ရွေးချယ်နိုင်တယ်။ ဒီလို လုပ်စရာ မလိုဘူး။ ငါလူသားတစ်ယောက် ဖြစ်တယ်။ တိရစ္ဆာန် မဟုတ်ဘူး။ တခြားခွေးတွေ ဟောင်လို့ လိုက်ဟောင်စရာမျိုး မလိုအပ်ဘူး။ ဤမျှ အရှည် ရှိပြီး ထိုမျှ အရှည် မဟုတ်သော အဝတ်အစားကို သင်ဝတ်ရမည်၊ သင့်ဆံပင်ကို ဤမျှ ရှည်သင့်ပြီး ထိုမျှ မရှည်သင့်ကြောင်း၊ သီချင်းကို ဆိုသင့်ပြီး ထို သီချင်း မဟုတ်ကြောင်း တစ်စုံတစ်ယောက်က သတ်မှတ်လျှင် ထိုသို့ လိုက်လုပ်စရာမလိုပါ။ ကျွန်ုပ်တို့သည် အခြားသူများ ဟောင်သလို လိုက်ဟောင်သည့် တိရစ္ဆာန် မဟုတ်ပါ။” ပိုပြီး ဆီလျော်သော အပေါ်ယံ အချက်ကို ကြည့်ပါစို့။ လူတိုင်းက “စစ်ဖြစ်ပြီဟေ့” ဟု အော်သောအခါ ကျွန်ုပ်တို့သည် “စစ်ဖြစ်ပြီဟေ့” ဟု လိုက်မအော်ဘူး မဟုတ်လား။ ကျွန်ုပ်တို့သည် အခြားသူများ ဟောင်တိုင်း ဟောင်ရသည့် တိရစ္ဆာန် မဟုတ်ပါ။

“ငါသည် တိရစ္ဆာန် မဟုတ်ပါ” ဟု သိမ်မွေ့မှုဖြင့် လေ့လာဆန်းစစ်ပါသည်။ ထိုသို့ ပြုလုပ်ကြည့်ပါ။ ကျွန်ုပ်တို့သည် သခင်က “အရိုးကို လိုက်ဖမ်းစမ်း” ဟု ပြောအောင် စောင့်နေသည့် ခွေးတစ်ကောင်လို ထိုင်နေရသည့် တိရစ္ဆာန် မဟုတ်ပါ။ ကျွန်ုပ်တို့သည် တွေးတောနိုင်ပါသည်။

တွေ့ရှိမှုနှင့် လေ့လာဆန်းစစ်မှုကို ထိန်းသိမ်းထားကာ အတိအကျဆိုရလျှင် ကျွန်ုပ်တို့သည် တိရစ္ဆာန် မဟုတ်ကြောင်း လေ့လာဆန်းစစ်မှုဖြင့် ကျိုးကြောင်းဆက်စပ်မှုကို ဤသို့ ထပ်မံဆောင်ရွက်ပါသည်-

  • ကျွန်ုပ်တို့သည် တိရစ္ဆာန် ဖြစ်ပါက ဓမ္မကို အပြည့်အဝ မကျင့်ကြံနိုင်ပါ။
  • တိရစ္ဆာန် ကျွန်ုပ်တို့သည် မဟုတ်သည့် လွတ်လပ်မှု ရှိပါသည်။
  • ထို့ကြောင့် ကျွန်ုပ်တို့သည် ဓမ္မကို ကျင့်ကြံရန် တန်ဖိုးရှိသော လူ့ဘဝကို ရရှိထားပါသည်။

ထို့ကြောင့် ထိုသို့ ကောက်ချက်ချ နားလည်မှုကို အာရုံစိုက်ကာ တန်ဖိုးရှိသော လူ့ဘဝ ရရှိထားသည့် မိမိကိုယ်ကို လေ့လာဆန်းစစ်မှုအပေါ်တွင် စူးစိုက်ပါသည်။

ထို့ကြောင့် ဤသို့ဆောင်ရွက်ကြည့်ပါ-

  • ကျွန်ုပ်တို့သည် တိရစ္ဆာန်ဖြစ်ပါက ဓမ္မကို အပြည့်အဝ မကျင့်ကြံနိုင်ပါ။
  • ကျွန်ုပ်တို့သည် တိရစ္ဆာန်အဖြစ်မှ လွတ်ကင်းမှု ရှိထားပါသည်။ ကျွန်ုပ်သည် ထိုသို့ လေ့လာဆန်းစစ်နိုင်ပါသည်။
  • ထို့ကြောင့် ကျွန်ုပ်တို့သည် ဓမ္မကျင့်ကြံရန် တန်ဖိုးရှိသော လူ့ဘဝကို ရရှိထားပါသည်။
  • ယခုအခါ တန်ဖိုးရှိသော လူ့ဘဝကို ဘာကြောင့် ရရှိထားသည်ဆိုသည့် ကောက်ချက်ချ နားလည် မှုနှင့်အတူ မိမိကိုယ်ကို လေ့လာဆန်းစစ်ပါသည်။

