ကျွန်ုပ်တို့သည် ဗုဒ္ဓမြတ်စွာ၏ တရားတော်များကို လက်တွေ့ကျင့်ကြံလိုပါက တရားရှုမှတ်ခြင်းသည် အရေးကြီးသော အကြောင်းရပ် ဖြစ်ပါသည်။ သို့ရာတွင် တရားရှုမှတ်ခြင်းသည် ဗုဒ္ဓဘာသာဝင်သီးသန့် ကိစ္စသာ မဟုတ်ပါ။ အိန္ဒိယနိုင်ငံမှ ဘာသာအစဉ်အလာ အားလုံးတွင်သာမက အိန္ဒိယနိုင်ငံပြင်ပရှိ ဗုဒ္ဓဘာသာ မဟုတ်သော စနစ်များတွင်ပါ တရား ရှုမှတ်ခြင်းကို တွေ့ရပါသည်။
တရားရှုမှတ်ခြင်းဆိုသည်မှာ သက္ကတဘာသာဖြင့် “ဘာဝနာ” ဖြစ်ပါသည်။ ဘာဝနာ တွင် “ဘု” ကြိယာသည် “ဖြစ်လာသည်” သို့မဟုတ် “တစ်စုံတစ်ခုကို အခြားတစ်စုံတစ်ခုဖြစ်စေသည်” ဟု ဆိုလိုပါသည်။ ထို့ကြောင့် ဘာဝနာ ဆိုသည်မှာ အပြုသဘော စိတ်အခြေအနေအချို့ ထားရှိပုံအကြောင်း တရားတော်ကို လိုက်နာသောလုပ်ငန်း ဖြစ်ပါသည်။ အတိအကျဆိုသော် ထိုအခြေအနေသို့ “ဖြစ်လာပါသည်”။ တစ်နည်းဆိုရလျှင် တရားရှုမှတ်ခြင်း လုပ်ငန်းစဉ်ဖြင့် ကျွန်ုပ်တို့စိတ်သည် အကျိုးပြုသော အခြေအနေတစ်ခုသို့ ရောက်ရှိလာအောင် ပြုလုပ်ပါသည်။
ဘာဝနာ သည် သက္ကတဘာသာဇစ်မြစ် “ဘု” ဆိုသည့် “ဖြစ်လာသည်” ဆိုသောစကားလုံးမှ ဆင်းသက်လာသည့်အတွက် ဘာဝနာ ဆိုသည်မှာ ပြောင်းလဲခြင်းဟု အဓိပ္ပာယ်ရပါသည်။ ဥပမာအားဖြင့် မေတ္တာဖြင့် တရားရှုမှတ်ပါက မိမိကိုယ်ကို မေတ္တာနှလုံးသား ရှိသူတစ်ယောက်အဖြစ်သို့ အမှန်တကယ် ပြောင်းလဲလိုက်ပါသည်။ ဤစကားရပ်ကို သက္ကတဘာသာမှ တိဘက်ဘာသာသို့ ဘာသာပြန်သောအခါ “အလေ့အထ ဖြစ်စေသည်” ဟု ယူဆနိုင်သော စကားလုံးဖြင့် ဘာသာပြန်ပါသည်။ ဤသည်မှာ “ဂုံ” ဆိုသော တိဘက်စကားလုံး ဖြစ်ပါသည်။ ဂုံ ဆိုသည်မှာ မိမိကိုယ်ကို အပြုသဘော တစ်စုံတစ်ခုနှင့် အလေ့အထဖြစ်စေခြင်းဟု ဆိုလိုပါသည်။ အပျက်သဘော သို့မဟုတ် ဘက်မလိုက်သော တစ်ခုခုနှင့် မဟုတ်ပါ။ ထိုနည်းဖြင့် အပြုသဘော အလေ့အထကောင်းများ စုစည်းလာအောင် ပြုလုပ်ခြင်း ဖြစ်ပါသည်။
သို့ဆိုလျှင် တိဘက်ဘာသာ စကားလုံးသည် သက္ကတဘာသာ စကားလုံး၏ အဓိပ္ပာယ် သို့မဟုတ် ဆိုလိုရင်းနှင့် အတော်လေး ဆင်တူပါသည်။ ဝေါဟာရ နှစ်ခုစလုံး၏ ဆိုလိုရင်းမှာ မိမိကိုယ်ကို မေတ္တာ နှလုံးသား ရှိသူတစ်ဦးဖြစ်ရေးဆိုသည့် ရည်မှန်းချက်သို့ ပြောင်းလဲရန်အတွက် မေတ္တာကို အကျိုးပြု အလေ့အထကဲ့သို့ စုစည်းရန် လိုပါသည်။ ဤအကျိုးပြု အလေ့အထကို စုစည်းရန် ကျွန်ုပ်တို့ အသုံးပြုသော နည်းလမ်းမှာ တရားရှုမှတ်ခြင်း ဖြစ်ပါသည်။
တရား နာယူခြင်း
ဗုဒ္ဓမြတ်စွာ မတိုင်မီက အိန္ဒိယနိုင်ငံမှ အဓိက ဒဿန ကျမ်းစာမှာ ဥပနိဿယ ကျမ်းများဖြစ်ပြီး ယင်းကျမ်းစာများတွင် တရားရှုမှတ်ခြင်းကို ဖော်ပြထားပြီးသား ဖြစ်ပါသည်။ ဥပနိဿယ ကျမ်းများတွင် တရားရှုမှတ်ခြင်းကို နာယူခြင်း၊ တွေးတောခြင်းနှင့် တရားရှုမှတ်ခြင်းဆိုသည့် အဆင့်သုံးဆင့် အနေနှင့် ဖော်ပြထားပါသည်။ ဘုရားရှင်သည် ဤအဆင့်အသုံးဆင့်ကို တီထွင်ခဲ့ခြင်း မဟုတ်ပါ။ ထိုအချိန်က ရှိနေပြီးသား ဖြစ်ပါသည်။ ထို့ကြောင့် ကျွန်ုပ်တို့သည် အလေ့အထကောင်း တစ်ခုခုရရှိလိုပါက ပထမဦးစွာ ယင်းကိုကြားသိရပါမည်။ ထို့နောက် အပြန်ပြန် အလှန်လှန် တွေးတောကာ နားလည်ရန်လိုပါသည်။ နောက်ဆုံး၌ မိမိထံတွင် ကိန်းအောင်းလာစေရန် ပေါင်းစည်းဖို့ လိုပါသည်။
ဓမ္မအကြောင်း လုံးဝမသိပါက ပထမဦးစွာ ဗုဒ္ဓဘာသာအကြောင်း အခြေခံ အချက်အလက်များကို သိရှိရန် လိုပါသည်။ ထို့နောက် ဤအချက်အလက်သည် မှန်ကန်ကြောင်း သေချာရန် လိုပါသည်။ မှန်ကန်သော အခြေခံ အချက်အလက်များ သာလျှင် စစ်မှန်သော ဓမ္မတရားတွင် စိတ်ဝင်စားရန်အတွက် အားထားရသော အခြေခံ ဖြစ်နိုင်ပါသည်။ ဘုရားရှင် လက်ထက်ကမူ ဒဿနတရားများကို စာဖြင့်ရေးသားခဲ့ခြင်း မရှိပါ။ ယင်းတို့ကို ရာစုနှစ်များစွာ ကြာပြီးမှသာ စာဖြင့်စုစည်းရေးသားခဲ့ပါသည်။ ထို့ကြောင့် အဆင့်သုံးဆင့် လုပ်ငန်းသည် တရားတော်ကို “နာယူရန်” လိုအပ်ချက်ဖြင့် စတင်ပါသည်။ တစ်နည်းဆိုသော် နှုတ်ဖြင့် ဟောကြားခဲ့သော တရားတော်ကို နာယူခြင်း ဖြစ်ပါသည်။
ယခုအခါ ပထမအဆင့်တွင် သင်ရရှိလိုသည့် ကျင့်ကြံမှု အမျိုးအစားနှင့် စိတ်အခြေအနေများအကြောင်းကို စာအုပ် သို့မဟုတ် အင်တာနက်တွင် ဖတ်ရှုခြင်းကိုလည်း ထည့်သွင်းနိုင်ပါသည်။ သို့သော် ဤအချက်သည် အငြင်းပွားစရာ ဖြစ်ပါသည်။ အကြောင်းမှာ တရားကို ဆရာထံမှ တိုက်ရိုက် ကြားရသောအခါ မိမိရှေ့၌ ဆရာအမှန်တကယ် ရောက်ရှိနေသည့် အထူးပတ်ဝန်းကျင်ကို ဖန်တီးလိုက်ပါသည်။ တိုက်ရိုက်ဟောကြားမှုကို နာယူသောအခါ စာအုပ် ဖတ်ခြင်းဖြင့် မရနိုင်သည့် ဆရာထံမှ စိတ်ဓာတ်တွန်းအားကို ရရှိနိုင်ပါသည်။ အကယ်၍ စာတစ်အုပ် ရေးရမည် ဆိုလျှင်လည်း ဤအတိုင်းပင် ဖြစ်ပါသည်။ ဤသည်မှာ နေ့စဉ်ဘဝတွင်လည်း မှန်ကန်သည်ကို တွေ့ရပါမည်။ ဥပမာအားဖြင့် တိုက်ရိုက်ဖျော်ဖြေရေးပွဲတစ်ခုကို သွားသောအခါ အတွေ့အကြုံသည် အိမ်မှာဓာတ်ပြား နားထောင်သည်ထက် များစွာပို၍အားပြင်းပြီး စိတ်ဓာတ်တက်ကြွပါသည်။ ဤသည်မှာ အတော်ခြားနားသော အတွေ့အကြုံ ဖြစ်ပါသည်။
တရားတော်များ နာကြားသောအခါ အကျိုးအရှိဆုံး ညွှန်ကြားချက်တစ်ခုမှာ “ကြွေပန်းအိုးနှင့် တူသော အမှားသုံးရပ်” ကို ဖယ်ရှားရန် ဖြစ်ပါသည်။
- ပထမဦးစွာ မှောက်ထားသော ပန်းအိုးကဲ့သို့သော အမှားမျိုးကို ရှောင်ရှားရပါမည်။ ထိုပန်းအိုးထဲသို့ ဘာမှ ဝင်လာမည် မဟုတ်ပါ။ တစ်နည်းဆိုသော် ကျွန်ုပ်တို့စိတ်ကို ပိတ်ထားပါက နာကြားသမျှတွင် ဘာကိုမှ သင်ယူနိုင်စွမ်းရှိမည် မဟုတ်ပါ။
- ထို့နောက် အောက်ခြေမှာ အပေါက်ပါသည့် ပန်းအိုးကဲသို့သော အမှားမျိုးကို ရှောင်ရှားရပါမည်။ ထိုကိစ္စတွင် ဝင်လာသမျှ အရာရာတိုင်းသည် အပေါက်မှနေ၍ ပြန်ထွက်သွားပါမည်။ အင်္ဂလိပ်ဘာသာတွင် “နားတစ်ဖက်မှ ဝင်လာပြီး နားတစ်ဖက်မှ ထွက်သွားသည့်” ကိစ္စမျိုး ဖြစ်ပါသည်။ ယင်းသို့မဖြစ်အောင် ရှောင်ရှားရန် လိုပါသည်။
- နောက်ဆုံးတွင် ညစ်ပေနေသော ပန်းအိုးကဲ့သို့ အမှားမျိုးကို ရှောင်ရှားရပါမည်။ ညစ်ပေနေသော ပန်းအိုးထဲသို့ သန့်ရှင်းသောရေ လောင်းထည့်သောအခါ ရေသည်လည်း ညစ်ပေသွားပါမည်။ တစ်နည်းဆိုသော် ကြိုတင် ကြံဆချက်များစွာ ရှိနေသောအခါ ထိုကြိုတင်ကြံဆချက်များသည် အကြောင်းအရာ အသစ်များကို နားမလည်အောင် ညစ်နွမ်းစေပါသည်။ ဆရာပြောသည်ကို နားထောင်မည့်အစား အကြောင်းအရာ အသစ်များကို မိမိစိတ်ကူးများနှင့် အမြဲရောစပ်မှန်းဆနေမိပါသည်။
