ဗုဒ္ဓဘာသာတွင် အမျိုးသမီးများ၏ အခန်းကဏ္ဍ- ဘိက္ခုဏီသာသနာ ပြန်လည်ထူထောင်ခြင်း

ရှေးခေတ်အခါက ကျား၊ မ ကွဲပြားမှုသည် သိပ်အရေးမကြီးဟန် တူပါသည်။ သို့သော် မြို့ပြဖွံ့ဖြိုးတိုးတက်လာသည် နှင့်အမျှ လူ့အဖွဲ့အစည်းများကို ၎င်းတို့ရန်သူများ တိုက်ခိုက်မှုမှ ကာကွယ်ရန် ခွန်အားနှင့် စွမ်းအားသည် ပိုမိုအရေးပါသော အခန်းကဏ္ဍမှ ပါဝင်လာပါသည်။ အကျိုးဆက်အားဖြင့် အမျိုးသားများက ကာယခွန်အား ပိုကြီးမားသောကြောင့် လွှမ်းမိုးခဲ့ပါသည်။ နောက်ပိုင်းခေတ်များတွင် ပညာရေးနှင့် အသိဉာဏ်က ပို၍အရေးကြီးသော အခန်းကဏ္ဍမှ ပါဝင်လာပါသည်။ သို့ဖြစ်ရာ အမျိုးသားနှင့် အမျိုးသမီး ကွာခြားမှု မရှိတော့ပါ။ သို့သော် ယခုအခါ ပဋိပက္ခနှင့် အခြားပြဿနာများ ဖြေရှင်းရာတွင် ချစ်ခင်မှုနှင့် နွေးထွေးမှုက အရေးအကြီးဆုံး အခန်းကဏ္ဍမှ ပါဝင်လာပါသည်။ ဤအရည်အသွေး နှစ်ရပ်သည် ပညာရေးနှင့် အသိဉာဏ် အသုံးပြုမှုကို ထိန်းချုပ်ရန်နှင့် အပျက်သဘော အဆုံးသတ်မှုများ မဖြစ်သွားအောင် တားဆီးရန်အတွက် လိုအပ်ပါသည်။ ထို့ကြောင့် အမျိုးသမီးများသည် ယခုအခါ ပို၍အခရာကျသော ကဏ္ဍမှ ပါဝင်လာပါသည်။ ဇီဝဗေဒ အချက်အလက်ကြောင့်လည်း ဖြစ်နိုင်ပါသည်။ အမျိုးသမီးများမှာ ချစ်ခင်မှုနှင့် နွေးထွေးမှုကို အမျိုးသားများထက် သဘာဝကိုက ပို၍အလွယ်တကူ ထားရှိနိုင်သောကြောင့်လည်း ဖြစ်ပါသည်။ ဤသည်မှာ သားသမီးကို ဝမ်းနှင့်လွယ်၍ မွေးခဲ့ခြင်းနှင့် မွေးကင်းစ ကလေးငယ်များကို ပုံမှန်အားဖြင့် အဓိက ပြုစုစောင့်ရှောက်ရခြင်း တို့မှ ပေါ်ထွက်လာပါသည်။

စစ်ပွဲများကို အခြေခံအားဖြင့် အမျိုးသားများက အစဉ်အလာ တိုက်ပွဲဝင်ကြပါသည်။ အကြောင်းမှာ ရန်လိုသည့် အပြုအမူအတွက် သူတို့က ကိုယ်ကာယ ပိုမိုပြည့်စုံသည်ဟု ထင်ရသောကြောင့် ဖြစ်ပါသည်။ တစ်ဖက်တွင်မူ အမျိုးသမီးများမှာ အခြားသူများ၏ ရောဂါနှင့် နာကျင်ကိုက်ခဲမှုများအား စောင့်ရှောက်မှုနှင့် ပို၍နားလည်ပေးမှုတို့ ရှိနေတတ်ပါသည်။ အမျိုးသားရော အမျိုးသမီးပါ ရန်လိုမှုနှင့် နွေးထွေးမှုအတွက် အစွမ်းအစများ တန်းတူ ရှိထားသည် မှန်သော်လည်း ထိုနှစ်ချက် အလွယ်တကူ ဖော်ပြရာတွင် ကွဲပြားမှု ရှိပါသည်။ ထို့ကြောင့် ကမ္ဘာ့ခေါင်းဆောင် အများစုသည် အမျိုးသမီးများဖြစ်လျှင် စစ်ဖြစ်မည့် အန္တရာယ် ပိုနည်းသွားကာ တစ်ကမ္ဘာလုံး အရေးကို အခြေခံသည့် ပိုမိုပူးပေါင်းဆောင်ရွက်မှု ရှိလာနိုင်ဖွယ် ရှိပါသည်။ သို့သော် အချို့အမျိုးသမီးများသည် ခက်ခဲနိုင်သည်မှာ မှန်ပါသည်။ အမျိုးသမီးဝါဒီများကို စာနာမိသော်လည်း သူတို့သည် အော်နေရုံမျှနှင့် မရပါ။ လူ့အသိုင်းအဝိုင်းအတွက် အပြုသဘော ဖြည့်ဆည်းမှုများ ပြုလုပ်ရန် အားစိုက်ထုတ်ရပါမည်။