ကောင်းပါပြီ။ ဤသို့ လေ့လာဆန်းစစ်မှုကြောင့် လေ့လာဆန်းစစ်သော တရားရှုမှတ်ခြင်းဟု ခေါ်ပါသည်။ စောစောက ပြောခဲ့သလိုပင် ယင်းကို ဝေဖန်ဆန်းစစ်သော တရားရှုမှတ်ခြင်း ဟု ဘာသာပြန်လေ့ရှိသော်လည်း ဝေဖန်ဆန်းစစ်သော ဆိုသည်မှာ အဓိပ္ပာယ် သိပ်မပေါ်လွင်ဘူး မဟုတ်ပါလား။ ဤနေရာတွင် တရားရှုမှတ်ခြင်းမှ ပေါ်ထွက်လာသည့် ခွဲခြားသိရှိသော ပညာကို ရရှိပါသည်။ ၎င်းသည် အလွန်ပြတ်သားပါသည်။ အကြောင်းမှာ ကျွန်ုပ်တို့သည် အကြောင်း၊ ထို အကြောင်းတို့ကြောင့် တန်ဖိုးရှိသော လူ့ဘဝ ရရှိထားသည်ကို လေ့လာဆန်းစစ်နိုင်သည့်အတွက် ဖြစ်ပါသည်။ ထို့ပြင် ဂရုတစိုက် စိစစ်ရပါသည်။ အကြောင်း၊ ထို အကြောင်းတို့ကြောင့် ယင်းသို့ အသေအချာ ရရှိထားသည်ကို လေ့လာဆန်းစစ်ပါသည်။

တည်ငြိမ်အောင်ထားသော တရားရှုမှတ်ခြင်း

တရားရှုမှတ်ခြင်းဆိုရာတွင် လေ့လာဆန်းစစ်သော တရားရှုမှတ်ခြင်းနှင့် တည်ငြိမ်အောင်ထားသော တရားရှုမှတ်ခြင်းဟု နှစ်ဆင့်ရှိပါသည်။ တည်ငြိမ်အောင်ထားသော တရားရှုမှတ်ခြင်းတွင် အသေးစိတ် တက်ကြွစွာ လေ့လာဆန်းစစ်မှုမပြုဘဲ တန်ဖိုးရှိသော လူ့ဘဝ ရရှိမှုကိုသာ အာရုံစိုက်ပါသည်။ ဤနေရာတွင် အရေးကြီးသော စကားလုံးမှာ တက်ကြွစွာ ဖြစ်ပါသည်။ “ငါသည် တိရစ္ဆာန် မဟုတ်သောကြောင့် ဖြစ်သည်” နှင့် “ငါသည် တိရစ္ဆာန် ဖြစ်ပါက တရားရှုမှတ်နိုင်မည် မဟုတ်ပါ” စသည်ဖြင့် လေ့လာဆန်းစစ်ခြင်း မပြုပါ။ ထို့ကြောင့် တန်ဖိုးရှိသော လူ့ဘဝ ရရှိသည့် ခံစားချက်ကို အာရုံစိုက်ခြင်းသာ ဖြစ်ပါသည်။ ဤနေရာတွင် ခံစားချက် ဆိုသည်မှာ အခိုင်အမာ ယုံကြည်ချက် ဖြစ်သည်။ အမှန်ပင် ယုံကြည်ပါသည်။ ထိုအချက်ကို အာရုံစိုက်ပါသည်။ အသေးစိတ်ကို လေ့လာဆန်းစစ်ခြင်း မဟုတ်ပါ။ ဤသို့ တန်ဖိုးရှိသော လူ့ဘဝ ရရှိသည့် အခိုင်အမာ ယုံကြည်ချက်နှင့် ခံစားချက် ဖြစ်ပါသည်။ ၎င်းကို နားလည်မှုနှင့် လေ့လာဆန်းစစ်ထားမှုတို့ အပေါ်တွင် အခြေခံသည်မှာ မှန်ပါသည်။

ခေတ္တမျှ ထိုသို့ ဆောင်ရွက်ကြပါစို့။

အချိန်ဖြုန်းခြင်းကဲ့သို့ ကျွန်ုပ်တို့၏ အားနည်းချက်များနှင့် ပြဿနာများကို ဖယ်ရှားသည့် ဤတရားရှုမှတ်နည်းဖြင့် ကျွန်ုပ်တို့သည် တန်ဖိုးရှိသော လူ့ဘဝကို သဘောပေါက်သည့် အရည်အသွေးကောင်းများ ဖော်ထုတ်ကာ ဓမ္မအတွက် အပြုသဘော အသုံးပြုပါသည်။ မိမိအကြောင်း တစ်ခုခုကို နားလည်လာသောကြောင့် ယင်းကို ပေါင်းစည်းရန်၊ ခံစားရန် ကြိုးစားပါသည်။ ထိုအခါ ပြဿနာများ၏ ရင်းမြစ်ကို ဖယ်ရှားကာ အရည်သွေးကောင်း ရရှိစေသဖြင့် အပြောင်းအလဲ ဖြစ်လာပါသည်။

ဝင်လေထွက်လေကို ယင်းနှင့်အတူ နားလည်မှု မရှိဘဲ အာရုံစိုက်ခြင်းနှင့် ဤအချက်ကို နှိုင်းယှဉ်ကြည့်နိုင်ပါသည်။ ၎င်းသည် ကျွန်ုပ်တို့ကို တည်ငြိမ်စေနိုင်သော်လည်း အိပ်စက်ခြင်းနှင့် အိပ်ဆေးကြောင့်လည်း ထိုသို့ တည်ငြိမ်နိုင်ပါသည်။ ၎င်းသည် ကျွန်ုပ်တို့ ပြဿနာများ၏ အကြောင်းရင်းများ ရပ်တန့်မှုကို မဖြစ်ပေါ်စေပါ။ တစ်ဖက်တွင်မူ ဝင်လေ ထွက်လေကို နားလည်မှု၊ လေ့လာဆန်းစစ်မှုတို့ဖြင့် အာရုံစိုက်ပါက ကျွန်ုပ်တို့ ပြဿနာများ၏ အကြောင်းရင်းများကို ဖယ်ရှားရန် စတင်ဆောင်ရွက်လာနိုင်ပါသည်။ မမြဲခြင်း၊ ခဏတာ အပြောင်းအလဲများ၊ ဝင်လေထွက်လေကို ထိန်းချုပ်သူအဖြစ် ခိုင်မာသော ငါ သို့မဟုတ် ဤလုပ်ငန်းကို ဖယ်ရှားထားသော စောင့်ကြည်သူ မရှိခြင်း စသည်တို့ကို လေ့လာဆန်းစစ်ခြင်းနှင့် နားလည်ခြင်း ဖြစ်ပါသည်။