ဤအမှားမျိုးကို ရှောင်ရှားနိုင်ရန် တရားတစ်ခုခု နာယူလိုက်သည်နှင့် စာဖြင့်ချရေးထားလျှင် သို့မဟုတ် တစ်နည်းနည်းဖြင့် မှတ်တမ်းတင်ထားလျှင် အလွန်အထောက်အကူ ပြုပါသည်။ သို့မှသာ ပြောသွားသော အချက်များကို မှန်မှန်ကန်ကန် မှတ်မိနိုင်ပါမည်။ ကျွန်ုပ်တို့ အများစု ဖြစ်တတ်သည့်အတိုင်း မှတ်ဉာဏ်အရမ်း မကောင်းပါက ဤနည်းမှာ အလွန် အသုံးဝင်ပါသည်။ ကြားလိုက်သည်ကို ချရေးရန် အချိန်ပိုကြာလေ၊ ကြိုတင်ယူဆချက်များကြောင့် မှတ်ဉာဏ်ကို ပို၍ညစ်နွမ်းလေ ဖြစ်ပါသည်။ ယင်းတို့ကို ချရေးသောအခါ သို့မဟုတ် မှတ်တမ်းတင်လိုက်သောအခါတွင်လည်း အကြိမ်ကြိမ် ထပ်နားထောင်ရန် လိုပါသည်။ စာအုပ်စင်ပေါ်ရှိ မှတ်စုစာအုပ် သို့မဟုတ် ကွန်ပျူတာ သို့မဟုတ် iPod ထဲမှ ဖိုင်တစ်ဖိုင်တွင် တရားများ ရှိနေရုံနှင့် မလုံလောက်ပါ။
စကြာဆရာတော် ဆိုနမ်ဆယ်မိုက ဓမ္မကျင့်ကြံမှု ပြုလုပ်ရန် ဤသို့ဆိုထားပါသည်-
- ပထမဦးစွာ ကျွန်ုပ်တို့ထံတွင် ပြဿနာများရှိကြောင်းနှင့် ဆင်းရဲဒုက္ခ ခံစားနေရကြောင်း အသိအမှတ်ပြုရန် လိုပါသည်။
- ထို့နောက် မိမိ၏ ဆင်းရဲဒုက္ခ အခြေအနေမှ လွတ်မြောက်လိုစိတ် ရှိရပါမည်။
- နောက်ဆုံးတွင် ဆင်းရဲဒုက္ခမှ လွတ်မြောက်ရန်နည်းလမ်းအဖြစ် ဓမ္မတွင် စိတ်ပါဝင်စားမှု ရှိရပါမည်။
ယခုမှ စတင်လေ့လာသူများ ဖြစ်လျှင် ပွင့်လင်းသောစိတ် ရှိရန် မဖြစ်မနေ လိုအပ်ပြီး သင်ယူထားသမျှကို မှတ်မိအောင် ကြိုးစားရပါသည်။ အရေးအကြီးဆုံးမှာ စိတ်ပါဝင်စားစွာဖြင့် ဓမ္မတရားကို နာယူရန်နှင့် နာယူထားသမျှကို ပြန်လည် အကဲဖြတ်လိုစိတ် ရှိရန်လိုပါသည်။ မိမိနာယူသော တရားသည် လက်တွေ့ကျင့်သုံးပါက ပြဿနာများ ကိုယ်တိုင် ကျော်လွှားနိုင်အောင် ကူညီသလား ဆိုသည်ကို အကဲဖြတ်ရပါမည်။ ဗုဒ္ဓတရားတော်များကို ကျောင်းစာမေးပွဲအောင်ရန် သို့မဟုတ် မိမိသိရှိသောအသိပညာကို အခြားသူများ အထင်ကြီးစေရန် သင်ယူခြင်း မဟုတ်ပါ။ တရားတော်များထဲတွင် မိမိဘဝအတွက် ဆီလျော်အသုံးတည့်သော အရာကို ရှာဖွေနိုင်မလား သိရှိအောင် တရားနာယူခြင်း ဖြစ်ပါသည်။
တရားတော်များ နာယူသောအခါ မိမိနှင့် အခြေအနေကို သဘောထားနည်း အမျိုးမျိုး ရှိပါသည်။ “သိရှိမှုသုံးရပ်” ဆိုသည့်နည်းတွင် မိမိကိုယ်ကို ဖျားနာသူကဲ့သို့၊ ဆရာသမားသည် ဆရာဝန်ကဲ့သို့၊ တရားတော်များသည် မိမိ၏ အနှောင့်အယှက်ပေးသော စိတ်ခံစားချက်များ ဆိုသည့် ဖျားနာမှု သို့မဟုတ် ပြဿနာအမျိုးမျိုးကို ကျော်လွှားရန် ကူညီသည့် ဆေးဝါးကဲ့သို့ သဘောထားပါသည်။
ကျင့်ကြံမှု အဆင့်မြင့်လာသောအခါ ဆရာကို ဘုရားကဲ့သို့ရှုမြင်ခြင်း စသည်ဖြင့် ဆရာသမားအပေါ် သဘောထားနှင့် ပတ်သက်သော နောက်ထပ် ညွှန်ကြားချက်များစွာ ရှိပါသည်။ သို့သော် ဤညွှန်ကြားချက်များသည် စတင်လေ့လာသူများ အတွက် မရည်ရွယ်ထားပါ။
နာကြားလိုက်သောအရာကို တွေးတောခြင်း
ဒုတိယအဆင့်မှာ မိမိနာယူလိုက်သည်ကို တွေးတောရန် ဖြစ်ပါသည်။ တရားတော်ကို နားလည်အောင် တွေးတောရပါသည်။ တရားတော်၏ ဆိုလိုရင်းကို မှန်ကန်စွာ နားလည်သောအခါ ဤသို့တွေးတောမှု ဆုံးခန်းတိုင် ရောက်ရှိပါသည်။ တရားတော်ကို မှန်ကန်စွာ ကျင့်ကြံနိုင်အောင် မှန်ကန်စွာ နားလည်ရန် လိုအပ်သည်သာမက တရားတော်သည်ကျွန်ုပ်တို့ကို ပြဿနာများ ကျော်လွှားနိုင်အောင် ကူညီသည့်အတွက် ၎င်းသည် ခိုင်လုံပြီး ကိုယ်တိုင် လက်ခံရမည့်အချက် ဖြစ်သည်ဟု ယုံကြည်ရန်လည်း လိုပါသည်။ တရားတော်က ဟောကြားသမျှ အရာတိုင်းကို အမှန်ပင် အောင်မြင်ရန် ဖြစ်နိုင်သည်ဟုလည်း ယုံကြည်ရန် လိုပါသည်။ ၎င်းသည်မဖြစ်နိုင်ကြောင်း ယူဆမိခြင်းမှာ ဥပမာအားဖြင့် ကျွန်ုပ်တို့သည် ဒေါသကို ဘယ်တော့မှ မကျော်လွှားနိုင်ကြောင်း တွေးမိပါက ဒေါသကျော်လွှားရန် ကျင့်ကြံမှုကို လိုက်နာဖြစ်တော့မည် မဟုတ်ပါ။ ဤကျင့်ကြံမှုသည် ဖော်ပြပါ ရည်မှန်းချက်ကို အောင်မြင်မည်ဟု အခိုင်အမာ ယုံကြည်ရန် လိုပါသည်။
တရားတော်ကို တွေးတောချိန်၌ ကျွန်ုပ်တို့သည် ရှုထောင့်အမျိုးမျိုးမှ စည်းစားပါသည်။ ဥပမာအားဖြင့် အားလုံးအပေါ် မေတ္တာ အညီအမျှထားရှိရန် တရားရှုမှတ်ပါက ထိုမေတ္တာမျိုး ထားရှိရန် လိုအပ်သည့် အဆင့်ဆင့်ကို သိရှိရန် လိုပါသည်။ ဥပမာ၊ အားလုံးအတွက် တူညီသောမေတ္တာသည် ဘာအပေါ်တွင် မူတည်ပါသနည်း။ ၎င်းသည် အားလုံးကို တူညီသည်၊ အားလုံးသည် ကျွန်ုပ်တို့ကို ကြင်နာသည် စသည်ဖြင့် ရှုမြင်ခြင်းအပေါ်တွင် မူတည်ပါသည်။ ထို့ကြောင့် မိမိစိတ်တွင် အားလုံးနှင့်ဆိုင်သော မေတ္တာ ထားရှိရန်အတွက် ယင်းမေတ္တာက တည်မှီသည့်အချက်၊ မိမိတွင် ထိုမေတ္တာမျိုးကို ကြိုတင် မွေးမြူနိုင်အောင် ထားရှိရမည့် အတွေးအမြင်နှင့် စိတ်အခြေအနေများကို သိရှိရန် လိုပါသည်။
ထို့ပြင် ထိုမေတ္တာကို ချေဖျက်မည့် ဆန့်ကျင်ဘက် အချက်များကိုလည်း သိရန်လိုပါသည်။ အတိအကျအားဖြင့် ထိုဆန့်ကျင်ဘက် အားများမှာ ဒေါသနှင့် မုန်းတီးမှုတို့ ဖြစ်ကြောင်း၊ ထိုအချက်များ မိမိထံတွင် မရှိအောင် မေတ္တာသည် အမှန်ပင် အားကောင်းရမည်ဖြစ်ကောင်း ယုံကြည်ရန် လိုပါသည်။ မေတ္တာသည် ၎င်းတို့ကို မည်ကဲ့သို့ ဖယ်ရှားမည် ကိုလည်း နားလည်ရန် လိုအပ်ပါသည်။
ထို့ပြင် မေတ္တာထားရှိသည့် ရည်ရွယ်ချက်နှင့် ဤမေတ္တာ ထားရှိနိုင်ပါက ဘာလုပ်မည်၊ မေတ္တာထားရှိသည့် အကျိုးကျေးဇူး များကို သိရှိကြောင်း ဘာကဖော်ပြသည် တို့ကို နားလည်ရန် လိုပါသည်။ ဥပမာအားဖြင့် ဗောဓိစိတ္တ ရည်မှန်းချက် ထားရှိရန် ညွှန်ကြားချက်များ ဖော်ပြထားသော ကျမ်းစာများကို လေ့လာသောအခါ ဗောဓိစိတ္တရည်မှန်းချက် ထားရှိခြင်း၏ အကျိုးကျေးဇူးများကို စတင်ဖော်ပြလေ့ ရှိပါသည်။ ဗောဓိစိတ္တ ရည်မှန်းချက် ဆိုသည်မှာ အကန့်အသတ်ရှိသော သတ္တဝါ အားလုံးကို အကျိုးပြုရန် မိမိကိုယ်တိုင် ဉာဏ်အလင်းရရှိမှု အောင်မြင်ရေး ဖြစ်ပါသည်။ ထိုကျမ်းစာများက ဤနည်းဖြင့် စတင်ဖော်ပြရသည့် ရည်ရွယ်ချက်မှာ ဘဝတွင် ထိုရည်မှန်းချက်မျိုး ရှိခြင်းသည် ကျွန်ုပ်တို့ ထားရှိလိုသောအရာ ဖြစ်သည်ဟု ကျွန်ုပ်တို့ကို ယုံကြည်စေလို၍ ဖြစ်ပါသည်။
နောက်ဆုံးတွင် တရားတော်၏ ယုတ္တိကို အခိုင်အမာ ယုံကြည်ရန် လိုပါသည်။ ၎င်းတို့သည် ယုတ္တိကျရန်လိုသည်။ ကျိုးကြောင်းဆီလျော်ရန် လိုသည်။ တရားတော်၏ အဆင့်များနှင့် အမှန်တကယ် အသေးစိတ်များ အနေနှင့် အဓိပ္ပာယ်ရှိရန် လိုပါသည်။
ထို့ကြောင့် ကျွန်ုပ်တို့ ဆင်ခြင်တွေးတောရန် အချက်များစွာ ရှိပါသည်။ ထားရှိရမည့်အရာ၊ ၎င်းသည် မိမိထံ၌ စိတ်၏ပြဿနာဖြစ်သော အခြေအနေများကို ဖယ်ရှားပုံ၊ သတိထားရမည့် ဆန့်ကျင်ဘက် အင်အားများ... စသည်တို့ကို ဦးစွာနားမလည်ဘဲ တရားရှုမှတ် ကျင့်ကြံခြင်း တန်းပြုလုပ်ပါက အသိဉာဏ်မဲ့ရာ ရောက်ပါသည်။ ထိုအတွက် နမူနာပြရလျှင် “နာယူခြင်းသည် ပါးစပ်ထဲတွင် အစားအစာကို ထည့်ထားခြင်းနှင့် တူပါသည်။ တွေးတောခြင်းသည် ဝါးစားခြင်းနှင့် တူပါသည်။” မဝါးဘဲ မြိုချပါက အစာနင်သွားပါမည်။ ထို့အတူ တရားတော်များကို မတွေးတောဘဲ ရှုမှတ်ရန် ကြိုးစားပါက အခက်အခက်များ ကြုံရပါမည်။