ဘာသာရေးတွင် တစ်ခါတစ်ရံ အမျိုးသားများ အရေးကြီးပုံကို အလေးထားလေ့ ရှိပါသည်။ သို့သော် ဗုဒ္ဓဘာသာတွင် ဘိက္ခုနှင့် ဘိက္ခုဏီ သီလဆိုသည့် အမြင့်ဆုံး သီလကတိကဝတ်များသည် တန်းတူဖြစ်ကာ အခွင့်အရေး တူညီနေပါသည်။ ထုံးတမ်းစဉ်လာ နေရာအချို့တွင် လူမှုရေးအစဉ်အလာကြောင့် ဘိက္ခုကို ဦးစားပေးသည်ဆိုသောအချက် ရှိသော်လည်း ထိုသို့တန်းတူဖြစ်ပါသည်။ သို့သော် ဗုဒ္ဓမြတ်စွာသည် သံဃာအုပ်စု နှစ်ခုစလုံးကို အခြေခံ အခွင့်အရေးများ တန်းတူ ပေးထားပါသည်။ ဘိက္ခုဏီ သာသနာကို ပြန်လည်ထူထောင်မလား၊ မထူထောင်ဘူးလား ဆိုသည်မှာ ဆွေးနွေးနေစရာ မလိုပါ။ ဝိနည်းကျင့်ဝတ် အဆက်အစပ်အားဖြင့် ထိုသို့ ဘယ်လိုတည်ထောင်မလဲ ဟုသာ မေးစရာရှိပါသည်။

စန္ဒရတိဿသည် မူလသာဝတိဝါဒ သာသနာကို တိဘက်တွင် မိတ်ဆက်ခဲ့ပါသည်။ သို့သော် သူ့အဖွဲ့မှ အိန္ဒိယလူမျိုး အားလုံးသည် အမျိုးသားများ ဖြစ်ပါသည်။ အကြောင်းမှာ ဘိက္ခုဏီသာသနာအတွက် စင်ပြိုင်သံဃာအဖွဲ့ လိုအပ်သောကြောင့် သူက ဘိက္ခုဏီသာသနာအတွက် မိတ်ဆက်နိုင်ခြင်း မရှိခဲ့ပါ။ နောက်ပိုင်းတွင် အချို့သော တိဘက်လားမား အချို့သည် သူတို့မိခင်များကို ဘိက္ခုဏီအဖြစ် သာသနာ့ဘောင် ဝင်ရောက်စေပါသည်။ သို့သော် ဝိနည်းရှုထောင့်အရ ယင်းတို့မှာ စစ်မှန်သော သာသနာ့ဘောင်ဝင်ခြင်းဟု မယူဆပါ။ ၁၉၅၉ မှစကာ သီလရှင်ကျောင်း အများစုသည် ဘုန်းတော်ကြီး ကျောင်းများလိုပင် ပညာရေး အဆင့်အတန်း မြှင့်တင်ရန်လိုသည်ဟု ကျွန်ုပ်ခံစားရပါသည်။ ထိုကဲ့သို့ ကျွန်ုပ်ပြဌာန်းခဲ့ရာ ယခုအခါ သီလရှင်များထဲတွင် ပညာတတ်များ ရှိလာပါပြီ။ သို့သော် ဘိက္ခုဏီ သာသနာ ပြန်လည် တည်ထောင်ရန်အတွက် ကျွန်ုပ်တစ်ဦးတည်း မဆောင်ရွက်နိုင်ပါ။ ဤကိစ္စကို ဝိနည်းနှင့်အညီ ဆုံးဖြတ်ရန် လိုပါသည်။

ယခုအခါ ဤမေးခွန်းကို တရုတ်၊ ကိုရီးယားနှင့် ဗီယက်နမ် စသည့် အခြား ဗုဒ္ဓဘာသာ အစဉ်အလာများနှင့် ဆွေးနွေးခွင့် ရှိလာပါသည်။ သူတို့ထံတွင် ဘိက္ခုဏီ သာသနာ ရှိနေပါသေးသည်။ တိဘက် အမျိုးသမီး နှစ်ဒါဇင်ခန့်သည် ဓမ္မဂုပတ အစဉ်အလာနှင့်အညီ သူတို့ထံတွင် ဘိက္ခုဏီ သာသနာ့ဘောင် ဝင်ထားပြီး ဖြစ်ပါသည်။ သူတို့ယခု ဘိက္ခုဏီ ဖြစ်နေသည်ကို မည်သူမျှ ငြင်း၍မရပါ။

လွန်ခဲ့သော နှစ်ပေါင်းသုံးဆယ်အတွင်း မူလသာဝတိဝါဒနှင့် ဓမ္မဂုပတ ဝိနယကျမ်းစာများကို ကျွန်ုပ်တို့ သုတေသနပြုခဲ့ပါသည်။ ဝိနယကို သက္ကတဘာသာ အခြေခံ အစဉ်အလာများတွင်ရော ပါဠိဘာသာ အစဉ်အလာများတွင်ပါ တွေ့ရှိရပါသည်။ ဝိနယအစဉ်အလာ သုံးခုစလုံးမှ ဝါရင့်သံဃာများက ဤကိစ္စကို အတူတကွ ဆွေးနွေးကာ သူတို့အတွေ့အကြုံကို မျှဝေလျှင် အသုံးတည့်ပါမည်။ ဘိက္ခုဏီ သာသနာကို သီရိလင်္ကာတွင် ပြန်လည် ထူထောင်ထားပြီး ဖြစ်ရာ ထိုင်းနိုင်ငံတွင်လည်း ထူထောင်ဖို့ စိတ်ဝင်စားနေပါသည်။ တစ်နေ့တွင် စန္ဒရတိဿ၏ မအောင်မြင်မှုကို ကုစားနိုင်အောင် နောက်ထပ် သုတေသန ပြုရပါဦးမည်။ သို့သော် ကျွန်ုပ်တစ်ဦးတည်းအနေနှင့် ဤကိစ္စကို ဆုံးဖြတ်နိုင်စွမ်း မရှိပါ။ ယင်းမှာ ဝိနည်းလုပ်ထုံးလုပ်နည်းနှင့် မကိုက်ညီပါ။ ကျွန်ုပ်က သုတေသနကို စတင်နိုင်စွမ်းသာ ရှိပါသည်။