ဤလေ့လာ ဆန်းစစ်မှုသည် ဓမ္မ၏ ရည်ရွယ်ချက်ကို အမှန်တကယ် ဖြစ်ပေါ်စေရန်အတွက် အလွန်ပင် အရေးကြီးပါသည်။ ကျွန်ုပ်တို့ ပြဿနာများ၏ အကြောင်းရင်းများကို ဖယ်ရှားခြင်းနှင့် ကျွန်ုပ်တို့၏ အပြုသဘော အစွမ်းအစများ ပေါ်ထွက်လာခြင်း ဖြစ်ပါသည်။

အသိဉာဏ်၊ ပင်ကိုသိစိတ်၊ မူလစိတ်နှင့် စိတ်လှုပ်ရှားခံစားသော နားလည်သဘောပေါက်မှုများ

ယခုအခါ လေ့လာဆန်းစစ်မှုနှင့် တည်ငြိမ်စေမှု တရားရှုမှတ်ခြင်း နှစ်ခုစလုံးသည် အယူအဆပိုင်းဆိုင်ရာ ဖြစ်သည်ကို သတိပြုပါ။ ထိုနှစ်မျိုးစလုံးကို ယခုဖော်ပြသည်မှာ အယူအဆဆိုင်ရာ သိမှုများ ဖြစ်ပါသည်။ နှစ်ခုစလုံး အယူအဆ ဆိုင်ရာ ဖြစ်ပါသည်။ နှစ်ခုစလုံးသည် တန်ဖိုးရှိသော လူ့ဘဝ၏ ဆိုလိုရင်း ကြားခံနယ်ပယ်ကို ဖြတ်သန်းသွားပါသည်။ ထို့ကြောင့် အယူအဆဆိုင်ရာဟု ဆိုခြင်းဖြစ်ပါသည်။ စိတ်ကူး ကြားခံနယ်ပယ်မှတစ်ဆင့် ဖြစ်ပါသည်။ လေ့လာဆန်းစစ်သော တရားရှုမှတ်ခြင်းသည် ကျိုးကြောင်းဆက်စပ်မှုတွင် မူတည်ပြီး တည်ငြိမ်အောင်ထားသော တရားရှုမှတ်ခြင်းသည် ကျိုးကြောင်းဆက်စပ်မှုတွင် မူတည်ခြင်း မရှိပါ။ သို့သော် နှစ်ခုစလုံးသည် တန်ဖိုးရှိသော လူ့ဘဝ၏ ဆိုလိုရင်းစိတ်ကူး မှတစ်ဆင့် တန်ဖိုးရှိသော လူ့ဘဝအပေါ်တွင် အာရုံစိုက်ပါသည်။ ထို့ကြောင့် စိတ်ကူးသည် ကိုယ်စားပြုမှု ဖြစ်ပါသည်။ စိတ်ကူးဆိုသည်မှာ အဘယ်နည်း။ စိတ်ကူးဆိုသည်မှာ တန်ဖိုးရှိသော လူ့ဘဝ၏ ကိုယ်စားပြုမှု ဖြစ်ပါသည်။ စကားလုံးများဖြင့် ဖြစ်စေ၊ ပုံရိပ်ဖြင့် ဖြစ်စေ၊ ခံစားချက်ဖြင့် ဖြစ်စေ ကိုယ်စားပြုသော်လည်း ဤကိုယ်စားပြုမှုနှင့် ဆက်စပ်သော အဓိပ္ပာယ် ရှိပါသည်။ စကားလုံး သို့မဟုတ် ပုံရိပ် သို့မဟုတ် ခံစားချက်နှင့် ဆက်စပ်သော အဓိပ္ပာယ် ရှိပါသည်။

ဤသို့ ပြောရသည်မှာ ကျွန်ုပ်တို့သည် အခါများစွာပင် ဗုဒ္ဓဘာသာ တရားရှုမှတ်ခြင်းခြင်း လုပ်ငန်းအကြောင်း ရှုပ်ထွေးစွာ နားလည်နေသောကြောင့် ဖြစ်ပါသည်။ ဤသည်မှာလည်း အနောက်တိုင်းမှ ဝေါဟာရများကို ခြားနားသော စနစ်အရ ဖော်ပြခြင်းကြောင့် ဖြစ်ပါသည်။ အနောက်တိုင်း ပြောစကားများတွင် အသိဉာဏ်လုပ်ငန်းနှင့် ပင်ကိုသိ လုပ်ငန်းအကြား ခွဲခြားလေ့ ရှိပါသည်။ ထို့ကြောင့် ကျွန်ုပ်တို့၏ ဗုဒ္ဓဘာသာ လေ့လာဆန်းစစ်မှုတွင် ယင်းနှင့်မည်သို့ ဆက်စပ်ပါသနည်း။