တွေးတောမှု လုပ်ငန်းကို မည်သို့ဆောင်ရွက်ကြမည်နည်း။ တွေးတောမှုအဆင့်သည် ဖော်ပြခဲ့သော အချက်အမျိုးမျိုးကို လွတ်လပ်စွာ တွေးတောခြင်း သို့မဟုတ် ထို့ထက်ပိုပြီး စနစ်တကျဖြစ်အောင် တွေးတောခြင်း ဖြစ်နိုင်ပါသည်။
စနစ်တကျ တွေးတောခြင်းလုပ်ငန်း
စနစ်တကျ တွေးတောခြင်း ဆိုသည်မှာ ကျိုးကြောင်းဆက်စပ်မှုအတိုင်း လိုက်နာခြင်းကို ဆိုလိုပါသည်။ စိတ်အခြေအနေ တစ်ခု ရရှိလိုသောအခါ ယင်းသို့ရရှိအောင် စုစည်းရပါသည်။ အဆင့်ဆင့် ဖြတ်ကျော်ကာ ထိုစိတ်အခြေအနေကို တည်ဆောက်ရန် လိုပါသည်။ တစ်ခါတစ်ရံ ထိုအဆင့်များထဲတွင် အကျိုးအကြောင်းဆက်စပ်မှုဖြင့် အားထုတ်ရခြင်းလည်း ပါဝင်ပါသည်။ ဥပမာအားဖြင့် တရားတော်ထဲတွင် မမြဲခြင်း (အကြောင်းတရားနှင့် အခြေအနေများက သက်ရောက်သော အရာများသည် အခိုက်အတန့် တစ်ခုမှတစ်ခုသို့ ပြောင်းလဲကာ အဆုံးသတ်ရခြင်း) ကို နားလည်အောင် တည်ဆောက် ရသော ကျိုးကြောင်းဆက်စပ်မှု ပါဝင်နိုင်ပါသည်။ သို့မဟုတ် ဘာမှမရှိခြင်း (အရာအားလုံးသည် မဖြစ်နိုင်သော နည်းများဖြင့် မတည်ရှိခြင်း) ကို နားလည်အောင် တည်ဆောက်ရသော ကျိုးကြောင်းဆက်စပ်မှု ပါဝင်နိုင်ပါသည်။ ကျိုးကြောင်း ဆက်စပ်မှု ယုတ္တိမှတစ်ဆင့် တွေးတောအားထုတ်မှုဖြင့် ကျွန်ုပ်တို့သည် မမြဲခြင်းနှင့် ဘာမှမရှိခြင်းတို့သည် မှန်ကန်ကြောင်း သာမက ကျိုးကြောင်းဆက်စပ်မှုသည် မမြဲခြင်းနှင့် ဘာမှမရှိခြင်းတို့ မှန်ကန်သည်ဟု သက်သေ ပြကြောင်းကိုပါ ယုံကြည်လာသည်။ ကျိုးကြောင်းဆက်စပ်မှု ယုတ္တိဖြင့် ကျွန်ုပ်တို့သည် မမြဲခြင်းနှင့် ဘာမှမရှိခြင်းအပေါ် မှန်ကန်ပြတ်သားသော နားလည်မှု ရရှိနိုင်သည်ကိုလည်း အခိုင်အမာ ယုံကြည်လာပါသည်။ အခိုင်အမာ ယုံကြည်ခြင်းသည် တွေးတောမှုလုပ်ငန်း၏ တစ်စိတ်တစ်ပိုင်း ဖြစ်သည်ကို သတိရပါ။
အခြားတစ်နည်းမှာ ကျိုးကြောင်းဆက်စပ်မှုဖြင့် မဟုတ်ဘဲ အဆင့်အလိုက်နည်းဖြင့် စိတ်အခြေအနေအချို့ တည်ဆောက်နိုင်ပါသည်။ ဥပမာအားဖြင့် ဗောဓိစိတ္တ ရည်မှန်းချက် ထားရှိလိုပါက ဥပေက္ခာထားရှိခြင်း၊ ထို့နောက် အားလုံးကို ယခင်ဘဝက မိမိ၏မိခင်ဖြစ်ခဲ့ဖူးကြောင်း ရှုမြင်ခြင်း၊ မိခင်မေတ္တာ၏ ကြင်နာမှုကို အမှတ်ရခြင်း၊ ထိုအတွက် ကျေးဇူးတင်ခြင်း စသည်တို့ ကဲ့သို့ အဆင့်များကို ဖြတ်သန်းသွားရပါမည်။ ဤအဆင့်များကို အားထုတ်သွားခြင်းဖြင့် ဤအဆင့်များမှသည် ကျွန်ုပ်တို့သည် ဗောဓိစိတ္တ ရည်မှန်းချက် ရရှိစေနိုင်ပါသည်။ ဤသည်မှာ တွေးတောမှုလုပ်ငန်း၏ တစ်စိတ်တစ်ပိုင်း ဖြစ်ပါသည်။
ထို့ပြင် ဤတွေးတောမှု လုပ်ငန်းတွင် ကျွန်ုပ်တို့ ကြိုးစားမွေးမြူလိုသော အမှန်တကယ် စိတ်အခြေအနေကို ကောင်းစွာနားလည်ရန် လိုပါသည်။ အချို့ တရားရှုမှတ်ခြင်းများသည် ကျွန်ုပ်တို့ကို ဘုရားပုံတော်မြင်ယောင်ခြင်းကဲ့သို့ တစ်ခုခုကို အာရုံစိုက်စေရန် ရည်ရွယ်ပါသည်။ ဘုရားပုံတော် မြင်ယောင်ပြီး တရားရှုမှတ်ရန်အတွက် ဤသည်မှာ အာရုံစိုက်တရားရှုမှတ်ခြင်း အမျိုးအစား ဖြစ်ပြီး ၎င်း၏ ရည်ရွယ်ချက်သည် မိမိမျက်စိရှေ့မှ စိတ်ကူးသည့် အလင်းတန်းဖြင့် သက်ရှိထင်ရှား သုံးဖက်မြင် ဘုရားရှင် ကဲ့သို့ ထူးခြားသောတစ်ခုခုကို အာရုံစိုက်ခြင်း ဖြစ်သည်ဟု နားလည်ရန် လိုပါသည်။
တစ်ဖက်တွင်မူ မေတ္တာကဲ့သို့ စိတ်အခြေအနေ တစ်ခုခု ထားရှိရန် ရည်ရွယ်သော တရားရှုမှတ်ခြင်း အမျိုးမျိုး ရှိပါသည်။ မေတ္တာသည် ကျွန်ုပ်တို့ အာရုံစိုက်ရမည့်အရာ မဟုတ်ဘဲ ကျွန်ုပ်တို့ ထားရှိရမည့် စိတ်အခြေအနေ၊ စိတ်သဘောထား အမျိုးအစား တစ်ခု ဖြစ်ပါသည်။ ထို့ကြောင့် မည်သည့်တရားရှုမှတ်နည်း ဖြစ်သည်ကို သိရန်လိုပါသည်။ ထူးခြားသောတစ်ခုခုကို ကြိုးစားအာရုံစိုက်ခြင်းလား။ စိတ်အခြေအနေ တစ်ခုခု ကြိုးစားထားရှိခြင်းလား။ ဘာကို အောင်မြင်အောင် ဆောင်ရွက်လိုပါသနည်း။
ထိုကိစ္စ နှစ်မျိုးစလုံးတွင် ကျွန်ုပ်တို့ သိရှိရမည့် အောက်ပါအချက်နှစ်ချက်ကို ဆုန်ခပက အလွန်ခိုင်မာစွာ အလေးထား ပြောကြားထားပါသည်-
- ပထမဦးစွာ မိမိစိတ်တွင် ပေါ်လာရန်လိုသောအရာကို ရှင်းလင်းနေရန် လိုပါသည်။ ဘုရားပုံတော် မြင်ယောင်ကာ တရားရှုမှတ်ခြင်း ဖြစ်စေ၊ မေတ္တာဖြင့် တရားရှုမှတ်ခြင်းဖြစ်စေ မိမိ၏ တရားရှုမှတ်ခြင်းတွင် ပေါ်လာသောအရာဝတ္ထုသည် အဘယ်နည်း။
- ဒုတိယအချက်မှာ ထိုအရာဝတ္ထုကို စိတ်ကမည်သို့ ဆုပ်ကိုင်ကြောင်း၊ သိရှိကြောင်း သိထားရပါမည်။
ဤနှစ်ချက်ကို သေချာမရှင်းလင်းဘဲနှင့် မိမိရရှိလိုသည့် စိတ်အခြေအနေကို မည်သို့လျှင် ဖော်ထုတ်နိုင်ပါမည်နည်း။
ဥပမာအားဖြင့် ကရုဏာဆိုလျှင် ကရုဏာသည် ဘာကိုရည်မှန်းပါသနည်း။ ပေါ်လာသောအရာသည် အဘယ်နည်း။ ကရုဏာဖြင့် တရားရှုမှတ်သောအခါ ကျွန်ုပ်တို့စိတ်တွင် ပေါ်လာသောအရာသည် ခံစားချက်ရှိသော သတ္တဝါများ၊ ဆင်းရဲဒုက္ခ ရှိနေသည့် အကန့်အသတ်ရှိသော သတ္တဝါ အမျိုးမျိုးဖြစ်ပါသည်။ ကျွန်ုပ်တို့စိတ်သည် ယင်းတို့ကို အာရုံစိုက်ကာ ယင်းတို့၏ ဆင်းရဲဒုက္ခနှင့် ထိုဆင်းရဲဒုက္ခ၏ အကြောင်းရင်းများကဲ့သို့ အစိတ်အပိုင်း အချို့ကို ခွဲခြားပါသည်။ ထိုအရာများကို စိတ်သည် မည်ကဲ့သို့ဆုပ်ကိုင်ပါသနည်း။ ထိုသတ္တဝါများသည် သူတို့၏ ဆင်းရဲဒုက္ခနှင့် ယင်း၏ အကြောင်းရင်းများမှ ကင်းဝေးစေလိုသော အားကောင်းသည့်ဆန္ဒဖြင့်၊ ထိုသို့ဖြစ်ရန် မိမိကိုယ်တိုင် ကြိုးစားမည့် ရည်မှန်းချက်ဖြင့် စိတ်သည် ထိုအရာများကို ဆုပ်ကိုင်ပါသည်။ ဤနည်းဖြင့် မိမိနာယူဖတ်ရှုထားသော ညွှန်ကြားချက်များကို တွေးတောရာမှတစ်ဆင့် ကျွန်ုပ်တို့သည် မိမိဖော်ထုတ်လိုသော စိတ်အခြေအနေကို အလွန်ရှင်းလင်းစွာ သိရှိနားလည်လာနိုင်ပါသည်။
ဗောဓိစိတ္တဖြင့် တရားရှုမှတ်ရန် စီစဉ်ထားပါက ထိုသို့တရားရှုမှတ်ရာတွင် ကျွန်ုပ်တို့စိတ်၏ဆောင်ရွက်ပုံကို တွေးတောကာ အလွန်ရှင်းရှင်းလင်းလင်း သိရန်လိုပါသည်။ လူအများစုသည် ဗောဓိစိတ္တကို ကရုဏာနှင့် ရောထွေးကြပါသည်။ သို့သော် ဗောဓိစိတ္တနှင့် ကရုဏာတို့သည် မတူညီပါ။ ဗောဓိစိတ္တသည် ကရုဏာကို အခြေခံထားသည့် စိတ်အခြေအနေတစ်ခု ဖြစ်ပါသည်။ သို့သော် ဗောဓိစိတ္တသည် အခြားသူများကို ဆင်းရဲဒုက္ခနှင့် ၎င်း၏အကြောင်းရင်းများမှ ကင်းလွတ် စေလိုခြင်းထက် များစွာ ပိုပါသည်။ အကန့်အသတ်ရှိသော သတ္တဝါများကို ဉာဏ်အလင်းရရှိမှု ရရှိစေလိုခြင်းနှင့် ထိုအတွက် တာဝန်ယူလိုခြင်းထက် ပိုပါသည်။ သို့သော် ဤကောင်းမွန်သော ဆန္ဒများနှင့် ခံစားချက်များသည် ဗောဓိစိတ္တ ရရှိရန် တည်မှီပြီး ပြုစုပျိုးထောင်ရသည့် အပြုသဘော ခံစားချက်များ ဖြစ်ပါသည်။ ပထမဦးစွာ မေတ္တာနှင့် ကရုဏာ အခြေခံရှိရန် လိုပါသည်။