ဓမ္မဂုပတ ဘိက္ခုဏီ သာသနာ့ဘောင် ခံယူထားသည့် တိဘက်လူမျိုးနှင့် အနောက်တိုင်းသားများကို ဓမ္မဂုပတ ဘိက္ခုဏီအဖြစ် ကျွန်ုပ်တို့အားလုံး လက်ခံထားပါသည်။ ဤသည်မှာ ကိစ္စမရှိပါ။ ပြဿနာ ရှိသည်မှာ မူလသာဝတိဝါဒ ဝိနယကျမ်းများနှင့် အညီ ဘိက္ခုဏီ သာသနာ့ဘောင် ဝင်ရန်နည်းလမ်းကို ရှာဖွေရေး ဖြစ်ပါသည်။ ဤနေရာတွင် ဗုဒ္ဓမြတ်စွာ သက်တော်ထင်ရှားရှိနေမည်ဆိုပါက ယခုအခါ မေးလျှောက်ဖို့ လိုနေပါပြီ။ ကျွန်ုပ်သာ ဗုဒ္ဓမြတ်စွာဖြစ်လျှင် ကျွန်ုပ်ဆုံးဖြတ်မည် ဖြစ်သော်လည်း ဤသို့ပြုလုပ်၍ မရပါ။ ကျွန်ုပ်သည် ဗုဒ္ဓမြတ်စွာမဟုတ်ပါ။ အချို့ကိစ္စများနှင့် ပတ်သက်၍ အမိန့်ပေးသကဲ့သို့ ကျွန်ုပ်ပြုမူ နိုင်သော်လည်း ဝိနယကိစ္စများနှင့် ပတ်သက်၍ ထိုသို့ပြု၍မရပါ။ ဓမ္မဂုပတအစဉ်အလာဖြင့် တိဘက် သာသနာ့ဘောင် ဝင်သော ဘိက္ခုဏီများသည် သံဃာ့အစဉ်အလာသုံးမျိုးကို အဖွဲ့လိုက် ဆောင်ရွက်ရန် ကျွန်ုပ်ဖွဲ့စည်းနိုင်ပါသည်။ ယင်းတို့မှာ [သီလပျက်ယွင်းမှုများကို တစ်လနှစ်ကြိမ် စင်ကြယ်စေခြင်း (sojong) (gso-sbyong, သက္ကတဘာသာဖြင့် ပေါသဌ၊ ပါဠိဘာသာဖြင့် ဥပေါသဌ)၊ နွေရာသီ အနားယူမှု သတ်မှတ်ခြင်း (dbyar-sbyor, သက္ကတဘာသာဖြင့် ဝါဆိုပဏာယိက၊ ပါဠိဘာသာဖြင့် ဝါဆိုပဏာယိက) နှင့် နွေရာသီ အနားယူမှု ကန့်သတ်ချက်များ အဆုံးသတ်ခြင်း (dgag-dbye, သက္ကတဘာသာဖြင့် ပဝါယနာ၊ ပါဠိဘာသာဖြင့် ပဝါယနာ)]။ သို့သော် သာသနာ့ဘောင်ဝင် အခမ်းအနား ပြန်လည်သတ်မှတ်ရန်အတွက်မှာမူ နောက်ထပ်ကိစ္စတစ်ရပ် ဖြစ်ပါသည်။ ထိုသို့ ဖြစ်လာစေရန် ကျွန်ုပ်ဆန္ဒရှိသော်လည်း ဝါရင့်သံဃာများ၏ တညီတညွတ်တည်း သဘောတူညီမှု လိုအပ်ပါသည်။ သူတို့ထဲမှ အချို့က အပြင်းအထန် ကန့်ကွက်ထားပါသည်။ တပြေးညီ သဘောတူညီမှု မရှိသဖြင့် ယင်းမှာ ပြဿနာဖြစ်ပါသည်။ သို့သော် အဆိုပါ ဓမ္မဂုပတ သံဃာ့ ဝတ်ပြုမှုအစဉ်အလာ မူသုံးခုအတွက် သင့်တော်သော ကျမ်းစာများကို တရုတ်ဘာသာမှ တိဘက်ဘာသာသို့ ချက်ချင်းဘာသာပြန်ခိုင်းနိုင်ပါသည်။ ယင်းကို မည်သူမျှ မကန့်ကွက်နိုင်ပါ။