  • တစ်ခုခုကို စကားလုံးများ ပါဝင်သော စိတ်ကူးဖြစ်သည့် စကားလုံးများဖြင့် ကိုယ်စားပြုပြီး စကားလုံး ကြားခံနယ်ဖြင့် တစ်ခုခုကို အာရုံစိုက်ပါက ယင်းကို အသိဉာဏ်လုပ်ငန်းတစ်ခုဟု ခေါ်ပါမည်။
  • တစ်ခုခုကို ခံစားချက် သို့မဟုတ် ပုံရိပ်တွင် အခြေခံသော စိတ်ကူးဖြစ်သည့် ခံစားချက် သို့မဟုတ် ပုံရိပ်ဖြင့် ကိုယ်စားပြုပြီး ယင်းကို အာရုံစိုက်ပါက ပင်ကိုသိ လုပ်ငန်းဟု ခေါ်ပါမည်။

သို့သော် တစ်ခုခုကို စကားများ သို့မဟုတ် ပုံရိပ်နှင့် ခံစားချက်များဖြင့် ကိုယ်စားပြုရာတွင် မည်သည့်ကိစ္စတွင်မဆို ဤသို့ကိုယ်စားပြုမှုသည် တိကျသော ကိုယ်စားပြုမှု ဖြစ်နိုင်သလို မတိကျသော ကိုယ်စားပြုမှုလည်း ဖြစ်နိုင်သည်ကို သတိပြုပါ။ နှစ်ခုစလုံးသည် အယူအဆ ဖြစ်ပြီး ဤသို့ အသိဉာဏ်နှင့် ပင်ကိုသိ လုပ်ငန်းနှစ်ခုစလုံးသည် အယူအဆ ဖြစ်ပါသည်။ နှစ်ခုစလုံးကို စကားလုံး၏ ဆိုလိုရင်း သို့မဟုတ် ခံစားချက် သို့မဟုတ် ပုံရိပ်က ဖော်ပြသောအရာတို့အပေါ် မှန်ကန်သော နားလည်မှုဖြင့် တွဲဖက်ရန် လိုပါသည်။ ထိုအတိုင်း လိုက်နာပါသလား။

ထို့ပြင် ဤနားလည်မှုကို ကျေညက်စေရန်အတွက် ယင်းကို ယုံကြည်ရန် လိုပါသည်။ အခိုင်အမာ ယုံကြည်မှုဖြင့် အာရုံစိုက်ရန် လိုပါသည်။ အခိုင်အမာ ယုံကြည်မှု ဖြစ်ပါသည်။ အနောက်တိုင်းတွင် ယင်းကို ပင်ကို နားလည်မှုဟု ခေါ်မည်ထင်သည်။ ထို့ပြင် ဤသို့ ပင်ကိုနားလည်မှုတွင် တန်ဖိုးရှိသော လူ့ဘဝ၏ တန်ဖိုးနှင့် ရှားပါးခြင်းကို  တန်ဖိုးထားမှုကဲ့သို့ အပြုသဘော စိတ်ခံစားချက်များ ယှဉ်တွဲနေသောအခါ မိမိ၏ နားလည်မှုကြောင့် စိတ်လှုပ်ရှားမိသည်ဟု အနောက်တိုင်းတွင် ပြောမည် ထင်ပါသည်။
ထို့ကြောင့်လည်း ဘာသာရေး ဆရာသမားနှင့် ကောင်းမွန်သော ဆက်ဆံရေး၊ ယင်းကို တရားရှုမှတ်ခြင်းများတွင် အစိတ်အပိုင်းနှစ်ရပ် ပါဝင်ပါသည်။ တစ်ခုမှာ ဆရာ၏ အရည်အသွေးကောင်းများတွင် ခိုင်မာသော ယုံကြည်ချက် ဖြစ်ပြီး ကျန်တစ်ခုမှာ သူတို့၏ ကြင်နာမှုကို တန်ဖိုးထားခြင်း ဖြစ်ပါသည်။ ထို့ကြောင့် ခိုင်မာသော ယုံကြည်ချက် ထားရှိပါသည်။ စိတ်လှုပ်ရှားမိပါသည်။ ထိုနှစ်ခုကို ရှိလာသောအခါ နားလည်မှုသည် စကားလုံးဖြင့် ဖြစ်စေ၊ ခံစားချက်ဖြင့်ဖြစ်စေ ကိုယ်စားပြုမှုသည် အရေးမကြီးပါ။ ခြားနားမှု မရှိတော့ပါ။ ထို့ကြောင့် ကျွန်ုပ်တို့ အနောက်တိုင်း ဆန်းစစ်မှု၏ အသိဉာဏ် သို့မဟုတ် ပင်ကို ချဉ်းကပ်နည်းမျိုးကို လိုက်နာလျှင်လည်း အရေးမကြီးပါ။ ထိုအတွက် ခိုင်မာသော ယုံကြည်မှုနှင့် နားလည်မှုရှိကာ တန်ဖိုးထားပါက အမှန်ပင် ပြုပြင်ပြောင်းလဲနိုင်ပါသည်။ သို့သော် သံသရာထဲတွင် ရှိနေသမျှ ကာလပတ်လုံး ပြုပြင်ပြောင်းလဲမှုသည် တစ်သမတ်တည်း မဟုတ်သည်ကို အမြဲအမှတ်ရပါ။ အတက်အကျ ရှိပါသည်။ နေ့တိုင်း ပိုကောင်းလာမည် မဟုတ်ပါ။ ရေရှည် တူရူချက်သည် တိုးတက်မှု ဖြစ်နိုင်သော်လည်း တစ်နေ့ပြီးတစ်နေ့၊ တစ်နာရီပြီး တစ်နာရီ အတက်အကျ ဖြစ်နေပါသည်။