ထိုင်ခုံပေါ်တွင်ထိုင်ပြီး ဗောဓိစိတ္တဖြင့် တရားရှုမှတ်ချိန်တွင် ကျွန်ုပ်တို့သည် ဘာကိုအာရုံစိုက်ပါသနည်း။ မိမိ၏ မရရှိသေးသော ဗုဒ္ဓသဘာသဘာဝ အချက်အလက်များ၏ အခြေခံနှင့် ဉာဏ်အလင်းရရှိမှုအတွက် ကျွန်ုပ်တို့ ဆောင်ရွက်ရန်လိုသည့် ကြိုးစားအားထုတ်မှုအားလုံး၏ အခြေခံဖြင့် ဖြစ်လာ နိုင် သည့် ထိုဉာဏ်အလင်းရရှိမှုကို အာရုံစိုက်ပါသည်။ ကျွန်ုပ်တို့၏ ဗုဒ္ဓသဘာသဘာဝ အချက်အလက်များမှာ ဘုရားဖြစ်နိုင်ရန် ကျွန်ုပ်တို့အားလုံးတွင် ရှိသည့် ကျွန်ုပ်တို့စိတ်၏ သန့်ရှင်းသော သဘောသဘာဝကဲ့သို့ အခြေခံ အရည်အသွေးများနှင့် လက္ခဏာရပ်များ ဖြစ်ပါသည်။ စကြမုနိ ဗုဒ္ဓမြတ်စွာ၏ ဉာဏ်အလင်းရရှိမှုကို အာရုံစိုက်ခြင်း မဟုတ်ပါ။ ယေဘုယျ မသေချာသော ဉာဏ်အလင်းရရှိမှုကို အာရုံစိုက်ခြင်း မဟုတ်ပါ။ မိမိ၏ တစ်ဦးချင်း ဉာဏ်အလင်းရရှိမှု၊ မဖြစ်ပေါ်သေးသော ဉာဏ်အလင်းရရှိမှုကို အာရုံစိုက်ခြင်းသာ ဖြစ်ပါသည်။
မဖြစ်ပေါ်သေးသော ဉာဏ်အလင်းရရှိမှုကို မည်ကဲ့သို့ အာရုံစိုက်မည်နည်း။ သိပ်တော့ မလွယ်ကူပါ။ ပထမဦးစွာ ၎င်း၏ဆိုလိုရင်း၊ ၎င်းဖြစ်စဉ် အမျိုးအစားဖြစ်သည့် မဖြစ်ပေါ်သေးသော ဖြစ်စဉ် သို့မဟုတ် ကိစ္စကို နားလည်ရန် လိုပါသည်။ ဥပမာအားဖြင့် မဖြစ်ပေါ်သေးသော ပျိုးပင်သည် မျိုးစေ့ထဲတွင် ထွက်လာရန် စောင့်ဆိုင်းကာ တည်ရှိပြီး ဖြစ်သလား၊ သို့မဟုတ် မဖြစ်သေးသော ပျိုးပင်သည် မျိုးစေ့ဖြစ်နေချိန်တွင် လုံးဝ မတည်ရှိဘူးလားဟု စဉ်းစားရန် လိုပါသည်။
မဖြစ်ပေါ်သေးသော ဉာဏ်အလင်းရရှိမှုကို အာရုံစိုက်သောအခါ မိမိအာရုံစိုက်နေသော အရာကို ရှင်းလင်းသော နားလည်မှု အမှန်တကယ် ရရှိရန်အတွက် ဘာမှမရှိခြင်းကို နားလည်ရန် လိုအပ်ပါသည်။ ကျွန်ုပ်တို့၏ မဖြစ်ပေါ်သေးသော ဉာဏ်အလင်းရရှိမှုသည် ကျွန်ုပ်တို့ဦးတည်နေသော ပြိုင်ပွဲတစ်ခု၏ ပန်းတိုင်ကဲ့သို့ တစ်နေရာရာတွင် အထိုင်ရှိနေခြင်း မဟုတ်ပါ။ ထို့ပြင် စိတ်ထဲတွင် သို့မဟုတ် ဗုဒ္ဓသဘောသဘာဝများထဲတွင် ပေါ်ထွက်လာရန် စောင့်ဆိုင်းနေခြင်း မဟုတ်ပါ။ ထိုသို့ ရှာတွေ့နိုင်သော အရာတစ်ခု မဟုတ်ပါ။ တစ်ဖက်တွင်မူ လုံးဝမတည်ရှိသည့် တစ်စုံတစ်ခုကို အာရုံစိုက် နေခြင်းလည်း မဟုတ်ပါ။ ဘာမှမရှိခြင်းကို အာရုံစိုက်နေခြင်း မဟုတ်ပါ။ မဖြစ်ပေါ်သေးသော ဉာဏ်အလင်းရရှိမှုသည် ကျွန်ုပ်တို့၏ ဗုဒ္ဓသဘောသဘာဝ အချက်များကို အခြေခံသည့် ကျွန်ုပ်တို့၏ စိတ်အစဉ်တွင် မှန်ကန်စွာ ကိန်းအောင်း နိုင်သည့်အရာ ဖြစ်ပါသည်။ ထိုသို့ မှန်ကန်စွာ ကိန်းအောင်းသည့် တစ်စုံတစ်ခုသည် ဘာကိုဆိုလိုကြောင်း သင့်တော်သော အခြေခံဖြင့် သိရှိရန်လည်း လိုပါသည်။
သို့ရာတွင် မဖြစ်ပေါ်သေးသော ဉာဏ်အလင်းရရှိမှုကို အာရုံစိုက်ရန်အတွက် မိမိစိတ်တွင် ပေါ်လာသည့် ဉာဏ်အလင်းရရှိမှုကို စိတ်ဖြင့် ကိုယ်စားပြုမှု တစ်ခုခုဖြင့် အာရုံစိုက်ရန် လိုပါသည်။ ဥပမာ၊ “ဉာဏ်အလင်းရရှိမှု” စကားလုံး၏ အသံကို စိတ်ကူးနိုင်သလို မိမိရှေ့တွင် ဘုရားရှင် ကြွလာသကဲ့သို့ မြင်ယောင်နိုင်ပါသည်။ တန္တရ အစဉ်အလာတွင် မိမိကိုယ်ကို ဗုဒ္ဓပုံသဏ္ဌာန်ဖြင့် မြင်ယောင်နိုင်ပါသည်။ ဤဥပမာတိုင်းတွင် ကျွန်ုပ်တို့သည် စိတ်တွင် ပေါ်လာသည့် စိတ်၏အသံ သို့မဟုတ် စိတ်ရုပ်ပုံလွှာဖြင့် မိမိ၏ မဖြစ်ပေါ်သေးသော ဉာဏ်အလင်းရရှိမှုကို ကိုယ်စားပြုမှုအဖြစ် သဘောထားရန် လိုပါသည်။
ထို့နောက် ကျွန်ုပ်တို့၏စိတ်တွင် ဤသို့ပေါ်လာသော စိတ်အရာဝတ္ထုကို မည်ကဲ့သို့ အာရုံစိုက်မည်နည်း။ မဖြစ်ပေါ် သေးသော ဉာဏ်အလင်းရရှိမှုကို ကျွန်ုပ်တို့၏စိတ်တွင် ဤသို့ပေါ်လာသော စိတ်အရာဝတ္ထုက ကိုယ်စားပြုသည့် အနေနှင့် ရည်မှန်းချက်နှစ်ခုဖြင့် အာရုံစိုက်ပါသည်။ ပထမရည်မှန်းချက်သည်- “ငါသည် ဉာဏ်အလင်းရရှိမှု အောင်မြင်တော့မည်” ဟူ၍ ဖြစ်ပါသည်။ ယခုအခါ ဉာဏ်အလင်းရရှိလိုသော ရည်ရွယ်ချက် ထားရှိခြင်းသည် ကျွန်ုပ်တို့တွေးတော နားလည်ရမည့် အခြားအချက်များစွာ အပေါ်တွင် မူတည်ပါသည်။ ဉာဏ်အလင်းရရှိအောင် လုပ်ဆောင်ရမည့်အရာကို လက်တွေ့ကျစွာ သိရန်လိုပါသည်။ ကျွန်ုပ်တို့သည် “အို၊ ဒါကိုအောင်မြင်မှာပဲ” ဟု ကြုံသလို သဘောထား၍ မရနိုင်ပါ။ ၎င်းကို မည်ကဲ့သို့ အောင်မြင်မည်ကို သိရှိရန်လိုကာ ၎င်းကို အောင်မြင် နိုင် ကြောင်း အခိုင်အမာ ယုံကြည်ရန် လိုပါသည်။ ဉာဏ်အလင်းရရှိမှု အခြေအနေကို အောင်မြင်ရန် မှန်ကန်သော ရည်မှန်းချက် ရှိရန် လိုပါသည်။ ထိုသို့မဟုတ်ပါက ထိုသို့အောင်မြင်လိုသော အိပ်မက်သာ ဖြစ်ပါသည်။ ထို့ပြင် ဉာဏ်အလင်းရရှိမှု ဆိုသည်ကို မှန်ကန်စွာ နားလည်ရန် လိုပါသည်။ ယင်းမှာလည်း အတော် နားလည်ရ လွယ်ကူပါသည်။ တွေးတောခြင်းဆိုသည့် ဤဒုတိယအဆင့်မှနေ၍ ဤနားလည်မှုအားလုံးကို ရရှိပါသည်။
ဤသို့စိတ်၏ ကိုယ်စားပြုမှုကို အာရုံစိုက်နေစဉ် ထားရှိသည့် ဒုတိယ ရည်မှန်းချက်မှာ ကျွန်ုပ်တို့သည် ထိုဉာဏ်အလင်း ရရှိမှုဖြင့် အခြားသူများကို တတ်နိုင်သမျှ အကျိုးပြုမည်ဟူ၍ ဖြစ်ပါသည်။ တကယ်တော့ ဉာဏ်အလင်းရရှိမှု ဆိုသည်မှာ အရာရာစွမ်းနိုင်သော နတ်ဘုရား ဖြစ်လာခြင်းကို မဆိုလိုပါ။ အားလုံးကို အကျိုးပြုနိုင်ခြင်းသည် ဗောဓိစိတ္တ မူတည်သည့် အခြေခံများ ဖြစ်သော မေတ္တာနှင့် ကရုဏာတို့ကို ကြိုတင်ချမှတ်သည့် အဆင့်များ ထားရှိမှုတွင် မူတည်ပါသည်။ ကျွန်ုပ်တို့သည် အခြားသူများကို ဆင်းရဲဒုက္ခအားလုံးမှ လွတ်ကင်းကာ ပျော်ရွှင်မှု အပြည့်အဝ ပေးအပ်လိုသည့် ဆန္ဒကြောင့် သူတို့ကို ဉာဏ်အလင်းရရှိအောင် တာဝန်ယူလိုပါသည်။
ဤတွေးတောမှု အဆင့်သည် အလွန်ရှည်ကြာပြီး အားထုတ်မှုများစွာ လိုအပ်ပါသည်။ သို့သော် ဤအဆင့် အဆုံးတွင် ကျွန်ုပ်တို့ ကြိုးစားရရှိလိုသော စိတ်အခြေအနေ၊ ထိုစိတ်အခြေအနေကို တည်ဆောက်ပုံ တို့ကို သေချာတိကျစွာ နားလည် သိရှိလာပါသည်။ ထိုစိတ်အခြေအနေကို ဖော်ထုတ်နိုင်ကာ ထိုသို့ ဖော်ထုတ်ခြင်းသည် အလွန်အကျိုးရှိကြောင်း ကိုလည်း အပြည့်အဝ မှန်ကန်စွာ ယုံကြည်လာပါသည်။
ဤတွေးတောမှု လုပ်ငန်းသည် တရားရှုမှတ်ခြင်းနှင့် တူသော်လည်း အစဉ်အလာ သတ်မှတ်ချက်အရ တရားရှုမှတ်ခြင်း မဟုတ်ပါ။ ဤဝေါဟာရကို အလွန်တိကျစွာ အသုံးမပြုသော အနောက်တိုင်းသားများက ဤတွေးတောမှုလုပ်ငန်းကို “တရားရှုမှတ်ခြင်း” ဟုခေါ်နိုင်ပြီး ယင်းမှာ မမှန်ပါ။ ကျွန်ုပ်တို့သည် တွေးတောခြင်းနှင့် တရားရှုမှတ်ခြင်း၏ ခြားနားချက်များကို ရှင်းလင်းစွာသိရှိရန် လိုပါသည်။