အခြားအပိုင်းများနှင့် ပတ်သက်၍ နောက်ထပ် ဆွေးနွေးရန် လိုပါသည်။ အခြား ဗုဒ္ဓဘာသာ အစဉ်အလာများ၏ သံဃာများထံမှ ပံ့ပိုးမှုက အရေးကြီးသောကြောင့် ဤအစည်းအဝေးသည် ဤလုပ်ငန်းစဉ်တွင် အထောက်အကူပြုသော အဆင့်တစ်ဆင့် ဖြစ်ပါသည်။ နောက်တစ်ဆင့်အနေနှင့် နိုင်ငံတကာ သံဃာ့အကြီးအကဲများကို အိန္ဒိယနိုင်ငံသို့ လာရောက်ရန် ကျွန်ုပ်ဖိတ်ခေါ်ပါသည်။ သူတို့အား မူလသာဝတိဝါဒ ဘိက္ခုဏီ သာသနာဘောင် ပြန်လည်ထူထောင်ရေးကို ဆန့်ကျင်သည့် စိတ်ထားကျဉ်းမြောင်းသော တိဘက်အကြီးအကဲများနှင့် ဤကိစ္စကို ဆွေးနွေးစေပါမည်။

ဗုဒ္ဓမြတ်စွာသာ ယခုသက်တော်ထင်ရှား ရှိမည်ဆိုလျှင် ခွင့်ပြုချက်ပေးမည်မှာ ယုံမှားဖွယ် မရှိပါ။ သို့သော် ကျွန်ုပ်သည် ဘုရားကဲ့သို့ မပြုမူနိုင်ပါ။ ဘုန်းတော်ကြီးကျောင်းများသည် တိဘက်တွင် ရှစ်ရာစုကတည်းက ရှိခဲ့သော်လည်း သံဃာ့ဝတ်ပြုမှုအစဉ်အလာ သုံးရပ်ကျင့်သုံးနေသော ကျွန်ုပ်တို့ထံ၌ ဘိက္ခုဏီများ မရှိခဲ့ဖူးပါ။ ထို့ကြောင့် ယခု ထိုသို့ရှိလာပါတော့မည်။ သို့သော် ထိုသာသနာ့ဘောင်အတွက် ဆုံးဖြတ်ရန်မှာ စောလွန်းနေပါသည်။

ယခုနှစ်တွင် အဆိုပါ ဘိက္ခုဏီ သံဃာ့ဝတ်ပြုမှု အစဉ်အလာ သုံးရပ် စတင်ရန် ခက်ခဲကောင်း ခက်ခဲနိုင်ပါသည်။ သို့သော် နောက်နှစ်တွင် ကျွန်ုပ်တို့ စတင်နိုင်ရပါမည်။ ဘိက္ခုဏီ ပါတိမောက္ခ ကို တရုတ်ဘာသာမှ တိဘက်ဘာသာသို့ ပြန်ဆိုထားပြီး ဖြစ်သည်။ စာမျက်နှာ သုံးဆယ်နှင့် လေးဆယ်ကြား ရှိပါသည်။ တိဘက် ဓမ္မဂုပတ ဘိက္ခုဏီများသည် ယင်းကိုအာဂုံဆောင်ဖို့ လိုပါမည်။ သို့သော် ထိုသံဃာ့ဝတ်ပြုမှု အစဉ်အလာ သုံးရပ်အတွက် တကယ့်ဝတ်ပြုအစဉ်အလာ ကျမ်းများကို ဘာသာပြန်ဆိုရန် ကျန်နေပါသေးသည်။ 

တိဘက် သီလရှင်များသည် မူလသာဝတိဝါဒ ဘိက္ခုဏီများအဖြစ် သာသနာ့ဘောင် ဝင်လိုစိတ်ရှိနိုင်သော်လည်း ဓမ္မဂုပတ ဘိက္ခုဏီ သာသနာ့ဘောင်ကို မူလသာဝတိဝါဒ ဘိက္ခုဏီအဖြစ် လက်ခံ၍မရနိုင်ပါ။ ဤနှစ်ခု အပြန်အလှန် ပြောင်းလဲနိုင်ပါက အတိဿက မဟာသံဃိက ဘိက္ခုဏီ သာသနာကို တိဘက်တွင် ချမှတ်ခိုင်းစရာ အကြောင်းရှိမည် မဟုတ်ပါ။ [အိန္ဒိယဆရာတော် အတိဿကို ဂျန်ချပ်အို ဘုရင် (တိဘက်ဘာသာဖြင့် Byang-chub ’od) က ခရစ်နှစ် ဆယ့်တစ်ရာစု အစောပိုင်း၌ တိဘက်သို့ ဖိတ်ခေါ်သောအခါ ဘုရင့်ခမည်းတော် ယဲရှေအိုက မူလသာဝတိဝါဒ ဘိက္ခုသာသနာကို သူ့တိုင်းပြည်တွင် အရှေ့အိန္ဒိယဆရာတော် ဓမ္မပါလအား ဖိတ်ခေါ်မှုနှင့် နောက်ထပ် လာရောက်မှု တို့ဖြင့် ပြန်လည်ထူထောင်ရန် ပံ့ပိုးထားနှင့်ပြီး ဖြစ်ပါသည်။ မဟာသံဃိက ဘိက္ခု သာသနာကို မချမှတ်ရန် အတိဿက တောင်းဆိုပါသည်။ အကြောင်းမှာ ယင်းသည် တိဘက်၌ ဝိနယမျိုးဆက်အစဉ်အလာ နှစ်ခု ရောက်လာနိုင်သောကြောင့် ဖြစ်ပါသည်။]