ပင်ကိုသိ ချဉ်းကပ်မှု စသည်တို့ကို ကြိုးစားဖော်ထုတ်သောအခါ နားလည်မှုနှင့် အခိုင်အမာ ယုံကြည်မှု ရရှိရန် ကျိုးကြောင်း ဆက်စပ်မှုကို အားထားရပါသေးသည်။ ထိုသို့မဟုတ်ဘဲ တစ်ခုခုကို ခံစားချက်သာ ရှိပါက အလွန် မတိကျဘဲ ဝေဝါးနေကာ ဘာကိုဆိုလိုမှန်းလည်း နားမလည်တော့ပါ။ သို့သော် ကျိုးကြောင်းဆက်စပ်မှုကို အသုံးပြုပါက၊ မိမိကိုယ်တွင်းမှ အကြောင်းရပ် အမျိုးမျိုးကို လေ့လာဆန်းစစ်ပါက၊ နားလည်ပါက၊ အခိုင်အမာ ယုံကြည်ပါက၊ အဓိပ္ပာယ်များကို သိရှိပါက၊ မိမိကိုယ်တွင်း၌ သိနိုင်စွမ်း ရှိပါက၊ ကျွန်ုပ်တို့သည် အသိဉာဏ် အမျိုးအစား ဖြစ်လျှင် ၎င်းကို စကားလုံးများဖြင့် ကိုယ်စားပြုနိုင်ပြီး အာရုံစိုက်နိုင်ပါသည်။ သို့မဟုတ် ပင်ကို အမျိုးအစား ဖြစ်ပါက ပုံရိပ် သို့မဟုတ် ခံစားချက် အနေနှင့် ကိုယ်စားပြုကာ အာရုံစိုက်နိုင်ပါသည်။ ယင်းမှာ အရေးမကြီးပါ။ နှစ်ခုစလုံးသည် မှန်ကန်ပြီး အယူအဆ ဖြစ်ပါသည်။ သို့သော် ကျွန်ုပ်တို့၏ သိမှုသည် အယူအဆ မပါစေရန်အတွက် အလွန်ပင် ခက်ခဲပါသည်။ ယင်းမှာ တစ်ခုခုကို သိမြင်မှုသာ ဖြစ်ပါသည်။ တန်ဖိုးရှိသော လူ့ဘဝ ရှိထားသည်ကို သိမြင်မှု ဖြစ်သည်။ စိတ်ကူး၊ ခံစားချက် စသည်တို့မှတစ်ဆင့် မဟုတ်ဘဲ တိုက်ရိုက် ဖြစ်ပါသည်။ ယင်းမှာ အလွန်ခက်ခဲပါသည်။

ထို့ကြောင့် ဤအချက်ကို ရှင်းသွားပါက ကျွန်ုပ်တို့သည် အသိဉာဏ် အမျိုးအစားဖြစ်စေ၊ ပင်ကို အမျိုးအစားဖြစ်စေ၊ တိုးတက်မှု တစ်ခုခုရရှိရန်အတွက် ဤမှန်ကန်သော သိရှိမှုနည်းလမ်းများကို ဖြတ်သန်းသွားရန် လိုအပ်ကြောင်း မြင်လာနိုင်ပါသည်။ တစ်ခုခုကို ကြားသည်။ ယင်းကို မှန်ကန်သည်ဟု ယူဆပါသည်။ ထို့နောက် နားလည်ရန်၊ လေ့လာဆန်းစစ်ရန်နှင့် နားလည်ရန် လိုပါသည်။ ကောက်ချက်ချ နားလည်မှု ရရှိရပါမည်။ ထို့နောက် ယင်းကို အာရုံစိုက်ပါသည်။ ဤနည်းဖြင့် လမ်းကြောင်းပေါ်တွင် တိုးတက်မှု ရရှိပုံ လုပ်ငန်းစဉ် ဖြစ်ပါသည်။ နာယူမှု၊ တွေးတောမှုနှင့် တရားရှုမှတ်မှုတို့ ဖြစ်ပါသည်။ ယင်းမှာ လေ့လာဆန်းစစ်သော တရားရှုမှတ်ခြင်းအကြောင်း ဖြစ်ပါသည်။

အချိန်တော့ ယူပါလိမ့်မည်။ ယခု ဤသို့ ကြားသိခဲ့ပြီးနောက် ယင်းကို တွေးတောကာ ကျေညက်ရန် လိုပါသည်။ ယခင်က လေ့လာဆန်းစစ်သော တရားရှုမှတ်ခြင်းအကြောင်းသည် အလွန်ပင် အပေါ်ယံ နားလည်မှုသာ ရှိနိုင်ပါသည်။ ထို့ကြောင့် ယခုအခါ ပိုပြီးအသေးစိတ် ဆွေးနွေးသည်ကို ကြားသိလာပါပြီ။ ထို့ကြောင့် ယင်းကို တွေးတောပါ။ ဖြေးဖြေးချင်း လေ့လာကြည့်ပါ။

မေးခွန်းများ

ဤသို့ ဝေဖန်ဆန်းစစ်သော တရားရှုမှတ်ခြင်း၏ အရေးကြီးပုံနှင့် ဆရာများနှင့် ဆက်ဆံရေးတွင် ဆက်စပ်ပုံတို့ကို နားလည်ပါသည်။ နားမလည်သည်မှာ ဆရာများကို ဘာကြောင့် မေးခွန်းမထုတ်ရပါသလဲ။ သူတို့ပြောဆို ပြုမူသမျှကို သံသယ သို့မဟုတ် မေးခွန်းများ မပါဝင်ဘဲ ဘာကြောင့် ငြိမ်သက်စွာ နာခံရပါသလဲ။