ဤတွေးတောမှု လုပ်ငန်းသည် အလွန်အကျိုးရှိသော ဆောင်ရွက်ချက် ဖြစ်ပါသည်။ တရားတော်အကြောင်း တွေးတောခြင်းကို အချိန်မရွေး ဆောင်ရွက်နိုင်ပါသည်။ တကယ်တော့ နေ့စဉ်ဘဝတွင် အခြားလှုပ်ရှားမှုများ ဆောင်ရွက်နေစဉ် ပြုလုပ်လျှင် အလွန်အကျိုးရှိသောအရာ ဖြစ်ပါသည်။ ဥပမာအားဖြင့် ကားလမ်းပိတ်နေသောအခါ ဤအခြေအနေတွင် မေတ္တာ စသည့် စိတ်အခြေအနေ တစ်ခုခု အသုံးချပုံကို တွေးတောနိုင်ပါသည်။ ထိုအခါ မည်သို့ ဆီလျော်မှု ရှိပါသနည်း။ ၎င်း၏ အကျိုးကျေးဇူးများသည် အဘယ်နည်း စသည်ဖြင့် ဖြစ်ပါသည်။ ဤသည်မှာ တစ်နေ့တာအတွင်း တွေးတောနိုင်သော အချက်များ ဖြစ်ပါသည်။
တရားရှုမှတ်ခြင်း
ယခုအခါ အဆင့်သုံးဆင့် လုပ်ငန်း၏ တတိယအဆင့် ဖြစ်သည့် တရားရှုမှတ်ခြင်းအကြောင်း ရောက်လာပါပြီ။ တရားရှုမှတ်ခြင်းသည် အစားအစာကို ကျွန်ုပ်တို့ ဝါးပြီးသည်နှင့် ချေဖျက်သည်နှင့် တူပါသည်။ တရားရှုမှတ်ခြင်း၏ ရည်ရွယ်ချက်သည် အပြုသဘော စိတ်အခြေအနေကို အလေ့အထ ဖြစ်အောင် ပြုလုပ်ရန်၊ ထိုအခြေအနေကို တွေးတောနားလည်ကာ ၎င်းကိုဖော်ထုတ်နိုင်သည်ဟု ယုံကြည်သည်နှင့် ထိုစိတ်အခြေအနေ အမှန်တကယ် ရရှိလာရန် ဖြစ်ပါသည်။
တရားရှုမှတ်ခြင်းသည် အဓိကအားဖြင့် အဆင့်နှစ်ဆင့် ပါဝင်ပါသည်။ တစ်ဆင့်မှာ “လေ့လာဆန်းစစ်သော တရား ရှုမှတ်ခြင်း” ဟု ကျွန်ုပ်ဘာသာပြန်သည့် အဆင့် ဖြစ်ပါသည်။ ယင်းကို “ဝေဖန်ဆန်းစစ်သော တရားရှုမှတ်ခြင်း” ဟု ဘာသာပြန်လေ့ ရှိသော်လည်း “ဝေဖန်ဆန်းစစ်သော” ဆိုရာတွင် တွေးတောမှု အဆင့်နှင့် ရှုပ်ထွေးတတ်ပါသည်။ “လေ့လာဆန်းစစ်သော” ဆိုသည့်စကားလုံးက ဤဝေါဟာရအတွက် ပိုမိုတိကျသော ဘာသာပြန်ဟု ယူဆပါသည်။ ဤအယူအဆအရ “လေ့လာဆန်းစစ်သည်” ဆိုရာတွင် တစ်ခုခုကို ဂရုတစိုက် စိစစ်ကာ နည်းလမ်းတစ်ခုခုဖြင့် နားလည်ခြင်းကို ဆိုလိုပါသည်။ တရားရှုမှတ်ခြင်း၏ ဒုတိယ အစိတ်အပိုင်းမှာ သတ်မှတ်ထားရှိသော တရားရှုမှတ်ခြင်း ဖြစ်ပြီး ထိုစိတ်အခြေအနေအပေါ်တွင် အမှန်တကယ် ထားရှိကာ ဆက်လက်အာရုံစိုက်ပါသည်။ ဤဒုတိယအဆင့်ကို “တည်ငြိမ်အောင်ထားသော တရားရှုမှတ်ခြင်း” ဟု ခေါ်ပါသည်။
ပထမဆင့်ဖြစ်သည့် လေ့လာဆန်းစစ်သော တရားရှုမှတ်ခြင်းကို ဘယ်လိုဆောင်ရွက်ပါသလဲ။ တွေးတောသည့် လုပ်ငန်းအတွင်း ကျိုးကြောင်းဆက်စပ်မှုများ သို့မဟုတ် စိတ်အခြေအနေတစ်ခုအထိ တည်ဆောက်ရန်အတွက် အဆင့်ဆင့်ကို ဖြတ်ကျော်ရပါသည်။ ကျွန်ုပ်တို့ ရရှိလိုသော စိတ်အခြေအနေကို နားလည်ရန်နှင့် ယင်းကိုမည်ကဲ့သို့ ရရှိနိုင်ပုံကို နားလည်ရန် ရည်ရွယ်ကာ ထိုသို့ဆောင်ရွက်ပါသည်။ ယခုအခါ လေ့လာဆန်းစစ်သော တရားရှုမှတ်ခြင်းဖြင့် ကျွန်ုပ်တို့သည် စိတ်အခြေအနေတစ်ခု ဖော်ထုတ်ရန် ကျိုးကြောင်းဆက်စပ်မှုများ သို့မဟုတ် အဆင့်များကို ဖြတ်ကျော်ရ ပါသည်။ သို့သော် ယခုအခါ ထိုစိတ်အခြေအနေကို အမှန်တကယ် ဖော်ထုတ်ရန်နှင့် မိမိစိတ်တွင် လောလောလတ်လတ် ရှိနေရန် ဤလုပ်ငန်းကို ဆောင်ရွက်ပါသည်။ ဥပမာ၊ အားလုံးအတွက် ကရုဏာ ထားရှိရန်အတွက် “အားလုံးသည် ငါ၏ မိခင် ဖြစ်ခဲ့ဖူးသည်။ အားလုံးသည် ငါ့အား ကြင်နာသည်...” စသည့် ကျိုးကြောင်းဆက်စပ်မှုအတိုင်း လိုက်နာပါသည်။ ထိုနည်းဖြင့် ရည်ရွယ်ထားသည့် စိတ်အခြေအနေသို့ ရောက်သည်အထိ အမှန်တကယ် အားထုတ်ကာ အမှန်တကယ် တွေ့ကြုံခံစားပါသည်။
ဤအဆင့်ဆင့် လုပ်ငန်းတွင် မိမိကိုယ်တိုင် ရင်းနှီးလိုသော စိတ်အခြေအနေသို့ ရောက်သည့်အဆင့်အထိ ကြိုးစားလိုက်သည်နှင့် အာရုံစိုက်သောအရာကို ထိုနည်းဖြင့် တက်ကြွစွာ လေ့လာဆန်းစစ် ပါသည်။ သို့မဟုတ် နားလည်သဘောပေါက်ပါသည်။ ဥပမာအားဖြင့် ကရုဏာ တရားရှုမှတ်နေပါက အကန့်အသတ် ရှိသော သတ္တဝါ အားလုံးကို သူတို့၏ ပြဿနာများနှင့် ဆင်းရဲဒုက္ခများ အနေနှင့် ခွဲခြားသိရှိသော အသေးစိတ်ဖြင့် အထူး အာရုံစိုက်ပါသည်။ သူတို့သည် ဆင်းရဲဒုက္ခ ကြုံနေပြီး ကျွန်ုပ်တို့က သူတို့ကို ထိုဆင်းရဲဒုက္ခမှ လွဝ်ကင်းစေလိုကာ ထိုသို့ လွတ်ကင်းအောင် ကူညီလိုသော ရည်ရွယ်ချက် ထားရှိပါသည်။ ခံစားချက်ရှိသော သတ္တဝါများကို စိတ်ထဲတွင် အမှန်တကယ် ရှုမြင်ပါသည်။ ဤနည်းဖြင့် မိမိစိတ်တွင် သူတို့ကို ကြည့်မြင်ပါသည်။ သို့မဟုတ် လူတို့ကို အမှန်တကယ်မြင်သော လက်တွေ့ဘဝလည်း ဖြစ်နိုင်ပါသည်။ ကရုဏာသည် အခြားသူများနှင့် သူတို့၏ ဆင်းရဲဒုက္ခကို အာရုံစိုက်ပါသည်။ ယင်းတို့မှ လွတ်မြောက်စေလိုသော ဆန္ဒလည်း ပါဝင်ပါသည်။
ကျွန်ုပ်တို့သည် တက်ကြွသော လုပ်ငန်းစဉ်တွင် ထိုလေ့လာဆန်းစစ်မှုဖြင့် ခဏတာ နေထိုင်ပါသည်။ ဆက်လက်၍ တည်ငြိမ်အောင်ထားသော တရားရှုမှတ်ခြင်းတွင် ကျွန်ုပ်တို့ လေ့လာဆန်းစစ်ထားသည်ကို အခြေခံအားဖြင့် နှလုံးသွင်းပါသည်။ ဤအကြောင်းအရာ သို့မဟုတ် စိတ်အခြေအနေကို အပြည့်အဝ အာရုံစိုက်ပါသည်။ လေ့လာ ဆန်းစစ်သော တရားရှုမှတ်ခြင်း အဆင့်တွင်လည်း စူးစိုက်မှုရှိရန် လိုပါသည်။ သို့သော် ဤသို့ တည်ငြိမ်အောင်ထားသော အဆင့်တွင် ခံစားချက်ကို နှလုံးသားထဲသို့ နက်ရှိုင်းစွာ နစ်ဝင်သွားအောင် ပြုလုပ်ပါသည်။ ကရုဏာကို အားကောင်းစွာ ခံစားနေပါသည်။
ဤသို့ လေ့လာဆန်းစစ်မှုနှင့် တည်ငြိမ်အောင်ထားမှု အဆင့်နှစ်ဆင့်ကို အပြန်ပြန် အလှန်လှန် တစ်လှည့်စီ ဆောင်ရွက်ကာ နောက်ဆုံးတွင် ယင်းတို့ကို ပေါင်းစပ်လာနိုင်ပါသည်။ လေ့လာဆန်းစစ်မှုနှင့် တည်ငြိမ်အောင်ထားမှု တရားရှုမှတ်ခြင်း အဆင့်များကို ပေါင်းစည်ခြင်းသည် အလွန်ခက်ခဲပါသည်။ ကျွန်ုပ်တို့ ပေါင်းစပ်လိုသော အဆင့်များအကြောင်း ဆွေးနွေးထားသည်မှာ အလွန်ရှုပ်ထွေးပါသည်။ အသေးစိတ်အချို့ကို သိရှိလိုပါက ကျွန်ုပ်၏ဝက်ဘ်ဆိုက်တွင် ထပ်မံဖတ်ရှုနိုင်ပါသည်။
ထို့ပြင် အလွန်အဆင့်မြင့်လာသောအခါ “အားစိုက်ရသော တရားရှုမှတ်ခြင်း” ဆိုသည့်အရာကို ပြုလုပ်စရာ မလိုတော့ပါ။ အားစိုက်ရသော တရားရှုမှတ်ခြင်းသည် လေ့လာဆန်းစစ်သော တရားရှုမှတ်ခြင်း လုပ်ငန်းတွင် အဆင့်အလိုက် ဖြတ်ကျော်ကာ စိတ်အခြေအနေ တည်ဆောက်မှု ဖြစ်ပါသည်။ အဆင့်မြင့် အဆင့်တွင် ကျွန်ုပ်တို့သည် အားမစိုက်ရသည့် လေ့လာဆန်းစစ်သော တရားရှုမှတ်ခြင်းကို ဆောင်ရွက်နိုင်ပါသည်။ အဆင့်ဆင့် သို့မဟုတ် ကျိုးကြောင်းဆက်စပ်မှုများ မဖြတ်ကျော်ဘဲ လိုအပ်သော စိတ်အခြေအနေကို ချက်ချင်း ဖော်ထုတ်နိုင်ပါသည်။ သို့သော် လေ့လာဆန်းစစ်သော တရားရှုမှတ်ခြင်းကို အားထုတ်ချိန်တွင် ပြုလုပ်သကဲ့သို့ အာရုံစိုက်သောအရာကို လေ့လာဆန်းစစ်ရန် ဤစိတ်အခြေအနေကို အသုံးပြုရပါသေးသည်။