ထို့ပြင် ဓမ္မဂုပတ သာသနာသည် မူလသာဝတိဝါဒ သာသနာ ဖြစ်ပါမူ ထေရဝါဒ သာသနာသည်လည်း မူလသာဝတိဝါဒ သာသနာ ဖြစ်လာပြီး ယင်းမှာ သင့်တော်မည်မဟုတ်ပါ။ ကျွန်ုပ်တို့သည် မူလသာဝတိဝါဒ ဘိက္ခုဏီ သာသနာကို မူလသာဝတိဝါဒ ဝိနယနှင့် အညီ သန့်စင်စွာ ပြန်လည်ထူထောင်ဖို့ လိုပါသည်။

သို့ဖြစ်ရာ ယခုဆောင်းဦးရာသီတွင် ယခု အစည်းအဝေးကဲ့သို့ ညီလာခံတစ်ရပ် ကျင်းပကြပါစို့။ သို့သော် အိန္ဒိယနိုင်ငံ ဗုဒ္ဓဂါယာ၊ ဗာရာဏသီ သို့မဟုတ် ဒေလီတွင် ဖြ်စပါသည်။ ယခုလို ဟမ်းဘတ် ညီလာခံသို့ တက်ရောက်လာကြသော နိုင်ငံတကာ သံဃာ့အကြီးအကဲများအပြင် ထိပ်တန်း တိဘက် သံဃာ့ခေါင်းဆောင်အားလုံး၊ တိဘက် အစဉ်အလာ လေးခုစလုံး၏ အဓိက ကျောင်းတိုက်များမှ ဥသျှောင်ဘုန်းတော်ကြီးအားလုံးနှင့် ဖြစ်နိုင်လျှင် ဘုံ အစဉ်အလာ လိုက်နာသည့် ဘုံပို (Bonpo) များကိုပါ ဖိတ်ကြားပါမည်။ ဘုံပိုများတွင် ဘိက္ခုဏီများ ရှိနေပါသေးသည်။ စုစုပေါင်း တစ်ရာခန့်ရှိသည့် လေးစားရသော ဝါရင့် ဘိက္ခု ပညာတတ် အများစုကို ကျွန်ုပ်တို့ဖိတ်ပါမည်။ ထို့နောက် နိုင်ငံတကာ သံဃာ့အကြီးအကဲများအား ဘိက္ခုဏီ သာသနာ ပြန်လည်ထူထောင်ရေး အားပေးသည့် သူတို့၏ ကျိုးကြောင်း ဆီလျော်သော ငြင်းခုန်ဆွေးနွေးမှုများကို သူတို့ရှေ့တွင် လူကိုယ်တိုင် ဖော်ပြခိုင်းပါမည်။ ထိုအခါ အလွန်အသုံးဝင်ပါမည်။ ကျွန်ုပ်တို့ တိဘက်လူမျိုးများက အဆိုပါ ညီလာခံကို ငွေကြေးထောက်ပံ့ကာ ယင်းကိုကျင်းပရန် အသင့်တော်ဆုံးလူအား ဆုံးဖြတ်ပါမည်။

ပြီးခဲ့သော ရာစုနှစ်ပေါင်း နှစ်ဆယ့်ခြောက်ခုအတွင်း ပါဠိနှင့် သက္ကတဘာသာဖြင့် အဘိဓမ္မာမူများအကြားတွင် ခြားနားချက်များစွာ ဖြစ်ပေါ်ခဲ့ပါသည်။ နာဂဇုနက အချို့အချက်များကို ရှင်းလင်းပြီး ဖြစ်ပါသည်။ အစဉ်အလာ နှစ်ခုအကြား အခြားထင်ရှားသော ခြားနားချက်များမှာ လေ့လာစူးစမ်းမှု အခြေခံဖြင့် ရှင်းလင်းနိုင်ပါသည်။ ထိုစိတ်ထားဖြင့် ကျွန်ုပ်တို့သည် ဗုဒ္ဓမြတ်စွာ၏ တရားများကို လွတ်လပ်စွာ လေ့လာနိုင်ပါသည်။ ဥပမာ မြင်းမိုရ်တောင်၊ ကမ္ဘာကြီးပြားခြင်း၊ နေနှင့်လသည် အရွယ်အစား တူညီလုနီးပါးဖြစ်ခြင်းနှင့် ကမ္ဘာမှ အကွာအဝေး တူညီခြင်းတို့နှင့် ပတ်သက်သည့်အချက်များ ဖြစ်သည်။ ယင်းတို့မှာ လုံးဝ လက်ခံနိုင်ဖွယ် မရှိပါ။ လာဆာမြို့ရှိ ကျွန်ုပ်၏ ဆရာများကလည်း ကျွန်ုပ်၏ အဝေးကြည့်မှန်ပြောင်းမှတစ်ဆင့် လပေါ်မှ တောင်တန်းများကို ကြည့်ရှုကာ လမှာ ကိုယ်ပိုင်းအလင်းရောင် မထုတ်လွှတ်ကြောင်း အဘိဓမ္မာက ပြောထားသလိုပင် သဘောတူညီကြရပါသည်။ ထို့ကြောင့် နာဂဇုန၏ ရှင်းလင်းချက်အတွက် သံဃာဆွေးနွေးပွဲ ကျင်းပရန် မလိုအပ်ပါ။ သုတ္တန် ကိစ္စများတွင်လည်း ထိုအတိုင်း ဖြစ်ပါသည်။ သို့သော် ဝိနယနှင့် ပတ်သက်လျှင်တော့ လုံးဝခြားနားပါသည်။