တကယ်တော့ ယင်းမှာ ဓမ္မတွင် ရှာတွေ့နိုင်သည့် တကယ့် တရားတော် မဟုတ်ပါ။ ဝိနည်း၊ ကျင့်ဝတ်စည်းကမ်း ရှုထောင့်မှဆိုလျှင် ဆရာသည် ကျင့်ဝတ်နှင့် ဆန့်ကျင့်၍၊ ကတိကဝတ် များနှင့် ဆန့်ကျင်၍ ပြုမူနေပါက ကျွန်ုပ်တို့က ထောက်ပြရပါသည်။ ယင်းကို လက်သင့်မခံရပါ။ ဆရာက ကျင့်ဝတ်တရားတော်နှင့် ဆန့်ကျင့်ပြီး တစ်ခုခုခိုင်းပါက သင်က ငြင်းပယ်ရမည်ဟု အလွန်ရှင်းလင်းစွာ ဆိုထားပါသည်။

သုတ္တန်နှင့် တန္တရ တရားတော်များကို ပိုမိုနက်နဲစွာ လေ့လာပါက ဆရာသည် တရားတော်နှင့် မညီသည်ကို ပြောဆိုလျှင် ကျွန်ုပ်တို့သည် “ဒါကို နားမလည်ပါဘူး။ အရင်က ဆရာ ပြောထားတာနှင့် ကွဲလွဲပါတယ်။ ထပ်ပြီး နက်နဲစွာ ရှင်းပြပေးပါ” “ဒါက ကျမ်းစာနဲ့ ကွဲလွဲပါတယ်။ ထပ်ပြီး နက်နဲစွာ ရှင်းပြပေးပါ” စသည်ဖြင့် မေးနိုင်ပါသည်။ ဆရာများသည်လည်း စကားမှား ပြောတတ်သည့်အတွက် အခြားသူများလိုပင် ဖြစ်ပါသည်။

ဘုရားရှင်၏ ဘဝဟောင်းမှ ဂန္ထဝင် ဥပမာတစ်ခုအရ “ဆရာတစ်ဦးသည် ဘုရှားလောင်းနှင့် အခြားတပည့်များကို အပြင်ထွက်ပြီး ခိုးဝှက်ခိုင်းသောအခါ ဘုရားလောင်းသည် ထိုသို့မပြုလုပ်ခဲ့ပါ။ ထို့ကြောင့် ဆရာက မေးသောအခါ ဘုရားလောင်းက “ခိုးဝှက်ခြင်းဖြင့် မည်သူက အကျိုးရှိမည်နည်း” ဟု ပြောပါသည်။ ဆရာက “အင်း၊ သင်ခန်းစာ ဆိုလိုရင်းကို သင်နားလည်ပေပြီ။ သင်တစ်ဦးတည်း ထူးခြားလှသည်” ဟု ပြောပါသည်။

အဆင့်အမြင့်ဆုံး တန္တရ ရှုထောင့်မှနေ၍- ဆရာနှင့် ဆရာက ဓမ္မကို ဆန့်ကျင့်ပြုမူမှုအကြားတွင် ကွဲလွဲသည်ကို တွေ့ပါက၊ ဆရာကို မေးခွန်းမေးသောအခါ ဆရာက ဝန်မခံပါက၊ ဆရာက မပြောင်းလဲပါက၊ ကျွန်ုပ်တို့သည် ဤအမှားအားလုံးကို မြင်တွေ့ရပါက၊ ဆရာထံမှ တန္တရ သက်ဝင်ယုံကြည်မှု ရရှိထားလျှင်ပင် ခပ်ခွာခွာ နေရမည်ဟု ကျွန်ုပ်တို့အား ပြောထားပါသည်။ ဆရာနှင့် ဆက်လက်သင်ယူရန် သို့မဟုတ် ထိုဆရာနှင့် ဆက်လက် အတူရှိနေရန် မလိုတော့ပါ။ သို့သော် ဘာမှ ထုတ်ပြောစရာ မလိုပါ။ လေးစားမှုဖြင့် ခပ်ခွာခွာနေပါ။ အတင်းစကား မဖြန့်ဝေပါနှင့်။ “ဤဆရာသည် ဆိုးရွားလှသည်” ဟု မတွေးပါနှင့်။ မိမိသင်ထားသမျှကို တန်ဖိုးထားရပါသည်။ သင်ထားသမျှ အရည်အသွေး ကောင်းများကို တန်ဖိုးထားရပါသည်။ ထို့နောက် ကျန်ရှိသော အရာများကို ဥပေက္ခာ ပြုထားနိုင်ပါသည်။

ကျွန်ုပ်တို့ မေးခွန်းမမေးရဘူး ဆိုသည်မှာ ဘာကိုဆိုလိုပါသလဲ။ ဆရာမှာ ဗုဒ္ဓသဘောသဘာဝ ရှိသည်ကို မေးခွန်း မမေးရပါ။ သို့သော် ထိုသို့မမေးသော်လည်း ဆရာများက မသင့်တော်သည့်ပုံ ပေါက်သောအခါ သူတို့ညွှန်ကြားချက်များကို မမေးရဘူးဟု မဆိုလိုပါ။ တီလိုပသည် နာရိုပအား တောင်အငူအစွန်းမှ ခုန်ချခိုင်းရာ ခုန်ချသည့် နမူနာကို ကြည့်ပါက- ဒလိုင်းလားမား ဆရာတော်ကြီး ပြောသလိုပင် လေ့လာစစ်ဆေးကြည့်ပါ။ တီလိုပသည် ဆရာတစ်ဆူ ဖြစ်ပြီး ငါးအရှင်တစ်ကောင်ကို စားသုံးကာ အရိုးများကို မြေပြင်ပေါ် ပစ်ချပြီး လက်ဖျောက် တီးလိုက်ပါက ထိုငါးသည် အသက်ပြန်ရှင်နိုင်သည့် အဆင့်သို့ ရောက်ရှိထားသူ ဖြစ်ပါသည်။ ကျွန်ုပ်တို့သည် နာရိုပ၏ အဆင့်တွင် ရှိပါသည်။ ထို့ကြောင့် နာရိုပ၏ အတ္ထုပ္ပတ္တိမှ ထိုနမူနာသည် ဆီလျော်ပါသည်။ ကျွန်ုပ်တို့သည် အခြားသူများအားလုံးနီးပါးကဲ့သို့ ထိုအဆင့် မရောက်ဘဲ ဆရာလည်း ထိုအဆင့် မရောက်ပါက ထိုကိစ္စမှာ အတော် ခြားနားပါသည်။ ထို့ကြောင့် အမြဲတမ်း စစ်ဆေးကြည့်ရပါမည်။ ဆရာသည် ဘာလုပ်နေသလဲ။ ဓမ္မနှင့် လျော်ညီပါသလား။ ဆရာသည် ဘာကို သင်ကြားနေသလဲ။ ၎င်းသည် ဓမ္မနှင့် လျော်ညီပါသလား။ အမြဲတမ်း စစ်ဆေးပါသည်။ မသိလျှင် မေးမြန်းရပါသည်။