တရားရှုမှတ်ခြင်း အမျိုးအစားများ
တရားရှုမှတ်ခြင်း နှစ်မျိုးနှစ်စားရှိသည်ဟု တစ်ခါတစ်ရံ မှတ်သားမိပါသည်။ ယင်းတို့မှာ သက္ကတဘာသာဖြင့် “သမထ” နှင့် “ဝိပဿနာ” သို့မဟုတ် တိဘက်ဘာသာဖြင့် “ရှီနေ” နှင့် “ဟန်တုန်” ဖြစ်ပါသည်။ ဤဝေါဟာရ နှစ်ခုသည် တကယ်တော့ တရားရှုမှတ်ခြင်းမှတစ်ဆင့် ကျွန်ုပ်တို့ ရရှိရန် ရည်မှန်းထားသော စိတ်အခြေအနေနှစ်ခုကို ရည်ညွှန်းပါသည်။ သမထ သည် တည်ငြိမ်ပြီး ခိုင်မြဲသော စိတ်အခြေအနေဖြစ်သည်။ တည်ငြိမ်သည် ဆိုရာတွင် စိတ်ညစ်ညူးမှုနှင့် စိတ်ပျံ့လွင့်မှု သို့မဟုတ် စိတ်မငြိမ်မှု (အခြား စွဲမက်ဖွယ်အရာများဆီသို့ ပျံ့လွင့်သောစိတ်) အဆင့်အားလုံးကို ငြိမ်သက်သွားစေသည့် တရားရှုမှတ်ခြင်းဟု ယူဆနိုင်ပါသည်။ သမထ သည် ခိုင်မြဲသည် ဆိုရာတွင် ၎င်း၏အာရုံစိုက်မှုသည် အရာဝတ္ထုပေါ်တွင် အခိုင်အမာ မြဲမြဲနေသည့်သဘော ဖြစ်ပါသည်။ ထို့ကြောင့် တည်ငြိမ်အောင်ထားသော တရားရှုမှတ်ခြင်းကို အလေးပေးပါသည်။
ကျွန်ုပ်တို့သည် အသက်ရှူခြင်း၊ ဘုရားပုံတော် မြင်ယောင်ခြင်း စသည့် နည်းအမျိုးမျိုးဖြင့် ဤသို့ တည်ငြိမ်ပြီး ခိုင်မြဲသော စိတ်အခြေအနေကို ရရှိနိုင်ပါသည်။ ထိုသို့ရရှိနိုင်ခြေ ရှိသော အချက်များစွာ ရှိပါသည်။
သမထ တရားရှုမှတ်ခြင်းမှာပင် ကျွန်ုပ်တို့သည် ညွှန်ကြားချက်များ နာယူရန်၊ တရားရှုမှတ်ခြင်း အဆင့်များကို တွေးတောရန် လိုပါသည်။ ဥပမာအားဖြင့် ဘုရားပုံတော်ကို မြင်ယောင်ကြည့်ပါက မြင်ယောင်မှု အဆင့်ဆင့် တည်ဆောက်ပုံကို ညွှန်ကြားချက်များ ကြားသိရပါမည်။ ထို့နောက် ပထမ ဆောင်ရွက်ရမည့်အရာ၊ ဒုတိယ ဆောင်ရွက်ရမည့်အရာ စသည်ဖြင့် တွေးတောရပါမည်။
“ဝိပဿနာ” ဆိုသည်မှာ အလွန်ထူးခြားစွာ သိမှုစိတ်အခြေအနေ ဖြစ်ပါသည်။ အရာရာကို အလွန်ထူးခြားသောနည်းဖြင့် သိနိုင်စွမ်းရှိသည့် စိတ်အခြေအနေ ဖြစ်ပါသည်။ ဝိပဿနာ တရားရှုမှတ်ခြင်းသည် လေ့လာဆန်းစစ်သော တရားရှုမှတ်ခြင်းကို အလေးပေးပါသည်။ ဝိပဿနာ အခြေအနေကို ရရှိခြင်းအကြောင်း ပြောသောအခါ မမြဲခြင်း သို့မဟုတ် ဘာမှမရှိခြင်းကို လေ့လာဆန်းစစ်သော ထူးခြားသည့် သိမှု စိတ်အခြေအနေ ဖြစ်နိုင်သလို ထိုနှစ်ခုအနက် တစ်ခုဖြစ်ရမည်ဟု သီးခြားမသတ်မှတ်ထားပါ။ အဆင့်အမြင့်ဆုံး တန္တရ ဖြစ်သည့် အနုတ္တရယောဂ တန္တရတွင် ဤထူးခြားသည့် သိမှု စိတ်အခြေအနေဖြစ်သည့် ဝိပဿနာ ရရှိရန် နည်းတစ်နည်းမှာ နှာသီးဖျားမှ အစက်ကလေးတစ်စက် သို့မဟုတ် ရေစက်တစ်စက်ကို မြင်ယောင်ခြင်း ဖြစ်ပါသည်။ ထို့နောက် ထိုအစက်ကို မြင်ယောင်နေစဉ်မှာပင် နောက်တစ်ဆင့်တွင် အစက်နှစ်စက်ကို မြင်ယောင်ပါသည်။ ထို့နောက် လေးစက်၊ ရှစ်စက်၊ ဆယ့်ခြောက်စက်၊ သုံးဆယ့်နှစ်စက် စသည်ဖြင့် မြင်ယောင်ရပါသည်။ ယင်းတို့အားလုံးကို ကောင်းစွာ အစီအစဉ်တကျ ဖြစ်ရမည့်အပြင် ထို့နောက်တွင် မြင်ယောင်မှုကို အဆင့်အလိုက် ချေဖျက်သွားရပါသည်။ ဤမြင်ယောင်မှုမျိုးကို ဆောင်ရွက်ခြင်းဖြင့် အလွန်ထက်မြက်ပြီး ထူးခြားလှသော သိမှုစိတ်အခြေအနေကို ရရှိလာပါသည်။ ဤစိတ်အခြေအနေကို အလွန်အဆင့်မြင့်စွာ ရရှိလိုပါက မြင်ယောင်ရမည့် အခြားကျင့်ကြံနည်းများ ရှိပါသည်။ အစက်တိုင်းတွင် သင်ကျင့်ကြံနေသော နတ်ဒေဝါလောက စနစ်၏ နတ်ဒေဝါများနှင့် ၎င်းတို့၏ အသေးစိတ်များကို စက်ဝိုင်းပုံ သင်္ကေတ မြင်ယောင်ခြင်း ဖြစ်သည်။ ဤသို့ဆောင်ရွက်ပါက ထူးခြားလှသော သိမှု စိတ်အခြေအနေကို အမှန်ပင် ရရှိလာပါသည်။
ဤသို့ သမထ နှင့် ဝိပဿနာ တရားရှုမှတ်ခြင်း နှစ်မျိုးသည် ဗုဒ္ဓဘာသာ အစဉ်အလာအားလုံးတွင်သာမက အိန္ဒိယနိုင်ငံမှ ဗုဒ္ဓဘာသာမဟုတ်သော စနစ်များစွာတွင်လည်း ပါဝင်ပါသည်။ ထေရဝါဒ ဗုဒ္ဓဘာသာ အစဉ်အလာများတွင် ၎င်းတို့ကို ပါဠိစကားလုံး “သမထ” နှင့် “ဝိပဿနာ” ဟု သိထားကြပါသည်။ ထိုနှစ်မျိုးကို ဇင်ဗုဒ္ဓဘာသာတွင်လည်း တွေ့ရပါသည်။ ဥပမာအားဖြင့် ကိုရီးယားနိုင်ငံမှ ဇင် ဗုဒ္ဓဘာသာ ပုံစံတစ်ခုဖြစ်သည့် ဆုန် ဗုဒ္ဓဘာသာတွင် ခုန်- “ဒါဘာလဲ” ဟူ၍ ရှိပါသည်။ “ဒါဘာလဲ” ကို အာရုံစိုက်သောအခါ ဥပမာအားဖြင့် “ဒါကစားပွဲ။ ဒါကဖန်ခွက်” စသည်ဖြင့် အဖြေမရှိခြင်း မဟုတ်ပါ။ “နက်ရှိုင်းသော သံသယ” အခြေအနေထဲသို့ စိတ်ကိုထားရှိကာ “ဒါဘာလဲ” အမှန်တရားကို အမြဲ မေးခွန်းထုတ်ခြင်း ဖြစ်ပါသည်။ ထို့နောက် ကျွန်ုပ်တို့ စိတ်အခြေအနေသည် ထူးခြားသော သိမှု ဖြစ်လာပါသည်။
တိဘက်ဆရာတော် အများစုသည် ဇင် ဗုဒ္ဓဘာသာကို မလေ့လာကြောင်း၊ ထို့ကြောင့် မရင်းနှီးကြောင်း ရယ်စရာ ဇာတ်လမ်းတစ်ပုဒ် ရှိပါသည်။ ဇင် ဆရာတော်တစ်ပါးနှင့် ကာလုယင်းပိုချီတို့သည် နာမည်ကျော် အစည်းအဝေးတစ်ခု ကျင်းပခဲ့ပါသည်။ ဇင် ဆရာတော်က လိမ္မော်သီးတစ်လုံး မြှောက်ပြကာ ကာလုယင်းပိုချီကို “ဒါဘာလဲ” ဟု မေးပါသည်။ ကာလုယင်းပိုချီက ဘာသာပြန်သူကို နားမလည်စွာကြည့်ပြီး “ဘာဖြစ်လို့လဲ။ ဒီနိုင်ငံမှာ လိမ္မော်သီးမရှိကြဘူးလား” ဟု မေးလေသည်။
ထို့ကြောင့် ကျွန်ုပ်တို့မှာ သမထ နှင့် ဝိပဿနာ ဟူ၍ရှိပါသည်။ သမထ သည် ပြီးပြည့်စုံသော စူးစိုက်မှုမျှသာ မဟုတ်ပါ။ အာရုံစိုက်မှု အမျိုးမျိုး စသည်တို့ကို အသုံးပြုကာ အဆင့်ကိုးဆင့် ဖြတ်သန်းရပါသည်။ သို့သော် သမထ သည် ပြီးပြည့်စုံသော စူးစိုက်မှုသာမက “ဝမ်းမြောက်သော စိတ်အခြေအနေ” ဟုလည်း ခေါ်ပါသည်။ ပညာရပ် ဝေါဟာရဖြင့် ဆိုလျှင် “ကိုက်ညီသည့်သဘော” ဖြစ်ပါသည်။ ပြီးပြည့်စုံသော စူးစိုက်မှုအပြင် ကိုက်ညီသည့်သဘောလည်း ရှိပါသည်။ ဝမ်းမြောက်သော ကိုယ်နှင့်စိတ် အခြေအနေ ဖြစ်ပါသည်။ “ကိုက်ညီသည့်သဘော” သည် ပြီးပြည့်စုံစွာ လေ့ကျင့်ထားသော အားကစားသမားနှင့် ဆင်တူပါသည်။
ကျွန်ုပ်၏ဆရာတော်ဖြစ်သော ဇန်ဟဗ်ဆခုန်ယင်းပိုချီက သမထ စိတ်အခြေအနေ ထားရှိခြင်းသည် ဂျက်လေယာဉ် စီးရသည်နှင့် တူသည်ဟု ရှင်းပြပါသည်။ မြေပြင်တွင် ရပ်ထားပါက ငြိမ်နေပြီး လေထဲသို့ ပျံတက်သွားသည်နှင့် ရွေ့သွားပါမည်။ မည်သည့်အရာကိုမဆို မည်မျှကြာမြင့်ပါစေ သင်စူးစိုက်နိုင်သည်ဟု ဆိုလိုပါသည်။ ခန္ဓာကိုယ်သည် မောပန်းမသွားပါ။ စိတ်သည် မောပန်းမသွားပါ။ သင်သည် လုံးဝကျန်းမာသည်ဟု ခံစားရပါသည်။ ဝမ်းမြောက်နေပါသည်။ သမထ သည် အလွန်ဝမ်းမြောက်ဖွယ်၊ စိတ်အားတက်ကြွဖွယ်၊ ပီတိဖြစ်ဖွယ် စိတ်အခြေအနေ ဖြစ်ပါသည်။ သို့သော် ဝမ်းသာလုံးဆို့ပြီး လမ်းမပေါ် ပြေးထွက်ကာ ရုပ်ရှင်ထဲကလို ကခုန်သီဆိုခြင်းကဲ့သို့ ပီတိမဟုတ်ပါ။ ထိုသို့မဟုတ်ပါ။ စိတ်တွင် သမထ ရှိပါက အလွန်ကောင်းမွန်စွာ လေ့ကျင့်ထားသော အားကစားသမားကဲ့သို့ အလုံးစုံ ချောမွေ့နေပါသည်။