ဝိနယ ကျမ်းစာ ဘာသာပြန်ချက် အားလုံးသည် အတုမရှိပုဂ္ဂိုလ်ထံ ဂုဏ်ပြုမှုဖြင့် စတင်ပါသည်။ ဆိုလိုသည်မှာ ဗုဒ္ဓမြတ်စွာ ကိုယ်တိုင်က ကျမ်းစာများကို အသိအမှတ်ပြုပြီး ဖြစ်သည်။ အကြောင်းမှာ သဗ္ဗညုတရွှေဉာဏ်ရှင်သာလျှင် မည်သည့် လုပ်ဆောင်မှုကို ကျင့်ကြံပြီး မည်သည့် လုပ်ဆောင်မှုကို ရှောင်ရှားရန် သိမြင်တော်မူသောကြောင့် ဖြစ်ပါသည်။ အခြားတစ်ဖက်တွင်မူ အဘိဓမ္မာ ကျမ်းစာများတွင် မန်ဇူသီရိကို ဂုဏ်ပြုထားပါသည်။ ထို့အတူ ဘုရားရှင် ပရိနိဗ္ဗာန် စံဝင်တော်မူပြီးနောက် သံဃာ့ညီလာခံ ကျင်းပကာ ဝိနယထဲတွင် အပြောင်းအလဲအချို့ ပြုလုပ်ခဲ့ပါသည်။ ထိုသို့ပြုလုပ်ရန် ဗုဒ္ဓမြတ်စွာက ခွင့်ပြုထားပြီး အခြားအချက်များကို ချဲ့ထွင်နိုင်ပါသည်။ ဥပမာ၊ တိဘက်လူမျိုးများက ဗောဓိသတ္တဝယနနှင့် တန္တရယနတို့ ကျင့်ကြံသောအခါ သီလကတိကဝတ် တစ်ခုနှင့်တစ်ခု မတူပါ။ အချို့အချက်များနှင့် သီလဆောက်တည်မှုများမှာ ယင်းတို့ထဲတွင် ပါဝင်သောအချက်နှင့် ဝိနယတွင် ပါဝင်သောအချက် ကွဲလွဲပါသည်။ အဆိုပါ ကိစ္စများ၌ ပိုမြင့်သော သီလကတိကဝတ်များက ပိုနိမ့်သော သီလကတိကဝတ်များကို လွှမ်းမိုးရပါမည်။

နှစ်ဆယ့်တစ်ရာစုတွင် စစ်ခင်းသည့် အယူအဆသည် ခေတ်မမီတော့ပါ။ ထိုသို့စစ်မခင်းတော့ဘဲ အငြင်းပွားမှုများအတွက် တွေ့ဆုံဆွေးနွေးမှုသာ လိုအပ်ပါသည်။ ထိုအတွက် ဉာဏ်ပညာ ရှိရုံနှင့် မလုံလောက်ပါ။ နွေးထွေးမှုနှင့် အခြားသူများ၏ သာယာဝပြောရေးကို အလေးအနက် စိတ်ပါဝင်စားမှုတို့ကိုလည်း လိုအပ်ပါသည်။ ရိုးသားသော တွေ့ဆုံဆွေးနွေးမှု အတွက် ကရုဏာက ပို၍အရေးကြီးပါသည်။ ဇီဝဗေဒဆိုင်ရာ အချက်ကြောင့် အခြားသူများ၏ ဆင်းရဲဒုက္ခကို အမျိုးသမီးများက အမျိုးသားများထက် ပို၍သိမြင်လွယ်ပါသည်။ ဥပမာ၊ အစုလိုက်အပြုံလိုက် သတ်သူများ သို့မဟုတ် သားသတ်သမားများထဲတွင် အမျိုးသမီးသိပ်မရှိပါ။ ထို့ကြောင့် နိုင်ငံတကာ ညှိနှိုင်းဆွေးနွေးပွဲများအတွက် အမျိုးသမီးများကို အလွန်လိုအပ်ပြီး သူတို့ကို နေရာပို၍ပေးရန် လိုပါသည်။

ဗုဒ္ဓမြတ်စွာ၏ သာဝကအစုအဝေး လေးမျိုးတွင် ဘိက္ခု၊ ဘိက္ခဏီ၊ ဥပသကာနှင့် ဥပသိကာတို့ ပါဝင်ပါသည်။ အမျိုးသားနှင့် အမျိုးသမီး ညီမျှစွာပါဝင်သည်မှာ ရှင်းနေပါသည်။ သို့သော် လက်ရှိကာလ တိဘက်လူမျိုးများကြားတွင် အစုအဝေး လေးရပ်သည် မပြည့်စုံပါ။ တန်ဖိုးရှိသော လူအဖြစ် ပြန်လည်မွေးဖွားမှု၏ အရည်အသွေး ရှစ်ချက်နှင့် ဆယ်ချက်ထဲတွင် တစ်ချက်မှာ ပထဝီဝင်အားဖြင့် သို့မဟုတ် ဘာသာရေးအားဖြင့် သတ်မှတ်သည့် ဗဟိုကုန်းမြေတွင် မွေးဖွားလာခြင်း ဖြစ်သည်။ တိဘက်သည် ပထဝီဝင်အားဖြင့် ဗဟိုကုန်းမြေဟု မသတ်မှတ်ပါ။ ဘာသာရေးအားဖြင့် သတ်မှတ်သည့် ကုန်းမြေဆိုလျှင်လည်း သာဝက အစုအဝေးလေးရပ် ပြည့်စုံနေရပါမည်။ ဘိက္ခုဏီမပါဝင်ဘဲ မပြည့်စုံသည်မှာ ရှင်းနေပါသည်။ အုပ်စုလေးစုတွင် ဘိက္ခုများက အရေးအကြီးဆုံး ဖြစ်သောကြောင့် ဘိက္ခုများ ရှိလျှင် တိဘက်သည် ဗဟိုကုန်းမြေ ဖြစ်သည်ဟု တိဘက်လူမျိုး များစွာက ပြောပါသည်။ သို့သော် ယင်းမှာ ဗဟိုကုန်းမြေကို ပုံစံတူသတ်မှတ်ခြင်း၊ တန်ဖိုးရှိသော လူအဖြစ် ပြန်လည်မွေးဖွားမှုကို ပုံစံတူ သတ်မှတ်ခြင်းမျှသာ ဖြစ်ပါသည်။ တိဘက်ရှိ ယခင်ဆရာတော်ကြီးများက ဤအချက်ကို အလေးထားခဲ့သင့်ပါသည်။