ကျွန်ုပ်သည် ပထမအဆင့် တပည့်တစ်ဦး ဖြစ်ပါသည်။ ဤစင်တာနှင့် တရားတော်များအကြောင်းကို ယခုမှ သိရှိပါသည်။ ကျွန်ုပ်၏ အားနည်းချက်များနှင့် နားမလည်ခြင်းကြောင့် ဤအခက်အခဲ ရှိသည်ကို သိပါသည်။ သို့သော် ပြန်လည်မွေးဖွားမှုနှင့် နောင်ဘဝများ ဆက်ရှိနေမှုကို နားလည်လက်ခံရန် အလွန်ခက်ခဲနေပါသည်။ ဤသည်မှာ ဗုဒ္ဓဘာသာ တရားတော်များတွင် အလွန်အရေးကြီးသည့်အချက်မှန်း နားလည်ပါသည်။ ထို့ကြောင့် ဥပမာအားဖြင့် ကျွန်ုပ်၏ တန်ဖိုးရှိသော လူ့ဘဝအပေါ် တရားရှုမှတ်သောအခါ နောင်ဘဝများကို ထည့်စဉ်းစားရမည်ကို သိပါသည်။ တတ်နိုင်သလောက် နက်ရှိုင်းစွာ တရားရှုမှတ်ပါသည်။ ထိုသို့ စဉ်းစားလိုသည့်အတွက် ပြောင်းလဲရန် ပါရမီ၊ ဖြစ်နိုင်ခြေ သို့မဟုတ် အခွင့်အလမ်းကဲ့သို့ ရှုမြင်ကာ ထိုသို့ တရားရှုမှတ်ပါသည်။ ယင်းမှာ ကျွန်ုပ်အတွက် အလွန်ပင် ခက်ခဲပါသည်။ ထို့ကြောင့် နောင်ဘဝများကို နားမလည်ပါက ကျွန်ုပ်၏ တန်ဖိုးရှိသော လူ့ဘဝကို အပြည့်အဝ တန်ဖိုးထားမှုသည် ဘယ်တော့မှ မပြည့်စုံသည့်အတွက် ကျွန်ုပ်၏ တန်ဖိုးရှိသော လူ့ဘဝအပေါ် မည်မျှပင် လေးနက်စွာ၊ မကြာခဏ ရှုမှတ်သည်ဖြစ်စေ အရေးမကြီးပါဟု ခံစားရပါသည်။ ထို့ကြောင့် ဤသည်မှာ ကျွန်ုပ်၏ အကျပ်အတည်း ဖြစ်ပါသည်။ မည်သို့ ကျော်ဖြတ်ရပါမည်နည်း။

သင်၏ တွေ့ရှိမှုက အလွန်ကောင်းပါသည်။ တန္တရ ကတိကဝတ် တစ်ခုမှာ ကျွန်ုပ်တို့ ဉာဏ်အလင်းရရှိသည်အထိ ကျွန်ုပ်တို့ နားလည်သမျှ မည်သည့်အရာကိုမဆို မကျေနပ်ရန် ဖြစ်ပါသည်။ ထို့ကြောင့် ကျွန်ုပ်တို့၏ တန်ဖိုးရှိသော လူ့ဘဝ အပါအဝင် အရာရာကို နားလည်မှုသည် ဤလမ်းကြောင်းတွင် တိုးတက်လာသည်နှင့်အမျှ ပို၍ပို၍ နက်ရှိုင်းလာမည်ဟု ဆိုလိုပါသည်။ ပြန်လည်မွေးဖွားမှုကို ယခု နားလည်လျှင်ပင် တန်ဖိုးရှိသော လူ့ဘဝကို နားလည်မှုထက် ပို၍နက်နဲစွာ သွားရပါမည်။ အစောပိုင်းအဆင့် နားလည်မှုသည် အကျိုးမရှိဘူးဟု မဆိုလိုပါ။ လမ်းကြောင်းပေါ်တွင် အဆင့်တိုင်းသည် အကျိုးရှိပါသည်။ အထူးသဖြင့် ယခု ရရှိထားသော နားလည်မှု အဆင့်သည် ပို၍နက်နဲသော နားလည်မှုများအတွက် ကြားခံအဆင့် ဖြစ်သည်ဟု အမြဲမှတ်သားထားရပါသည်။ ထိုသို့နှိမ့်ချပါက ပြီးပြည့်စုံပါသည်။

