အိန္ဒိယနိုင်ငံ၌ ဘိက္ခုဏီ သီလရှင် သာသနာ တည်ထောင်ခြင်း

01:49

ဘုရားရှင်သည် “ဧဟိဘိက္ခု (ရဟန်း လာလော့)” ဟု ရွတ်ဆိုလိုက်ခြင်းဖြင့် ပထမဆုံး သံဃာကို သာသနာ့ဘောင် ဝင်စေခဲ့ပါသည်။ ဤနည်းဖြင့် သံဃာ အလုံအလောက် သာသနာ့ဘောင် ဝင်လာသောအခါ ဘိက္ခုများ ကိုယ်တိုင်ကပင် သာသနာ့ဘောင် ဝင်သည်ကို ဆောင်ရွက်နိုင်စေရန် ဥပသမ္ပဒါ (bsnyen-par rdzogs-pa) ချမှတ်ခဲ့ပါသည်။ 

သို့သော် အစဉ်အလာ ပြောကြားချက်များအရ ဗုဒ္ဓမြတ်စွာသည် မိထွေးတော် မဟာပဇာပတိဂေါတမီ (Go’u-ta-mi sKye-dgu’i bdag-mo chen-moSkye-dgu’i bdag-mo) က သူ့အား သီလရှင်ဝတ်ပေးရန် တောင်းဆိုစဉ် အစပထမတွင် ငြင်းဆိုတော်မူခဲ့ပါသည်။ မည်သို့ဆိုစေ မဟာပဇာပတိသည် နောက်လိုက်အမျိုးသမီး ငါးရာနှင့်အတူ ဆံပင်ရိတ်ကာ၊ အဝါရောင်ဝတ်ရုံကို ဝတ်ပြီး အိမ်ရာမဲ့ ခြိုးခြံသူများ ပဗ္ဗဇ္ဈ (rab-tu byung-ba)အဖြစ် ဘုရား၏ နောက်လိုက်များ ဖြစ်လာပါသည်။ သာသနာ့ဘောင် ဝင်ရန် ဒုတိယအကြိမ်၊ တတိယအကြိမ် တောင်းဆိုပြီး ထပ်မံငြင်းဆိုခံရသောအခါ ဘုရားရှင်၏ သာဝက ရှင်အာနန္ဒာ (Kun-dga’-bo) က သူ့ကိုယ်စား ဝင်ပြောပေးခဲ့ပါသည်။

ထိုစတုတ္ထအကြိမ် တောင်းဆိုမှုတွင် ဘုရားရှင် သဘောတူညီပြီး မိထွေးတော်နှင့် သီလရှင် ဖြစ်လာမည့်သူများသည် ကြီးလေးသော ကန့်သတ်ချက် ရှစ်မျိုးဖြစ်သည့် ဂရုဓမ္မ (lci-ba’i chos) ကို စောင့်ထိန်းရမည်ဟု စည်းကမ်းချမှတ်ခဲ့ ပါသည်။ ယင်းတို့ထဲတွင် သံဃာ သို့မဟုတ် သီလရှင် သီလစောင့်ထိန်းမှု မည်မျှ ကြာသည်ဖြစ်စေ သီလရှင်များ၏ ရာထူးစဉ်သည် သံဃာများထက် အမြဲ နိမ့်နေရမည် ဖြစ်သည်။ ဗုဒ္ဓမြတ်စွာသည် မိမိအသိုင်းအဝိုင်းနှင့် တစ်ဆက်တည်း မိမိတရားတော်များကို လူ့အသိုင်းအဝိုင်းက မလေးစားခြင်း မဖြစ်စေရန် ထိုစဉ်က အိန္ဒိယနိုင်ငံ၏ ယဉ်ကျေးမှု တန်ဖိုးများနှင့်အညီ အဆိုပါ ကန့်သတ်ချက်များ ချမှတ်တော်မူခြင်း ဖြစ်ပါသည်။ သီလရှင်များကို ကာကွယ်ရန်နှင့် သူတို့ကို သာမန်လူတို့က လေးစားစေရန်လည်း ထိုသို့ သတ်မှတ်ခြင်း ဖြစ်သည်။ ရှေးခေတ် အိန္ဒိယတွင် အမျိုးသမီးများသည် အရင်ဆုံး သူတို့ဖခင်၊ နောက်ပိုင်းတွင် လင်သားနှင့် နောက်ဆုံးတွင် သားယောက်ျားလေးများက ကာကွယ်/အုပ်ထိန်းရပါသည်။ အိမ်ထောင်မပြုသော အမျိုးသမီးများမှာ ပြည့်တန်ဆာများဟု ယူဆရပြီး အခါများစွာပင် ဝိနည်းကျမ်း၌ သီလရှင်များအား ယောက်ျားသား ဆွေမျိုး၏ အကာအကွယ် မရှိသောကြောင့် ပြည့်တန်ဆာဟု ခေါ်ဆိုခံရခြင်းများ ရှိပါသည်။ ဘိက္ခုဏီ သံဃာကို ဘိက္ခု သံဃာနှင့် တွဲဖက်ခြင်းဖြင့် လူတို့မျက်စိထဲ၌ သူတို့၏ အိမ်ထောင်မရှိသော အခြေအနေကို လေးစားလာစေပါသည်။