ဝိပဿနာ စိတ်အခြေအနေသည် သမထ အခြေအနေကို နောက်ထပ် ပေါင်းထည့်ခြင်း ဖြစ်သည်ဟု ရှင်းလင်းရန် အရေးကြီးပါသည်။ သမထ ၏ ပြီးပြည့်စုံစွာ စူးစိုက်မှုနှင့် ကျန်းမာမှု အခြေအနေသာမက ဒုတိယမြောက် ကျန်းမာမှု သဘောအဖြစ် ဝိပဿနာ ကို ပေါင်းထည့်ပါသည်။ ဤသည်မှာ အရာရာကို နားလည်ဆန်းစစ်ရန် ကျန်းမာသောစိတ် ဆိုသည့်သဘော ဖြစ်ပါသည်။
“စိုက်ကြည့်သော တရားရှုမှတ်ခြင်း” ဟုခေါ်လေ့ရှိသည့် တရားရှုမှတ်နည်း တစ်မျိုးလည်း ရှိပါသည်. တရားရှုမှတ် ကျင့်ကြံမှုတစ်ခုခု အားထုတ်နေသောအခါ ဗုဒ္ဓဘာသာဝင် လမ်းကြောင်း အပြည့်အစုံကို မကြာခဏ သုံးသပ်ရန် လိုပါသည်။ ရည်ရွယ်ချက်မှာ မိမိ၏ တရားရှုမှတ်ခြင်း အကြောင်းအရာသည် အားလုံးကို ခြုံငုံမိအောင် မိမိကိုယ်ကို သတိပေးရန် ဖြစ်ပါသည်။ သို့မှသာ တစ်ခုကို အလွန်အကျွံ အလေးပေးပြီး နောက်တစ်ခုကို မေ့လျော့လျစ်လျူရှုမိခြင်းမျိုး ရှောင်ရှားနိုင်ပါမည်။ ထို့ကြောင့် စိုက်ကြည့်သော တရားရှုမှတ်ခြင်း ဆိုသည်မှာ လမ်းကြောင်းတစ်ခုလုံးကို ပြန်လည်သုံးသပ်ခြင်းဟု ဆိုလိုပါသည်။ ပြန်သုံးသပ်နည်း ဖြစ်ပါသည်။
လွန်ခဲ့သော နှစ်ပေါင်းများစွာက ကျွန်ုပ်သည် ဒေါက်တာ တန်ဇင်ချိုဒရက်နှင့်အတူ မော်စကိုသို့ လာပါသည်။ သူသည် ဒလိုင်းလားမား ဆရာတော်ကြီး၏ ကိုယ်ရေးဆရာဝန် ဖြစ်ပါသည်။ ကျွန်ုပ်တို့သည် ချာနိုဘိုင်း ဓာတ်ရောင်ခြည် သင့်သူများကို တိဘက်ရိုးရာ ဆေးပညာဖြင့် ကူညီမည့် စီမံကိန်းကို ကြိုးစားနေပါသည်။ ဟိုတယ်ကောင်းကောင်းတွင် တည်းခိုကာ ကျန်းမာရေး ဝန်ကြီးဌာနမှ အရာရှိများက စနစ်တကျ လိုက်ပါစောင့်ရှောက်ပါသည်။ တစ်ခါတစ်ရံ ရုရှားလူမျိုးတို့၏ နာမည်ကျော် ဟင်းပွဲခုနစ်မျိုး စားသောက်ပွဲများကို တက်ရပါသည်။ ယခုအခါ ဒေါက်တာ တန်ဇင်ချိုဒရက်သည် တိဘက်မှ ထွက်ခွါပြီး အိန္ဒိယသို့ မရောက်မီ တရုတ် အကျဉ်းစခန်းများတွင် နှစ်ပေါင်းနှစ်ဆယ်ကျော် ကုန်ဆုံးခဲ့ပါသည်။ သို့နှင့် ဟင်းပွဲခုနစ်မျိုး စားသောက်ပွဲကို ဧည့်ခံရာ သူ့ကိုအစတွင် မည်မျှပင် သတိပေးစေကာမူ သူသည် ပထမပွဲကို အများဆုံး စားသုံးပါသည်။ နောက်တစ်ပတ်အတွက် သူရရှိမည့် တစ်ခုတည်းသော အစားအသောက်ပမာ သဘောထားသလား ထင်ရပါသည်။ ထိုအခါ ဗိုက်အလွန်ပြည့်ပြီး နောက်ထပ်ဟင်းလျာခြောက်ပွဲကို တစ်ခုမှ မစားနိုင်တော့ပါ။ ထိုသို့သော အဖြစ်မျိုးကို ရှောင်ရှားနိုင်အောင် စိုက်ကြည့်သည့် တရားရှုမှတ်ခြင်းကို ဆောင်ရွက်ပါသည်။ ဟင်းပွဲ ခုနစ်မျိုး မီနူးတစ်ခုလုံးကို ပြန်လည်သုံးသပ်ကာ စိတ်ထဲတွင်ထားခြင်းဖြင့် “အလွန်အကျွံစားသုံးခြင်း” မပြုဘဲ အကြောင်းအရာ တစ်ခုအပေါ် အလွန်အမင်း မဆောင်ရွက်တော့ပါ။ ယင်းမှာ ပထမပွဲကို အားပါးတရ သုံးဆောင်ပြီး ကျန်ဟင်းလျာများ လွတ်သွားခြင်းနှင့် တူပါလိမ့်မည်။
ယခုအခါ စိတ်အခြေအနေတစ်ခု ရရှိသည်အထိ တည်ဆောက်ရသော တရားရှုမှတ်ခြင်း အကြောင်းကို ဖော်ပြခဲ့ သော်လည်း ဤသည်မှာ ဗုဒ္ဓဘာသာတွင် တစ်ခုတည်းသော တရားရှုမှတ်နည်း မဟုတ်ပါ။ တရားရှုမှတ် ကျင့်ကြံမှု အချို့တွင် ဥပမာအားဖြင့် စိတ်သဘာဝအပေါ် ကာယု အစဉ်အလာ တရားရှုမှတ်ခြင်းအချို့ သို့မဟုတ် ဇင် ကျင့်ကြံမှု အချို့တွင် နည်းလမ်း ကွဲပြားခြားနားပါသည်။ စိတ်အခြေအနေကို တည်ဆောက် မည့်အစား စိတ်အခြေအနေ တည်ငြိမ် စေကာ မိမိစိတ်ထဲမှ မေတ္တာ သို့မဟုတ် ကြည်လင်သောစိတ် ကဲ့သို့ ပင်ကိုအရည်အသွေး အချို့ ရှိသည်ကို ရှာဖွေကာ ရရှိအောင် ကြိုးစားပါသည်။ သို့သော် ဤတရားရှုမှတ်နည်း ဆောင်ရွက်နေလျှင်ပင် ပထမဦးစွာ ညွှန်ကြားချက်များ နာယူပြီးမှသာ နားလည်သည်အထိ တွေးတောရပါသည်။ ကျွန်ုပ်တို့ တည်ငြိမ်အောင် ပြုလုပ်သော စိတ်အခြေအနေက အခြေခံသောအရာ၊ မိမိအောင်မြင် လိုသောအရာ၊ ပထမဦးစွာ ဘာလုပ်ရမည်၊ ဒုတိယ ဘာလုပ်ရမည် စသည်တို့ကိုလည်း သိရှိရန် လိုပါသည်။ “တည်ငြိမ်” စေသော တရားရှုမှတ်နည်း၏ ဖွဲ့စည်းမှုသည် “တည်ဆောက်” သော တရားရှုမှတ်နည်းနှင့် အတူတူပင် ဖြစ်ပါသည်။
တရားရှုမှတ်ရန်အတွက် အကျိုးအပြုဆုံး ပတ်ဝန်းကျင်
တရားရှုမှတ်ချိန် သတ်မှတ်ပုံ၊ တရားရှုမှတ်ရန် နေရာ၊ ကြမ်းပြင်ကို တံမြက်စည်း လှည်းခြင်း၊ အခန်း သန့်ရှင်းရေးလုပ်ခြင်း၊ ရှိခိုးခြင်း၊ ကပ်လှူခြင်း စသည်တို့အတွက် ကျယ်ကျယ်ပြန့်ပြန့် ညွှန်ကြားချက်များ ရှိပါသည်။ အားလုံးမှာ တရားရှုမှတ်ခြင်းကို ပံ့ပိုးသည့် ပတ်ဝန်းကျင် ရရှိရန် အလွန်အရေးကြီးပါသည်။ ထို့ပြင် တရားရှုမှတ်ရန် အကျိုးပြု အခြေအနေများနှင့် သင့်တော်သော ပတ်ဝန်းကျင်၊ အထူးသဖြင့် သင့်တော်သော ထိုင်ခုံနှင့် တည်ငြိမ် သန့်ရှင်းသော ပတ်ဝန်းကျင် ရှိရန် အရေးကြီးသော်လည်း မိမိအနီးတွင် ဖြစ်နေသော တင့်တယ်သည့်မြင်ကွင်းရှိရန် မလိုအပ်လှပါ။ သင့်တော်သော ရွှေရောင်အဆင်တန်ဆာများ၊ အမွှေးနံ့သာများ၊ နောက်ခံ ခေတ်သစ်တေးဂီတ စသည့်အရာအားလုံး ရှိအောင် ငွေကြေးများစွာ သုံးစွဲဖို့ မလိုပါ။ မီလရေပ သည် ထိုအရာအားလုံး မရှိခဲ့သည်မှာ သေချာပါသည်။ သူသည် သူ့တရားရှုမှတ်ကျင့်ကြံမှုတွင် အတော်လေး အောင်မြင်ခဲ့ပါသည်။ ကျွန်ုပ်တို့သည် တရားရှုမှတ်သောနေရာကို တတ်နိုင်သမျှ နှစ်လိုဖွယ် ဖြစ်စေလိုသော်လည်း အလွန်အကျွံဆောင်ရွက်ခြင်းနှင့် အပြသက်သက်အတွက် ဆင်ယင်ခြင်းများ မပါဝင်ပါ။
ထို့ပြင် မည်သည့်နေရာတွင်မဆို တရားရှုမှတ်နိုင်ရပါမည်။ မီးရထားခရီး အကြာကြီးသွားရပါက “ရထားပေါ်မှာ သောက်တော်ရေခွက်တွေ၊ အမွှေးတိုင်ထွန်းတာတွေ၊ ရှိခိုးတာတွေ မလုပ်နိုင်လို့ တရားရှုမှတ်လို့ မရဘူး” စသည်ဖြင့် မပြောပါနှင့်။ အနည်းငယ် ကျွမ်းကျင်လာသည်နှင့် ရထားပေါ်တွင်ဖြစ်စေ၊ လူအုပ်ထဲ တန်းစီရာတွင်ဖြစ်စေ မည်သည့်နေရာမဆို အမှန်ပင် တရားရှုမှတ်နိုင်ပါသည်။ နေ့စဉ်ဘဝမှာပင်လျှင် ပုံမှန်တရားရှုမှတ်ချိန်များ အကြားတွင် အခြားသူများကို မေတ္တာနှင့် ကရုဏာဖြင့် ဆက်ဆံရန် ကြိုးစားသတိရနိုင်ပါက တရားရှုမှတ်ခြင်းပင် မဟုတ်ပါလား။
တရားရှုမှတ်ခြင်း၏ အဓိကအချက်သည် တရားတော်များကို ပေါင်းစည်းရန်၊ ယင်းတို့သည် ကျွန်ုပ်တို့၏ တစ်စိတ်တစ်ပိုင်း ဖြစ်လာကာ နေ့စဉ်ဘဝတွင် အသုံးချနိုင်ရန် ဖြစ်သည်ကို မမေ့ပါနှင့်။ သို့သော် တရားရှုမှတ်ခြင်းသည် နေ့စဉ်ဘဝနှင့် လုံးဝခွဲခြားထားပါက ဝါသနာတစ်ခုမျှသာ ဖြစ်လာပါသည်။ ကျွန်ုပ်တို့ တရားရှုမှတ်ခြင်းတွင် ထူးခြားသော တန္တရနည်းဖြင့် မြင်ယောင်မှုများ အထူးသဖြင့် ပါဝင်သောအခါ ဒစ္စနေပန်းခြံထဲ ခရီးသွားသကဲ့သို့ အလွယ်တကူ ဖြစ်လာနိုင်ပါသည်။ နေ့စဉ်ဘဝနှင့် ဘာမှမဆိုင်သော စိတ်ကူးယဉ်ကမ္ဘာထဲ ရောက်သွားပါမည်။ ထိုလမ်းကြောင်းထဲ ဝင်သွားပါက စိတ်ပိုင်းဆိုင်ရာ မတည်ငြိမ်တော့ဘဲ တရားရှုမှတ်ခြင်းသည် နေ့စဉ်ဘဝအပေါ် သက်ရောက်မှု မရှိသလောက် ဖြစ်သွားပါသည်။ တရားရှုမှတ်ခြင်း၏ အဓိကအချက်သည် ဘဝတွင် အသုံးချရန်ဖြစ်သည်ကို အမှတ်ရလိုက်ပါ။