သံဃာအဖွဲ့ကို မတိုင်ပင်ဘဲ တိဘက်လူမျိုး သီလရှင်များ၏ ပညာရေး တိုးတက်မှုကို ကျွန်ုပ်စတင်လုပ်ဆောင်နိုင်ပါသည်။ ထိုသို့ ကျွန်ုပ်လုပ်ဆောင်ထားရာ သီလရှင်များစွာ စာပေကျမ်းဂန် များစွာနှံ့စပ်လာပါသည်။ မောင်းဂွတ်ရှိ ဘုန်းတော်ကြီး ကျောင်းများတွင် ကျွန်ုပ်တို့သည် ဂဲရှေမာ စာမေးပွဲအတွက် ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်ရမည်ဟု ကျွန်ုပ် ကြေညာခဲ့ပါသည်။ ဝါရင့် ဘုန်းတော်ကြီး အချို့က ကန့်ကွက်သော်လည်း ဗုဒ္ဓမြတ်စွာသည် ကျားနှင့်မကို ဘိက္ခုနှင့် ဘိက္ခုဏီဖြစ်အောင် တန်းတူအခွင့်အရေး ပေးထားကြောင်း၊ ထို့ကြောင့် ဂဲရှေနှင့် ဂဲရှေမာ ဖြစ်လာရန် တန်းတူအခွင့်အရေး ပေးသင့်ကြောင်း ကျွန်ုပ်က သူတို့အား လျှောက်ထားပါသည်။ ပြဿနာမှာ အဆိုပါ ဝါရင့် ဘုန်းတော်ကြီးများက ဤအတွေးအခေါ်မျိုးနှင့် မရင်းနှီးသေးခြင်းသာ ဖြစ်မည်ဟု ကျွန်ုပ်ထင်ပါသည်။

၁၉၆၀ ပြည့်လွန်အစောပိုင်းကာလတွင် သံဃာတော်များကိုသာမက သီလရှင်များကိုပါ ကျွန်ုပ် ဆင့်ခေါ်ပြီး သူတို့သည် တစ်လနှစ်ကြိမ် စင်ကြယ်စေခြင်း အခမ်းအနားကို တက်ရောက်နိုင်ကြောင်း ပြောခဲ့ပါသည်။ ထိုကာလတွင် ဘိက္ခုဏီ မရှိပါ။ ထို့ကြောင့် သံဃာတော်တို့၏ တစ်လနှစ်ကြိမ် စင်ကြယ်စေခြင်း အခမ်းအနားသို့ တက်ရောက်ရန် သရံဏာရိက သီလရှင်ငယ်များကို ခွင့်ပြုလေ့မရှိပါ။ ကျွန်ုပ်၏ ဆရာများက ခွင့်ပြုချက်ပေးရပါသည်။ ဤသို့လျှင် ကျွန်ုပ်တို့ စတင်ဆောင်ရွက်ပါသည်။ အိန္ဒိယနိုင်ငံ တောင်ပိုင်းရှိ ကျောင်းတိုက်များမှ လှောင်ပြောင်သော ကန့်ကွက်မှုများစွာ ရှိခဲ့ပါသည်။ အကြောင်းမှာ သံဃာနှင့် သီလရှင် တစ်လနှစ်ကြိမ် စင်ကြယ်စေခြင်း အခမ်းအနားကို ဘယ်တုန်းကမှ အတူတကွ မကျင်းပခဲ့သောကြောင့် ဖြစ်ပါသည်။ သို့သော် ထိုအချက်ကြောင့်လည်း မည်သည့်သံဃာမျှ သင်္ကန်းဝတ် မချွတ်ခဲ့ပါ။ ခုနစ်ဆယ်ကျော် ကာလများတွင် အချို့ တိဘက်လူမျိုးများက ဘိက္ခုဏီ သာသနာကို တရုတ်အစဉ်အလာမှ ယူခဲ့ကြပါသည်။ ထိုင်ဝမ်သို့ ကျွန်ုပ်သွားရောက် လည်ပတ်ရသည့် အကြောင်းရင်း တစ်ရပ်မှာ သူတို့၏ ဘိက္ခုဏီ မျိုးဆက်အစဉ်အလာအား ကိုယ်တိုင်မြင်တွေ့ပြီး အခြေအနေကို ကြည့်ရှုရန် ဖြစ်ပါသည်။ ဘိက္ခုဏီ သီလကတိကဝတ်အကြောင်း သုတေသန ပြုလုပ်ရန် လိုဆန် ရှာရင်းအား ခန့်အပ်ခဲ့ရာ ယခုဆိုလျှင် သူလေ့လာ ထားသည်မှာ နှစ်ပေါင်းနှစ်ဆယ် ရှိပါပြီ။ ကျွန်ုပ်တို့ အကောင်းဆုံး အားထုတ်ထားပါသည်။ နိုင်ငံတကာ သံဃာ့ အစည်းအဝေး ကျင်းပရန် တရုတ်အစဉ်အလာ သာသနာ့ဘောင်ဝင်သော ဘိက္ခုများအား တောင်းဆိုခဲ့ပါသည်။ သို့သော် သူတို့မကျင်းပနိုင်ခဲ့ပါ။ ဤအစည်းအဝေးမျိုးကို ကျွန်ုပ်ကိုယ်တိုင်လည်း မစုစည်းနိုင်ပါ။ တရုတ်ပြည်သူ့ သမ္မတနိုင်ငံမှ ပေါ်ပေါက်လာနိုင်သည့် အခက်အခဲနှင့် ရှုပ်ထွေးမှုများကြောင့် ဖြစ်ပါသည်။ အဆိုပါ အစည်းအဝေးမျိုးကို အခြားအဖွဲ့အစည်းတစ်ခုက ကျင်းပလျှင် ပိုကောင်းမည် ထင်ပါသည်။ ထို့ကြောင့် ဂျမ်ပ ချိုဒရွန်ကို ကျွန်ုပ်ကျင်းပခိုင်းပါသည်။ သံဃာ တစ်ဦးချင်းအနေနှင့် ဆောင်ရွက်စရာ ရှိတာအားလုံးကို ဆောင်ရွက်ပြီးသွားပါပြီ။ ယခုအခါ တိဘက်လူမျိုး ဝါရင့်ဘိက္ခုများထံမှ ကျယ်ပြန့်သော ကျောင်းတိုက် သဘောတူညီချက် ရရှိရန် လိုအပ်နေပါသည်။