အစဉ်အလာအချို့၏ အဆိုအရ ဂရုဓမ္မ ရှစ်ပါးကို လက်ခံခြင်းဖြင့် ဤပထမဆုံးသာသနာကို တည်ထောင်လိုက်ပါသည်။ အခြားအစဉ်အလာများအရ ဗုဒ္ဓမြတ်စွာသည် မဟာပဇာပတိနှင့် နောက်လိုက်ငါးရာကို ရှင်အာနန္ဒာ၏ ဦးဆောင်မှု အောက်ရှိ ဘိက္ခုငါးပါးထံ အပ်နှံပါသည်။ မည်သို့ဖြစ်စေကာမူ ဘိက္ခု သာသနာ့ဘောင် ဝင်သည့် အစောဆုံး စံသတ်မှတ်ချက် နည်းလမ်းမှာ ဘိက္ခုငါးပါးက ဆောင်ရွက်ခြင်းဖြစ်ပါသည်။ ဤသို့ သာသနာ့ဘောင် ဝင်ခြင်းကို “ဘိက္ခုတစ်ပါး သံဃာ့အဖွဲ့အစည်း” (pha’i dge-’dun rkyang-pa’i bsnyen-par rdzogs-pa) ဟုခေါ်လေ့ရှိသည်။ သာသနာ့ဘောင်ဝင်သည့် လုပ်ထုံးလုပ်နည်းထဲတွင် သီလရှင်ဝတ်မည့်သူအား သီလအားလုံး စောင့်ထိန်းရာ၌ တားဆီးနိုင်သည့် အန္တရာယိကဓမ္မ (bar-chad-kyi chos) အတားအဆီးများနှင့် ပတ်သက်၍ မေးခွန်းများ မေးမြန်းပါသည်။ ဘိက္ခု သာသနာ့ဘောင် ဝင်မည့်သူများနှင့် အလားတူ မေးခွန်းများ မေးသည့်အပြင် အမျိုးသမီး တစ်ယောက် အနေနှင့် ခန္ဓာဗေဒဆိုင်ရာ နောက်ထပ်မေးခွန်းများလည်း ပါဝင်ပါသည်။