မည်သည့်နေရာတွင် ရောက်နေသည်ဖြစ်စေ တရားရှုမှတ်သောအခါ ပထမဦးစွာ စိတ်ဓာတ်စေ့ဆော်မှု ရှိရန်၊ ထိုစိတ်ဓာတ် စေ့ဆော်မှုကို အတည်ပြုရန်နှင့် စူးစိုက်မှုဖြင့် တရားရှုမှတ်လိုစိတ် ရှိရန် လိုအပ်ပါသည်။ စိတ်ပျံ့လွင့်နေပါက ပြန်ဆွဲခေါ်ရပါမည်။ အိပ်ငိုက်ပါက မိမိဘာသာ ပြန်နှိုးရပါမည်။ နောက်ဆုံးတွင် အပြုသဘောအားများ ကြိုးစား ရရှိလာပါသည်။ အပြုသဘောအားကို တရားရှုမှတ်ခြင်းဖြင့် မဖော်ထုတ်ပါက တရားရှုမှတ်ရန် ကြိုးပမ်းချက်များသည် သံသရာ အခြေအနေများကိုသာ တိုးတက်ကောင်းမွန်စေပါသည်။ ကျွန်ုပ်တို့သည် အားလုံးကို အကျိုးပြုရန်၊ ဉာဏ်အလင်းရရှိရန် အပြုသဘောအင်အားကို အားစိုက်ကြိုးပမ်းရပါသည်။
တစ်ဦးချင်းနှင့် အဖွဲ့လိုက် တရားရှုမှတ်ခြင်း
အချို့သူတို့သည် တစ်ဦးချင်း တရားရှုမှတ်ပါသည်။ တကယ်တော့ တိဘက်လူမျိုးများသည် တစ်ဦးချင်း တရားရှုမှတ်လေ့ ရှိပါသည်။ အဖွဲ့လိုက် တရားရှုမှတ်လေ့ မရှိပါ။ သို့သော် ကျောင်းတိုက်များတွင် သံဃာများနှင့် သီလရှင်များသည် အုပ်စုလိုက် ဘုရားစာရွတ်ဖတ်ကြပါသည်။ သို့သော် အနောက်တိုင်းတွင် အဖွဲ့လိုက် တရားရှုမှတ်ခြင်း ဓလေ့ထုံးစံ ဖန်တီးထားပါသည်။ လူအများစုအတွက် အဖွဲ့လိုက် တရားရှုမှတ်ခြင်း၏ အကြီးမားဆုံး အကျိုးကျေးဇူးမှာ စည်းကမ်း ဖြစ်ပါသည်။ တစ်ဦးတည်းဆိုလျှင် ထိုင်ပြီး တရားရှုမှတ်ရန် စည်းကမ်း မရှိပါ။ ရှုမှတ်ချိန် မကုန်ဆုံးမီ မတ်တပ်ထမိပါသည်။ ဘေးနားတွင် အခြားသူများ ရှိနေပါက ပိုပြီးစည်းကမ်း ရှိပါသည်။ ဂဏှာမငြိမ် သိပ်မဖြစ်တော့ပါ။ ထိုသို့ဖြစ်လျှင် အခြားသူများရှေ့၌ မျက်နှာပူသည့်အတွက် ဖြစ်ပါသည်။
အချို့သူများက အဖွဲ့လိုက် တရားရှုမှတ်ခြင်းသည် လုံးဝစိတ်ပျက်ဖွယ် ကောင်းသည်ဟု ထင်ပါသည်။ အကြောင်းမှာ အခြားသူများကြောင့် စိတ်အနှောင့်အယှက် ဖြစ်သည့်အတွက် ဖြစ်ပါသည်။ အထူးသဖြင့် တစ်ယောက်ယောက် နှာချေ၊ ချောင်းဆိုးသောအခါ မိမိ၏ တရားရှုမှတ်ခြင်းအတွက် မသင့်တော်သောကြောင့် တစ်ဦးတည်း တရားရှုမှတ်ရန် ပိုနှစ်သက်ကြပါသည်။ အထူးဖြင့် အဖွဲ့လိုက် တစ်ခုခု ညီညီညာညာ ရွတ်ဆိုသောအခါ တစ်ယောက်ယောက်က ပုံမှန်ထက် ပိုပြီးနှေးကွေးစွာ ရွတ်ဆိုပါက ကျွန်ုပ်တို့သည် ငြီးငွေ့ကာ ဒေါသထွက်မိပါသည်။ ဆန့်ကျင်ဘက်အားဖြင့် အလွန်မြန်နေပါကလည်း ဒေါသထွက်မိပါသည်။
တစ်ဦးချင်းလား၊ အဖွဲ့လိုက် တရားရှုမှတ်ခြင်းခြင်းလား၊ မိမိအတွက် ပိုမိုကောင်းမွန်သောအရာကို မိမိဘာသာ ဆုံးဖြတ်ရန် လိုပါသည်။ သို့သော် အဖွဲ့ငယ်ဖြင့် တရားရှုမှတ်ခြင်းတွင် ပါဝင်သောအခါ စိတ်ဝင်စားစရာတစ်ခုကို သတိထားမိပါသည်။ ယင်းမှာ အခြားသူ တစ်ယောက်၊ နှစ်ယောက်နှင့် တရားရှုမှတ်ခြင်း ဖြစ်ပါသည်။ အခြားသူများနှင့် အထူးသဖြင့် နီးကပ်သော သံယောဇဉ် သို့မဟုတ် ဆက်စပ်မှု ရှိသောအခါ သူတို့နှင့်အတူ အလွန်သဟဇာတ ဖြစ်သည်ဟု ခံစားရသည့် အတွက် တရားရှုမှတ်ခြင်းသည် အလွန်အောင်မြင်ပါသည်။ သင်တို့၏ အင်အားများ အချင်းချင်း အားဖြည့်ပေးသလိုပင် ဖြစ်ပါသည်။ သူတို့နှင့်အတူ တရားရှုမှတ်သည့် အခြေအနေသည် သင့်အတွက် အင်အားများစွာ၊ ရှင်းလင်းမှုများစွာ ပေးပါသည်။ သို့သော် အဖွဲ့ငယ်ဖြင့် တရားရှုမှတ်ခြင်းသူ တစ်ဦးချင်း၏ အင်အားများ အချင်းချင်း ပဋိပက္ခ ဖြစ်သောအခါ ဆန့်ကျင်ဘက် သက်ရောက်မှုသာ ဖြစ်ပါမည်။ စိတ်အနှောင့်အယှက် ဖြစ်ကာ စိတ်ထွေပြားလာပါမည်။ ထို့ကြောင့် အခြားသူများနှင့် တရားရှုမှတ်မည်ဆိုပါက မည်သူ နှင့် တရားရှုမှတ်မလဲ ဆိုသည်ကို လေ့လာရန် လိုပါသည်။
ဇွဲလုံ့လရှိရန် အရေးကြီးပုံ
နောက်ဆုံး အကြံဉာဏ်မှာ အရေးအကြီးဆုံးတစ်ချက် ဖြစ်ပါသည်။ ယင်းမှာ သံသရာ၏ သဘောသဘာဝသည် အတက်အကျ ရှိပါသည်။ ထို့ကြောင့် ကျွန်ုပ်တို့၏ တရားရှုမှတ်ခြင်းသည် သဘာဝအားဖြင့် အတက်အကျ ရှိပါမည်။ နေ့တိုင်း ပို၍ကောင်းလာမည်ဟု တစ်သမတ်တည်း ဘယ်တော့မှ မဟုတ်ပါ။ အချို့နေ့များတွင် တရားရှုမှတ်ခြင်း အဆင်ပြေပြီး အချို့နေ့များတွင် သိပ်အဆင်မပြေပါ။ အချို့နေ့များတွင် တရားရှုမှတ်လိုပြီး အချို့နေ့များတွင် လုံးဝ ရှုမှတ်လိုစိတ် မခံစားရပါ။ ဤသည်မှာ လုံးဝကို ပုံမှန်ဖြစ်ပြီး သဘာဝကျပါသည်။ သံသရာ၏ သဘောသဘာဝလည်း ဖြစ်ပါသည်။ အဓိကအချက်မှာ မည်သို့ ခံစားရသည်ဖြစ်စေ ဇွဲလုံ့လထားပြီး ဆက်လက်အားထုတ်သင့်ပါသည်။ “တရားမရှုမှတ်ချင်ဘူး” ဟု တွေးမိပါက ဘာဖြစ်မည်နည်း။ ဘယ်လိုပဲဖြစ်ဖြစ် တရားရှုမှတ်ပါ။ အစဉ်အဆက် မပြတ်ပါစေနှင့်။ နေ့စဉ် နှစ်မိနစ်၊ သုံးမိနစ်ပင် ဖြစ်စေ ပုံမှန်ပြုလုပ်ပါ။ ထိုသို့အစဉ်အဆက် ထိန်းသိမ်းမှုသည် လမ်းကြောင်းပေါ်တွင် တည်ငြိမ်မှုရစေရေးအတွက် များစွာ အရေးကြီးပါသည်။
ထို့ပြင် အထူးသဖြင့် စတင်လေ့ကျင့်စဉ်တွင် တရားရှုမှတ်ချိန်ကို အလွန်မကြာပါစေနှင့်။ သုံးမိနစ်မှ ငါးမိနစ်ဆိုလျှင် လုံလောက်ပါသည်။ ထိုသို့မဟုတ်ပါက “ပြီးအောင် မစောင့်နိုင်တော့ဘူး” ဟုတွေးကာ နောက်တစ်ကြိမ် တရားရှုမှတ်လိုတော့မည် မဟုတ်ပါ။ ဆက်လက်ရှုမှတ်လိုစိတ် ရှိနေချိန်တွင် တရားရှုမှတ်ခြင်း အဆုံးသတ်လိုက်သောအခါ နောက်တစ်ကြိမ်အတွက် အလွန်တက်ကြွနေပါမည်။ တစ်ယောက်ယောက်ထံ သွားလည်ပြီး ထိုသူနှင့် ဆက်ရှိနေချိန်တွင် ခွဲခွာလိုက်ပါက မကြာခင် ထပ်တွေ့ဆုံလိုသည်နှင့် တူပါသည်။ သို့သော် သူတို့ကို အလွန်ပျင်းရိငြီးငွေ့စေပြီး မြန်မြန်ပြန်စေလိုသည်အထိ အချိန်ကြာသွားပါက နောက်ထပ် တွေ့ဆုံရန် စိတ်ပါတော့မည် မဟုတ်ပါ။
နိဂုံးချုပ်အားဖြင့် တရားရှုမှတ်ချိန်ကို တဖြည်းဖြည်း တိုးမြှင့်သွားရန် အရေးကြီးပါသည်။ ပြုလွယ်ပြင်လွယ် ရှိရန်လည်း အလွန် အရေးကြီးပါသည်။ စောစောက ပြောသလိုပင် တရားရှုမှတ်ခြင်းကို တစ်နေ့မှ မပျက်ကွက်ပါစေနှင့်။ နေ့စဉ် တရားရှုမှတ်ပါက တည်ငြိမ်မှု၊ အားထားရမှုနှင့် ယုံကြည်မှုတို့ ရရှိလာပါမည်။ သို့သော် ပြုလွယ်ပြင်လွယ် ရှိရပါမည်။ တစ်ခါတစ်ရံ ဆန္ဒရှိသည့်အတိုင်း အပြည့်အဝ တရားရှုမှတ်နိုင်သော်လည်း တစ်ခါတစ်ရံ အချိန်မရဘဲ အတိုချုံ့လိုက်ရ တတ်ပါသည်။ အနည်းဆုံးတော့ နေ့စဉ်ဆောင်ရွက်ဖြစ်ပါသည်။ အစွန်းလည်း မရောက်ပါနှင့်။ သင့်ကိုယ်သင် အရမ်းမနှိပ်စက်ပါနှင့်။ ကျွန်ုပ်အနှစ်သက်ဆုံး ဇင် ဆိုရိုးစကားမှာ- “သေဆုံးမှုက အချိန်မရွေး လာနိုင်သည်။ စိတ်အေးအေးထားပါ” ဖြစ်ပါသတည်း။