ကိုရင်နှင့် သီလရှင်ငယ်များ သာသနာ့ဘောင် ဝင်ရာတွင် သင့်တော်သော ဦးခိုက်ကိုးကွယ်ရာကို သိရမည်ဟု ဖော်ပြထားပါသည်။ သို့သော် ဘိက္ခုဏီများက ရာထူးပိုမြင့်သော်လည်း မည်သို့ဖြစ်စေကာမူ သူတို့သည် ကိုရင်သံဃာများ၏ ဦးခိုက်ကိုးကွယ်ရာ မဟုတ်ကြောင်း သီလကတိကဝတ်၌ ဖော်ပြထားပါသည်။ ဤသည်မှာလည်း စကားလုံး ပြန်စီစဉ်ရန် လိုအပ်ပါသည်။ ဗောဓိသတ္တနှင့် တန္တရ ကတိကဝတ်များ၊ အထူးသဖြင့် တန္တရ ကတိကဝတ်တွင် အမျိုးသမီးများကို မလှောင်ပြောင်ရန် ပါရှိကြောင်း အမှတ်ရဖို့လိုပါသည်။ ထိုအမြင်အရ ဤဝိနယ မှတ်ချက်ကို ထိန်းသိမ်းလျှင် အဆင်ပြေပါသည်။ ထို့ကြောင့် သီလကတိကဝတ် သုံးစုံကို ထိန်းသိမ်းရင်း အချို့သာမန် အချက်များကိုလည်း ပြုပြင်နိုင်ပါသည်။ မူလသာဝတိဝါဒ ဘိက္ခုဏီ သီလကတိကဝတ်များကို မဆောက်တည်မီ လေ့လာမှုနှင့် ပတ်သက်၍ ဓမ္မဂုပတ မျိုးဆက်အစဉ်အလာ၌ ဘိက္ခုဏီ ဖြစ်လာမည့်သူများသည် ယင်းတို့ကို ဖတ်ရှုလေ့လာနိုင်ပါသည်။ သို့သော် သူတို့သည် ဓမ္မဂုပတအတိုင်း ဝတ်ပြုအစဉ်အလာများ ဆောင်ရွက်ရန် လိုပါသည်။ သို့ရာတွင် ဤသီလကတိကဝတ်များကို လေ့လာမည့် ဘိက္ခုဏီ မဟုတ်သူများအတွက် ပြဿနာ ရှိနေပါသေးသည်။

အထူးသဖြင့် မူလသာဝတိဝါဒ ဘိက္ခုဏီ သာသနာ ပြန်လည်ထူထောင်မှုနှင့် ပတ်သက်လျှင် ဤပြုပြင်မှုအားလုံး ပြုလုပ်ရာ၌ တိဘက်သံဃာအချို့နှင့်သာ မဆောင်ရွက်ရန် အလွန်အမင်း အရေးကြီးပါသည်။ သံဃာ ကွဲပြားမှု မဖြစ်အောင် ရှောင်ရှားရပါမည်။ တိဘက် သံဃာများထဲတွင် အလုံးစုံ ကျယ်ပြန့်သော တညီတညွတ်တည်း သဘောတူညီချက် လိုအပ်ပါသည်။ ထို့ကြောင့် ထိုလမ်းကြောင်းအတိုင်း ကျွန်ုပ်တို့ ဆက်လက်ဆောင်ရွက်သွားပါမည်။ ကြိုးပမ်းအားထုတ်မှု အားလုံးအတွက် ကျေးဇူးတင်ရှိပါသည်။

Top