အချို့ ဘိက္ခုဏီ ဝတ်မည့်သူများက သံဃာများအား အဆိုပါ ကိုယ်ရေးကိုယ်တာ မေးခွန်းများ ဖြေရာတွင် အလွန် အဆင်မပြေကြောင်း တွေ့ရသည့်အတွက် ဘုရားရှင်က “သံဃာ့အဖွဲ့ နှစ်မျိုး” (gnyis-tshogs-kyi sgo-nas bsnyen-par rdzogs-pa) ကို တည်ထောင်ခဲ့ပါသည်။ ထိုအခါ ဘိက္ခုဏီသံဃာက သီလရှင်ဝတ်မည့်သူ၏ ဘိက္ခုဏီ ဖြစ်လာရန် သင့်တော်မှုနှင့် ပတ်သက်ပြီး အရင်ဆုံး မေးခွန်း မေးမြန်းပါသည်။ ထိုနေ့နှောင်းပိုင်းတွင် ဘိက္ခုဏီ သံဃာက ဘိက္ခုသံဃာနှင့် ပူးတွဲ၍ စုပေါင်းစည်းဝေးပွဲ ကျင်းပသည်။ ဘိက္ခုသံဃာက သာသနာ့ဘောင် ဝင်ရောက်စေရာ ဘိက္ခုဏီ သံဃာက သက်သေအဖြစ် တက်ရောက်ပါသည်။

အစပထမတွင် ကျောင်းတိုက် အသိုင်းအဝိုင်းအတွက် သီလ ကတိကဝတ်များ၌ “သဘာဝအတိုင်း မထိန်းချုပ်နိုင်သော အပြုအမူများ” (rang-bzhin kha-na-ma-tho-ba) ရှောင်ရှားရန်သာ ပါဝင်သည်။ ယင်းတို့မှာ လူဖြစ်စေ၊ သံဃာဖြစ်စေ အားလုံးအတွက် ပျက်စီးစေသည့် ကိုယ်၊ နှုတ် အမူအရာများ ဖြစ်သည်။ သို့သော် သာသနာ့ဘောင် ဝင်သူများအတွက် မေထုန်မမီဝဲခြင်း သီလ ပါဝင်ပါသည်။ အချိန်ကြာမြင့်လာသောအခါ ဗုဒ္ဓမြတ်စွာက “တားမြစ်ထားသည့် မထိန်းချုပ်နိုင်သော အပြုအမူများ” (bcas-pa’i kha-na ma-tho-ba) နှင့် ပတ်သက်၍ နောက်ထပ်သီလများစွာ ချမှတ်ခဲ့ပါသည်။ ယင်းတို့မှာ သဘာဝအားဖြင့် ပျက်စီးစေခြင်း မဟုတ်သော်လည်း ဗုဒ္ဓဘာသာ ကျောင်းတိုက် အသိုင်းအဝိုင်းနှင့် ဘုရားတရားတော်များအား လူ့အသိုင်းအဝိုင်းက မလေးစားမှု မဖြစ်အောင် ရှောင်ရှားရန် သာသနာ့နွယ်ဝင်များအတွက်သာ ကန့်သတ်ထားသည့် ကိုယ်၊ နှုတ် အမူအရာများ ဖြစ်သည်။ ဗုဒ္ဓမြတ်စွာသာလျှင် အဆိုပါ ကန့်သတ်ချက်များ ချမှတ်ရန် အခွင့်အာဏာ ရှိပါသည်။ သီလရှင်များသည် ရဟန်းများထက် သီလများစွာ စောင့်ထိန်းရပါသည်။ အကြောင်းမှာ ရဟန်း သို့မဟုတ် သီလရှင် တစ်ပါး၏ မသင့်တော်သော အပြုအမူကြောင့် အဖြစ်အပျက်တစ်ခုခု ဖြစ်ပြီးနောက်တွင် နောက်ထပ်သီလများ ချမှတ်သောကြောင့် ဖြစ်ပါသည်။ သီလရှင်များ၏ သီလထဲတွင် ရဟန်းများနှင့် အပြန်အလှန်ဆက်ဆံရာ၌ သီလရှင်များ၏ မသင့်တော်သော အပြုအမူကို အခြေခံပြီး ချမှတ်သော သီလများ ပါဝင်သော်လည်း ရဟန်းသီလထဲတွင် ထိုအတွက် အပြန်အလှန် သတ်မှတ်ချက်များ မပါဝင်ခဲ့ပါ။

Top