လုံလောက်အောင် နက်နဲစွာ နားလည်ပြီးဟု ဘယ်တော့မှ မမှတ်ယူလေနှင့်ဟု တရားတော်များတွင် အလွန်ရှင်းလင်းစွာ ပြောထားပါသည်။ “အို၊ အခုသိပြီ။ တန်ဖိုးရှိသော လူ့ဘဝကို ထပ်သိစရာ မလိုတော့ဘူး” ဆိုလျှင် အလွန်မှားပါပြီ။ ပို၍ နက်နဲစွာ အမြဲဆက်လေ့လာနိုင်ပါသည်။

ရှင်းပြခဲ့သည့်အတိုင်း လူသားတို့အနေနှင့် ကျွန်ုပ်တို့မှာ လေ့လာဆန်းစစ်နိုင်စွမ်း ရှိပါသည်။ ခွေးလို မဟောင်ရန် သို့မဟုတ် သင်ပြောသမျှ အရာအားလုံး မဆောင်ရွက်ရန် ရွေးချယ်နိုင်ပါသည်။ သို့သော် ဤသို့ လေ့လာဆန်းစစ်နိုင်စွမ်း ရှိပါက ကျွန်ုပ်တို့မှာ အစွမ်းအစအချို့ ရှိသည်ဟု ဆိုလိုပါသည်။ ထို့ကြောင့် တိရစ္ဆာန်အဖြစ် ပြန်လည်မွေးဖွားပါက ဘာဖြစ်မည်နည်း။ ထိုအစွမ်းအစများ ဆုံးရှုံးသွားမလား။ တိရစ္ဆာန်အဖြစ် ပြန်လည်မွေးဖွားပါက ယခု ရရှိထားသော လေ့လာဆန်းစစ်မှု အစွမ်းအစဖြစ်သည့် ထိုအစွမ်းအစများ ဆုံးရှုံးသွားပါက ယုတ္တိမကျဘဲ ကွဲလွဲနေသည်ဟု ထင်မိပါသည်။ ထိုအခါ ဘာဖြစ်မည်နည်း။

အစွမ်းအစနှင့် တကယ်ဖော်ပြသော စွမ်းရည်အကြား ခွဲခြားထားရပါမည်။ ကလေးငယ် တစ်ဦးတွင် အစွမ်းအစများစွာ ရှိပါသည်။ သူသည် ကားမောင်းနိုင်စွမ်း ရှိသော်လည်း တကယ့် စွမ်းရည် မဟုတ်ပါ။ ကျွန်ုပ်တို့ ဖျားနာသောအခါ ရှင်းလင်းစွာ တွေးတောရန်၊ အလုပ်လုပ်ရန် စသည့် အစွမ်းအစများ ရှိနေပါသေးသည်။ သို့သော် ထိုအချိန်တွင် ပိတ်ဆို့နေသည့်အတွက် စွမ်းရည်ကို မဖော်ပြနိုင်ပါ။ ထို့အတူ တိရစ္ဆာန် အနေနှင့် အစွမ်းအစများ ရှိနေပါသည်။ ဗုဒ္ဓ သဘောသဘာဝ အစွမ်းအစများသည် ရှိနေပါသည်။ သို့သော် တကယ့် စွမ်းရည်များက မရှိပါ (သို့မဟုတ် ရှိသည်ဆိုလျှင် လူသားထက် အလွန်နိမ့်ကျသော အဆင့်တွင် ဖြစ်နေပါသည်)။

ဆုတောင်း

ဆုတောင်းစကားဖြင့် အဆုံးသတ်ကြပါစို့။ အရေးကြီးသည်မှာ ကျွန်ုပ်တို့ နာယူမှု၊ တရားရှုမှတ်မှုတို့ဖြင့် ဆောင်ရွက်ချက်များက ဖန်တီးသည့် အပြုသဘော အင်အားသည် ကျွန်ုပ်တို့က ဉာဏ်အလင်းရရှိမှုသို့ သန္နိဋ္ဌာန် မချမှတ်ပါက ဘာမှမလုပ်ဘဲ ဖြစ်လာမည့်အရာ၊ အလိုလို ဖြစ်သွားမည့်အရာမှာ သံသရာတွင် ပိုမိုကောင်းမွန်စေမည့် အကြောင်းတရား ဖြစ်သွားပါမည်။ ဥပမာအားဖြင့် ကျွန်ုပ်တို့သည် ငွေကြေးများစွာ ရှာဖွေနိုင်သည့် လူ့ဘဝကို တန်ဖိုးထားမိသွားပါမည်။ ထို့ကြောင့် ဤအချက်ကို ဉာဏ်အလင်းရရှိမှုအတွက် အကြောင်းရင်း ဖြစ်စေရန်အတွက် အမှန်တကယ် ဆုတောင်းရပါသည်။ ထို့ကြောင့် ထင်ရှားသော သိစိတ်ဖြင့် ဆောင်ရွက်ပါသည်။ “ဤသို့ပြုရသောကြောင့် ဘုရားရှင်၏ ကိုယ်၊ နှုတ်၊ စိတ် စသည်တို့ဖြင့် အားလုံးကို အကျိုးပြုနိုင်ရန် အကြောင်းရင်း ဖြစ်ပါစေသား” ဟု ပြောရပါသည်။ ထိုအခါ ၎င်းသည် အကြောင်းတရား အမှန်တကယ် ဖြစ်လာပါသည်။ ထို့ပြင် “ဤနားလည်မှုနှင့် တန်ဖိုးထားမှုသည် ဉာဏ်အလင်းရရှိသည်အထိ ပို၍နက်နဲလာခြင်းဖြင့် အားလုံးကို အကျိုးပြုနိုင်ရန် ကျွန်ုပ်၏ အပြုအမူတွင် ရလဒ်များ စတင်ဖြစ်ပေါ်ပါစေသား”။

Top